Sunday, January 23, 2011

ဂင်္ဂါမြစ်ကြောစီးမျောခြင်း




ဆရာချိုတူးဇော်ရဲ့ “တရံရောအခါ ဂင်္ဂါ” ကို ဖတ်ဖြစ်ပါတယ်။ အလင်းသစ်စာပေက ၂၀၁၀ နိုဝင်ဘာမှာ ဖြန့်ချိခဲ့တဲ့ လုံးချင်းဝတ္ထုစာအုပ်ပါ။

“အဲဒီ မြင့်မြတ်သော မြေနဲ့ မြင့်မြတ်သော အာရိယန်အမျိုးသားမှာ ဘယ်အရာက ပိုမြင့်မြတ်တယ် တန်ဖိုးရှိတယ်လို့ကော သင်ထင်သလဲ အမတ်ကြီး။ တကယ်လို့ ဒီမြင့်မြတ်သော မြေအတွက် မြင့်မြတ်သော အာရိယန်အမျိုးသားတွေရဲ့ အသက်တွေ၊ ဘ၀တွေကို ပေးဆပ်ရလောက်အောင် တန်ဖိုးရှိတယ်ဆိုရင် အသက်ပေါင်း ဘယ်လောက်အတိုင်းအတာအထိ ပေးဆပ်သင့်ပါသလဲ။ ကျွန်ုပ်တို့ ရှိရှိသမျှ အာရိယန်အမျိုးသားများအားလုံး ပြည်သူလူထု တစ်ရပ်လုံးရဲ့ အသက်ခန္ဓာတွေကို ပေးဆပ်မှ ရမယ်ဆိုရင်ကော ဒီသက်မဲ့မြေကြီးဟာ ဒီအာရိယန်တွေရဲ့ အသက်မဲ့ ခန္ဓာတွေ မြှုပ်ဖို့ကလွဲပြီး ဘယ်နေရာမှာများ အသုံးဝင်နိုင်ဦးမလဲ အမတ်ကြီး”


စစချင်းအခန်းမှာ ဖတ်လိုက်ရတဲ့ စကားပြောခန်း စာတစ်ပိုဒ်က စာအုပ်ကို အဆုံးအထိ မရပ်မနား ဆက်ဖတ်စေဖို့ ဆွဲဆောင်ခဲ့ပါတယ်။ အသောကဘုရင်ရဲ့ စစ်လက်သဲချွန်တွေက ဒေသတ၀ှမ်းကို ကြဲဖြန့်ကုတ်ခြစ်နေတဲ့ ဘီစီ ၂၆၀ အချိန်များကို နောက်ခံပြုထားတဲ့ ဒီစာအုပ်မှာ အဖွဲ့အနွဲ့အရေးအသားတွေ ဇာတ်လမ်းဇာတ်ကွက်တွေ သမိုင်းအကိုးအကား အထောက်အထားတွေထက် စဉ်းစားသုံးသပ်ချင်စရာ ထူးခြားလေးနက်တဲ့ အတွေးအခေါ်တွေက ပိုပြီးလွှမ်းမိုးတယ်လို့ ဆိုချင်ပါတယ်။

ဂင်္ဂါမြစ်ဝှမ်းဒေသမှာတည်ရှိတဲ့ ဂင်္ဂါမာလ လို့ အမည်ရတဲ့ နိုင်ငံမှာ လောကအကျိုး ပြည်သူ့အကျိုးအတွက် တွေးခေါ်မြော်မြင်မှုကြီးမားတဲ့ သီရိသကျသုဓမ္မဘုရင်၊ ဘုရင်နဲ့ ညီရင်းအစ်ကိုလို ချစ်ခင်ရင်းနှီးသလို ကိုယ့်မွေးရပ်မဟုတ်ပေမယ့် ကြီးပြင်းနေထိုင်လာခဲ့ရတဲ့ တိုင်းပြည်ကို မြတ်မြတ်နိုးနိုး သစ္စာစောင့်သိတဲ့ သက်တော်ရှည်အမတ် စန္ဒသူရိယ၊ ပြည်သူလူထုအပေါ် စိတ်စေတနာ မှန်ကန်ပြီး ရဲစွမ်းသတ္တိပြည့်ဝတဲ့ တပ်မှူးကြီး နန္ဒ၀ံသ တို့က ဒီဝတ္ထုမှာ အဓိကနေရာက ပါဝင်ကြပါတယ်။ ဂင်္ဂါမာလနိုင်ငံကို ကျူးကျော်ဝင်ရောက်လာတဲ့ အသောကရဲ့ စစ်တပ်တွေကို အနိုင်တွန်းလှန်နိုင်ခဲ့လို့ အောင်ပွဲသဘင် ဆင်ယင်ဖို့ ပြင်ဆင်နေကြပုံနဲ့ ဇာတ်လမ်းကို အစပျိုးထားပါတယ်။

ဇာတ်လမ်းအစမှာတင် မေးခွန်းတွေက ရှိလာပါတယ်။ အသောကရဲ့ တပ်တွေကို တွန်းလှန်နိုင်ခဲ့ပေမယ့် စစ်ပွဲမှာ ကျဆုံးသွားတဲ့ သားတွေရဲ့ အမေတွေ၊ လင်ယောင်္ကျား ဆုံးရှုံးသွားတဲ့ မုဆိုးမတွေ၊ ဖခင်မဲ့သွားတဲ့ သားသမီးတွေဟာ အောင်ပွဲခံ ပျော်ရွှင်နိုင်ကြပါ့မလား။ ဒီအောင်ပွဲကရော ဘယ်လောက် တည်တံ့နိုင်တဲ့ အောင်မြင်မှုလဲ။ အားကောင်းလှတဲ့ အသောကရဲ့ စစ်အင်အားကို ဂင်္ဂါမာလဟာ နောက်ထပ် ဘယ်နှစ်ကြိမ် ခုခံတွန်းလှန်နိုင်ဦးမှာလဲ။ အသက်တွေ ဘယ်လောက်စတေးရဦးမှာလဲ။

ဘုရင် သီရိသကျ ဟာ အားလုံးအတွက် ရေရှည် လွတ်မြောက်ငြိမ်းချမ်းရာ နည်းလမ်းတစ်ခုကို ကြံဆပါတယ်။ မျိုးရိုးဇာတိမာန် ကြီးမားတဲ့ ဂင်္ဂါမာလတိုင်းသား အရိယန်နွယ်ဖွားတွေဟာ ပိုင်နက်နယ်မြေကို တစ်လက်မကျုးကျော်မခံ ခုခံကာကွယ်လိုစိတ် ပြင်းထန်ကြပါတယ်။ တကယ်တော့လည်း ဂင်္ဂါမြစ်ဝှမ်းဒေသဆိုတာ မဇ္ဈိမကနေ ပြောင်းရွှေ့လာကြတဲ့ အရိယန် ဘိုးဘေးဘီဘင်တွေ လက်ထက်က ဒေသခံ ဒြာဝီဒီယမ်တွေလက်ထဲက တိုက်ခိုက်လုယူခဲ့ကြတာပါတဲ့။

“စန္ဒသူရိယ.. စစ်ဟာတိုင်းနိုင်ငံကြောင့် ဖြစ်ရတာမဟုတ်လား၊ ခေတ်အဆက်ဆက် စစ်ပွဲတွေဟာ ဒီသက်မဲ့မြေကြီးအတွက် ဖြစ်ကြရတာမဟုတ်လား၊ မြေကြောင့်ဖြစ်ရတဲ့ စစ်ပွဲ၊ ရေကြောင့်ဖြစ်ရတဲ့ စစ်ပွဲ၊ စည်းစိမ်ဥစ္စာ ကညာဒေ၀ီကြောင့် ဖြစ်ရတဲ့ စစ်ပွဲ လူတွေရဲ့လောဘ ဒေါသတွေကို ရှောင်လွှဲဖို့ နည်းလမ်းကောင်းတစ်ခုကို သင်ဘာကြောင့် မရှာဖွေတာလဲ”

“ကျွန်ုပ်တို့ ဂင်္ဂါမာလဆိုတဲ့ အနှောင်အဖွဲ့ကို စွန့်ပယ်နိုင်ပါမှ၊ တိုင်းနိုင်ငံဆိုတဲ့ စွဲလမ်းခြင်း အနှောင်အဖွဲ့ကို ဖျောက်ဖျက်ပစ်နိုင်ပါမှ စစ်ဆိုတဲ့သမိုင်းရဲ့ မပြီးမစီး မရိုးမအီနိုင်တဲ အစဉ်အလာ ဘေးဆိုး သံသရာကနေ လွတ်မြောက်နိုင်ကြမယ်”


စစ်ရဲ့ အနိဌာရုံအကျိုးဆက်တွေကို ရှောင်ကွင်းနိုင်ဖို့အတွက် ဘုရင် သီရိသကျဟာ နိုင်ငံကို စွန့်ပြီး လှည့်လည်သွားလာနေထိုင်တဲ့ စနစ်တစ်ခုကို တည်ဆောက်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီ အတွေးအခေါ်ကို လူတွေကြားမှာ သဘောပေါက် နားလည်နိုင်စေဖို့ ဒဿနဖလှယ်ပွဲတွေ လုပ်ပေးခဲ့တယ်။ မိဖုရားကြီး အပါအ၀င် လတ်တလော ခံစားစံစားနေရတဲ့ အဆင်ပြေမှုတွေ စည်းစိမ်တွေကို မစွန့်လွှတ်နိုင်သူတွေကတော့ ဘုရင်ရဲ့ ဒဿနကို လက်မခံနိုင်ကြဘူး။

ဇာတ်လမ်းတလျောက်မှာ တချို့အသေးစိတ် အချက်ကလေးတွေဖြစ်တဲ့ စစ်ဒဏ်ကို ကြိတ်ခံနေရတဲ့ ပြည်သူလုထု၊ ခေတ်ပျက်ထဲမှာ အာဏာရှိသူတွေနဲ့ ပေါင်းပြီး စီးပွားဖြစ်နေသူ လူတစ်စုအကြောင်း၊ ဒဿနပညာရှင်တို့ရဲ့ မာန်မာနတွေအကြောင်း၊ အတွေးအခေါ်မှန် တစ်ခုအပေါ် ဇဝေဇ၀ါ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်း စတာတွေကိုလည်း တွေ့ခဲ့ရပါတယ်။

ဘုရင်ရဲ့ စီမံမှုအောက်မှာ လူစုခွဲပြီး ဂင်္ဂါမာလကနေ တဖြည်းဖြည်း ထွက်ခွာလို့ လူမျိုး နိုင်ငံဆိုတဲ့ စည်းမျဉ်းဘောင်တွေကို ခွာချလိုက်တဲ့အခါ တီထွင်မှုတွေ အနုပညာတွေ ဆန်းသစ်တိုးတက်လာပုံ၊ ရယူဖို့မဟုတ်တဲ့ ပေးဆပ်ခြင်းဆိုတဲ့ ငြိမ်းချမ်းတဲ့ အလင်းဓာတ်ကို နိုင်ငံမျိုးစုံကြားမှာ လှည့်လည် ဖြန့်ဝေ ထွန်းညှိပေးနိုင်ခဲ့ပုံတွေဟာလည်း စိတ်ဝင်စားစရာပါ။

ဘုရင့်စကားကို လေးစားမြတ်နိုးပြီး အမှန်တရားကို နားလည် သဘောပေါက်မှုက တစ်ဘက်၊ နိုင်ငံကို နောက်ဆုံးစက္ကန့်အထိ တွန်းလှန်ချင်တဲ့ တာဝန်သိစိတ်က တစ်ဘက်၊ သွေးစက်တွေကို ကျော်နင်းထားတဲ့ အနှစ်သာရမဲ့ အောင်မြင်မှုနဲ့ ရုပ်ဝတ္ထုမပါတဲ့ အေးချမ်းတဲ့ အောင်မြင်မှု၊ စတဲ့ ဆန့်ကျင် အားပြိုင်မှုတွေကိုလည်း စာအုပ်ထဲမှာ အသေးစိတ် ခံစားကြစေချင်ပါတယ်။

ဒီဝတ္ထုက အထက်အောက်ဒေါင်လိုက် အနက်အရှိုင်း စဉ်းစားစရာရော ဘေးတိုက်ဖြန့်ထွက် အကျယ်အပြန့် စဉ်းစားစရာကိုပါ ပေးခဲ့ပါတယ်။

တိုင်းပြည်၊နိုင်ငံ ဆိုတာတွေကို ကာကွယ်ကြပါတယ် ဆိုတဲ့နေရာမှာ ဆုပ်ကိုင်ထားတဲ့ ရုပ်ဝတ္ထုတွေနဲ့ တန်ဖိုးရှိလှတဲ့ လူ့အသက်တွေ ဘ၀တွေ၊ ဘယ်အရာတွေအတွက် ဘယ်အရာတွေကို စတေးနေကြပါသလဲ ဆိုတာ စဉ်းစားစရာပါ။ တာဝန်ဝတ္တရားရှိသူတွေ ကာကွယ်စောင့်ရှောက်နေတယ် ဆိုတာ ပြည်သူလူထု ဆိုတဲ့ နေထိုင်သူလူသားတွေ အတွက်လား၊ တိုင်းပြည်ဆိုတဲ့ နယ်နိမိတ်စည်းတစ်ခု ဒါမှမဟုတ် အကျိုးစီးပွားဖြစ်ရာ ဒေသတစ်ရပ် အတွက်လား၊ အချုပ်အခြာ အာဏာလို့ ဆိုတဲ့နေရာမှာလည်း တိုင်းပြည်၊နိုင်ငံရဲ့ အချုပ်အခြာအာဏာလား၊ တစ်ဦးတစ်ယောက် အဖွဲ့အစည်းတစ်ခုရဲ့ အချုပ်အခြာအာဏာအတွက်လား။

“စစ်မက်ကို ရှောင်ကွင်းဖို့ စစ်မက်ကို ခင်းကျင်းမယ် ဆိုတာလောက် မိုက်မဲလှတဲ့ ဖြေရှင်းမှုမျိုး ရှိပါ့မလား” တဲ့။ ကမ္ဘာပေါ်မှာ လူတွေ အသိဉာဏ် ယဉ်ကျေးမှု မတိုးတက်ခင် ကျောက်ခေတ် ကြေးခေတ်တွေကတည်းက ပြဿနာတွေကို တိုက်ခိုက်သတ်ဖြတ်တဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းခဲ့ကြတယ်။ ယဉ်ကျေးလှပါပြီ တိုးတက်လှပါပြီလို့ ဆိုတဲ့ လက်ရှိခေတ်ကြီးမှာလည်း ပိုအဆင်မြင့်တဲ့ လူသတ်လက်နက်ဆန်းတွေနဲ့ တိုက်ခိုက်ဖြေရှင်းဖို့ ခြိမ်းခြောက်အနိုင်ယူဖို့ မိုက်မိုက်မဲမဲ ကြိုးပမ်းနေကြတုန်း မဟုတ်ပါလား။ သံလွင်ခက်ကို ကိုက်ချီထားတဲ့ ငြိမ်းချမ်းရေး ချိုးဖြူငှက်ကလေးဟာ အဖော်မဲ့စွာ နှောင်ချိုင့်သွင်း အကျဉ်းချခံနေရဆဲပါ။

လူမျိုးတူရာ ဒေသတူရာ ဒါမှမဟုတ် အယူဝါဒတူရာတွေ စုပြီး နိုင်ငံအလံတွေရယ်လို့ ကမ္ဘာပေါ်မှာ စိုက်ထူ သတ်မှတ်လာခဲ့ကြတယ်။ အားကြီးသူတွေက အားနည်းသူတွေဆီက မြေကို ကျုးကျော်လုယူခဲ့ကြတယ်။ နယ်နိမိတ်စည်းတွေပေါ် အခွင့်အရေးယူမှု အလွဲသုံးမှုတွေကြားမှာ မညီမျှတဲ့ လူ့တန်ဖိုးတွေ၊ အိမ်ဝေး အိမ်ပြေး အိမ်ပျောက်ရသူတွေ၊ လှေတစ်စီးကို နိုင်ငံပြုပြီး မျောလွင့်နေရတဲ့ နိုင်ငံမဲ့လူသားတွေ ပေါ်လာခဲ့တယ်။ အတွေးအခေါ်ပညာရှင်ကြီး ဆိုကရေးတီးကတော့ ပြောခဲ့ပါတယ်။ "I am not an Athenian, or a Greek, but a citizen of the world." ကျွန်ုပ်ဟာ အေသင်သားလည်းမဟုတ်၊ ဂရိလူမျိုးလည်းမဟုတ်၊ ကမ္ဘာ့နိုင်ငံသားတစ်ဦး ဖြစ်တယ် .. တဲ့။

“ခြေလေးတစ်ဖ၀ါးချချင်တယ်
ကျောလေးတစ်ခင်း ခင်းချင်တယ်
အရိပ်ကလေး တစ်ရိပ် ခိုချင်တယ်
ဒီကမ္ဘာကြီးက ကျွန်တော်တို့ ကမ္ဘာ မဟုတ်ဘူးလား မေမေ
မေမေ နင်းထားတဲ့ မြေသားက ကမ္ဘာလား မိုင်းလား
ဖေဖေ့နှလုံးသားထဲ စိုက်နေတဲ့ ကျည်ဆန်က
ကျွန်တော် သွားရမယ့် မြေပုံ အညွှန်းလား”

ဆိုတဲ့ ကိုရွေးရဲ့ “ပါလက်စတိုင်း ကလေးငယ် တစ်ဦးရဲ့ မေးခွန်း” ဆိုတဲ့ ကဗျာလေးကိုလည်း သတိရဖွယ်ပါ။ ဒီကမ္ဘာကြီးက လူသားတွေအားလုံးအတွက် ကမ္ဘာ မဟုတ်ဘူးလား။

ဆရာချိုတူးဇော်ရဲ့ “တရံရောအခါ ဂင်္ဂါ” က စာဖတ်သူရဲ့ အတွေးထဲမှာ ခြေရာလှလှတွေ ချန်ရစ်ပေးခဲ့ပါတယ်။

ပန်ဒိုရာ
23/01/2011

(ဒီစာအုပ်ထွက်နေတာကို ပြောပြပြီး ညွှန်းပေးခဲ့တဲ့ မနော် (မနော်ဟရီ) ကိုလည်း ကျေးဇူးအထူးတင်ရမှာပါ.း))

Expand..

Wednesday, January 19, 2011

ကောင်းကင်များ၏ အတ္ထုပ္ပတ္တိ ၂၀၁၁


ကိုရင်ညိန်း စီစဉ်တဲ့ ကောင်းကင်များ၏ အတ္ထုပ္ပတ္တိ မိခင်မေတ္တာဘွဲ့ ကဗျာစု ၂၀၁၁ ထွက်ပါပြီ။ ၁၉ ဇန်န၀ါရီ ၂၀၁၁ (ပြာသိုလပြည့်နေ့) မှာကျရောက်တဲ့ အမေနေ့ အမှတ်တရ E-book ဖြစ်ပါတယ်။

ပါဝင်ရေးသားသူတွေကတော့ ကောင်းကင်ကို၊ ကျော်ညိုသွေး၊ ခန့်နေ၊ ငြိမ်းစိုးဦး၊ ဆောင်းယွန်းလ၊ ညိမ်းညို၊ တောကျောင်းဆရာ၊ တင့်ထူးရွှေ၊ ထွန်းတောက်နေ၊ ဏီလင်းညို၊ ပန်ဒိုရာ၊ ဗသားချော၊ ဗညားရှိန် (ခ) လင်းခေတ်ဒီနို၊ မိုးမြင့်တိမ်၊ မိုးလှိုင်ည၊ မင်းယွန်း၊ မင်းသုခ၊ မောင်ခင်လေး၊ မောင်ဖုန်းမြင့်၊ ရွှေပြည်သူ၊ ရွှန်းမီ၊ သင်ကာ၊ ဟန်သစ်ငြိမ်၊ ဟယ်ရီလွင်၊ အမရာ၊ ဧဏီမင်း၊ အိုင်လွယ်ပန်၊ အိန္ဒြာ တို့ဖြစ်ပါတယ်။

သရုပ်ဖော်ပုံတွေကို လူသား၊ သက်ဆွေလင်း၊ ပန်ဒိုရာ တို့က ကူညီဆွဲပေးထားကြပါတယ်။ စာအုပ်အပြင်အဆင် တာဝန်ယူသူကတော့ ဟန်သစ်ငြိမ် ပါ။

၂၀၀၉ ခုနှစ်ကစပြီး နှစ်စဉ်နှစ်တိုင်း အားတက်သရော လှုံ့ဆော်စုစည်းပေးတဲ့ စီစဉ်သူ ကိုရင်ညိန်းကို အထူးကျေးဇူးတင်ရပါတယ်။ မိခင်မေတ္တာရဲ့ အလင်းဓာတ်နဲ့ ကမ္ဘာမြေ ငြိမ်းချမ်းသာယာစေဖို့ ဆုတောင်းလိုက်ပါတယ်။

ဒီလင့်ခ်မှာ download ယူနိုင်ကြပါတယ်။

Expand..

Tuesday, January 11, 2011

လူပြိန်းများ မြို့ကိုသိမ်းပိုက်စဉ်



လူပြိန်းတွေဟာ ရေကြည်ရာမြက်နုရာ လှည့်လည်သွားလာတယ်
မဟာတံတိုင်းကြီးကို ကုတ်ကတ်ဖက်တက်တယ် ထရိုဂျန်မြင်းရုပ်ကြီးကို ၀မ်းသာအားရ မြို့ထဲ မောင်းသွင်းလာတယ်
ရောမကိုရောက်တော့ နှီးဝါးများနဲ့ နေ့ချင်းပြီး မြို့တည်ဖို့ ရောမလိုကျင့်ကြတယ် ကြံကြတယ်
လူပြိန်းတွေဟာ ဆီဇာရဲ့နောက်ကျောကို ဓါးနဲ့ထိုးတယ် အန်တိုနီက မိန့်ခွန်းလည်းပြောရော
ဘရူးတပ်စ်ရဲ့နောက်ကျောကို ဓါးနဲ့ထပ်ထိုးပြီး ဆီဇာ ဆီဇာ ဆီဇာ လို့ သုံးကြိမ်သုံးခါ ဟစ်ကြွေးလိုက်ကြတယ်
လူပြိန်းရောဂါ စွဲကပ်လာ လျှင်စွာကုဖို့ပြင်၊ မကုစားပဲ အပြိန်းစွဲတော့ လူပြိန်းဗိုင်းရပ်စ်ဟာ လေကနေတဆင့် ကူးစက်တယ်
လူပြိန်းပေါ့စတစ်ဖြစ်တာနဲ့ ဦးခေါင်းအပူချိန်မြင့်လာမယ် ဒွာရကိုးပေါက်က စကားလုံးများယိုစီးမယ်
နောက်တော့ နှစ်ဆယ့်လေးနာရီအတွင်းမှာ လုံးဝပြိန်းသွားတော့တာပဲ တဲ့
လူပြိန်းပိုးမ၀င်သေးသူတွေကို လူပြိန်းတွေက တံတွေးနဲ့လှမ်းထွေးတယ် လျှာနဲ့လျက်ကြတယ် သွားနဲ့ကိုက်ကြတယ်
တဖြည်းဖြည်းနဲ့ လူပြိန်းဦးရေက ပွားပွားလာတော့ လူပြိန်း မဟုတ်သူတွေဟာ ပြိန်းချင်ယောင် ဆောင်နေကြရတယ်
လူပြိန်းကြည့်ပုံ လူပြိန်းလမ်းလျှောက်ပုံ လူပြိန်းဝတ်စားဆင်ယင်ပုံ လူပြိန်းအလုပ်လုပ်ပုံ လူပြိန်းစားပုံအိပ်ပုံ လူပြိန်းကွန်ပြူတာစာစီစာရိုက်ပုံ လူပြိန်းဖက်ရှင်တွေနဲ့ လူပြိန်းနဲ့လူမပြိန်းတွေဟာ ခွဲလို့တောင်မရတော့ဘူး
သိဒ္ဓတ္ထဟာ ကဏ္ဍကမြင်းကိုစီးပြီး လူပြိန်းလွတ်ကင်းရာကို တောထွက်သွားရတယ်
ဉာဏ်အလင်းပွင့်ပြီးမှ ပြန်လာပြီး လူပြိန်းတွေ ရှေ့နားက ဘုရားမတ်မတ် စက်ဆုံရပ်၍ အတပ်ပင်ဟောကတဲ့ လုပ်ရတယ်
လူပြိန်းတွေးတွေးတဲ့ လူပြိန်းတွေနားလည်ဖို့ လူပြိန်းကြိုက်တရားကို ဗားရှင်းတွေ နှိမ့်ချပေးရတယ် ဒီလိုနဲ့ ဟောရင်းနဲ့သာ ဓမ္မကထိကများ ပျံလွန်တော်မူသွားကြတယ်
လူပြိန်းတွေဟာ ခရစ်တော်ယေရှုကို ကားစင်တင်လိုက်ကြတယ် လေဒီဒိုင်ယာနာကို လုပ်ကြံလိုက်ကြတယ် မာရီလင်မွန်ရိုးနဲ့ မိုက်ကယ်ဂျက်ဆင်ကို တောနင်းရှာကြတယ်
တိုက်ဂါးဝုဒ်ရဲ့ ဂေါ့ဖ်တံကို ရိုက်ချိုးလိုက်ကြတယ် ဆိုကရေးတီးရဲ့ အဆိပ်ခွက်ကို ၀ိုင်းလုသောက်ကြတယ်
လူပြိန်းတွေဟာ အများညီတော့ ဤ ကို ကျွဲ လို့ဖတ်လိုက်ကြတယ် ပေါင်မုန့် မရှိတဲ့အခါ ကိတ်မုန့်ကို စားကြတယ်
လူပြိန်းတွေဟာ မြည်းတစ်ကောင်နဲ့ သားအဖနှစ်ယောက်ကို ရွာပြင်ထုတ်လိုက်ကြတယ် နယူးယောက်က လေဘာတီရုပ်တုကြီးကို ဘဂ္ဂဒက်ကို ရွှေ့သွားကြတယ်
လူပြိန်းတွေဟာ အိုင်စတိုင်းကို အက်တမ်ဗုံး လုပ်ခိုင်းပြီး လှေနံကို ဓါးထစ်လိုက်ကြတယ်
ထိုကဲ့သို့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လူပြိန်းများ ကျင်လည်ကျက်စား ပျော်ပါးနေကြစဉ်
အုန်းကနဲ “မိုးပြိုပြီ” ဟူသည့် အသံကြီး တခဲနက်မြည်ဟီးလာလေရာ
လူပြိန်းများ သောသောရုတ်ရုတ် အုတ်အုတ်ကျက်ကျက် ၀က်ဝက်ကွဲကွဲ လဲလဲပြိုပြို။

ပန်ဒိုရာ
၁၁၊၀၁၊၁၁

Expand..

Sunday, January 9, 2011

ယူနီကုတ်သင့် မကုတ်သင့်

အင်တာနက်ထဲကို မ၀င်ဖြစ်တာ နည်းနည်းကြာသွားတယ်။ ဒီအတောအတွင်း မြန်မာယူနီကုတ်စနစ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ကျယ်ကျယ်လောင်လောင် ဆွေးနွေးခဲ့ကြတာကို ကြားရပါတယ်။ ကိုအန်ဒီမြင့် (WeSheMe) ကလည်း ယူနီကုတ်ပြောင်းကြမလားလို့ သူ့ဘလော့ဂ်မှာ မေးထားပါတယ်။ အဲဒါကို ဖြေကြားရင်း နည်းပညာ မတတ်ကျွမ်းတဲ့ သုံးစွဲသူတစ်ဦးရဲ့ ရှုထောင့်ကနေ နည်းနည်းလောက် ပြောပါရစေ။


အပြောင်းအလဲကို ခုခံခြင်း


ကွန်ပြူတာပညာရှင်အချို့က ယူနီကုတ် သစ်ပင်ကလေးကို စိုက်ပျိုးနေကြချိန်မှာ သုံးစွဲသူတွေကလည်း ဇော်ဂျီဆိုတဲ့ ၀ါးနဲ့ ပေါင်းကွပ်နေခဲ့ကြတာ အတော်ကြာခဲ့ပါပြီ။ အခုတော့ တည်ငြိမ်လာပြီလို့ ဆိုကြတဲ့ မြန်မာယူနီကုတ်စနစ်ကို ပြောင်းလဲသုံးစွဲပြီး ယူနီကုတ်နဲ့ ကိုက်ညီတဲ့ဖောင့်တွေကို တပ်ဆင်သင့်ကြောင်း တိုက်တွန်းသံတွေ ပိုပြီး ပေါ်ထွက်လာခဲ့ပါပြီ။

လူတွေမှာ အပြောင်းအလဲတွေကို ခုခံတတ်တဲ့ သဘာဝရှိပါတယ်။ တစ်ဖက်ကလည်း Customer is always right လို့ ပြောကြတဲ့ စကားရှိပါတယ်။ ကောင်းလည်းကောင်းတယ် သင့်လည်းသင့်တော်တယ် ဆိုတဲ့ အပြောင်းအလဲတစ်ခုကို ပြောင်းဖို့ တိုက်တွန်းတဲ့အခါ သုံးစွဲသူတွေက တွန့်ဆုတ်နေကြတယ် ဆိုရင် အောက်ပါ အကြောင်းတရားတွေကြောင့် ဖြစ်နိုင်ပါတယ်။
(၁) အပြောင်းအလဲရဲ့ နောက်ဆက်တွဲ ပြဿနာများ ရှိနေခြင်း
(၂) အပြောင်းအလဲရဲ့ အကျိုးကျေးဇူးကို မသိနားမလည်ခြင်း
(၃) ရှုပ်ထွေးတဲ့အတွက် ဘာမှနားလည်အောင် မကြိုးစားတော့ဘဲ နေမြဲနေခြင်း
(၄) အားလုံးက သူများပြောင်းမှ လိုက်ပြောင်းမယ် ဆိုပြီး ဘယ်သူမှ စမပြောင်းတဲ့အခါ ရပ်တန့်နေခြင်း

ဒီနေရာမှာ ပြဿနာပိုင်းကို အရင်ဆုံး ပြောပြလိုပါတယ်။


(၁) အပြောင်းအလဲရဲ့ နောက်ဆက်တွဲ ပြဿနာများ ရှိနေခြင်း

သုံးစွဲသူဘက်က ပြောရရင် ယူနီကုတ်ကို ပြောင်းသုံးတဲ့အခါ အောက်မှာ ဖော်ပြထားတဲ့ ပြဿနာတွေ ရှိလာနိုင်ပါတယ်။

(က) စာရိုက်ရန် လက်ကွက်ပြောင်းရခြင်း

ပန်ဒိုရာအတွက်တော့ ပထမဆုံး မြန်မာစာကို စရိုက်ကြည့်ခဲ့တာက မြန်မာစာလက်နှိပ်စက်မှာပါ။ ကွန်ပြူတာသုံးစွဲလာတဲ့အခါ Doc မှာ ရေးခဲ့တဲ့ မြန်မာစာစနစ်ကို မမီခဲ့ပါဘူး။ ၁၉၉၈ လောက်မှာ ၀င်းဖောင့်တွေကို စရိုက်ခဲ့ပါတယ်။ ၂၀၀၄ ၂၀၀၅ ခုနှစ်တွေမှာ အင်တာနက်ထဲက ဖိုရမ်တွေကို ဖတ်ဖြစ်လာတဲ့ အချိန်မှာတော့ ပလန်းနက်ကတဆင့် ဇော်ဂျီကို တွေ့ခဲ့ပါတယ်။ တချိန်တည်းမှာပဲ ဖိုရမ်တချို့မှာ A type တို့ win innwa တို့နဲ့ ဆက်သုံးနေပါသေးတယ်။ အဲဒီအချိန်က ဂျီတော့ခ်လည်း မသုံးကြသေးတော့ တမဟုတ်ချင်း ဆက်သွယ်တဲ့နေရာမှာလည်း yahoo messenger နဲ့ အဓိက chatting လုပ်ကြပြီး အဲဒီမှာလည်း ၀င်း နဲ့ပဲ ရိုက်ခဲ့တာပါပဲ။

ဒီလိုနဲ့ ဘလော့ဂ်ရေးဖြစ်ပြီး ဇော်ဂျီကီးဘုတ်ကိုပဲ အဓိကပြောင်းသုံးလိုက်တဲ့အခါ ရပင့် ရယစ်တွေအမျိုးမျိုး ကွဲပြားနေတာကိုတောင် စစချင်း သတိမထားမိခဲ့ဘူး။ နောက်တော့လည်း ဇော်ဂျီနဲ့ ကျင့်သားရသွားပါတယ်။ ဇော်ဂျီကျေးဇူးနဲ့ အွန်လိုင်းမှာ မြန်မာစာ ရေးသားဖတ်ရှုခြင်းဟာလည်း ပိုပြီး ထွန်းကားလာခဲ့ပါတယ်။

အခုတော့ တည်ငြိမ်လာပြီလို့ ဆိုတဲ့ ယူနီကုတ်စနစ်ထဲကို ၀င်သုံးစွဲကြမယ်ဆိုရင် လက်ကွက် အပြောင်းအလဲအတွက် ပြန်လေ့ကျင့်ဖို့ လိုလာမယ်လို့ သိထားပါတယ်။ ပန်ဒိုရာ တစ်ယောက်တည်း အနေနဲ့ကတော့ အဲဒီလို ပြန်လေ့ကျင့်ရမှာကို ပြဿနာလို့ မမြင်မိပါဘူး။ စံနှုန်းကိုက်ညီတဲ့ စနစ်တစ်ခု ထွန်းကားလာရေးအတွက်ဆိုရင် အဲဒီလောက် ဒုက္ခကို ခံနိုင်ပါတယ်။ ၀င်း ကနေ ဇော်ဂျီပြောင်းခဲ့သလိုဘဲ မကြာခင် နေသားကျသွားလိမ့်မယ်လို့ ယူဆပါတယ်။ ယူနီကုတ်မှာ အလိုအလျောက် ပြင်ဆင် ပေးတာတွေလည်း ရှိလာမယ့်အတွက် စာလုံးပေါင်းမှာ ပိုစိတ်ချရပြီး ပိုလွယ်ကူတယ်လို့လည်း ပြောနေကြပါတယ်။ ဒါပေမယ့်လည်း တချို့လူတွေအတွက်ကတော့ ဒီ အပြောင်းအလဲဟာ အခက်အခဲ ဖြစ်နေနိုင်ပါသေးတယ်။

(ခ) သူများစာတွေကို ကိုယ်က မမြင်ရခြင်း

ဒါကတော့ ပိုကြီးတဲ့ ပြဿနာဖြစ်ပါတယ်။ ယူနီကုတ်ကို ကွန်ပြူတာထဲမှာ တပ်ဆင်လိုက်တဲ့အခါ တွင်ကျယ်နေဆဲဖြစ်တဲ့ ဇော်ဂျီနဲ့ ရေးထားတဲ့ ဖောင့်တွေကို အလွယ်တကူ မြင်ရသေးရဲ့လားဆိုတာကို သိချင်ပါတယ်။ လတ်တလောတော့ ကွန်ပြူတာထဲမှာ ဇော်ဂျီလက်ကွက်၊ ဇော်ဂျီဖောင့်နဲ့ ၀င်းဖောင့်တချို့ အပြင် လွန်ခဲ့တဲ့ လပေါင်းများစွာကတည်းက တပ်ထားခဲ့တဲ့ မြန်မာသရီးဖောင့်လည်း ရှိပါတယ်။ ဒါကြောင့် ယူနီကုတ်ပြောင်းထားတဲ့ ဘလော့ဂ်တွေက ပို့စ်တွေကို ဖတ်လို့ရနေပါတယ်။ ပန်ဒိုရာအနေနဲ့တော့ ကိုယ်တကယ်ဖတ်ချင်တဲ့ စာဆိုရင် ကိုယ့်မှာမရှိတဲ့ ၀င်းဖောင့်နဲ့ဖြစ်နေပါစေ converter ထဲကို ကော်ပီပေ့စ်လုပ်ပြီး ဖတ်ပါတယ်။ ဒါပေမယ့်လည်း အလုပ်ထဲမှာ လမ်းသွားရင်းလာရင်းမှာ ကိုးကားစရာ ဖတ်စရာ လိုအပ်လာရင်တော့ အချိန်အခက်အခဲ ရှိလာပါတယ်။

မှတ်ချက်တွေမှာတော့ ယူနီကုတ်ဘလော့တွေမှာ ဇော်ဂျီနဲ့ မှတ်ချက်ရေးထားရင် မမြင်ရပြန်ရပါဘူး။ မြင်ချင်ရင် တချို့ဘလော့ဂ်တွေက ဇော်ဂျီ သို့မဟုတ် ယူနီကုတ် လို့ ရွေးစရာပေးထားတာကို ပြောင်းရွေးလိုက်မှ မြင်ရပါတယ်။ ဒါကြောင့် မတူတဲ့ဖောင့်နဲ့ရေးထားတဲ့ မှတ်ချက်အားလုံးဖတ်ချင်တဲ့အခါ ယူနီကုတ်တစ်လှည့် ဇော်ဂျီတစ်လှည့် ပြောင်းဖတ်ရပါတယ်။ sidebar လည်း အဲဒီအတိုင်းပါပဲ။

Facebook ထဲမှာတော့ ယူနီကုတ်နဲ့ရေးထားတာကို မမြင်ရပါဘူး။ ယူနီကုတ်ပြောင်းထားသူတွေကရော ဇော်ဂျီရော ယူနီကုတ်ကိုပါ တပြိုင်နက် မြင်ရမမြင်ရ သိချင်ပါတယ်။ ယူနီကုတ်တပ်ဆင်ပြီးတဲ့အခါ browser ထဲမှာ zawgyi one ကို default အနေနဲ့ ပြန်ပြောင်းလိုက်ရင် ယူနီကုတ်ရော ဇော်ဂျီကိုပါ မြင်ရတယ်လို့ ပြောထားတာတွေကိုလည်း တွေ့ရပါတယ်။

မည်သို့ပင်ဖြစ်စေကာမူ ပန်ဒိုရာ တစ်ယောက်တည်းအနေနဲ့ကတော့ ကိုယ်ဖတ်ချင်တဲ့စာရှိလာရင် converter နဲ့တောင် ပြောင်းဖတ်လေ့ရှိတဲ့အတွက် အနည်းငယ် အဆင်ပြေနေနိုင်ပါသေးတယ်။ ဒါပေမယ့်လည်း အဲဒီလို အထစ်အငေါ့ဖြစ်လာရင် စာတိုင်းကိုတော့ အလွယ်တကူ လိုက်ဖတ်ဖြစ်ဖို့ အချိန်ကန့်သတ်သွားပါလိမ့်မယ်။

(ဂ) ကိုယ့်စာကို သူများက မမြင်ရခြင်း

ဒါကတော့ အင်တာနက်ထဲမှာ စာရေးပြီး သူများကို ဝေမျှဖတ်ချင်သူတွေအတွက် အကြီးမားဆုံးသော ပြဿနာဖြစ်ပါတယ်။ စာဖတ်သူအများစုဟာ ဒုက္ခရှာပြီး ဟိုဟာတပ် ဒီဟာပြောင်း လုပ်စရာမလိုပဲ စာတွေကို လှလှပပနဲ့ မြန်မြန် လွယ်လွယ် ဖတ်ချင်ကြတာ သဘာဝပါ။ တခါတလေကျတော့လည်း ကိုယ်ပိုင်မဟုတ်တဲ့ အများသုံးစက်ဖြစ်စေ အလုပ်ထဲက စက်ဖြစ်စေ သုံးစွဲရတဲ့အခါ ဖောင့်တွေကို တပ်ဆင်ချင်ရင်တောင်မှ တပ်ဖို့ အဆင်မပြေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဇော်ဂျီဘလော့ဂ်တွေပေါ်လာတဲ့အခါ EOT လုပ်ပြီး ဖတ်သူတွေအတွက် အဆင်ပြေနိုင်သမျှ ပြေအောင် ကြံစည်ခဲ့ကြပါတယ်။

ဖတ်သူတွေက မြင်ရမမြင်ရ ဆိုတာကို ပြောတဲ့နေရာမှာ ဘလော့ဂ်ထဲမှာတင် မကပါဘူး။ ဘလော့ဂ်မှာ ဆိုရင်လည်း blogger နဲ့ wordpress မှာ မတူညီတာတွေ ရှိပါဦးမယ်။ ပန်ဒိုရာအနေနဲ့ကတော့ google reader မှာ subscribe လုပ်ထားသူတွေဟာ နေ့စဉ်လာဖတ်သူတွေထက် အဆများစွာ ပိုတဲ့အတွက်ကြောင့် reader မှာ မြင်ရပါ့မလား ဆိုတာကိုလည်း စဉ်းစားရပါတယ်။ အဲဒီ့အပြင် browser မှာဆိုရင်လည်း Firefox တင်မက IE မှာရော မြင်ရပါ့မလား ဆိုတာကိုလည်း စဉ်းစားရပါတယ်။ search engine တွေထဲမှာ ရှာတဲ့အခါ ဘယ်လိုပေါ်နေမလဲ ဆိုတာကိုလည်း စဉ်းစားရပါတယ်။

တနေ့တခြား တိုးပွားနေတဲ့ မြန်မာဘလော့ဂ်တွေ ၀က်ဘ်ဆိုက်တွေ ဖေ့ဘွတ်ခ်ပို့စ်တွေထဲမှာ ရွေးချယ်စရာတွေ ပိုများလာတဲ့အခါ စာဖတ်သူရဲ့ တက်နှုန်းကျနှုန်း အရှိန်ကလည်း ပိုမြန်လာပါတယ်။ ဘလော့ဂ်နဲ့ နည်းနည်းလေးကင်းကွာလိုက်ရင်၊ ပို့စ်တင်တာ ကျဲသွားရင် ဖတ်သူတွေက ချက်ချင်းကို ကျသွားတတ်ပါတယ်။ တခြားဘလော့ဂ်ကို လိုက်လည်နှုတ်ဆက် အပြန်အလှန်လည်ပတ်ဖတ်ရှုတာတွေ နည်းသွားတိုင်းလည်း ချက်ချင်းကျသွားပါတယ်။ အဲဒီလိုတွေ ဖြစ်နေတဲ့အချိန်မှာ ဖောင့်မမြင်ရတဲ့ အခက်အခဲကလည်း ရှိလာရင် စာဖတ်သူက ဒုက္ခရှာမနေတော့ပဲ ဆက်မဖတ်မယ့် ဖြစ်နိုင်ခြေက များနေပါတယ်။ ဒါကြောင့် အင်တာနက်ထဲမှာ စာရေးသားသူတွေအနေနဲ့ စာဖတ်သူတွေအတွက် အပြောင်းအလဲရဲ့ နောက်ဆက်တွဲတွေကို ပူပန်နေတာဟာ မလွန်ပါဘူး။

ယူနီကုတ်ဖောင့်ကို တပ်ဆင်မထားတဲ့စက်ကနေ ယူနီကုတ်နဲ့ရေးထားတဲ့ ဘလော့ဂ်ကို ဖတ်နိုင်သလား ဆိုတာကို စမ်းသပ်ကြည့်ဖြစ်ပါတယ်။ ဇော်ဂျီရော မြန်မာသရီးဖောင့်ကိုပါ တပ်ဆင်ထားတဲ့ စက်ရယ်၊ ဇော်ဂျီဖောင့်တစ်မျိုးတည်းကိုသာ တပ်ဆင်ထားတဲ့ စက်ရယ် နှစ်လုံးနဲ့ ယှဉ်စမ်းကြည့်ထားပါတယ်။

မင်းယွန်းသစ် ရဲ့ ဘလော့ဂ်ကတော့ ယူနီကုတ်ပြောင်းထားပေမယ့် ဖတ်တဲ့စက်ရဲ့ browser က default ဖောင့်ကို စစ်ဆေးပြီး အလိုအလျောက် ပြောင်းပေးနိုင်အောင် စီစဉ်ပေးထားပါတယ်။ ဖတ်သူအနေနဲ့ default ဖောင့်က ဇော်ဂျီဖြစ်နေရင် ဇော်ဂျီဖောင့်အနေနဲ့ မြင်ရပါတယ်။

ဒါကတော့ မင်းယွန်းသစ်ဘလော့ဂ်ကို မြန်မာသရီး တပ်ထားတဲ့ စက်ကနေ တိုက်ရိုက်မြင်ရပုံပါ။


မင်းယွန်းသစ် ဘလော့ဂ်ကို ယူနီကုတ်ဖောင့်တစ်ခုမှ မရှိတဲ့ စက်ကနေ တိုက်ရိုက်မြင်ရပုံပါ။


ဒါကတော့ Google Reader ထဲမှာ မင်းယွန်းသစ်ဘလော့ဂ်ကို မြန်မာသရီး တပ်ထားတဲ့ စက်ကနေမြင်ရပုံပါ။


Google Reader ထဲမှာ မင်းယွန်းသစ် ဘလော့ဂ်ကို ယူနီကုတ်ဖောင့်တစ်ခုမှ မရှိတဲ့ စက်ကနေ မြင်ရပုံပါ။



MrDBA ကတော့ wordpress blog ဖြစ်ပါတယ်။ wordpress ဘလော့ဂ်တွေအတွက် ယူနီကုတ်ဖောင့် တပ်မထားသူတွေကို မြင်ရအောင် mmunicode-embed ဆိုတာကို သုံးထားပါတယ်။ ဖတ်သူအနေနဲ့ ယူနီကုတ်ဖောင့်နေနဲ့ မြင်ရပါတယ်။

ဒါကတော့ MrDBA ဘလော့ဂ်ကို မြန်မာသရီး တပ်ထားတဲ့ စက်ကနေ တိုက်ရိုက်မြင်ရပုံပါ။


MrDBA ဘလော့ဂ်ကို ယူနီကုတ်ဖောင့်တစ်ခုမှ မရှိတဲ့ စက်ကနေ တိုက်ရိုက်မြင်ရပုံပါ။


ဒါကတော့ Google Reader ထဲမှာ MrDBA ဘလော့ဂ်ကို မြန်မာသရီး တပ်ထားတဲ့ စက်ကနေမြင်ရပုံပါ။


Google Reader ထဲမှာ MrDBA ဘလော့ဂ်ကို ယူနီကုတ်ဖောင့်တစ်ခုမှ မရှိတဲ့ စက်ကနေ မြင်ရပုံပါ။


မြန်မာကျူတိုရီယယ်လ်စ်ဘလော့ဂ် ကိုလည်း MrDBA ရဲ့ အနေအထားအတိုင်းမြင်ရပါတယ်။ ပို့စ်ရှည်နေလို့ screenshot တွေကို မတင်တော့ပါဘူး။

ဒီ့ထက်ဆက်ပြီး IE၊ Google Chrome စတဲ့ တခြား browser တွေမှာ မြင်ရမမြင်ရ၊ default လုပ်ထားတဲ့ ဖောင့်ကို ဘယ်လိုပြင်ဖို့ လိုအပ်သလဲ ဆိုတာတွေကို စမ်းချင်ပါသေးတယ်။

(ဃ) ဆက်သွယ်ရေးအတွက် အခက်အခဲရှိမရှိ

မြန်မာအများစု သုံးစွဲကြတာက Gmail နဲ့ G talk ဖြစ်ပါတယ်။ တချို့က အင်တာနက်ထဲမှာ စာရေးစာဖတ် သိပ်မလုပ်ဖြစ်ပေမယ့် ပြည်တွင်းပြည်ပ ဆက်သွယ်ဖို့အတွက် မြန်မာစာဖောင့်တွေကို သုံးကြရပါတယ်။ ယူနီကုတ်စနစ်ကို တပ်ဆင်ပြီးတဲ့အခါ ဇော်ဂျီနဲ့ပို့လိုက်တဲ့ မေးလ်တို့ chatting တို့ကို အလွယ်တကူ မြင်နိုင်မမြင်နိုင်၊ Status တွေကိုလည်း ဖတ်လို့ရမရ၊ ဇော်ဂျီနဲ့ ယူနီကုတ် အပြင်အလှန်ပြောဖို့ အဆင်ပြေမပြေ သိချင်ပါတယ်။ ပြီးတော့ အခြား email တွေနဲ့ messenger တွေမှာလည်း ဘယ်လို ပြောင်းလဲမှုတွေ ရှိမလဲဆိုတာကို သိချင်ပါတယ်။ facebook ကိုလည်းဆက်သွယ်ရေးအတွက် သုံးစွဲကြတဲ့အတွက် အဲဒီအတွက်ကိုလည်း သိချင်ပါတယ်။ ဒါတွေကတော့ အသေးစိတ် မဖတ်ရ မစမ်းရသေးလို့ မေးမြန်းဖို့ပဲ တတ်နိုင်ပါတယ်။

(၂) အပြောင်းအလဲရဲ့ အကျိုးကျေးဇူးကို မသိနားမလည်ခြင်း

အထက်မှာ ပြောခဲ့တဲ့ (က) ကနေ (ဃ) ကတော့ လတ်တလောစဉ်းစားမိသလောက် အပြောင်းအလဲရဲ့ ပြဿနာတွေ ဖြစ်ပါတယ်။ အပြောင်းအလဲကို တိုက်တွန်းတဲ့အခါ ပြဿနာတွေ မရှိခဲ့ရင်တောင်မှ အကျိုးကျေးဇူးတွေကို မသိနားမလည်လို့လည်း ငြင်းဆန်ကြတာ ဖြစ်နိုင်ပါတယ်။ အဲဒါကိုတော့ ယူနီကုတ်တိုးတက်ရေး လုပ်ဆောင်နေသူတွေက အသိပညာတွေကို ဒီ့ထက်ပိုပြီး ရှင်းရှင်းလင်းလင်းနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးဖို့ လိုအပ်ပါလိမ့်မယ်။

မြန်မာစာရေးသားနည်းဟာ သူ့စည်းစနစ်တွေနဲ့သူ ရှိနေပြီး အဲဒီစည်းစနစ်တွေကို ကွန်ပြူတာဘာသာစကားနဲ့ ပြန်ပုံဖော်ရတဲ့အခါ အလွန်ခက်ခဲပါတယ်။ လတ်တလော ဇော်ဂျီက မတတ်နိုင်တဲ့ ဖြစ်ရပ်တွေထဲက တစ်ခုကတော့ အက္ခရာစီစဉ်တဲ့အခါ ဗျည်းနဲ့သရ ခွဲခြားပြီး မမှတ်နိုင်တာပါပဲ။ ဥပမာ သဝေထိုးတွေ ပါလာတဲ့အခါ ကကြီး ခခွေးနဲ့ မစီစဉ်တော့ပဲ သဝေထိုးတွေချည်း တန်းစီပေးပါတယ်။ စာရိုက်တဲ့အခါမှာလည်း ဥပမာ ရရစ်ချင်း အတူတူတောင်မှ ကကြီးအတွက်တစ်မျိုး ခခွေးအတွက်တစ်မျိုး သီးခြားစီ မှတ်နေရပါတယ်။ ယူနီကုတ်မှာတော့ အဲဒီ ပြဿနာတွေ ပြေလည်သွားတော့မှာပါ။ ဘာကြောင့် ယူနီကုတ်ဖြစ်သင့်သလဲဆိုတာကို ပိုပြီး သိချင်ရင်တော့ အောက်က ပို့စ်တွေကို သွားဖတ်ကြဖို့ ညွှန်းချင်ပါတယ်။

http://www.myanmartutorials.com/articles/me-and-unicode/
http://www.myanmartutorials.com/articles/my-unicode-route/
http://www.myanmartutorials.com/articles/my-unicode-route-2/
http://minnyoonthit.net/?p=3727#more-3727

နောက်ထပ်လည်း ရှင်းပြထားတာတွေ ရှိကြဦးမှာပါ။ အပြုသဘောဆောင်ပြီး တစ်ဦးနဲ့တစ်ဦး လက်ဆင့်ကမ်းကြဖို့ လိုအပ်ပါမယ်။ (အဲဒီနေရာမှာလည်း ဖတ်ဖြစ်ဖို့က လိုရင်းမို့ ဇော်ဂျီနဲ့ပဲဖြစ်စေ ဖတ်ဖို့လွယ်အောင် ကမ်းကြဖို့လိုပါမယ်။ တော်ကြာ သော့ခတ်ထားတဲ့ သေတ္တာထဲက သော့ လို ဖြစ်နေပါဦးမယ်။)


(၃) ရှုပ်ထွေးတဲ့အတွက် ဘာမှနားလည်အောင် မကြိုးစားတော့ဘဲ နေမြဲနေခြင်း


ဒါကတော့ လူတွေရဲ့ သဘောထားနဲ့ ဆိုင်ပါတယ်။ အဲဒီလို လူတွေ များနေရင်လည်း အပြောင်းအလဲက မဖြစ်တော့ပါဘူး။ စောစောကပြောသလိုပါပဲ။ ပြီးပြည့်စုံတဲ့ စနစ်ဖြစ်မလာသေးခင် အကူးအပြောင်းကာလမှာ ပြဿနာတွေ ရှိပါတယ်။ ဘာကြောင့် ပြောင်းရမှာလဲ ဘယ်လို ပြောင်းရသလဲ ဆိုတာတွေမှာလည်း ဘာသာစကားဘက်ကရော နည်းပညာဘက်ကပါ ရှုပ်ထွေးမှုတွေ သိပ်များပါတယ်။ ငွေကြေးအကုန်အကျမပါတဲ့ ကိစ္စဖြစ်ပေမယ့် ရှင်းပြသူတွေက ပိုပြီး စိတ်ရှည်ရှည်နဲ့ ရှင်းပြပြီး သုံးစွဲသူတွေရဲ့ အခက်အခဲကို ထည့်တွက်ပေးဖို့လိုသလို၊ သုံးစွဲသူတွေဘက်ကလည်း မြန်မာစာစနစ်တစ်ခုအတွက် ကိုယ့်တာဝန် ကိုယ်ကျေအောင် သိနားလည်ဖို့ အတတ်နိုင်ဆုံး ကြိုးစားကြရင် ကောင်းပါတယ်။ ဒီအတိုင်း နေနေရင်တော့ မရွေ့တော့ပါဘူး။ ဒီနေရာမှာလည်း ဖျန်ဖြေစေ့စပ်တဲ့အနေနဲ့ ပြောနေတာ မဟုတ်ပါဘူး။ ပြောပိုင်ခွင့်လည်း ရှိမယ်မထင်ပါဘူး။ မြန်မာစာသုံးစွဲသူ အားလုံးနဲ့ သက်ဆိုင်တယ်လို့ ယုံကြည်မိတဲ့ သဘောထားကို တင်ပြရုံပါ။း)

(၄) အားလုံးက သူများပြောင်းမှ လိုက်ပြောင်းမယ် ဆိုပြီး ဘယ်သူမှ စမပြောင်းတဲ့အခါ ရပ်တန့်နေခြင်း

ဒီအကြောင်းကလည်း လူတွေရဲ့ ဖြစ်တတ်တဲ့ သဘာဝပါပဲ။ ပြောင်းဖို့ တကယ်လိုပြီ ပြဿနာတွေကိုလည်း ဖြေရှင်းနိုင်ပြီ ဆိုရင်ကတော့ လိုက်ပြောင်းကြမှာပါပဲ။ ဒါပေမယ့် လူအများပါဝင်လာမှ အဆင်ပြေမယ့် ဒီလိုကိစ္စမျိုးမှာတော့ အားလုံးက ထိုင်စောင့်နေကြလို့ မဖြစ်ပါဘူး။ လူဖတ်များတဲ့ ၀က်ဘ်ဆိုက်တွေ ဘလော့ဂ်တွေ (ဥပမာ Eleven Media Group ၊ နိုင်းနိုင်းစနေ ဘလော့ဂ်) တွေကို အရင်ဆုံး စည်းရုံးနိုင်ရင်တော့ ပိုမြန်လာမလားလို့ ထင်မိပါတယ်။ တစ်ဖက်ကလည်း ဇော်ဂျီကနေ အကူးအပြောင်းအတွက် စောစောက ပြောထားခဲ့တဲ့ ပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းပေးနိုင်မှသာလျှင် ရွေ့လာနိုင်စရာ အကြောင်းက ပိုရှိပါတယ်။ ကိုယ်ကိုယ်တိုင်လည်း အဲဒီပြဿနာတွေကြောင့် ထိုင်စောင့်နေတဲ့အထဲမှာပဲ ပါရမလိုဖြစ်နေပါတယ်။း)

ယူနီကုတ်သင့် မကုတ်သင့်

မြန်မာပြည်မှာ ကော်နက်ရှင်ကနှေး၊ ဟိုကျော်ဒီခွ လုပ်ရတဲ့အထဲ ဒီလိုအဆင့်အထိရောက်အောင် ကြိုးပန်းခဲ့ကြတဲ့ ပညာရှင်အားလုံးကို ကျေးဇူးတင်ပါတယ်။ ကိုယ့်ထမင်းကိုယ်စား ကိုယ်ပိုင်အချိန်တွေသုံးပြီး ကိုယ်ရောအများပါ အဆင်ပြေနိုင်စေမယ့် အဖြေတွေကို အကျိုးအမြတ်မမျှော်ကိုးပဲ ဘေးကနေ ရှာကြံပေးနေကြတဲ့ နည်းပညာသမားတွေကိုလည်း ပိုပြီးကျေးဇူးတင်ပါတယ်။ စောစောကပြောခဲ့တဲ့ အချက်တွေကို အကျဉ်းချုပ်ကလေး ပြန်ပြောရင်း ကိုအန်ဒီ မေးတာကိုလည်း ဖြေရရင်တော့ -

  • ယူနီကုတ်ပြောင်းသင့်တယ် ဆိုတာကို လက်ခံပါတယ်။ အကျိုးကျေးဇူးတွေကိုလည်း နားလည်ပါတယ်။
  • လက်ကွက်အပြောင်းအလဲ နဲ့ သူများရေးတာကို ဖတ်ရနိုင်ဖို့အတွက် ကိုယ့်စက်မှာ လိုအပ်သလို တပ်ဆင်တာတွေ စာရိုက်လေ့ကျင့်တာတွေ လုပ်နိုင်ပါတယ်။
  • ဒါပေမယ့်လည်း ပြောင်းလိုက်တဲ့အခါ ပန်ဒိုရာဘလော့ဂ်ကို စာဖတ်သူတွေအတွက် ဖြစ်လာမယ့် ပြဿနာတွေရယ်၊ အခြားဆက်သွယ်မှုအတွက် ပြဿနာတွေရယ် ပြေလည်မှသာလျှင် ယူနီကုတ်ကို ပြောင်းချင်ပါတယ်။
  • အဲဒီ ပြဿနာတွေကတော့ ယူနီကုတ်တပ်မထားတဲ့ စက်ကနေ ဘလော့ဂ်မှာ တိုက်ရိုက်ရော၊ Feed ကတဆင့် Reader ကနေပါ မြင်နိုင်ဖို့၊ browser အမျိုးမျိုးအတွက် အဆင်ပြေဖို့၊ အီးမေးလ်တွေ chatting တွေမှာ အဆင်ပြေစေဖို့ပါ။ (တခြား ပြဿနာတွေ မြင်ရင်လည်း ပြောသွားကြပါဦး။)
  • အဲဒါတွေကို ဖြေရှင်းလို့ရတယ် ဆိုရင် မှတ်ချက်မှာ ရေးသွားကြပါ။ ပြေလည်တာနဲ့ အမြန်ဆုံး ပြောင်းနိုင်ပါတယ်။ ရှင်းမရဘူးဆိုရင်လည်း အကျိုးအကြောင်း ပြောသွားကြပါ။ အကျိုးသင့် အကြောင်းသင့်ဆိုရင် အားလုံးမပြေလည်နိုင်ပေမယ့် ပြောင်းဖို့စဉ်းစားပါဦးမယ်။
  • ဒီအတောအတွင်းမှာ စာဖတ်သူတွေကလည်း ယူနီကုတ်ဖောင့်တွေကို ကွန်ပြူတာထဲမှာ တပ်ဆင်လာကြတဲ့အခါ ဒီပြဿနာတွေ တစတစ ပြေလည်လာမယ်လို့ မျှော်လင့်ပါတယ်။
  • ပြောင်းဖြစ်တဲ့အခါ ပြောင်းပုံပြောင်းနည်းကိုလည်း တတ်ကျွမ်းသူများက ကူညီပေးစေလိုပါတယ်။

Blogspot ကို ဖတ်မရသူများအတွက် ပန်ဒိုရာဘလော့ဂ်အတွက် “.com” ဒိုမိန်းဝယ်ဖို့လည်း စီစဉ်နေပါတယ်။ ဖောင့်ပြဿနာကြောင့် ခဏစောင့်နေသေးတာပါ။

အွန်လိုင်းမှာ မြန်မာစာရေးသားဖတ်ရှုခြင်းနဲ့ ပတ်သက်လို့ အားလုံးအတွက်အဆင်ပြေစေမယ့် နည်းစနစ်မှန်များ အမြန်ဆုံး ထွန်းကားပါစေ။

ပန်ဒိုရာ

(နောက်ဆက်တွဲ။ ။ ယူနီကုတ် ဆိုတဲ့ စာလုံးပေါင်းကိုလည်း ကုဒ်လား ကုတ်လား၊ တည်ထောင်သူအများ သတ်မှတ်ထားတာရှိရင် လိုက်သုံးစွဲပါမယ်။:))


Expand..

Saturday, January 8, 2011

အချစ်နဲ့ ခပ်ကင်းကင်း နေလိုပါသော်လည်း

မင်္ဂလာနှစ်သစ်ပါ။

နှစ်သစ်မှာ လျှပ်စာအုပ်အသစ်တစ်အုပ်ကို မိတ်ဆက်လိုက်ပါဦးမယ်။ ဟန်သစ်ငြိမ် နဲ့ ခိုင်စိုးလင်းတို့ စီစဉ်တဲ့ “အချစ်နဲ့မကင်းကြသူများ (Those in love)” ဆိုတဲ့ စာအုပ်ကို ဒီနေရာမှာ ဒေါင်းလုဒ် ယူနိုင်ပါတယ်။
http://www.mediafire.com/file/vjv74729gzs4v09/Those%20In%20Love.pdf

ကျော်ညိုသွေး ၊ ခိုင်စိုးလင်း ၊ ညီလင်းဆက် ၊ ညိုမင်းခ ၊ တူးတူးသာ ၊ တေဇာ (လရောင်လမ်း)၊ နန်းညီ ၊ ပန်ဒိုရာ ၊ ပန်းပုံပြင် ၊ မိုးလှိုင်ည ၊ မယ်ကိုး ၊ ဟန်သစ်ငြိမ် ၊ ဟယ်ရီ ၊ သြမြိုင် တို့ရဲ့ လက်ရာတွေကို ဖော်ပြထားပါတယ်။

ပန်ဒိုရာရဲ့ ကဗျာအဟောင်းလေးတစ်ပုဒ်ဖြစ်တဲ့" စက္ကူပုတီး" ဆိုတဲ့ ကဗျာရယ် "အချစ်ဖွဲ့" လို့ နာမည်ပေးထားတဲ စာအသစ်တစ်ပုဒ်ရယ်ကို ဖော်ပြထားပါတယ်။ အချိန်ပေးပြီး စီစဉ်သူတွေကို ကျေးဇူးအထူးတင်ပါတယ်။ ဒေါင်းမလုဒ်နိုင်သူများအတွက် ပန်ဒိုရာရဲ့ စာအသစ်ကို ဒီမှာ ပြန်တင်ပေးလိုက်ပါတယ်။ အချိန်မရလို့ခပ်ကြမ်းကြမ်းပဲ ဆွဲဖြစ်ပြီး စာအုပ်မျက်နှာဖုံးမှာ မသုံးဖြစ်တော့တဲ့ ပုံလေးတစ်ပုံကိုလည်း illustration အဖြစ် အမှတ်တရ တင်ပေးလိုက်ပါတယ်။



အချစ်ဖွဲ့


ဆေးရောင်စုံတွေ ရှင်းလင်းနေတဲ့ အဝေးပြေး လမ်းမကြီးဘေးက ကြယ်ဖြူရိပ်ဆိုတဲ့ လက်ဖက်ရည်ဆိုင်လေးမှာ အခုဆိုရင် လက်ဖက်ရည်နှစ်ခွက်က စောင့်နေတော့မယ်။ ပြန်လှည့်ကြည့်ချင်သူတွေကို စောင့်မျှော်မနေတဲ့လမ်းဟာ သူ့ဘာသာ စီးဆင်းနေတုန်းပဲ။ စိတ်ကူးတွေကတော့ အနည်ကျလာခဲ့တယ်။ ပျောင်းနွဲ့နွဲ့ ဖူးပွင့်ခဲ့တဲ့ နွေဦးတွေကတော့ အခုဆိုရင် ညိုးနွမ်းခြောက်သွေ့ပြီပေါ့။ ဆောင်းဦးရဲ့ အလင်းရောင်မပွင့်ခင် မနက်စောစော ထလှုံတဲ့ မီးပုံလေးဟာ မချုပ်ငြိမ်းခင်မှာ တဖျစ်ဖျစ်မြည်ရင်း တောက်ပလောင်ကျွမ်းခဲ့တယ်။ လွင့်စင်ပေါက်ကွဲခဲ့တဲ့ မီးမှုန်မီးမွှားလေးတွေဟာ ကောင်းကင်က ကြယ်တွေနဲ့ မတူဘူးလား။ ကိုယ်ကတော့ ဘဝကို ဒရာမာမဆန်ချင်သူပါ။ ဒီလိုပါပဲကွယ်၊ မကြာခင်မှာ အားလုံးဖြတ်သန်း ပြီးဆုံးသွားရမှာပါပဲ။ နှင်းရည်တွေသီးနေတဲ့ မနက်ခင်းလေးက ပေါ့ပေါ့ပါးပါး လေချွန်နေတဲ့အခိုက် လက်ဖက်ရည်ဆိုင်ဘေးက အပင်အိုကြီးမှာ သစ်ရွက်စိမ်းတွေက တဖြတ်ဖြတ် လှုပ်နေဦးမှာ။ မုန့်ဟင်းခါးတစ်ပွဲ လက်ဖက်ရည်ပုံမှန်တစ်ခွက်စီ ချမယ်။ စီးကရက်တွေ မသောက်ကြေး။ မြောက်ပြန်လေက ဝေ့လာတော့ အနွေးထည်အင်္ကျီကို ရင်ဘတ်အထိ ဆွဲစေ့လိုက်ကြမယ်။ ဒီလိုပဲ ယုံကြည်မှုဆိုတာတွေဟာ တခါတခါ ရင်ထဲစိမ့်အောင် အေးမြသွားတတ်တာမျိုး။ စကားလုံးတွေ မဖြစ်မနေ မလိုအပ်တဲ့ ဆက်ဆံရေးတွေမှာ အရာရာဟာ ပျော်ဝင်နေနိုင်တာပဲ။ အဲဒီလို နေ့တွေကို ဖြတ်သန်းချိန်မှာ လမ်းမဟာ နေရောင်တွေဟပ်ပြီး လျှပ်လျှပ်တောက်နေမယ်။ ကားကြီးတွေ ဖြတ်သွားတိုင်း ဖုန်တွေက အလုံးအရင်းနဲ့ ဆိုင်ထဲကို ဝင်လာမယ်။ အချိန်ရရင်တော့ ဟိုးမှာ လှမ်းမြင်ရတဲ့ ရွာတန်းရှည်ကလေးကို သွားပြီး ဗူးစင်အောက်က ပက်လက်ကုလားထိုင်လေးတွေပေါ် တရေးတမော အိပ်ကြတာပေါ့။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတဲ့အခါ ရွာရဲ့အသံတွေက နားထဲမှာ ဝေးဝေးပြီး နောက်ဆုံး ပျောက်ကျန်ခဲ့မယ်။ လှည်းဘီးပွတ်သံ၊ နွားကိုငေါက်သံ၊ ခွေးဟောင်သံ၊ ကလေးငိုသံ စက်ဘီးတွေ ဆိုက်ကားတွေ တဂျောက်ဂျောက် စီးသွားသံ။ လမ်းမကြီးပေါ်မှာ ကားတွေက တော့ တစ်စီးပြီးတစ်စီး ဖြတ်သန်းနေကြဦးမှာပဲ။ ခဏကြာတော့ မိုးချုပ်တော့မယ်။ ငှက်တွေ အိပ်တန်းတက်တော့မယ်။ တမျှော်တခေါ်လမ်းမကြီးထဲကို ဆည်းဆာဟာ တစ်လှမ်းချင်း ဖြန့်ခင်းလာမယ်။ မကြာခင် တဖွဲဖွဲ နိုးထလာတော့မယ့် ကြယ်တွေကို ဆက်ငေးကြရင် ကောင်းမလားဟင်။ ညရဲ့စိမ့်ဝင်မှုမှာ လက်ဖျားခြေဖျားတွေလည်း ပြန်အေးစက်သွားဦးမယ်။ ဒီလိုပါပဲ နေ့တွေနေ့တွေ.. မရပ်မနားပြေးလွှားရင်း ပြတ်တောက်မာဆတ် အဆုံးသတ်သွားဦးမှာပေါ့။

ပန်ဒိုရာ

Expand..

Saturday, January 1, 2011

Happy New Year 2011!




မင်္ဂလာ နှစ်သစ်မှာ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

Expand..

Wednesday, December 22, 2010

နှစ်ထောင့်တစ်ဆယ်က နားတော့မယ်



နှစ်ထောင့်တစ်ဆယ် နှစ်ထောင့်တစ်ဆယ်နဲ့ ဖလန်းဖလန်းထခဲ့တဲ့ နှစ်လည်း အခုတော့ နှစ်ထောင့်တစ်ဆယ့်တစ် ရှေ့မှောက်မှာ ယိုင်ထိုးလဲပြိုလုပြီ။ ရပ်တန့်လို့မရတဲ့ အချိန်ဆိုတဲ့ ယန္တရားကြီးထဲမှာ အသစ်တွေဟာ တချိန်ချိန်မှာ အဟောင်းဖြစ်ပြီး ချုပ်ငြိမ်းရမှာ ဓမ္မတာ။ ပိုင်ဆိုင်မှုတွေဆိုတာ တဒင်္ဂ။ ဘယ်အရာမှ မတည်တံ့တဲ့ လောက။ အနန္တသူရိယ အမတ်ကြီးကလည်း မျက်ဖြေလင်္ကာမှာ “စံအိမ်နန်းနှင့် ကြငှန်းလည်းခံ မတ်ပေါင်းရံလျက် ပျော်စံရိပ်ငြိမ် စည်းစိမ်မကွာ မင်းချမ်းသာလည်း သမုဒ္ဒရာ ရေမျက်နှာထက် ခဏတက်သည့် ရေပွက်ပမာ တသက်လျာတည်း” လို့ ဆိုခဲ့တယ် မဟုတ်ပါလား။ တချို့ရေပွက်တွေကတော့ ဆူနာမီလောက် ပွက်-ပွက်နိုင်လွန်းတဲ့အတွက် တော်တော်နဲ့ ပြန်မကျသေးတာမျိုး ရှိကောင်းရှိမယ်။

နှစ်အသစ်အသစ်တွေ ရောက်လာတိုင်း ကိုယ်ရေးရာဇ၀င်မှာ အသက်တစ်နှစ်ကြီးတာကို update လုပ်လိုက်ရတာကတော့ သိသာတဲ့ ပြောင်းလဲမှုတစ်ခုပါ။ ဘလော့ဂ်ထဲမှာ စာရေးသားမှုနဲ့ ပတ်သက်လို့တော့ ခါတိုင်းနှစ်တွေမှာ တစ်နှစ်ကို ပို့စ်ပေါင်း တစ်ရာကျော် ရေးခဲ့ပေမယ့် ၂၀၁၀ မှာတော့ သိသိသာသာ ကျဲသွားပါတယ်။ ၆၀ကျော်ပဲ ရှိတယ်။ အရေအတွက်ကျပေမယ့် အရည်အချင်းကတော့ မကျလောက်ဘူးလို့ ကိုယ့်ကိုယ်ကို ကြံဖန်အားပေးရပါတယ်။

မနှစ်က နှစ်ကုန်ခါနီး ရေးခဲ့တဲ့ ပို့စ်မှာ “တစ်နှစ်တာ မကြိုက်များ” ဆိုပြီး ကိုယ့်ကိုယ်ကို မကြိုက်တာတွေ ရေးခဲ့တယ်။ ဒီနှစ်ကတော့ ကြိုက်တာတွေ ရေးမယ်။ လူတွေဟာ ကိုယ့်ကိုယ်ကို ကြိုက်သင့်တယ်။ ဒါဟာ သံသယရှိစရာမလိုဘူး။ ငါအသုံးမကျဘူး ငါ့မှာ ဘာမှမပြည့်စုံဘူး ငါမအောင်မြင်ဘူး စသည်ဖြင့် အားငယ် စိတ်ပျက်နေသူတွေဟာ ကိုယ့်ကောင်းကွက်လေးတွေ ပြန်ရှာကြည့်သင့်တယ်။

၂၀၁၀ထဲမှာ မိသားစုကိစ္စတွေ၊ အလုပ်ဖိစီးမှုတွေ၊ လုပ်ချင်တာလျှောက်လုပ်ချိန်တွေ အတွက် ဦးစားပေးပြီး မှတ်ချက်ရေးတာ မှတ်ချက်ပြန်တာ ဆီပုံးမှာနှုတ်ဆက်တာ အွန်လိုင်းမှာ စကားစမြည်ပြောတာတွေမှာ အင်မတိအင်မတန် အားနာတာကို အတတ်နိုင်ဆုံး ကြိတ်မှိတ်မျိုသိပ်ပြီး လူမှုဆက်ဆံချိန်တွေ အရင်ကနဲ့စာရင် လျှော့ဖြစ်ခဲ့တာကို ကြိုက်တယ်။ ပို့စ်မတင်တာ နည်းနည်းလေးကြာရင် ဧည့်ဝတ်မကျေသလိုလို မနေတတ်မထိုင်တတ် ဖြစ်တတ်တဲ့၊ လာရှာသူတွေ ရှိခဲ့ရင် စိတ်ပျက်သွားမလား စိုးရိမ်တတ်တဲ့ စိတ်တွေကို ဖျောက်ပြီး တခါတလေ ကိုယ့်ဘလော့ဂ်တောင် ကိုယ်ဖွင့်မကြည့်ဖြစ်အောင် ကာလရှည်ကြာ အသည်းတွေ မာနေနိုင်တာကိုလည်း ကြိုက်တယ်။ မူရာကာမိအကြောင်းတွေ ရေးမယ်လို့ ကတိပေးပြီးမှ အာရုံတွေက တခြားဘက်မှာ အနည်ထသွားပြန်တော့ ပိတ်သတ်ကြီးကို အားမနာလျှာမကျိုး ဘာဖြစ်လဲ နောက်မှရေးမှာပေါ့လို့ ခပ်တင်းတင်း စိတ်ထားနိုင်တာကိုလည်း ကြိုက်တယ်။

ရွေ့လျားနေတဲ့ယာဉ်ပေါ်မှာ စာဖတ်ရင် ခေါင်းမူးတတ်တာကို အကျင့်မရရအောင် လုပ်ပြီး ရုံးသွားရုံးပြန်ချိန်တွေ ရထားပေါ်မှာ စာနည်းနည်းပါးပါး ဖတ်ဖြစ်အောင် ကြိုးစားနိုင်ခဲ့တာကိုလည်း ကြိုက်တယ်။ စာရေးတာ နည်းသွားပေမယ့် ပုံလေးတွေကို စိတ်ကိုနည်းနည်း ပိုဆွဲဆန့်ပြီး ရေးဖြစ်လာတာကိုလည်း ကြိုက်တယ်။ ပေါင်ချိန်စက်ကို လနဲ့ချီပြီး မေ့မေ့ပျောက်ပျောက်ထား အစားအသောက် မပျက်ခဲ့တဲ့ အဖြစ်ကိုလည်း ကြိုက်တယ်။ တက်တက်လာတဲ့ သတင်းတွေထဲမှာ အများသူငါလိုပဲ လူဆန်ဆန် စိတ်လှုပ်ရှားလိုက် အတင်းပြောလိုက် ပျော်ရွှင်လိုက် အားမလိုအားမရဖြစ်လိုက် စိတ်ပျက်လိုက်နဲ့ လိုက်လျောညီထွေ လိုက်စီးဆင်းနေရတာကိုလည်း ကြိုက်တယ်။

ဘလော့ဂ်ရေးခါစက ဂျစ်တူးတို့နဲ့ အတူတူ ဘလော့ဂါမြှင့်တင်ရေး တာဝန်ခံတွေအလား လွတ်လွတ်လပ်လပ် တင်ပြပြောဆိုတတ်တဲ့ ယဉ်ကျေးမှုတွေ ထွန်းကားရေးဘာညာ ကြီးကြီးကျယ်ကျယ်စဉ်းစားရ၊ ဘလော့ဂ်ဝက်ခ်ျ စောင့်ကြည့်ရ၊ ဘလော့ဂါအသစ်ပေါ်လာရင် လည်ပတ်မှတ်ချက်ရေး အားပေးရ၊ မရေးတော့ဘူး ဆိုသူတွေကို စည်းရုံးဆွဲဆောင်ရ၊ ဘယ်ဘလော့ဂ်က ကောင်းတယ်ဆိုရင် အချင်းချင်းလက်တို့ရ၊ အခုတော့လည်း ဘာသိဘာသာ အတော်နေတတ်သွားတာကို ကြိုက်တယ်။ တချို့ကိစ္စတွေက သူ့သဘာဝဖြစ်စဉ်အတိုင်း သူ သွားပါလိမ့်မယ်။ အခုဆို အွန်လိုင်းမှာ မြန်မာစာရေးသားခြင်း အလေ့အထဟာ အရှိန်ကောင်းလာလိုက်တာ ကိုယ်မသိတော့တာတွေလည်း အများကြီး ကိုယ့်ကို မသိတာတွေလည်း အများကြီး။ ဒီလိုပဲ အစဦးပိုင်းက ရေးခဲ့သူတွေလည်း တဖြုတ်ဖြုတ်ပျောက်သွားကြတာတွေ ရှိလာခဲ့တယ်။ အွန်လိုင်းဘ၀တွေက ပျောက်သောသူကြာရင်မေ့ ဆိုတော့လည်း ကျန်တဲ့လူတွေက မေ့မေ့ပျောက်ပျောက် ဆက်လက် လည်ပတ်နေကြဆဲ။

ကြိုက်တာတွေက ရှိဦးမှာပါ။ ဒီလောက်နဲ့ နားဦးမယ်။ ဘာမှမရှိတာနဲ့ စာရင် တစ်ခုခုရှိတာတော့ ကောင်းတာပေါ့ ဆိုတာမျိုးက အခုနောက်ပိုင်းမှာ ခေတ်စားလာတယ် မဟုတ်လား။ မကြိုက်တာတွေကို ပြင်မရတာနဲ့စာရင် ရှိတာလေးတွေကို ရှာဖွေပိုက်စိတ်တိုက်ပြီး အခုလိုကြိုက်လိုက်တော့လည်း မအေးပေဘူးလား။ ကုသိုလ်ကံပေး မရသေး နှောင့်နှေးဗျာပါ မရှိရာ ဆိုပြီး ထမင်းကြမ်းလေး ယပ်ခပ်စားနိုင်ကြစေဖို့ နှစ်ထောင့်တစ်ဆယ့်တစ် အကြို ဆုတောင်းပေးလိုက်ပါတယ်။


ပန်ဒိုရာ

Expand..

Sunday, December 5, 2010

လှူကြဦးစို့လား....(သုခရိပ်မြုံ မှသည်....)

မအိန္ဒြာရဲ့ ပို့စ်လေးကို ကူးယူဖော်ပြလိုက်ပါတယ်။ ဖေးကူ ပေးလှူကြစေဖို့....


-------------------------------


လှူကြဦးစို့လား....(သုခရိပ်မြုံ မှသည်....)

ကမ္ဘာ့ ( AIDS ) နေ့ကိုရောက်လာခဲ့ပြန်ပါပြီ..။
မနှစ်ကဒီလိုအချိန်မှာပဲသုခရိပ်မြုံHIV ကူးစက်ခံမိဘမဲ့ကလေးများ ဂေဟာအတွက်
စုပေါင်းလှူဒါန်းခဲ့ကြတာလည်း တစ်နှစ်ပြည့်မြောက်ပါတော့မယ်.။

အဲဒီ့အလှူငွေစုစုပေါင်း ၄၇ သိန်း ကို သူခရိပ်မြုံဂေဟာလေးမှာ အထွေထွေ ၀န်ဆောင်မှုတွေမှာ အသုံးပြုခဲ့နိုင်တယ်လို့ သိရပါတယ်.။

ဒီနှစ်လည်း ဒီလိုပဲ မိတ်ဆွေ ညီအကိုမောင်နှမတွေ စုပေါင်းပြီး ထိထိရောက်ရောက်
လှူဒါန်းနိုင်မယ့် အလှူမျိုးလေးနဲ့ စုပေါင်းလှူဒါန်းကုသိုလ်ယူကြပါဦးစို့လို့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်။

အခုမနှစ်ကလှူဒါန်းခဲ့တဲ့အလှူငွေဖြတ်ပိုင်းဓါတ်ပုံလေးတွေကိုပါသာဓုခေါ်ဆိုနိုင်ဖို့ထပ်မံတင်ပြပေးလိုက်ပါတယ်..။

အလှူငွေတွေကို မြန်မာပြည်မှာ စာရေးဆရာမ မနော်ဟရီက အစစအရာရာ ကုသိုလ်ဖြစ် တာဝန်ယူလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်..။

ဒီဖြတ်ပိုင်းလေးတွေကတော့ အလှူငွေလက်ခံရရှိကြောင်းနဲ့ ကျေးဇူးတင်မှတ်တမ်းလေးတွေပါ။






ဒီသတင်းလေးကို အသေးစိတ်ပြန်သိချင် ဖတ်ချင်တယ်ဆိုရင်တော့ သုခရိပ်မြုံ ဆိုတဲ့ ကဏ္ဍလေးမှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်..။
ညီအကိုမောင်နှမတွေက ထင်တာထက်ပိုပြီး အားတက်သရော လှူဒါန်းခဲ့ကြလို့ ကျေးဇူးတင်ဝမ်းသာရသလို ခုချိန်အထိတောင် ဖုန်းဆက်ပြီး မြန်မာပြည်ပြန်ရင်း လှူနိုင်ဖို့ သုခရိပ်မြုံရဲ့ လိပ်စာနဲ့ဖုန်းနံပါတ်ကို စုံစမ်းကြသူတွေ ရှိနေတုန်းပဲမို့ အများကြီး ကျေနပ်ပိတိဖြစ်လို့မဆုံးပေါ့..

ဒီနှစ်တော့ ကလေးဦးရေ ၆၀ အထိတိုးလာပြီး ကလေးလေး ၃ ယောက်ကိုတော့
လက်လွှတ်ဆုံးရှုံးခဲ့ရတယ်လို့ စိတ်မကောင်းဖွယ်ရာ ကြားသိရပါတယ်။

မေတ္တာတွေ စေတနာတွေ ကွန်ယက်တစ်ခုလို ချိတ်ဆက် ပေါင်းစည်းမိလိုက်ကြတဲ့ အလှူပွဲလေးတစ်ပွဲပါပဲ..။
တစ်ယောက်နဲ့တစ်ယောက် လူချင်းတွေတောင် မသိကြ မမြင်ဘူးကြတဲ့ ဒီ(၁၁၁)ယောက်ဟာ
ကုသိုလ်တွေ အတူတူရရှိခဲ့ကြပြီး သာဓုတစ်ပြိုင်တည်းခေါ်ဆိုခွင့်ရရှိခဲ့ကြပါတယ်.။

" ဘာပဲဖြစ်ဖြစ် တကယ်လိုအပ်နေတဲ့သူတွေလက်ထဲအရောက် အလှူငွေ ထည့်အပ်နိုင်ခဲ့တာအတွက် လှူဒါန်းသူတွေရော ကြားသိရတဲ့သူတွေပါ ကျွန်မနဲ့ထပ်တူ ကျေနပ်ဝမ်းမြောက် သာဓုခေါ်နိုင်မယ်လို့ ယုံကြည်နေပါတယ်.။"

ဒီနှစ်တော့ သုခရိပ်မြုံဂေဟာကိုတင်မဟုတ်ဘဲ ကောက်ခံရရှိတဲ့ငွေပေါ်ကို မူတည်ပြီး
HIV နဲ့ပတ်သက်တဲ့ ဆေးရုံတွေ ၀န်ဆောင်မှုတွေအပြင်
အလားတူ စေတနာ့ဝန်ထမ်းလူမှုရေးအသင်းအဖွဲ့တွေကိုပါ သွားရောက်လှူဒါန်းကြဖို့ စီစဉ်မျှော်လင့်ထားပါတယ်..။

တစ်ဒေါ်လာတိုင်းဟာ မြန်မာငွေ ၇၀၀ - ၈၀၀ နဲ့ညီမျှတော့ တစ်ဒေါ်လာပဲထည့်ရင်တောင် ထမင်းတစ်နပ်စာတော့ ပံ့ပိုးပေးလိုက်နိုင်မှာပါ။

ဒီလိုနဲ့ပဲ မနှစ်က နိုင်ငံအရပ်ရပ်က အွန်လိုင်းစာဖတ်သူတွေ စာရေးသူတွေ စေတနာရှင်တွေ (၁၁၁)ဦးရဲ့ နည်းနည်းချင်းဆီ စုပေါင်းကြရာကနေ ၄၇သိန်းဆိုတဲ့ ငွေပမာဏဖြစ်တည်လှူဒါန်းနိုင်ခဲ့ကြတာပါ.။

ဒီနှစ်အတွက်၂၀၁၀ဒီဇင်ဘာ(၁)ရက်နေ့ကနေ ၂၀၁၁ ဇန်န၀ါရီလကုန်အထိ
"၂လတိတိကောက်ခံပြီး "
ဖေဖေါ်ဝါရီလထဲမှာ လှူဒါန်းကြမှာဖြစ်ပါတယ်။

ဆက်သွယ်လှူဒါန်းနိုင်တဲ့သူတွေကတော့

စင်ကာပူနိုင်ငံမှာ

အိန္ဒြာ ( ၉၁၇၉၆၅၄၂)
မိုးကုတ်သား( ဘိုဘိုဟန်ထွန်းနိုင်) (၈၁၁၈၉၁၆၀)
မယ်ကိုး(၈၂၃၉၂၇၆၄)
ရီနိုမာန်(၉၀၀၄၆၀၂၂)

အိန္ဒိယနိုင်ငံမှာ
အရှင်ကုဏ္ဍလ
A Shin Kondala
Univerisy of Jammu
Nehru Hall Boys Hostel
Room- 144, Jammu-180006,Jammu&Kishmir,India,
Phone- No +91 9697510037

မလေးရှားနိုင်ငံမှာ
ခရေတွန်(၆၀ ၁၆၆၀၄၀၄၀၀)

ထိုင်းနိုင်ငံမှာ
ကိုဆန်နီ (ဖုန်းနံပါတ်ကို ထပ်မံတင်ပြပေးပါမည်။)

ထိုင်ဝမ်နိုင်ငံမှာ
မြစ်ကျိုးအင်း (၈၈ ၆၉၅၃၇၀၅၆၂၅)

ကိုရီးယားနိုင်ငံမှာ
စာပေချစ်မြတ်နိုးသူများ ( ၀၁၀ ၂၂၆၉၁၇၈၈)
Yမြစ်ချို (၀၁၀ ၈၇၁၄၇၀၁၉)

ဂျပန်နိုင်ငံမှာ

သင်းသင်းထွဋ် (၀၈၀ ၄၁၁၃ ၁၈၇၅)

ခင်လေးငယ် (၀၈၀ ၂၀၃၂ ၇၁၄၈ )



တို့ကနေတဆင့် ပါဝင်လှူဒါန်းကုသိုလ်ယူနိုင်ကြပါကြောင်း..

ဒီနှစ်တော့ Facebook မှာပါ တင်မှာဖြစ်တဲ့ အတွက် ဖုန်းဆက်လို့ဖြစ်စေ Facebook မှာ message ပို့ပြီးတော့ဖြစ်စေ ဆက်သွယ် လှူဒါန်းနိုင်ပါကြောင်း

အလှူငွေကောက်ခံရရှိတဲ့ အလှူငွေစာရင်းတွေကို Blog နဲ့ Facebook တွေမှာ တင်ပေးသွာမှာဖြစ်ပါကြောင်း..
မိတ်ဆွေ မောင်နှမ ညီအစ်မများကို လေးစားစွာ သတင်းကောင်းပါးအပ်ပါတယ်ရှင်.။


အားလုံးစိတ်နဲ့ကိုယ်တစ်ထပ်တည်းကျလို့ ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ.။

အိန္ဒြာ

http://eaindrar.blogspot.com/

Expand..

Friday, December 3, 2010

ဒုက္ခဗေဒ



ညဥ့်နက်သန်းခေါင် အိပ်ရေးပျက်သလောက် စာတစ်ပုဒ်မှ ထွက်မလာနိုင်တာလည်း တစ်ဒုက္ခ
မြင်မြင်သမျှ ပြောချင်သမျှ ဟိုကြည့်ဒီကြည့် မျိုမျိုချနေရတာကလည်း တစ်ဒုက္ခ
နောက်ကောက်ကျန်ခဲ့မှာစိုးလို့ ဖီလင်တွေခါချ တကူးတက ဒန်ဒန်ကြည့်ရတာလည်း တစ်ဒုက္ခ
ထူးထွေသည့်အံ့ရာသော် ၀ါကျတွေ မနေမနား ထွေပြား ရှည်လျားပေးရတာလည်း တစ်ဒုက္ခ
ဖေ့စ်ဘွတ်ခ်၊ ဘလော့ဂ်၊ လူမှုကွန်ယက်၊ နက်စကားလုံး သိသိသမျှ စာထဲ ထည့်သုံးနေရတာလည်း တစ်ဒုက္ခ
မသိမသာ အွန်လိုင်းမှာ လူရာဝင်ချင်နေတဲ့ ရောဂါတွေကလည်း တစ်ဒုက္ခ
ကိုယ်ရောက်နေတဲ့တောအုပ် မှောင်မှန်းမသိလင်းမှန်းမသိ မှန်းသန်းရမ်းနေကြတာကလည်း တစ်ဒုက္ခ
ပြောရင်းပြောရင်း အစွန်းရောက်ဒေါသနဲ့ ဃောသသံတွေ ထူလာရတာကလည်း တစ်ဒုက္ခ
အဝေးပြေးလမ်းမကြီးတွေ ထုတ်ချင်းပေါက် ဖြောင့်ဖြူးလွန်းတာကလည်းတစ်ဒုက္ခ
ဘီလီယံဒေါ်လာပရောဂျက်တွေက လည်ပင်းရောက်အောင်ဆို့နေကြတာကလည်း တစ်ဒုက္ခ
ဘယ်ဘက်ကလှည်းတစ်ရာဝင်ပေမယ့် ညာဘက်ကတစ်မှုန် ကြဲမပေးတာကလည်း တစ်ဒုက္ခ
သေစရာရောဂါရှိနေရတဲ့အထဲ နေစရာစားစရာမရှိကြတာကလည်း တစ်ဒုက္ခ
ကျိုးလွယ်ပဲ့လွယ် နှစ်ဆယ့်တစ်ရာစုကို ဖွဖွရွရွလေး ထိန်းကိုင်နေရတာကလည်း တစ်ဒုက္ခ
လောကဓံနဲ့ အမှန်တရားက အရင် ရင်ကြားစေ့သွားကြတာကလည်း တစ်ဒုက္ခ
အိတ်ပေါက်နဲ့ဖားကောက်သလို ပိတ်မရဆို့မရတဲ့ ကိစ္စကလည်း တစ်ဒုက္ခ
သိမ်းထားတဲ့ နောက်ဆုံးဖဲချပ်ကို ဘယ်တော့ထုတ်သုံးမလဲ ချိန်ဆရတာကလည်း တစ်ဒုက္ခ
ဘလက်ခ်ဟိုးလ်းထဲက ဒုက္ခကတ္တရာအိုးကို မဟူရာဆေးသွားဆိုးချင်မိတာကလည်း တစ်ဒုက္ခ။

ပန်ဒိုရာ


Expand..

Wednesday, December 1, 2010

မြူတွေလိုပဲ လှတော့လှတယ်



ဘ၀ဆိုတာ
ဒီဇင်ဘာရဲ့ အိမ်ပြန်လမ်းစလို
တချိန်လုံးပျောက်ရှနေတာမျိုးတော့
မဖြစ်စေချင်ခဲ့ဘူးပေါ့ကွာ
ဆောင်းတွင်းရောက်တော့လည်း
အနာတွေကယဉ်းလာတတ်တယ်မဟုတ်လား
တနွေလုံး နွေခိုနေခဲ့တဲ့ကောင်
ညဆိုဝင်းဝင်းတောက်တဲ့မျက်လုံးတွေနဲ့
နှင်းတောထဲသိမ်းမြှုပ်ထားတဲ့ ခြေရာဖွဖွတွေနဲ့
ရွက်ကြွေတွေကြား ဆော့ကစားတတ်တဲ့ကောင်
ဒီနှစ်ကျမယ့် နှင်းတွေလည်း ဖွေးဖွေးစင်နေဦးမှာပဲ
ဆောင်းပင်အိုအကိုင်းတွေက ထွက်ကျလာတဲ့
သစ်ရွက်ဟောင်းတွေလည်း ၀ဲလွင့်နေဦးမှာပဲ
မနက်မနက်ဆို မြင်ကွင်းတွေလည်း မှုန်မှုန်ဝေလို့
ဆောင်းကိုခြယ်သထားတဲ့ အရောင်ဆိုတာ
ငွေ့ရုံလေးငွေ့နေတဲ့ အဖြူရောင်သက်သက်ပါပဲ
နောင်နှစ်နွေဦးရဲ့ ပုရစ်ဖူးကလေးကတော့ မင်းရှေ့မှာ…
ဟိုမှာနေရောင်လာတော့ မြူတွေပါးလျသွားခဲ့ပြီ
ဟိုမှာအချိန်တွေလည်း မိုးတိမ်တွေလိုလွင့်သွားခဲ့ပြီ
ဆောင်းဝတ်ရုံရဲ့ သားမွေးတွေ တချိန်က နူးညံ့ခဲ့တာ
ဆောင်းလက်သည်းစူးစူးတွေလည်း မာကျောလတ်ဆတ်ခဲ့တာ
ထိုးဖောက်စွမ်းတွေနဲ့ ချိုးဖောက်စွမ်းတွေနဲ့
အမှန်တော့ ခြစ်ရှမိရုံ သွေးစို့သွားခဲ့ရုံကလေးပဲပေါ့
ဒဏ်ရာတွေဟာ စိမ့်စိမ့်အေးမြခဲ့ပါရဲ့ ကြောင်ကလေးဝါ၀ါ။

ပန်ဒိုရာ

Expand..