အင်တာနက်ထဲက
စုပေါင်းစပ်ပေါင်းကဗျာများ
“ကဗျာတစ်ပုဒ်
နှစ်ယောက်တွဲရေးတာ ဘာမှ အသစ်အဆန်းတော့မဟုတ်ပါဘူး။ ရှေ့မှာ အများကြီး။ ကျွန်တော်ကတော့
fcebook သုံးရင်း FB ရဲ့ ဖန်ရှင်တွေကိုအသုံးချပြီး လုပ်လို့ရတဲ့ ကဗျာအလုပ်တစ်ခု လုပ်ကြည့်ဖို့
စိတ်ကူးမိတာပါလေ။ Group page တစ်ခုဖွင့်၊ ကော်မန့်ရေးစရာ ဘောက်စ်တွေနေရာမှာ ကဗျာရိုက်ထည့်ရင်း
အပြန်အလှန်ရေးကြပေါ့”
ကဗျာတစ်ပုဒ်ကို
ကဗျာဆရာတစ်ဦးထက်ပိုပြီး စုပေါင်းရေးသားကြတာ ယခင်ကတည်းက offline မှာ ရှိခဲ့ပါတယ်။ အင်တာနက်ပေါ်ပေါက်လာတဲ့အခါမှာတော့
အကွာအဝေးတွေဟာ ကျုံ့လာတဲ့အတွက် ကဗျာရေးသူ တစ်ဦးနဲ့တစ်ဦးကြား ဆက်သွယ်မှုတွေဟာ ပိုပြီး
မြန်ဆန် လွယ်ကူလာပါတယ်။ အဲဒီအကျိုးဆက်ကြောင့် ပေါ်ထွက်လာတဲ့ ဥပမာတစ်ခုကတော့ ၂၀၁၅ ဖေဖေါ်ဝါရီက
ထုတ်ဝေလိုက်တဲ့ ကဗျာဆရာမောင်ယုပိုင်ရဲ့ “Double Poetry Project” ဖြစ်ပါတယ်။ အထက်စာပိုဒ်ပါ
စာသားတွေကတော့ Double Poetry Project ရဲ့ အမှာစာထဲက ကောက်နုတ်ထားတာဖြစ်ပါတယ်။ မြိတ်မြို့မှာ
နေထိုင်သူ မောင်ယုပိုင်ဟာ အင်တာနက်ကို သုံးပြီး မြန်မာပြည်အခြားဒေသတွေနဲ့ နိုင်ငံရပ်ခြားနေထိုင်သူ
အပါအဝင် ကဗျာဆရာ၊ဆရာမ ၄၄ဦးနဲ့အတူ “နှစ်ယောက်တစ်ပုဒ်” (အနည်းငယ်ကတော့ သုံးယောက်တစ်ပုဒ်)
ကဗျာစုစုပေါင်း ၄၂ ပုဒ် ကို ရေးသားထုတ်ဝေနိုင်ခဲ့ပါတယ်။ “ကဗျာခေါင်းစဉ်ပူးပေါင်းမှု”
မှာ အခြားသော ကဗျာဆရာ၊ဆရာမ ၁၆ ဦးလည်း ပါဝင်ခဲ့ကြပါတယ်။
၂၀၁၅ ကမ္ဘာ့ကဗျာနေ့မှာ
အခမဲ့ကော်ပီတွေကို ဖြန့်ဝေခဲ့ပြီး ပုံနှိပ်စာအုပ်ထွက်လာဖို့ စီစဉ်နေဆဲဖြစ်တဲ့ ကဗျာဆရာရဲမြင့်သူ
ရဲ့“ရဲမြင့်သူ နှင့် အခြားစစ်ပွဲများ (Collage & Collaboration)” ကဗျာတွေဟာလည်း
ထိုနည်းတူဖြစ်ပါတယ်။ မောင်ယုပိုင်က facebook ပေါ်မှာ ပူးပေါင်းမဲ့ ကဗျာဆရာဆရာမ အားလုံးပါဝင်တဲ့
secret group page တစ်ခု တည်ထောင်ပြီး status နဲ့ comment တွေကတဆင့် ရေးသားခဲ့ပါတယ်။
ရဲမြင့်သူကတော့ facebook ပေါ်မှာ secret group page တစ်ခုစီ ကို ကဗျာဆရာ အခြားကဗျာဆရာ
၁၆ ယောက် တစ်ဦးချင်းနဲ့ သီးသန့်စီ တည်ထောင်ပြီး status နဲ့ comment တွေကတဆင့် ကဗျာပူးပေါင်းရေးသားခဲ့တယ်။
မောင်ယုပိုင်ရဲ့
နှစ်ယောက်တစ်ပုဒ်တွေမှာ ရေးသူနှစ်ဦးရဲ့ စာကြောင်းများ ပြန်လည်ရောနှောထားခြင်း တည်းဖြတ်ထားခြင်း
မျိုး မတွေ့ရဘဲ ဘယ်သူက ဘယ်စာပိုဒ်ကို ရေးတယ်ဆိုတာကိုလည်း ကဗျာထဲမှာ နာမည်အတိုကောက်နဲ့
ဖော်ပြထားပါတယ်။ ရဲမြင့်သူကတော့ ရေးသူနှစ်ဦးရဲ့ စာကြောင်းတွေကို ပြန်လည်တည်းဖြတ် ရောနှောထားတယ်
လို့ဆိုပါတယ်။ ဘယ်စာကြောင်းကို ဘယ်သူရေးတယ်ဆိုတာမျိုး ခွဲခြားဖော်ပြခြင်း မရှိပါဘူး။
၂ ဦး ပေါင်းရေးရတာ တွဲဖက်ညီတာရှိသလို အဆင်မပြေတာလည်း ရှိတယ်၊ အာရုံခံစားမှုချင်း၊ စာကြောင်းချင်းဆက်စပ်မရလို့
ကဗျာဟာ မကောင်းဘူးလို့ ယူဆတဲ့အတွက် စာအုပ်ထဲ မထည့်ဖြစ်တော့တဲ့ ကဗျာတွေလည်းရှိတယ်လို့
ရဲမြင့်သူက ပြောပါတယ်။
ကဗျာတစ်ပုဒ်ကို
ပူးပေါင်းရေးသားတဲ့နေရာမှာ ၂ ဦး သို့မဟုတ် ၃ ဦး ပူးပေါင်းတာတွေကို တွေ့ရပေမဲ့ အဲဒီထက်ပိုများတဲ့
ပူးပေါင်းမှုကတော့ တွေ့ရတာ နည်းပါတယ်။ အောက်ဖော်ပြပါကဗျာကတော့ တွေ့မိသမျှထဲမှာ ကဗျာရေးသူအရေအတွက်
အများဆုံး ပူးပေါင်းမှုတစ်ရပ်ဖြစ်ပါတယ်။ စာကြောင်းအချို့ကို ကောက်နုတ်တင်ပြလိုက်ပါတယ်။
တံတားကို
အကာအကွယ်ယူပြီး
……
တံတားဆရာ
FBI တွေကြားမှာ
တံတားကို
အကာအကွယ်ယူထားသူကရော
တံတိုင်းတွေ
ခုထိလုံခြုံစွာ ပုန်းခိုနေကြတုန်း
လူထုဆီ
လူရွှင်တော်တွေဆီမှာ
တံတားဆရာနားလည်စပြုလာပြီ
ကက်ဘိနက်မှာ
တံတားအကြောင်း ဆွေးနွေးကြမယ်တဲ့
တံတား
ခု အဲ့နေရာမှာ ရှိသေးလား
တစ်ယောက်ယောက်က
စောင့်ကြည့်နေခဲ့တာ/ဆဲ
တစ်ယောက်ကို
တစ်ယောက်က နေသားတကျစောင့်ဆိုင်း
London
bridge is falling down
Falling
down falling down
ဘယ်သူ
နာသွားသလဲ ဘယ်သူတွေ သာသွားသလဲ
တံတားဆရာ
အပျော်ဆုံးနေ့ပဲ
ခွေးလာလို့မရအောင်
ကြောင်တွေ
နောက်ကွယ်က
ကြိုးကိုင်ခဲ့တာ
…..
အထက်ပါကဗျာကို
ကဗျာဆရာ ၂၂ ယောက်က တစ်ယောက်ကို စာကြောင်းအနည်းငယ်စီနဲ့ စုပေါင်း ရေးသားခဲ့ပါတယ်။ facebook
ပေါ်က comment တွေမှာ ရှေ့ကရေးတဲ့သူရဲ့ စာကြောင်းကို ကြည့်ပြီး နောက်က ဆက်ရေးကြတာဖြစ်ပါတယ်။
ကဗျာထဲမှာ ပါဝင်ခဲ့တဲ့ ကဗျာဆရာ ၃ - ၄ ယောက်နဲ့တွေ့တဲ့အခါ ဒီလိုကဗျာမျိုးရဲ့ အရည်အသွေးနဲ့ပတ်သက်လို့
မေးမြန်းမိတဲ့အခါ အားရမှု သိပ်မရှိကြောင်း ပြောခဲ့ကြပါတယ်။ သူတို့ပြောပြချက်အရ အွန်လိုင်းမှာ
ဒီလို လူတွေအများကြီး စုရေးရတာ လွဲချော်မှုတွေလည်း ရှိတတ်ပါတယ် တဲ့။ ကိုယ့်ရှေ့က မှတ်ချက်ထဲက
ကဗျာစာကြောင်းကို ကြည့်ပြီး လိုက်ရေးလိုက်တဲ့ စာကြောင်းဟာ ကော်နက်ရှင် အခြေအနေကြောင့်
တော်တော်နဲ့ တက်မလာခင် အခြားသူတစ်ဦးရေးလိုက်တဲ့ စာကြောင်းက မှတ်ချက်ထဲမှာ တက်သွားလို့
အဆက်အစပ်မဲ့သွားတာ ဒါမှမဟုတ် အိုင်ဒီယာထပ်သွားတာမျိုး ရှိတတ်ပါသတဲ့။
အပြင်
offline မှာတော့ Creative Writing သင်တန်းတွေမှာ ဂိမ်းဆန်ဆန် ဒီလိုကဗျာရေးကြတဲ့ ရေးနည်းတစ်ခုကို ကြုံတွေ့ခဲဖူးပါတယ်။
ကျောင်းသား အများအပြားရှိတဲ့ အတန်းထဲမှာ စာရွက်လွတ်တစ်ရွက်ကို ပေးပြီး ကဗျာစာကြောင်းတစ်ကြောင်းစီ
ရေးခိုင်းပါတယ်။ ဒုတိယရေးသူက ပထမဆုံးရေးသူရဲ့ ကဗျာစာကြောင်းကို ကြည့်ပြီး လိုက်ရေးရပါတယ်။
အဲဒီနောက် ပထမရေးသူရဲ့ စာကြောင်းကို စာရွက်ထဲမှာ ခေါက်ထားလိုက်ပါတယ်။ ဒီလိုနဲ့ နောက်ဆက်ရေးသူတွေက
ကိုယ့်ရှေ့က ရေးသူရဲ့ စာကြောင်းက လွဲလို့ ဟိုးရှေ့က ရေးထားတဲ့ စာကြောင်းတွေကို မမြင်ရအောင်
စာရွက်ကို ဆက်ဆက် ခေါက်သွားကြပါတယ်။ အားလုံးပြီးသွားတဲ့အခါကျမှ စာရွက်တစ်ရွက်လုံးကို
ဖြန့်ကြည့်ပြီး ဘယ်လို ကဗျာမျိုး ထွက်လာတယ်ဆိုတာကို ကြည့်ကြပါတယ်။ ဒီလို အခြေအနေမှာတော့
အွန်လိုင်းမှာလို ကော်နက်ရှင် ပြဿနာ ကြုံစရာအကြောင်းမရှိလို့ ပိုစနစ်ကျစေပါတယ်။ ဒါပေမဲ့
ကဗျာဆရာ အများအပြားကို အခုလို စုပြီး ရေးသားဖို့ ဆိုရင်တော့ အားလုံး တစ်စုတစ်စည်း တစ်ထိုင်တည်း
ဆုံတွေ့ဖို့ဟာ အွန်လိုင်းထက် အများကြီး ခက်ခဲပါတယ်။
အမေရိကန်ကဗျာဆရာကြီး
မာဗင်ဘဲလ် (Marvin Bell) နဲ့ အိုင်အိုဝါတက္ကသိုလ်က IWP ဒါရိုက်တာ ခရစ္စတိုဖာမာရေးလ်တို့ဟာ
“Everything at once” ဆိုတဲ့ နှစ်ဦးပေါင်း စကားပြေကဗျာစာအုပ် ဖြစ်မြောက်လာဖို့အတွက်
ခရစ္စတိုဖာမာရေးလ်က ပြည်ပနိုင်ငံတွေမှာ ရှိနေပြီး မာဗင်ဘဲလ်က အမေရိကန်နိုင်ငံမှာ ရှိနေခဲ့ချိန်မှာ
တစ်ဦးနဲ့တစ်ဦး ၁၅ လကြာအောင် အီးမေးလ်ကတဆင့် အပြန်အလှန် ကဗျာတွေ ပို့ ဆွေးနွေးတိုင်ပင်ပြီး
ထုတ်ဝေခဲ့ကြတာဖြစ်ပါတယ်။ “ကဗျာဆရာ ၇ ယောက်၊ လေးရက်တာ၊ စာအုပ်တစ်အုပ်( seven poets,
four days, one book)” လို့ ခေါင်းစဉ်ပေးထားတဲ့
စာအုပ်တစ်အုပ် အတွက်တော့ ခရစ္စတိုဖာမာရေးလ်ဟာ ကဗျာဆရာ ၆ ယောက်ကို အိုင်အိုဝါမြို့ကို
လာရောက်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီမှာ လေးရက်တာ နေထိုင်တဲ့အခိုက် ပထမဦးဆုံး ခရစ္စတိုဖာမာရေးလ်က
ကဗျာတစ်ပုဒ်ကို အရင်ရေးပါတယ်။ သူ့ကဗျာထဲက စာကြောင်းတွေကို ကျန်ကဗျာဆရာတစ်ယောက်စီက ပထမဆုံး
စာကြောင်းအဖြစ်ယူပြီး အသီးသီး ကဗျာဆက်ပြီး ရေးကြပါတယ်။ ပြီးတော့ အဲဒီကဗျာဆရာအသီးသီးရဲ့
စာကြောင်းတွေကို တခြားကဗျာဆရာတွေက ပထမဆုံးစာကြောင်းအဖြစ် ခွဲဝေယူပြီး ဆက်ရေးကြပြန်ပါတယ်။
အဲဒီလိုနဲ့ ချိတ်ဆက်ဖြစ်ပေါ်လာတဲ့ ကဗျာတွေကို စုစည်းပြီး ထုတ်ဝေထားတဲ့စာအုပ်ဖြစ်ပါတယ်။
ဒါကတော့ နိုင်ငံရပ်ခြားက သူတို့ရဲ့ အွန်လိုင်း အော့ဖ်လိုင်း ကဗျာပူးပေါင်းမှုတွေ ဖြစ်ပါတယ်။
အင်တာနက်ထဲက
စုပေါင်းစပ်ပေါင်း ကဗျာမျိုးတွေထဲမှ အကြောင်းအရာ၊ Theme ဒါမှမဟုတ် ခေါင်းစဉ်တစ်ခုတည်းကို
မတူညီတဲ့ ကဗျာဆရာတွေက တစ်ယောက် တစ်ပုဒ်စီ တမင်ရည်ရွယ် ဝိုင်းရေးကြတာတွေလည်း ရှိပါတယ်။
“ကျွန်တော်မသိဘဲ မိုးတွေရွာသွားတယ် မကြည်ဖြူ” နဲ့ အခြားသော မကြည်ဖြူခေါင်းစဉ်ပါ ကဗျာတွေကို
ဇာတိ၊ နေ့သစ်၊ သူရဿဝါ၊ မိငြိဏ်းခက် စတဲ့ကဗျာဆရာ အသီးသီးကရေးခဲ့ကြတယ်။ “ဆိတ်” နဲ့ပတ်သက်တဲ့
ကဗျာတွေကို PEM Skool ကဗျာဆရာတွေ တစ်ယောက်တစ်ပုဒ် ရေးခဲ့ကြတယ်။ တချို့သော ခေါင်းစဉ်တူတွေကတော့
တိုင်ပင်တာမဟုတ်ဘဲ တိုက်ဆိုင်မှု ဒါမှမဟုတ် ယေဘုယျဆန်လွန်းသော ခေါင်းစဉ်ဖြစ်လို့ လည်းတူညီတာဖြစ်နိုင်တယ်။
ဥပမာအားဖြင့် “မိသားစု” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဗျာရေးသူတွေ အင်တာနက်ထဲမှာ အများအပြားရှိပါတယ်။
“သန်းခေါင်ယံကဗျာရေးပွဲတော်”
လို့ အမည်ပေးထားတဲ့ ကဗျာစုစည်းမှုမှာတော့ ကဗျာဆရာ ဒီလူကလေးဟာ ကမ္ဘာ့ကဗျာနေ့ ညဘက်မှာ အချိန်တစ်ခု
သတ်မှတ်ပြီး facebook ထဲက သူတင်ထားတဲ့ status အောက်မှာ မိမိတို့ကဗျာတွေကို comment
ဝင်ရေးဖို့ ကဗျာဆရာအများအပြားကို ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။ အဲဒီမှတ်ချက်ကဗျာတွေကို စုစည်းပြီး
ကဗျာစုစည်းမှုစာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။
မြန်မာတွေကြား
Facebook ခေတ်မစားခင် forum ၊ blog ၊ chat room၊ gtalk တွေထဲမှာလည်း လျှို့ဝှက်အုပ်စုဖွဲ့လို့ဖြစ်စေ၊
အများမြင်နိုင်တဲ့ public နေရာမှာဖြစ်စေ၊ တစ်ဦးနဲ့တစ်ဦး ခေါင်းစဉ်တူ ကဗျာရေးဖို့
tag ကြတာ၊ comment တွေ အပြန်အလှန်ပြောစကားတွေကို အသုံးပြုပြီး ပူးပေါင်းကဗျာရေးကြတာတွေ
ရှိခဲ့ပါတယ်။ ဆက်သွယ်ရေး လွယ်ကူမြန်ဆန်စေတဲ့ အင်တာနက်သုံးစွဲမှုဟာ စုပေါင်းလုပ်ဆောင်ရတဲ့
ကဗျာလှုပ်ရှားမှု အတော်များများကို အထောက်အကူပြုခဲ့တာကတော့ ထင်ရှားပါတယ်။ ဒါပေမဲ့ အင်တာနက်ရဲ့
လျှင်မြန်မှုနဲ့ လွယ်ကူမှုဟာ စုပေါင်း ကဗျာတွေရဲ့အရည်အသွေးကိုရော သိသိသာသာ ပိုကောင်းလာစေသလား
ဆိုတာကတော့ အပြင် offline မှာလိုဘဲ နှစ်ဦးနှစ်ဘက် ညှိနှိုင်းမှု၊ တည်းဖြတ်မှု၊ အာရုံခံစားတူညီမှု
စတာတွေမှာ မူတည်နေတာမို့ ပြောရခက်နေပါသေးတယ်။
ပန်ဒိုရာ
၁၃-၁၈.၆.၂၀၁၅
(နှင်းဆီဖြူဂျာနယ် အတွဲ ၂ အမှတ် ၁ တွင် ဖော်ပြပြီး)
No comments:
Post a Comment