Tuesday, February 17, 2015

ကဗျာဆရာ သုံးယောက်၊ သုံးဘက်မြင် ရုပ်လုံးကြွ၊ သုံးခုမကတဲ့မြင်ကွင်းတွေ၊ သုံးကြိမ်မက




ကဗျာဆရာ သုံးယောက်၊ သုံးဘက်မြင် ရုပ်လုံးကြွ၊ သုံးခုမကတဲ့မြင်ကွင်းတွေ၊ သုံးကြိမ်မက  


အင်တာနက်ထဲမှာ လူငယ်တွေရေးသားနေတဲ့ ကဗျာအများစုဟာ  လတ်တလော ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေပေါ်မှာ အခြေခံတာနဲ့အညီ အသံမြန်ဆန်မှု၊ အကြောင်းအရာရှည်လျားစုံလင်မှု၊ ရှုပ်ထွေးမှုတွေကို တွေ့နေရတယ်။ ပြောင်းလဲလာတဲ့ ရေးဟန်တွေ အကြောင်းအရာတွေဟာ အချိန်ကာလနဲ့ ဆက်စပ်နေတယ်။ ဖြစ်ဆဲပျက်ဆဲ နေရာတွေနဲ့ ပတ်သက်နေတယ်။ မြန်မာစကားကတော့ ကာလံ ဒေသံ လို့ဆိုတယ်။  ကာလ ဒေသ ပယောဂ လို့လည်း ပြောတာလည်းရှိတယ်။ နေရာနဲ့အချိန် ဆိုတဲ့ space and time ဟာ လူသားဖြစ်တည်မှုရဲ့ အခြေခံအစိတ်အပိုင်းတွေဖြစ်တယ်လို့ မနုဿဗေဒနဲ့ ပထဝီဝင် ပညာရှင် ပါမောက္ခ ဒေးဗစ်ဟာဗေး က ဆိုခဲ့တယ်။ space ဆိုတာ ဘာလဲ။ time ဆိုတာဘာလဲ။ time ကို စက္ကန့်၊ မိနစ်၊ နာရီ၊ နေ့၊ လ၊ နှစ် စတာတွေနဲ့ ပိုင်းခြားပြီး လူတွေက သတ်မှတ်ခဲ့ကြတယ်။ ကိန်းဂဏန်းတွေအဖြစ် အသွင်ပြောင်း ယူဆလိုက်ကြတယ်။ space ဆိုတဲ့ သဘောတရားက ပိုရှုပ်ထွေးတယ်။ space ဆိုတာ အစနဲ့အဆုံး အနားသတ်တွေ နယ်ခြားစည်းမျဉ်းတွေ ရှိနိုင်တဲ့ နေရာ။ ပြင်သစ်တွေးခေါ်ပညာရှင် မိုက်ကယ်ဖူးကိုးကတော့ “မိမိတို့နေထိုင်နေသောနေရာ၊ အဲဒီအထဲမှာ မိမိတို့ကိုယ်တိုင်ထဲမှ မိမိတို့ကို ဆွဲထုတ်နေ၊ မိမိတို့ ဘဝများ၊ အချိန်၊ သမိုင်းတို့ ပျက်စီးခြင်း ဖြစ်ပွားရာ၊ မိမိတို့ကို ကုတ်ခြစ်ကိုက်ခဲနေသော နေရာ၊ ထိုနေရာအတွင်းကိုယ်တိုင်ကလည်း သောင်းပြောင်းထွေလာနေရာ၊….. ထိုနေရာအတွင်းတွင် ပေါင်းသင်းဆက်ဆံမှုအစုအဝေး တစ်စုံဖြင့် မိမိတို့ နေထိုင်နေကြသည်” လို့ ပြောခဲ့ပါတယ်။  

ဘယ်လိုပဲဖြစ်ဖြစ် လူမှုကိစ္စတွေထဲမှာ နေရာနဲ့အချိန်နဲ့ ပတ်သက်တဲ့ ပိုင်းခြားသတ်မှတ်မှုတွေဟာ ဘယ်တော့မှ သာတူညီမျှမှု မရှိနိုင်ဘူးတဲ့။ space ဆိုတာ မူလတည်ရှိတဲ့အရာမဟုတ်ဘဲ လူတွေက တည်ဆောက်ထားတဲ့ အမြင်သဘောထားသာဖြစ်တယ်။ နိုင်ငံအဆင့်၊ နယ်မြေဒေသအဆင့် ကျယ်ပြန့်သော macro space၊ တစ်ဦးချင်းတစ်ယောက်ချင်း အဆင့် အသေးစိတ်သော micro space။    ပထဝီအနေအထား၊ ကိုးကွယ်ယုံကြည်မှု၊ ထုံးတမ်းစဉ်လာ မတူညီတဲ့ အသိုင်းအဝိုင်းတွေအကြား space ခြင်း မတူညီတဲ့အခါ ဘယ်လိုဖြစ်လာမလဲ။ လူအများစု သတ်မှတ်ထားတဲ့ space နဲ့ တစ်ဦးတစ်ယောက်ရဲ့ space အကြား ခြားနားမှုတွေ ပေါ်ပေါက်လာတဲ့အခါ ဘယ်လိုဖြစ်လာမလဲ။  နိုင်ငံရေးအာဏာနဲ့ ပတ်သက်လာရင်ရော space တွေကို ဘယ်လို ဖန်တီး/ဖျက်ဆီး/ကစားလေ့ရှိကြသလဲ။ အဲဒါတွေဟာ ယနေ့ခေတ် မြန်မာပြည်က လူငယ်တွေ ကြုံတွေ့နေရတဲ့ လူမှုဘဝထဲကို ဘယ်လို သက်ရောက်လာခဲ့သလဲဆိုတာ လူငယ်တွေရဲ့ အနုပညာ ဖန်တီးမှုလက်ရာတွေမှာ လတ်လတ်ဆတ်ဆတ် ထင်ဟပ်နေမယ်လို့ ယုံကြည်မိတယ်။ 

ကဗျာ စစချင်းကတည်းက လျှပ်စစ်ဓါတ်စီးနေတဲ့ ဝါယာကြိုးတစ်ချောင်း ဆိုတော့ “နှစ်ဆယ့်တစ်ရာစုရဲ့ သရီးဒိုင်မေးရှင်း” ကဗျာထဲမှာ ရှော့ခ်ရှိနေတာ အသေအချာ။ ရေးသူက  ၃ ယောက် ( ရဲရင့်လမင်း၊ ကျော်ဦး(လှိုင်)၊ ရွှေမိုးမြူ )။ အတွေးအမြင် ဆတ်ဆတ်ဆော့ဆော့နဲ့ လက်ဆော့ခြေဆော့ ရေးလိုက်ကြတဲ့ ကဗျာဆရာတွေဟာ ပညာရှိ မျောက်သုံးကောင်ဆန်ဆန် ။ “see no evil, hear no evil, speak no evil” ။ မမြင်ချင် မကြားချင် မပြောချင်တဲ့၊ ဒီ့ထက်ဆိုးတာက ပြောမိရင် ပြစ်မှားသလို ဖြစ်မယ့် အခြေအနေတွေ။  ပြစ်မှားတယ်ဆိုတာက အသက်၊ ဂုဏ်၊ ဝါ၊ အကျင့်သီလ ကြီးမားတယ်လို့ ယူဆရသူတွေကို အနုတ်လက္ခဏာပါတဲ့ မှတ်ချက်ပြုမိရင် ပြစ်မှားတယ် လို့ ပြောလေ့ရှိတဲ့ မြန်မာမှုဝေါဟာရ။ ကဗျာဆရာသုံးယောက်က ဘာတွေကို ပြစ်မှားချင်နေသလဲ။ ဆက်လက်ပြေးလွှားနေဆဲ စကားစုတွေထဲမှာ ပြစ်မှားတယ်လို့ ယူဆနိုင်တာတွေ ပါမပါ။

 “လျှပ်စစ်ဓါတ်စီးနေတဲ့ ဝါယာကြိုးတစ်ချောင်းလိုစတယ်။ မမြင်ချင်တဲ့ မျက်လုံးရယ် မကြားချင်တော့တဲ့ နားရယ်တစ်ခုခုဆို အလိုရှိသလောက် ပြစ်မှားချင်တဲ့ပါးစပ် ထိလို့မရတဲ့ အပြင်းစားဗို့အားနဲ့ငါအသက်ရှူမှုကို ရှောရှောရှူရှူ ရိုက်သွင်းလိုက်တယ်။”

အပြင်းစားဗို့အား နဲ့  ရိုက်သွင်းလိုက်ရတဲ့ အသက်ရှူမှု။ ဒါကိုတောင်မှ ရှောရှောရှူရှူလို့ ဆိုပြန်တယ်။ ဆန့်ကျင်အနက် ယှဉ်တွဲစကားလုံးများ။ ၂၁ ရာစုထဲမှာ အသက်ရှူမှုကို ရိုက်သွင်းလိုက်ရတာတောင်မှ ရှောရှောရှူရှူလို့ သတ်မှတ်ရဦးမလား။  အဲဒီမှာ ပဋိပက္ခက စနေပြီ။

“ဒုက္ခတရားဟာ ဗိုင်းရပ်စ်သန့်စင်ထားတဲ့ဆော့ဖ်ဝဲ။ Download ကလစ်တွေက သန်းခြောက်ဆယ်။ အစစ အရာရာ ကျေကျေနပ်နပ်ကြီး “ဝ”ဖီးလို့။ခုခံအားကျဆင်းမှုရောဂါကို ဈေးကွက်စီးပွားရေးစနစ်ထဲ ထည့်ပစ်လိုက်။”

ဗိုင်းရပ်စ်၊ ဆော့ဖ်ဝဲ၊ Download ကလစ်၊ ခုခံအားကျဆင်းမှုရောဂါ၊ ဈေးကွက်စီးပွားရေးစနစ်၊ အားလုံးဟာ ၂၁ရာစုဆိုတဲ့ ကာလထဲ မပါမဖြစ် ကျေကျေနပ်နပ် ဝဖီးနေကြတဲ့ ကမ္ဘာဆန်စကားလုံး global space တွေ၊ အဲဒီအထဲမှာ ဒုက္ခတရားဆိုတဲ့ ဘာသာရေးဆန်တဲ့ အယူအဆနဲ့ သန်းခြောက်ဆယ်ဆိုတဲ့ ကိန်းဂဏန်းကတော့ ပြည်တွင်းဖြစ် local space တွေ။­­ 

“ အခန်းဝမှာအဖြူရောင်ပန်းခြင်းကိုချိတ်မယ်။ လျှောက်နေကျ လမ်းက ပျံကျဈေးမှာ စံပယ်ပန်းသည်တွေထွက်ပြေးနေတာမြင်တော့ ငါ့ကိုယ်ငါ ဆွဲဆိတ်မိတယ်။ ဒါ အပြာရောင် shock ပဲ။ ဓါတ်ကြိုးပေါ်က ခိုတွေကတော့ ခပ်တည်တည်နားနေကြတာပဲ။ လှလှပပဆပ်တတ်ဖို့ပဲ လိုတယ်လူသားဝဋ်ကြွေးဆိုတာတွေကို ဟောဒီလို သွေးမရိုး သားမရိုး နေ့တွေထဲမှာ။”

အခန်းဝမှာ ချိတ်ဆွဲလိုက်မယ့် အဖြူရောင်ပန်းခြင်းဟာ စံပယ်ပန်းတွေများလား။ စံပယ်ပန်းသည်တွေကတော့ ပျံကျဈေးမှာ ထွက်ပြေးနေတယ်။ ဘာကြောင့်လဲ။ စည်ပင်ရဲက လိုက်ဖမ်းလို့လား။  အဲဒါကို မြင်တော့ ကဗျာရေးသူဟာ သူ့ကိုယ်သူ ဆွဲဆိတ်ပစ်လိုက်သတဲ့။ ဘာသက်ဆိုင်ပါလိမ့်၊ ရှော့ခ်ဟာလည်း ဘာကြောင့် အပြာရောင်လို့ပြောရသလဲ။ ရှော့ခ်တွေမှာ အရောင်ရှိသလား။ ဓာတ်ကြိုးပေါ်က ခိုတွေဆိုတာ ရန်ကုန်မြို့ရဲ့ သင်္ကေတတစ်ခု။ နေ့တွေဟာ သွေးမရိုးသားမရိုး လူသားဝဋ်ကြွေးဆိုတာတွေက ဘာတွေလဲ။

 “ထောက်ထောက်ထောက်ထောက်နဲ့ မြန်လိုက်တဲ့ မှန်လှီးဓါး လက်ကောက်ဝတ်လေး ထိုးမသွင်းဖြစ်ခင် ငါလှည့်ထွက်ခဲ့ရတယ်။ ထွက်ပြေးလို့ မလွတ်တာ ပစ္စုပ္ပန်ခေတ်ဆိုတော့။ အသက်ရှုလိုက်တိုင်း နှာခေါင်းဝမှာအကုသိုလ်တွေ အတုံးလိုက်အတစ်လိုက် လာစို့နေတယ်။ လက်က လက်အုပ်ကို ကျစ်ကျစ်ပါအောင် ချီထားတယ်။ စိတ်က ဘုရားသခင်နဲ့ ဂိမ်းကစားနေတယ်။ အသိဥာဏ်ထဲ အသံညှိပြီးဝင်လာတဲ့ အတွေးအခေါ်အစုတ်အပြတ်များ။ ကိလေသာနဲ့ ယားနေတဲ့ ခန္ဓာကို ကိလေသာနဲ့ပြန်ကုတ်ခြစ်။သွေးတွေဖြာဆင်းလာပေမယ့် အပျိုရည်မပျက်သေးတဲ့ သေခြင်းတရားကို ဝဋ်နာကံနာ မျက်လုံးတွေနဲ့ ကြောင်စီစီ ထိုင်ငေး။ ခေါင်းလည်းဝင်တယ် ကိုယ်လည်းဆံ့တယ်။ ဒါလူ့ဘဝ၊လူသားဆန်မှုကို စိတ်မပျက်မိစေနဲ့။ လီဗာကိုခပ်ပြင်းပြင်းနင်းထား၊ မိုင်တိုင်တွေ တခုပြီးတခုလာမယ်။ ဒုက္ခတွေ တကွေ့ပြီးတကွေ့လာမယ်။”

ကိုယ့်ကိုယ်ကို သတ်သေဖို့ကြိုးစားပေမယ့်လည်း မသေဖြစ်ခဲ့ပြန်ဘူး။ ဒီစာပိုဒ်မှာတော့ ဘာသာရေးအတွေးအခေါ်တွေ ဆက်ပါလာပြီ။ နှာခေါင်းဝမှာ အကုသိုလ်တွေ အနံ့ရနေတယ်။ လက်ကတော့ ဘုရားကို ရှိခိုးနေပေမယ့် ဘာသာရေးနဲ့ ပတ်သက်တဲ့ အတွေးများစွာ၊ သံသယများစွာ၊ စိတ်ပျက်မှုတွေကြောင့် ကိုယ့်ဘာသာကိုယ် သတိပေးနေရတယ်။ ဒါဟာ ဒုက္ခတရားပဲ။ ဒါဟာလည်း တရားသဘောပဲ လို့ မပြတ်စိတ်သွင်းနေတဲ့ကြားက လာနေပြီ တစ်ခုပြီးတစ်ခု။

“ လောလောဆယ် လောင်စာလည်း မလိုဘူး၊ ကုသိုလ်လည်းမရချင်ဘူး။ သံသရာကို အသားဖတ်လေးတဖက်လို ဆတ်ခနဲကောက်ဝါးလိုက်ရုံ။  စွဲလန်းလာတဲ့လူ့အဖြစ်ကို ရိုက်ချိုးပစ်လိုက်ချင်တယ်။ ငြိမ်းချမ်းမှု မရှိတော့တဲ့ လောက ညှင်းပန်နှိပ်စက်မှုကအသုံးပြုများလာတဲ့ ဘာသာတရားပဲ။ သံသယကို ပြောင်လက်နေအောင် ကိုယ်တိုင်အရောင်တင်လို့။ ကိုယ်ချင်းစာမှု သစ်ပင်က ပြောင်းပြန်စိုက်ထားတယ်။ ကိုယ့်ခန္ဓာကိုယ်တောင် မယုံရဲ။ အစိမ်းလိုက်မှောက်ကျထားတဲ့ အပျိုမလေးရဲ့ ရာသီသွေးတွေ။ ဝမ်းနည်းစရာကောင်းပုံများ ဆွဲကြိုးချထားတဲ့မျှော်လင့်ချက်ကိုပဲ တစိမ့်စိမ့်ကြည့်နေရသလိုမျိုး။ ငါတို့မျိုးဆက်က အစာအိမ်ဒဏ်မခံနိုင်တော့အလုပ်ဖြစ်အောင် အလစ်တွေချည်း ဖြုတ်ရတော့မှာလား။ လမ်းဘေးမှာစိုက်ထားတဲ့ဆိုင်းဘုတ်တွေအစား သစ္စာတရားဟာဘာလဲ၊ လမ်းအူကြောင်းပေါ်ပြေးနေတဲ့ ကားတွေအစား ကိုယ်ချင်းစာတရားဟာဘာလဲ၊ လမ်းဘေးဝဲယာတလျှောက်မှ မြင်ကွင်းတွေအစား ယိုယွင်းလာတဲ့ဂေဟစနစ်ဟာဘာလဲ၊ လမ်းညွှန်သင်္ကေတအမှတ်အသားတွေအစား ဆာလောင်မွတ်သိပ်မှုဟာဘာလဲ၊”

စိတ်ပျက်မှုတွေဆက်လာတယ်။ အဖြစ်အပျက်တွေအားလုံးမှာ မေးခွန်းထုတ်စရာတွေရှိလာတယ်။ လောင်စာနဲ့ကုသိုလ် မအပ်စပ်တဲ့ အရာနှစ်ခုကို ယှဉ်တွဲငြင်းဆိုထားတယ်။ လူ့ဘဝကိုလည်း မခင်တွယ်ချင်တော့ဘူး။ ညှင်းပန်းနှိပ်စက်မှု ကိုယ်ချင်းစာနာမဲ့မှုတွေကိုသာ ကိုးကွယ်ကုန်ကြပြီ။ မျှော်လင့်ချက်ဟာလည်း သေလုမျောပါးဖြစ်နေပြီ။ ဆင်းရဲမွဲတေမှုကလည်း မေးခွန်းထုတ်စရာ။ အစာအိမ်ပြည့်ဖို့အတွက် ကိုယ်ကျင့်တရားတွေလည်း ယိုယွင်းလာပြီ။ သစ္စာတရားဆိုတာကို ဝေဝေဝါးဝါးဖြစ်လာပြီ။ သဘာဝဝန်းကျင်တွေလည်း ပျက်စီးလာပြီ။  ကိုယ်တိုင်တော့ ဘာမှ မတတ်နိုင်တဲ့အနေအထား။

“ အရှေ့တွင် လူကူးမျဉ်းကြားရှိသည်၊အရှေ့တွင် အာဏာရူးတွေရှိသည်၊ အရှေ့တွင် ကုန်းကျော်တံတားရှိသည်၊ အရှေ့တွင် စစ်ပွဲတွေရှိသည်၊ အရှေ့တွင် ကျောင်းရှိသည်၊ အရှေ့တွင် ဘာသာရေးအစွန်းရောက်မှုရှိသည်၊ အရှေ့တွင် speed trap ရှိသည်၊ အရှေ့တွင် အကျင့်ပျက်ချစားမှုရှိသည်၊ ယာဉ်သုံးတန် ၊ ကုန်သုံးတန် ၊ အကြမ်းဖက်မှုသုံးတန် ၊ အဓမ္မမှုသုံးတန် ၊ မေတ္တာတရားတောင်ခြေတွင် အကုသိုလ်လော်ရီကားကြီး ဘီးပေါက်ချေပြီ။ ပေါက်တယ် ခေတ်ထဲက ဂွင်တွေမှာခွပ်ခနဲနေအောင် ပေါက်ရမယ်။ လက်ပြန်ကြိုးတုပ်ပြီး ကိုယ့်ကိုကိုယ် ငုတ်တုတ်မေ့နေတဲ့လူ့အဖွဲ့အစည်း။ ဝေး..လို့အော်ရုံနဲ့ ဝါး..ဆိုတဲ့ ဟာမိုနီ။ ကမ္ဘာကြီးရဲ့ အရသာကချဉ်တယ်။ ရှင်းလို့မရတဲ့ အရှုပ်ထဲ ရှင်းအောင်နေမရတဲ့အခါ မေးငေါ့လိုက်တဲ့ဓါးတွေက စင်းစင်းကြီး စိုက်ဝင်တယ်။ အရေပြားအချင်းချင်း အထာမထားကြတော့ဘူး။ ကောက်နေတဲ့အမြီးကို ဖြောင့်စက်နဲ့ ဆွဲဖြောင့်ပစ်တဲ့အခါ စပရိန်ကောက်ကြီးထပ်ထွက်လာ။ ပက်လက်လှန်တံတွေးထွေးနေတဲ့ လူကြီးမင်းများ လက်ခုပ်တီးပါ။ လက်ဖျောက်တစ်ချက်တီးလိုက်တာနဲ့ တီးလုံးတွေစမယ်။ အသုံးဝင်တဲ့အရာမှန်သမျှ အသည်းအသန်မရှာချင်ဘူး ဒါပေမယ့် တရစပ်။ နေ့ရောညပါ သဒ္ဒါတရားနဲ့နေရတယ်။”

အရာဝတ္ထုတွေ၊ အဖြစ်အပျက်တွေကို တန်းစီချရေးလိုက်တယ်။ မျက်စိရှေ့မှောက်မှာ ဟုတ်တာတွေ မဟုတ်တာတွေ အကုန်ရှိတယ်။ အကုသိုလ်တင်ဆောင်တဲ့ ကားကြီးဘီးပေါက်တာဟာ အများသူငါကြား ပေါက်မြောက်/ပေါက်ရောက် တာနဲ့ ရောထွေးသွားတယ်။ လူအများကြားမှာ “ပေါက်” သွားတိုင်း ကောင်းတဲ့အရာ ဟုတ်လို့လား။ အများယောင်လို့ လိုက်ယောင်နေသူတွေ၊ မယောင်ယောင်အောင် သွေးထိုးမှုတွေ၊ တဖြည်းဖြည်း ရှုပ်ထွေးလာတဲ့ လွဲချော်မှုတွေ၊ တည့်မတ်ဖျောက်ဖျက်လို့မရတဲ့ အကျင့်ဆိုးတွေ၊ မိမိကိုယ်ကို ပြန်ထိနိုင်တဲ့ (ထိလိုထိမှန်းလည်း သိချင်မှသိမယ့်) လုပ်ဆောင်မှုတွေ။ အံကိုက်ဇာတ်တိုက်ထားတဲ့ မတော်တဆအတုတွေနဲ့ ပြည့်နှက်နေတဲ့ ကာလ။ အသုံးဝင်တဲ့အရာတွေကို ရှာမတွေ့နိုင်တဲ့ ကာလမှာ ကိုယ့်ဘာသာ သဒ္ဒါတရားနဲ့သာ နေရသတဲ့။

“ အံကိုခဲ အံကိုခဲဆိုတော့ ဗေဒါဆိုတာလည်း ပန်းပဲ။ Ending Point ဟာ နေရာတိုင်းမှာ အသက်ရှုတယ်။ သတ်မှုကနေ သေမှုဆီသို့။ မလိမ့်တစ်ပတ်ခေတ်ထဲ ငယ်ငယ်က သေနတ်ပစ်တမ်းကစားခဲ့ကြသလို တစ်နှစ်သုံး ရေနေမလို့လား။ ဟေ့ ဆိုတာနဲ့ အိတ်ကပ်ထဲလက်နှိုက်ထားရတဲ့အနေအထားတွေ။ သူငယ်အိမ်တွေ ငြိမ်နေမယ့်အစား ရူးချင်ယောင်ဆောင်နေမှဆိုသလို။ အခန်းတံခါးတွေမှာ မေတ္တာတရားတွေအစား အလွယ်တကူဖွင့်မရမယ့် finger print တွေထား ထား။ ပြောင်းပြန်အဓိပ္ပါယ်တွေနဲ့ ကမ္ဘာကြီးကိုက တစ်ဖက်စောင်းနင်း။ သွေးကြောတွေထဲ အဓမ္မတရားတွေထွန်းကားတယ်။ လက်ခလယ်ထောင်ထားတဲ့ ခွေးတွေဟာ ရွှေတောင်ကြီးရွေ့အောင် ဝိုင်းဟောင်တာများ ငါတို့မှာ ထထကြည့်ရတယ်။ ဟော ပြောနေရင်း ငါ့မျက်စိရှေ့တင် သွေးသံတရဲရဲ။ ဟောဒီ လောကကြီးကိုက စိတ္တဇဆေးရုံကြီးတစ်ခုပဲ။ အပြုံးသေတွေ စုထားတဲ့ ကဒ်ထူပူဖောင်းကြီး။ စကားလုံးမှိုင်းတွေပြည့်နေတဲ့ မီးပုံပျံကြီး။ ဒေါသတကြီးမီးရောင်တွေကို ငါ ကြောက်လာတယ်။ သိလား သူငယ်ချင်း ငါတို့မြေကို ငါတို့ယတြာခြေယူနေရတာ။ ဘုရားတွေမှာ ဘာသာစုံသူတောင်းစားတွေများလာပြီ။ လူမှုကွန်ယက်ကြီးဟာ ညည်းညူသံတွေနဲ့ တဖြည်းဖြည်း စွတ်ငြိ။ “စောက်/ဆောက်” စကားတွေ ဆန်းထနေတယ်။ “ဖ” စာလုံးတွေ လန်းလာတယ်။”

မာန်ကိုသာ တင်းထားရတယ်။ အပြီး အဆုံးဆိုတဲ့ နေရာတိုင်းဟာလည်း တကယ့်တကယ်မှာ အဆုံးမသတ်သေးဘဲ အသက်ဝင်နေသေးတယ်။ သတ်မှုကနေ သေမှုတဲ့။ လိုရာကိုကောက်ချက်ဆွဲပြီး အမှုအခင်းကို အနေအထား ပြောင်းလိုက်ကြတဲ့ အခြေအနေ။ မလိမ့်တပတ်ခေတ် လို့ ဆိုပြန်တယ်။ အချိန်တိုင်းမှာ သတိအနေအထားနဲ့ ပြင်ဆင်ထားရတယ်။ မသိချင်ယောင် ဆောင်ရတာတွေလည်း ရှိလာတယ်။ သူခိုးကလူဟစ်၊ ကာလပြောင်းပြန်၊ တရားလိုက တရားခံ ဖြစ်နေတဲ့ ကာလမှာ နေထိုင်နေရင်း ဖြစ်ချင်တိုင်းဖြစ်နေတာတွေအတွက် ကိုယ်ကလည်း ဘာမှမတတ်နိုင်ပြန်ဘူး။ မြန်မာလိုဆဲဆိုလိုက်တဲ့ စလုံးဆလိမ်စကားတွေ၊ အင်္ဂလိပ်လိုဆဲဆိုလိုက်တဲ့ ဖဦးထုပ် စကားလုံးတွေ၊ အမုန်းစကားတွေနဲ့ ရူးသွပ်နေတဲ့ လူမှုဘဝဟာ ခေတ်သစ်အင်တာနက် နည်းပညာအရှိန်နဲ့ ပိုပြီး လျှင်လျှင်မြန်မြန် ခေတ်စားပြန့်နှံ့လာပြန်တယ်။  ၂၁ရာစု ခေတ်ကြီးကို ခက်ခက်ခဲခဲ ဖြတ်သန်းနေရတဲ့ လူငယ်တွေရဲ့ ပစ္စက္ခအခြေအနေ။ 

“ ရွှေဝါရောင်အနားစမှာ ငါတို့မျက်နှာတွေ ငယ်ရ၊ ကိုယ့်ဒဏ်ရာကိုယ်ကန်းပေးထားရနဲ့။ ခြေထောက်များဆီက မျှော်လင့်ခြင်းများ။ သွေးရိုးသားရိုး မိုးတွေပဲ ကမ္ဘာပေါ်သည်းဖို့ ဘုရားသခင်တိုင်းစောင့်ရှောက်ပါစေ။”

 အဆုံးသတ်စာသားတွေကတော့ ပိုရှင်းသွားတယ်။ ရွှေဝါရောင်အနားစမှာ ငါတို့မျက်နှာတွေငယ်ရ သတဲ့။  ၂၀၀၇ ခုနှစ်မှာ မထင်မှတ်ဘဲ အရှိန်ကြီးမားသွားခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးမှာတော့ မျက်နှာတွေပွင့်လန်းခဲ့ရတယ်။ အပြောင်းအလဲတစ်ခု ဖော်ဆောင်ဖို့အတွက် အရေးပါတဲ့ တွန်းအားတွေဖြစ်ခဲ့ရတယ်။ လက်ရှိအနေအထားမှာတော့ ရွှေဝါရောင်အနားစ (အနားစ လို့ပဲသုံးနှုန်းထားတယ်) မှာ မျက်နှာတွေ ငယ်နေကြတဲ့ လူငယ်တစ်စု။ သူတို့ ဘာကို အရှက်ရနေသလဲ။ လူ့အဖွဲ့အစည်းဆိုတဲ့အရာက သတ်မှတ်ထားတဲ့ space၊ ယုံကြည်မှု ကွဲပြားသူတွေ အသီးသီး သန်ရာသန်ရာ ယူဆထားတဲ့ space၊ ပထဝီဝင်အနေအထားက ပိုင်းခြားထားတဲ့ space၊ ထုံးတမ်းစဉ်လာ မျိုးရိုးဗီဇအရ ပြဌာန်းထားတဲ့ space၊ တစ်စုံတစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုက တမင်တကာ ဖန်တီးထားတဲ့ space၊ လူငယ်တွေရဲ့ မိမိကိုယ်ပိုင် လွတ်လွတ်လပ်လပ် ဖောက်ထွက်ချင်တဲ့ space တွေဟာ အချိန်ကာလ တစ်ခုမှာ အတူတကွ တည့်တည့် ဝင်တိုးမိတဲ့အခိုက် ဖြစ်ပေါ်လာတဲ့ အရှုပ်အထွေးတွေကို ဒီကဗျာမှာ ပြနေတယ်။ လူငယ်တစ်စုဟာ သူတို့မြင်တာကိုပြောလည်း ပြချင်တယ်။ ကျယ်ကျယ်လောင်လောင် ရှင်းရှင်းလင်းလင်း ချပြလို့လည်း စွန့်စားမှုတွေ ပြည့်နှက်နေတဲ့ အနေအထား။ နာကျင်တာကိုတောင် အော်ဟစ်လို့မရတဲ့ အနေအထား။ သွေးရိုးသားရိုးမိုးတွေပဲ သည်းဖို့၊ ဘုရားသခင်(တိုင်း) က စောင့်ရှောက်စေဖို့ တဲ့။ မျှော်လင့်ဆုတောင်းသံနဲ့ အဆုံးသတ်လိုက်တဲ့ ကဗျာရေးသူတွေဟာ ကဗျာရေးချလိုက်တာကလွဲလို့ ဘာများတတ်နိုင်ဦးမလဲ။

မာ့ခ်စ် ဝါဒ လိုက်စားသူ ပြင်သစ်တွေးခေါ်ပညာရှင် အွန်ဟီး လဖေးဗား က space ကို ၃ မျိုး ချဉ်းကပ်ပြထားတယ်။ (၁) ပထမ space - ရုပ်ပိုင်းဆိုင်ရာ/ သတိပြုလက်ခံရရှိမှုဆိုင်ရာ space။ တိုင်းတာ ထိတွေ့လို့ရတယ်။(၂) ဒုတိယ space - စိတ်ပိုင်းဆိုင်ရာ/ စိတ်ကူးကြံစည်လက်ခံရရှိမှုဆိုင်ရာ space။ လူတွေရဲ့ အတွေးအခေါ်တွေက ဆင်းသက်လာတယ်။  (၃) တတိယ space - လူမှုရေးဆိုင်ရာ/ ရှင်သန်လှုပ်ရှားနေသော space။ ဖိနှိပ်မှု၊ ရုန်းကန်မှု၊ ခွဲခြားမှု စတာတွေကြားက လူ့အဖွဲ့အစည်းက ဖန်တီးထားတဲ့ space။ အဲဒီ အယူအဆတွေကို အခြေပြုပြီး အမေရိကန်က ပို့စ်မော်ဒန် နိုင်ငံရေးပထဝီဝင် ပညာရှင် အက်ဒဝပ် ဆိုးဂျား က တတိယ space ချဉ်းကပ်ပုံကို ချဲ့ထွင်ခဲ့တယ်။ ထုံးတမ်းစဉ်လာ ပထမ ဒုတိယ space ချဉ်းကပ်ပုံတွေဟာ ယနေ့ခေတ် ကမ္ဘာဖြစ်ပျက်ပုံတွေမှာ အကျုံးမဝင်တော့ပါဘူးတဲ့။ ဘာကြောင့်လဲဆိုတော့ သူယုံကြည်တာက လူမှုအမျိုးအစားတစ်ခုထဲမှာပဲ space တွေဟာ တည်မနေနိုင်ဘဲ လူမှုအမျိုးအစား အများကြီးတွေနဲ့ အယူအဆမျိုးစုံတွေထဲမှာ တည်ရှိနေမှာပါ တဲ့။ အမျိုးအစား တစ်ခုနဲ့တစ်ခုပေါင်းပြီး အသစ်ထွက်လာမယ့် ဟိုက်ဘရစ် မျိုးစပ် space တွေဟာ မူလ space တွေ၊ တန်ဖိုးတွေ၊ အယူအဆတွေကို ချေဖျက်ပြီး ကမ္ဘာကြီး ကြုံတွေ့နေရတဲ့ ဆင်းရဲနွမ်းပါးမှုဆိုင်ရာ၊ ဂျင်ဒါဆိုင်ရာ၊ လူမျိုးရေးဆိုင်ရာ မေးခွန်းတွေကို လက်တွေ့ကျကျ ဖြေကြားပေးနိုင်မယ်လို့ ဆိုပါတယ်။ အခုအချိန်မှာ တချို့နိုင်ငံတွေမှာတော့ အဲဒီ third space ဆိုတဲ့ အမြင်ကို အခြေခံပြီး ဖျန်ဖြေမှုတွေ၊ ညှိနှိုင်းမှုတွေ၊ မတူညီသူတွေကြား လူမှုရေး ပေါင်းစည်းရင်းနှီးမှုတွေကို ဆောင်ရွက်လာကြတာတွေ ရှိနေကြပါတယ်။ ပဋိပက္ခတွေကို ဖြေရှင်းမယ့် မျှော်လင့်ချက် ရောင်ခြည်ပေလား။ 
၂၁ ရာစု ဆိုတဲ့ စီးဆင်းနေဆဲ အချိန်ကာလမှာ မြန်မာနိုင်ငံဆိုတဲ့ နယ်မြေ space တစ်ခုထဲက ရဲရင့်လမင်း၊ ကျော်ဦး(လှိုင်)၊ ရွှေမိုးမြူ တို့ကတော့ အတွေးအခေါ်ပဋိပက္ခတွေ၊ အဖြစ်အပျက်ပဋိပက္ခတွေ၊  ရှုထောင့်မျိုးစုံကြားက ပဋိပက္ခတွေ၊  ယုံကြည်မှုမျိုးစုံကြားက ပဋိပက္ခတွေ၊ မတော်တဆ ဖြစ်ပွားသွား ဒါမှမဟုတ် တမင်တကာ ဖန်တီးထားတဲ့ ပဋိပက္ခတွေကို ရှည်လျားရှုပ်ထွေးတဲ့ စာသားတွေနဲ့ ပုံဖော်ခဲ့ကြတယ်။ ဒါကို နိုင်ငံရေး ကဗျာလို့ မှတ်ယူကြမှာလား။ ပုဂ္ဂလိကဘဝတွေ ထဲမှာ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး ကင်းလွတ်ထွက်ပြေးလို့ မရနိုင်တဲ့ အနေအထားလို့ မှတ်ယူကြမှာလား။ ကဗျာတစ်ပုဒ်ထဲက မေးခွန်းတွေ အများကြီးထွက်လာနိုင်တာကို သီအိုရီပါးပါး၊ အတွေးများများနဲ့ ခပ်တိမ်တိမ် တူးထုတ်ကြည့်မိတယ်။

ပန်ဒိုရာ
၂၉.၁-၁၀.၂.၂၀၁၅

(နှင်းဆီဖြူဂျာနယ် အတွဲ (၁) အမှတ် (၁) တွင် ဖော်ပြခဲ့သော ဆောင်းပါး)



No comments: