Sunday, July 1, 2007

Identity

Identity

မိုးစင်စင်လင်းသောအခါ နံနက်ခင်းဟု ခေါ်ကြသည်။
လမ်းကလေးက သာသာယာယာ။ အနင်းခံ အလျှောက်ခံသော အလုပ်ကိုလုပ်ကာ သွားလာသူတွေကို ပို့ဆောင်ပေးနေသည်။ ပန်းကလေးများက ပွင့်သောအလုပ်ကို လုပ်နေကြသည်။ လိပ်ပြာများ ပျားပိတုန်းများ လာနားလျှင်တော့ ၀တ်ရည်ပေးခြင်း ၀တ်မှုန်ကူးခြင်း အလုပ် တို့ကို လုပ်သည်။ လူများ နှင့် အခြားသက်ရှိသက်မဲ့ အရာဝတ္တုများသည် တခါတခါ ပြုလုပ်သူများ ဖြစ်၍ တခါတခါ ပြုလုပ်ခံရသူများဖြစ်ကြသည်။ သူတို့မှာ ကိုယ်ပိုင် သတ်သတ်မှတ်မှတ် လုပ်ငန်းဆောင်တာများ နယ်ပယ်များ ရှိကြသည်။ အားလုံး ဒီလိုပဲ ဖြစ်မည် ထင်သည်။ ဖြစ်ဖို့များပါသည်။


ပန်းခြံထဲမှ ခုံတန်းဟုခေါ်သော ထိုင်စရာနေရာတွင် ထိုင်နေမိသည်။ ဘေးနားမှာ လူတစ်ယောက် လာထိုင်သည်။
“ဟဲလို.. ဒီနေ့ ရာသီဥတု သာယာတယ်နော်။”
သူက စနှုတ်ဆက်သည်။
“ဟုတ်ကဲ့.. မနေ့ကတော့ မသာယာဘူး။”
အဲဒီလို ပြန်ပြောလိုက်မိသည် ထင်သည်။ ရာသီဥတုအကြောင်းဖြင့် စတင်ကာ စကားစမြည် ပြောကြခြင်းသည် လူယဉ်ကျေးတို့၏ အလုပ်ဟု ဆိုကြသည် မဟုတ်လား။ သို့သော် ကိုယ်ပြောလိုက်ပုံက မကောင်းမြင်ဘက်က ဖြစ်သွားနိုင်သည်။ ရိုင်းသည်ဟုပင် သတ်မှတ်ကောင်း သတ်မှတ်နိုင်သည်။ ကံကောင်းစွာ သူက သိပ်အလေးထားမိပုံမပေါ်။
“ဒီလိုလေ မနေ့က မကောင်းခဲ့တော့ ဒီနေ့ရာသီဥတု သာယာတာ ပိုပျော်စရာ ကောင်းမှာပေါ့။”
တစ်ခွန်းထပ်ပြောပြီးမှ ကိုယ့်စကားကို ကိုယ်ပြန်မကြိုက်။ သို့သော် သူ့မျက်လုံးများ ၀င်းလက်သွားသည်။
“ဟာ ဟုတ်တယ် သိပ်မှန်တဲ့ စကားပဲ။”
ဒီလူကြည့်ရသည်မှာ ယနေ့အဖို့အလိုလိုနေရင်း တက်ကြွပျော်ရွှင်နေပုံ ပေါက်သည်။ ကိုယ့်ဖက်ကို အနည်းငယ် စောင်းလှည့်ကာ အားပါးတရ ပြုံးပြလေသည်။
“အေးဗျာ ရာသီဥတုကောင်းလည်း ကြာကြာတော့ မထိုင်နိုင်ပါဘူး။ အလုပ်ကို သွားရဦးမယ်။ ခင်ဗျားရော။”
“မသွားရပါဘူး။”
ဒီနေ့ စနေနေ့မို့ ရုံးပိတ်သည် ဆိုတာကို ထည့်မပြောလိုက်မိ။
“သြော် သြော်.. ကျွန်တော်က ဒီပန်းခြံကနေ လှမ်းမြင်နေရတဲ့ ဟိုရုံးကြီးမှာ လုပ်တာလေ။ အင်ဂျင်နီယာပေါ့။ ခင်ဗျားက ဘာလုပ်သလဲ။”
“ဘလော့ဂ်ရေးတယ်။”
အဲ.. ခေါင်းထဲရှိတာကို လွှတ်ခနဲ ပြောလိုက်မိသည် ထင်သည်။
သူ ခဏတော့ အူကြောင်ကြောင်ဖြစ်သွားသလို ။
“ အဲ.. ခင်ဗျားက ရယ်စရာ ပြောတတ်တာပဲ.။”
သူကသဲ့သဲ့ရယ်သည်။ ကိုယ်က လိုက်မရယ်တော့ ခဏငြိမ်သွားပြန်သည်။
“ဒီခေတ်မှာ ဘလော့ဂ်ရေးတာတွေ တော်တော် ခေတ်စားတာကိုး။ ဘာအကြောင်းအရာတွေ ရေးသလဲ။”
“အစုံပါပဲ။ ကဗျာ၊ စကားပြေ၊ ပုံလေးဘာလေးလည်း နည်းနည်း ဆွဲကြည့်တယ်။”
“ဒီလိုလေ.. ကျွန်တော် ပြောတာက ဘာအကြောင်းအရာတွေလဲ. နည်းပညာလား. . အချစ်လား.. ဘ၀လား. နိုင်ငံရေး..ဘာသာရေး စသဖြင့်ပေါ့။”
“ဘာရယ်မဟုတ်ပါဘူး။ စိတ်ထဲ ရှိသလိုပါပဲ။”
“ဒါဆိုလည်း ရည်ရွယ်ချက် တစ်ခုခုတော့ ရှိမှာပေါ့။”
“မရှိပါဘူး။”
သူ့မျက်နှာမှာ စိတ်ပျက်မှုတွေ မထင်မရှားပေါ်လာသည်။ ဟုတ်ပါရဲ့ ဒီလိုဆို ဘလော့ဂ်ရေးခြင်းကို ဘာလို့များ စကားထဲ တခုတ်တရထည့်ပြောနေရသေးလဲ။ ဘုရားဘုရား.. လူတစ်ယောက်ရဲ့ သာယာကြည်နူးဖွယ် နံနက်ခင်းကို လုံးလုံးလျားလျား မဖျက်ဆီးမိခင် ထွက်ပြေးမှဖြစ်မည်။ ထိုင်ရာမှ ထလာမိသည်။ သွားတော့မယ်နော် ဟု နှုတ်ဆက်ခဲ့ဖို့ ထုံးစံအတိုင်း မေ့သွားပြန်ပြီ။ ဘာထင်ပြီး ကျန်ခဲ့မလဲတော့ မသိ။

~~~~~~~~~~~~~~~~~~~~

လက်ဖက်ရည်ဆိုင်တစ်ခုဆီ ရောက်လာပြီ။ အာဟာရ ဖြည့်ဖို့ အလုပ်ကို အခုမှ သတိရသည်။ မွန်းတည့်တော့မည်။
“ကော်ဖီတစ်ခွက်၊ ပေါက်ဆီတစ်လုံး ပေးပါ။”
“ဟေး ပန်ဒိုရာ”
မိတ်ဆွေ တစ်ဦးကို တွေ့လိုက်ရသည်။
“လာ.. ဒီဘက်စားပွဲကို လာ”
တချို့လူများသည် ဦးဆောင်ဦးရွက် လုပ်နိုင်ကြသည်။ ဒီတော့လည်း သူပြောသည့်အတိုင်း သွားလိုက်ရုံပေါ့။
“အဲဒါ ပန်ဒိုရာတဲ့။ သူက ဘလော့ဂါလေ”
သူ့ဘေးမှာ ထိုင်နေသူတွေကို လှည့်ပြောသည်။
“ဟုတ်လား.. ကျွန်မလည်း ဘလော့ဂ်ရေးတယ်”
“သား သိတယ်.. အစ်မ ဘလော့ဂ်ကို လာလာဖတ်တယ်ဗျ။”
“ကျွန်တော် ဘလော့ဂ်တွေ မဖတ်ဖူးဘူး။”
အသံသုံးမျိုးမှ ကွဲပြားခြားနားသော ကောက်ချက်သုံးမျိုးကို ကြားလိုက်ရသည်။
“ဒီအစ်မရေးတာတွေ သိပ်ဖတ်လို့ကောင်းတာ.. သားအမြဲဖတ်တယ်.. တွေ့ရတာ ၀မ်းသာလိုက်တာ”
သားဟု သူ့ကိုယ်သူပြောသော ကောင်လေးက ဆက်ပြောသည်။
ဘလော့ဂ်ရေးသည် ဟု ပြောခဲ့သော အမျိုးသမီးလေးက
“ဟုတ်လား ကျွန်မတော့ လာမကြည့်မိဘူး.. ဘလော့ဂ်လိပ်စာလေး ပေးပါဦး”
“http://pandora-and-pandora.blogspot.com ပါ”
“အင်.. တမျိုးပါလား.. ဘာလို့ pandora ကနှစ်လုံး ဖြစ်နေရတာလဲ”
“နောက်တစ်လုံးက back-up ပါ”
အားလုံး ရယ်လိုက်ကြသည်။ ရယ်စရာ ပြောမိသလား။ မျှော်လင့်ချက် တစ်ခုသာ ကျန်သော သေတ္တာတစ်လုံးသည် ဘယ်လောက် စွန့်စားမှုကြီးသလဲ ဆိုတာ သူတို့မသိကြ။
“ဒီအစ်မကလေ ကဗျာတွေလည်း အများကြီးရေးတယ်”
သား ဆိုသည့်ကောင်လေးက ပြောပြန်သည်။
မိတ်ဆွေကပါ ထောက်ခံသည်။
“သူက ကဗျာဆရာလေ ဟားဟား..”
ဘလော့ဂ်မဖတ်ဖူးဘူး ဆိုသူသည် ခေါင်းနည်းနည်း ထောင်သွားသည်။
“ဟာ ဟုတ်လား ဘယ်လိုင်းလဲဗျ.. ကဗျာတော့ ကျွန်တော်လည်း စိတ်ဝင်စားတယ်။ ကျွန်တော်ကတော့ ပို့စ်မော်ဒန်တွေရေးတယ်..မဂ္ဂဇင်းတွေ ပို့တယ်။”
“ကဗျာဆရာတော့ မဟုတ်ပါဘူး. ကဗျာရေးတဲ့အခါတော့ ကဗျာရေးသူ ဖြစ်သွားမှာပေါ့လေ။ လိုင်းရယ်လို့ သတ်မှတ်ပြီးမရေးပါဘူး။ ပြောရမယ် ဆိုရင်တော့ စိတ်ထဲပေါ်တာ ရေးတာပါပဲ။ တခါတခါလည်း ရိုးရာဖြစ်မယ်။ မော်ဒန်ဖြစ်ချင်လည်း ဖြစ်မယ်ပေါ့။”
“ဟာ. ဒါလည်းကောင်းတာပဲ.. inspiration အတိုင်းရေးတဲ့ အနုပညာပေါ့။”
ဘလော့ဂ် မဖတ်ဖူးသူသည် အကောင်းမြင်ဝါဒ ရှိသူဖြစ်နိုင်သည်။
“အဲ.. အနုပညာတော့လည်း မဟုတ်ပါဘူး.. ဟင်းချက်တာတို့ တခြား ဆောင်းပါးလေးတွေ ဘာတွေလည်း စိတ်ကူးတည့်ရာ ရေးတာပါပဲ.။”
“ဒါဆို ရောကျော်ပေါ့ ဟင်းဟင်း .. ကျွန်မကတော့ ကျွန်မ ဘလော့ဂ် လာဖတ်သူတွေ တစ်ခုခု ရသွားစေချင်တာပါပဲ။ အဲဒီလို စာတွေပဲရေးတယ်။”
ဖြတ်ပြောလိုက်သော အမျိုးသမီးလေး၏ လေသံကြောင့် မိတ်ဆွေနှင့် ဘလော့ဂ် မဖတ်ဖူးသူက အားနာသလို တချက်ကြည့်သည်။ သားဆိုသည့် ကောင်လေးကတော့ ခွီးခနဲ တစ်ချက်ရယ်သည်။ စားလက်စ ပေါက်ဆီကို ကော်ဖီဖြင့်အပြီးသတ် မျိုချကာ တစ်ခုခုပြောမည် ဟန်ပြင်တော့ အားလုံး အာရုံစိုက်လာကြသည်။
“ဟို.. မုန့်ဟင်းခါး တစ်ပွဲလောက် မှာမလို့ပါ..”

~~~~~~~~~~~~~~~~~~~~

“နာမည်က ပန်ဒိုရာနော်”
“ဟုတ်ကဲ့”
“ဘာ အဓိပ္ပာယ်လဲ..”
“မြန်မာလိုဆို အဓိပ္ပာယ်ယူလို့မရပါဘူး။ အင်္ဂလိပ်လိုပါ ။”
“ဟာ အင်္ဂလိပ်မှာလည်း ဒီနာမည်မကြားဖူးပါဘူး.. ပင်မလာတို့ ပင်ကီတို့ ပဲ ကြားဖူးတယ်။”
“ဂရိ ပုံပြင်ထဲက နာမည်တစ်ခု ဆိုပါတော့။”
ကာလ ဒေသ ပယောဂသည် ဂရိပုံပြင်တစ်ပုဒ်ကို အစအဆုံးပြောပြရန် မသင့်တော်ဟု ကိုယ့်ဘာသာ ဆုံးဖြတ်လိုက်သည်။
“အင်း..ထားပါတော့။ ဘာလုပ်လဲ။”
ဒီတစ်ခါတော့ ဘလော့ဂ်ရေးသည်ဟု အမှတ်မဲ့ မဖြေမိအောင် သတိထားမှ။
“ရုံးမှာပါ။”
“ရုံးတော့ ဟုတ်တာပေါ့။ ခင်ဗျားကို ဘာလဲလို့မေးတာ။”
ခင်ဗျားဘာလဲ တဲ့။ ဆတ်ခနဲ အိပ်ချင်ပြေသလို ဖြစ်သွားသည်။ သူက ဆက်ပြောသည်။
“ဒီလိုလေ စာရင်းကိုင်လား အင်ဂျင်နီယာလား ကျောင်းဆရာလား ကွန်ပျုတာပရိုဂရမ်မာလား ကျွန်တော်တို့လို ဆရာဝန်လား သူနာပြုလား စသည်ဖြင့်ပေါ့။”
အခုလောက် စိတ်ရှည်စွာ ရှင်းပြတာ အားနာဖို့တော့ ကောင်းလှသည်။ ဒါပေမယ့်…
“အင်း အဲဒါတွေ တစ်ခုမှ မဟုတ်ဘူး။ ဘာမှ မဟုတ်ဘူးဆိုရင်ရော။”
“အာ.. ဘာမှမဟုတ်လို့တော့ ရမလားဗျ။ လူဆိုတာ တစ်ခုခုတော့ ဟုတ်ကြတာပဲလေ။ ကျောင်းသား ဆိုလည်း ကျောင်းသားပေါ့။ ခင်ဗျားရုံးမှာ ဘာလုပ်ရတာလဲ။”
လူတိုင်းဟာ တစ်ခုခုတော့ ဟုတ်ကြသလား။ စိတ်ထဲမှာ သိပ်မသေချာစွာဖြင့် ဖြည်းဖြည်း ပြန်ဖြေမိသည်။
“အီးမေးလ်စစ်တယ်။ စာပြန်တယ်။ ဖုန်းလာရင်လည်း တချို့ကိစ္စတွေ ရှင်းပြရတယ်။ အစည်းအဝေးတက်တယ်။ စီမံချက်ဆွဲတယ်။ အထက်လူကြီးတွေကို ရီပို့တင်တယ်။ တချို့အလုပ်တွေကျတော့ သူများကို သင့်တော်သလိုခွဲပေးရတယ်။ အဲ သူတို့မှာ ပြဿနာတွေ တက်လာရင်တော့ ရှင်းပေးရတယ်။”
“ဒါဆို မန်နေဂျာပေါ့။”
သူက အနည်းငယ် စိတ်မရှည်စွာ စကားကိုဖြတ်လိုက်သည်။
“မဟုတ်ဘူး။ မန်နေဂျာလို့လည်း သူတို့မခေါ်ကြဘူး။”
ဆရာဝန် ခေါင်းတစ်ချက် ကုတ်လိုက်သည်။
“ကဲ..ကဲ .. ထားပါတော့.”
အလုပ်အကိုင် ဆိုသည့်နေရာမှာ ရုံးအလုပ် ဟု ရေးလိုက်တာ တွေ့လိုက်သည်။
“ကဲ ခင်ဗျား ခြေထောက်နာတာ ဘယ်တုန်းကစသလဲ ပြော..”
…………………
………………..
…………………

ဆေးခန်းမှ ပြန်ထွက်လာတော့ တော်တော်မှောင်နေပြီ။ ဓာတ်မီးတိုင်မှ မီးလုံးများသည် မီးလင်းသောအလုပ်ကိုလုပ်နေကြသည်။ လေသည် တိုက်သောအလုပ်ကို လုပ်နေသည်။ ပြေးလွှားနေသော ဘတ်စ်ကား တစ်စီးကို စောင့်ရန်အတွက် စောင့်ရမည့်နေရာဖြစ်သော မှတ်တိုင်မှာ ထိုင်စောင့်နေလိုက်သည်။ အိပ်ပြန်ရောက်လျှင် ညစာစားခြင်း နှင့် အိပ်ခြင်းအလုပ်ကို လုပ်ရမည်။

~~~~~~~~~~~~~~~~~~~~

မိုးစင်စင်လင်းသောအခါ နံနက်ခင်းဟုခေါ်ကြသည်။
တညလုံး မိုးရွာထားသဖြင့် လမ်းကလေးက စိုစွတ်နေသည်။ အနင်းခံ အလျှောက်ခံသော အလုပ်ကိုလုပ်ကာ သွားလာသူတွေကိုတော့ ပို့ဆောင်ပေးနေမြဲ။ ပန်းကလေးများက ပွင့်သောအလုပ်ကို လုပ်နေကြသည်။ လိပ်ပြာများ ပျားပိတုန်းများ လာနားလျှင်တော့ ၀တ်ရည်ပေးခြင်း ၀တ်မှုန်ကူးခြင်းအလုပ် တို့ကို လုပ်သည်။ လူများ နှင့် အခြား သက်ရှိသက်မဲ့ အရာဝတ္တုများသည် တခါတခါ ပြုလုပ်သူများ ဖြစ်၍ တခါတခါ ပြုလုပ်ခံရသူများ ဖြစ်ကြသည်။ သူတို့မှာ ကိုယ်ပိုင် သတ်သတ်မှတ်မှတ် လုပ်ငန်း ဆောင်တာများ နယ်ပယ်များ ရှိကြသည်။ အားလုံး ဒီလိုပဲ ဖြစ်မည် ထင်သည်။ ဖြစ်ဖို့ များပါသည်။

သတင်းစာတစ်စောင်ကို ဖတ်ပြီးသောအခါ မိုးရေစက်များမှ ကာကွယ်ရန် အခုလို ဖြန့်ခင်းထိုင်လို့လည်း ရပါသည်။ ပန်းခြံထဲမှ ခုံတန်းဟုခေါ်သော ထိုင်စရာနေရာတွင် သတင်းစာကိုခင်းကာ ထိုင်နေမိသည်။ အနားမှာ အရိပ်တစ်ခုကျလာသည်။ အမှတ်မထင် မော့ကြည့်လိုက်သည်။ အမျိုးသမီးတစ်ယောက်နှင့် မျက်လုံးချင်းဆုံမိသွားသည်။
“ဟိုင်း.. ဒီနေ့ ရာသီဥတုက စိုစွတ်နေတယ်နော်။”
သူမက စပြီးနှုတ်ဆက်လေသည်။

ပန်ဒိုရာ

19 comments:

Anonymous said...

ဒီ ရသ စာတမ်းလေးကောင်းတယ်…ဖတ်သူတွေကြိုက်သလိုအဓိပ္ပါယ်ဖွင့်ခံစားဖို့  ကျွန်တော့်အမြင်နဲ့ ဝင်မရှုပ်တော့ပါဘူး..ကျေးဇူး

မေငြိမ်း said...

ပန်..
မျှော်လင့်ချက် တစ်ခုသာ ကျန်သော သေတ္တာတစ်လုံးသည်
ဘယ်လောက် စွန့်စားမှုကြီးသလဲ ဆိုတာ သူတို့မသိကြ။
ဒီအက်ဆေးလေးဖတ်ရတာ
ကိုယ့်ဝန်းကျင်ကို..ပြီေးတာ့ ကိုယ့်ကိုယ်ကို ကြည့်နေရသလိုပဲ။

Anonymous said...

မပန်... ဘ၀မှာ အရာရာတိုင်း လူတိုင်း သူတို့လုပ်သင့်တာ လုပ်နေကြသည် ဆိုတဲ့ အဓိပ္ပါယ်လေးကို ကြိုက်တယ် ။

Anonymous said...

ပုံရိပ် ကတော့ ပေါက်စီနဲ့ ကော်ဖီ ကို ကြိုက်တယ်။ :D
အလကား နောက်တာ။ ဖတ်လို့ ကောင်း တယ် မပန်။ မပန်က အရေးအသား ကောင်းပ။

ZawZaw said...

ဒီပို့ က အတွေး အခေါ် အရေးအသား တချို့ က ကျွန်တော့် ကို ဖမ်းစား တွေးတောနေစေခဲ့ တယ်။
ထပ်ပြောမယ် နော်-
ဖတ်လို့ ကောင်းတယ်။

မေဓာဝီ said...

ကြိုက်တယ် … ပန်ပန် …
ဒီ့ထက်ပိုပြီး မပြောတတ်တော့ဘူး …

မမေ

Ye-Mon said...

ရည်ရွယ်ချက်မရှိရင် ဘလောက်မရေးရတော့ဘူးလား။ စဉ်းစားစရာပါပဲ။ ဘလောက်တစ်ခုလုံးကို ခြုံငုံမိတဲ့ ရည်ရွယ်ချက်မျိုး မရှိရင်တောင်မှ ပို့စ် တစ်ခုတစ်ခုစီမှာ ပြောချင်တာလေးတွေ ရှိနေမှာတော့ အသေအချာပါ။ ဥပမာ - ဒီပို့စ်မှာဆို ဟာသကဲတယ်၊ ဖြန့်ထွက်တွေးခြင်းသဘော ဆောင်တယ်၊ ဘလောက်ဂါများသာ နားလည်နိုင်တာတွေလည်းပါတယ်။ ဒီလိုနဲ့ပဲ ဘလောက်ဂါဆိုတာ ဘလောက်ဘာသာစကား ပြောတဲ့ လူမျိုးတစ်မျိုး ဖြစ်လာတော့မလားလို့တောင် ကျွန်တော်တွေးမိတယ်။

pandora said...

ဒီပို့စ်အတွက်ကတော့ ကွန်မန့်ရေးကြသူများကို တစ်ဦးချင်းပြန်စရာ စကားမရှိ ဖြစ်နေတယ်.. ရှင်းပြစရာလည်း မရှိတော့ ကြိုက်သလို ယူဆနိုင်ပါတယ်..
ထင်မြင်ချက်တွေ ဒီ့ထက် အသေးစိတ် ပြောနိုင်ရင်လည်း ပိုလို့ ကျေးဇူးတင်ရဦးမှာပါ..
ကိုရဲမွန်ပြောတဲ့.. ဘလောက်ဘာသာစကား ဆိုတာတော့ သဘောကျသား..
ဒီ အသုံးအနှုန်းလေးကနေ ကဗျာတစ်ခု အဖြစ် ကူးပြောင်းကောင်း ပြောင်းသွားနိုင်တယ်..

P.Ti said...

ဖတ်လို့တကယ်ကောင်းတယ် ပန်ဒိုရာရေ…
ဟုတ်တယ် ကိုမင်းရေ…ဒါကြောင့် ဘလောက်စကားသင် နေရတယ် လေ…တော်ကြာ ခေတ်နောက်ကျသွားမှာ စိုးလို့… :P

Hteink Min said...

အရမ်းအရမ်းကို ဖတ်လို့ကောင်းပါတယ်။ ...နေရာပေါင်းစုံကို ရောက်သွားသလိုပဲ..

clef said...

ပုံဆွဲတော်လိုက်တာလို့ ချီးကျူးရတဲ့ မပန် logic လေးက လူကို ငိုင်သွားတာပဲ။ ဘဝထဲက မိုင်တိုင်တွေအတွက် ရုန်းကန်ပြီး နှလုံးသားထဲက မှတ်တိုင်တွေအတွက် blog ရေးနေကြတာလားလို့ တွေးမိသွားတယ်။

Anonymous said...

ဒီလိုလေ.. ကျွန်တော် ပြောတာက ဘာအကြောင်းအရာတွေလဲ. နည်းပညာလား. . အချစ်လား.. ဘ၀လား. နိုင်ငံရေး..ဘာသာရေး စသဖြင့်ပေါ့။”
“ဘာရယ်မဟုတ်ပါဘူး။ စိတ်ထဲ ရှိသလိုပါပဲ။”
“ဒါဆိုလည်း ရည်ရွယ်ချက် တစ်ခုခုတော့ ရှိမှာပေါ့။”
“မရှိပါဘူး။”
………
……….
“အင်း အဲဒါတွေ တစ်ခုမှ မဟုတ်ဘူး။ ဘာမှ မဟုတ်ဘူးဆိုရင်ရော။”
…………
………….

I think I found someone who shares the same view with me...
Sometimes we think we are not contributing anything or don't intend to educate, persuade or promote anything to anyone; however, indeed we are contributing at least something to somebody. :D :D
(i know it sounds confusing)

I printed this post :)

Thet Htoo@Myat Lone said...

ဒီလိုစာမျိုးများများရေးနိုင်ပါစေခင်ဗျာ..

ဘလော့ဂါရဲ့ Identity
ဘလော့ဂ်ရဲ့ Identity
လူတွေရဲ့ Identity

ှုIdentity က ရှေ့ကလား ဘယ်အရာက ရှေ့ကလဲ..

စိတ်ထဲမှာ ပြောမပြတတ်တဲ့ ရသတစ်ခုကို အခိုင်အမာ ရရှိစေအောင် ရေးနိုင်တဲ့ မပန်ဒိုရာကို လေးစား ချီးကျူးပါတယ်ခင်ဗျာ.. နောင်ကိုလည်း မကြာခဏ ဒါမျိုးစာတွေ ဖတ်ပါရစေခင်ဗျာ..

pandora said...

ထပ်ပြီး မှတ်ချက်ရေးသွားကြတဲ့ ပီတိ၊ မင်းမင်း၊ clef၊ မလေးနဲ့ ကိုမျက်လုံးတို့ကိုလည်း ကျေးဇူးပါ။
မလေး နဲ့ကိုမျက် You almost read me.

ခင်မင်းဇော် said...

ပန်ဒိုရာဆိုတာ
ကဗျာရေးကောင်းသူ
စာရေးကောင်းသူ
အတွေးအမြင်သစ်သူ
နောက်..
...........
အတုယူစရာတွေ အများကြီးရလိုက်တယ်။

pandora said...

အစ်မကြီး ခင် ရေ.. မှတ်ချက်အတွက် ကျေးဇူးပါ.. အတုယူရအောင်တော့ မဟုတ်လောက်သေးပါဘူး နော်.. ဟဲ..

kay said...

မပန်..ဒီပို့စ်ကိုခုမှ..စာရေးသူအကြိုက်အဖြစ်ပြန်ဖတ်ရတယ်..
အထက်က..ဘလော့ဘာကြောင့်ရေးသလဲဆိုတာရော..ဘာရောပေါင်းဖတ်ကြည့်တဲ့အခါကျတော့...ဘုကျကျ..အပျိုကြီးတယောက်ကိုတွေ့လိုက်သလိုပဲ..(ဟ..ဟ)
သေချာတာကတော့...အရမ်းကြိုက်တယ်..

sisain said...

အရေးညက်ပါပေ့ မပန်ရယ်=)
စိတ်ထဲ မသိတသိဖြစ်နေတာမျိုးလေးတွေကို ချပြနိုင်တယ်။
မပန် ဘာတွေပေးထားသလဲ ဆိုတာထက် ကျနော် တစ်ခုမက ရလိုက်တယ်ဆိုတာက အသေအချာပဲ-

မိုးစဲနေ said...

ဒါလွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကရေးခဲ့တာပဲဗျ. ကျနော်က ဘလော့ကို စာဝင်ဖတ်ရကောင်းမှန်းမသိတဲ့ကောင်.ကျနော်က ၀ထ္ထုတိုလေးလို့ မြင်တယ် ဖတ်ရတာနောက်ကျနေသပေါ့ ရသစာတန်းဘာညာခေါ်ချင်ရာ
မြင်ချင်သလို ခေါ်ကြမှာပေါ့ဗျာ.ခင်ဗျားက လက်မမှန်တဲ့
သူလို့ ခင်ဗျားကို ခင်ဗျားပစ်ပစ်ခါခါပြောတယ်.ကျနော်က
လက်စုံတဲ့သူလို့ခုမြင်တယ် တခုခြင်းစီကို သေသေသပ်သပ် ခင်ဗျားခင်းကျင်းသွားနိုင်တယ်လို့မြင်သွားပါတယ်.ခင်ဗျားကြိုက်နှစ်သက်ရာတွေကို ခုလိုဖတ်ရတာ ကျေးဇူးပါ။