“သင်္ကြန်တေး”
မြမြဖူးခိုင်ရွှေဝါတဲ့
တစ်နှစ်တစ်ခါဒီပိတောက်
နှစ်ဦးကိုရောက်ခဲ့ပြန်ပြီပေါ့။
အဦးဆုံးလောင်းမယ့်ရေတစ်ခွက်အတွက်
တမ်းတမ်းမက်မက်ရင်ခုန်
လွန်ခဲ့တဲ့ဆယ့်ငါးနှစ်ကျော်ပုံရိပ်တွေက
ရေစိုရွှဲရွှဲ မျက်ရည်ဝဲ၀ဲ
ဆယ်ကျော်သက်တို့ အသည်းခွဲတမ်းကစားခန်းနဲ့
စွဲလန်းခဲ့ရတဲ့သင်္ကြန်။
သင်္ကြန်မတိုင်မီတစ်ရက်မှာ
သစ္စာမဏ္ဍိုင်ခိုင်ခိုင်စိုက်ကြ
ဘယ်သူမှမ၀င်ရ
အရေးမကြီးရင်ဖုန်းမခေါ်ရ
ပိတ်ရက်လေးရက်ဟာတိုလွန်းလှ
တို့နှစ်ယောက်ဘ၀ တစ်ကမ္ဘာဆိုတဲ့
အချစ်လှလှနဲ့ မနှစ်က သင်္ကြန်။
သင်္ကြန်မလေးတွေ က ကြ
ဒီလိုဒီလိုအလှ
ရေစိုစိုမှာကြွကြွရွှရွှ
မြို့ပြရဲ့မဏ္ဍပ်တွေမှာ
စတစ်ကာကြော်ငြာ မီးရောင်စုံဝေဖြာ
ရေဆာရင်ဘီယာတကျိုက်နဲ့
မီးသတ်ပိုက်ဆို ရယ်တာပေါ့ဆိုတဲ့
အပျော်စုံမြူး သေသောက်မူးတို့ရဲ့သင်္ကြန်။
ရေရှားဖုန်ထူ
ငယ်ငယ်တုန်းက မြို့ပူပူကလေးမှာတော့
ထော်လာဂျီနဲ့တစ်ပတ်ပတ်
ရေညစ်ပတ် ရေငန်ငန်
ကန်ရေချောင်းရေ
မြောင်းရေ ရွှံ့ရေ
ဘာရေမှဗွေမယူနိုင်
ပြည်ရွာစည်ကြောင်း
ဆည်မြောင်းချောင်းကန်
မပြည့်လျှံရကောင်းလားလို့လည်း
အကြောင်းတရားတို့အကြား ခေါင်းမစားနိုင်
သင်္ကြန်ဆိုတာ စိုသွားဖို့ပဲမဟုတ်လား နော ဆိုတဲ့
ပြည်သူပြည်သား လူအများတို့ရဲ့ သင်္ကြန်။
အဲဒီလို..
သင်္ကြန်မျိုးစုံ ဟန်မျိုးစုံ အသံမျိုးစုံနဲ့
တစ်နှစ်တစ်နှစ်ရှည်သွားချိန်မှာ
ရေခြားမြေခြား
ငွေရှားတဲ့ခဏ
အဖေအမေများနဲ့ဝေး
အဲ..တစ်ယောက်နဲ့လည်းဝေးနေရတဲ့ဘ၀မှာတော့
ပိတောက်တွေလည်းမမွှေးပြီကွယ်
ရွှေပြည်တော်ကြီး ဘယ်တော့နီး
ခရီးခုလတ်မှာမောလှပါတယ်
တန်ခူးလေအေး သွေးပါကွယ်
သင်္ကြန်မိုးဖွဲ သည်းပါကွယ်။
ဒီလိုနဲ့..
နှစ်ကူးပြီးတိုင်း
အရူးမီးဝိုင်း ဘ၀ကိုသုံးသပ်မိတော့
သံသရာဒီဇာတ်
ဆက်မပြတ်လည်သွားဖို့
အထပ်ထပ် တကယ်မှားခဲ့မယ်
လောဘတွေကြားမှာ ဒေါသထားလို့
မောဟပွားရင်ပွားခဲ့မယ်
ငါ့အမှားတွေကို
သိကြားမင်းပုရပိုက်မှာ
မှတ်ချင်လည်းမှတ်လိုက်ပါတော့ကွယ်။
သင်္ကြန်...
ပုံရိပ်များ...
တဒိတ်ဒိတ်သွေးခုန်သံကြားတိုင်း
ငါအဖျားကြီးဖျားနေပြီကွယ်
အနှစ်သုံးဆယ်ကျော် နှလုံးသားက
အပြုံးတွေ တစတစ ပါးပြီး
အမုန်းတွေသာ ဆဆပွားလာခဲ့ရင်
သင်္ကြန်ရေနဲ့ဆေးလို့လည်းစင်နိုင်ပါ့တော့မလား
ရွှင်နိုင်ပါတော့မလား
ကဲ ဘာမှမစဉ်းစားနဲ့
တူးပို့တူးပို့တွေနဲ့
မြူးလို့ထူးလို့နေပါ့ကွယ်
တော်သလိုဒီဘ၀မှာ
အပျော်ဆိုတာယူတတ်မှရမှာမို့
အပူဓါတ်ကိုဖြတ် အကြောင်းဆင်ခြင်
အကောင်းမြင်ဝါဒနဲ့ ကဗျာအလှတွေကိုသာသီလိုက်ကြစို့ရဲ့။ ။
ပန်ဒိုရာ
၈၊၃၊၂၀၀၇
Mushroom chicken creamy pasta
-
Photo credit GoogleChicken breast - 500 gm (Dice 1.5cm )Pasta - 300
gm Mushroom - 250 gm ( chop thin cut)Thicken cream - 300 mlCheese (grate) -
200 gmBlack...
3 days ago
4 comments:
အရမ်းကောင်းတဲ့ ကဗျာပဲဗျာ။ လေးစားပါတယ်။ အကြောင်းအရာစုံအောင် တစ်ခါတည်း ထည့်လိုက်နိုင်တယ်။ အားပေးနေပါတယ်ဗျာ :)
အားပေးတဲ့အတွက် ကျေးဇူး။
မပန်ရေ အခုမှ မြင်လို့ ခုမှပဲ ရေးရတော့တယ်။ သိပ်ကောင်းတဲ့ ကဗျာလေးပါ။
ဒိုရာ ဘလော့ဂ် တနှစ်ပြည့်ပြီနော်။ တနှစ်ပြည့်ကြောင်းကိုတော့ ကျနော်သိတာ ရက် နည်းနည်းနောက်ကျသွားတယ်။ တနှစ်ပြည့်တဲ့ အချိန်မှာ ကျနော့်စိတ်ထဲမှာ ထူးထူးခြားခြားနဲ့ပဲ လွန်ခဲ့တဲ့ တနှစ် ပန်ဒိုရာဆိုတဲ့ ဘလော့ဂ်လေးကို စတင် တင်ဆက်ခဲ့တဲ့ အချိန်မှာ ဘာတွေရေးထားလဲဆိုတာ ပြန်ဖတ်ချင်တာနဲ့ ပို့စ်အဟောင်းတွေဘက် မျက်လုံးဦးလှည့်ခဲ့ပါတယ်။
ကွန်ဂရက်ကျူလေးရှင်း လုပ်ချင်တာ တခု ရှိပါတယ်။ ဒိုရာ အတော်လေးကို အောင်မြင်နေတယ်။ ပို့စ်တခုဆို ဆိုသလောက် အားပေးသူ အပြည့်နဲ့ ဖြစ်နေတာ တော်တော်ကို အားရစရာကောင်းတယ်။ ဘယ်လောက်ထိလဲဆို ကွန်မန့် ၀င်ရေးဖို့တောင် သိမ်ငယ်မိအောင်ပဲ။ (မနာလိုတာလဲ ပါမလား မသိဘူး) :P
နောက်ထပ်လဲ ပို့စ်ကောင်းပေါင်းများစွာကို အောင်မြင်စွာ တင်ဆက်နိုင်ပါစေ ဒိုရာ။ အခု ကွန်မန့်ကို ရေးပြီးရင်လဲ ဒိုရာရဲ့ ဘလော့ဂါဘ၀ အစ ပို့စ်တွေကို အမှတ်ရရနဲ့ လိုက်ဖတ်လိုက်ပါဦးမယ်။
Post a Comment