Sunday, June 10, 2007

ဘလော့ဂါများနှင့် ဟာသ

ဘလော့ဂါများနှင့် ဟာသ

ဘလော့ဂါတွေ ရေးထားကြတာ ဖတ်မိသလောက် ကြည့်လိုက်တော့ ဟာသဉာဏ် ရွှင်ကြတာတွေကို တွေ့ရပါတယ်။ ကိုယ့် ဘလော့ဂ်ရဲ့ theme အရ ဘယ်လောက်ပဲ စာတည်စာခန့်တွေ ရေးကြလည်း အနည်းဆုံး ဆီပုံးထဲမှာဖြစ်ဖြစ် သဘောကျလောက်စရာ မှတ်သားလောက်စရာ ရယ်စရာ လေးတွေ ရေးထားတာကို သွားသွားတွေ့တာပါပဲ။

ဆရာ ကိုတာကတော့ ဟာသဉာဏ်ဆိုတာ တွေးရိုးတွေးစဉ်ကနေ ဖောက်တွေးတာ၊ ဘေးထွက်တွေးတာ၊ ဉာဏ်ကောင်းတဲ့လူများသာ တွေးနိုင်တာဆိုပဲ။ (ဟဲ)

ဂျစ်တူးရဲ့ နာမည်ကျော် ကမောက်ကမ တွေကတော့ အားလုံးကို အပန်းပြေ ရယ်မောစေတာပါပဲ။ ဆရာ အော်ပီကျယ်ရဲ့ ဟာသများကို ဆင့်ပွားခံစားသူ ကိုပု ရဲ့ အတွေးတွေကလည်း ထူးဆန်းပါပေ့ ဆရာပုရယ်လို့ ပြောရမလို။ အေးအေးနေတတ်တဲ့ ကဗျာဆရာလေး ညီညီ(သံလွင်) ဆိုရင်လည်း ပြန်ဖတ်တိုင်း ပြုံးရရယ်ရတဲ့ ပြဇာတ် တစ်ပုဒ်ရေးထားတာ အံ့စရာ။ အသည်းကွဲ ကဗျာဆရာ ခရီရေတာကလည်း အငြိမ့်ပြက်လုံးတွေ ဒီလိုရေးတတ်လိမ့်မယ်လို့ မထင်ရဘူး။ စာအလေးအနက်တွေ တင်လေ့ရှိသူ မမေဓာဝီရဲ့ လျှပ်တပြက် ဟာသများ ဆိုရင်လည်း တစိမ့်စိမ့်တွေးလို့ ရယ်ရတယ်။ ခပ်တည်တည် အတွေးအခေါ်တွေ ရေးလေ့ရှိတဲ့ ကိုစေးထူးရဲ့ ပေါက်ကြမယ်ဟေ့ ကောင်းကောင်း ဆိုရင် မြင်ယောင်ပြီးတော့ကို ရယ်ရတာ။ တက်စလာ ရဲ့ ကွန်မန့်တွေကို ပြန်ဖြေထားပုံကတော့ ဦးပေါ်ဦး လားအောက်မေ့ရတယ်။

ကဒေါင်းညင်သာ ဆိုတာကတော့ စာတွေတော့ အတည်ပေါက်ရေးပြီး ဆီပုံးတွေထဲမှာ ဟွန်း ဟင့်နဲ့ ဟန်မူပါပါ နောက်တတ်သူ တစ်ယောက်ပေါ့။ ဘာညာကတော့ ကွိကွိဆိုတဲ့ ရယ်သံ အိအိ ဆိုတဲ့ ငိုသံကစပြီး ရယ်စရာကောင်းနေပြီ။ ညလေးကတော့ ပို့စ်လေးတွေ ခေါက်တာဆုံးသွားရင် ရှိတော့ဘူးကုန်သွားပြီ ဆိုပြီး သဘောကျစရာလေး ရေးထားတာ။ မောင်ရန် ရဲ့ ဟိုညဆိုရင် အင်း….။ မောင်ပွတ် တို့ရဲ့ မဟာအစည်းအဝေး မှတ်တမ်းတွေကတော့ သမိုင်းတင်လောက်ပါရဲ့။ ဘလာဂေါက်ရဲ့ ဆီပုံးထဲရေးရေးသွားတဲ့ အင်္ဂလိပ်စာ စွမ်းရည်ကလည်း သြောချရတာပဲ။ ဒါ နမူနာတွေပဲ ရှိပါသေးတယ်။ ဆက်ရေးရရင် ဆုံးမှာ မဟုတ်တော့ဘူး။

အဲ.. ဒီလို ဘလော့ဂါတွေ ဆွဲထည့်ထားတာကတော့ ပေါနေတာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး ဆိုပြီး အရင်ဆုံး သူခိုးသေဖော်ညှိလိုက်တာပါလေ။ (ဟဲ)

ဒီအထဲမှာတော့ မကြာခင်ကပဲ ဘလော့ဂ်လောက က ထွက်သွားတဲ့ ပါဠိပညာရှင် ကိုနတ္ထိနဲ့ အပြန်အလှန် ပြောမိတာလေးတွေကို သူ့ဆီပုံးထဲက အမှတ်မထင် ကူးထားမိသလောက် တင်ပြလိုက်ရပါတယ်။ အားလုံးအတွက် အမှတ်ရစရာဖြစ်မယ် ထင်ပါတယ်။ ကိုနတ္ထိဆီက ခွင့်မတောင်း နိုင်တော့ပေမယ့် သဘောထား အလွန်ပြည့်ဝသူ ကိုနတ်တစ်ယောက် ခွင့်ပြု ခွင့်လွှတ်လိမ့်မယ် လို့ ယုံကြည်မိပါတယ်။

အင်း…..တခါတခါကျတော့လည်း ရယ်စရာက လွမ်းစရာ ကောင်းစေတယ်။ ဆရာ ရန်ကုန်ဘဆွေ ရေးတဲ့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးလိုက်တယ်။ ပြဇာတ်ထဲမှာ အလွမ်းနဲ့ဆုံးမယ့်ဇာတ်လမ်းတွေမှာ ဟာသလေးတစ်ခန်းကို မသိမသာ ရှေ့မှာကပ်ထည့်၊ ပိုလွမ်းစရာ ကောင်းတယ် ဆိုတာလေ။


ဆီပုံးထဲမှ ပြင်ညာချိတို့ ဆွေးနွေးခန်း


pandora: ဒီနေ့တော့ လေနေတယ်.. ကျွဲဟာ ရွှံ့ညွံမှာ ပျော်မွေ့သလို ပန်ဒိုရာသည် ဘလော့မှာသာ ပျော်မွေ့နေတယ်။

နတ္ထိ: ကြောင်သည် ငါးကြော် ကြိုက်သကဲ့သို့ နတ္ထိသည် အိပ်ငိုက်နေတယ်။

pandora: ငါးကြော်မကြိုက်က ကြောင်မိုက်ဖြစ်သလို လန်းတာလေး မကြိုက်ရင် ကိုနတ် လူမိုက်ဖြစ်မယ်..ဟဲ. လန်းခြင်း=အိပ်မငိုက်ခြင်း (တလွဲမတွေးနဲ့)

နတ္ထိ: လန်းခြင်းသည် modelလေးတွေရဲ့ ပုံဟန် ဖြစ်သလို အိပ်ငိုက်ခြင်းသည် နတ္ထိ၏ ပုံစံ ဖြစ်၏။

pandora: အိပ်ငိုက်သူသည် သွားရည်ကျ၏။ မော်ဒယ်ကလေးများကို ခံစားသူလည်း အဲ.. သွားရည်ပဲကျ၏။ ကိုနတ်ကား သွားရည်ကျသူ ဖြစ်သလော။

နတ္ထိ: မျက်လုံးသည် (ဘလော့ဂ်ဂါ ကိုမျက်လုံး မဟုတ်) အစာအိမ်ထက် ကြီး၏။ နတ္ထိသည်ကား မျက်လုံးပြူးသူ ဖြစ်၏။

pandora: မျက်လုံးပြူးသူသည် အိပ်ငိုက်သည့်အခါ မျက်လုံးကို လုံအောင်မဖုံးနိုင်ရှာ။ ထို့အတူ မော်ဒယ်ကလေးများသည် လည်း.. (အဲ.. ရှုပ်ကုန်ပြီ။)

နတ္ထိ : ကြည့်သောသူ မြင်၏၊ နတ္ထိသည် မြင်အောင်ကြည့်သူတည်း။

pandora: မျက်လုံးပြူးသူသည် အိပ်ငိုက်ချင်ယောင်ဆောင်ကာ မော်ဒယ်ကလေးများကို မြင်အောင်ကြည့်သော အလုပ်သည်ကား အတော်ကြောင်သည့်အလုပ်ပေတည်း။

(နောက်ထပ် ဆက်ရေးကြသေးသည်။ အဲဒါတွေကိုတော့ ကူးမထားမိသဖြင့် ပျောက်ပျက်သွားပါသည်။ မမှတ်မိတော့။)

………

နတ္ထိ: ပန်းလောကတွင် ဆိုရိုးရှိ၏။ ဆူးပါသော ပန်းတို့သည် ရဲရင့်၏။ လူ့လောကတွင်လဲ ဒဏ်ရာ အမာရွတ်ရှိသော သူရဲကောင်းသည် ခမ်းနား၏။ စာပေလောကတွင်လဲ စာအုပ်မျိုးစုံရောင်း၏။

pandora: တောင်ဇလတ်ပန်း ၏ အနံ့သည် ထုပ်ထားသော ဖက်တွင်ပင် မွှေးပျံ့၏။ ချင်ကာပူတွင် လိုရာ စာအုပ် လက်လှမ်း မမီနိုင်။ ကိုနတ်ကဲ့သို့ ပညာရှိထံ မှီဝဲ ဆည်းကပ်ပါက အနှစ်ချုပ်ကို ရသတည်း။

နတ္ထိ: ခရေပန်းသည် ဝေလဲ မွှေး ကြွေလဲ မွှေး၏။ အိန္ဒိယတွင် မယ်စကြာဝဠာ ဖြစ်မည့်သူများ ရှိ၏။ နတ္ထိတွင်လည်း ချကိုက်ထားသော စာအုပ် အနည်းငယ်မျှသာ ရှိ၏။

pandora: ခရေတို့သည် မြေမှာခ ကာ မွှေးရနံ့ကို ဝေမျှ၏။ မိန်းမတို့၏ ပစ္စည်းဥစ္စာကား အဆင်းတည်း။ ပညာတို့၏ သိုမှီးရာကား စာအုပ်ထဲ သာမက ဟဒယ တွင် အရှည်တည်၏။

နတ္ထိ: အကြွေပန်းပေမယ့် ရွှေနန်းတော့ ထိုက်နိုင်၏။ အဆင်းပုံဟန်သည် အရေပြားတစ်ထောက်စာသာ။ ပညာကို အသုံးမချတတ်ပါလျှင် အန္တရာယ် ကြီး၏။

pandora: ကျွန်းသစ်ပင် ၏ အပွင့်ငယ်သည် ဖြူဖွေးသလောက် ဖျစ်ကြည့်ပါက နီိနီစွေး ၏။ နှင်းဆီစိုက်စားသူ သည် ဆူးစူးသည့်ရန် ကာကွယ်နိုင်၏။ ပညာရှာ ပမာ သူဖုန်းစား တည်း ။

နတ္ထိ: ပန်းတို့သည် မနွမ်းခင် လောကကို အလှဆင်ရ၏။ ပညာရှိတို့ တယူသန် ဖြစ်လျှင် လောကအတွက် အချီးနှီး ဖြစ်၏။

pandora: အချို့သော ပန်းတို့သည် ညှိုးရမှ တဖန် ရှင်သန်လာကြ၏။ ပညာရွှေအိုး သည် တုတ်နဲ့မိုး ရုံဖြင့်မရွဲ့။ တုတ်နှင့် ထိုးလျှင်မူ ပေါက်နိုင်၏။ လူ မ သွားသော် ပျောက်နိုင်၏။

နတ္ထိ: လူ့ပေါက်ပန်းသည် တန်ဖိုး မရှိ။ ပညာရွှေအိုးသည် အလွန့် အလွန် ဈေးကြီး၏။

pandora: လက်ခုပ်ပန်းသည် အလွန်နံ၏။ ပညာ ရဲရင့်သူသည် စတိတ်ခုံတွင် မိုက်ခရိုဖုန်း အသံမလာ သောအခါ ချွေးစေးပြန်၏။

နတ္ထိ: ကုမုဒြာကြာပန်းသည် လရောင်ဆမ်းမှ ပွင့်လန်း၏။ စည်သည် တီးမှ မြည်၏။ ပညာရှိသည် အတီးခံရမှ အားကနဲ အော်၏။


ပန်ဒိုရာ
၁၀.၆.၂၀၀ရ

9 comments:

Anonymous said...

မပန်.. ဒီပို့စ်မှာ လူစုံတက်စုံပါလားး)

ဂျစ်တူး ကမောက်ကမက မပန်တို့ ဖတ်သူတွေတွက် အပန်းပြေဆေးလေး ဖြစ်တယ်ဆိုတာသိရလို့ ကမောက်မကဖြစ်ရကျိုးနပ်ပါတယ်လို့ တွေးမိပါကြောင်းး)

Yan said...

ဩော်. ပြောရဦးမယ်တမုံ့
ပန်ဒိုရာတစ်ယောက် ငါ့ဆီဗုံးကို ၀င်မရှုပ် စုပ်စုပ်မြုပ်လို့
နေ၀င်မိုးချုပ်မှာ ဘယ်သူတွေနဲ့ အတင်းတုပ်နေလဲလို့ တွေးမိပြီလေ.
မှိုင်မတွေအဖြေက ချက်ချင်းပင်ထွက်ပြီရော
ဟော ဟိုပညာရှိကိုနတ္ထိနဲ့
ဖဲ့ရွဲ့စောင်းနိုင် ပညာပြိုင်နေကြချေပြီ.
ဩော်…
ငါမသိ
ပန်၏အကြောင်းများပေတကား….

နိစ္စ သုခ အတ္တ….
(ပုတီးတစ်လုံးချ)

မပန်တို့များ ပို့စ်ရေးတယ်ကောင်းကိုး.
စလေဦးပုညကပြောဖူးတယ်. ကဗျာဥာဏ်အာဘော်ကလည်း ကလော်တိုင်းထွက်သည်နှင့်တဲ့ဗျ…
မပန်ကိုတော့ ဟောသလိုဂုဏ်ပြုလိုက်ချင်တယ်ဗျာ…

ဘလော့ဂ်အာဘော်အတွေးမှာလည်း
ရေးသည်တိုင်း တက်သည်ကြောင့်
ချောက်ချက်ပင် ကီးကိုမနှိပ်ရသေး
ဟော ပို့စ်ကအရင်ပြေး
လို့…

ဟတ်ဟတ်ဟတ်…

Tesla said...

ပြင်ညာချိတို့ စကားတွေကတော့ မှတ်သားလောက်ပါပေရဲ့ဗျာ.. အော် ရေးရင်းကိုနတ္တိကြီးကို တောင် လွမ်းလာပြီ.. နတ္တိဆိုတဲ့သဘောကို စကားလုံးတွေနဲ့ အားမရလို့ ကိုယ်ကိုတိုင် သရုပ်ဆောင်ပြသွား သလားမသိပါဘူး..

pandora said...

ဂျစ်ရေ.. တကယ်ပြောတာပါ
မောင်ရန်.. ခုတလော ကဗျာဥာဏ်တယ် ရွှင်နေပါ့လား
တက်စလာ.. အင်း..

ကိုနတ်ကပြောခဲ့တာ ရှိခြင်းနဲ့လည်း ကျေးဇူးပြုတယ် မရှိခြင်းနဲ့လည်း ကျေးဇူးပြုတယ်တဲ့။ (န + အတ္တိ ) မရှိသက်သက် မဟုတ်ပါ။ ဘလော့ဂ်ထဲမှာ သက်ဝင် လှုပ်ရှား မရှိတော့တဲ့ သဘောတစ်ခုနဲ့ ကျေးဇူးပြုသလို ကျန်ခဲ့တဲ့ ချန်ခဲ့တဲ့ ရှိနေတဲ့ အရာတွေအတွက်လည်း ကျေးဇူးပြုနေပါတယ်။

ZawZaw said...

ဟေ့ ဘာပြောပြော ရယ်ရတယ်ဟေ့ ဗျဲ

imaginary clouds no 2 said...

ကျနော် ဒီပိုစ့်ကို ကြိုက်တယ်

Anonymous said...

Interesting conversation. Witty and smart talk. :)

pandora said...

ကျေးဇူးပါ.. balargout, imaginary clouds no2 & mayvelous :)

Anonymous said...

ဒီနေရာလေး သည်လောက်ကောင်းမှန်းသိရင်
အမေမွေးကတည်းက လိုက်ပို့ခိုင်းပါရဲ့ ဒေါ်ပန်ရယ်