Sunday, June 26, 2011

ရောမလိုကျင့်ခြင်းနှင့် ၄င်း၏အစာမကြေမှုများ


ရောမလိုကျင့်ခြင်းနှင့် ၄င်း၏အစာမကြေမှုများ
(localization and its discontents)

အော့ချတ်မြောင်းထဲမှာ ရေလျှံနေပေါ့ ရေများရာမိုးရွာ
လူတန်းရှည်ဟာ စိတ်မရှည်ကြတော့ဘူး
ကယာစူးယဉ်ကျေးမှုနဲ့ ဒီ ဂါးမန်း နဲ့တော့ တွေ့နေကြပြီ
ဒစ်စကောင့်တွေဟာ တန်းစီအမှိုက်ပုံးတွေထဲ စနစ်တကျ နေရာယူနေကြတယ်
မနက်ဖြန်ဟာတနင်္လာ တယ်လီဖုန်းကဒ်တစ်ကဒ် ပန်နင်ဆူလာက ပဲပြုတ်နှစ်ကျပ်ဖိုး

သွားပစ်လိုက် လျှောက်ပစ်လိုက် ဒီလမ်းမတွေဟာ ဒီခြေထောက်နဲ့ ထိုက်တန်တယ်
ဘ၀ဆိုတာ စတားဘတ်ခ်မှာ ဒဘယ်လ်ရှော့ ပဲ ကိုးကုန်းကိုးကျင်း ၀င်းဒိုးရှော့ပင်း ပဲ
ပန်းဆိုးတန်းမှာ ဖုံထူနေမှာ လှည်းတန်းဈေးထဲမှာ ချွေးပြန်နေကြမှာ ငါဘယ်သိမှာလဲ
အမေတစ်ယောက်က လသားလေးကို မိုက်ကရိုဝေ့ဗ် မီးဖိုထဲ ထည့်ဖုတ်လိုက်တဲ့အကြောင်း
အိတ်ခ်ျဒီဘီ တိုက်ခန်းပေါ်မှာ လူသတ်ပြီး သောက်သုံးရေကန်ထဲ ထည့်ထားလိုက်ကြောင်း
သမ္မတရွေးကောက်ပွဲမှာ ဘယ်သူဘယ်ဝါတွေ ၀င်ပြိုင်မယ့်အကြောင်း
(ငါကတော့ ရုံးပိတ်ရက် တစ်ရက် ရမှာကို ပိုစိတ်ဝင်စားနေလေရဲ့ ဟေဟေ့….)
ယာဟူး နဲ့ ဂူဂယ်လ်မှ မကယ်ရင် လူရာဝင်ဖွယ် သတင်းထူးတွေကို သိမှာမဟုတ်တော့ဘူး
ဖေ့စ်ဘွတ်ခ်နဲ့ ဘလော့ခ်မှ မ၀င်ရင် ကမ္ဘာ့အပြင်ဘက် ရောက်သွားလိမ့်မယ်

သတင်းအချက်အလက်ဟာ ရေဒီရေးရှင်းလို ပြန့်တယ် နားစွင့်ထားကြ
တစ်ကျပ်ရှိရင် စာရွက်သားကောင်းကောင်းနဲ့ သတင်းစာတွေ တပုံကြီးရမယ်
အထက်လူကြီးရှေ့မှာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်နေကြောင်း အားကစားကျင့်ပြ
တင်းနစ်ဆိုရင် တင်းနစ် ဂေါ့ဖ်ဆိုဂေါ့ဖ်
လမ်းလျှောက်ရင် လမ်းလျှောက်ဝတ်စုံ တသွေမသိမ်း
ဒူးနေရာဒူး တော်နေရာတော် သောကြာနေ့ဆို လျှော့ဝတ်ကြ
ကိုယ့်ဘာသာဆိုရင် လျှော့စားအဆီကျ ဘူဖေးအချိန်မှာတော့ တန်အောင်စား

limited land - unlimited space
သင့်ဦးနှောက်တွင်းမှာ နေရာနည်းနည်း ချန်ထားပါ
အပြည့် ဖြည့်လိုက်ရင် ခွက်ထဲမှာ ဘာမှထပ်ထည့်လို့မရတော့ဘူး ဇင်တရားအရ
အမြန်ရထားဟာ ခပ်နှေးနှေးသွားနေတယ် ငါ့စိတ်အလျဉ်ကို ဘယ်မီပါ့မလဲ
ဗိသုကာလက်ရာများရဲ့ အသည်းနှလုံး ခရီးသွားလာရေးရဲ့ အချက်အချာ
အာရှစီးပွား စုစည်းရာ အနုပညာတို့ရဲ့ ဆုံမှတ်
ဟောဒီကျွန်းရဲ့ အောက်တည့်တည့်မှာ ကမ္ဘာကြီးရဲ့ ဗဟိုချက်ရှိတယ် (ယုံလား)

မာလိုင်းရင်းသတ္တ၀ါဟာ လောကအလုံးကို စောင့်ကြပ်တယ်
စန်တိုစာဟာ နိဗ္ဗာန်ဘုံ ကိုပီတီယံဟာ နတ်သုဒ္ဒာ
ရထားသံလမ်းနဲ့ တိုက်မြင့်မြင့်တွေဟာ ဘ၀ရဲ့ထွက်ပေါက်
ပြီးပြည့်စုံချင်တဲ့ စနစ်တစ်ခုကို ချစ်ခြင်းတရားက လာစိန်ခေါ်တယ်
ငါဟာ သူ့မြေကိုနင်း သူ့ဆန်ကိုစားပြီး
သူမရဲ့ ရွှေရောင်ဆံပင်နီကျင်ကျင်တွေကို ရဲရဲရင့်ရင့် ရှိုက်နမ်းပစ်လိုက်တယ်

မရိန္နာမှာ လတစ်ခြမ်း ခပ်ပြာပြာ သာနေတယ်
မြို့ပြဟာ အပြားလိုက် မာတောင့်တောင့် လေးထောင့်စပ်စပ်နဲ့
ဖုံးမရဖိမရ မားမားမတ်မတ် မိုးတိုးမတ်တတ်ကြီး ရပ်နေတယ်
သူရဲကောင်းကြီး ဒွန်ကွီးစုတ် ဗြုန်းဆိုဝင်လာ မကောင်းသူပယ်ကောင်းသူကယ်
လက်ခုပ်သံတွေ သောသောညံသွား ဓားရှည်တစ်လက်ရဲ့ လှောင်ပြောင်မှု
ပြည်သူများ ဘာကို လိုချင်သလဲ ဘာကို လိုချင်သင့်သလဲ
သင်တို့ ဘာသိသင့်သလဲဆိုတာကို ကျွန်ုပ်တို့က သိနှင့်နေတယ်

ဒူးရင်းသီး အနုပညာတိုက်ဟာ စူးစူးဝါးဝါး လှနေသလို
ပန်နင်ဆူလာ ကုန်တိုက်မှာ စူးစူးဝါးဝါး အနံ့တွေ ထွက်နေတယ်
ညနေခြောက်နာရီမှာ ဆရာတော်တရားပွဲရှိတယ် ဓမ္မမိတ်ဆွေများ
အီးမေးလ်တစ်စောင်နဲ့ ဖုန်းမက်ဆေ့ခ်ျတစ်ခု RSVP အကြောင်းပြန်ရန် လို/မလို
ဟေ့ နားမလည်ဘူးလား ငါ့တရားဟာ ငါ့ကဗျာ ငါ့အဘိဓမ္မာဟာ ငါ့ကဗျာ
ငါ့ကျင့်စဉ် ငါ့ယောဂ ငါ့ပယောဂဟာ ငါ့ကဗျာ
နှစ်ဆယ့်လေးနာရီ/ခုနစ်ရက် per second billing, non-stop
ဘာတွေတုန်း ဘာတွေတုန်း
ဆက်သွယ်ရေးဧရိယာအတွင်း ထိန်ထိန်သာနေတဲ့ မီးရောင်တွေကြား
ငါ့စိတ်ကူးစိတ်သန်းတွေ လောင်းရိပ်ကျလို့


ပန်ဒိုရာ
၂၆.၆.၂၀၁၁



စလုံးဝေါဟာရများ ရှင်းလင်းချက်

အော့ချတ် = Orchard
ကယာစူး = Kiasu = fear of losing
ဂါးမန်း= gahmen = government
ပန်နင်ဆူလာ = peninsula plaza (မြန်မာများ ကျက်စားရာ)
အိတ်ခ်ျဒီဘီ တိုက်ခန်း = HDB flat = အစိုးရ ရောင်းချသော တိုက်ခန်း
limited land - unlimited space = SLA (အစိုးရမြေစာရင်းဌာန) ၏ ဆောင်ပုဒ်
မာလိုင်းရင်း = merlion
စန်တိုစာ = sentosa
ကိုပီတီယံ = kopitiam (စားသောက်ဆိုင်တန်း နာမည်)

Expand..

Wednesday, June 22, 2011

စွန့်၍ စွန်လွှတ်ခြင်း


စွန့်၍ စွန်လွှတ်ခြင်း

စွန်ကလေး၊ ခပ်သေးသေးပါ။ ကြွားကြွားရွားရွား အဆင်တန်ဆာတွေ တပ်ဆင်မထားသော၊ ဆေးရောင်စုံ ခြယ်သ မထားသော၊ မည်သည့် အဆောင်အယောင်မျိုးမှ မပါသော စွန်ရိုးရိုးလေး ဖြစ်ပါသည်။ စွန်ကလေးကို နာမည်တစ်ခုခု ပေးနိုင်သည်။ ဥပမာ ကိုကို ဆိုပါတော့။
.
ကိုကိုသည် လူဆိုးကလေး ဖြစ်နိုင်သည်။ မိုးပေါ်ကို ရုန်းပျံဖို့ အမြဲကြိုးစားနေသော စွန်ကလေးသည် တော်လှန်ပုန်ကန်လိုစိတ် တမျိုးမျိုး ကိန်းအောင်းနေသူလေးပဲ ဖြစ်ရမည်။ ကိုကိုသည် မိဘတွေ မသိအောင် ပိုက်ဆံကို တိတ်တိတ်ယူကာ ဂစ်တာတစ်လက်ကို ၀ယ်လာသော ဆံပင်ရှည်ရှည်နှင့် လမ်းသရဲကလေး ဖြစ်နိုင်သည်။ ကိုကိုသည် ဉာဏ်ကောင်းသလောက် ကျောင်းစာကို မကြိုးစားချင်သော အပေအတေကလေး ဖြစ်နိုင်သည်။ ကိုကိုသည် လိုအပ်လာသောအခါ အများရှေ့ထွက်ပြီး မားမားမတ်မတ် စကားပြောရဲသူ မဟုတ်မခံ ခေါင်းဆောင်ကလေး ဖြစ်နိုင်သည်။ ကိုကိုသည် မုန်တိုင်းကိုအာခံရင်း လေနှင့်အတူလွင့်ပြီး မိခင်မြေကြီးမှ ဝေးရာကို ပျံတက်ကာ ဘယ်တော့မှ အိမ်ပြန်မလာတော့သော စွန်ကလေး ဖြစ်နိုင်ပါသည်။

စွန်ကလေးနှင့် ကိုယ့်ကြားမှာ ကြိုးမျှင်လေးတစ်ချောင်း ရှိသည်။ မှန်စာတိုက်မထားသော၊ သူတပါးနှင့် စီးချင်းထိုးဖို့ မရည်ရွယ်သော၊ မည်သူ့ကိုမှ ပြတ်တောက်နာကျင်အောင် မကြိုးစားသော သာမန် စွန်ကြိုးလေးတစ်မျှင် ဖြစ်ပါသည်။ ကိုယ်ဘယ်လိုမှ မရောက်နိုင်သော ကောင်းကင်ကြီးကို စွန်ကလေးက ကိုယ်စား သွားပေးသောအခါ ကိုယ်နှင့် ကောင်းကင်ကြားမှာ ကြိုးလေးတစ်မျှင်စာသာ ခြားပါတော့သည်။ ထိုအခါ ကိုယ်က စွန်ကလေးကို ကျေးဇူးတင်ရသည်။ ငှက်ကလေးများ၊ တိမ်တိုက်များ၊ သက်တံရောင်စုံများကို ကိုယ်က စွန်ကလေးမှတဆင့် လူကြုံစကား တီးတိုးပါးလိုက်နိုင်သေးသည်။ စွန်ကလေးပေါ်မှာ ကိုယ့်ဒိုင်ယာရီ တစ်အုပ်ကိုလည်း ခပ်နှိပ်ထားလို့ ရပါသည်။

စွန်ကလေး အမြင့်ပျံနေလေလေ စွန်လွှတ်သူမှာ ပျော်ရွှင်ရလေလေ ဖြစ်သည်။ မနာလိုခြင်း ကင်းမဲ့သော၊ ယှဉ်ပြိုင်မှုများမှ ကင်းဝေးသော ၀မ်းသာမှုမျိုးကို အခြား မည်သည့်နေရာမှာများ ရနိုင်ဦးမည် ထင်ပါသလဲ။ ကိုယ်နှင့် ဝေးသထက် ဝေးရာကို ရောက်သွားလျှင် ပိုကျေနပ်ရသော ပိုင်ဆိုင်လိုစိတ်ကင်းမှုမျိုးကို အခြား မည်သည့်နေရာမှာများ တွေ့နိုင်ဦးမည် ထင်ပါသလဲ။ စွန်လွှတ်သူ လက်ထဲမှ ကြိုးမျှင်ကလေးသည် စွန်ကလေး သွားလိုရာကို ရောက်အောင် ကူညီပေးရုံသာ ဖြစ်သည်။ ကမ္ဘာလောကကြီး တစ်ခုလုံးမှာ ဘယ်တော့မှ ချည်နှောင်ဖို့ မရည်ရွယ်သော ကြိုးတစ်ချောင်းကို ပြပါဆိုလျှင် ဤကြိုးမျှင်ကလေး တစ်ချောင်းသာ ရှိပါမည်။ တကယ်လို့များ ကံကြမ္မာဆိုး တစ်ခုခုကြောင့် ကြိုးမျှင်ကလေး ပြတ်တောက်သွားခဲ့သည် ဆိုပါစို့။ အတွယ်အတာကင်းသော စွန်ကလေးသည် ဟိုးအဝေး လကမ္ဘာ ရောက်သည်အထိ စကြ၀ဠာတခွင် နှံ့သည်အထိ မရပ်မနား ပျံသန်းနေဦးမည်ဟု ကိုယ်ကတော့ ယုံကြည်နေပါသည်။

နေ၀င်မိုးချုပ်လာသောအခါ ကောင်းကင်သည် အပြာရင့်လာရာမှ နောက်ဆုံး မဲမဲမှောင်သွားပါသည်။ မီးရောင်စုံ တပ်ဆင်ထားသော စွန်ကလေးတချို့မှာ လေထဲတွင် တဖျတ်ဖျတ် လင်းလက်နေပါသည်။ ရိုးရိုးသာမန် စွန်ကလေး တစ်စင်းကိုတော့ ကောင်းကင်နက်နက်မှာ ဘာမှ မမြင်ရတော့ပါ။ စွန်ကလေး တည်ရှိနေမှုကို ည၏လှည့်စားမှုကြောင့် မမြင်ရတော့သော်လည်း စိုးစဉ်းမျှ ပူပန်စရာမလိုပါ။ လက်ထဲက ကြိုးမျှင်ကလေးက စွန်ကလေး ရှိနေသည်ကို ညွှန်ပြနေဦးမည်။ စွန်ကလေး ပျံတက်နေသည်ကို ခံစားသိရှိ နေစေဦးမည်။ ညရောက်ပြီ ဆိုလျှင်တော့ စွန်လွှတ်သူမှာ ခဏ အိပ်စက်ရဦးမှာပေါ့။ မနက်လင်းလျှင်တော့ တိမ်ပြာပြာ ကောင်းကင်မှာ ၀ဲနေမည့် စွန်ကလေးကို မြင်တွေ့ရဦးမည်။ Good night ကိုကို။


ပန်ဒိုရာ

၂၁.၀၆.၂၀၁၁

Expand..

Thursday, June 16, 2011

ငါးခြင်္သေ့


ငါးခြင်္သေ့

တချိန်လုံး စောင့်ကြည့်ခံနေရတယ်
မာန်မဖီရဘူး အသံမမြည်ရဘူး
လက်သည်းခြေသည်းတွေကအစ
စူးရှစရာ မပါရဘူး

ကိုယ့်ကိုယ်ကိုဘာကောင်လို့
မပီပြင်မထင်ရှားတဲ့ အမှတ်အသားကိုပိုင်တယ်
သမိုင်းလို့တော့ တိတိကျကျမပြောနိုင်ဘူး
ဒဏ္ဍာရီစာအုပ်တွေထဲမှာတောင် ရှာမတွေ့နိုင်ဘူး

ကမ္ဘာလှည့်တွေနဲ့ ရင်းနှီးဖို့လိုတယ်
နိုင်ငံတကာကို ဖမ်းစားနိုင်ဖို့လိုတယ်
စီးပွားရေးအရ တွက်ခြေကိုက်ရမယ်
ဗျူဟာကျတဲ့ တည်နေရာမှာ ချထားတယ်

ပါးစပ်အဟောင်းသားပေမယ့်
ရေပန်းဖွားဖွားတွေ မနေမနား လွှင့်ထုတ်ပေးတယ်
အကောင်ကြီးလေ ဖျော်ဖြေမှုပိုပေးနိုင်လေ
ရောင်စုံဆလိုက်နဲ့ ပုံရိပ်ယောင်တွေ ဖန်ဆင်းပေးတာလည်း ရှိတယ်

ခေသူတော့မဟုတ်ပေဘူး
မပြုံးမရယ် ခပ်တည်တည် အနေအထားနဲ့တောင်မှ
လမ်းသွားလမ်းလာတွေကို တဖျတ်ဖျတ် မီးပွင့်သွားစေသေးတယ်

ပန်ဒိုရာ
၁၆.၀၆.၂၀၁၁

Expand..

Saturday, June 11, 2011

ခိုတွေ


ခိုတွေ

အုတ်အုတ်ခဲခဲ ရုတ်ရုတ်သဲသဲ ပြေးရင်းလွှားရင်း အုပ်စုကွဲသွားကြ
အညစ်အကြေးတွေ ဖွာလန်လွင့်ကျဲ သွားလေရာမှာ အတောင်ပံ အစစအနန
အဆင်မပြေမှုကို သီချင်းလိုညည်းကြ ဖွဲ့ဖွဲ့နွဲ့နွဲ့ဆွဲဆွဲငင်ငင်
အူကြမယ် ဆူကြမယ် မျက်ရည်မပါတော့တဲ့ အခြောက်တိုက် ကျဲပါးပါးအသံတွေနဲ့
လမ်းမတကာမှာ လှည့်လည်သွားလာ ရေကြည်ရာသို့ မြက်နုရာသို့
ညည်းတွားရင်း ရုန်းကြကန်ကြ အစာလုကြ နှုတ်သီးတွေပြတ်ကျသည်အထိ
မွဲခြောက်ခြောက်ချင်း အရောင်အသွေးပြိုင်ဆိုင်ရင်း စစ်တလင်းလို ထင်မြင်လာသည်အထိ
အသိုက်ရွှေ့ရင်း ထပ်ပြောင်းရင်း မွေးရာပါအတောင်ပံတွေပေါ် ညိုညင်စိတ်ကွက်လာသည်အထိ
ဘယ်သူမှ မလိုချင်တဲ့ ခိုတွေ ခိုတွေ…. မိဘမဲ့ ရင်ခွင်မဲ့ ခိုတွေ ခိုတွေ
အိမ်ကနှင်ချခံရတဲ့ ခိုတွေ ခိုတွေ…. အိမ်ပြန်လမ်း မေ့သွားတဲ့ ခိုတွေ ခိုတွေ
ဟိုမှာဒီမှာ ပဲစေ့ပြောင်းစေ့တွေ တလျှပ်လျှပ် ပြန့်ကြဲတိုင်း ၀ုန်းခနဲထပျံလိုက်ကြ။

ပန်ဒိုရာ
၁၄. ၅.၂၀၁၁ -၂.၆.၂၀၁၁

Expand..

Tuesday, June 7, 2011

ပြောနေရင်း လိုင်းကျသွားတယ်



ပြောနေရင်း လိုင်းကျသွားတယ်

ပြောတော့ပြောနေတာပဲ ပြောနေရင်း ပြောနေရင်း ဟော ဗြုန်းဆို လိုင်းကျသွားတာ အစကတည်းက လွယ်တာမဟုတ်ဘူး လိုင်းပေါ်ရောက်လာဖို့ကို လိုင်းဝင်လာဖို့ကို လိုင်းမိသွားဖို့ကို လိုင်းတင်ပေးထားရတာ လိုင်းသွင်းပေးထားရတာ လိုင်းချိတ်ပေးထားရတာ ကြားလား ကြားလား ကျားလား ကြောင်လား ပြောရင်း လိုင်းကြောင်သွားပြန်ပြီ လိုင်းဟာ ပြန်တက်ဖို့လုပ်တယ် ကုတ်ကတ်တွယ်ဖက် ခြစ်ခြုပ်ပြီး တက်လာတယ် ပြန်လျှောသွားလိုက် တွယ်တက်လာလိုက် အောက်ခြေကို ဒုတ်ဒုတ်ထိဆင်းသွားလိုက် ပေါလောပေါ်လာလိုက် လိုင်းဟာ ယက်ကန်ယက်ကန်နဲ့ တစ်ယောက်ယောက် ကောက်တင်ပေးလိုက်ရင်တော့ ပိုလွယ်မယ် လိုင်းဟာ လှိုင်းတွေကြားမှာ ပေါ်လိုက်နစ်လိုက် လိုင်းနစ်ရာ ၀ါးကူထိုးပေးကြပါဦး လိုင်းက မောကြီးပန်းကြီး အသံတောင်ပြာနေပြီ ငိုသံပါကြီးနဲ့ လည်ချောင်းသံကြီးနဲ့ နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်နေတာ အကြောတွေ တငင်ငင် ဆွဲနေတာ ပြတ်တောင်းတောင်းနဲ့ တက်လာပြန်ပြီ ဟိုမှာတွန့်လိမ်တွန့်လိမ်နဲ့ ထော့ကျိုးထော့ကျိုးနဲ့ လိုင်းမလန့်စေနဲ့ လိုင်းကို ညင်သာစွာကိုင်တွယ်ကြပါ မမြင်ရတော့လည်း ခက်သား မှန်းမှန်းပြီး လိုင်းကို လှမ်းဆယ်နေရတာ လိုင်းပူးနေသလား လိုင်းပြုတ်သွားတာလား ဟိုဖက်မှာက ဘာဖြစ်နေမှန်းမသိ တမင်လွှတ်ချလိုက်တာလား လွတ်ကျသွားသလား အိပ်ပျော်သွားတာလား လန့်နိုးသွားတာလား တစ်ယောက်ယောက် နှောက်ယှက်သလား တစ်ယောက်ယောက် ကူညီသလား အက်ဆီးဒန့်လား အင်ဆီးဒန့်လား သေရေးရှင်ရေးလား အပျော်သက်သက်ပဲလား ကျူနေသလား ချူနေသလား ဟဲလို ဟဲလို အသံကြားလား ဒီစာကြောင်းကို မြင်ရလား ဒီဖောင့်နဲ့အဆင်ပြေရဲ့လား ပြောရင်းဆိုရင်း လိုင်းကျသွားပြန်ပြီ။

ပန်ဒိုရာ
၁၆.၄.၂၀၁၁ - ၂.၆.၂၀၁၁

Expand..

Wednesday, June 1, 2011

စိတ်အစွန်းရောက်ရောဂါနှင့် နှစ်ဆယ့်ရှစ်ရက်အကြာ


စိတ်အစွန်းရောက်ရောဂါနှင့် နှစ်ဆယ့်ရှစ်ရက်အကြာ

ငါ့ဦးနှောက်ကို ဘယ်သူလာရွှေ့သွားသလဲ
လူသေးသေးလေးနှစ်ယောက် ကြွက်သေးသေးလေးနှစ်ကောင်
ဗယ်ဘက်လက်ဖျံသွေးကြောထဲမှာ သွားလာခေါက်ပြန်လုပ်နေတယ်
ငါချိုတယ်-ငါခါးတယ် ငါကြိုက်တယ်-ငါမကြိုက်ဘူး ငါသိနေတယ်-ငါမသိတော့ဘူး
အပြောင်းအလဲတွေဟာ နာနိုစက္ကန့်တိုင်းမှာ ဖြစ်တယ်-ပျက်တယ်
မပြောင်းလဲရင် ငါဟာ တစ်ဦးတည်း ထီးထီးဖြစ်မှာ ကြောက်လှချေရဲ့
ပြောင်းလဲရင် ငါဟာ ငါ မဟုတ်တော့မှာ ကြောက်လှချေရဲ့
ငါ့နေသားကျမှုဟာ အပြောင်းအလဲတိုင်းနဲ့ လိုက်လျောညီထွေ ကပ်ပါနေတာလည်း ပုံမှန်ဟုတ်ပါစ
စိတ်လိုက်မာန်ပါ ဂြိုဟ်တုတွေ ၀ုန်းဒိုင်း လွှတ်တင်လိုက်ပြန်ပြီ
ဖြည်းဖြည်းသက်သာ ငှက်တောင်တစ်ချောင်းကို ပွတ်သတ်နေပြန်ပြီ
ငါ့အရေပြားမှာ ရေးထိုးထားခဲ့တဲ့ မသိနားမလည်မှုတွေကို ကျေးဇူးပြုပြီး ပြန်ရှာပေးပါ
ငါ့အင်္ကျီအိပ်ကပ်ထဲက ပင်လယ်ကို အကုန်အစင် မော့မသောက်လိုက်ပါနဲ့
စိတ်မချတော့တဲ့အခါ ငါ့ကို တသက်လုံး သော့ကြီးကြီးနဲ့ခတ်ထားလိုက်ပါ
ငါတို့ကို မပျော်အောင် လုပ်ထားတဲ့ စကားလုံးကြီးကြီးတွေကိုတော့ ဂျိမ်းဂျွိုက်စ်က ကြောက်ခဲ့သတဲ့
ငါပြောနေတာတွေ တကယ်တော့ တစ်ခုမှမဟုတ်ခဲ့ဘူးဆိုရင်ရော မင်းစိတ်ဆိုးသွားမလား ဘော့ကျန်* ။


ပန်ဒိုရာ
၂၆.၅.၂၀၁၁

*Botchan ဂျပန်ဝတ္ထု မှ ဇာတ်ကောင် ဘော့ကျန်

Expand..

Saturday, May 28, 2011

ပေးစာ



ပေးစာ

ချ ရေးလိုက်တယ်
အနှစ်နှစ်အလလ အောင်းထားတဲ့ ၀ိုင်စည်တွေ
ဆောင်းညပွဲတော်မှာ အကုန် အရည်ဖျော်ချလိုက်သလို
ပျော်ပျော်ရွှင်ရွှင်ကြီး ရေးသားလိုက်တာပါ
ပေးစာဟာ အကြောင်းအရာစုံတယ်
ဂက်စ်မီးခြစ်ဟောင်းတစ်လုံး ကိုင်းကျိုးနေတဲ့ထီးတစ်လက်
ကြွက်တစ်ကောင်ရဲ့အမြီးပြတ် ၀က်ရုပ်စုဘူးကွဲတစ်လုံး
ရည်းစားစာအဟောင်းအမြင်းတချို့ မီးကျွမ်းနေတဲ့ကျမ်းစာ
ဘောလ်ပင်တစ်ချောင်း(မင်ကုန်နေတယ်) အခန်းကျဉ်းကျဉ်းတစ်ခန်း
ခရီးဆောင်အိတ်တစ်လုံး ကုလားအုပ်တစ်ကောင်
ပြီးတော့ …. တသက်လုံးနေရာလွဲခဲ့တဲ့
မျှော်လင့်ချက်တွေ မျှော်လင့်ချက်တွေ အင်း.. မျှော်လင့်ချက်တွေ
ကျွန်မရဲ့ ပေးစာထဲမှာ သတိရကြောင်း သာကြောင်းမာကြောင်း ထည့်မရေးခဲ့ပါဘူး
သတိရခြင်းဆိုတာ လူတွေဖန်တီးထားတဲ့ ထင်ယောင်ထင်မှားရောဂါတစ်မျိုးပါ
ကားတစ်စီးကို ဘယ်လိုစက်နှိုးရမလဲ ကျွန်မ မသိခဲ့ဘူး
ချွဲကျပ်နေတဲ့ ကြောင်တစ်ကောင်ကို ကျွန်မ မချစ်တတ်ခဲ့ဘူး
လမ်းဘေးက တောင်းရမ်းသူတွေကို ငဲ့မကြည့်ပဲ ကျော်ဖြတ်ခဲ့တယ်
ကျွန်မရဲ့ ပေးစာမှာ ဒါတွေအကုန်ပါသွားခဲ့ပြီ
ကျွန်မရဲ့လောင်စာ အကြွင်းအကျန်ကို အကုန်ထည့်ရှို့ပေးလိုက်တာပါ
လိပ်စာပျောက်နေတဲ့ ပေးစာဟာ
ပုလင်းတစ်လုံးထဲမှာ သမုဒ္ဒရာအတိုင်း သူ့ဘာသာ မျောပါသွားလိမ့်မယ်။

ပန်ဒိုရာ
၂၅.၅.၂၀၁၁

Expand..

Monday, May 2, 2011

မွေးနေ့

ပန်ဒိုရာရဲ့ မွေးနေ့အမှတ်တရအလှူအဖြစ် ဆရာတော်သုံးပါးကို အိမ်ကိုပင့်ဖိတ်ပြီး မနက်စောစောမှာ အရုဏ်ဆွမ်း န၀ကမ္မအလှူငွေတို့ကို ဆက်ကပ်လှူဒါန်းပါတယ်။ မြန်မာပြည်တွင်းမှာ ငွေကြေးအကူအညီလိုအပ်နေတဲ့ စာရေးဆရာ ဆရာမတွေ အတွက် ရန်ပုံငွေ ဖောင်ဒေးရှင်းတစ်ခုဖြစ်တဲ့ ရသအလင်းဖောင်ဒေးရှင်းကိုလည်း အလှူငွေ လှူဒါန်းလိုက်ပါတယ်။ ဒီကနေ့အဖို့ ပြုပြုမိသမျှ ကောင်းမှုကုသိုလ်တွေကို ရပ်ဝေးရပ်နီးနေ မိဘ ဆရာသမား ဆွေမျိုး သူငယ်ချင်းမိတ်ဆွေများ၊ အင်တာနက်ထဲက အသိမိတ်ဆွေများ၊ လွန်ခဲ့တဲ့ ၃ နှစ်က ဒီလိုနေ့ရက်မှာ ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် ကွယ်လွန်သွားသူတွေ၊ မကြာခင်က ဘ၀တပါးကို တိမ်းပါးသွားတဲ့ ဘလော့ဂါ ကိုကြီးကျောက်၊ အစရှိသဖြင့် အားလုံး ရှိရှိသမျှ ဝေနေယျသတ္တ၀ါ အပေါင်းကို အမျှ အမျှ အမျှ ပေးဝေပါတယ်။ သာဓု သာဓု သာဓု။

သူငယ်ချင်းတစ်ယောက် ပေးပို့လာတဲ့ မွေးနေ့လက်ဆောင် ဗွီဒီယိုလေးကိုလည်း တင်လိုက်ပါတယ်။ facebook ၊ ဘလော့ဂ်၊ ဖုန်း၊ အီးမေလ်း တွေကတဆင့် မွေးနေ့ဆုတောင်းပေးကြသူတွေ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။

Expand..

Monday, April 18, 2011

သံလွင်အိပ်မက်ထဲက ခက်ခဲနှောင်ငင်တတ်သောအရာ

ရေစီးကြောင်းတွေ နှေးလာပေမယ့် သံလွင်ကတော့ စီးဆင်းမြဲပင်။ သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်း အတွဲ (၅) အမှတ် (၁) ကို ဒီနေရာမှာ သွားရောက်ဖတ်ရှုနိုင်ပါပြီ။

ဒီတစ်ခေါက်အတွက် အထူးအလေးပေး တင်ဆက်ထားတာကတော့ အေအိုင်ဒီအက်စ်ရောဂါနဲ့ ပတ်သက်ပြီး သိရှိနားလည် စေဖို့ ဖြစ်ပါတယ်။ ကိုအောင်နိုင်စိုး (ကူးစက်အထူးကု) ရဲ့ ဆောင်းပါးနဲ့ အေအိုင်ဒီအက်စ် ဝေဒနာရှင်များအတွက် ဂေဟာ တစ်ခု ဖွင့်လှစ်ပြီး ကူညီ စောင့်ရှောက်မှု ပေးနေတဲ့ မဖြူဖြူသင်းနဲ့ အင်တာဗျူးတို့ ပါဝင်ပါတယ်။

အင်တာနက်မှာ ရေးသားနေကြတဲ့ ဘလော့ဂါတွေ ကဗျာဆရာတွေရဲ့ ကဗျာ ၀တ္ထု ဆောင်းပါး အက်ဆေး စတာတွေကို ဖတ်ရှုကြရမှာဖြစ်ပါတယ်။ သံလွင်ရဲ့ အယ်ဒီတာတစ်ဦးဖြစ်တဲ့ နေဘုန်းလတ်ရဲ့ ကဗျာတစ်ပုဒ်နဲ့ ၀တ္ထုတိုတစ်ပုဒ်ကိုလည်း ဖော်ပြထားပါတယ်။ အာဖရိက ကနေ စိတ်ဝင်စားဖွယ် ဇာတ်လမ်းကလေးတွေ ရေးသားပေးပို့နေတဲ့ မွန်းသက်ပန် ရဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ကိုလည်း နှစ်သက်ကြဦးမှာပါ။ သရုပ်ဖော်ပုံတွေကိုတော့ KNT က ဆွဲပေးထားတယ်လို့ ဆိုပါတယ်။ ပန်ဒိုရာလည်း ဒီတစ်ခေါက် ကူမဆွဲဖြစ်လိုက်ဘူး။

ပန်ဒိုရာရေးသားတဲ့ "ခက်ခဲနှောင်ငင်တတ်သောအရာ" ဆိုတဲ့ ၀တ္ထုတိုအသစ်တစ်ပုဒ်ကိုလည်း ဖော်ပြထားပါတယ်။


--------------




မျက်စိရှေ့ကို ရောက်လာသည့် စာအုပ်ကို လှမ်းကိုင်လိုက်ပြီးမှ ပြန်ချပြီးတော့ ပြုံးလိုက်မိသည့် ခက်။

ဂန္ထ၀င် ၀တ္ထုရှည် တစ်အုပ်ပါ။ Jane Austen ရဲ့ Sense and Sensibility။ အမြဲတမ်း အမှတ်ရနေပြီး ဘယ်တော့မှ မဖတ်ဖူးခဲ့တဲ့ စာအုပ်တစ်အုပ်။ ကိုယ် မ၀ယ်ခဲ့ပါဘူး…။
……………………….

အဲသည်နေ့က သင်တန်းတစ်ခု ဆင်းချိန်မှာ ခက်တို့ အိမ်ကို မောမောပန်းပန်းဖြင့် ရောက်လာခဲ့သည်။
“ရှေ့တပတ် အတန်းမရှိဘူး ခက်”

“အင်း”

“ဆရာက မင်္ဂလာဆောင်တော့မယ် တဲ့။ နယ်မှာ သွားဆောင်မှာ”

“အင်း”

“ဆရာ့မှာ ရည်းစားရှိတယ် လို့တော့ ကြားနေသားပဲ။ ဒီလောက် မြန်မယ် မထင်လိုက်ဘူး”

“အင်း”

“သူ့အခန်းကို ရှင်းနေတယ် ဖတ်ချင်ရင် ယူသွား ဆိုပြီး စာအုပ်နှစ်အုပ် ပေးလိုက်တယ် အပြီးပေးလိုက်တာ။ ပြန်ပေးစရာ မလိုဘူး”


“အင်း”



“ကိုယ် ဒီနေ့ တနေရာရာကို လျှောက်သွားချင်နေတယ် သိလား”


“ယူက ဆရာ့ကို ကြိတ်ကြိုက်နေလို့လား”


“အား……….. သွားစမ်းပါ မဟုတ်တာတွေ”



ခက်က ကိုယ့်မျက်နှာကို စေ့စေ့ကြည့်ပြီး တဟင်းဟင်း ရယ်သည်။ ရလာသည့် စာအုပ်တွေကို ကြည့်သည်။ တစ်အုပ်က Vocabulary Power တဲ့။ နောက်တစ်အုပ်က Jane Austen ရဲ့ Sense and Sensibility ။ ခက်က Sense and Sensibility ကို ဖတ်ချင်တယ် ခဏငှားပါလား ဆိုလာတော့ ကိုယ်က ရပါတယ်ဟု အလွယ်တကူ ပေးဖြစ်လိုက်သည်။

အဲသည်နေ့က ခက်ကလည်း စိတ်လေနေပုံ။ လျှောက်သွားချင်တယ် ဆိုရင် သူငယ်ချင်း တစ်ယောက်ဆီ သွားမယ်လေ ဟု ဆိုလာသည်။ ကိုယ်က ငြင်းမနေတော့။ မသွားခင်မှာ ကျောက်အစိမ်းရောင် လေးထောင့်လေးတွေကို သွယ်တန်းထားတဲ့ ဆွဲကြိုးလေးတစ်ကုံးကို ခက်က ကိုယ့်အိတ်ထဲ ထည့်ထားပေးပါလို့ အကူအညီတောင်းသည်။ ကိုယ်က အသာလှမ်းယူပြီး ကျောပိုးအိတ်ထဲ ထည့်လိုက်ပါသည်။ ရန်ကုန်မြို့မှာ မြို့ပတ်ရထားဟု ခေါ်သည့်အရာကို ပထမဆုံးစီးဖူးသည့်နေ့ပေါ့ (အခုအထိလည်း နောက်တစ်ကြိမ် စီးခွင့်မကြုံတော့)။ ရထားထဲမှာတော့ ဈေးသည်တွေ များပါသည်။ ကြမ်းပြင်ပေါ် ဒီအတိုင်းပဲ ချထိုင်နေသူတွေလည်း ရှိသည်။ အလယ်က ခုံတန်းမှာ ကိုယ်တို့နှစ်ယောက် ယိမ်းတိမ်းယိုင်တိုင် ထိုင်ကြသည်။

ဆက်ဖတ်ရန်

Expand..

Friday, April 15, 2011

သင်္ကြန် ၂၀၁၁



မင်္ဂလာ မြန်မာနှစ်သစ်မှာ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

Expand..