Saturday, November 21, 2009

ခေါင်းထဲကမြွေ



ခေါင်းထဲကမြွေ

ပုရွက်ဆိတ်က နှံကောင်ကို လွှဲချ
ရွှေယုန်က ရွှေကျားကို လွှဲချ
ဂျယ်ရီက တွမ်ကို လွှဲချတဲ့ ခေတ်ကာလ
လူတကာခြေနင်းဖတ်အောက်မှာ တုံးအအ ကမ္ဘာကြီးဟာ ပြားရှာတယ်
မှန်ရှေ့က အရွယ်တွေရင့်လာတယ်
ဧဒင်ဥယျာဉ်ထဲက ပန်းသီးတွေရင့်လာတယ်
ကဗျာထဲက စကားလုံးတွေရင့်လာတယ်
ငါ့နှလုံးသားကလည်း ဦးနှောက်ကို လွှဲလွှဲချတော့
မကြာခဏ ခေါင်းကိုက်တယ်
သမားတော်တွေက ခေါင်းကို စကန် ဖတ်ခိုင်းတယ်
(တကယ်တမ်းဖတ်ရမှာ ရင်ဘတ်ဆိုတာ သူတို့မသိကြဘူး)
မရှိမဲ့ရှိမဲ့ အနုပညာဆဲလ် ဆိုတာများရှိခဲ့ရင် ထိပါးသွားမှာစိုးလို့
ကိုယ့်တရားနဲ့ကိုယ် အဆိပ်ဖြေ အိပ်ခွေနေလိုက်ဦးမယ်။

ပန်ဒိုရာ

Tuesday, November 17, 2009

တဖက်လူရဲ့ အနေအထား


တဖက်လူရဲ့ အနေအထား

တဖက်လူက
နှုတ်ခမ်းလေးတွန့်ရုံပြုံးတယ်
သူ့လက်ခုပ်ကို ကျဉ်းလိုက်ကျယ်လိုက်
ပြီးတော့မှ မှောက်ချလိုက်တယ်
အင်္ကျီကို ဆွဲဆန့်တယ် ချောင်းဟန့်တယ်
လျှာထုတ်တယ် ဖုတ်ဖက်ခါတယ်
ဟိုလျှောက်သည်လျှောက် လျှောက်ပြီးမှ
စောင့်ကြည့်နေသူတွေကို လှည့်မကြည့်ဘဲ
နောက်တစ်ခေါက်ပြန်လာခဲ့ ပြောတယ်။
………. ဆိုတော့ကာ
တဖက်လူရဲ့ အရွှေ့တွေက
အကွေ့တွေရဲ့တဖက်မှာ ရောက်နေတယ်
မသေချာခြင်းတွေကို ဗျူဟာခင်းနေလေတော့
မသေချာဘူးဆိုတာတောင် မသေချာတော့ဘူး
အမှန်ကိုရဖို့ အမှန်ကို အရင်ပေးရမယ်ဆိုတာပဲ
မသေချာတဲ့ အမှန်တရားဖြစ်နေတယ်
မှန်ရှေ့မှာရပ်လိုက်ပါ…တဲ့
ပုံရိပ်ယောင်ကို မျက်ခြေမပြတ်
မှန်မှန်စရွှေ့ပါ - လိုက်ရွှေ့မယ် (ဆံခြည်တစ်မျှင်စာမှသည် ကမ္ဘာ့ဝင်ရိုးတဆုံးအထိ)
နည်းနည်းပါးပါးတော့ လွဲလွဲမှားမှားရှိမတဲ့ (ဗယ်နဲ့ညာ)
မှန်ကို မှန်အောင် အမှန်နဲ့ ပစ်ပေါက်ခြင်း
အင်ပလီမန်တေးရှင်း*က အရင်းအနှီး ကြီးလှတယ်။

ပန်ဒိုရာ

*i-m-p-l-e-m-e-n-t-a-t-i-o-n

(ကဗျာက ပျိုးထားတာ အနည်းငယ်တော့ ကြာပြီ။ ဒါပေမယ့် ဆီလျော်ပါသေးတယ်။ တင်လိုက်တယ်။)

Monday, November 16, 2009

နတ်သမီးပုံပြင် သံလွင်အိပ်မက်




သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်း အတွဲ (၃) အမှတ် (၄) ထွက်ပါပြီ။ အပြောင်းအလဲ လို့ တကမ္ဘာလုံးက ဟစ်ကြွေးအော်နေကြတဲ့ အချိန်မှာ ဒီတပတ် ထွက်တဲ့ သံလွင်အိပ်မက် မဂ္ဂဇင်းရဲ့ Theme ကလည်း အပြောင်းအလဲ ဖြစ်ပါတယ်။ အပြောင်းအလဲ ဆိုင်ရာ ဆောင်းပါးတွေကို တ၀ကြီး ဖတ်ရမှာပါ။ ဟာသ ဆိုပြီး အသစ် ကဏ္ဍ တစ်ခု ကို တင်ဆက်ထားတာကိုလည်း တွေ့ရမယ်။ ထပ်မံညွှန်းချင်တာကတော့ အင်တာဗျူးပါ။ မြန်မာနိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်ထားသူတွေရဲ့ နိုင်ငံသားပြောင်းခြင်းဆိုင်ရာ အမြင်တွေကို မေးမြန်းထားပါတယ်။

ပန်ဒိုရာရဲ့ နတ်သမီးပုံပြင် နတ်သမီးအိပ်မက် ဆိုတဲ့ ဝတ္ထုတိုလေး တစ်ပုဒ် ကိုလည်း ဖော်ပြထားပါတယ်။
.......................

နတ်သမီးပုံပြင် နတ်သမီးအိပ်မက်

မီးရောင်စုံတွေ ဝေ့၀ဲနေတဲ့အောက် တဒိန်းဒိန်း စည်းချက်မှန်နေတဲ့ တီးလုံးအတိုင်း ယိမ်းထိုး က နေချိန်မှာ အဲဒီထောင့်စားပွဲကို သတိထားမိတာ ကြာလှပေါ့။ သူက တခြားလူတွေနဲ့ မတူ။ စားပွဲတွေကြားမှာ ပျံဝဲနေတဲ့ လိပ်ပြာမလေးတွေကို ရိသဲ့သဲ့လုပ်တာ၊ လှမ်းပြီးတို့ထိတာ မရှိ။ စင်ပေါ်မှာ ကနေတဲ့ ကျွန်မကိုပဲ စူးစူးစိုက်စိုက် တချက်တချက် ကြည့်နေတာ (ထင်တယ်) လေ။ ဒါပေမယ့် ပန်းကုံးလည်း တစ်ကုံးမှ လာမစွပ်ပြန်ဘူး။ ပုံစံကတော့ အထာတွေ သိပ်မနပ်တဲ့ မအူမလည်လေးပါပဲ။ သပ်သပ်ရပ်ရပ် ခေါင်းဖြီးထားတယ်။ မျက်မှန်လေးနဲ့။ အသားဖြူဖြူ ပိန်ပိန်လေး။ ဆံပင်ဆေးရောင်စုံဆိုးပြီး တီရှပ်ဒီဇိုင်းမိုက်မိုက်တွေနဲ့ လူငယ်တွေကြားမှာ၊ ကြောင်ကြောင်ကျားကျား ရှပ်အင်္ကျီတွေကို အပြင်ထုတ်ဝတ်ထားတတ်တဲ့ လူကြီးလူကောင်းတွေ ကြားမှာ ရှပ်အင်္ကျီဖြူလေးကို လက်ခေါက်ဝတ်ထားတဲ့ သူ့ပုံစံက ကျွန်မ မျက်စိထဲတော့ ထင်းနေတာ။

ညက ရင့်လာတယ်။ နည်းနည်းကြာတော့ လူတွေ တဖြည်းဖြည်း ပါးလျသွားကြပြီ။ တချို့လည်း သူ့အချိန်းအချက်နဲ့သူ။ သောကြာစနေ ညတွေလို မဟုတ်လေတော့ ညဥ့်နက်တဲ့အထိ နေကြတဲ့လူတွေ သိပ်မများဘူး။ တီးဝိုင်းသမားတွေလည်း ညောင်းညာစပြုပြီ။ ကျွန်မလည်း အ၀တ်အစားလဲပြီး ပြန်ဖို့လုပ်နေတုန်း စားပွဲထိုးကောင်လေးက တိုးတိုးလာပြောတယ်။ တကယ်တော့ ဒီညအဖို့ နားချင်နေပြီ။ ကျွန်မလို အနေအထားအတွက်က အလုပ်ဆိုတာ အငန်းမရ လက်ခံနေစရာ မလိုတော့ဘူးလေ။ ဘယ်သူလဲ လို့ မေးလိုက်တော့ အင်္ကျီဖြူနဲ့ အဲဒီတစ်ယောက်ကို မေးထိုးပြတယ်။ တစ်ရှိုး.. ပဲတဲ့။

သူ ဒီလောက်အထိ ခြေလှမ်းရောက်လာတာ ကျွန်မ နည်းနည်းတော့ အံ့သြပါတယ်။ သူ့ပုံစံ သူ့အရွယ်က ခပ်ပျော်ပျော် သူဌေးသားလေးတွေနဲ့လည်း မတူသလို ဘယ်လိုရှာဖွေလို့ ဘယ်လောက်ပေါနေမှန်းမသိတဲ့ ငွေတွေကို လာဖြုန်းလေ့ရှိတဲ့ စီးပွားရေးသမားတွေရဲ့ ပုံစံနဲ့လည်း ကွဲပြားနေတယ်။ ကျွန်မလို အနေအထားမျိုးကို ရဖို့က နည်းနည်းတော့ တတ်နိုင်မှ ဖြစ်မယ်။ တကယ်ဆို ကျွန်မရဲ့ သတ်မှတ်ချက်အရဆိုရင် ဒီညအဖို့ ပန်းကုံး လေးငါးကုံးလောက်မှ လာစွပ်ထားတာမဟုတ်ရင် လက်ခံစရာ အကြောင်းကို မရှိဘူး။ ဒီလိုနေရာမှာ ဒီလောက် လွယ်လွယ်နဲ့ ရတယ် ထင်နေသလား။ ဒါပေမယ့် သူ့ကိုစိတ်ဝင်စားလာတာနဲ့ ကျွန်မ ခေါင်းညိတ်ပြလိုက်ပါတယ်။

ဘယ်ကိုသွားမလဲ…။ ကျွန်မက မေးလိုက်တော့ သူက မျက်နှာလွှဲနေတယ်။ သူ့ဘေးက တရုတ်ပုံစံလိုလို သူ့သူငယ်ချင်းနားကိုပဲ တစ်ခုခု တိုးတိုး ကပ်ပြောတယ်။ အဲဒီသူငယ်ချင်းကတော့ သွက်ပုံပေါ်ပါတယ်။ ကျွန်မကို ဟိုတယ်တစ်ခု နာမည် ပြောပြတယ်။ အိုကေ..ပေါ့။ သူ့သူငယ်ချင်းက ကားမောင်းတယ်။ သူက ရှေ့ခန်းမှာ သူငယ်ချင်းဘေးက ထိုင်တယ်။ ကျွန်မက နောက်ခန်းမှာပေါ့။ လမ်းတလျှောက်လုံး ကားပေါ်မှာရော အခန်းထဲ ၀င်လာတဲ့အထိရော သူက ကျွန်မကို စကားတစ်ခွန်းမှ မပြောဘူး။

တံခါးကို ပိတ်လိုက်ပြီး သူ့ရှပ်အင်္ကျီကြယ်သီးတွေကို ဖြုတ်ပေးဖို့ ဆိုးဆိုးဆတ်ဆတ်နဲ့ လက်ပြင်လိုက်တဲ့ အချိန်မှာ သူက ခဏနေဦး လို့ အလန့်တကြား တစ်ချက်အော်တယ်။ ပြီးတော့မှ သူ့ပါးစပ်ကို သူအုပ်ပြီး ရှူးတိုးတိုး လို့ သူကပဲတပြန် ကျွန်မကို လာပြောတယ်။


ဆက်ဖတ်ရန် ဒီကို သွားပါ။

Tuesday, November 10, 2009

ခြေရာချွန်မြ

ဆားချက်တယ်လို့ပဲ သဘောထားချင် ထားလိုက်ပါ။ ၂၀၀၈ အောက်တိုဘာလ က သံလွင်အိပ်မက်မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ၀တ္ထုတို အဟောင်းလေးတစ်ပုဒ်ကို ပြန်တင်လိုက်ပါတယ်။



ခြေရာချွန်မြ




ဒီအချိန်ကိုရောက်လျှင် သူ့ရင်ထဲ နွေးထွေးလာသည်။ အကာအရံများဖြင့် ၀န်းရံနေသော သူ့အလုပ်နေရာတွင် လွတ်နေသော ထိုအောက်ခြေ ထောင့်ကွက်လပ်ကလေး ကို လှမ်းကြည့်လိုက်လျှင် သပ်ရပ်သော လမ်းမတခုကို တပိုင်းတစ မြင်ရမည်။ ထိုတပိုင်းတစ ပြကွက်တွင် ဒီအချိန်ရောက်တိုင်း စည်းဝါးကျနစွာ ဖွဲ့နွဲ့ထားသော သံစဉ်ချို တစ်ပုဒ် ရိုက်ခတ် လာမည်။ အဲသည် သံစဉ်ချိုလေးကို နက်မှောင်မှောင် ပြောင်လက်လက် ရှူးဖိနပ်ချွန်လေး တစ်ရံဖြင့် ဘောင်ခတ်ထားသည့် ခြေထောက်ကလေးက ဖန်ဆင်းထားပါသည်။



Expand..

Saturday, November 7, 2009

ဘာသာမပြန်နိုင်ခဲ့

လူတွေစည်ကားတဲ့ လမ်းမလယ်ခေါင်မှာ၊ ကားဟွန်းသံတွေ စကားပြောသံတွေ ဈေးရောင်းသံတွေ ဆူဆူညံညံကြားမှာ၊ ရုတ်တရက် အထီးကျန် တိတ်ဆိတ်သွားတာမျိုး။ စာမေးပွဲတွေဖြေ၊ အလုပ်တွေရှာ၊ ပိုက်ဆံတွေစု၊ ပုံမှန်လည်ပတ်နေတဲ့ တစ်နေ့တာတွေကြား ဗြုန်းစားကြီး အဖြေရှာမရ အဓိပ္ပါယ်မဲ့သွားတာမျိုး။ ကိုယ်ဘာကို လိုချင်တာလဲဆိုတဲ့ ခံစားချက်တွေကို ဝေခွဲမရ ဖြစ်နေတာမျိုး။ အဲဒီလိုဆန်ဆန်တွေ ခံစားဖူးတယ် ဆိုရင် Lost in Translation ဆိုတဲ့ ရုပ်ရှင်ကို ကြည့်လိုက်ပါ။ မခံစားဖူးသေးဘူး ဆိုရင်လည်း အဲဒီရုပ်ရှင်ကို ကြည့်လိုက်ပါ။


ပုံ ဒီက


Bill Murray နဲ့ Scarlett Johansson တို့အဓိက ပါဝင်သရုပ်ဆောင်တဲ့ Lost in Translation ဇာတ်ကားဟာ ၂၀၀၃ ခုနှစ်လောက် ကတည်းက ထွက်ခဲ့တာပါ။ ဒါရိုက်တာ Sofia Coppola ကရိုက်ကူးခဲ့တာပါ။ ကိုယ်ကတော့ ၂၀၀၆ လောက်မှ ကြည့်ဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းရဲ့ ဆိုလိုရင်းကတော့ Everyone wants to be found တဲ့။

Expand..

Thursday, November 5, 2009

ကိုယ်တော်နှစ်ပါးပုံပြင်



ကိုယ်တော်နှစ်ပါးပုံပြင်

အမုန်း အငြိုး အာဃာတ
ကြိုတင် တဖက်သက် ဆုံးဖြတ်မှုတွေနဲ့
ရုပ်လုံးကြွနေတဲ့ ဖန်တီးမှုရဲ့အရောင်ဆိုတာ
အနယ်အနှစ်ထခြင်းသာ
အမှုန်အမွှားတွေ သင့်ရင်မှာ
တချိန်လုံး တတွတ်တွတ် လွယ်ပိုးထားစဉ်
မာတုဂါမက မြစ်ကမ်းမှာ ကျန်ခဲ့ပြီလေ.. အရှင်။

ပန်ဒိုရာ