အဲဒီအချိန်က…
ပန်ဒိုရာဟာ အဖြူအစိမ်းဝတ် ကျောင်းသူကလေးပဲ ရှိသေးတယ်။
အဲဒီနှစ်က တခြားမြို့တစ်မြို့မှာရှိတဲ့ အဘွားအိမ်ကနေပြီး ကျောင်းတက်တယ်။ ပထမဆုံး မိဘအိမ်ကခွဲပြီး နေရတာပေါ့။ အဘွားတို့ခြံဝင်းထဲမှာ အမျိုးတွေ အတူတူ စုနေကြတယ်။ ဘကြီးတစ်ယောက်နဲ့က သိပ်အလွမ်းသင့်တာ။ သူက စာပေတို့ နိုင်ငံရေးတို့စိတ်ဝင်စားတယ်။ သူသားသမီးတွေနဲ့ကျ ဒါတွေပြောဖို့ အဖော် မရတော့ ကိုယ့်ကိုပဲပိုချစ်တယ်။ ကိုယ့်ကိုလည်း ကလေးလို သဘောမထားဘူး။ လူကြီးစကားနဲ့ ပြောတယ်။ လှုပ်ရှားမှုတွေနဲ့ ပတ်သက်တဲ့ စာရွက်တွေ လက်ကမ်းစာစောင်တွေ ပေါ်လာတော့ ရရင် ယူယူလာတယ်။ ဦးအောင်ကြီးရေးတဲ့ စာတို့ဘာတို့ ရတော့ သမဂ္ဂဖြိုတဲ့ကိစ္စတွေကို သူ့အယူအဆတွေနဲ့ ပြောပြသေးတယ်။
အဲဒီအတောအတွင်း မြို့ကလေးက ဘယ်ကျောင်းမှာ စာကပ်သွားတယ်တို့ ဘယ်နေရာမှာ လှုပ်လှုပ်ရှားရှား ဖြစ်နေတယ်တို့ ကြားနေရတယ်။ စာကိုကောင်းကောင်း စိတ်မပါပဲ အဲဒါတွေပဲ နားစွင့်နေမိတာပဲ။ ဒီလိုနဲ့တညမှာ လူတွေစုစုဝေးဝေး အော်သံတွေ သေနတ်သံတွေကြားတယ်။ ထောင် ဘက်ကလို့ပြောတယ်။ နောက်တနေ့မှာ ကျောင်းပိတ်တယ်လို့ ကြေညာတယ်။ ဖေဖေမေမေတို့က လာခေါ်မယ်ဆိုလို့ ၂ရက် ၃ ရက် စောင့်နေရတယ်။ အဲဒီအတောအတွင်းမှာ ဘကြီးနဲ့အတူ လမ်းထိပ်ထွက်ပြီး စီတန်းလှည့်လည်တဲ့လူတွေ သွားသွားကြည့်တယ်။
ဖေဖေမေမေတို့နဲ့ အတူ ကိုယ့်မြို့ကို သင်္ဘော(မော်တော်) စီးပြီး ပြန်လာခဲ့တယ်။ သင်္ဘောတစ်စီးလုံး စစ်သားတွေနဲ့ ပြည့်နေတာပဲ။ ပြန်ရောက်ပြီး မကြာခင်မှာ ရေကြောင်းခရီးစဉ်တွေ ပျက်သွားတော့တယ်။ အိမ်ရောက်တော့ အိမ်ထဲမှာပဲ နေနေတာပဲ။ အခြေအနေတွေက မြန်လွန်းတယ်။ တချို့ကိစ္စတွေ လိုက်မမီဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာ လူတချို့ နေ့ချင်းညချင်း ပြောင်းလဲသွားကြတယ်။ နုနယ်သူ တစ်ယောက် အတွက်တော့ အကြာကြီး စဉ်းစားစရာ ဖြစ်နေတယ်။ ဆရာမောင်သာရရဲ့ ၀တ္ထု ခေါင်းစဉ်တစ်ခုလိုပဲ။ ဘာတဲ့။ “ငါတို့ဘက်ကကြည့်တော့ သူရဲကောင်း မင်းတို့ဘက်ကကြည့်တော့ သစ္စာဖောက်” တဲ့။ ထောင်ကျတဲ့လူတွေ လွတ်လာတယ်။ (လွှတ်ပေးလိုက်တယ်။) ရပ်ကွက်ထဲမှာ ကိုယ့်ဘာသာ ကင်းစောင့်ကြတယ်။ အစ်ကိုကတော့ မြို့ကလေးမှာ စီတန်းလှည့်လည်တာတွေ လုပ်ရင် ထွက်ထွက်လိုက်သွားတယ်။ အိမ်ကိုလည်း စာရွက်တွေ ယူလာတယ်။
အိမ်မှာရှိတဲ့ စာအုပ်တွေ ပြန်ရှာဖတ်ဖြစ်တယ်။ မြန်မာ့သမိုင်းတွေ။ ဆရာနိုင်ဝင်းဆွေ ဘာသာပြန်တဲ့ အိုယန်ဟိုင်၏ တေးသံ။ ဆရာကြီး ဒဂုန်ရွှေမျှား ဘာသာပြန်တဲ့ မြို့တော်ညီနောင်(Charles Dickens’ A Tale of Two Cities )။ သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ။ ဆရာမင်းကျော်ရဲ့ ငါတို့ခေတ်နဲ့အပြိုင် အတွဲလိုက်။ ဆရာရန်ကုန်ဘဆွေရဲ့ ရွှေဝါပြည်။ ၁၉၆၀ ခုနှစ်များက မဂ္ဂဇင်းဟောင်းတွေ။ စတာတွေပဲ။ အဲဒီစာအုပ်မျိုးစုံ အတွေးအခေါ်မျိုးစုံ တွေက အိမ်မှာ ငုတ်တုတ်ထိုင်နေတဲ့ ကလေးတစ်ယောက်ကို ဥာဏ်မီသလောက် ရှုထောင့်မျိုးစုံက တွေးစေတယ်။ အင်း..တွေဝေစေတယ်လို့ ပြောနိုင်မယ်။ ပြီးတော့ ဖေဖေနဲ့ စကားတွေပြောတယ်။
ပါတီက လူကြီးတစ်ဦးက ဆန္ဒပြသူတွေဟာ အဆင့်အတန်းမရှိတဲ့ ဂန်ဘား တွေပါလို့ ပြောတော့ လက်သီးဆုပ်မိတယ်။ အနီးအနားမြို့တစ်မြို့မှာ ကောင်စီလူကြီးအိမ်ကို သွားဝိုင်းကြပြီး လူကြီးသမီးကိုပါ လက်ရောက် စော်ကားသွားတာကို ကြားတော့ ခေါင်းခါမိတယ်။ လူတွေ အပစ်ခံရတာကြားတော့ မျက်ရည်ဝဲပြီး သက်ပြင်းချမိတယ်။ မြစ်ကမ်းနားမှာရှိတဲ့ ကိုယ့်အိမ်ကို စက်လှေတွေ ဘာတွေ ကပ်ပြီး ၀င်လုသွားမှာ တချိန်လုံး စိုးရိမ်နေရတဲ့ တထိတ်ထိတ်ဘ၀မှာ နေနေရတယ်။ စားစရာလည်း ရှားပါးတယ်။ ပိုက်ဆံလည်း လောက်လောက်လားလား မရှိဘူး။ မနှစ်က မည်းတဲ့အထဲ အကုန်ပါသွားခဲ့ပြီ။
ဒီလိုနဲ့ သတင်းစာ စောင့်ဖတ်တယ်။ ရေဒီယို လိုင်းပေါင်းစုံနားထောင်တယ်။ ဖေဖေက ပြောတယ်။ အနုနည်းနဲ့ကိုင်မယ်။ အကြမ်းနည်းနဲ့ ကိုင်မယ်။ နောက် စစ်တပ်က အာဏာသိမ်းလိမ့်မယ်တဲ့။ ပြောတဲ့အတိုင်းပဲ မြန်မာ့အသံရေဒီယိုက စစ်ချီတေးတွေ အဆက်မပြတ် လာတဲ့တနေ့ မြို့ထဲမှာ စစ်သားတွေ နေရာအနှံ့ ရောက်လာတော့တယ်။
ပန်ဒိုရာ
ရောင်စုံပဲသုပ်နဲ့ ကြက်သားကင်
-
Colourful bean salad and paprika grilled chickenယနေ့ည ဒင်နာရဲ့ theme ကတော့
colorful healthy food ဖြစ်ပါတယ်။ထမင်းလို အာလူးလို ကာဗိုဟိုက်ဒြိတ်
လုံးဝမပါပဲနဲ့...
12 hours ago
6 comments:
အဲဒိအချိန်ကို ရေးထားပုံက အဆက်ရှိဦးမယ့်ပုံစံနဲ့ ..ဆန့် တငံ့ငံ့ဖြစ်နေလို့  အပိုင်း တွေနဲ့ များလာဦးမလားလို့ ..ဒါပေမယ့်….ဖတ်ပြီးခဏတွေးကြည့်တယ်..သူတို့  နေရာအနှံ့ ရောက် လာတယ်..သူတို့ ဝင်လာတယ်..ဆိုတော့..ဟုတ်တယ်..အပိုင်း၂ အဆက်မရှိတော့ဘူး…ဒါပဲလေ..
Mg Yin
ဒီနေ့အတွက်ဒီလိုပို့လေးရေးပေးတာ အရမ်းသင့်တော်ပါတယ်။ သားရှိနေခဲ့တဲ့မြို့လေးကိုလည်း ပြန်ပြီးသတိရသွားတယ်။ တော်တော်များများဆင်တူပါတယ်။ သားကအရမ်းငယ်သေးတော့ နားမလည်တာများတယ်။ ကျောင်းပိတ်လိုက်တာတော့သိတယ်။ ဒီလိုပို့မျိုးလေးတင်ခြင်ပေမယ့် မရေးတတ်လို့ တခြားလူရေးတာတွေ လိုက်ဖတ်နေတယ်။ အသစ်တစ်ခုတော့ တင်ထားပါတယ်။ အားရင်လာဖတ်ပါဦးလို့။
အဲဒီတုန်းက ကျွန်တော်က ၃ လ သားအရွယ်လောက်ဆိုတော့ ဘာမှ မသိခဲ့ဘူးဗျ
၈၈ တုန်းက ကျွန်တော်လည်း အလယ်တန်း ကျောင်းသားပဲ ရှိသေးတယ်။ ၉၆ တုန်းကရော ....
ကိုမောင်ရင်.. ပုံပြင်လေးကတော့ ဒါပါပဲကွယ်
ရွက်ဝါ . လာဖတ်ပါတယ်နော်
တေဇာ . တားကငယ်သေးတာပေါ့
ကိုအန်ဒီ.. အင်း.. အသက်တွေတော့ ခန့်မှန်းသိကုန်ပြီ. အဲဒါပေါ့ စေတနာထားရေးတော့ နစ်နာလိုက်တာ.. (ဟီး)
read it again. :)
Post a Comment