Tuesday, November 27, 2012

သူကကျေးဇူးရှင် ငါကကျေးဇူးခံကျေးဇူးစား နင်တို့ကကြေးစွပ်သူတွေ




သူကကျေးဇူးရှင် ငါကကျေးဇူးခံကျေးဇူးစား နင်တို့ကကြေးစွပ်သူတွေ

စည်းမျဉ်း
“ဒါဆို ငါက ဘာကောင်လဲ၊ မင်းအတွက် ငါက ဘာကောင်ဖြစ်သွားမလဲ”
“ရှင်လား.. ရှင်ဟာ ကျွန်မရဲ့ ဘဝအတွေ့အကြုံတွေထဲက တစ်ခုပေါ့”
“Sh*t….!”
တောက် တစ်ချက်ခေါက်လိုက်
သစ်ရွက်ကြွေတွေပေါ် တဂျွမ်းဂျွမ်း ဖြတ်လျှောက်သွား
ကားတံခါး ဂျိမ်းခနဲ ဆောင့်ပိတ်
ပုခုံးအတွန့်တစ်ချက်ကတော့ အသံမထွက်ခဲ့
Cut!

စည်းကမ်း
ယနေ့စုဝေးရောက်ရှိနေကြသော အို.. ဝိညာဉ်တို့
သင်တို့ ခြေဖဝါးအောက်က မြေမှုန့်များဟာ
သင်တို့ကျော်နင်းခဲ့သော ကျောက်တုံးလှေခါးထစ်သာ
ဖြတ်သန်းခြင်းရဲ့အဓိပ္ပာယ်ဟာ ဖြတ်သန်းခြင်းပ
ကူးပြောင်းခြင်းရဲ့ အဓိပ္ပာယ်ဟာ ကူးပြောင်းခြင်းပ
ဘဝအတွေ့အကြုံဟာ နေချင်သလိုနေဖို့ ဟုတ်စရာမလို
မသေချင်သလို မသေဖို့သာဖြစ်တယ်

လုပ်ထုံး
ရွှေပင်မှာ မနား ငွေပင်မှာမနား
ရွှေလက်ဖြင့်ခေါ်သော်လည်းမလာ ငွေလက်ဖြင့်ခေါ်သော်လည်းမလာ
ခိုးသားငါးရာ ပျော်ပွဲစားရာနောက်
ကောက်ကောက်ပါအောင် လိုက်သွားတဲ့ ကျေး
ဟဲလို ဒါလင် မတွေ့ရတာကြာပြီ အရင်လိုကြည့်ကောင်း…နေတုန်းပဲ အချစ်ရယ်
ဤရေကိုသောက်ပါ ဤသစ်သီးကို သုံးဆောင်ပါ ဤသစ်ပင်ရိပ်မှာ အိပ်စက်ပါ ဟု
ပရိယာယ်တံမျဉ်သုံးကာ ပီယဝါစာဖြင့် နှုတ်ခွန်းဆက်အပြီးတွင်

လုပ်နည်း
ဇာတ်လမ်းက မပြီးသေးဘူး
ငါလုပ်သလိုလုပ် ငါပြောသလိုမပြောနဲ့
ပြောပြန်ရင် လွန်ရာကျမှာစိုး
ရှုး…. တိုးတိုး
ဒါ အသံတိတ်ရုပ်ရှင် ။


ပန်ဒိုရာ
နိုဝင်ဘာ ၂၇ ၂၀၁၂

6 comments:

သူကြီးမင်း (တုံးဖလား) said...

အသံတိတ်ရုပ်ရှင်လဲ ကြည့်ကောင်းသားဘဲ။ စဉ်းစားပုံလေး သဘောကျတယ်။

မိုးနတ်ကြယ်စင် said...

အတွေးကောင်း အရေးကောင်းလေးပါပဲနော်..
မိုးနတ် သဘောကျမိတယ်...

ငြိမ်းစိုးဦး said...

ရုပ်သေတို့ရဲ့ ရုပ်ရှင်ဟာ ဟိုမှာ ဒီမှာ ပျံကာဝဲ ... အလည်လူက စကားဝဲ ... ၀ဲ ယားတယ် ... မထိနဲ့နော် ... ပါးပါးလေး ... cut ။

Anonymous said...

ကောင်းတယ်ဗျာ
mc

ဇွန်မိုးစက် said...

ကြိုက်တယ်... အစ်မပန်း)

Unknown said...

အရမ်းကိုကောင်းတဲ့ကဗျာလေးပါ..အမြဲတမ်းကဗျာဆန်
နိုင်ပါစေ.....ကဗျာချစ်သူ