Monday, July 14, 2014

တစ်ခါအပြာဆိုရင် အမြဲအပြာပဲ

တစ်ခါအပြာဆိုရင် အမြဲအပြာပဲ

ဘောလုံးကစားနည်းကို တီထွင်ခဲ့သူကို ဘုရားအဖြစ် ကိုးကွယ်ဖို့ကောင်းတယ်။
ကျုပ်တို့အားလုံး ဂိုးသမားတွေချည်းဖြစ်နေလို့ကတော
ဘောလုံးသင်းဆိုတာ ရှိလာမှာမဟုတ်ဘူး။
ကျုပ်က ဘောလုံးကစားတာမဟုတ်ဘူး ဂိုးသွင်းတာ။
တစ်ဂိုးဂိုးမရှိနဲ့ ဆယ်ခါနိုင်ရတာက ဆယ်ဂိုးဂိုးမရှိနဲ့
တစ်ခါနိုင်ရတာထက် ပိုကောင်းတယ်။
ဒီ(သူ့မျက်နှာကို ဖိနပ်မှန်သွားတဲ့) ကိစ္စမျိုးကို
ကျုပ် အကြိမ် ၁၀၀၊ အကြိမ်သန်းပေါင်းများစွာ၊ ကြိုးစားလည်း
ပြန်မဖြစ်နိုင်ဘူး၊ ဖြစ်နိုင်ရင်လည်း ကျုပ် ဘောလုံးပဲ ဆက်ကန်တော့မှာပေါ့။
ဘောလုံးပွဲအုံကြွမှုတွေမှာ လူအလွန်ဆုံးသေရင် ဆယ်ဂဏန်းပေါ့၊
အတွေးအခေါ်အုံကြွမှုတွေက လူသန်းပေါင်းများစွာကို ဆုံးရှုံးစေတယ်။
ဘောလုံးစည်းမျဉ်းဆိုတာ ရှင်းရှင်းလေးပါ၊ အခြေခံအားဖြင့် ဒီလို -
၁) ဘောလုံးလိမ့်နေရင် ကန်။
၂) မလိမ့်ရင် မလိမ့်မချင်းကန်။
ခံစစ်နဲ့ပိတ်ကစားနေတဲ့ အသင်းနဲ့ ကန်ရတာ
သစ်ပင်တစ်ပင်နဲ့ ဖက်အိပ်ရသလိုပဲ။
ဘောလုံးပွဲဆိုတာ မျှမျှတတ ကစားတာမျိုး မဟုတ်ဘူး၊
အမုန်းတွေ၊ မနာလိုမှုတွေ၊ အကြွားတွေ၊ စည်းကမ်းဖောက်ဖျက်မှုတွေ၊
အကြမ်းဖက်မှုကို အရသာခံကြည့်ကြတာတွေနဲ့ ပြည့်နှက်နေတယ်။
တစ်နည်းအားဖြင့်ပြောရရင်တော့ ဘောလုံးပွဲဆိုတာ
သေနတ်ပစ်ခတ်တာ မပါတဲ့ စစ်ပွဲပဲ။
နိုင်ငံတကာဘောလုံးပွဲတွေဆိုတာ စစ်ကို တခြားနည်းလမ်းနဲ့ ဆက်တိုက်တာ။
တချို့လူတွေက ဘောလုံးပွဲဆိုတာ သေရေးရှင်ရေးကိစ္စလို့ ပြောကြတယ်၊
စိတ်ပျက်စရာပဲ၊ ကျုပ်ကတော့ ဒီ့ထက်အများကြီး ပိုအရေးကြီးတယ်လို့ ထင်တယ်။
လူတစ်ယောက်ဟာ ဇနီးမယား၊ နိုင်ငံရေးပါတီ၊
ဘာသာရေးတွေကိုသာ ပြောင်းကောင်းပြောင်းမယ်၊
အကြိုက်ဆုံး ဘောလုံးသင်းကိုတော့ ပြောင်းလို့မရဘူး။
ရပ်ဂ်ဘီ ဆိုတာ လူရိုင်းတွေရဲ့ပွဲ၊ ဒါပေမဲ့ လူကြီးလူကောင်းတွေ ကစားနေတာ၊
ဘောလုံးကန်တယ်ဆိုတာ လူကြီးလူကောင်းတွေရဲ့ပွဲ၊ ဒါပေမဲ့ လူရိုင်းတွေ ကစားနေတာ။
ဒိုင်တွေရဲ့ပြဿနာကတော့ သူတို့က စည်းမျဉ်းစည်းကမ်းပဲသိတာ
ပွဲအနှစ်သာရကိုမသိဘူး။
ဘောလုံးပွဲဆိုတာ ရိုးရိုးလေးပါ၊ လူ၂၂ ယောက်က ဘောလုံးတစ်လုံးကို လုမယ်၊
သောက်တလွဲတွေ လုပ်မဲ့ ဒိုင်လူကြီးတစ်ယောက် ပါမယ်၊
နောက်ဆုံးတော့ ဂျာမနီပဲ အမြဲနိုင်မယ်။
ကျုပ်က ဒိုင်တွေနဲ့ ပတ်သက်ရင် ဘာဆိုဘာမှ မှတ်ချက်မချပါဘူး၊
အဲဒီခွေးမသားတွေအကြောင်းကို ဘာတစ်ခွန်းမှ မပြောတဲ့အကျင့်ကိုလည်း
မသေမချင်း ထိန်းသိမ်းသွားမှာပါ။
ကြည့်စမ်းပါ၊ ကျုပ်က ဘောလုံးနည်းပြပါ၊ ဟယ်ရီပေါ်တာမဟုတ်ဘူး၊
သူကမှော်ဆရာ၊ ဒါပေမဲ့ တကယ့်တကယ်မှာ မှော်ဆိုတာမရှိပါဘူး၊
မှော်ဆိုတာက ဝတ္ထုဇာတ်လမ်း၊ ဘောလုံးပွဲဆိုတာက အမှန်တကယ်။
ကျုပ်ကို မောက်မာတယ်လို့ မပြောကြပါနဲ့၊ ကျုပ်က ဥရောပ ချန်ပီယံ၊
ပြီးတော့ ကျုပ်က စပယ်ရှယ်ဝမ်း။
ဘောလုံးပွဲမှာ အဆုံးဝါးဆုံး အမြင်ကန်းမှုကတော့ ဘောလုံးကိုပဲ မြင်တာ။
မာရာဒိုနာရဲ့ ခေါင်းနဲ့က နည်းနည်း၊ ဘုရားသခင်ရဲ့ လက်နဲ့က နည်းနည်း
သုံးလိုက်တော့ ဂိုးဝင်သွားတာပါ။
ပင်နယ်တီကန်တယ်ဆိုတာ သူရဲဘောကြောင်တဲ့နည်းနဲ့ ဂိုးရအောင်လုပ်တာ။
ဖိလစ်ပို အင်ဇာဂီ ဆိုတဲ့ ငနဲဟာ လူကျွံဘောနဲ့ မွေးလာတာဖြစ်ရမယ်။
ကျုပ်တို့မှာ တင်မ်ရှားဝုဒ် ရှိနေမှတော့ ဘာဖြစ်လို့ ဇီဒိန်း လိုအပ်မှာလဲ။
ကျွန်မရည်းစားကပြောတယ်၊ ဘောလုံးပွဲလား၊ သူလား၊ ကြိုက်ရာရွေးတဲ့၊
ကျွန်မသူ့ကို အမြဲ လွမ်းနေတော့မှာ။
…အခုတော့ နီသွားတဲ့ ရွန်နီ၊ တို့ရင်ထဲမှာ သေသွားပြီ။ ။

ပန်ဒိုရာ
၁၀-၁၄.၇.၂၀၁၄
(ဘောလုံးနှင့်ပတ်သက်သော စကားအချို့ကို ပြန်ဆို စုစည်းထားခြင်း ဖြစ်သည်။)

Expand..

Wednesday, July 9, 2014

ငယ်ငယ်တုန်းက စာအုပ်ဆိုင်ကလေး

ငယ်ငယ်တုန်းက စာအုပ်ဆိုင်ကလေး



(မဂ္ဂဇင်းစာမျက်နှာဓာတ်ပုံ seesein shin)


၁၉၇၉ သြဂတ်စ်လမှာ ဖေဖေနဲ့မေမေဟာ သူတို့ရဲ့ စိတ်ကူးယဉ်အိပ်မက်တစ်ခုကို အကောင်အထည် ဖော်နိုင်ခဲ့တယ်။ ကျွန်မကတော့ သူငယ်တန်းကို စတက်နေချိန်ပေါ့။ ကျွန်မနာမည်ကို ဆိုင်နာမည်မှည့်ပေးထားတဲ့ စာအုပ်ဆိုင်ကလေးတစ်ဆိုင်ဟာ စာအုပ်အနည်းငယ်နဲ့ အစပြုခဲ့တယ်။ မြစ်ဝကျွန်းပေါ်က ရွာကလေးတစ်ရွာမှာ အဲဒီဆိုင်ကလေးကို ဖွင့်ခဲ့ကြတာပါ။ ရွာကလေးလို့ ချစ်စဖွယ်ကောင်းအောင် ပြောရပေမယ့်လည်း တကယ်တော့ ရွာကြီးလို့ပြောရမယ်။ လူမှုရေး စီးပွားရေး ဖွံ့ဖြိုးပြီး တိုက်နယ်ဆေးရုံရှိ၊ အထက်တန်းကျောင်းရှိတဲ့ ရွာကြီးတစ်ရွာပါ။ ဒါပေမဲ့ အဲဒီရွာမှာ စာအုပ်အငှားဆိုင်ကောင်းကောင်း မရှိခဲ့ဘူး။ တချိန်ကရှိခဲ့တဲ့ စာအုပ်အငှားဆိုင် တစ်ဆိုင်ကလည်း ကျွန်မတို့ပြောင်းရွှေ့လာတဲ့အချိန်မှာ ဖျက်သိမ်းစပြုနေပါပြီ။

စာအုပ်အငှားဆိုင်လေးကို ကာတွန်း၊ရုပ်ပြစာအုပ် ၁၂ အုပ်နဲ့ စတင်ခဲ့ပါတယ်။ ဆိုင်ဖွင့်ရက်က လလယ်ဖြစ်နေတဲ့အတွက် လကုန်မှ မဂ္ဂဇင်းအသစ်တွေဝယ်ပြီး စာအုပ်စင်ကို ထပ်ဖြည့်ခဲ့တယ်လို့  မေမေကပြောပြပါတယ်။ ကိုယ်ရေး အချက်အလက်တွေ ဖြည့်စွက်ရတဲ့ အခါ အိမ်ရှင်မ ဒါမှမဟုတ် မှီခို လို့ ထုံးတမ်းစဉ်လာအတိုင်း တစ်သက်လုံး ဖော်ပြခဲ့ရပေမယ့်လည်း သိမ်းထုတ်သေချာရုံသာမက တိုးပွားခိုင်မာအောင်ပါ ရောက်လေရာမှာ တနိုင်တပိုင်လုပ်ကိုင်ခဲ့သူ မေမေ့အတွက်တော့ အဲဒီစာအုပ်ဆိုင်ကလေးဟာ ကိုယ်ပိုင်စီးပွားရေးလေးတစ်ခုရဲ့ အောင်မြင်မှုမှတ်တိုင် တစ်တိုင်ပါ။

ဆိုင်ဖွင့်တဲ့နေ့မှာ ဈေးဦးပေါက် ငှားခဲ့ရတဲ့ စာအုပ်ကတော့ “ဓားငကောင်း” ဆိုတဲ့ ရုပ်ပြစာအုပ်တစ်အုပ် လို့ မှတ်မိနေခဲ့ကြပါတယ်။ အဲဒီတုန်းက ရုပ်ပြစာအုပ်တွေရဲ့ အရွယ်အစားဟာ မဂ္ဂဇင်းတွေလို အကြီးဆိုက်ဇ်တွေ မရှိသေးပါဘူး။ ဆိုင်ဖွင့်ခါစ ရက်တွေမှာ မဂ္ဂဇင်းနဲ့ ဝတ္ထုစာအုပ်တွေကို လူတွေက မငှားကြသေးဘဲ ရုပ်ပြတွေ ကာတွန်းတွေသာ ငှားရပါတယ်။ နောက်ပိုင်းမှာတော့ ကျွန်မတို့ရဲ့ စာအုပ်ဆိုင်ကလေးဟာ ရွာမှာနေထိုင်ကြသူတွေကို သုတရသစာမျိုးစုံ ဖတ်ဖြစ်အောင် တွန်းအားပေးတဲ့ အဓိကနေရာလေးတစ်ခု ဖြစ်ခဲ့ပါတယ်။

မဂ္ဂဇင်းတွေထဲမှာတော့ စစချင်းမှာ မြဝတီ၊ ငွေတာရီ နဲ့ စန္ဒာကို တင်ပါတယ်။ အဲဒီတုန်းက မြဝတီနဲ့ ငွေတာရီဟာ ယနေ့ခေတ် မြဝတီ ငွေတာရီနဲ့ ကွဲပြားခဲ့ပါတယ်။ အဲဒီအချိန်က ရုပ်ရှင်မင်းသား ဝင်းဦးစီစဉ်တဲ့ စန္ဒာ မဂ္ဂဇင်းဟာ အရမ်း ပေါက်နေချိန် ဖြစ်ပါတယ်။ စန္ဒာထဲက ဦးဦးပုံပြောမယ် တို့ ဆရာနန္ဒသူရဲ့ ပုဂံဇာတ်လမ်းတွေကို အခုအချိန်အထိ အမှတ်ရပါသေးတယ်။   စာအုပ်ဆိုင် စဖွင့်ဖွင့်ချင်းမှာ မဂ္ဂဇင်းစာအုပ်တွေကို သိပ်မဖတ်ကြလို့ တင်ရတာ အရှုံးပေါ်တယ်လို့ မေမေက ပြန်ပြောပြတယ်။ စာအုပ်ငှားခကတော့ အများအားဖြင့် တန်ဖိုးရဲ့ ၁၀ရာခိုင်နှုန်း သတ်မှတ်လေ့ ရှိတယ်။ မဂ္ဂဇင်းတစ်အုပ်ကို အဲဒီတုန်းက ဝယ်ဈေး၅ကျပ် ဒါမှမဟုတ် ၇ ကျပ်လောက်ရှိတာဆိုတော့ တစ်ရက်ငှားရင် ပြားငါးဆယ် ပြားခုနစ်ဆယ် ဖြစ်ပါတယ်။။ ဆယ်ခါငှားရရင် အရင်းကျေပါတယ်။ ရွာက စာဖတ်သူတွေကို မဂ္ဂဇင်းဖတ်ဖို့ တိုက်တွန်းရပါတယ်။  စစ်ပြန် ပေါ်လာတော့  သမိုင်းကြောင်းတွေ အခန့်အထည်တွေ ဖတ်ချင်သူတွေ စိတ်ဝင်စားကြပါတယ်။ ဒီလိုနဲ့ သွေးသောက်၊ ရှုမဝ၊ မိုးဝေ စသည်ဖြင့် မဂ္ဂဇင်းတွေ စာအုပ်စင်ပေါ်မှာ ပိုများလာပါတယ်။

မဂ္ဂဇင်းဖတ်ရှုသူတွေ များလာတဲ့ အချိန်မှာ တစ်ဘက်ကလည်း မဂ္ဂဇင်းတွေ ပိုထွက်လာကြပါတယ်။ ပေဖူးလွှာဟာ တကျော့ပြန်ခေတ်စားလာပါတယ်။ ကျွန်မက ပေဖူးလွှာထဲမှာ ပါတဲ့ ဘာသာပြန်ပုံပြင်လေးတွေကို မလွတ်တမ်းဖတ်ခဲ့တာ မှတ်မိပါသေးတယ်။ အဲဒီတုန်းက သောင်းပြောင်းထွေလာရယ်စရာဆိုတဲ့ မဂ္ဂဇင်းမှာ သောင်းပြောင်းထွေလာ ဆိုတဲ့ စာလုံးက အကြီးကြီးပါ။ နောက်ခေတ်မှာတော့ ရယ်စရာဆိုတဲ့စာလုံးက ပိုကြီးလာပြီး အခုတော့ သောင်းပြောင်းထွေလာဆိုတာ မရှိတော့ပါဘူး။ စာပေလုပ်သားမဂ္ဂဇင်းကိုတော့ ကျွန်မငယ်ငယ်က နည်းနည်း ပျင်းစရာကောင်းတယ်လို့ ထင်ခဲ့တယ်။ တဖြည်းဖြည်းနဲ့ မဂ္ဂဇင်းတွေဟာ အမျိုးအစားလည်း စုံလင်လာကြပါတယ်။   စံပယ်ဖြူမဂ္ဂဇင်းနဲ့ လုံမလေးမဂ္ဂဇင်းတို့ဟာ အမျိုးသမီးမဂ္ဂဇင်းတွေပါ။ အဲဒီမှာပါတဲ့ စက္ကူခေါက်နည်း၊ တံမြက်စည်းလုပ်နည်း၊ ပန်းထိုးနည်း၊ ဟင်းချက်နည်း  စတာတွေကို ကျွန်မတို့ လိုက်လုပ်ကြည့်ကြပါတယ်။ ရုပ်ရှင်မဂ္ဂဇင်း၊ ရုပ်ရှင်မျက်မှန်နဲ့ ရုပ်ရှင်အမြုတေ ဆိုပြီး ရုပ်ရှင်အထူးပြု မဂ္ဂဇင်းတွေလည်း များလာပါတယ်။ စောစောကတည်းက ထုတ်ဝေနေခဲ့တဲ့ သပြေကတော့ ဂီတအထူးပြုလို့ဆိုရမယ်။ သပြေမဂ္ဂဇင်းထဲမှာ ခေတ်ဟောင်းသီချင်း၊ ဓမ္မသီချင်း၊ စတီရီယိုသီချင်းနဲ့ လူငယ်သပြေအားမာန်ဝေဆိုတဲ့ လူငယ်သီချင်း အဲဒီလို သီချင်းတွေကို ကဏ္ဍခွဲပြီး လစဉ် တစ်ပုဒ်စီ ဖော်ပြခဲ့တာကို အမှတ်ရမိတယ်။

ပန် ရုပ်စုံ မဂ္ဂဇင်းဆိုပြီး ပန်းချီအနုပညာအကြောင်းတွေ အသားပေးဖော်ပြတဲ့ မဂ္ဂဇင်းတစ်စောင်ကိုလည်း အမှတ်ရနေပါတယ်။ ကျွန်မကတော့ အဲဒီထဲက ဆရာဦးဘကြည်ရဲ့ အခြေခံပုံဆွဲနည်းတွေကို လိုက်ဆွဲကြည့်ခဲ့ပါတယ်။ ဆရာ သိပ္ပံမှူးတင် စီစဉ်တဲ့ သိပ္ပံမဂ္ဂဇင်းထဲက Star War ကြယ်တာရာစစ်ပွဲ ရုပ်ရှင်ကို ပြန်ရေးထားတဲ့ အခန်းဆက်ရုပ်ပြကို ကျွန်မ စောင့်ဖတ်ဖြစ်ခဲ့ပါတယ်။  အံ့ဖွယ်သုတ၊ သုတအံ့ဖွယ် ဆိုတဲ့ မဂ္ဂဇင်းတွေလည်းရှိခဲ့တယ်။ မှုခင်းနဲ့ ပတ်သက်လို့လည်း ဆရာနီလေးမောင်စီစဉ်တဲ့ မှုခင်းစာစောင်အပါအဝင် လစဉ်ထုတ်မဂ္ဂဇင်းတွေရှိခဲ့ပါတယ်။

အဲဒီ ၁၉၈၀ ဝန်းကျင်ကာလတွေမှာ မြန်မာ့ဇာတ်သဘင်ကလည်း နိုင်ငံတဝှမ်းမှာ ရေပမ်းစားအောင်မြင်နေတဲ့ အချိန်ပါ။ သဘင်မဂ္ဂဇင်း ဆိုပြီးပေါ်ထွက်လာပါတယ်။ အဲဒီမဂ္ဂဇင်းမှာ ဇာတ်မင်းသားတစ်လက်ရဲ့ ရောင်စုံဓာတ်ပုံကို art paper နဲ့ မဂ္ဂဇင်းပြည့် ခေါက်ချိုးထားတဲ့ စာမျက်နှာတစ်ရွက် အမြဲပါပါတယ်။  ပထမပိုင်းတော့ စာဖတ်သူတွေ ခံစားနိုင်စေဖို့ ဒီလိုပဲထားလိုက်တာပါပဲ။ နောက်တော့ ဖြုတ်ယူထားသူတွေ ရှိလာတာနဲ့ စာအုပ်မငှားခင် အဲဒီစာရွက်ကို အရင် ဖြတ်ထားပြီး ဆိုင်မှာပဲ ကပ်ထားရတယ်။ အခုခေတ်တော့ အဲဒီလို စက္ကူအကောင်းနဲ့ မင်းသား၊မင်းသမီး၊မော်ဒယ် ပုံတွေဟာ မဂ္ဂဇင်းတွေထဲမှာ ပြည့်လျှံနေပါပြီ။ ဇာတ်သဘင်နဲ့ပတ်သက်လို့ နောက်ထပ် လူကြိုက်များတဲ့ စာစောင်တစ်ခုကတော့ ကြည်သာ(ပွဲကြိုက်ခင်) စီစဉ်တဲ့ ပွဲကြိုက်သူ ဆိုတဲ့ စာအုပ်ပါ။ သူက မဂ္ဂဇင်းအရွယ်လည်း မဟုတ်၊ ဝတ္ထုအရွယ်လည်း မဟုတ်တဲ့ အလယ်အလတ်ပါ။ အခုတော့လည်း တချိန်က အလွန်ထွန်းကားခဲ့တဲ့ ဇာတ်သဘင်တွေဟာ အထူးပြုစာစောင်တစ်စောင်အဖြစ် ထုတ်ဝေရလောက်တဲ့ အနေအထား မရှိတော့ပါဘူး။

၁၉၈၄ ခုနှစ်မှာ ဆရာမြတ်ထန်စီစဉ်တဲ့ ချယ်ရီမဂ္ဂဇင်းဟာ စာဖတ်သူတွေ အထူးစိတ်ဝင်စားကြတဲ့ ကဏ္ဍတွေနဲ့ ဆန်းသစ်စွာ ပေါ်ထွက်လာပါတယ်။ အဲဒီတုန်းက မှတ်မှတ်ရရ အမှတ် ၁ မျက်နှာဖုံးက ချယ်ရီပန်းလေးတွေပုံနဲ့ပါ။ ချယ်ရီအမှတ်၂ ထွက်လာတဲ့အခါ မို့မို့မြင့်အောင်က မိတ်ကပ်ရဲရဲ လည်ဟိုက် ဂါဝန်အနီလေးနဲ့ ဒေါက်ဖိနပ်ကို ငုံ့ကိုင်နေတဲ့ မျက်နှာဖုံးနဲ့ပါ။ အဲဒီမျက်နှာဖုံးဟာ အတော်လေး ဟော့သွားပါတယ်။ အဲဒီတုန်းက ပြောကြတာကတော့ အဲဒီမျက်နှာဖုံးကို ဦးနေဝင်းက မြင်တဲ့အခါ ဒါ မြန်မာမှ ဟုတ်ရဲ့လားဆိုပြီး အမျက်တော်ရှခဲ့သတဲ့။ အဲဒီကာလ အတောအတွင်းတွေမှာ မဂ္ဂဇင်းစာစောင်တွေမှာ လည်ဟိုက်တာ ပေါင်ပေါ်တာတွေကို ငွေမင်နဲ့ ဖုံးအုပ်ထားတာတွေကို တွေ့ခဲ့ကြရပါတော့တယ်။ မဆလခေတ်က ဆင်ဆာပေါ်လစီတစ်ခုပါ။ ချယ်ရီမဂ္ဂဇင်းထဲက ပင်တိုင်ကဏ္ဍတွေထဲမှာ ဆရာမောင်သစ်ရဲ့ဆောင်းပါးတွေ၊ အားကျစေချင်လွန်းလို့ ဆိုတဲ့ ထူးချွန်သူတွေနဲ့အင်တာဗျူးကဏ္ဍ၊ ဆရာကြီးဦးသုခရဲ့စာတွေ၊ ပြီးတော့ ကာတွန်းဆရာသော်ကရဲ့ ချစ်လွန်းသူ ဆိုတဲ့ ခွေးဇာတ်လမ်း အခန်းဆက် ရုပ်ပြကာတွန်း အစရှိတဲ့ ကဏ္ဍတွေကို အခုထက်ထိ ကျွန်မအမြဲ အမှတ်ရနေခဲ့ပါတယ်။ နောက်တော့ ဆရာခင်မောင်မြင့်ရဲ့ မဟေသီ မဂ္ဂဇင်းထွက်လာပါတယ်။ မဟေသီဟာ စာအုပ်ဆိုင်ပိတ်ချိန်မှာ အငှားရဆုံး မဂ္ဂဇင်းအဖြစ် ထိပ်ဆုံးက ရပ်တည်ကျန်ခဲ့ပါတယ်။

အခုခေတ်ကွာလတီ မဂ္ဂဇင်းတွေလို စာရွက်သား မကောင်း၊ ဆေးရောင်မစုံလင်ပေမယ့် အဲဒီတုန်းက မဂ္ဂဇင်းတွေမှာ ဖတ်ချင်စရာတွေ ပြည့်နှက်နေပြီး ကြော်ငြာကလည်း အနည်းငယ်သာပါဝင်ခဲ့ပါတယ်။ ဝတ္ထုတိုရွှေခေတ်လို့ ပြောရလောက်အောင်လည်း ထွန်းကားခဲ့ပါတယ်။ စံပယ်ဦး မဂ္ဂဇင်းဆိုရင် တခြားဘာအကြောင်းအရာမှ မပါဘဲ ဝတ္ထုတိုတွေချည်းသက်သက် စုစည်းထားတဲ့ ဝတ္ထုတိုမဂ္ဂဇင်းပါ။    ဆရာမဂျူးကိုလည်း ကျွန်မက ရှုမဝမဂ္ဂဇင်းထဲက ဝတ္ထုတိုမှာ စပြီး သတိထားမိခဲ့တာပါ။ ဆရာမရဲ့ တင်ပြပုံနဲ့ ဇာတ်ကွက်တွေဟာ ကျွန်မအဖို့ ဆန်းသစ်ထူးခြားနေလို့ အလွန်စိတ်ဝင်စားမိပါတယ်။ ကျွန်မတို့စာအုပ်ဆိုင် ပိတ်ပြီး တခြားမြို့တွေကို ပြောင်းရွှေ့သွားတဲ့အခါ “သူမ၏မိုး” “အနီးဆုံးခရီးသို့အဝေးဆုံးအချိန်” စတဲ့ ဝတ္ထုတိုတချို့ ပါတဲ့ မဂ္ဂဇင်းတွေကို အချိန်အတော်ကြာကြာအထိ ကျွန်မက ဆက်သိမ်းထားခဲ့ပါသေးတယ်။ “အမှတ်တရ” ဝတ္ထုထွက်ပြီး နာမည်ထင်ရှားလာခဲ့တဲ့အခါ ဝတ္ထုတိုတွေကတည်းက နှစ်သက်ရတဲ့ စာရေးဆရာမတစ်ယောက်မို့ ပိုဝမ်းသာခဲ့ရပါတယ်။

စာအုပ်ဆိုင်ဖွင့်ခါစက ဖေဖေ ကိုယ်ပိုင်ဖတ်ရှုဖို့ စုဆောင်းထားတဲ့ စာအုပ်တွေကို တင်ကြည့်သေးတယ်။ တက္ကသိုလ်ဘုန်းနိုင်တို့ မင်းကျော်တို့ စသည်ဖြင့်ပေါ့။ ဒါပေမယ့် စာဖတ်သူတွေက လတ်တလော အသစ်ထွက်လာတဲ့ စာရေးဆရာတွေကိုပဲ ပိုတောင်းဆိုကြတယ်လို့ ပြောပါတယ်။ ကျွန်မတို့ စာအုပ်ဆိုင်ဖွင့်ခါစ ကာလမှာ လုံးချင်းဝတ္ထုတွေထဲ လတ်တလော ရေပမ်းစားနေသူတွေကတော့ ခင်စိန်လှိုင်၊ ကလျာ(ဝိဇ္ဇာသိပ္ပံ)၊ ခိုင်ယဉ်မွန် စတဲ့ ဆရာ၊ဆရာမတွေပါ။ ဟာသစာရေးဆရာကတော့ ကြူမွှေးပါ။(ထပ်ခါထပ်ခါ ဖော်ပြရတာ ထောက်ပြီး ရှည်တဲ့အတွက် တချို့နေရာတွေမှာ ဆရာ၊ဆရာမ ဆိုတာကို ဖြုတ်ပြီး ကလောင်နာမည်ကိုသာ ရေးသားပါမယ်။ ဆရာ၊ဆရာမတို့အပေါ် အ,ဂါရဝ ဖြစ်သွားခဲ့ရင် ခွင့်လွှတ်ပါ။) ဆွေဆွေအောင်၊ ဝေဝေအောင်၊ နေနွယ်ဇင်မြင့်၊ မမိုးမြေ၊ စုလှဖြူ တို့ ခေတ်စားလာပါတယ်။ မဟူရာ(လွိုင်ကော်)၊ ကောလ်ထန်မောရီယယ် စတဲ့ စာရေးဆရာတွေလည်း ပေါ်လာပါတယ်။ (အချိန်ကာလအားဖြင့် တကယ့်အစီအစဉ်တိတိကျကျတော့ ဟုတ်ချင်မှ ဟုတ်မှာပါ။ စာအုပ်တွေအကြောင်း ကျွန်မတို့မိသားစုတွေကြား ဒီလိုပဲပြန်ပြီး ပြောကြတဲ့အခါ အဲဒီတုန်းက ဆိုင်မှာအငှားသွက်ခဲ့တဲ့ စာရေးဆရာတွေရဲ့ နာမည်တွေ အစီအရီပေါ်လာပါတယ်။)

အငှားရဆုံး ဝတ္ထုတွေထဲမှာ မြင့်မောင်မောင်၊ မောင်သာပြည့် တို့ဟာလည်း တစ်ခေတ်တစ်ခါက ထိပ်ဆုံးမှာ ရှိနေပါတယ်။ နေနွယ်ဇင်မြင့်ရဲ့သမီး လမင်းမိုမို ပေါ်လာတဲ့အခါ ပထမဆုံးစာအုပ်ကစပြီး ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို ခံရပါတယ်။  မောင်စိန်ဝင်း (ပုတီးကုန်း)ဟာ အားလုံးတန်းစီ စောင့်ဖတ်ကြတဲ့ ဘက်ဆဲလားအဖြစ် ဆိုင်မှာ နေရာယူလာပါတယ်။ လူငယ်လူရွယ် ကျောင်းသားအရွယ်တွေရဲ့ အသည်းစွဲဖြစ်ပါတယ်။ အဲဒီမတိုင်ခင်ကတော့ ငြိမ်းကျော်နဲ့ နွမ်ဂျာသိုင်းတို့ရဲ့ ဝတ္ထုတွေဟာ ထိပ်တန်း အငှားရဆုံး အချစ်ဝတ္ထုတွေပါ။  ကျွန်မတို့ဆိုင်ဖွင့်တဲ့ ကာလအတွင်းမှာ မောင်စိန်ဝင်းဟာ အငှားရဆုံးစာရင်းမှာ အချိန်အကြာဆုံး ရပ်တည်ခဲ့တယ်လို့ မေမေက ပြောပြပါတယ်။ မိုးမိုး(အင်းလျား)၊ မောင်သာရ၊ နုနုရည်(အင်းဝ)၊ မစန္ဒာ တို့လို ဘဝသရုပ်ဖော်ဘက် လွှမ်းတဲ့ ဝတ္ထုမျိုးတွေနဲ့ နိုင်ငံခြားဘာသာပြန် ဝတ္ထုတွေကတော့ အငှားရဆုံး ဆိုတာမျိုးထက်  စာပေလိုက်စား ခံစားတတ်သူတွေကသာ အထူးရှာဖွေ ဖတ်ကြတာမျိုးပါ။ အပျော်ဖတ်လို့ လူတွေပြောကြတဲ့ ဝတ္ထုမျိုးတွေ၊ အချစ်ဝတ္ထုမျိုးတွေ၊ စွန့်စားခန်း လျှို့ဝှက်သည်းဖိုဝတ္ထုမျိုးတွေကတော့ ဘယ်ခေတ်ဘယ်အခါမှာမဆို ဖတ်သူဦးရေ ပိုများခဲ့ပါတယ်။

ရွှေဥဒေါင်း ဒဂုန်ရွှေမျှား ခေတ်တို့ ဆွေလှိုင်ဦးခေတ်တို့ကို ကျော်လွန်ခဲ့ပြီးဖြစ်တဲ့ အဲဒီ၁၉၈၀ ဝန်းကျင်မှာတော့ မင်းသိင်္ခရဲ့ စုံထောက်ဝတ္ထုတွေနဲ့ ဂမ္ဘီရဆန်တဲ့ဇာတ်လမ်းတွေဟာ သီးသန့်လိုင်းတစ်မျိုးနဲ့ အထူးသဖြင့် ယောက်ျားလေး စာဖတ်ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို ခံရပါတယ်။ ယောက်ျားလေး ပရိသတ်တွေ နောက်ထပ် အထူးစိတ်ဝင်စားတာကတော့ သိုင်းဝတ္ထုတွေပါ။ တရုတ်သိုင်းဘာသာပြန် ဝတ္ထုတွေကို စာဖတ်သူတွေက မေးလာကြတော့ စာအုပ်ဆိုင်ဖွင့်စ အစောပိုင်းကာလက စပြီး ဆိုင်မှာ တင်ခဲ့ပါတယ်။ တက္ကသိုလ် ဝင်းကြွယ်၊ ဘုန်းကြွယ်၊ မိုးကျော်သူ၊ တက္ကသိုလ် နေလင်းအောင် စတဲ့ ဆရာတွေ ဘာသာပြန်တဲ့ သိုင်းဝတ္ထု အတွဲလိုက်တွေဟာ အငှားရဆုံးတွေပါ။ နောက်ပိုင်းမှာတော့ သိုင်းဝတ္ထုထဲမှာ တက္ကသိုလ်နေလင်းအောင်က စာဖတ်သူတွေ အကြိုက်ဆုံး ထိပ်ဆုံးမှာ ရောက်ခဲ့ပါတယ်။ ကျွန်မ ပထမဆုံး အစအဆုံး ဖတ်ခဲ့တဲ့ ဝတ္ထုစာအုပ်ဟာ သိုင်းဝတ္ထုတစ်အုပ်ပါ။ စာအုပ်ဆိုင် ပိတ်ပြီး ပြောင်းရွှေ့သွားတဲ့အခါ မရောင်းဘဲ သိမ်းပြီးယူသွားခဲ့တဲ့ စာအုပ်တွေထဲမှာ ကျွန်မနှစ်သက်တဲ့ သိုင်းဝတ္ထု အတွဲတွေလည်း ပါပါတယ်။

ဆရာချစ်ဦးညိုနဲ့ ပတ်သက်လို့ကတော့ ထူးထူးခြားခြားပြောစရာတွေ ရှိပါတယ်။ လင်္ကာဒီပချစ်သူမှာ ဗီလိန်ကို ဇာတ်လိုက်အဖြစ် ပြောင်းလဲချဉ်းကပ်လိုက်တဲ့အခါ ဝေဖန်သံတွေ ဆူညံထွက်လာခဲ့တယ်။ မြန်မာစာသင်တဲ့ ကျောင်းဆရာတစ်ဦးဖြစ်တဲ့ ဖေဖေဟာ ရသစာပေရေးသားခြင်းရဲ့ သဘောတရားတွေအတွက် အဲဒီအချိန်မှာ ထွက်နေတဲ့ “လင်္ကာဒီပချစ်သူ”နဲ့ “နှင်းကေသရာချစ်တဲ့သူရဲကောင်း” ကို ဖတ်ဖို့ ဆယ်တန်းကျောင်းသား တပည့်တွေကို ညွှန်းခဲ့တယ်။ ခက်တာက အဲဒီကာလတုန်းက မိဘအများအပြားဟာ သားသမီးတွေကို အပြင်စာတွေဖတ်ဖို့ အားမပေးဘူး။ အထူးသဖြင့် အချစ်ဝတ္ထုတွေဖတ်ရင် ငယ်ငယ်ရွယ်ရွယ်နဲ့ ရည်းစားထားတတ်မယ်လို့ ထင်ကြတယ်။ အဲဒီ့အပြင် စာအုပ်ဆိုင်ဖွင့်ထားတဲ့ ကျောင်းဆရာက ညွှန်းတယ်ဆိုတော့ အကျိုးစီးပွားပဋိပက္ခ လိုလို ဖြစ်နေပါတယ်။ ကျွန်မတို့မောင်နှမတွေကတော့ ကျောင်းစာမပျက်ကွက်ရင် ပြီးတော့ ကိုယ်ဖတ်နေတဲ့/ကိုယ်ဖတ်ချင်တဲ့ စာအုပ်ကို လာငှားသူ မရှိဘူးဆိုရင် အိမ်မှာရှိသမျှ စာအုပ်တွေကို ကြိုက်သလောက် ဖတ်ခွင့်ရပါတယ်။

ဆရာချစ်ဦးညိုရဲ့ စာအုပ်တွေဟာ လက်မလည်အောင် အငှားသွက်ခဲ့ပါတယ်။ ဒါပေမဲ့ တစ်လတစ်အုပ် နှစ်လတစ်အုပ် ထွက်နေကြတဲ့ လုံးချင်းဝတ္ထုတွေနဲ့ ယှဉ်ရင်တော့ အထွက်ကျဲတယ်လို့ ဆိုနိုင်ပါမယ်။ လင်္ကာဒီပချစ်သူကို ပန်းချီဝသုန်ရေးဆွဲတဲ့ ရုပ်ပြအနေနဲ့ ပြန်ထွက်လာတဲ့အခါ တစ်အုပ်ကို ၃၅ ကျပ်ကျမယ်လို့ သိလိုက်ရပါတယ်။ ကာတွန်းရုပ်ပြစာအုပ် ပုံမှန်တစ်အုပ်ကို ၁၀ကျပ်ကျော်ကျော်ဝယ်ရပြီး ပြန်ငှားရင် ၁ ကျပ်ကျော်နဲ့ ငှားနေတဲ့ အချိန်မှာ ၃၅ ကျပ်ဆိုတဲ့ ဈေးနှုန်းဟာ အလွန်ကို များလှပါတယ်။ ၃၅ ကျပ်ဆိုတော့ ၁၀ ရာခိုင်နှုန်း ငှားဈေးသတ်မှတ်ရင် တစ်ရက်ကို ၃ ကျပ်ခွဲ ဈေးနှုန်း သတ်မှတ်ရမယ်ဆိုရင် ငှားသူရှိပါ့မလားလို့ စဉ်းစားစရာ ဖြစ်လာပါတယ်။ ဒါပေမဲ့လည်း မေမေဟာ ဒီစာအုပ်ကို စွန့်စားပြီးဝယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ စာအုပ်မရောက်ခင်မှာ ပိုစတာ ကပ်ထားပြီး ဒီစာအုပ်ရောက်မယ့်အကြောင်းကို ကြော်ငြာထားပါတယ်။ စာအုပ်ရောက်လာတဲ့အခါမှာ အဲဒီဈေးနှုန်းနဲ့လည်း လက်မလည်အောင် ငှားရပါတော့တယ်။ အကြိမ် ၁၀၀ ကျော် ငှားရပြီး အမြတ်ငွေ အများကြီးတင်ကျန်စေအောင် ငွေရှာပေးခဲ့တဲ့ စာအုပ်မို့ ဆရာချစ်ဦးညိုကို အမြဲကျေးဇူးတင်မိတယ်လို့ မေမေက ပြောပြတတ်ပါတယ်။

အဲဒီခေတ်က ရုပ်ပြစာအုပ်တွေလည်း အလွန်ခေတ်စားခဲ့ပါတယ်။  တချို့ရုပ်ပြတွေက ပန်းချီဆန်ပြီး တချို့ကကာတွန်းဆန်ပါတယ်။ ရာမ၊ နန်းဦး၊ မင်းသိုက်၊ မြိတ်ဝင်းထိန် တို့ဟာ လူကြိုက်များတဲ့ ရုပ်ပြရေးဆရာတွေပါ။  တချို့ရုပ်ပြတွေကျတော့ ပြန်စဉ်းစားတဲ့အခါ  ဇာတ်လိုက်တွေကိုသာ မှတ်မိတော့တာရှိပါတယ်။ ထွန်းမင်းလတ်၊ စံရွှေမြင့်၊ နေကျောက်ခဲ၊ ဒီလုံး၊ ကြံ့ဗဟုံး စသည်ဖြင့် ပင်တိုင်ဇာတ်ကောင်တွေဟာ ကျော်ကြားပါတယ်။ မိုက်မိုက်(ပြည်) တို့လို ဘဝသရုပ်ဖော်ဆန်တဲ့ ရုပ်ပြတွေလည်း ရှိပါတယ်။ တစ်ဦးအောင်မြင်လာရင် ဆင်တူယိုးမှား လိုက်ရေးလာကြတာလည်း ရှိပါတယ်။ ရာမ ခေတ်စားလာတော့ လက္ခဏတို့ ဒဿတို့ လိုက်ထွက်လာပါတယ်။ ပန်းချီကိုကိုဝင်းရဲ့ နေကျောက်ခဲ ခေတ်စားလာတော့ နေကျောက်လုံးတို့ နေကျောက်စိမ်းတို့ ထွက်လာတာကို တွေ့ရပါတယ်။ ကာတွန်းရုပ်ပြတွေထဲမှာ မောင်မောင်လေးရဲ့ ငပြည့်၊ မောင်ဝဏ္ဏရဲ့ သမိန်ပေါသွပ်၊ သော်က ရဲ့ အရိုင်း၊ ပိုးဇာရဲ့ လေးမွန်ထွေးမွန်တို့ဟာ ထင်ရှားပါတယ်။ တချို့ ကာတွန်းရုပ်ပြတွေကတော့ နိုင်ငံခြားဇာတ်ကောင်တွေကနေ မှီငြမ်းထားတာလို့ ထင်ပါတယ်။ ကာတွန်းဆွေမင်း(ဓနုဖြူ)ရဲ့ မြိုင်ရာဇာတွတ်ပီကတော့ ကျွန်မတို့စာအုပ်ဆိုင် ပိတ်သွားတဲ့ အချိန်လောက်မှ တစ်ခေတ်ဆန်းလာခဲ့တာပါ။

ကျွန်မငယ်ငယ်က မဂ္ဂဇင်းတွေ ဖတ်တဲ့အခါ ပထမဆုံး ရှာဖွေခဲ့တဲ့ စာမျက်နှာက ကာတွန်းပါ။ ပြီးတော့မှ ဝတ္ထုတိုတွေ ရှာဖတ်ပါတယ်။ နောက်မှ ဆောင်းပါးတွေဖတ်ပါတယ်။ ကျွန်မအရမ်းငယ်သေးတဲ့အချိန်မှာ ကျောင်းမှာသင်ရတဲ့ ကာရန်ညီ ရိုးရာကဗျာတွေရဲ့ စပ်ထုံးတွေကို အလွန်စိတ်ဝင်စားပေမယ့် မဂ္ဂဇင်း ရှေ့ဘက် စာမျက်နှာတွေမှာ ပါတတ်တဲ့ ခေတ်ပေါ်ကဗျာတွေကိုတော့ မခံစားတတ်ပဲ ကျော်ဖတ်မိခဲ့ပါတယ်။ လွတ်လပ်ကာရန်ကဗျာ ဒါမှမဟုတ် ကာရန်မဲ့ကဗျာ ဒါမှမဟုတ် ခေတ်ပေါ်ကဗျာ လို့ဆိုကြတဲ့ ကဗျာတွေကို စပြီး စိတ်ဝင်စားမိတာကတော့ ဆရာမောင်သစ်တည် (ဆရာကြီးမြသန်းတင့်) ဘာသာပြန်တဲ့ “လင်ပစ်မညည်းချင်း” ဆိုတဲ့ ဘာသာပြန်ကဗျာ အခန်းဆက် မိုးဝေမဂ္ဂဇင်းမှာ ဖတ်လိုက်ရတဲ့အချိန်က အစပြုပါတယ်။ အာဖရိက ကဗျာဆရာ Okot p’ Batek ရဲ့ Song of Lawino ကဗျာပါ။  အဲဒီအချိန်က ကျွန်မ ငါးတန်းလောက်ပဲရှိမှာပါ။ ချီလီကဗျာဆရာနီရူဒါရဲ့ သစ်ခုတ်သမားနိုးကြားလော့ ဘာသာပြန်ကဗျာကို ဆက်ဖတ်ပါတယ်။ အဲဒီ ကဗျာတွေကို အရမ်းစိတ်ဝင်တစား စောင့်ဖတ်ပြီး နောက်ပိုင်းမှာ မြန်မာခေတ်ပေါ်ကဗျာတွေ ရေးပုံသားပုံကို ဆက်ပြီး ဖတ်ဖြစ်သွားခဲ့ပါတယ်။

ဖေဖေနဲ့မေမေတို့ဟာ စာအုပ်ဆိုင်အတွက် အမြတ်အစွန်းမသေချာတဲ့ စာအုပ်တွေကို တင်ရတဲ့အခါ “အိမ်က ကလေးတွေဖတ်ရတာ အမြတ်ပဲ” လို့ သဘောထားပြီး ဝယ်လေ့ရှိကြပါတယ်။ စာအုပ်အငှားဆိုင်အဖြစ်သာမက တချို့စာစောင်တွေနဲ့ စာရေးကိရိယာတွေကိုပါ အရောင်းဆိုင်အနေနဲ့ တိုးချဲ့လာပါတယ်။ အဲဒီခေတ်က ကလေးတွေအတွက် မရှိမဖြစ် ဖတ်ကြတဲ့ ရွှေသွေး၊ တေဇ၊ တို့ကျောင်းသား၊ မိုးသောက်ပန်း၊ ဂါဒီးယန်းတွေ ကိုယ်စားလှယ်ယူပြီး ရောင်းပါတယ်။ အဲဒီခေတ်ကအခုလို ပုဂ္ဂလိကထုတ် ဂျာနယ်တွေ ပလူပျံအောင် ထုတ်ခွင့်မရတော့ နိုင်ငံရေးစိတ်ဝင်စားသူတွေအတွက် ပုံမှန်ထုတ်တဲ့ ပါတီရေးရာ၊ နိုင်ငံတကာရေးရာ စာစောင်တွေကိုပဲ တင်ရပါတယ်။ ကျောင်းသားတွေအတွက် ဂါးဒီးယန်းကထုတ်တဲ့ Sunday Supplement ဆိုတဲ့ အင်္ဂလိပ်စာ လေ့ကျင့်ခန်းစာစောင်ကို ကိုယ်စားလှယ်ယူ ပြီး အလယ်တန်း အထက်တန်းကျောင်းတွေကို ဖြန့်ပေးပါတယ်။ အဲဒီစာစောင်ဟာ တစ်စောင်မှ ငါးပြားပဲ မြတ်တယ်လို့ မေမေကပြောပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလို စာအုပ်စာစောင်တွေကို ရွာမှာ အလွယ်တကူ ဝယ်ရနိုင်တဲ့အတွက် ကျောင်းသားတွေအတွက် အတိုင်းအတာတစ်ခုအထိတော့ အထောက်အကူဖြစ်ခဲ့ပါတယ်။

မေမေက စာအုပ်ဆိုင်ကို အဓိကဦးဆောင်သူပါ။ ဖေဖေကတော့ ကျောင်းဆင်းချိန်တွေမှာ ကူညီပါတယ်။ ငွေကြေးကို တွက်တတ်ချက်တတ်လာတဲ့အခါ ကျွန်မတို့မောင်နှမတွေကလည်း စာအုပ်ဆိုင်မှာ ကူထိုင်ပေးကြပါတယ်။ မနက်မိုးလင်းလာတဲ့အခါ အိမ်ထဲမှာသိမ်းထားတဲ့ စာအုပ်တွေကို အပြင်ထုတ်ပြီး စာအုပ်စင်ပေါ်စီ၊ ညနေဆိုင်ပိတ်ရင် အိမ်ထဲကို ပြန်သွင်းတာတွေကို နေ့စဉ်ကူညီကြပါတယ်။ စာအုပ်တွေကိုတော့ ပုသိမ်မြို့က ဦးလေးတွေက ဒိုင်ခံဝယ်ပေးပြီး မော်တော်နဲ့ ထည့်ပေးကြပါတယ်။ စာအုပ်တွေရောက်လာတဲ့အခါ ကြာရှည်ခံအောင်လို့ ဖလင်ပြားတွေ ကဒ်ထူပြားတွေနဲ့ စာအုပ်တွေကို ပြန်ချုပ်ကြရပါတယ်။ အစပိုင်းမှာတော့ စာအုပ်တွေကို ဖလင်ပြားခံပြီး ပင်နဲ့ရိုက်ကြပါတယ်။ နောက်ပိုင်းတော့ စာအုပ်တွေကို ကြိုးနဲ့ချုပ်ကြပါတယ်။ ကျွန်မ ငါးတန်းနှစ်ရောက်တဲ့အခါ စာရေးဆရာတွေကို အားကျစိတ်နဲ့ ဗလာစာရွက်အလွတ်မှာ ဝတ္ထုလေးတွေ ကိုယ့်ဘာသာရေး၊ စာအုပ်သေးသေးလေးတွေလုပ်၊ စင်ပေါ်မှာ ရောတင်ထားပြီး ခပ်တည်တည် ဆော့ကစားခဲ့တာကိုလည်း သတိရမိပါသေးတယ်။ ဝါသနာပိုး အစထိုးခဲ့တယ်လို့ ဆိုနိုင်ပါမယ်။

ရွာလေးတစ်ရွာက စာအုပ်ဆိုင်လေးတစ်ဆိုင်မှာ တင်ခဲ့တဲ့ စာအုပ်တွေအကြောင်းကို ပြန်ပြောဖြစ်ကြတဲ့အခါ မြန်မာစာပေလောကကြီးတစ်ခုလုံးကို တိတိကျကျ မထင်ဟပ်နိုင်ပေမယ့်လည်း အဲဒီခေတ်က စာဖတ်သူတွေရဲ့ ဓလေ့ကို တစေ့တစောင်းတော့ ပြန်ပြောင်းသတိရစေခဲ့ပါတယ်။  ကျွန်မတို့စာအုပ်ဆိုင်က စာအုပ်တွေကို တရွာလုံး နေရာအနှံ့အပြားက လာငှားကြတဲ့အပြင် ရွာမှာငှားဖတ်သူတွေ နည်းပါးသွားတဲ့ စာအုပ်ဟောင်းတွေကို အနီးအနားက ရွာကလေးတွေကိုလည်း ရောင်းလို့၊ငှားလို့ရပါတယ်။ အငှားအလွန်လိုက်တဲ့ တချို့ဝတ္ထုတွေ တချို့မဂ္ဂဇင်းတွေကိုတော့ တန်းစီသူတွေအတွက် အဆင်ပြေအောင် နှစ်အုပ် သုံးအုပ် ဝယ်တင်ရတာမျိုးလည်း ရှိပါတယ်။ ငှားသူမရှိတော့တဲ့ စာအုပ်တွေဟာ ဟောင်းသွားပေမယ့်လည်း မပစ်လိုက်ရဘဲ ဝင်ငွေအနည်းငယ် ထပ်ရပါသေးတယ်။ ကျွန်မတို့စာအုပ်ဆိုင်သတင်းကို ကြားပြီး ကိုယ်မသိတဲ့ ရွာတွေက စာအုပ်ဆိုင်ကလေးတွေက ကျွန်မတို့စာအုပ်ဟောင်းတွေကို မေးစမ်းပြီး လာဝယ်ကြတာကိုလည်း ကြုံရပါသေးတယ်။ ကိုယ်ကြိုက်တဲ့ စာအုပ်တချို့ကိုတော့ နှမြောလို့ ကျွန်မတို့က ပြန်မရောင်းဘဲ သိမ်းထားတတ်ကြပါတယ်။ စာအုပ်ဆိုင်ကလေးဟာ ဝန်ထမ်းမိသားစုလေးရဲ့ စီးပွားရေးကိုလည်း အများကြီး ထောက်ပံ့ပေးခဲ့ပါတယ်။ စာအုပ်ဆိုင်ဝင်ငွေဟာ အိမ်စားရိတ်ကို ထိန်းတဲ့အပြင် ရွှေ လေးကျပ်ခွဲသားလောက် စုနိုင်ခဲ့တယ်လို့ မေမေကပြောပါတယ်။

စာဖတ်သူတွေဟာ ကျောင်းသူကျောင်းသားတွေ၊ အလုပ်သမားတွေ၊ ရပ်ကွက်ထဲက အိမ်ရှင်မတွေ၊ ဈေးသည်တွေ စတဲ့ လူတန်းစားမျိုးစုံပါ။ တချို့ဈေးသည်တွေဆိုရင် ကျွန်မတို့ဆီက တစ်ကျပ်ကျော်နဲ့ ငှားထားတဲ့ စာအုပ်ကို ဖတ်ပြီးသွားရင် နောက်တစ်နေ့ပြန်မအပ်ခင် ဈေးထဲမှာ တစ်ခါဖတ် တစ်မတ်နဲ့ လက်ဆင့်ကမ်းငှားကြပါသေးတယ်။ တချို့လည်း အမြတ်တောင် ထွက်ကြပါသေးတယ်။ အဲဒီအချိန်အခါက အပန်းဖြေဖို့အတွက်ကို လူအတော်များများဟာ စာဖတ်ခြင်းနဲ့ အချိန်သုံးကြလေ့ရှိပါတယ်။ တစ်နေ့တာ ပင်ပန်းသမျှ ရသစာအုပ်တစ်အုပ်ကို စွဲစွဲမက်မက် စိတ်နှစ်ပြီး ဖတ်လိုက်ရင် အပန်းပြေသွားကြတယ်လို့ ဆိုကြပါတယ်။ ရွာမှာ ပုံမှန်ပြတဲ့ ရုပ်ရှင်ရုံဆိုတာလည်း မရှိတော့ ပွဲလမ်းတစ်ခုခုမှာ ပိတ်ကားကြီးထောင်ပြီး ပြမှ ရုပ်ရှင်ကြည့်ဖြစ်ကြတာပါ။ ရုပ်မြင်သံကြား စပေါ်လာတော့လည်း လူတိုင်းမဝယ်နိုင်ကြသေးပါဘူး။ ကြည့်ချင်ရင် သူများအိမ်မှာ သွားကြည့်ကြရပါတယ်။ နောက်ပိုင်းတော့ အဖိုးအခနဲ့ ပြစားတဲ့ ဗွီဒီယိုရုံတွေ ပေါ်လာပါတယ်။ အဲဒီအချိန်က မြန်မာဗွီဒီယိုဇာတ်လမ်းတွေ မပေါ်သေးတော့ တရုတ်သိုင်းကား၊ ကုလားကားတွေ အကြည့်များကြပါတယ်။ အခုခေတ်လိုမျိုး အခြားအခြားသော အပန်းဖြေစရာ ဆော့ကစားစရာတွေ အလျှံပယ် ပေါများမလာသေးတဲ့အခါ လူတွေဟာ စာပိုဖတ်ဖြစ်ကြပါတယ်။ စာဖတ်ခြင်းဓလေ့ကလည်း ကူးစက်ပါတယ်။ ရွာမှာ စာအုပ်ဆိုင်ကောင်းကောင်း မရှိသေးခင်က မဖတ်ဖြစ်ကြတဲ့ ပရိသတ်ဟာ စာအုပ်စုံလင်တဲ့ ဆိုင်တစ်ဆိုင် ပေါ်လာတဲ့အခါ တစ်ဦးနဲ့တစ်ဦး ပြောဆိုဖလှယ်ကြရင်း စာအုပ်တွေ ဖတ်ကြတဲ့ အလေ့အထ ပိုပြန့်နှံ့လာခဲ့ကြပါတယ်။

ကျွန်မတို့မောင်နှမတွေ စူးစမ်းလိုစိတ် အားကောင်းနေတဲ့ ငယ်ရွယ်ချိန်ခါမှာ ဖေဖေမေမေတို့က ဒီလိုစာအုပ်အငှားဆိုင်လေး ဖွင့်ဖြစ်ခဲ့တာဟာ ကျွန်မတို့ဘဝအတွက် အရေးပါတဲ့ အခြေခံအုတ်မြစ်အနေနဲ့ အသိပညာတွေကို ခိုင်မာစေခဲ့ပါတယ်။ စာအုပ်မျိုးစုံကပေးတဲ့ သုတရသမျိုးစုံကို ကိုယ့်အိမ်မှာနေရင်းနဲ့ပဲ ဥာဏ်မီသလောက် စုပ်ယူနိုင်ခဲ့ကြပါတယ်။ ၁၉၈၆ ခုနှစ်မှာ တခြားမြို့တစ်မြို့ကို ပြောင်းတဲ့အခါ ကျွန်မတို့ရဲ့ စာအုပ်ဆိုင်ကလေးကို ပြန်ရောင်းခဲ့ကြပါတယ်။ အဲဒီအချိန်မှာ အဲဒီရွာကလေးမှာလည်း ကျွန်မတို့လို စုံလင်တဲ့ စာအုပ်ဆိုင်လေး နောက်ထပ်တစ်ဆိုင် ပေါ်ထွက်နေပါပြီ။ အသစ်ရောက်လာတဲ့ နောက်မြို့လေးတစ်မြို့မှာတော့ ကျွန်မတို့တွေ စာအုပ်ဆိုင်ထပ်မဖွင့်ဖြစ်တော့ပါဘူး။ အဲဒီမှာလည်း သူ့ဈေးကွက်နဲ့သူ ရှိနေကြပါပြီ။ ဒီတော့ ကျွန်မတို့တွေဟာ စာအုပ်သစ် ဖတ်ချင်ရင် သူများဆိုင်က သွားငှားဖတ်ရပါတော့တယ်။ အဲဒီအခါမှာတော့ ကိုယ့်ဆိုင်မှာလို ပေါ်သမျှ အကုန်ဖတ်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ကုန်ကျစားရိတ်ကြောင့် ရွေးချယ်ဖတ်ရှုလာရပါတော့တယ်။

မြန်မာစာပေကတော့ ဆက်လက်နေဆဲပါ။ စာဖတ်ဓလေ့တွေလည်း ပြောင်းလဲလာပါတယ်။ လူတွေ သိပ်မဖတ်ကြတော့တဲ့ စာမျိုးတွေရှိသလို ပိုဖတ်လာကြတဲ့ စာအမျိုးအစားတွေလည်း ရှိပါတယ်။ တချိန်ကစာပေတွေ ပြန်ပြီးပုံနှိပ်ထုတ်ဝေလာကြတာတွေလည်း ရှိပါတယ်။ မသိမသာ တိမ်မြုပ်သွားကြတဲ့ စာတွေလည်းရှိပါတယ်။ စာအုပ်ဆိုင်ကလေး ဖွင့်ဖြစ်ခဲ့တဲ့ကာလဟာ ကျွန်မအတွက် အသက်အရွယ်နဲ့ နှိုင်းယှဉ်ရင် စာအဖတ်ဖြစ်ဆုံးကာလ ဖြစ်ခဲ့သလို ပျော်ရွှင်စိတ်လှုပ်ရှားစရာ အကောင်းဆုံးလည်း ဖြစ်ခဲ့ရပါတယ်။ မိဘတွေကျေးဇူးကြောင့် ဒီစာအုပ်ဆိုင်လေးကို ဖြတ်သန်းဖြစ်ခဲ့ရတဲ့ အချိန်တွေဟာ ဘဝမှာ အမြဲတမ်းအရေးပါနေတော့မှာပါ။

ပန်ဒိုရာ
၁၆-၁၇.၆.၂၀၁၄
 (နှင်းဆီဖြူမဂ္ဂဇင်းအမှတ်၂ တွင် ဖော်ပြပြီး)

(နောက်ဆက်တွဲမှတ်စုတို။ ။  ဒီအကြောင်းအရာကလေးကို ရေးဖို့ ခေါင်းထဲမှာ သိမ်းထားခဲ့တာ ကြာပါပြီ။ နှင်းဆီဖြုအတွက် ဖောင်ပိတ်ခါနီးမှ အမြန်ရေးဖြစ်သွားတယ်။ အမြန်ရေးတာကတစ်ကြောင်း၊ ဒါလေးရေးဖို့ အကြိမ် ၃၀ လောက် ပြတ်တောင်းပြတ်တောင်းနဲ့ ကွန်ပျူတာရှေ့ထိုင်ရတာက တစ်ကြောင်းကြောင့် အသုံးအနှုန်းတွေ ထပ်နေတာတို့ ထပ်ဖြည့်နိုင်သေးတဲ့ အကြောင်းအရာတချို့ကို သတိမရတာတို့ ဖြစ်သွားပါတယ်။ မိတ်ဆွေတစ်ယောက်ထောက်ပြလို့ ဒီဆောင်းပါးမှာ ထပ်နေတဲ့ စကားဆက်အနည်းငယ်ကို စာဖတ်ရချောအောင် ဖြုတ်လိုက်ပါတယ်။  )

Expand..