Wednesday, December 30, 2009

တစ်နှစ်တာ မကြိုက်များ၊ ဘလော့ဂ် အညွှန်းများ

နှစ်ကုန်တော့မယ်။ ဘာတွေ ဖြတ်သန်းခဲ့သလဲ ဆိုတာ ပြန်ခြေရာခံ ကြည့်မိပါတယ်။

အပြင်လောကမှာ ရသင့်တာတချို့ ရခဲ့တာတွေ ရှိပါတယ်။ ဒီအချိန် ဒီလိုဖြစ်ရမယ် စသည်ဖြင့် ကြံစည်ခဲ့ပြီးမှ တကယ်ကြီး ဖြစ်လာပြီးတဲ့အခါ ဘာဆက်လုပ်ရမလဲလို့ ဟာတာတာကြီး ခံစားရတယ်။ အသစ် ဆက်ကြံစည်ရရင်လည်း ဆုံးမှာ မဟုတ်။ ဆရာကေဇော် (မောင်သိန်းဇော်)ရဲ့ “ပန်းတိုင်” ဆိုတဲ့ ကဗျာလေးကို မကြာခဏ သတိရပါတယ်။
“မရောက်သေးရင်ရောက်အောင်သွား
ရောက်ရင်တထောက်နား
ပြီးရင်ရှေ့ဆက်သွား
အဲဒီမှာ ဘာမှမရှိဘူး…။” တဲ့။

အင်တာနက် စာမျက်နှာပေါ်မှာ စာရေးသားခြင်းနဲ့ ပတ်သက်လို့တော့ ကိုယ့်ကိုယ်ကို မကြိုက်တာတွေ အတော်ရှိလာတယ်။ ဟန်လုပ်ပြောနေတာ မဟုတ်ပါဘူး။ ဟန်လုပ်လို့လည်း တပြားမှ မရပါဘူး။ အစက ကြိုက်သလိုလို နောက်တော့ မကြိုက်တာမျိုးတွေပါ။ လတ်တလော အထိပါပဲ။ စိတ်မရှည်တာတွေ ဆွဲဆန့်ဖို့လိုနိုင်တယ်။

ကိုယ်ဖတ်ချင်တဲ့ စာမျိုးတွေကို ရေးနိုင်အောင် ကြိုးစားတယ်လို့ တနေရာရာမှာ ပြောခဲ့ဖူးပါတယ်။ ကိုယ့်ဘာသာ ပြန်မဖတ်ချင်တဲ့ တချို့ပုံစံတွေကို လျှော့ချပြီး (ဒါမှမဟုတ် ရပ်စဲပြီး) ကိုယ် ဖတ်ချင်တဲ့စာမျိုးတွေကို ရေးနိုင်အောင် ဆက်ရေးဖို့ပဲ ရှိပါတယ်။ ကိုယ်ဖတ်ချင်တဲ့စာ ဆိုတာတွေက ဒီလောက်အဆင့်ပဲ မို့ ဒီလောက်ပဲဖြစ်လာတာ ဖြစ်နိုင်သလို ရေးနေရင်းပဲ ဖတ်ချင်တာတွေက ပြောင်းသွားတာလည်း ဖြစ်နိုင်ပါတယ်။ မျဉ်းနှစ်ကြောင်း ဆုံပြီးတော့မှ တဖြည်းဖြည်း ဝေးသွားတာလည်း ဖြစ်နိုင်သလို ပြေးနေတဲ့ မြားတစင်းနောက်ကို နောက်ထပ် မြားတစင်းက လိုက်နေသလိုလည်း ဖြစ်နိုင်ပါတယ်။

ဒီနှစ်ထဲမှာ လူမှုဆက်ဆံရေး သိပ်ညံ့ပါတယ်။ တချို့ တကူးတကတွေကို ရှောင်ဖြစ်ပါတယ်။ တကူးတကတွေကို မကြိုက်တာနဲ့ တကူးတကမဖြစ်စေဖို့ တကူးတကများ လုပ်နေမိသလားလို့ စဉ်းစားမိပြန်တော့ မကြိုက်ပြန်ဘူး။ သူငယ်ချင်း တစ်ယောက်က ပြောသေးတယ်။ ကိုယ်က ပန်ဒိုရာကို တည်ဆောက်ခဲ့ပြီးမှ ကိုယ့်အလောင်းကို ကိုယ် သွေးအေးအေးနဲ့ ကြည့်နေသလိုပဲ ..တဲ့။ ဒီတော့မှ ပန်ဒိုရာ သေသွားပြီလား.. လန့်သွားပါတယ်။ ဖြစ်တော့ ဖြစ်နိုင်ပါတယ်။ သေခါစ ၀ိညာဉ်တွေဟာ ကိုယ်သေပြီဆိုတာ ကိုယ့်ဘာသာ တော်တော်နဲ့ သဘောမပေါက်ကြဘူး ဆိုပဲ။

ဒီနှစ်ထဲမှာ ဖတ်သင့်တဲ့ ဖတ်ချင်တဲ့ စာတွေ သိပ်မဖတ်ဖြစ်တာကိုလည်း မကြိုက်ပါဘူး။ ပြောရရင်တော့ အာရုံစိုက်မရတာတို့၊ စာတစ်အုပ်ဖတ်နေရင်း တခြားတမျိုးကို ဖတ်ချင်လာသလို ဂနာမငြိမ်တာတို့၊ စာအုပ်ကိုပိတ်ပြီး တွေးငေးနေမိတာတို့၊ ဖတ်တာကို ရပ်ပြီး ရေးဖို့အတွက် ကွန်ပြူတာကီးဘုတ် ကောက်ကိုင်မိတာတို့ ဆင်ခြေဆင်လက်တွေ များပါတယ်။ စည်းကမ်း နည်းနည်း လိုတယ် ထင်ပါတယ်။ အလုပ်တွေ အိမ်ကို သယ်ဖြစ်ပြီး ကိုယ်ပိုင်ကွက်လပ်တွေ ပိတ်ဆို့ကုန်ရတာကိုလည်း စီမံနိုင်သင့်ပါတယ်။ (ဒီလိုပဲ ပြောတာပါပဲ။)

အင်တာနက်ထဲမှာ တခြားသူတွေရေးတာကို အခါအားလျော်စွာ ဖတ်ဖြစ်ပါတယ်။ ပြည်တွင်းမဂ္ဂဇင်း စာစောင်တွေမှာ ရေးနေကြတဲ့ ပရော်ဖက်ရှင်နယ် ကဗျာဆရာ စာရေးဆရာတချို့ အင်တာနက်ထဲ ရောက်လာတာကို တွေ့ရတော့ ၀မ်းသာမိပါတယ်။

ကဗျာဆရာတည်ရ ရဲ့ ဘလော့ဂ်ပါ။ http://www.tyalife.com

ကဗျာဆရာ မြတ်ဝေရဲ့ ဘလော့ဂ်မှာ ဆရာအတော်များများရဲ့ လက်ရာစုံ စုဆောင်းထားတာတွေ တွေ့ရပါတယ်။ https://sites.google.com/site/poetmyatwai/

ကျုံတိုင်းရွာဆိုတဲ့ site မှာ ကဗျာဆရာ ငြိမ်းစိုးဦး ရဲ့ ကဗျာတွေ တွေ့နိုင်ပါတယ်။ http://mizzuri09clysna.multiply.com/

ကဗျာဆရာ အောင်ပိုင်စိုးရဲ့ ဘလော့ဂ် ပါ။ အခြားဆရာတွေရဲ့ ကဗျာတွေကိုလည်း စုဆောင်းထားပါတယ်။
http://aungpaingsoemyint.blogspot.com

ကဗျာဆရာ မြေမှုန်လွင်ရဲ့ လတ်လတ်ဆတ်ဆတ် အရေးအသားတွေဆီကိုလည်း အလည်ရောက်ဖြစ်ပါတယ်။
http://exitpoetry.blogspot.com/

ပို့စ်မော်ဒန် ကျွဲပြဲကြီးကိုတော့ “နေ့များ” ဆိုတဲ့ ဘလော့ဂ်မှာ ရဲရဲကြီး သွားစီးလို့ရတယ် ဆိုပါတယ်။ http://kokzkhine.blogspot.com/

ဒီနှစ်ထဲ အသစ်ပေါ်လာတဲ့ ဘလော့ဂ်တွေ ထဲမှာတော့ မနေနိုင်မထိုင်နိုင်ရေးနေတဲ့ ကိုချစ်ဖေရဲ့ ပို့စ်တွေကို စပ်စုဖြစ်ပါတယ်။
http://kochitphay64.blogspot.com/

ရေးချင်လို့ရေးနေတဲ့ ခိုင်စိုးလင်းကတော့ ဘလော့ဂ်ရေးနေတာ ကြာပါပြီ။ ဖတ်လိုက ဖတ်နိုင်ပါသတဲ့။ သူက အလည်အပတ်နည်းလို့ သူ့ဆီ မရောက်ဖြစ်ဘူးဆိုရင် သူ့ဝတ္ထုတွေ ရင်ထဲရောက်ကြောင်း ပြောပါရစေ။
http://khinesoelung.blogspot.com/

ဘလော့ဂ် အသစ်မဟုတ်ပေမယ့် အခုတလော ပို့စ်ဟောင်းတွေကို ပြန်ဖတ်ဖြစ်တဲ့ ဘလော့ဂ်တစ်ခုလည်း ရှိပါသေးတယ်။ အရေးအသား အတွေးအခေါ်တွေက အပြင်ထွက်မတ်တပ်ရပ်နေပါတယ်။ (outstanding ကို အရမ်းဘာသာပြန်လိုက်ခြင်း။) စာရေးသူနာမည်ကို မှန်မှန်ကန်ကန် အသံထွက်ဖို့ အပေါ်ရှေ့သွားနှစ်ချောင်းကို အောက်နှုတ်ခမ်းပေါ် ဖွဖွလေးကိုက်ရပါမယ်။ ဆက်သွယ်ရေး ဧရိယာ ပြင်ပမှာ ရောက်နေပုံ ပေါ်တယ်။ လာသွားတယ်နော်.. တို့၊ ဟိုလိုထင်တယ် ဒီလိုထင်တယ်.. တို့တော့ လုပ်လို့ မရဘူး။ လူကြီးမင်းနဲ့ပဲ တွေ့ပြီးရင် ပြန်လာခဲ့ပါ။ http://zthegardener.blogspot.com/

အထက်ဖော်ပြပါ link တွေကို ပန်ဒိုရာက ညွှန်းလိုက်မှပဲ သိသွားဖို့တော့ မဆိုလိုပါ။ သိရှိပြီးသား ဖြစ်နိုင်ပါတယ်။ ညွှန်းဆိုလိုက်လို့ အညွှန်းခံက ဘာမှဖြစ်မသွားပါဘူး။ ကိုယ်မှတ်သားမိတာကို မှတ်မိသလောက် ပြောပြလိုက်တဲ့ သဘောပါပဲ။ တခြား မေ့ကျန်ခဲ့တာတွေလည်း ရှိကောင်းရှိမယ်။ စိတ်မရှိပါနဲ့။ စိတ်လိုလက်ရ ရှိတဲ့အခါ ဒီလိုစုဆောင်းပြီး ထပ်ရေးကောင်းရေးဖြစ်မယ်။

နှစ်သစ်အကြိုမှာ ပျော်ရွှင်ကြပါစေ။

ပန်ဒိုရာ



12 comments:

Anonymous said...

အသက်အရွယ်ရလာလို့ ဖြစ်မှာပါ

နေမိုး said...

မပန်...
ကျနော့ရဲ့ကိုယ်ပိုင်ဆန္ဒအရ အကြိုက်ဆုံးအနေနဲ့ ဘလော့လောကမှာ အကောင်းဆုံးနဲ့ အထူးခြားဆုံးဘလော့ကို ပြပါဆိုရင် ဦးမင်းဒင်(http://www.mindin.info)ကို ညွှန်းဆိုချင်ပါတယ်။ သိပြီးသားလူတွေ အများကြီးရှိပေမယ့် မသိသေးတဲ့သူတွေရှိရင် ဘယ်လိုလဲဆိုတာ သိရအောင် တခေါက်လောက်တော့ အားပေးကြည့်လိုက်ပါဦး။

tin min htet said...

ဒီနှစ်ထဲမှာ ရိုးရိုးရှင်းရှင်း ကဗျာတွေကို ဖတ်နေ၊ ကြိုက်နေမိတယ်။

မပန်ဒိုရာ ညွှန်တဲ့ အထဲက တချို့ဘလော့ဂ်တွေကို မဖတ်ဖူးသေးဘူး။ ကျေးဇူးပါပဲ။

tin min htet said...

ရိုးရိုးရှင်းရှင်း ကဗျာဆိုတာ သစ်ကောင်းအိမ် ရဲ့ "အရိုးအရိုးခြင်းမို့ ဆိုးခဲ့မိတယ်" ဆိုတာမျိုးပေါ့။ :P

တန်ခူး said...

အခြေလဲတိုးတယ်… အနေလဲတိုးတယ်… မပြိုလဲဘူးကွယ်… ပန်ဒိုရာဆိုတာ ကျန်းမာရေးကောင်းတဲ့ blogger ladyတယောက်ပါ… ဘယ်တော့မှ မသေပါဘူး… ၂၀၀၉မှာ အပျင်းဆုံး ဘလော့ဂါက ကိုယ်ပဲဖြစ်မလားမသိ… ညွှန်းတဲ့နေရာလေးတွေ သွားဖြစ်အောင်သွားပါ့မယ်…

Rita said...

အညွှန်းထဲက နေရာတွေက တခါမှ မရောက်ဖူးသေးဘူး။

aungpaingsoe said...

Anonymous123

ကျေးဇူးပါလို့တော့မပြောချင်ဘူး၊ဒါပေမယ့် အစ်မတာဝန်ကျေပါတယ်လို့တော့ ချီးကျူးချင်ပါတယ်။
ကျန်းမာပျော်ရွှင်လွတ်လပ်ပါစေ။

မေဓာဝီ said...

ပန်ဒိုရာက လူမှုဆက်ဆံရေး ညံ့ဖျင်းတာမဟုတ်ပါဘူး ... လိမ္မာပါးနပ်မှုရှိတာပါ ... ;)
ရေးချင်တာသာရေး ... ရေးဖြစ်ဖို့က အရေးကြီးတယ်။ ဆင်ခြေဆင်လက်များစွာနဲ့ ပျင်းတော့ မပျင်းနဲ့ပေါ့ကွယ်။

ပန်ပန်ညွှန်းတဲ့ ဘလော့တွေထဲက ကိုချစ်ဖေနဲ့ ခိုင်စိုးလင်းတော့ ဖတ်ဖူးတယ်။ ကျန်တာတွေ မရောက်ဖြစ်ဘူး။
ကြုံရင်တော့ သွားကြည့်လိုက်ပါမယ်။

ပျော်ရွှင်ငြိမ်းချမ်းသော နှစ်သစ်မင်္ဂလာဖြစ်ပါစေ ... ပန်ပန်ရေ ... ။

Moe Cho Thinn said...

ဟန်လုပ်လို့လဲ တပြားမှ မရပါဘူး ဆိုတာကိုတော့ အတော်သဘောကျသွားတယ်။ ဒါတွေကို တကူးတက မလုပ်တာကိုပဲ ချစ်ခင်နေရတာပါ။
ပန်ပန်ရေးချင်တာတွေသာ ဆက်ဆက် ဆက်ရေးပါ။

သက်ဝေ said...

ပန်ပန့်ရဲ့ မကြိုက်များကိုဖတ်ပြီး ကိုယ့်ကိုလဲ Tag မလုပ်ပါပဲနဲ့ သူ လာ Tag လို့ပဲ ရေးရသယောင်ယောင် (ဇွတ်အတင်း) ယူဆပြီး ကိုယ်ရေးချင်နေတဲ့ ကိုယ့်ရဲ့ မကြိုက်များ ကို ရေးလိုက်ပါပြီ...
မနေ့က စကားပြောရင်း စိတ်ကူး အတွေး တချို့ ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း လာပြောတာပါ...
သာယာသော နှစ်သစ် ၂၀၁၀ ဖြစ်ပါစေ...

Thinzar said...

အဲဒီ အပြင်ထွက် မတ်တပ်ရပ်နေတဲ့ဘလော့ဂ်က အရမ်း ဖတ်လို့ကောင်းတယ်နော်။ :) ခုမှ ဖတ်ဖူးတာ.. ဘလော့ဂ်အညွှန်းတွေ အတွက် ကျေးဇူးတင်ပါတယ်။

ခိုင်စိုးလင်း said...

သြော် ဂလိုကိုးး) ခုမှသိတယ် ခိုင်စိုးလင်း ဘလော့ဂ်ကို မညွှန်းပါနဲ့ တော်ကြာ အဆင့်မရှိလို့ သူများ ကဲ့ရဲ့ခံရပါအုံးမယ် (အများသူငါ ပြန်ပြောဟန်ကို အတုခိုးထားသည်)