Wednesday, July 3, 2013

အာဂမိန်းမ (ဘာသာပြန်ကဗျာ)



Poem Hunter website ကို သွားလည်လိုက်တိုင်းမှာ မာယာအန်ဂျလို (Maya Angelou) ရဲ့ အာဂမိန်းမ (Phenomenal Woman) ကဗျာဟာ  top 500 ကဗျာတွေထဲမှာ အမြဲ နံပါတ် ၁ ဖြစ်နေတာကို တွေ့ရတယ်။ အဲဒီကဗျာကို ကျွန်မ ဘာသာပြန်ခဲ့ပြီး ၂၀၁၂ ဧပြီလမှာ ကောင်းကင်မဂ္ဂဇင်းမှာ ဖော်ပြခံခဲ့ရပါတယ်။ ဒီနေ့ ဂျူလိုင် ၃ ရက်နေ့ဟာ အမျိုးသမီးများနေ့ ဖြစ်တဲ့အတွက် ဒီကဗျာကို အမှတ်တရ ပြန်တင်လိုက်ပါတယ်။  

အာဖရိကန် လူမည်း အမျိုးသမီးတစ်ဦး ဖြစ်တဲ့ မာယာအန်ဂျလိုကို ၁၉၂၈ ခုနှစ်မှာ မစ္စစ္စပီ စိန့်လူးဝစ် မှာ မွေးဖွားခဲ့ပါတယ်။ အခုထိ သက်ရှိထင်ရှား ရှိနေဆဲပါ။ ဣတ္ထိယဝါဒီ လို့ ထင်ရှားတဲ့ မာယာအန်ဂျလိုရဲ့ စာပေလက်ရာတွေကို ထိထိရောက်ရောက် ခံစားနိုင်ဖို့အတွက် သူ့ဘဝရဲ့ အတက်အကျ နောက်ကြောင်းတွေကိုလည်း အနည်းငယ် သိဖို့လိုအပ်ပါတယ်။ သူ အသက် ၃ နှစ်အရွယ်မှာ မိဘတွေဟာ ကွာရှင်းခဲ့ကြပါတယ်။ အာကန်ဆန်မှာ နေထိုင်တဲ့ အဘွားဆီကို ၅ နှစ်ကြာ ပို့ထားခံရပါတယ်။ အဲဒီဒေသမှာ လူမျိုးရေး ခွဲခြားဖိနှိပ်မှုကို တွေ့ကြုံခဲ့ရပါတယ်။ အာဂမိန်းမ ကဗျာဟာ လူမျိုးရေးခွဲခြားမှုနဲ့ ပတ်သက်တဲ့ သူမရဲ့ အောင်မြင်မှုတစ်ခုကိုလည်း ဖော်ညွှန်းချင်တာလို့လည်း ဆိုကြပါတယ်။ အသက် ၇ နှစ် ၈ နှစ် အရွယ်မှာ သူဟာ သူ့အမေရဲ့ရည်းစားက လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်တာကို ခံခဲ့ရပြီး ၅ နှစ်လောက် စကားမပြောပဲ ဆွံ့အ နေခဲ့ပါတယ်။ အာဂမိန်းမကဗျာဟာ နှုတ်ဆိတ်နေခဲ့ရတဲ့ ကာလတွေအတွက် ပြန်လည် အလျော်အစား ပေးထားတာ လို့လည်း သုံးသပ်ကြပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ကျောင်းထွက်ခဲ့ပြီး ဆန်ဖရန်စစ္စကိုရဲ့ ပထမဆုံး အာဖရိကန် အမေရိကန် အမျိုးသမီး ကေဘယ်ကား လက်မှတ်ရောင်းသူ ဖြစ်လာခဲ့ပါတယ်။ နောက်တော့ အထက်တန်းကျောင်းမှာ ပြန်တက်နေတုန်း စီနီယာနှစ်မှာ ကိုယ်ဝန်ရပြီး သားလေးတစ်ယောက် မွေးဖွားခဲ့ပါတယ်။ ကလေးကို စောင့်ရှောက်ရတဲ့ တစ်ဦးတည်းမိခင် အနေနဲ့ ဘဝမှာ အတော်ရုန်းကန်ခဲ့ရပါတယ်။ စားပွဲထိုး၊ ထမင်းချက် အဖြစ် အသက်မွေးခဲ့ရပါတယ်။

အဲဒီအတောအတွင်းမှာပဲ သူ့ရဲ့ ဝါသနာဗီဇ ဖြစ်တဲ့ ဂီတ၊ အက၊ သရုပ်ဆောင်ခြင်းနဲ့ ကဗျာရေးခြင်းကို အားထုတ်ကြိုးပမ်းခဲ့ပါတယ်။ ၁၉၅၂ ခုနှစ်မှာ ဂရိ သင်္ဘောသားတစ်ယောက်နဲ့ လက်ထပ်ပြီး ညကပွဲတွေမှာ သီချင်းဆိုခဲ့ပါတယ်။ အဲဒီမှာ သူ့ရဲ့ ကလေးဘဝနာမည်နဲ့ အိမ်ထောင်နာမည်ကို ပေါင်းစပ်ပြီး မာယာအန်ဂျလို ဆိုတဲ့ နာမည်ကို ယူခဲ့ပါတယ်။ အိမ်ထောင်က မတည်မြဲခဲ့ပေမယ့် အဆိုတော်ဘဝ၊ အကမင်းသမီး ဘဝကတော့ ဆက်လက်ခဲ့ပါတယ်။ ၁၉၅၄ ၅၅ ခုနှစ်တွေမှာ ဥရောပကို သရုပ်ဆောင်တင်ဆက်ဖို့ သွားခဲ့ရပါတယ်။ ၁၉၅၇ ခုနှစ်မှာ သူ့ရဲ့ ပထမဆုံး အယ်လဘန်ကို ထုတ်ဝေခဲ့တယ်။ မော်ဒန်အကကို လေ့လာခဲ့တယ်။ စင်မြင့်မှာဖျော်ဖြေတဲ့ မင်းသမီးတစ်ယောက် ဖြစ်လာပြီး ရုပ်မြင်သံကြားပွဲတွေမှာလည်း တင်ဆက်ခဲ့ပါတယ်။ ၁၉၅၀ နောက်ပိုင်းမှာတော့ သူဟာ စာရေးဆရာတစ်ယောက်အဖြစ် အရည်အချင်းတွေကို ပိုပြီး တိုးတက်အောင်လုပ်ဖို့ စိတ်အားသန်လာပါတယ်။ Harlem Writer’s Guild  ကို ဝင်ရောက်ခဲ့ပြီး နိုင်ငံသားအခွင့်အရေး လှုပ်ရှားမှုတွေမှာလည်း ပါဝင်ခဲ့တယ်။ နောက်ပိုင်းမှာတော့ အာဖရိကမှာ အချိန်တစ်ခုအထိ နေထိုင်ခဲ့ပြီး ဂါနာတက္ကသိုလ်မှာ နည်းပြတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့တယ်။ အမေရိကကို ပြန်လာတဲ့အခါ ဒေါက်တာ မာတင်လူသာကင်းနဲ့ အလုပ်လုပ်ခဲ့တယ်။ အာဖရိက က အမျိုးသမီးတွေဘဝ မြှင့်တင်ရေးအတွက် မာယာဟာ အများကြီး ဆောင်ရွက်ပေးခဲ့ပါတယ်။ သူအသက်ကြီးလာလေလေ သူ့ကဗျာတွေဟာလည်း ပိုပြီး အောင်မြင်ကျော်ကြားလာလေလေ ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေမှာ အမေရိကန် သမ္မတတွေက မာယာကို အမျိုးမျိုးသော ဂုဏ်ထူးဆောင် သတ်မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။ မာယာဟာ ရုပ်မြင်သံကြားမှာ ဇာတ်လမ်းနဲ့ မှတ်တမ်းအစီအစဉ်တွေ အများအပြားကို ရိုက်ကူးခဲ့ပြီး ကိုယ်တိုင်ရေးအတ္တုပ္ပတ္တိ ၇ အုပ်အပါအဝင် စာအုပ်ပေါင်း ၃၀ ကျော် ထုတ်ဝေခဲ့ပါတယ်။

မာယာဟာ ဒီကဗျာကို ရိုးရှင်းပြီး နားလည်လွယ်တဲ့ အရေးအသားနဲ့ ရေးခဲ့ပါတယ်။  ဒီကဗျာနဲ့ မိန်းမတစ်ယောက်ရဲ့ အောင်မြင်တဲ့ဘဝကို ချီးမွမ်းခဲ့တယ်။ စင်ပေါ်ကနေ ပရိသတ်ကို ဖျော်ဖြေ သရုပ်ဆောင်ပြဖို့  အားကောင်းတဲ့ ဇာတ်ဆန်တဲ့ ကဗျာတစ်ပုဒ်လည်း ဖြစ်ပါတယ်။ ဒီကဗျာကို ကြားတဲ့အခါ ကဗျာရေးသူရဲ့ ကိုယ်ခန္ဓာလှုပ်ရှားမှုကိုပါ မြင်ယောင်ကြည့်လို့ရပါတယ်။  ချစ်စရာသွယ်သွယ်လျလျ ဖက်ရှင်မော်ဒယ်တွေရဲ့ အပေါ်ယံ အရေပြားတစ်ထောက် အလှအပမျိုး မဟုတ်တဲ့  မိန်းမတစ်ယောက်ရဲ့ လုပ်ဆောင်ချက်တွေရဲ့ တကယ့်သက်ရောက်မှု ဟာ ဘာလဲ ဆိုတာ ရှင်းပြခဲ့တယ်။  ဆွဲဆောင်မှုတွေရဲ့ လျှို့ဝှက်ချက်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု နဲ့ မိန်းမတစ်ယောက်ရဲ့ ဖြစ်တည်မှုအပေါ် ဂုဏ်ယူမှု ကို ဒီကဗျာမှာ ရဲရဲဝံ့ဝံ့ချပြခဲ့ပါတယ်။ ကျိုးကြောင်းမဲ့ ဘဝင်မြင့်တာမျိုးမဟုတ်ဘဲ ဘာကိုမှ ဦးညွှတ်စရာ မလိုအပ်တဲ့ အမျိုးသမီးစစ်စစ်တစ်ယောက်ရဲ့ သဘာဝခွန်အားတွေအတွက် ပျော်ရွှင်ကျေနပ်မှုကို ဒီကဗျာနဲ့ လူအများကို မျှဝေခံစားခဲ့ပါတယ်။

ရည်ညွှန်းကိုးကား
http://en.wikipedia.org/wiki/Maya_Angelou
http://mahmag.org/blog/2011/05/09/review-of-the-poemphenomenal-woman-by-m-badihian/
http://www.skoool.ie/examcentre_sc.asp?id=4754


အာဂမိန်းမ


ကျွန်မရဲ့လျို့ဝှက်ချက်ရှိရာကို မိန်းမချောလေးတွေ သိချင်နေကြ
ကျွန်မက ချစ်စရာလည်းမကောင်း ဖက်ရှင်မော်ဒယ်လိုလည်း အချိုးတကျမဟုတ်
ဒါပေမယ့် ကျွန်မ ပြောပြတိုင်း
သူတို့က လိမ်ညာနေတယ်ပဲ ထင်နေကြ
ကျွန်မပြောပြမယ်
အဲဒါဟာ ကျွန်မလက်မောင်းတွေရဲ့ အလှမ်းအကမ်း
ကျွန်မတင်ပါးဆုံရဲ့ အကျယ်အဝန်း
ကျွန်မရဲ့ ဆင်မယဉ်သာ ခြေလှမ်း
ကျွန်မနှုတ်ခမ်းရဲ့ အကွေးအတွန့်
ကျွန်မက မိန်းမတစ်ယောက်လေ
တစ်မိပေါက်တစ်ယောက်ထွန်း
အာဂမိန်းမ
အဲဒါ ကျွန်မပေါ့

အခန်းတစ်ခန်းထဲ လမ်းလျှောက်ဝင်သွားတယ်
ပူရိသတို့ဘဝင်ခိုက်လောက်အောင်
ခပ်မိုက်မိုက် လျှောက်သွားတယ်
ငနဲသားတွေရပ်နေကြ
ဒူးထောက်ခယ
ကျွန်မအနားကို ဝိုင်းကပ်လာ
ပျားအုံတစ်အုံလိုပေါ့
ကျွန်မပြောပြမယ်
အဲဒါ ကျွန်မမျက်ဝန်းတွေထဲက မီး
ကျွန်မသွားတွေရဲ့ ရောင်ပြန်
ကျွန်မခါးတွေရဲ့ အလှုပ်အယမ်း
ပြီးတော့ ကျွန်မခြေထောက်တွေထဲက ပျော်ရွှင်မှု
ကျွန်မက မိန်းမတစ်ယောက်လေ
တစ်မိပေါက်တစ်ယောက်ထွန်း
အာဂမိန်းမ
အဲဒါ ကျွန်မပေါ့

ယောင်္ကျားတွေ ကိုယ်တိုင်  သိချင်ကြ
ကျွန်မဆီမှာ ဘာမြင်ရမလဲလို့
အလူးအလဲကြိုးစားကြ
ဒါပေမယ့်လည်း ကျွန်မရဲ့လျှို့ဝှက်ဆန်းကြယ်အဇျတ္တကို
ဒင်းတို့လှမ်းမထိနိုင်
ကျွန်မက ပြဖို့ ကြိုးစားတော့လည်း
ဒင်းတို့ခမျာ မြင်ကို မမြင်နိုင်ကြသေး
ကျွန်မပြောပြမယ်
အဲဒါ ကျွန်မတင်ပါးရဲ့ ကောက်ကြောင်း
ကျွန်မအပြုံးရဲ့ နေခြည်
ကျွန်မရင်သားတွေရဲ့ နိမ့်တုံမြင့်တုံဖြစ်မှု
ကျွန်မစတိုင်ရဲ့ တင့်တယ်မှု
ကျွန်မက မိန်းမတစ်ယောက်လေ
တစ်မိပေါက်တစ်ယောက်ထွန်း
အာဂမိန်းမ
အဲဒါ ကျွန်မပေါ့

အခုတော့ ရှင်သိပြီ
ဘာကြောင့် ကျွန်မဦးခေါင်းမညွတ်တာ
မအော်ဟစ်တာ ဆွေ့ဆွေ့ခုန်မဖြစ်တာ
စကားကျယ်ကျယ်ကို ပြောစရာမလိုတာ
ကျွန်မဖြတ်လျှောက်သွားတာကို ရှင်မြင်တဲ့အခါ
ရှင်ဂုဏ်ယူသင့်တာပေါ့
ကျွန်မပြောပြမယ်
အဲဒါ ကျွန်မ ဒေါက်မြင့်ဖိနပ်ရဲ့ ခွာသံ
ကျွန်မဆံပင်ရဲ့ အယိမ်းအနွဲ့
ကျွန်မလက်တွေရဲ့ ဖဝါးနုနု
ကျွန်မဂရုစိုက်တာကို လိုအပ်မှု
ဘာကြောင့်လဲဆိုတော့ ကျွန်မက မိန်းမတစ်ယောက်လေ
တစ်မိပေါက်တစ်ယောက်ထွန်း
အာဂမိန်းမ
အဲဒါ ကျွန်မပေါ့

မာယာအန်ဂျလို

(အမေရိကန် ကဗျာဆရာမ Maya Angelou ၏ Phenomenal Woman ကို ပန်ဒိုရာ ဆီလျော်အောင် ဘာသာပြန်ပါသည်။)

Expand..

Tuesday, July 2, 2013

ဂျယ်လီငါးဟာ ငါးမဟုတ်ဘူး







ဂျယ်လီငါးဟာ ငါးမဟုတ်ဘူး

ဒါ သက်သက် လုပ်ကြံဖန်တီးထားတာ၊ ငါ့ကို ယုတ္တိရှိရှိ လက်တွေ့ကျကျ ငါးတစ်ကောင်သာ ပြလိုက်စမ်းပါ - ဂျယ်လီငါးဟာ ငါးမဟုတ်သလို ဂျယ်ချင်မှတောင် ဂျယ်မယ် လီချင်မှတောင် လီမယ်   အနည်းဆုံး ဝီကီပိဒိယကတောင် ဒီလိုပြောနေပေါ့

“ဂျယ်လီငါးဟု အမည်တွင်သော်လည်း ဂျယ်လီငါးများသည် ငါးမဟုတ်ပါ။ ဂျယ်လီငါးကို ရေ ၉၅%ဖြင့် ဖွဲ့စည်းထားပါသည်။ ၄င်းတို့တွင် ဦးနှောက်၊ အသည်း၊ ပါးဟက်၊ အရိုး၊ သွေး မပါရှိပေ။” 

ဂျယ်လီငါးရဲ့ အမြီးနဲ့ ရေယက်တွေကို ရေသူမတစ်ကောင်ဟာ နှစ်ရှည်စနစ်နဲ့ ငှားရမ်း သုံးစွဲထားတာ - ဒဏ္ဍာရီတွေ လာမပြောနဲ့ - ဂျယ်လီငါးမှာ ဦးနှောက်မရှိရခြင်းဟာ ယိုယွင်းနေတဲ့ ပညာရေးစနစ်တစ်ခုရဲ့ အကျိုးသက်ရောက်မှုကြောင့်ပါ - ဂါချက်တွေဟာ ယေဘုယျ မဆန်လွန်းဘူးလား - ဒိုင်နိုဆောဟာ ငှက်တွေက ဆင်းသက်တယ် ငှက်တွေဟာ ငါးတွေက ဆင်းသက်တယ် ငါးတွေဟာ ဂျယ်လီငါးက ဆင်းသက်တယ် - တော်ပါပြီ အချဉ်လာမဖမ်းနဲ့ - ဆန္ဒတွေ မစော..ဟော..ဟော ကြပါနဲ့လေ သိပ်မဝေးတော့တဲ့ အနာဂတ်မှာ ဂျယ်လီငါးရဲ့ အကြေးခွံတွေ ဖွံ့ဖြိုးတိုးတက်လာပါလိမ့်မယ် - အယုံသွင်းချင်ရင် မျက်နှာစာအုပ်ထဲ သွားပြော - ဂျယ်လီငါးဟာ သာမန်လူတွေ နားမလည်နိုင်တဲ့ ဖြစ်တည်မှု သံသရာက လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ဖောက်ထွက်ငါးတစ်မျိုး ဖြစ်ကြောင်း - တရားသဘောနဲ့ တအားမဖောရှောနဲ့ -  ခေတ်မီသူတိုင်း ဂျယ်လီငါးကို ငါးဟု အတည်ပြုကြသည် - အချင်းချင်း အနီးကပ်ဖိအားတွေ လာမပေးနဲ့ - ဒါဟာ အရင်ဂျယ်လီငါး လက်ထက်က ဖောက်ပြားခဲ့တဲ့ ခန္ဓာဗေဒပါ ယနေ့ခေတ် ဂျယ်လီငါးတွေဟာ ငါးအဖြစ်ကို ပြည့်ပြည့်ဝဝ ခံယူနိုင်ရန် နေ့မအား ညမနားဆိုသလို ကြိုးပမ်းလျက်ရှိပါကြောင်း -   ကိုင်း ငါ့ဦးထုပ်ကိုသာ ငါကိုက်စားလိုက်တော့မယ်  

ဒါက ပိရိသိုသိပ်တဲ့ ကြံစည်နေရာချမှု၊ ကိုယ်ရည်ကိုယ်သွေးတွေနဲ့ ကစားနေတဲ့ပွဲ၊ အလှည့်အပြောင်း များစွာနဲ့ မဟာဗျူဟာ - ဂျယ်လီငါး ဘာလဲ ဘယ်လဲ - ဘာကြီးပဲဖြစ်ဖြစ် ဘူလေးပဲဖြစ်ဖြစ် ငါးအစစ်တွေ ထူထပ်လာတဲ့အခါ ဂျယ်လီငါးတွေ လှုပ်ခတ်လာမှာပဲ ငါးလို့သတ်မှတ်ရင် ပုစွန် ဂဏန်းတောင် လက်ခံတာ မဟုတ်ဘူးဆိုတော့ ငါးလို့ဆိုလိုက်ရင် ငါးကိုဆိုလိုတာပဲ ဖြစ်ရမယ် ဒီတော့ ဂျယ်လီငါးဟာ ရေထဲမှာ နေနိုင်ပါတယ် သို့သော် ငါးမဟုတ်ဘူး ဂျယ်လီငါးဟာ ရေသတ္တဝါတစ်မျိုးပါ သို့သော် ငါးမဟုတ်ဘူး ကုန်ကုန်ပြောမယ် ဂျယ်လီဟာ ဂျယ်ပြီးတော့လီသွားရင်တောင်မှ ဂျယ်လီငါးဟာ ဘယ်တော့မှ ငါးမဟုတ်ဘူး

ပန်ဒိုရာ
၂၆.၁၀.၂၀၁၂-၃.၆.၂၀၁၃

(ကဗျာလောက - ၃) 


Expand..

Thursday, June 27, 2013

ဆွမ်းဆန်နဲ့ ကြွက်ချေး ကိစ္စ



ဆွမ်းဆန်နဲ့ ကြွက်ချေး ကိစ္စ

တင်ပြချက်
ဆွမ်းဆန် xxxxxxx….  ကြွက်ချေး xxxxxxxx….

နားလည်မှု (က) - ဆွမ်းဆန်ဟာ ကြွက်ချေးဖြစ်တယ်
နားလည်မှု (ခ) - ဆွမ်းဆန်ထဲ ကြွက်ချေးရောနေတယ်

ဖြေရှင်းပုံ
၁။       ဆွမ်းဆန်ထဲ ကြွက်ချေး မရောဘူး။ ဆွမ်းဆန်ဟာ ကြွက်ချေးဖြစ်တယ် လို့ ပြောတာ မမျှတဘူး။
၂။       ဆွမ်းဆန်ထဲ ကြွက်ချေး မရောဘူး။ ဆွမ်းဆန်ထဲ ကြွက်ချေးရောနေတယ် လို့ ပြောတာ မမျှတဘူး။
၃။       ဆွမ်းဆန်ထဲ ကြွက်ချေးရောနေတယ်။ ဒါပေမယ့် ဆွမ်းဆန်ဟာ ကြွက်ချေးဖြစ်တယ် လို့ ပြောတာ မမျှတဘူး။
၎။       ဆွမ်းဆန်ထဲ ကြွက်ချေးရောနေတယ်။ ဒါကြောင့် ဆွမ်းဆန်ထဲ ကြွက်ချေးရောနေတယ် လို့ ပြောတာ မျှတတယ်။
၅။       ဆွမ်းဆန်ဟာ ကြွက်ချေးမဖြစ်ဘူး။
၆။       ဆွမ်းဆန်ထဲ ကြွက်ချေးရောနေတယ်။
၇။       ဆွမ်းဆန်ထဲ ကြွက်ချေးမရောဘူး။
၈။       ကြွက်ချေး (လို့ပြောတဲ့အရာ) ဟာ ကြွက်ချေးမဟုတ်ဘူး/ဟုတ်တယ်။
၉။       ဆွမ်းဆန် (လို့ပြောတဲ့အရာ) ဟာ ဆွမ်းဆန်မဟုတ်ဘူး/ဟုတ်တယ်။
၁၀။     ကြွက်ချေးရဲ့ အဓိပ္ပာယ်
၁၁။     ဆွမ်းဆန်ရဲ့ အဓိပ္ပာယ်
၁၂။     ရောခြင်းရဲ့ အဓိပ္ပာယ်
၁၃။     ဖြစ်ခြင်းရဲ့ အဓိပ္ပာယ်
၁၄။     ဘာသာစကားရဲ့ အဓိပ္ပာယ်
၁၅။     နားလည်မှုဟာ မှန်/မမှန်
၁၆။     ဖြစ်စဉ်ဟာ မှန်/မမှန်
၁၇။     ဖြေရှင်းပုံဟာ မှန်/မမှန်

နောက်ဆက်တွဲ
ဆွမ်းဆန်ထဲ ကြွက်ချေး ရော မနေလျှင်
နားလည်မှု (က) ရော (ခ) ပါ လက်မခံနိုင်

ဆွမ်းဆန်ထဲ ကြွက်ချေး ရောနေလျှင်
နားလည်မှု (က) ကို လက်မခံနိုင်
နားလည်မှု (ခ) ကို လက်ခံနိုင်
ထို့အပြင် စဉ်းစားရန်
ဆွမ်းဆန်ထဲ ကြွက်ချေး ဘယ်သူ/ဘယ်လို ထည့်ထားသလဲ
သို့မဟုတ်
ကြွက်ကို ဘယ်သူ/ဘယ်လို လွှတ်လိုက်သလဲ
ပြီးတော့
ကြွက်ချေး ဘယ်လောက် ရောနေသလဲ
ကြွက်ချေးကို ဘယ်သူ/ဘယ်လို ဖယ်မလဲ
ဆွမ်းဆန်ကို ဘာဆက်လုပ်မလဲ

(အကယ်၍
ဆွမ်းဆန်ထဲ အခြားချေးအမျိုးအစားသာ ရောနေခဲ့လျှင်ရော
ဘယ်လို ဖယ်နိုင်မလဲ/ ဖယ်လို့ရနိုင်ဦးမလား
ဥပမာ - ပိုးဟပ်ချေး၊ ကြောင်ချေး)


 ပန်ဒိုရာ
၂၆.၆.၂၀၁၃

Expand..

Monday, June 17, 2013

မှိုင်းပြာသော မီးခိုးကန့်လန့်ကာကြီး နောက်တွင်




မှိုင်းပြာသော မီးခိုးကန့်လန့်ကာကြီး နောက်တွင်

“ဆင်းရဲသားတွေနဲ့ နေရအောင်  ကျွန်တော်လာပါတယ်”
“ဆင်းရဲသားတွေကို တွေ့ဖို့ မခက်ပါဘူး၊ နေရာတကာမှာ ရှိပါတယ်”
လိမ္မော်သီးပုံကြီးတွေ၊ ဖိနပ်ပုံတွေ၊ ဘီးတွေ၊ ကတ်ကြေးတွေ၊ သော့ခလောက်တွေ၊ မျက်မှန်တွေ၊ လက်ကိုင်အိတ်တွေ၊ ခြုံစောင်ကြီးတွေ၊ ဆာရီတွေ၊ ဒိုတီတွေ၊ သတင်းစာတွေ၊ ထို့နောက် အမျိုးမျိုးသော စားဖွယ်သောက်ဖွယ်တွေ..
လော်ရီကားများ၊ တက္ကစီကားများ၊ ဘတ်စ်ကားများ၊ လက်တွန်းလှည်းများ၊ စက်တပ်စက်ဘီးများ၊ လန်ချားများ၊ မြင်းရထားများ၊ မော်တော်ဆိုင်ကယ်များ၊ စက်ဘီးများ…
ဆိုက်ကားဟွန်းသံ၊ ဘက်ထရီဟွန်းများ နှိပ်သံ၊ စက်သံ၊ မော်တော်ကားများမှ လေဟွန်းသံ၊ လှည်းများမှ ခလောက်သံ၊ မြင်းရထားများမှ ချူသံ၊ လောက်စပီကာများမှ အသံ…
ကြေးနီ၊ မဂ္ဂနီစီယမ်၊ ကရိုမီယန်၊ အက်စဘက်စတော့၊ ဘောဇိုက်၊ ဂရဖိုက် စသည်တို့အပြင် ဟိမဝန္တာမှ အဖိုးတန်သစ်များ၊ အာသံပြည်နယ်နှင့် ဒါဂျီလင်မှ လက်ဖက်ခြောက်နှင့် ကမ္ဘာ့ဂုန်လျှော်အထွက်၏ ငါးဆယ်ရာခိုင်နှုန်း…..
ဘင်္ဂလားမှ ဂျုံစပါးနှင့် သကြား၊ ဘီဟာနယ်မှ ဟင်းသီးဟင်းရွက်များ၊ အိန္ဒိယပြည်နယ်မှ သစ်သီးများ၊ ဘင်္ဂလားဒက်ရှ်မှ ကြက်နှင့် ကြက်ဥများ၊ အန္တရာနယ်မှ အသားများ၊ သြရိယနယ်မှ ငါးများ၊ ဆန္ဒာပန်နယ်မှ ခရုများနှင့် ပျားရည်များ၊ ပတ္တနားနယ်မှ ဆေးရွက်ကြီးနှင့် ကွမ်းများ၊ နီပေါမှ ဒိန်ခဲများ…
ထောင်ပေါင်းများစွာသော၊ သန်းပေါင်းများစွာသော လူများသည် ပန်းခြံများ၊ လမ်းမကြီးများ၊ လမ်းများ၊ လမ်းသွယ်များတွင် နေ့ရော ညပါ….. ပလက်ဖောင်းများပေါ်တွင် ဈေးသည်များ၊ အထမ်းသည်များ၊ အိုးမဲ့အိမ်မဲ့များ၊ အမှိုက်ပုံများ၊ အိမ်ဆောက်ပစ္စည်းများ၊ ဈေးဆိုင်ကြီးများ၊ နတ်ကွန်းများ၊ ဘုရားကျောင်းငယ်များ….
မိန်းမတွေ၊ ယောင်္ကျားတွေ၊ ကလေးတွေ၊ တိရစ္ဆာန်တွေနှင့် လုံးထွေးနေသော သည်နေရာ… ရွှံ့တွေ၊ အညစ်အကြေးပုံတွေ၊ မြောင်းပုပ်တွေ၊ ကန်နံ့နှင့် အနံ့အသက်ပေါင်းစုံတွေ၊ အသံဗလံမျိုးစုံတွေ၊ အော်သံတွေ၊ ငိုသံတွေ၊ တဒိုင်းဒိုင်းထုသံတွေ၊ တဂျုန်းဂျုန်းမြည်သံတွေ၊ အသံချဲ့စက်အသံတွေ၊..
အမွှေးတိုင်တချို့ရယ်၊ ဂီးထောပတ် တစ်အိုးရယ်၊ အလောင်းပတ်ဖို့ ဖျဉ်စ ငါးကိုက်ရယ်၊ ကြိုးရယ်၊ စံပယ်ပန်းကုံး နှစ်ကုံးရယ်၊ ဂင်္ဂါမြစ်ထဲက ရေကိုခတ်ပြီး သူ့ပါးစပ်ထဲနဲ့ သူ့ခေါင်းကို လောင်းပေးဖို့ ရေထည့်တဲ့ မြေအိုးတစ်လုံးရယ်….
နှလုံးရောဂါ၊ မေးခိုင်ရောဂါ၊ အူရောင်ငန်းဖျားရောဂါ၊ တိုက်ဖက်စ်ရောဂါ၊ ကာလဝမ်းရောဂါ၊ ကူးစက်တတ်သောရောဂါ စသည့် အသည်းအသန်ဖြစ်သော လူနာများ၊ မီးလောင်သည့်လူနာ၊ ခြေလက်တို့ကို ဖြတ်ထားရသည့်လူနာ၊ ထိခိုက်ဒဏ်ရာရသည့် လူနာ…
သစ်သီး၊ ပန်းခိုင်၊ ပေါင်ဒါ၊ ရတနာအတု၊ ရေမွှေး၊ လှူဖွယ်ပစ္စည်းမျိုးစုံ၊ ရွှေရည်စိမ်ကြေးအိုး၊ ကစားစရာ၊ ငါးအရှင်နှင့် လှောင်အိမ်ထည့်သည့် ငှက်များ…
ခြေချောင်းတွင် စွပ်သည့် ခြေစွပ်ကလေးတစ်စုံ၊ နားဆွဲတစ်ရံ၊ နှာခေါင်းတွင် မြုပ်ရန် ဥဿဖရားကျောက်တစ်လုံး၊ ပယင်းဆွဲကြိုး တစ်ကုံးနှင့် သတို့သမီးများ ဝတ်လေ့ရှိသည့် မကိုဋ်တစ်ခု….. ထိုပစ္စည်းများအပြင် ဆာရီတစ်ထည်…. စပ်ပြားချဉ်နှစ်ထုပ်နှင့် ပါးဆိုးဆေးနှစ်ဘူး….
ကိုယ်ရေပြားရောဂါသည်များအတွက် ဆာလ်ဖာဆေးပြားအနည်းငယ်၊ အဆုပ်ရောဂါသည်များအတွက် ရိုင်ဖိုမီဆိုင်း ဆေးပြားများ၊ ငှက်ဖျားရောဂါသည်များအတွက် ကွီနိုင်ဆေးပြားများ၊ အရေပြားရောဂါများအတွက် လိမ်းဆေးဘူး အနည်းငယ်နှင့် အလွန်အမင်း အာဟာရ ချို့တဲ့နေသော ကလေးငယ်များကို ဝေငှရန်အတွက် ဗီတာမင် ဆေးပြားအချို့…..
ကြွက်ကလေး၊ ကြွက်ကြီး၊ ကြွက်ဝ၊ ကြွက်ပိန်၊ အမြီးကြီးတွေ တစ်ပေလောက်ရှိသည့် ကြွက်ထီးကြီးတွေ၊ တကျွီကျွီအော်နေသည့် ကြွက်ပေါက်စကလေးတွေ..
ရာပေါင်းများစွာသော ဦးခေါင်းခွံများ၊ ကျောရိုးများ၊ လည်ပင်းရိုးများ၊ လက်ဖျံရိုးများ နှင့် ခြေထောက်ရိုးများ၊ တင်ပါးဆုံရိုးကြီးများနှင့် ဒူးခေါင်းရိုးများ၊ လည်ပင်းနားမှ လူပုံသဏ္ဌာန် အရိုးများ…
ပုလင်းများ၊ ထမင်းအိုးကွဲ ဟင်းအိုးကွဲများ၊ ပန်းကန်ကွဲများ၊ ကျိုးပဲ့နေသော အသုံးအဆောင်များ၊ အုတ်ကြွပ်ကျိုးများ၊ သွားတိုက်ဆေးဘူးဟောင်းများ၊ အားကုန်နေသည့် ဘက်ထရီအိုးများ၊ သံဘူးခွံများ၊ ပလတ်စတစ် ဖိနပ်စုတ်များ၊ အဝတ်စုတ်များ နှင့် စက္ကူစုတ်များ …..
ဆေးရုံများ၊ အလှူခံဌာနများ၊ လေဘေးဒုက္ခသည် စခန်းများ၊ ကျန်းမာရေးဌာနများ၊ ကလပ်များ၊ ပလီများ၊ ဆေးပေးခန်းများ သို့ အပြေးအလွှားရောက်လာကြကာ စောင်တစ်ထည်၊ အဝတ်တစ်ခု၊ ဖယောင်းတစ်တိုင်၊ ဆန်တစ်ဘူး၊ ဆီတစ်ဇွန်း၊ သကြားတစ်ခဲ၊ ရေနံဆီတစ်ပုလင်း၊ မီးထည့်သည့် နွားချေးတစ်ခဲ….
“ဒါပေမယ့် ခက်တာက သပိတ်မှောက်တယ်ဆိုတာ လူဆင်းရဲတွေ လုပ်တဲ့အလုပ်မဟုတ်ဘူးဗျ၊ လူချမ်းသာတွေမှ လုပ်နိုင်တာ”
“သူသာ ရာမယဏကို ရွတ်ရင် ကျွန်တော်တို့ နေ့မှန်းညမှန်းတောင် မသိချင်တော့ဘူး။ အဲဒီထဲမှာ ပါသလို တောတွေ၊ တောင်တွေ၊ ပင်လယ်တွေ၊ အင်းအိုင်တွေပေါ်ကို ဖြတ်သန်းနေသလားလို့ ထင်နေမိတယ်”




(အထက်ပါစာသားတွေ အားလုံးဟာ ဆရာမြသန်းတင့် ဘာသာပြန်ထားတဲ့ “သုခမြို့တော်”မှာ ပါတဲ့ နာမ်စကားလုံး အစုအဝေးတွေနဲ့ စကားပြောအချို့ကို ပြန်ရေးထားတာဖြစ်ပါတယ်။ ခေါင်းစဉ်ကလည်း ဝတ္ထုထဲက စာသားပဲဖြစ်ပါတယ်။)

ပန်ဒိုရာ
၁၇.၆.၂၀၁၃

Expand..