Saturday, November 19, 2011

အဲဒီအချိန်မှာတော့အဲဒါဟာအစစ်ဖြစ်ခဲ့သတဲ့


အဲဒီအချိန်မှာတော့အဲဒါဟာအစစ်ဖြစ်ခဲ့သတဲ့

မထင်မှတ်လောက်အောင် ရဲရဲတင်းတင်းတွေ ရေးချလိုက် ပြီးတော့မှ လေသံကို ချက်ချင်းဂီယာပြောင်း-မထင်မှတ်လောက်အောင် အသေးစိတ်တွေဖွဲ့နွဲ့ ပြီးတော့ မိန်းကလေးလေသံကိုဖျောက်၊ ပြီးတော့ လှချင်စိတ်ရှိသလောက် အလှတရားကို မဖန်တီးတတ်ရှာ တခါတလေ အရာအားလုံးကို လုပ်ပြနိုင်သူလိုလိုပုံဖမ်း၊ ပြီးတော့ ဘာမှမသိပါဘူးရှင် အချိုးမျိုးလေးနဲ့ ပြန်ပေါ်လာ အဝေးကနေ လက်တည့်စမ်းတတ်ပြီး ကိုယ်ပုန်းဖို့ အလုံခြုံဆုံးတစ်နေရာကို အမြဲရှာဖွေထားတတ်သူ - အတိုပြန်ချုပ်ပြောရရင် ပါးနပ်တယ်- သို့သော်ထူတယ်၊ ပါရမီရှိတယ်- သို့သော် ရှိသင့်သလောက် ရှင်းရှင်းလင်းလင်း မရှိဘူး၊ အရဲကိုးတယ်- သို့သော်သတ္တိနည်းတယ်၊ လူမှုတွေကို သိပ်မမှုစမ်းပါနဲ့ - တစ်ခါလောက် အိမ်ကပြေးကြည့်ပါလား၊ စိတ်ထဲက ရှုပ်ရှုပ်ထွေးထွေးတွေ အမှိုက်တွေ ကုန်သွားအောင် ဆန္ဒအရှိဆုံး အမှားတစ်ခုကို စိတ်ရှိလက်ရှိကျုးလွန်လိုက်- အပြင်ကိုထွက်ပြီး နည်းနည်းလောက် အသက်ရှူကြည့်လိုက် ဒါမှမဟုတ် အသက်ရှူရပ်ကြည့်လိုက်၊ ကားတစ်စင်းလို လမ်းဘေးထိုးရပ်လိုက်ရတဲ့ ဘ၀တွေရှိတယ် ၊ အင်ဂျင်မပါပဲ မောင်းနေတဲ့ ကားတွေရှိတယ် - ကားနေတဲ့ မောင်းတွေရှိတယ် - မောင်းထုခေါ်ပြီး လူထုက ကျောက်ခဲနဲ့ဝိုင်းပေါက်သတ်တဲ့ ပြစ်မှုတွေရှိတယ်- လက်ဖျားနဲ့တို့စရာမလိုဘဲနဲ့ အားအားယားယား တရားဝင် သတ်ဖြတ်မှုတွေလည်း ရှိတယ်၊ သေခြင်းတရားကို ရွှေဒင်္ဂါးလို ထွေခင်းစကားကြတယ် ဆိုတာကြားဖူးလား- လူ့ဘ၀ဆိုတာ မပျင်းတတ်ရင် တိုတိုလေး ပျင်းတတ်ရင် ရှည်ရှည်ကြီးပေါ့ ရှင်းပလား ၊ ငြီးငွေ့လွယ်စရာကောင်းတဲ့ လူလူချင်း ဆက်ဆံရေးတွေရှိတယ် - စကားလုံးလော်လီနေတဲ့ အခွင့်အရေးတွေ ရှိတယ်၊ လှုပ်စိလှုပ်စိ စီးဆင်းနေတာတွေ ရှိသလို အထက်အရပ်က ပီကေကပ်ထားခံရတာလည်း ရှိတယ်- အရင်ကပြောင်းခဲ့ပုံတွေနဲ့ အခုနောက်ဆုံး ပြောင်းနေတာတွေနဲ့ မတူတော့ ပြောင်းလဲတွေပုံက ပြောင်းလာတယ်၊ မျက်တောင်တဆုံးမကြည့်နဲ့ မျက်တောင်မခတ်ကြည့်ပါ လှမ်းကြည့်လိုက် လှန်ကြည့်လိုက် လှပ်ကြည့်လိုက် အတုတွေ ထထမလုပ်နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို အပြည့်ဖြည့်ထားလိုက် ကဲပါလေ စောစောက ပြောတာတွေလည်း မေ့ပစ်လိုက် မင်းမှာ အိုင်ဒီယာရှိတယ် စတိုင်သစ်ရှိတယ် အိုင်ကွန်ရှိတယ် ဖက်ရှင်ရှိတယ် ဖက်ရှင်အင်းမေ့ဂ်ျလည်းရှိတယ် ကဲ .. ရယ်မောသွားပြီဟုတ် အဲဒီလိုနေပါ ပေါ့ပေါ့ပါးပါးနေထိုင်ပြီး လေးလေးနက်နက် တွေးတောပါ ဟာသဥာဏ်ရှိတယ် သရော်မယ် လှောင်ပြောင်မယ် အရာရာကို ရယ်စရာ မြင်နေတတ်တာလည်း ကောင်းတော့ကောင်းပါတယ် ကောင်းလည်းမကောင်းဘူး ထောင်တန်တဲ့ စကားက ရယ်ရင် ပေါ့တတ်တယ် ငါးထောင်တန်ကတော့ အကြွေဖျက်ဖို့ခက်မယ် ထောင်တွေတန်းတွေကတော့ ဘယ်သူနဲ့မှ မတန်ပါဘူး စကားကို ကတ်မပြောနဲ့ ခတ်မပြောနဲ့ လွဲမပြောနဲ့ လွှဲမပြောနဲ့ ပြောရင်းဆိုရင်း လျှောချသွားပြန်ပြီ- ကြည့်။

ပန်ဒိုရာ
၁၈-၁၉.၁၁.၂၀၁၁

Expand..

Friday, November 11, 2011

၂၀၁၁ တန်ဆောင်တိုင် ဦးဘဂျမ်းလမ်း ကာတွန်းအချို့

၁၃လမ်းမှာ ခင်းကျင်းထားတဲ့ ကာတွန်းတချို့ကို ရပ်ဝေးနေမိတ်ဆွေများအတွက် ဝေမျှလိုက်ပါတယ်။ နောက်ထပ်ပုံတွေ ထပ်ကြည့်ချင်ရင် facebook မှာ လာကြည့်ကြပါ။








Expand..

Monday, October 31, 2011

ခြင်္သေ့လက်ဖ၀ါး


ခြင်္သေ့လက်ဖ၀ါး

ငါတို့ဟာ တောထဲကို နောက်တစ်ခါ မသွားတော့ဘူး*
ဝါးရွက်ချွန်ချွန်တွေ မြေစိုက်တဲတွေ ခြေနင်းသံတဒိုင်းဒိုင်းတွေ
ဒိန်ခဲကို မရွှေ့တမ်းခဲထားတဲ့ ပါးစပ်ကျယ်တွေ
မြစ်ထဲ ကန့်လန့်ဖြတ်စီးလာတဲ့ ၀ါးလုံးရှည်တွေကို လှမ်းကာတဲ့ လက်တွေ
ခေါင်းတွေ သုံးလုံး နှစ်လုံး တစ်လုံး နောက်ဆုံး အားလုံးနစ်မြုပ်သွား
ကျောင်းတွေမှာ ဘာသာရပ်တွေကို မသင်တော့ဘူးတဲ့
အိမ်တွေမှာ အမိုးအကာအခင်း မပါတော့ဘူးတဲ့
ပီယာနိုတွေကို အားလုံး စွန့်ခွာခဲ့ကြ ဒီမြို့လေးမှာ နှင်းကျခဲ့ပါတယ်
တချိန်က.. ဟိုးတချိန်က ကျခဲ့တဲ့နှင်းတွေ နှင်းကျိန်စာတွေလေ
ဗူးဆို ဖယုံမသီးတတ်တဲ့ အလေ့အထ ထွန်းကားလာ နံရံများ
ရုပ်တုများနဲ့ ရုပ်တူများ ပြေးလွှား နှလုံးလေဟပ်ပြီး ဗြုန်းဆို လဲကျသွား
သိမှုနဲ့ထပ်တူညီအခြေအနေကို ဆင့်ပွားနိုင်စွမ်းမရှိသော အို- လူသား
ကျွန်တော်ဟာ ကြံဖတ်တစ်ချောင်းပါ ကြိတ်နင်းခံပြီးသား
ကျွန်မဟာ အိတ်စတာနယ် ဟာ့ဒစ်ခ်စ် ပါ သိပ်ဆန့်တယ် အလွယ်တကူသယ်
ကျွန်တော်ဟာ ခရစ္စတယ်လ်ပန်းအိုးပါ စင်ပေါ်မှာအလှပြထားတယ်
ကျွန်မကတော့ တပ်ဆင်ထားတဲ့ အမှိုက်ပုံအတုထဲက ငါးရိုးတစ်ချောင်းပါ
ကျွန်တော်ဟာ ကျွန်မဟာ ကျွန်တော်ကျွန်မတို့ဟာ
ခြင်္သေ့လက်ဖ၀ါး ခြင်္သေ့လက်ဖ၀ါး
ကလေးလေးတွေ ပြေးတမ်းလိုက်တမ်း ကစားရင်း ညိုးညိုးညံညံ ရယ်မောကြ
ခြင်္သေ့လက်ဖ၀ါး အဲဒီမှာ ခြင်္သေ့လက်ဖ၀ါး

ပန်ဒိုရာ
၂၀-၂၇.၁၀.၂၀၁၁

* Les Lauriers sont coupés (Dujardin)

Expand..

Thursday, October 27, 2011

တရားထိုင်ခြင်ထောင်ထဲ ၀ဲနေတဲ့ခြင်တစ်ကောင်


တရားထိုင်ခြင်ထောင်ထဲ ၀ဲနေတဲ့ခြင်တစ်ကောင်

………….. ခြင်ပုန်းတောမှာ မနေသာ ဆိုတဲ့အတိုင်း ထွက်လာတာ၊ အပုန်းလား အပွင့်လား အဖုံးလား အပိတ်လား တကယ်တော့ အသေအချာ မသိနိုင်ဘူး၊ တရားထိုင်ပုဂ္ဂိုလ်ဘေး ထောင့်ကလေးမှာ ငြိမ်ငြိမ်ကလေးနား ရှု- မှတ်- ပွား လိမ္မာယဉ်ပါးနေတဲ့ ခြင်ဟာ ပုထုဇဉ်ပဲပေါ့ - ချင်တွေတော့ သိပ်များနေသေးတယ် သူ့မှာ၊ ခြင့်ခမျာ လာချင် သွားချင် နားချင် စားချင် အဆိုးဆုံးကတော့ ချစ်-ချင်-နေသေးသတဲ့ ၊ ချဉ်ခြင်းတွေတပ်လို့ အ၀ိဇ္ဇာ အ၀ါစိတ်တွေနဲ့ အ၀ှာစိတ်တွေလည်းပါမယ် ၀ိုင်းစုခိုင်သိန်း ရဲ့ ပေါင်တွင်းသားလေးကိုမှ ထိုးဖောက်သွေးစုပ်ချင်တဲ့ စိတ်မျိုး ငါ့ဝမ်းပူဆာ မနေသာတဲ့ ခြင်ပါ- သို့သော် တံငါနားနီးတံငါ ရိပ်သာနားနီးတရား ပညတ်ကိုခွာ ပရမတ်ကိုမှတ် လူရဲ့အသားပေါ် နားရင် နားတယ်လို့ မှတ်လိုက်သတဲ့ နှုတ်သီးနဲ့ ဖောက်တယ် ဖောက်တယ် လို့ မှတ် သွေးတွေကိုလည်း စုပ်တယ် စုပ်တယ်လို့မှတ် မျိုချတယ်လို့မှတ် (အား..ကောင်းလိုက်တာ - ကောင်းတယ်လို့ ဆက်မှတ်) ၀န်းကျင်ကောင်းမှာ လက်ဖ၀ါးကြမ်းကြမ်းတွေနဲ့ ဗြန်းဗြန်း ရိုက်တာမျိုး သူ့မှာ မကြုံဖူးခဲ့ပါ၊ ဖူးခနဲ မှုတ်လိုက်တာဖြစ်ဖြစ် အသာလေး ပုဝါနဲ့ယမ်းလိုက်တာဖြစ်ဖြစ် ဒီလောက်ပဲ- လောကဓံလေက ခပ်နုနုလေး သွေးနေတုန်း နေ့လွဲညစာ(အဖတ်) မစားဘူး သေရည်သေရက် မလိုအပ်ဘူး အေးဆေးပဲ စောင့်ထိန်းနေ၊ သူဟာ အရည်အာဟာရ တစ်မျိုးတည်းကိုသာ ထာဝစဉ် မှီဝဲလျက် - ခြင်ထောင် မကျခင်အထိ ခြင်ဟာ တစ်ကိုယ်တော် လွတ်လပ်စွာ လှုပ်ရှားခဲ့၊ ပိုလီဂမီစနစ်မှာ ကာမေသုပုဒ်ဟာ အကျုံးမ၀င် မုသာဝါဒဟာလည်း တ၀ီဝီ စကားသံ တစ်မျိုးတည်းမှာ အကျုံးမ၀င်၊ ခြင်ကိုက် (တိုက်ရိုက်) သတ်လိုက်တဲ့ မသာဆိုတာ မရှိတော့ ပါဏာတိလည်း ကင်းရဲ့၊ အနည်းဆုံး သီလခြောက်ပါးလောက်တော့ စင်နေတဲ့ခြင် သူ့ကိုယ်သူ ခြောက်ပြစ်စင်လို့ သမုတ်လိုက်တယ်- နိဗ္ဗာန်ကို တိုက်ရိုက်သွားရင် ကောင်းမလား လူ့ဘ၀ဆိုတာကို ခဏလောက် ထရန်စစ် ၀င်ရင် ကောင်းမလား ခြင်ဦးနှောက်ကလေး ရှိသရွေ့ သူစဉ်းစားတယ်၊ လူအဖြစ်ဟာ သိပ်သက်သာတယ် ဇိမ်လည်းကျတယ် အစားအသောက်မျိုးစုံ အရသာမျိုးစုံနဲ့၊ ပျင်းစရာ သွေးတစ်မျိုးတည်း သောက်သုံးနေရတာ မဟုတ်ဘူး၊ ဒါတောင် တရားထိုင်ပုဂ္ဂိုလ်တချို့ နှစ်ချောင်းတည်း ရှိတဲ့ ခြေထောက်ကို ညောင်းတယ် ကိုက်တယ် လုပ်ချင်သေး၊ လှည့်လိုက် ပြောင်းလိုက် ပြင်လိုက်သေး၊ ခြင်လိုများ ခြေထောက်တွေ အများကြီးနဲ့ ဆိုရင် သူတို့မှာ ခြေထောက် တစ်ချောင်းပြီးတစ်ချောင်း ကိုက် ညောင်း ပြောင်းနေရတာနဲ့တင် အချိန်စေ့ပြီး တရားရမှာ မဟုတ်တော့ဘူး စဉ်းစားတယ် ခြင်ဦးနှောက်ကလေးနဲ့ သူစဉ်းစားတယ်၊ ဆရာတော် တရားဟောတုန်းက လောက်လန်းသဖွယ် ၀ိညာဉ်တွယ် တဲ့၊ ခြင်ဟာ မျက်လုံးတွေ ကျယ်လာခဲ့၊ ဒါကို သူကောင်းကောင်းသိတယ် ငယ်ငယ်က လောက်လန်းကလေးတို့ ဘ၀မှာ ပျော်ပါးဖို့ရာ လွယ်ခဲ့ပါတယ်၊ ခြင်ဟာ တရားဓမ္မနဲ့ သူ့ဘ၀ ထင်ဟပ်နားလည်လို့ အားတွေတက်လာခဲ့တယ်၊ ဒီလိုနဲ့ အချိန်စေ့တော့ တရားထိုင်ပုဂ္ဂိုလ်လည်း ထိုင်ရာက ထပြီ ခြင်ထောင်သိမ်းပြီ ဘေးကိုခါပြီ၊ ခြင်ထွက်လာတယ်၊ အသိုင်းအ၀ိုင်းရှိရာ ခြုံပုတ်ထဲက မ၀ံ့မရဲ ရိပ်သာနားကို လာမ၀ဲတတ်တဲ့ ကောင်တွေဆီ ရင်ကော့ပြီး ပြန်/ပျံသွားတယ်၊ အလကား တရားနဲ့ ဝေးတဲ့ကောင်တွေ- အမှောင်မိုက်ထဲက ခြင်မိုက်တွေဟာ ဓမ္မာရုံထဲက ထွက်လာတဲ့ခြင်ကို အတွေ့အကြုံ အကျိုးအကြောင်း မေးမြန်းဖို့ ၀ိုင်းလာကြတယ်၊ ခြင်ဟာ (စောစောကစုပ်လာတဲ့) သွေး နားထင်ရောက် နားထင်ကိုကျော် အန်တီနာအထိရောက် “ငါ့ခြင်တို့….” အစပြုပြီး ခြင်တင်းစာ ရှင်းလင်းပွဲမှာ မိန့်ခွန်းခြွေတော့တယ်။

ပန်ဒိုရာ
၉-၁၀.၁၀.၂၀၁၁

Expand..

Thursday, October 20, 2011

အခုတော့ ငါလည်း လူနဲ့ အတော်ကလေး တူလာခဲ့ပြီပဲ


အခုတော့ ငါလည်း လူနဲ့ အတော်ကလေး တူလာခဲ့ပြီပဲ

စစချင်း သိမှုထင်ရှားတာက နားပတ်ပတ်လည်မှာ

နားလည်နေတဲ့ မိခင်ဘာသာစကားက နားထဲကို အော်တိုမက်တစ် လာလည်

မက်ထရိုပိုလီတန်ဘ၀လို အကြားခလုတ် ပိတ်ဖွင့်ကစားလို့ မရတော့ပါ

လူဟာ မနက်အလုပ်မသွားခင်နဲ့ ညနေအလုပ်ဆင်းပြီးချိန်မှာ

ဘရိတ်ဖတ်စ်နဲ့ ဆပ်ပါး ကြေညက်အောင်ဝါးစားဖို့ အချိန်တစ်ချိန်စီ ရှိရ

လူသောက်တဲ့ လက်ဖက်ရည်ဆိုတာ ချိုပေါ့ ချိုဆိမ့် ကျဆိမ့်

စသည်ဖြင့် အမျိုးမျိုးအစားစား ကွဲပြားဖျော်စပ်နိုင်ရ

ပဲ….. ပြုတ် ဆိုတဲ့ အော်သံနဲ့ နိုးထခြင်းစည်းစိမ်

မုန့်ကြာစေ့သာကူ ဟင်းရွက်စုံ ဖီးကြမ်းငှက်ပျောသီး သင်ဖျူးဖျာ (အော်သံများဆက်လက်)

သဘာဝနည်းစနစ်နဲ့ ထုတ်လုပ်ထားတဲ့ ခြင်တစ်ကောင် သို့မဟုတ် ခြင်အုပ်စုတစ်စု

ဟာ ပြူတင်းပေါက်က ဒါမှမဟုတ် တံခါးမကြီးက ၀င်လာတတ်တာ မျှော်လင့်ထား-ပြီး-ခဲ့-သင့်

ဓာတ်လှေခါး တပ်ဆင်မထားခြင်း မိုးရွာခြင်း (ခေတ္တ)ရေလျှံခြင်း လမ်းကြောပိတ်ခြင်း

သိုင်းဝတ္ထုထဲကလို သွေးကြောမကြီးကို ထိုးပိတ်လိုက်ခြင်း

(နောက်ဆက်တွဲသတင်း- သွေးကြောမကြီးကို ကာလတစ်ခုအတွင်း ပြန်ဖွင့်ပေးလိုက်ခြင်း)

မီးမှန်နေပါ(သေး)တယ် ရေရပါတယ် သူလိုငါလို အခြေခံကျေနပ်မှုရှိပါတယ်

သားက ကြီးလာရင် ပိုက်ဆံများများရအောင် သီလရှင်စက်ရုပ်တွေ တီထွင်ပြီး

အလှူလိုက်ခံခိုင်းမှာ (လူကြီးတို့ ရယ်သံများ)

ကာရေဘီယန်ကို ရောက်ရင် ဂျက်စပဲရိုးလို ကျင့်

တုန်ခြင်း မှုန်ခြင်း ထစ်ခြင်း အခွေနဲ့စက် အသံတူအောင်ထည့်

ရန်များကို ကိုယ်ရှင်းမယ် ဒီဝိုင်းကို ဘယ်သူရှင်းမယ်

ချွေးနှဲစာလေးနဲ့လား အိုစာမင်းစာနဲ့လား

စားစရာတွေကို ၀ါးသာစား ချိန်းဆိုမှုတွေ အေးအေးဆေးဆေး နောက်ကျပါ

သာ-လာတော့မှာပါ နေသာ ထိုင်သာ သက်သာ အိမ်သာ မသာ စသည်ဖြင့်

စကားမစပ် ပေါ့ထရီဟာ ပေါ်လက်တစ်စ်/ပေါ်လက်တီကယ် တို့ရဲ့အထက်မှာ ပေါလောပေါ်နေဆဲ

အက်ဖ်အမ်ရေဒီယို နားထောင်ပါ ကြော်ငြာစာရွက် အသံထွက်ဖတ်ပါ

အရိုးရှင်းဆုံးဘ၀ရဲ့ ပျော်ရွှင်မှု (ယိစ်!!!)

ပန်ဒိုရာ

၂၁.၉-၂၀-၁၀.၂၀၁၁

Expand..

Tuesday, September 13, 2011

အနိမ့်နိမ့် အမြင့်မြင့် အဆင့်ဆင့်


painting icn2

အနိမ့်နိမ့် အမြင့်မြင့် အဆင့်ဆင့်

တည်သော မှီသော ရီသော ဟီသော
ဂီတဖြင့် မွေ့လျော်သော စည်ငြင်းဖြင့် နိုးထသော
ဆူညံအံပွက်သော တိုးတိတ်ညံ့သက်သော ကျပျောက်ဆုံးရှုံးသွားသော
ရှာဖွေတွေ့ရှိသော မြဲမြံတည်ဆောက်သော ပျက်လွယ်စီးလွယ်သော
ရီဝေမှုန်ဝါးသော ထင်ရှားပြတ်သားသော မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းသော
အထက်အရပ်မှ တင်းကျပ်ဖြတ်တောက်သော ပြင်းပြင်းထန်ထန် ရှုံ့ချလိုက်သော
စေ့စပ်ဆွေးနွေးသော တော်လှန်ပုန်ကန်သော အနုနည်းဖြင့် ဆွဲဆောင်ပူးကပ်သော
ရုတ်တရက် ဂရင်းဂရင်း ထမြည်လာသော ချက်ချင်း ကောက်ကိုင်လိုက်သော
ချစ်၍ခေါ်သည် လိုက်တော်မူခဲ့ မပျောင်းနွဲ့သော ချစ်၍ခေါ်ရာ လိုက်ချင်ပါလည်း
နော်ဇာရွှေကုံး တစ်ခိုင်လုံးကို လုံးလုံးမပိုင်သေးသော သင်ပုန်းချေလိုက်သော
သင်တို့ပုန်းနေခဲ့ကြသော သမိုင်းရေကြီး လှိုင်းစီးလိမ့်ပါကြသော
ဇုနတ်ဘုရင်က စေလွှတ်လိုက်သော ဟီရာနတ်ဘုရားမ၏ ကျိန်စာသင့်သော
တောသုံးတောင်ကို ပိုင်စိုးသော ရေမြေကို တက်နင်းထားသော
ဖွဲ့နွဲ့သော ရေးသားသော သီကုံးသော စပ်ဆိုသော ခြယ်သသော
အတွင်းသည် အပဖြစ်သော အပသည် အတွင်းဖြစ်သော
အရပ်ရှစ်မျက်နှာမှ တိုးဝင်လာသော အေး၍ခြောက်သွေ့သော
ပူ၍စွတ်စိုသော “ငါ”သည် “ရန်” နှင့်ပြတ်သော “ရန်”သည် “မိတ်”သာဖြစ်သော
လူအများ၏ဖြစ်သော လူအများ၌ဖြစ်သော လူအများအတွက်ဖြစ်သော
ယူကားယူ၍ မပေးသော ပေးကားပေး၍ မရသော ယသော အယသော
အဖန်ဖန်အလဲလဲ တခဲနက် အဆုံးသတ်သွားခဲ့သော…။

ပန်ဒိုရာ
၂၁-၈.၂၀၀၁ - ၁၃-၉.၂၀၁၁

Expand..

Friday, September 2, 2011

စေ့ရုံစေ့ထားတဲ့ရွှေတံခါးတွေ


စေ့ရုံစေ့ထားတဲ့ရွှေတံခါးတွေ

တစ်ချပ်ပြီး တစ်ချပ် အထပ်ထပ် မတ်တတ်ရပ်နေကြ
ချပ် ချပ် ချပ် ချပ် နဲ့ ပြားချပ်ချပ် အသံတွေ
အဲဒီ အသံတွေဟာ ကတိက၀တ်တွေနဲ့ သံတမန်ခင်းလိုက်
ဖြည်းဖြည်း ခြေဖျားထောက်ပြီး ကိုယ်ယောင်ဖျောက်လိုက်
အချိန်နဲ့တပြေးညီ ဒေါင်လိုက်ရွေ့လျား ပြေးလွှားလိုက်
ဒီတံခါးကနေ လိရိကဟာ အမေရိကကို တွန်းဖွင့်ခဲ့
ဒီတံခါးနောက်မှာ မော်ဒန်နတီဟာ အိုင်ဒန်ဒတီမထင်ရှား ပုန်းအောင်းခဲ့
ဒီတံခါးထဲက ကလောင်သွားဟာ ဓားသွားကိုဖြတ်ကျော်ခဲ့
ဒီတံခါးပေါ် မေတ္တာတွေ ထွင်းထုထား
ဒီတံခါးကို သစ္စာဟာ ဖောက်ထွက်သွား
မွန်းစတား လိုက်ရှာခဲ့တာ ကလေးငယ် ဘူး ရဲ့ တံခါး
သတ္တမမြောက် တစ္ဆေကြီးလမှာ ၀ိညာဉ်တွေကို ဖွင့်ပေးလိုက်တဲ့ ငရဲတံခါး
တံခါးတစ်ချပ်ဟာ ခါးကြားမှာ ခါးထစ်ခွင်ခံထားရတယ်
ဆူးကြားမှာ ခါးခါးသီးသီး သီးနေတဲ့ တံခါးတွေရှိတယ်
အစိတ်စိတ်အမွှာမွှာ လွင့်စင်ပျက်ကျသွားခဲ့သော တံခါးများ
သော့ခလောက်ကြီး ဟီးလေးခိုနေသော တံခါးများ
ဆုကြေးတ၀က်နဲ့ လာဘ်ထိုးခံလိုက်ရသော တံခါးများ
အခင်းအကျင်းသစ်ကို မျက်ခြေပြတ် ကျန်ခဲ့သော တံခါးများ
မကြာမီ မျိုးရိုးဗီဇ တိမ်ကောပျောက်ကွယ်သွားတော့မည့် တံခါးများ
တံခါးရောင်စုံ ဖြူဖြူ ပြာပြာ ညိုညို ညက်ညက်
ရွေးလိုက်ပါ အနီလား အ၀ါလား နီးနီးလား ၀ါးဝါးလား
လက်သန်းဖျားနဲ့ ပါးပါးလေးတွန်းဖွင့်လိုက်။

ပန်ဒိုရာ
၂၉.၈-၁.၉.၂၀၁၁

Expand..

Saturday, August 27, 2011

ယေဘုယျမျဉ်းတစ်ကြောင်း


painting icn2 (colour pencil on paper)

ယေဘုယျမျဉ်းတစ်ကြောင်း

မိန်းမကြီးတစ်ယောက်က အရင်ဆုံး မြင်ပြီး လန့်အော်လိုက်တာ
လူတွေ တဖြည်းဖြည်းများလာတဲ့အချိန် အတော့်ကို အေးစက်တောင့်တင်းနေပြီ
ခဏကြာတော့ ရဲတွေရောက်လာ ပတ်ပတ်လည်ကို တိပ်ကြိုးများဖြင့်တား
လက်ဗွေရာယူ နီးစပ်ရာမေးမြန်း စုံစမ်းစစ်ဆေးမှု စတင်
ပျက်ပြယ်စပြုနေတဲ့ မှတ်ပုံတင်ကဒ်ပြားတစ်ပြားနဲ့ သူ့အကြောင်းသဲလွန်စ
ငွေစက္ကူအချို့ အကြွေအနည်းငယ် အကြွေးဝယ်ဘဏ်ကဒ်များ ခြေရာလက်ရာမပျက်
နေ့စဉ်အလုပ်သွားသာမန်ဝတ်စုံကို ၀တ်ဆင်ထား တွန့်ကြေမှုကင်းမဲ့
ဝေဒနာပြင်းပြင်းထန်ထန် ခံစားလိုက်ရပုံ မပေါ် သွေးစသွေးနကင်းရှင်း
ကြွပ်ကြွပ်အိပ်တစ်လုံးထဲမှာ တ၀က်တပျက် ၀ါးမျိုထားတဲ့ ဟမ်ဘာဂါ
ဒါ သူနောက်ဆုံးစားခဲ့တဲ့ ညစာပဲ
သူ ဆိုရှယ် မီဒီယာ/နက်ဝပ် တွေမှာ (ရှိခဲ့ရင်) တက်ကြွခဲ့သလား
သူ့မိသားစုကို တွယ်တာ သံယောဇဉ်ထားခဲ့သလား
သူ့လုပ်ဖော်ကိုင်ဖက်များနဲ့ အဆင်ပြေမပြေ
သူနောက်ဆုံးဆိုခဲ့တဲ့ သီချင်းတစ်ပုဒ် ရှိမရှိ
သူနောက်ဆုံး ဘယ်ကိုဦးတည်သွားခဲ့တာလဲ
သူနောက်ဆုံး ဘယ်သူ့ကို ဖုန်းခေါ်ခဲ့သလဲ
သူနောက်ဆုံး ၀င်ခဲ့တဲ့ အီးမေးလ်အကောင့်ဟာ ဘာလဲ
သူနောက်ဆုံး ချက်တင်း ပြောခဲ့သူ ဘယ်သူလဲ
သူနောက်ဆုံး တစ်ယောက်ယောက်ကို “နောက်ဆုံး” လို့ ပြောခဲ့သေးလား
သူ ကြိုးတစ်ချောင်းကို ဘာကြောင့်မသုံးခဲ့သလဲ
သူ ရေကန်တစ်ကန်ထဲကို ဘာကြောင့်မသွားခဲ့သလဲ
သူ အဆောက်အဦမြင့်တစ်လုံးကို ဘာကြောင့် မစဉ်းစားခဲ့သလဲ
သူ အိပ်ဆေးအလွန်အကျွံ ၀ယ်ယူဖို့ အခက်အခဲ ရှိခဲ့လို့လား
သူ့မှာ လိုင်စင်နဲ့ကိုင်တဲ့ သေနတ်တစ်လက် မရှိခဲ့လို့လား
မကြာမီ ဓါတ်တိုင်မီးများ လင်းလာ လူအုပ်ကွဲစပြု
အရပ်ထဲမှာ ခုနစ်ရက်စာ ပြောစရာများဖြင့် တစီစီကျန်ရစ်
အမိုးပေါ်မှာ အချက်ပြမီးလုံး တ၀ီဝီ လှည့်လည် ဆူညံနေသော ရဲကားများ
မလှုပ်မယှက် သက်မဲ့ခန္ဓာကိုယ်တစ်ခုကို သယ်ဆောင်ထားသော
လူနာတင်ယာဉ်တစ်စီး မြင်ကွင်းမှ ဝေး… ဝေး….. သွား……….။

ပန်ဒိုရာ
၂၃-၂၇.၈.၂၀၁၁

Expand..

Monday, August 22, 2011

အမှောင်ဘက်ခြမ်းက ရင်ဘတ်ဟောင်းလောင်းပေါက်နဲ့...

ခိုင်စိုးလင်း စီစဉ်တဲ့ The Dark Side (သို့) သူခိုးစာအုပ် ထွက်ပါပြီ။
သရုပ်ဖော်ပုံတွေကို မလေးမေ ရေးဆွဲပါတယ်။ ပါဝင်ရေးသားသူတွေက -
ဟန်သစ်ငြိမ်၊ ဟယ်ရီလွင်၊ နေမြဲ၊ ထွန်းထွန်းမြိုင် ၊ မိုးလှိုင်ည၊ နေဦး ၊ လင်းဒီပ ၊ ညိုမင်းခ၊ ကိုမျိုး ၊ ကြည်သက်ဟန်၊ မှိုင်း (ဆေး -၂)၊ သြမြိုင် ၊ နန်းညီ၊ ဇာတိ၊ ချစ်ကြည်အေး ၊ သက်ဝေ၊ တေလေ ၊ ပန်ဒိုရာ ၊ ကျော်ညိုသွေး ၊ ခိုင်စိုးလင်း
စာအုပ်ကို ဒီနေရာမှာ ဒေါင်းလုဒ် ယူနိုင်ပါတယ်။ http://www.mediafire.com/file/89xt1xioc3avomd/the%20dark%20side.pdf
ပန်ဒိုရာ ရေးထားသော စကားပြေတစ်ပုဒ်ကို အဲဒီစာအုပ်ထဲ မှာ ဖတ်ရှုနိုင်ပါတယ်။


(သရုပ်ဖော်ပုံ မလေးမေ)

Expand..

Monday, August 8, 2011

Mythical Moments




Mythical Moments


moments make myths mired

meanwhile
melting morals’ mistake
musical mountains’ mute
mellow mornings’ moan
molded mustangs’ mutiny
mid-summer mirages’ magnet

meanwhile
mysterious mentor’s make-over
motivation / meditation
maturity / modernity
mercy / misty
may mend misprinted memoirs

meanwhile
may Martians mitigate misuse

Ko Pan
Yangon, 10:00 pm, 08.08.11




ဒဏ္ဍာရီဆန်တဲ့ အခိုက်အတန့်များ


အခိုက်အတန့်တွေက
ဒဏ္ဍာရီတွေကို ရုန်းထွက်လို့မရအောင် ဖန်ဆင်းတယ်

ဒီအခိုက်အတန့်မှာ
အရည်ပျော်နေတဲ့ နီတိတရားတွေ မှားယွင်းကြ
တေးသံသာတောင်တန်းတွေ တိတ်ဆိတ်ဆွံ့အကြ
နူးညံ့ညင်သာ နံနက်ခင်းတွေ ပြင်းပြငြီးညူကြ
ပုံစံသွင်းထားတဲ့ မြင်းရိုင်းတွေ ပုန်ကန်ထကြွကြ
နွေလယ်ကာလရဲ့ တံလျှပ်တွေက ဆွဲဆောင်ကြ

ဒီအခိုက်အတန့်မှာ
လျို့ဝှက်သိုသိပ် ကြီးကြပ်သူရဲ့ ပြုပြင်ပြောင်းလဲမှု
တက်ကြွစိတ်အား/ ပဋိပတ္တိတရား
ရင့်ကျက်တည်ငြိမ်ခြင်း/ ခေတ်မီလတ်ဆတ်ခြင်း
ကြင်နာမှု/ နာကျင်မှု တွေက
စာစီမှားခဲ့တဲ့ အတ္ထုပ္ပတ္တိ ကို ပြင်ဆင်နိုင်စေ

ဒီအခိုက်အတန့်မှာ
မားစ်ဂြိုလ်သားတွေလည်း အလွဲသုံးများ နည်းပါးနိုင်စေ

ကိုပန်
ရန်ကုန်၊ ည ၁၀ နာရီ၊ ၈.၈.၂၀၁၁
(ဘာသာပြန် ပန်ဒိုရာ၊ ကိုပန်)

Expand..