Sunday, April 1, 2007

ဝိဘစ္ဆ

ဝိဘစ္ဆ

ကျောက်တောင်ကျောက်စွန်းတွေကြားက
ဖုန်မူန့်တွေအလိမ်းလိမ်းကြားမှာ
ကျောက်သားတွေလိုမာကျောပြီး
ဖုန်မှုန့်တွေဖုံးလွှမ်းနေတဲ့နှလုံးသားတွေဟာ
တန်ခိုးရှင်ရဲ့အမိန့်တော်ကို
သွေးနဲ့လဲပြီးနာခံရန်အသင့်ဖြစ်နေကြတယ်။

သိန်းငှက်တစ်ကောင်ကလည်း
အတောင်တွေတဖြန်းဖြန်းခတ်
လေဟုန်မှာ ၀ဲ လို့ ချောင်းမြောင်းရင်း
မာန်ပြင်းတွေမလျှော့နိုင်သေးဘူး။

လောဘ
ဒေါသ
သံသယ
အာဃာတ
အကြောက်တရား
အဲဒါတွေပေါင်းလိုက်တော့
အပျက်အစီး
သွေးထွက်သံယို
လူ့အသက်
ညည်းညူသံ
ငိုသံတွေ သောသောညံသွားတယ်။

အယူအဆလား အယူဝါဒလား
စီးပွားရေးလား လူမျိုးရေးလား
သင်ကျွန်ုပ်လက်တစ်ချောင်းကိုဖြတ်လို့
သင့်လက်တစ်ချောင်းကိုကျွန်ုပ်ပြန်ဖြတ်တာလား။
သင့်လက်တစ်ချောင်းကိုဖြတ်လိုက်မှသာ
ကျွန်ုပ်ရဲ့လက်ချောင်းတွေကြီးထွားစေလား။
သင့်လက်တစ်ချောင်းဟာ
ကျွန်ုပ်ရဲ့လက်တစ်ချောင်းလောက်တန်ဖိုးမရှိတာလား။
သင့်လက်တစ်ချောင်းဖြတ်လိုက်ခြင်းဖြင့်
လက်ချောင်းများစွာကိုကယ်တင်နိုင်လိုက်ခြင်းလား။
ဘာဥပဒေသ ပြပြ
ဘယ်သူက စစ
မွမွကြေနေတဲ့ လက်ချောင်းအပြတ်အပြတ်တွေ
ဟိုမှာ မြင်မကောင်းအောင်ပြန့်ကျဲကုန်ပြီ။

လောကငြိမ်းချမ်းရေးဆိုတာ
ဘာ..ညာ..
လက်ခါခါခေါင်းခါခါနဲ့
ရှင်းပြဖို့ကြိုးစားနေတဲ့ဖခင်ကို
ပါးစပ်အဟောင်းသားနဲ့ နားစွင့်နေတဲ့
ကလေးငယ်ရဲ့ မျက်ဝန်းတစ်စုံက
မျှော်လင့်ချက်ရောင်ခြည်တွေ
အနာဂတ်မှာလည်း
အပြစ်ကင်းစွာဆက်လက်လင်းလက်နေပါစေကွယ်။

လူသားတွေရဲ့ ရင်ခွင်တွေဟာ
လှိုင်းတံပိုးတွေလိုမို့မောက်ရင်ခုန်ရလွန်းလို့
နာကျင်လှပြီ
ဒီဂြိုဟ်ပြာပြာဟာ ကျိန်စာသင့်နေရော့သလားကွယ်
မီးကိုတွေ့ရှိခဲ့
မီးကိုကြောက်လန့်ခဲ့
မီးကိုအသုံးချခဲ့
မီးလျှံတွေကြား ပြာကျသွားဖို့တော့မဟုတ်ဘူးနော်။

သွေးစွန်းနေတဲ့ အတောင်ပံဖြူဖြူတွေနှေးကွေးလာပြီ
ကိုက်ချီထားတဲ့သံလွင်ခက်ဟာ
သန်းပေါင်းခြောက်ထောင်ကို
ဘယ်လောက်တောင်များညီညီမျှမျှ
(တရားလည်းမျှမျှတတ)
ကြဲချပေးနိုင်မှာလဲ
အဲဒါတွေမတွေးပါရစေနဲ့
ချိုးဖြှူုငှက်တွေဟာငါတို့ကိုယ်တိုင်ဖြစ်တယ်။ ။


ပန်ဒိုရာ
၉၊၃၊၂၀၀၆


4 comments:

ကလိုစေးထူး said...

ကဗျာဆိုတာဟာ မိမိပြောချင်တဲ့ အချက်အလက်ကို အကျစ်လစ်ဆုံး တင်ပြခြင်း..တဲ့။ ခပ်တိုတို ရေးထားတဲ့ ဒီကဗျာမှာ မငြိမ်းချမ်းတဲ့ ကမ္ဘာကြီးနဲ့ သွေးစွန်းတဲ့ လက်အစုံတွေ၊ နာကျင်မှုရဲ့ ငိုညည်းသံတွေ။ အဲဒါတွေကို ရပ်တန့်စေချင်တဲ့ ချိုးငှက်ငယ်တကောင်(ကဗျာဆရာ)ရဲ့ စိတ်ဆန္ဒအစုံ..။ အားလုံးကို မြင်ကွင်းကျယ် ရုပ်ရှင်ကားတခုလို ခံစားမြင်ယောင်လိုက်ရတယ်။

pandora said...

ပန်ဒိုရာက ဒီ့ထက်ပိုပြီး တိုတိုနဲ့ကျစ်ကျစ်ရေးချင်တာပါ။ ပြောချင်တာတွေများရင် လက်ကမနိုင်ဘူး။
နောက်လည်းလာကြည့်ပါ. ခုတလောအလုပ်များလို့ ပို့စ်အသစ်မတင်နိုင်ဖြစ်နေတယ်။

နတ္ထိ said...

ရင်ထဲမှာ နင့်နေအောင် ခံစားရပါတယ်။ “၀ိဘစ္ဆ”ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို သိရရင် ကောင်းမယ်ဗျာ။

pandora said...

ကိုနတ္ထိ နောက်နေပြန်ပါပြီ။ ခင်ဗျားက ပါဠိကဒီလောက်ကျွမ်းတာ။ လိုတာရှိလည်း ပြင်ပေးပါနော်။