Sunday, April 3, 2011

ဟစ်တလာနဲ့ ချေဂွေဗားရား ဘီယာဘားမှာ စကားစမြည်ပြောကြတယ်


ဟစ်တလာနဲ့ ချေဂွေဗားရား ဘီယာဘားမှာ စကားစမြည်ပြောကြတယ်

ရှုံးသွားလို့ ရှုံးသွားသူနဲ့ - ရှုံးသွားလို့ နိုင်သွားသူ။ ဒီနေရာမှာ စစ်ရှုံးမသွားခဲ့ဘူးဆိုရင်- ဒီနေရာမှာ အဖမ်းမခံခဲ့ရဘူးဆိုရင် - စစ်ခုံရုံးအတင်မခံရဘူးဆိုရင် - ပစ်သတ်မခံရဘူးဆိုရင် - တော်လှန်ရေးကြီး မပြီးဆုံးခဲ့ဘူးဆိုရင်၊ ဆိုရင် ဆိုရင်..၊ ဘီယာဘားထဲမှာ စီးကရက်ငွေ့တွေက သီးမွှန်ချင်စရာ မှိုင်းမှုန်ဖြာဝေတယ်။ ဝေ့တေ့တေ့ ၀ါးတားတား လေထုထဲမှာ အားလုံးဟာ အတူတူပါပဲ။ ရယ်မောလိုက်ကြတယ်။ ချီးယားစ်။ ဟစ်တလာ အရှင်လတ်လတ်နဲ့ ချေဂွေဗားရား အရှင်လတ်လတ် စကားပြောကြတယ်။ အသည်းစွဲဘရန်းတွေနဲ့ ရော့ခ်စတားတွေ ။ နှုတ်ခမ်းမွှေးတိုစိစိ ဆေးပြင်းလိပ်ခဲပြီး ဘယ်ရီဦးထုပ်ပြားပေါ် စကြာတံဆိပ် ခပ်နှိပ်လိုက်ရင် လူငယ်တွေ အရူးအမူးဖက်ရှင်ပဲ။ လူငယ်တွေ လူငယ်တွေ၊ ကမ္ဘာမြေရဲ့ အနာဂတ်မျိုးဆက်သစ်တွေ။ ဂက်စ်ချိန်ဘာကို မကြုံဖူးလိုက်တဲ့ မျိုးဆက်သစ်တွေ။ တောတွေပြုန်းသွားလို့ ပြောက်ကြားတိုက်ခိုက်ရေးကို မလေ့ကျင့်ဖူးလိုက်တဲ့ မျိုးဆက်သစ်တွေ။ အရူးအမူးပဲ - တစ်ခွက်၊ တစ်ခွက် ထပ်ဖြည့်တယ်။ လူငယ်တွေ နားရွက်မခတ်တမ်း နားစွင့်ကြတယ်။ ဟိုင်း ဟစ်တလာ - ဟိုင်း ချေ ၊ အဲဒီတုန်းက အင်တာနက်ဆိုတာ ရှိခဲ့ရင် ဂျူးတွေ မြန်မြန် မျိုးပြုတ်သွားဖို့ အကြောင်းရှိတယ်။ အွန်လိုင်း အက်တီဗစ်စ်တွေကို အားပြုပြီး ခင်ဗျာ့ တော်လှန်ရေး အောင်မြင်သွားခဲ့ရင် ဘာဆက်လုပ်မှာတုန်း ချေ။ ဒါနဲ့ ဂျူးတွေကို ပြောက်ကြားစနစ်နဲ့ ချေမှုန်းရင် ဘယ့်နှယ်နေမလဲ။ ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံဖို့ - ငွေကြေး အကြပ်အတည်းတွေ ဖြေရှင်းဖို့ - ဆင်းရဲမွဲတေမှု တိုက်ဖျက်ဖို့- သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ - လူဦးရေကို လျှော့ချရတော့မယ့် အချိန်တန်လာရင် ဂက်စ်ချိန်ဘာဟာ ပြန်ရေပန်းစားလာနိုင်မယ့် ဆိုလူးရှင်းပဲ။ သူတို့ဟာ အတိတ်ကို မော့ချတယ် (တစ်စက်မကျန်) - အနာဂတ်ကို တသွင်သွင် ထပ်ငှဲ့တယ်။ နောက်ဆုံးတော့ နှစ်ဦးသဘောတူလိုက်တဲ့ အကြောင်းချင်းရာ တစ်ခု ရှိတယ်။ သူတို့ နှစ်ယောက်တည်း တိုးတိုးတိတ်တိတ် - ထည့်ပါဦး- နောက်တစ်ခွက်၊ သိလား။ ခင်ဗျားတို့ရော စိတ်ဝင်စားလား၊ သိချင်လား- ပြောပြရမလား။ ညှိနှိုင်းစရာတောင် မလိုဘဲ တသမတ်တည်း သူတို့ သဘောချင်း ညီသွားကြတာ။ ခင်ဗျားတို့ သိမှာပါ- ကျုပ်တို့ဆီက လူတွေတော့ အကုန်သိကြပြီးသား။ ဘီယာဟာ အရက်တော့ မဟုတ်ပါ- အဲဒါပဲ။

ပန်ဒိုရာ
၂၀၁၁ မတ် ၃၀

8 comments:

rose of sharon said...

ဟုတ်ပနော်... ကျုပ်တို့ဆီကလူတွေက သိပြီးသား... :)

အဖြူရောင်နတ်သမီး said...

သိသားပဲ...
ဟဲဟဲ...“ဘီယာဟာ အရက်တော့မဟုတ်ပါ”ကိုပြောတာပါ...ဟိ

ချော(အစိမ်းရောင်လွင်ပြင်) said...

ဆင်းရဲမွဲတေမှုတွေ ဘယ်လောက်များများ
သေချာတာက သင်္ကြန်ခါကျရင် ဘီယာဟာ ချောင်းရေလိုလည်း တသွင်သွင်စီးကြသေးတယ်။
ဘီယာယဉ်ကျေးမှုနဲ့ အ၀တ်မပါလုနီးပါး စင်ပေါ်တက်ရဲတဲ့ မိန်းခလေးတွေကလည်း မနည်းဘူး။
ဘီယာဟာအရက်တော့ မဟုတ်ပါဆိုတဲ့ စာသားလေးကို စပြီး တီထွင်တဲ့သူကို မေးကြည့်ချင်သေး
သူ့မှာ သမီးချော ငယ်ငယ်လေးများရှိရင် ဘီယာကို ကြိုက်သလောက်သောက်လို့များ ခွင့်ပေးရဲလေသလားလို့

sosegado said...

အရက် = သောက်ရင်မှုးသောအရည်
သုမောင်ပြောတာ။

သုရာကျောက် said...

ဂျူး ကို ပျောက်ကြားစံနစ်နဲ့ခြေမှုန်း...
နုနုရည်ကို ကျားတက်ထိုး...
မေငြိမ်းကို ....အဲ...အဲ...အဲဒါတော့ ရာကျော် တာဝန်ယူလိမ့်မယ်...

Angelhlaing(May everybody be happy and healthy! said...

ဘီဟာသည် အရက်မဟုတ်ပါ..မိုက်၏..
ခက်တာက သင်္ကြန်နဲ့ အရမ်းဝေးနေလို့မမရေ။
ငိုချင်သွားတယ် အလွမ်းတွေကြောင့်မမရေ..:D
ကောင်းသောနေ့လေးဖြစ်ပါစေမမ။

Hmoo said...

ဂျာမဏီနိုင်ငံရဲ့လွတ်မြောက်မှူကိုကျနော်တို့
ဘာလို့များဝမ်းနဲနေရမှာလဲဗျာ... :)

နေမိုး said...

ကဗျာတွေဆိုတာ တခါတလေတော့လည်း ရူးကြောင်ကြောင်နိုင်လှပါတယ်။ အကယ်၍များ ဘုရားသခင်နဲ့ မာန်နတ်(စေတန်)တို့ ဘီယာအတူထိုင်သောက်ပြီး ဒီကဗျာထဲကလိုပဲ ဟိုဟိုဒီဒီ အဆင်သင့်တာလေးတွေကို ပြောကြဆိုကြ တိုင်ပင်ကြမယ်ဆိုရင်ဖြင့် ဘယ်လို ကဗျာဒဿန အသစ်တွေများ ပေါ်လာလိမ့်လေမလဲလို့ ဒီကဗျာကို ဖတ်လိုက်ရင်းနဲ့ စိတ်ကူးတည့်ရာ တွေးမိလိုက်ပါတယ်။