Wednesday, February 11, 2009

ဖွဲ့တည်ရာ မဂ္ဂဇင်း အတွဲ (၁) အမှတ် (၆)


ဖွဲ့တည်ရာ မဂ္ဂဇင်း အတွဲ (၁) အမှတ် (၆) တစ်နှစ်ပြည့် အထူးထုတ် အဖြစ် ထွက်ပါပြီ။ အားပေးဖတ်ရှုဖို့ ဖွဲ့တည်ရာ မီဒီယာ ၀က်ဘ်ဆိုက်မှာ ယူနိုင်ပါတယ်။
http://existencemediagroup.com/

ပန်ဒိုရာရေးတဲ့ အပိုင်းအစများ လို့အမည်ရတဲ့ ၀တ္ထုလေး တစ်ပုဒ် ကိုလည်း ဖော်ပြထားပါတယ်။ ဘလော့ဂ်မှာ မတင်ရသေးတဲ့ အသစ်ပါ။ အောက်မှာ နမူနာ ပေးလိုက်ပါတယ်။
---


အပိုင်းအစများ



“ဒါဆို လူကြုံပစ္စည်း ပေးရင်း ညနေစာ အတူစားကြတာပေါ့”


သူ ဒီလို ပြောလာတော့ သူမက ပေါ့ပေါ့ပါးပါးပဲ လက်ခံလိုက်မိသည်လေ။ တွေ့ကြမယ့် နေ့မှာလည်း ခါတိုင်း ရုံးသွားနေကျလိုပဲ သပ်ရပ်သည့် ၀တ်စားဆင်ယင်မှုမှ လွဲ၍ ထူးထူးခြားခြား ခြယ်သခဲ့ခြင်းမျိုး မရှိခဲ့တာ အမှန်ဖြစ်ပါသည်။ ထိုနေ့က အလုပ်တွေ အိမ်ကိုပါလာ၍ စာရွက်စာတန်းများနှင့် ပြည့်နေသော ခပ်လေးလေး ကွန်ပြူတာအိတ်ကြီး တစ်လုံးကိုပင် ဒရွတ်တိုက်မတတ် ရုပ်ပျက်ဆင်းပျက် သယ်လာခဲ့သေးသည်ပဲ။


တကယ်တော့ သူမနှင့် သူ ပြန်ဆုံတွေ့ဖြစ်ကြတာ မကြာခဏဟု မဆိုနိုင်သလို မတွေ့တာကြာပြီ ဟုလည်း မဆိုနိုင်ပါ။ ပြီးခဲ့သော ခြောက်လခန့်ကလည်း ဒီနိုင်ငံလေးကို သူအလုပ်ကိစ္စ တစ်ခုနှင့် ရောက်လာတော့ သူ့ညီငယ်ရယ် သူမ၏ သူငယ်ချင်း တစ်ယောက်ရယ် နှင့်အတူ နေ့လည်စာ အတူ စားဖြစ်ကြရန် ကြုံခဲ့သေးသည်။ သူ့မိသားစုအတွက်တောင် သူမက လက်ဆောင်အချို့ ထည့်ပေးခဲ့သေးသည်။ သူမ တစ်နှစ်တစ်ခါလောက် အိမ်ပြန်တိုင်းလည်း သူနဲ့ အဆက်အသွယ် အပြတ်ကြီးမဟုတ်ပဲ ကြုံကြိုက်တိုင်း တွေ့ဆုံ နှုတ်ဆက်ဖြစ်သည်လေ။


Oriental House ဟူသော မြန်မာပိုင် စားသောက်ဆိုင်လေးကို မြန်မာတွေစုရပ်ဖြစ်တဲ့ သည်နေရာမှာ လာဖွင့်ထားခဲ့တာ မကြာသေး။ ဒီနေရာက လာရတာ လွယ်သလို တရုတ်စာ မြန်မာအစားအစာ စသည်ဖြင့် မျိုးစုံရနိုင်တာမို့ ဒီဆိုင်မှာ ချိန်းဆိုလိုက်ခဲ့သည်။ ဆိုင်ထောင့်က စားပွဲတစ်လုံးမှာ သူမကို တစ်ယောက်တည်း ထိုင်စောင့်နေသော သူ့ကို တွေ့လိုက်ရတော့မှသာ ဒီတစ်ခါ နှစ်ဦးတည်း အတူတူ ညစာ စားဖြစ်ကြတော့မှာပါလား ဆိုသည့် အသိက ခေါင်းထဲကို ၀င်လာတော့သည်။

ဆက်ဖတ်ရန် ဒီမှာ Download



5 comments:

သက်ဝေ said...

ပန်ပန်ရေ...
ဟိုတစ်နေ့က ပြောခဲ့သလိုပါပဲ...
မိုးရွာနေတယ် မိုးစဲသွားတယ် မိုးတိတ်နေတယ် ဆိုတာတွေက အပြင်ကသူတွေသာ မြင်နိုင်တဲ့အရာတွေပါလေ...
ကိုယ့်ရင်ထဲက မိုးအကြောင်းကိုတော့ ကိုယ့်ဖာသာကိုယ်ပဲ သိနေကြတာမျိုးပဲမဟုတ်လား...
ချစ်စရာကောင်းတဲ့ ၀တ္ထုလေးအတွက် ကျေးဇူးပါ...။

pandora said...

သေသေချာချာ အားပေးသွားတဲ့ အမာခံ မသက်ဝေကို ကျေးဇူးအများကြီးတင်ပါတယ်။ ဒီ့အတွက် ဘာကျွေးမလဲ။
(ဟိဟိ.. ပြောင်းပြန်)

မွန် said...

မြန်မြန်ဒေါင်းလုပ်ချပြီး ပြေးဖတ်လိုက်တယ်
အပိုင်းအစများက ရင်ထဲမှာပါ တပိုင်းတစစီဖြစ်စေသလိုပဲ ကြေကွဲတယ် ဘာကြောင့်မသိ ငိုရတယ် မမရယ်
မိုးတိတ်တာကိုပဲ စိတ်ထဲမကောင်းပေမယ့် အေးလေ မိုးတိတ်မှပါ

ပုံရိပ် / Pon Yate said...

မပန်ရေ ဖတ်ချင်လို့ တော်တော် ဒေါင်းလုပ် လုပ်လိုက်ရပါတယ်။ (ပုံရိပ် ကိုးနတ်ရှင်က နေမကောင်းတာပါ။)
စိတ်ထဲက အတွေးတွေကို နိမိတ်ပုံတွေနဲ့ လှမ်းမြင်ရတယ်။

Anonymous said...

ကျွန်တော်ကတော့ မဂ္ဂဇင်းမှာ စာမူသွတ်ကတည်းက ဖတ်ပြီးသွားပြီ။

တကယ်တော့ `အချိန်ကာလ´ ဟာ လူတွေကို တိုက်စားသွားနိုင်တာပဲနော်...။