Tuesday, September 13, 2011

အနိမ့်နိမ့် အမြင့်မြင့် အဆင့်ဆင့်


painting icn2

အနိမ့်နိမ့် အမြင့်မြင့် အဆင့်ဆင့်

တည်သော မှီသော ရီသော ဟီသော
ဂီတဖြင့် မွေ့လျော်သော စည်ငြင်းဖြင့် နိုးထသော
ဆူညံအံပွက်သော တိုးတိတ်ညံ့သက်သော ကျပျောက်ဆုံးရှုံးသွားသော
ရှာဖွေတွေ့ရှိသော မြဲမြံတည်ဆောက်သော ပျက်လွယ်စီးလွယ်သော
ရီဝေမှုန်ဝါးသော ထင်ရှားပြတ်သားသော မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းသော
အထက်အရပ်မှ တင်းကျပ်ဖြတ်တောက်သော ပြင်းပြင်းထန်ထန် ရှုံ့ချလိုက်သော
စေ့စပ်ဆွေးနွေးသော တော်လှန်ပုန်ကန်သော အနုနည်းဖြင့် ဆွဲဆောင်ပူးကပ်သော
ရုတ်တရက် ဂရင်းဂရင်း ထမြည်လာသော ချက်ချင်း ကောက်ကိုင်လိုက်သော
ချစ်၍ခေါ်သည် လိုက်တော်မူခဲ့ မပျောင်းနွဲ့သော ချစ်၍ခေါ်ရာ လိုက်ချင်ပါလည်း
နော်ဇာရွှေကုံး တစ်ခိုင်လုံးကို လုံးလုံးမပိုင်သေးသော သင်ပုန်းချေလိုက်သော
သင်တို့ပုန်းနေခဲ့ကြသော သမိုင်းရေကြီး လှိုင်းစီးလိမ့်ပါကြသော
ဇုနတ်ဘုရင်က စေလွှတ်လိုက်သော ဟီရာနတ်ဘုရားမ၏ ကျိန်စာသင့်သော
တောသုံးတောင်ကို ပိုင်စိုးသော ရေမြေကို တက်နင်းထားသော
ဖွဲ့နွဲ့သော ရေးသားသော သီကုံးသော စပ်ဆိုသော ခြယ်သသော
အတွင်းသည် အပဖြစ်သော အပသည် အတွင်းဖြစ်သော
အရပ်ရှစ်မျက်နှာမှ တိုးဝင်လာသော အေး၍ခြောက်သွေ့သော
ပူ၍စွတ်စိုသော “ငါ”သည် “ရန်” နှင့်ပြတ်သော “ရန်”သည် “မိတ်”သာဖြစ်သော
လူအများ၏ဖြစ်သော လူအများ၌ဖြစ်သော လူအများအတွက်ဖြစ်သော
ယူကားယူ၍ မပေးသော ပေးကားပေး၍ မရသော ယသော အယသော
အဖန်ဖန်အလဲလဲ တခဲနက် အဆုံးသတ်သွားခဲ့သော…။

ပန်ဒိုရာ
၂၁-၈.၂၀၀၁ - ၁၃-၉.၂၀၁၁

Expand..

Friday, September 2, 2011

စေ့ရုံစေ့ထားတဲ့ရွှေတံခါးတွေ


စေ့ရုံစေ့ထားတဲ့ရွှေတံခါးတွေ

တစ်ချပ်ပြီး တစ်ချပ် အထပ်ထပ် မတ်တတ်ရပ်နေကြ
ချပ် ချပ် ချပ် ချပ် နဲ့ ပြားချပ်ချပ် အသံတွေ
အဲဒီ အသံတွေဟာ ကတိက၀တ်တွေနဲ့ သံတမန်ခင်းလိုက်
ဖြည်းဖြည်း ခြေဖျားထောက်ပြီး ကိုယ်ယောင်ဖျောက်လိုက်
အချိန်နဲ့တပြေးညီ ဒေါင်လိုက်ရွေ့လျား ပြေးလွှားလိုက်
ဒီတံခါးကနေ လိရိကဟာ အမေရိကကို တွန်းဖွင့်ခဲ့
ဒီတံခါးနောက်မှာ မော်ဒန်နတီဟာ အိုင်ဒန်ဒတီမထင်ရှား ပုန်းအောင်းခဲ့
ဒီတံခါးထဲက ကလောင်သွားဟာ ဓားသွားကိုဖြတ်ကျော်ခဲ့
ဒီတံခါးပေါ် မေတ္တာတွေ ထွင်းထုထား
ဒီတံခါးကို သစ္စာဟာ ဖောက်ထွက်သွား
မွန်းစတား လိုက်ရှာခဲ့တာ ကလေးငယ် ဘူး ရဲ့ တံခါး
သတ္တမမြောက် တစ္ဆေကြီးလမှာ ၀ိညာဉ်တွေကို ဖွင့်ပေးလိုက်တဲ့ ငရဲတံခါး
တံခါးတစ်ချပ်ဟာ ခါးကြားမှာ ခါးထစ်ခွင်ခံထားရတယ်
ဆူးကြားမှာ ခါးခါးသီးသီး သီးနေတဲ့ တံခါးတွေရှိတယ်
အစိတ်စိတ်အမွှာမွှာ လွင့်စင်ပျက်ကျသွားခဲ့သော တံခါးများ
သော့ခလောက်ကြီး ဟီးလေးခိုနေသော တံခါးများ
ဆုကြေးတ၀က်နဲ့ လာဘ်ထိုးခံလိုက်ရသော တံခါးများ
အခင်းအကျင်းသစ်ကို မျက်ခြေပြတ် ကျန်ခဲ့သော တံခါးများ
မကြာမီ မျိုးရိုးဗီဇ တိမ်ကောပျောက်ကွယ်သွားတော့မည့် တံခါးများ
တံခါးရောင်စုံ ဖြူဖြူ ပြာပြာ ညိုညို ညက်ညက်
ရွေးလိုက်ပါ အနီလား အ၀ါလား နီးနီးလား ၀ါးဝါးလား
လက်သန်းဖျားနဲ့ ပါးပါးလေးတွန်းဖွင့်လိုက်။

ပန်ဒိုရာ
၂၉.၈-၁.၉.၂၀၁၁

Expand..

Saturday, August 27, 2011

ယေဘုယျမျဉ်းတစ်ကြောင်း


painting icn2 (colour pencil on paper)

ယေဘုယျမျဉ်းတစ်ကြောင်း

မိန်းမကြီးတစ်ယောက်က အရင်ဆုံး မြင်ပြီး လန့်အော်လိုက်တာ
လူတွေ တဖြည်းဖြည်းများလာတဲ့အချိန် အတော့်ကို အေးစက်တောင့်တင်းနေပြီ
ခဏကြာတော့ ရဲတွေရောက်လာ ပတ်ပတ်လည်ကို တိပ်ကြိုးများဖြင့်တား
လက်ဗွေရာယူ နီးစပ်ရာမေးမြန်း စုံစမ်းစစ်ဆေးမှု စတင်
ပျက်ပြယ်စပြုနေတဲ့ မှတ်ပုံတင်ကဒ်ပြားတစ်ပြားနဲ့ သူ့အကြောင်းသဲလွန်စ
ငွေစက္ကူအချို့ အကြွေအနည်းငယ် အကြွေးဝယ်ဘဏ်ကဒ်များ ခြေရာလက်ရာမပျက်
နေ့စဉ်အလုပ်သွားသာမန်ဝတ်စုံကို ၀တ်ဆင်ထား တွန့်ကြေမှုကင်းမဲ့
ဝေဒနာပြင်းပြင်းထန်ထန် ခံစားလိုက်ရပုံ မပေါ် သွေးစသွေးနကင်းရှင်း
ကြွပ်ကြွပ်အိပ်တစ်လုံးထဲမှာ တ၀က်တပျက် ၀ါးမျိုထားတဲ့ ဟမ်ဘာဂါ
ဒါ သူနောက်ဆုံးစားခဲ့တဲ့ ညစာပဲ
သူ ဆိုရှယ် မီဒီယာ/နက်ဝပ် တွေမှာ (ရှိခဲ့ရင်) တက်ကြွခဲ့သလား
သူ့မိသားစုကို တွယ်တာ သံယောဇဉ်ထားခဲ့သလား
သူ့လုပ်ဖော်ကိုင်ဖက်များနဲ့ အဆင်ပြေမပြေ
သူနောက်ဆုံးဆိုခဲ့တဲ့ သီချင်းတစ်ပုဒ် ရှိမရှိ
သူနောက်ဆုံး ဘယ်ကိုဦးတည်သွားခဲ့တာလဲ
သူနောက်ဆုံး ဘယ်သူ့ကို ဖုန်းခေါ်ခဲ့သလဲ
သူနောက်ဆုံး ၀င်ခဲ့တဲ့ အီးမေးလ်အကောင့်ဟာ ဘာလဲ
သူနောက်ဆုံး ချက်တင်း ပြောခဲ့သူ ဘယ်သူလဲ
သူနောက်ဆုံး တစ်ယောက်ယောက်ကို “နောက်ဆုံး” လို့ ပြောခဲ့သေးလား
သူ ကြိုးတစ်ချောင်းကို ဘာကြောင့်မသုံးခဲ့သလဲ
သူ ရေကန်တစ်ကန်ထဲကို ဘာကြောင့်မသွားခဲ့သလဲ
သူ အဆောက်အဦမြင့်တစ်လုံးကို ဘာကြောင့် မစဉ်းစားခဲ့သလဲ
သူ အိပ်ဆေးအလွန်အကျွံ ၀ယ်ယူဖို့ အခက်အခဲ ရှိခဲ့လို့လား
သူ့မှာ လိုင်စင်နဲ့ကိုင်တဲ့ သေနတ်တစ်လက် မရှိခဲ့လို့လား
မကြာမီ ဓါတ်တိုင်မီးများ လင်းလာ လူအုပ်ကွဲစပြု
အရပ်ထဲမှာ ခုနစ်ရက်စာ ပြောစရာများဖြင့် တစီစီကျန်ရစ်
အမိုးပေါ်မှာ အချက်ပြမီးလုံး တ၀ီဝီ လှည့်လည် ဆူညံနေသော ရဲကားများ
မလှုပ်မယှက် သက်မဲ့ခန္ဓာကိုယ်တစ်ခုကို သယ်ဆောင်ထားသော
လူနာတင်ယာဉ်တစ်စီး မြင်ကွင်းမှ ဝေး… ဝေး….. သွား……….။

ပန်ဒိုရာ
၂၃-၂၇.၈.၂၀၁၁

Expand..

Monday, August 22, 2011

အမှောင်ဘက်ခြမ်းက ရင်ဘတ်ဟောင်းလောင်းပေါက်နဲ့...

ခိုင်စိုးလင်း စီစဉ်တဲ့ The Dark Side (သို့) သူခိုးစာအုပ် ထွက်ပါပြီ။
သရုပ်ဖော်ပုံတွေကို မလေးမေ ရေးဆွဲပါတယ်။ ပါဝင်ရေးသားသူတွေက -
ဟန်သစ်ငြိမ်၊ ဟယ်ရီလွင်၊ နေမြဲ၊ ထွန်းထွန်းမြိုင် ၊ မိုးလှိုင်ည၊ နေဦး ၊ လင်းဒီပ ၊ ညိုမင်းခ၊ ကိုမျိုး ၊ ကြည်သက်ဟန်၊ မှိုင်း (ဆေး -၂)၊ သြမြိုင် ၊ နန်းညီ၊ ဇာတိ၊ ချစ်ကြည်အေး ၊ သက်ဝေ၊ တေလေ ၊ ပန်ဒိုရာ ၊ ကျော်ညိုသွေး ၊ ခိုင်စိုးလင်း
စာအုပ်ကို ဒီနေရာမှာ ဒေါင်းလုဒ် ယူနိုင်ပါတယ်။ http://www.mediafire.com/file/89xt1xioc3avomd/the%20dark%20side.pdf
ပန်ဒိုရာ ရေးထားသော စကားပြေတစ်ပုဒ်ကို အဲဒီစာအုပ်ထဲ မှာ ဖတ်ရှုနိုင်ပါတယ်။


(သရုပ်ဖော်ပုံ မလေးမေ)

Expand..

Monday, August 8, 2011

Mythical Moments




Mythical Moments


moments make myths mired

meanwhile
melting morals’ mistake
musical mountains’ mute
mellow mornings’ moan
molded mustangs’ mutiny
mid-summer mirages’ magnet

meanwhile
mysterious mentor’s make-over
motivation / meditation
maturity / modernity
mercy / misty
may mend misprinted memoirs

meanwhile
may Martians mitigate misuse

Ko Pan
Yangon, 10:00 pm, 08.08.11




ဒဏ္ဍာရီဆန်တဲ့ အခိုက်အတန့်များ


အခိုက်အတန့်တွေက
ဒဏ္ဍာရီတွေကို ရုန်းထွက်လို့မရအောင် ဖန်ဆင်းတယ်

ဒီအခိုက်အတန့်မှာ
အရည်ပျော်နေတဲ့ နီတိတရားတွေ မှားယွင်းကြ
တေးသံသာတောင်တန်းတွေ တိတ်ဆိတ်ဆွံ့အကြ
နူးညံ့ညင်သာ နံနက်ခင်းတွေ ပြင်းပြငြီးညူကြ
ပုံစံသွင်းထားတဲ့ မြင်းရိုင်းတွေ ပုန်ကန်ထကြွကြ
နွေလယ်ကာလရဲ့ တံလျှပ်တွေက ဆွဲဆောင်ကြ

ဒီအခိုက်အတန့်မှာ
လျို့ဝှက်သိုသိပ် ကြီးကြပ်သူရဲ့ ပြုပြင်ပြောင်းလဲမှု
တက်ကြွစိတ်အား/ ပဋိပတ္တိတရား
ရင့်ကျက်တည်ငြိမ်ခြင်း/ ခေတ်မီလတ်ဆတ်ခြင်း
ကြင်နာမှု/ နာကျင်မှု တွေက
စာစီမှားခဲ့တဲ့ အတ္ထုပ္ပတ္တိ ကို ပြင်ဆင်နိုင်စေ

ဒီအခိုက်အတန့်မှာ
မားစ်ဂြိုလ်သားတွေလည်း အလွဲသုံးများ နည်းပါးနိုင်စေ

ကိုပန်
ရန်ကုန်၊ ည ၁၀ နာရီ၊ ၈.၈.၂၀၁၁
(ဘာသာပြန် ပန်ဒိုရာ၊ ကိုပန်)

Expand..

Tuesday, July 26, 2011

ပြည်တော်ပြန် တူမကလေးနှင့် နေအိမ်ဝန်းကျင် မြန်မာစံတော်ချိန် (၁၃.၇.၂၀၁၁) ညနေ ၆ နာရီ ၃၀ မိနစ် စက်ရပ်သတင်းအကျဉ်း



ပြည်တော်ပြန် တူမကလေးနှင့် နေအိမ်ဝန်းကျင် မြန်မာစံတော်ချိန် (၁၃.၇.၂၀၁၁) ညနေ ၆ နာရီ ၃၀ မိနစ် စက်ရပ်သတင်းအကျဉ်း

အိမ်ရှေ့တွင် ရပ်ကွက်ဓမ္မာရုံ ၄င်းနောက်တွင် ရေမြောင်းကြီး၊ မြောင်းနောက်ဖက်တွင် ၈ မိနစ် (သို့) ၁၀ မိနစ်လျင် တစ်ကြိမ် ခုတ်မောင်းလျက်ရှိသော မြို့ပတ် ရထားလမ်းတည်ရှိ၊ အိမ်ခေါင်းရင်းဘက်တွင် လုံးချင်းတိုက်၊ Taxi စီးလိုက စီးပါ၊ ဘတ်စကားမှတ်တိုင်မှ လမ်းမလျှောက်ချင်လျှင် ဆိုက်ကားစီး၊ လျှောက်နိုင်လျှင်လျှောက်၊ ရပ်ကွက်ပျံကျဈေးနှင့်နီး၊ ရထားလမ်းနှင့် ရေမြောင်း တောက်လျောက်၊ ရန်ကုန်စတိုင် အမှိုက်ပုံကခတ်ဟီးဟီး၊ စည်းကမ်းမရှိ အမှိုက်စွန့် တတ်သူများအဖို့ လွန်စွာမှ အဆင်ပြေ၊ ပတ်ဝန်းကျင်သန်.ရှင်းလျှင် လေကောင်းရနိုင် သို့သော် ညစ်ပတ် သို့ရာတွင် ၅ လွှာ တွင်နေသဖြင့် ခြင်မရောက်တတ်၊ အိမ်တွင် မည်သည့်ပရိဘောဂ မှ မရှိသဖြင့် ကလေး ဟိုတက်ဒီတက်တက်ရန် မစိုးရိမ်ရ၊ မည်သည့် ဖျော်ဖြေရေးမှ မရှိသည့်အပြင် ပတ်ဝန်းကျင်နှင့် ကလေး ဆက်စပ်မှုလည်း မရှိသဖြင့် တစ်လ အတွင်း တရုတ်ဘာသာစကားနှင့်တကွ အတူနေ အိမ်ဖော်ဘာသာစကား ဓလေ့/အကျင့်/စရိုက်များ ကျွမ်းကျင်စွာ တတ်မြောက်နိုင်ချေရှိ၊ ပိုက်လိုင်းထဲမှာ လာသော ရေမှာ သံဓာတ်အပြည့် ပါဝင်နေသည်ကို မြည်းစမ်းတွေ့ရှိရ၊ ရေသန့်ဗူး မှာယူ သောက်သုံးနိုင်ချေရှိ၊ အောက်ပါအချက်များ ကြိုတင်သိထားလျင် ကလေးအား သွားရောက်တွေ.ဆုံ နိုင်ပါသည် ( ဆိုလိုသည်မှာ အမြင့်ကြောက်တတ်သူများ၊ အမှောင်ကြောက်တတ်သူများ (လက်ရန်းမပါသော လှေခါးတလျှောက်) နှင့် အသန့်ကြိုက်တတ်သူများ အလည်အပတ် မလာသင့်) မျက်မြင်ကိုယ်တွေ့ သတင်းသာဖြစ်ပြီး စာရေးသူ အာဘော် မပါဝင်ပါ။



သတင်းပို့သူ - သိုက်ဖွား
ဟိုပြင်ဒီပြင်လုပ် ကဗျာအုပ်စုထဲ ဆွဲထည့်သူ - ပန်ဒိုရာ
၁၄-၂၆.၇.၂၀၁၁

Expand..

Sunday, July 17, 2011

စေးပျစ်ပျစ် ဟိုက်ဘရစ် အသက်ရှူသံများ


Painting by icn2, oil and pastel on paper

စေးပျစ်ပျစ် ဟိုက်ဘရစ် အသက်ရှူသံများ


မြို့လေးရဲ့
ရှည်ရှည်ကျလာတဲ့ အရိပ်တွေက
ကိုယ့်ကိုထိပါးစပြုလာတယ်

တရေးနိုးတိုင်း
ပွင့်ပြီလားလို့ ထထကြည့်မိတဲ့
သနပ်ခါးပင်လေးလည်း
လရောင်ကိုမွတ်သိပ်လို့
မြေဆီသြဇာကို အငန်းမရမျှော်လင့်လို့

အရည်ပျော်လာတဲ့ နံရံတွေနဲ့
လေးထောင့်စပ်စပ် နိုက်ထရိုဂျင်ငွေ့ဟပ်နေတဲ့ လေထုနဲ့

ဘ၀ဆိုတာ သိက္ခာ ဘ၀ဆိုတာ ဥစ္စာ
ဘ၀ဆိုတာ ပညာ ဘ၀ဆိုတာ … ဘာ.. ညာ

ဘ၀ဆိုတာ
လူငယ်စိတ်ထဲက ကန်ထုတ်လိုက်တဲ့ ဘောလုံးတစ်လုံး
ကိုယ့်ဆိပ်ကမ်း ကိုယ်ပြန်မဆိုက်နိုင်တဲ့
မုတ်သုန်ရာသီနဲ့ အမြဲစိမ်းသစ်တော

မွေးဖွားခြင်းဟာ ကူးစက်ရောဂါ
သေဆုံးခြင်းဟာ သဘာဝရဲ့လက်ဆောင်မွန်

မြို့တွေမှာ
သူရူးတွေ တန်းစီပြေးလွှားနေကြ
တိုးတိုက်တွန်းထိုးကြ လဲပြိုတက်နင်းကြ

အမှန်တရားဟာ
နောက်ဆုံးပေါ်အမှားတွေကို
နာရီမပြတ် အရှင်လတ်လတ် လွှင့်ထုတ်ပြ

မဖုံးမကွယ်အလှနဲ့
မားမားမတ်မတ် ရပ်နေတဲ့ အဲဒီတောင်တန်းတွေဆီကိုတော့
လေကောင်းလေသန့် ရှူရှိုက်ချင်ရုံသက်သက်နဲ့ တက်လာမိခဲ့တာပါ

မကြာခင်
ငှက်တွေအိမ်ပြန်ပေါ့
ကောင်းကင်မှာ ရှက်စနိုးအလှတွေ ဖြာကျလာတော့မယ်

သူ့နောက်ကျောကနေ သိုင်းဖက်ပြီး
ဆည်းဆာကို မျက်တောင်မခတ်တမ်း ငေးကြည့်ချင်နေခဲ့တယ်

လွင့်မျောနေတဲ့ တိမ်တွေ
အဆုံးကို မမြင်ရတဲ့ နက်ရှိုင်းမှု
ရှေ့မနီးမဝေးမှာတော့ ဖွင့်ဟထားတဲ့ ချောက်ကမ်းပါးတစ်ခု


ပန်ဒိုရာ
၁၁-၁၇/၇/၂၀၁၁

Expand..

Wednesday, July 6, 2011

ကျိုးနေတဲ့ အကျိုးတွေရဲ့ အကြောင်း

ကျိုးနေတဲ့ အကျိုးတွေရဲ့ အကြောင်း
၂၀၁၂ ကိုရောက်တယ် ဒီဇင်ဘာကိုရောက်တယ် ၂၁ရက်နေ့ကိုရောက်တယ် ပတ်ဝန်းကျင်အုံ့ဆိုင်းတယ် လေတွေတိုက်တယ် ငှက်တွေထပျံတယ် ကောင်းကင်ကြီးနီတယ် တော်လဲသံဟည်းတယ် မိုးသီးတွေကြွေတယ် လှိုင်းတွေကြွတယ် မီးတောင်တွေထတယ် ကမ်းခြေကိုသွားကြည့်တယ် ရေလုံးကြီးလိုက်လာတယ် ငါထွက်ပြေးတယ် တောင်ကုန်းတွေ့တယ် ကုတ်ကတ်တက်တယ် ချော်ရည်တွေကျလာတယ် မီးတောင်ပေါက်တယ် မီးလုံးတွေငါ့ဘေးကိုစင်တယ် တောင်ပေါ်ကပြန်ဆင်းတယ် ကတ္တရာလမ်းမဆီရောက်တယ် ကားတစ်စီးတွေ့တယ် ငါမောင်းပြေးတယ် လမ်းကအက်ကွဲလာတယ် ကားအရှိန်မြှင့်တယ် ချောက်ထဲကိုကျတယ် တန်းလန်းကြီးဖြစ်တယ် ကားထဲကထွက်မရဖြစ်တယ် ညကမှောင်လာတယ် ဗိုက်ကဆာလာတယ် မျက်လုံးတွေပြာလာတယ် အသံတွေဝင်လာတယ် ခြေသံသဲ့သဲ့ကြားတယ် လူတစ်ယောက်ရောက်လာတယ် ကားကိုဆွဲမတယ် ငါ့ကိုဆွဲထုတ်တယ် ငါ့ကိုတွဲခေါ်တယ် လေစိမ်းတွေအေးစက်နေတယ် လရောင်ပျောက်နေတယ် လမ်းကိုရှာကြတယ် ချောင်းတစ်စင်းတွေ့တယ် လှေတစ်စီးရှိတယ် ချောင်းကိုဖြတ်တယ် မိကျောင်းတွေလိုက်လာတယ် ပါးစပ်ကြီးတွေနဲ့လှမ်းကိုက်တယ် အမြီးကြီးတွေနဲ့လှမ်းရိုက်တယ် လှော်တက်နဲ့ခုခံကြတယ် ရေစီးကမြန်လာတယ် ရေတံခွန်ဆီမျောသွားတယ် လှေကလေးထိုးကျသွားတယ် မိကျောင်းတွေကျန်ခဲ့တယ် ငါရေနစ်တယ် သူငါ့လက်ကိုလှမ်းဆွဲတယ် ကမ်းစပ်ကိုသယ်လာတယ် ငါချမ်းနေတယ် ငါတုန်နေတယ် တောအုပ်ထဲရောက်လာတယ် လမ်းပျောက်ပြန်တယ် တောချောက်တယ် တောမှောက်တယ် တောပြိုတယ် ကျားတွေဆင်တွေပြေးနေတယ် မြွေတွေခွေယှက်နေတယ် ခလုတ်တိုက်လဲတယ် ပြန်ထတယ် လျှိုထဲလိမ့်ကျတယ် ဆူးစူးတယ် ပြေးလွှားရင်းလမ်းစတွေ့တယ် သူနေတဲ့ဂူဆီရောက်သွားတယ် ငါခဏနားတယ် ဒဏ်ရာတွေသန့်စင်ဆေးကြောတယ် ရေတစ်ခွက်သောက်တယ် သူညစာပြင်တယ် သူမီးမွှေးတယ် ရေနွေးအိုးတည်တယ် အိုးအကြီးကြီးနဲ့တည်တယ် ငါ့အသားကိုစမ်းတယ် နေကောင်းလားမေးတယ် ရောဂါရာဇ၀င်ရှိလားမေးတယ် ခင်ဗျားဆရာဝန်လားငါမေးတယ် သူခေါင်းခါတယ် ဓါးတစ်ချောင်းထုတ်လာတယ် သူပြန်ပြောတယ် ကျွန်ုပ်ဟာပေါရိသာဒဘုရင်ဖြစ်တယ်

ပန်ဒိုရာ
၂-၆.၇.၂၀၁၁

Expand..

Friday, July 1, 2011

ပတ်ဘလစ်ရေကူးကန်ထဲမှာ ၀တ်လစ်စလစ် ငါးကလေးတစ်ကောင် တွေ့လိုက်တယ်


ပတ်ဘလစ်ရေကူးကန်ထဲမှာ ၀တ်လစ်စလစ် ငါးကလေးတစ်ကောင် တွေ့လိုက်တယ်

လူအများကူးတဲ့ ရေကူးကန်ထဲမှာ ငါးကလေးတစ်ကောင်ကို အမှတ်မထင်
တွေ့လိုက်တာ ငွေရောင်လဲ့လဲ့ပြေးနေတဲ့ ကိုယ်ခန္ဓာ ငါ့လက်သန်းလောက် အရွယ်
အစားနဲ့ သေးသေးလေးပါ ဘယ်လိုလုပ်ပြီး ရောက်နေခဲ့သလဲ ဒီငါးပေါက်စဟာ အခု
လေးတင် တစ်ယောက်ယောက်ရဲ့ ဘီကီနီကြားက လျှောခနဲ ထွက်ကျလာ
တာများလား မြောင်းပေါက်တွင်းပေါက် တစ်ပေါက်ပေါက်က ကန်နဲ့ တိတ်တိတ်ဆက်
သွယ်နေပြီး ဖောက်ရောက်လာတာလား မင်းက ရေသားအဆောက်အဦမှာ အိမ်ဖွဲ့
နေတတ်ပေမယ့်လည်း ဒီရေကူးကန်ထဲက ဒီအရေနဲ့အသားကတော့ မင်းအတွက် သူစိမ်း
ဆန်လွန်းနေမယ် ရေကူးဝတ်စုံလည်း မပါ အကြေးခွံတုံးလုံးနဲ့ ဗလာကို ၀တ်ဆင်
ထားပုံကလည်း ရဲတင်းလွန်းနေမယ် ငါက အမြီးလေးကို အသာလှမ်းကိုင်ကြည့်
လိုက်တဲ့အခိုက် ဗြုန်းဆိုလှည့်ပြီး ငါ့လက်ကို သူကိုက်တယ် ကြည့်စမ်း သွေးစတွေ
ဖွာခနဲ တော်တော်ဆိုးတဲ့ကောင် သွေးညှီနံ့ကို ငါးမန်း တစ်ကောင်ကောင်များ ရသွား
ခဲ့ရင် ဘယ်လိုလုပ်မလဲ ငါးမန်း ထွက်လာပြီး ငါ့ကိုကိုက်လို့ ငါသေသွားရင် ဘယ်လို
လုပ်မလဲ ငါသေသွားတော့ လူတွေက ငါးမန်းတွေကို စိတ်ဆိုးပြီး လိုက်သတ်
လိုက်ကြလို့ ငါးမန်းတွေ မျိုးတုံးသွားရင် ဘယ်လိုလုပ်မလဲ ငါးမန်းတွေ သတင်းကိုကြား
တော့ ကျန်တဲ့ငါးတွေပါ ကြောက်လန့်ပြီး ဟိုပြေးဒီပြေးနဲ့ ကောလဟလ
ကြောင့် ရွာပျက်ဆိုသလို တဖြည်းဖြည်း ပျောက်ကွယ်ကုန်ရင် ဘယ်လို
လုပ်မလဲ ငါးတွေမရှိတော့တဲ့အခါ ငါးမစားရ မနေနိုင်သူတွေ စိတ်ကျ
ရောဂါနဲ့ တတိတိ သေကုန်ကြရင် ဘယ်လိုလုပ်မလဲ ကျန်တဲ့လူ
တွေပါ စိတ်ကျရောဂါ ကူးစက်လာပြီး လူသားမျိုးနွယ်ကြီး ပျက်သုဉ်း
သွားရင် ဘယ်လိုလုပ်မလဲ ဒီတော့ ငါလည်း ကိုဓဥပဒေနဲ့ သူ့လက်ညိုးကို ပြန်
ကိုက်ဖို့ စဉ်းစားပါသေးတယ် ဒါပေမယ့် သူ့မှာက လက်ညိုးမရှိဘူး ရေယက်
လေးတွေပဲ ရှိတော့ခက်သား ဒါနဲ့ သူ့ကို ယဉ်ပါးသွားအောင် ချစ်ကြည်ရေး
ဖွဲ့ဖို့ပဲ စိတ်ကူးလိုက်တယ် အသက်ကို တ၀ရှူသွင်းပြီးမှ ကြားဖူး
နားဝ ဖတ်ဖူးမျက်ဝ ကဗျာလိုလို ဘာလိုလို အစပြု ရွတ်လိုက်မိပုံက ဒီလို - အဟမ်း -
(ရေကန်လေးပါလား.. အလို ငွေငါး ငုပ်ဆင်းသွား ….)
ငါ့အသံ ကြားတော့ ငါးလေးလည်း မနေနိုင်တော့ဘူး ကဗျာဓာတ်ကူးစက်
သွားပုံရတယ် ဗိုက်ကလေး ဖောင်းလိုက်ပိန်လိုက်နဲ့ ပါးဟက်
လေး ဟစိဟစိနဲ့ အဲဒီကဗျာကို ဆက်ပြီး ရွတ်ပါလေရော - ဟော -
ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ
ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ
ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ
ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ
ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ
ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ ပလုံစီ



ပန်ဒိုရာ
၂၉-၃၀.၆.၂၀၁၁

Expand..

Sunday, June 26, 2011

ရောမလိုကျင့်ခြင်းနှင့် ၄င်း၏အစာမကြေမှုများ


ရောမလိုကျင့်ခြင်းနှင့် ၄င်း၏အစာမကြေမှုများ
(localization and its discontents)

အော့ချတ်မြောင်းထဲမှာ ရေလျှံနေပေါ့ ရေများရာမိုးရွာ
လူတန်းရှည်ဟာ စိတ်မရှည်ကြတော့ဘူး
ကယာစူးယဉ်ကျေးမှုနဲ့ ဒီ ဂါးမန်း နဲ့တော့ တွေ့နေကြပြီ
ဒစ်စကောင့်တွေဟာ တန်းစီအမှိုက်ပုံးတွေထဲ စနစ်တကျ နေရာယူနေကြတယ်
မနက်ဖြန်ဟာတနင်္လာ တယ်လီဖုန်းကဒ်တစ်ကဒ် ပန်နင်ဆူလာက ပဲပြုတ်နှစ်ကျပ်ဖိုး

သွားပစ်လိုက် လျှောက်ပစ်လိုက် ဒီလမ်းမတွေဟာ ဒီခြေထောက်နဲ့ ထိုက်တန်တယ်
ဘ၀ဆိုတာ စတားဘတ်ခ်မှာ ဒဘယ်လ်ရှော့ ပဲ ကိုးကုန်းကိုးကျင်း ၀င်းဒိုးရှော့ပင်း ပဲ
ပန်းဆိုးတန်းမှာ ဖုံထူနေမှာ လှည်းတန်းဈေးထဲမှာ ချွေးပြန်နေကြမှာ ငါဘယ်သိမှာလဲ
အမေတစ်ယောက်က လသားလေးကို မိုက်ကရိုဝေ့ဗ် မီးဖိုထဲ ထည့်ဖုတ်လိုက်တဲ့အကြောင်း
အိတ်ခ်ျဒီဘီ တိုက်ခန်းပေါ်မှာ လူသတ်ပြီး သောက်သုံးရေကန်ထဲ ထည့်ထားလိုက်ကြောင်း
သမ္မတရွေးကောက်ပွဲမှာ ဘယ်သူဘယ်ဝါတွေ ၀င်ပြိုင်မယ့်အကြောင်း
(ငါကတော့ ရုံးပိတ်ရက် တစ်ရက် ရမှာကို ပိုစိတ်ဝင်စားနေလေရဲ့ ဟေဟေ့….)
ယာဟူး နဲ့ ဂူဂယ်လ်မှ မကယ်ရင် လူရာဝင်ဖွယ် သတင်းထူးတွေကို သိမှာမဟုတ်တော့ဘူး
ဖေ့စ်ဘွတ်ခ်နဲ့ ဘလော့ခ်မှ မ၀င်ရင် ကမ္ဘာ့အပြင်ဘက် ရောက်သွားလိမ့်မယ်

သတင်းအချက်အလက်ဟာ ရေဒီရေးရှင်းလို ပြန့်တယ် နားစွင့်ထားကြ
တစ်ကျပ်ရှိရင် စာရွက်သားကောင်းကောင်းနဲ့ သတင်းစာတွေ တပုံကြီးရမယ်
အထက်လူကြီးရှေ့မှာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်နေကြောင်း အားကစားကျင့်ပြ
တင်းနစ်ဆိုရင် တင်းနစ် ဂေါ့ဖ်ဆိုဂေါ့ဖ်
လမ်းလျှောက်ရင် လမ်းလျှောက်ဝတ်စုံ တသွေမသိမ်း
ဒူးနေရာဒူး တော်နေရာတော် သောကြာနေ့ဆို လျှော့ဝတ်ကြ
ကိုယ့်ဘာသာဆိုရင် လျှော့စားအဆီကျ ဘူဖေးအချိန်မှာတော့ တန်အောင်စား

limited land - unlimited space
သင့်ဦးနှောက်တွင်းမှာ နေရာနည်းနည်း ချန်ထားပါ
အပြည့် ဖြည့်လိုက်ရင် ခွက်ထဲမှာ ဘာမှထပ်ထည့်လို့မရတော့ဘူး ဇင်တရားအရ
အမြန်ရထားဟာ ခပ်နှေးနှေးသွားနေတယ် ငါ့စိတ်အလျဉ်ကို ဘယ်မီပါ့မလဲ
ဗိသုကာလက်ရာများရဲ့ အသည်းနှလုံး ခရီးသွားလာရေးရဲ့ အချက်အချာ
အာရှစီးပွား စုစည်းရာ အနုပညာတို့ရဲ့ ဆုံမှတ်
ဟောဒီကျွန်းရဲ့ အောက်တည့်တည့်မှာ ကမ္ဘာကြီးရဲ့ ဗဟိုချက်ရှိတယ် (ယုံလား)

မာလိုင်းရင်းသတ္တ၀ါဟာ လောကအလုံးကို စောင့်ကြပ်တယ်
စန်တိုစာဟာ နိဗ္ဗာန်ဘုံ ကိုပီတီယံဟာ နတ်သုဒ္ဒာ
ရထားသံလမ်းနဲ့ တိုက်မြင့်မြင့်တွေဟာ ဘ၀ရဲ့ထွက်ပေါက်
ပြီးပြည့်စုံချင်တဲ့ စနစ်တစ်ခုကို ချစ်ခြင်းတရားက လာစိန်ခေါ်တယ်
ငါဟာ သူ့မြေကိုနင်း သူ့ဆန်ကိုစားပြီး
သူမရဲ့ ရွှေရောင်ဆံပင်နီကျင်ကျင်တွေကို ရဲရဲရင့်ရင့် ရှိုက်နမ်းပစ်လိုက်တယ်

မရိန္နာမှာ လတစ်ခြမ်း ခပ်ပြာပြာ သာနေတယ်
မြို့ပြဟာ အပြားလိုက် မာတောင့်တောင့် လေးထောင့်စပ်စပ်နဲ့
ဖုံးမရဖိမရ မားမားမတ်မတ် မိုးတိုးမတ်တတ်ကြီး ရပ်နေတယ်
သူရဲကောင်းကြီး ဒွန်ကွီးစုတ် ဗြုန်းဆိုဝင်လာ မကောင်းသူပယ်ကောင်းသူကယ်
လက်ခုပ်သံတွေ သောသောညံသွား ဓားရှည်တစ်လက်ရဲ့ လှောင်ပြောင်မှု
ပြည်သူများ ဘာကို လိုချင်သလဲ ဘာကို လိုချင်သင့်သလဲ
သင်တို့ ဘာသိသင့်သလဲဆိုတာကို ကျွန်ုပ်တို့က သိနှင့်နေတယ်

ဒူးရင်းသီး အနုပညာတိုက်ဟာ စူးစူးဝါးဝါး လှနေသလို
ပန်နင်ဆူလာ ကုန်တိုက်မှာ စူးစူးဝါးဝါး အနံ့တွေ ထွက်နေတယ်
ညနေခြောက်နာရီမှာ ဆရာတော်တရားပွဲရှိတယ် ဓမ္မမိတ်ဆွေများ
အီးမေးလ်တစ်စောင်နဲ့ ဖုန်းမက်ဆေ့ခ်ျတစ်ခု RSVP အကြောင်းပြန်ရန် လို/မလို
ဟေ့ နားမလည်ဘူးလား ငါ့တရားဟာ ငါ့ကဗျာ ငါ့အဘိဓမ္မာဟာ ငါ့ကဗျာ
ငါ့ကျင့်စဉ် ငါ့ယောဂ ငါ့ပယောဂဟာ ငါ့ကဗျာ
နှစ်ဆယ့်လေးနာရီ/ခုနစ်ရက် per second billing, non-stop
ဘာတွေတုန်း ဘာတွေတုန်း
ဆက်သွယ်ရေးဧရိယာအတွင်း ထိန်ထိန်သာနေတဲ့ မီးရောင်တွေကြား
ငါ့စိတ်ကူးစိတ်သန်းတွေ လောင်းရိပ်ကျလို့


ပန်ဒိုရာ
၂၆.၆.၂၀၁၁



စလုံးဝေါဟာရများ ရှင်းလင်းချက်

အော့ချတ် = Orchard
ကယာစူး = Kiasu = fear of losing
ဂါးမန်း= gahmen = government
ပန်နင်ဆူလာ = peninsula plaza (မြန်မာများ ကျက်စားရာ)
အိတ်ခ်ျဒီဘီ တိုက်ခန်း = HDB flat = အစိုးရ ရောင်းချသော တိုက်ခန်း
limited land - unlimited space = SLA (အစိုးရမြေစာရင်းဌာန) ၏ ဆောင်ပုဒ်
မာလိုင်းရင်း = merlion
စန်တိုစာ = sentosa
ကိုပီတီယံ = kopitiam (စားသောက်ဆိုင်တန်း နာမည်)

Expand..