Thursday, August 16, 2012

ကြိုးညှိခြင်းရဲ့ မိတ်ဆက်ပွဲ အခမ်းအနား



ကြိုးညှိခြင်း ကဗျာစာအုပ်မိတ်ဆက်ပွဲကို မနေ့က (၁၅.၈.၂ဝ၁၂) မွန်းလွဲ ၂ နာရီကနေ ၅ နာရီနီးပါးအထိ ဗိုလ်အောင်ကျော်လမ်း အောက်ဘလောက်က Home မှာ အောင်အောင်မြင်မြင် ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှူးအဖြစ် ဆရာမသင်းသင်းသာက ဆောင်ရွက်ပေးပါတယ်။   ပထမဦးစွာ ဆရာမ ၃၅ ယောက်ကို မသင်းသင်းသာက ပရိသတ်နဲ့ မိတ်ဆက်ပေးပါတယ်။ ပြီးတဲ့အခါ ဆရာသစ္စာနီက အမှာစကားပြောကြားပါတယ်။ ဆရာမ မအိက အမှတ်တရစကားပြောပါတယ်။  ပန်ဒိုရာက စာအုပ်စီစဉ်ဖြစ်ခဲ့ပုံအကြောင်းကို ရှင်းပြပါတယ်။ အဲသည့်နောက် ဆရာဇေယျာလင်းရဲ့ မုဒိတာစကားပြောကြားပြီးချိန်မှာတော့ ကြိုးညှိခြင်း စာအုပ်ထဲမှာ ပါဝင်ခဲ့ကြတဲ့ ဆရာမတွေရဲ့ တစ်ဦးချင်း ကဗျာရွတ်ဆိုမှု အစီအစဉ်ကို ဆက်လက်ခဲ့ပါတယ်။ ကဗျာဆရာမ ၁ဝ ယောက်ရဲ့ စုပေါင်း ကဗျာရွတ်ဆိုပွဲနဲ့ အဆုံးသတ်ခဲ့ပါတယ်။ 

မှတ်တမ်းတစ်ခုအဖြစ် ရည်ရွယ်ထားတဲ့ ကြိုးညှိခြင်း ဟာ အကောင်းဆုံး အတော်ဆုံးတွေ စုစည်းထားတယ် ဆိုတာမျိုးထက် စုံလင်မှုနဲ့ ကိုယ်စားပြုနိုင်မှုကို ဦးစားပေးထားတာကို တွေ့ရမှာပါ။ အသက် ၆ဝပတ်ဝန်းကျင်ကနေပြီး ၁၆ နှစ်ပတ်ဝန်းကျင်အထိ ကဗျာဆရာမတွေ ပါဝင်ပါတယ်။ ရန်ကုန်အပြင် မန္တလေး၊ ကျောက်ဆည်၊ ဟင်္သာတ စတဲ့ နယ်တွေမှာ အခြေစိုက်နေထိုင်တဲ့ ဆရာမတွေလည်း ပါဝင်ပါတယ်။ စင်ကာပူ၊ မလေးရှား အမေရိကား စတဲ့ နိုင်ငံရပ်ခြားမှာ ရောက်နေကြတဲ့ ဆရာမတွေလည်းပါဝင်ပါတယ်။ မီဒီယာလောကမှာ အချိန်ပြည့် လုပ်ကိုင်နေကြတဲ့ အယ်ဒီတာ၊ စာရေးဆရာ၊ ဂျာနယ်လစ်၊ ရုပ်ရှင်ဒါရိုက်တာ စတဲ့လုပ်ငန်းတွေထဲက ကဗျာဆရာမတွေအပြင် အငြိမ်းစား၊ အစိုးရဝန်ထမ်း၊ ကျောင်းဆရာမ၊ ပရိုက်ဗိတ် ကုမ္မဏီမှာ လုပ်ကိုင်နေသူ၊ ကျောင်းသူ စတဲ့ ပရိုဖိုင်းကလည်း စုံလင်ပါတယ်။ ပရင့်မီဒီယာသာမက အွန်လိုင်းမှာ ရေးသားနေကြသူတွေလည်း ပါဝင်ပါတယ်။ ကဗျာတွေရဲ့ အကြောင်းအရာကလည်း စုံလင်ပါတယ်။ ကဗျာတွေရဲ့ ရွေ့လျားမှုကို အနီးစပ်ဆုံး ခန့်မှန်းနိုင်ဖို့အတွက် ကဗျာဆရာမတွေကို အသက်ကြီးစဉ်ငယ်လိုက် စီထားတဲ့အတွက် လေ့လာသူများအတွက် အကျိုးရှိမယ်လို့ ယူဆပါတယ်။ (ဒါတောင် ဆရာမလုံမငြိမ်းချမ်းကို ဖုန်းထဲကမေးမြန်းရာမှာ အမှတ်မှားပြီး ၁၉၇၅ မွေးတယ်ထင်မိလို့ အစီအစဉ်မှာ နောက်ရောက်သွားပါတယ်။ တကယ်တော့ ဆရာမ မနော်ဟရီတို့ရဲ့ ရှေ့နားလောက်မှာ ဖြစ်ရမှာပါ။ ဒီ့အတွက် အထူး တောင်းပန်ပါတယ်။)

ကဗျာဆရာများဖြစ်ကြတဲ့ သစ္စာနီ၊ ဇေယျာလင်းနဲ့ လင်းနီညိုတို့ရဲ့ စိတ်ဝင်စားစရာ အမြင်မှတ်ချက်တွေ ပါဝင်တဲ့ ကြိုးညှိခြင်းစာအုပ်ကို ရန်ကုန်မြို့က စာအုပ်ဆိုင်တွေမှာ မေးမြန်းဝယ်ယူလို့ရပါပြီ။ ဆရာမုတ်သုန် ရဲ့ မျက်နှာဖုံးပန်းချီ ဖြစ်ပြီး အတွင်း sketch တွေကိုတော့ ပန်ဒိုရာ ရေးဆွဲထားပါတယ်။ တစ်အုပ်ကို ၂၅ဝဝ ကျပ်နဲ့ ရောင်းချပါမယ်။ တစ်နိုင်ငံလုံးကို နှစ်ကာလများက ဖြန့်ချိပါမယ်။ စင်ကာပူကိုလည်း ပို့ဖို့ စီစဉ်နေပါတယ်။ ထိုင်းနဲ့ မလေးရှားက မှာထားသူများအတွက်တော့ လူကြုံရှာနေဆဲပါ။  


အမှတ်တရ ဓာတ်ပုံတချို့ကို တင်ပေးလိုက်ပါတယ်။(တင်ရတာ အချိန်ကြာလို့ အနည်းငယ်သာ တင်လိုက်ပါတယ်၊ ဖေ့စ်ဘွတ်ခ်မှာ ပိုများများတင်ထားတယ်။) ဒီအခမ်းအနားအကြောင်းကို စာရေးဆရာမ ဘလော့ဂါ မမြသွေးနီကလည်း  ဆောင်းပါးလေး ရေးထားပါတယ်။

အခမ်းအနားဖြစ်မြောက်ဖို့ ချိတ်ဆက် စီစဉ်ပေးကြသူတွေနဲ့ လာရောက်အားပေးကြသူ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။


ဝဲမှယာ နောက်တန်:- သင်းသင်းသာ (အခမ်းအနားမှူး)၊ မအိ၊ ငြိမ်း(ဒဿန)၊ ခင်မြဇင်၊ ခင်ဝင်းသစ်၊ သန့်စင်အေး၊ မရီဝေ၊ မနော်ဟရီ၊ ရှင်ဒေဝီ၊ မေအောင်လင်း၊ သွေး(စစ်ကိုင်း)၊ မယ်ယွေး၊ မွန်းသူအိမ် ။။ ဝဲမှယာ ရှေ့တန်း နေအေဒီ၊ ပန်ဒိုရာ၊ ညိုပြာဝိုင်၊ စုမီအောင်၊ ကြည်မွေ့အိမ်၊ ငယ်ငယ်(ကျောက်ဆည်)၊ ချိုပိန်းနောင်၊ စမ်းသီတာ။ (ဆရာမ ဖြူမွန်နဲ့ မြတ်တို့ကနောက်ကျနေလို့ မပါခဲ့။ ဆရာမ မိကောက်၊ မိနှောင်း၊ ကေမြနွယ်တို့ မလာနိုင်။ ဆရာမ မေငြိမ်း၊ ခက်မာ၊ စမ်းစမ်းတင်၊ မှူးဒါရီ၊ မဏိခ၊ အိန္ဒြာတို့က နိုင်ငံခြားမှာ)

သစ္စာနီ ဇေယျာလင်း လင်းနီညို တို့ရဲ့ အမြင်များ


ဆရာသစ္စာနီ ပြောတဲ့အထဲမှာ ဒီစာအုပ်မှာ ပရင့်မီဒီယာနဲ့ အွန်လိုင်းမီဒီယာမှာ ရေးနေသူတွေ စုစည်းထားတဲ့အချက်ကို သဘောကျကြောင်းလည်း ပါတယ်။


ဆရာမ မအိပြောသွားတဲ့အထဲမှာတော့ ကဗျာဆရာမတွေဟာ ကဗျာဆရာတွေနဲ့အတူ လက်ဖက်ရည်ဆိုင် အရက်ဆိုင် အတူထိုင် ပခုံးဖက်ပေါင်းဖို့ မလွယ်တဲ့အကြောင်း ပါဝင်ပါတယ်။

ဒီစာအုပ်ကို ဘာကြောင့် ဘယ်လို စီစဉ်ခဲ့တယ်ဆိုတာ ဘလာဘလာ...


ဆရာဇေယျာလင်းက ယောင်္ကျားတွေ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေရဲ့အပြင်ကို ထိုးဖောက်ရေးဖို့ ကဗျာဆရာမတွေကို တိုက်တွန်းခဲ့တယ်

စုပေါင်းကဗျာရွတ်ဆိုကြစဉ်





ပန်ဒိုရာ


3 comments:

မေဓာဝီ said...

မအားလို့ မလာနိုင်တာ ဆောရီး ပန်ပန်ရေ ...
ကဗျာဖတ်သံတွေ နားထောင်ချင်တာ ....

မြသွေးနီ said...

ကဗျာဆရာမတွေ အားလုံး ကဗျာတွေ စုရွတ်တာကို လွတ်သွားတာ အသည်းတွေ ယားမိတယ်။ စီစဉ်သူတော်လို့ ပွဲလေး အောင်မြင်သွားတာ ၀မ်းသာမိတယ်။ ကွန်ဂရက်ကျူလေးရှင်းပါ မပန်။ စာအုပ်တွေလည်း အမှာစာ အများကြီး ရပါစေ။ ဒုတိယအကြိမ်၊ တတိယအကြိမ်တွေ ထပ်မံပုံနှိပ်ခွင့် ရပါစေလို့ ဆုတောင်းပေးပါတယ်။

nothing said...

ဒီစာအုပ်ကို ဘာကြောင့် ဘယ်လို စီစဉ်ခဲ့တယ်ဆိုတာ ဘလာဘလာ...

ဒါ အစ်မ ပန်ဒိုရာ လား။ ချောတယ်။
အားပေးနေပါမယ် မပန်ရေ။

ရန်ကုန်ထဲရောက်ရင် ရှာကြည့်ပါဦးမယ်။ ကျွန်တော့် သူငယ်ချင်းတွေကိုလည်းShare လိုက်ပါမယ်။

အပြာရောင်ဝန်ဆောင်မှု ကိုရော စာအုပ်ထုတ်ဖို့ အစီအစဉ်ရှိလား မပန်။