Tuesday, May 8, 2007

“ကြိုး”

“ကြိုး”

အနောက်ဘက်ဆီ
နေခြည်ဖြိုးဖျ၊ မှောင်ရီစပြီ
အိမ်ဝတံခါး၊ ခြံဝင်းနားမှာ
လာသွားခေါက်ပြန်၊ ရင်ခုန်မြန်ခဲ့
ရွှင်ပြန်ခဏ၊ပြုံးစမျက်နှာ
လူတွေ့မှာစိုး၊ ရယ်ပုန်းခိုးရင်း
့မြတ်နိုးခုံမင်၊ ပြင်ဆင်ချက်နွှေး
မွှေးပျံ့ငွေ့လူ၊ ညစာပူလည်း
သူရောက်ချိန်နှင့်၊ အဆင်သင့်လေ
ခင့်စေတနာ၊ ထင်ဟပ်မှာလား
ပါးပြင်နီသွေး၊ ရှက်ပူနွေးမိ။

နာရီကြည့်ကြည့်၊ မော့မိမိလေ
ထိထိလှုပ်လှုပ်၊ လက်များဆုတ်ကိုင်
ရောက်ချိန်တိုင်လို့၊ လာနိုင်ပါလည်း
မည်းမည်းမှောင်ပိတ်၊ ဟိုလမ်းထိပ်က
အရိပ်မှုန်ဝါး၊ သူလေလားလို့
ထင်မှားမိမော၊ စိတ်လည်းစောခဲ့။

လလည်းမသာ၊ ကြယ်ပြာမလင်း
ညမင်းရင့်ရော်၊ ပြန်ချိန်ကျော်ပေါ့
ရိုက်ဆော်တီးခတ်၊ အပ်ကြောင်းထပ်ပြန်၊
နာရီသံများ၊ စိတ်ချောက်ခြားမိ
ဘုရားရှေ့မှောက်၊ ဆုပန်ရောက်ရင်း
ဘေးကင်းရန်ကွာ၊ သူပြန်လာဖို့
ခါခါသက်ပြင်း၊ စိတ်ကိုတင်းရ။

သြော်... လွန်လှပြီကွယ်၊ ဘယ်ဆီရယ်လို့
ဘယ်လိုကျိုးကြောင်း၊ မပြောကောင်းလား
နှောင်းပေါ့ညစာ၊အေးစက်မာပြီ
စိတ်နာဒေါသ၊မီးတစ်စဖြစ်
ရင်ဝလှိုက်ပူ၊ ဘလောင်ဆူမိ
သူဒီလြိုဖင့်၊ မကြာသင့်လေ
ဖွင့်ဟမြည်တမ်း၊ ခင့်နှုတ်ခမ်းလည်း
ယောင်ရမ်းကိုက်ခဲ၊ သွေးချင်းရဲပေါ့။

ဟော..
ပြောရင်းဒီမှာ၊ သူပြန်လာပြီ
ခြေရာကြွကြွ၊ ပြုံးစစနဲ့
အိမ်ဝတံခါး၊ရောက်ပြီလားဟင်
စကားကွယ်ချို့၊ နှုတ်ဝဆို့ပြီ
ဘယ်သို့ဘယ်ဖြင့်၊ မပြောနှင့်စဉ်
သခင့်ရင်ထက်၊ ခေါင်းကွယ်ဝှက်ရင်း
မက်မက်ရှိုက်ငင်ငိုမိသည် ။ ။


ပန်ဒိုရာ
၂၁.၁၂.၂၀၀၅

9 comments:

Anonymous said...

nice poem!!
good creation

pandora said...

မမေ လာလည်တာ ၀မ်းသာမိပါတယ်။ နောက်လည်း လာလည်ပါနော်. ။ စာလုံးပေါင်း ဘာညာ အမှားတွေ့ရင်လည်း ထောက်ပြပေးပါနော်။

Anonymous said...

မပန်ရေ…ကဗျာကကောင်းလိုက်တာ…

Anonymous said...

"လူတွေ့မှာစိုး၊ ရယ်ပုန်းခိုးရင်း"

ဒီအသုံးကို သဘောကျပါသည်။

ပထဇ

Anonymous said...

မပန်တို့ကဗျာတွေကတော့ သိပ်ဖတ်လို့ကောင်း ။ ဖတ်ရင်း.. မျက်စိထဲ ထင်းကနဲပဲ

Tesla said...

လက်ဖျားခါကောင်းပဲ.. နှလုံးသားနဲ့ ရေးထားတာ သိပ်သိသာတာပဲ...

ကလိုစေးထူး said...

ပန်ဒိုရာ ရေ.. လာလည်သွားတယ် ဒီကဗျာကို မြန်မာဘလော့ဂါ စာအုပ်ထဲကို ထည့်စေချင်တယ်။ ပို့ဖြစ်သေးလား။ မမေဓာဝီ ကိုယောဟန်အောင်၊ ကိုတက်စလာတို့ နည်းတူ ကဗျာနိုင်နင်းတဲ့ ဘလော့ဂါတယောက် တိုးလာတာ ၀မ်းသာစရာပဲ။

pandora said...

မော်ဒန် ခေတ်ကြီးမှာ ထရာဒေရှင်နယ် ပုံစံ ကဗျာလေးတွေကိုလည်း အားပေးကြသေးတာကို ၀မ်းသာမိပါတယ်။

MANORHARY said...

အားကောင်းခိုင်မာတဲ့လေးလုံးစပ် ကဗျာကောင်းတစ်ပုဒ်
ပါပဲ...။ နောက်ပိုင်းမှာ တော်တော်များများက လေးလုံး
စပ်ကိုသိပ်မရေးကြတော့ဘူး...ထပ်ရေးဖြစ်နိုင်ပါစေ။