Friday, March 21, 2008

ဘ၀လက်တွဲဖော်

ဒီခေါင်းစဉ်လေးကို သူများတွေ ရေးရေးနေတာကို ဖတ်မိတာ အတော်ကြာပါပြီ။ အခုတော့ ဆိုးဝှတ်က တက်ဂ်လာလို့ မရှောင်သာ ရေးရပါတော့မယ်။

အများစုအတွက်တော့ အသက်အရွယ်တခုကို ရောက်ပြီး စဉ်းစား ဆင်ခြင်တတ်သူတွေဟာ လက်တွဲဖော်ရဲ့ အလုပ်အကိုင် ပညာအရည်အချင်းတို့ မွေးချင်း ဘယ်နှစ်ယောက် ရှိသလဲတို့ မိဘဆွေမျိုး အသိုင်းအ၀ိုင်းနဲ့ သဟဇာတ ဖြစ်မဖြစ်တို့ ဒါမျိုးတွေ သာမန်အားဖြင့် သုံးသပ်လေ့ ရှိကြပါတယ်။ တွက်တယ်ချက်တယ်လို့ ဆိုချင်ဆိုနိုင်လည်း လူနှစ်ယောက် ပေါင်းစပ်တယ် ဆိုတာ တကယ့်တကယ်တော့ ကိုယ်နှစ်ယောက်တင်မက ဟိုဘက်သည်ဘက် ဆွေမျိုးစု နှစ်ခု ပေါင်းစပ်ရတာ ပြီးတော့ ကိုယ် ရှေ့လျှောက်ရမယ့် ဘ၀ကြီး တစ်ခုလုံးအတွက် အရေးကြီးတာ ဖြစ်တဲ့အတွက် မှားတယ်လို့ မဆိုနိုင်ပါဘူး။ မိဘတွေက သင့်တော်ရာ စပ်ဟပ် ပေးစားတဲ့ အိမ်ထောင်တွေလည်း တည်မြဲနေကြတာ အများကြီးတွေ့ဖူးပါတယ်။

ဘ၀လက်တွဲဖော်ဆိုတာနဲ့ ပတ်သက်လို့ ကိုယ့်မှာ ရှိလာမလား ရှိမလာဘူးလား ဆိုတာကို ငယ်ငယ်ကတည်းက တင်းတင်း ကျပ်ကျပ်တော့ မသတ်မှတ်ခဲ့ပါဘူး။ တွေ့ချင်လည်းတွေ့ တကူးတကတော့ လိုက်မရှာဘူး။ တကူးတကလည်း ရှောင်မနေဘူး။ အဲသည်လိုပဲ သဘောထားခဲ့ပါတယ်။

ဘယ်လိုလူမျိုးကို ရွေးချယ်မယ်လို့ သတ်မှတ်ချက်တွေ စံထားတာတွေက ဆယ်ကျော်သက် ရှစ်တန်း အရွယ်လောက်ကတော့ ရှိခဲ့တာပေါ့။ သတ်မှတ်ချက် ရှိလာခဲ့ရတာကလည်း သည်လို။ အစ်ကို့ သူငယ်ချင်းတစ်ယောက်က မင်းညီမကို စိတ်ဝင်စားတယ် လို့ အစ်ကို့ကို လာပြောသတဲ့။ အဲသည်တုန်းက စာဂျပိုးကျနေတဲ့ ညီမကို ယုံကြည်စွာနဲ့ ပြန် မကြိုက်လောက်ပါဘူး ဆိုပြီး အကို က ကိုယ့်ကို ပြန်ပြောပြတယ်။ ကိုယ်ကလည်း စာရင်းလေးလုပ်ပြီး ပြန်ပြလိုက်တယ်။ (အတိအကျတော့ မမှတ်မိတော့။ သည်စာရင်းမျိုး ဆန်ဆန်ပါပဲ။ သည့်ထက် ပိုရှည်တာတော့ သေချာတယ်။)

၁) ပုံပန်းသဏ္ဍာန်က ပိန်ပိန်ရှည်ရှည်လေးတွေကို သဘောကျတယ်။ (ဖေဖေ့လိုမျိုး)
၂) အသားတော့ မည်းတာ မကြိုက်သလို သိပ်မဖြူနဲ့ (ကိုယ်ကလည်း အရမ်းမဖြူတော့ ကိုယ့်ထက်ဖြူနေရင် မနာလိုဘူး.)
၃) ကြည့်ကောင်းစေချင်သော်လည်း သိပ်အရမ်းမချောနဲ့ (စိတ်ချတာ မချတာတွေထက် အရမ်းချောနေရင်လည်း မနာလိုဘူး..)
၎) ဥာဏ်ကောင်းရမယ်။ စာတော်ရမယ်။ အထူးသဖြင့် အင်္ဂလိပ်စာ တော်ရမယ်။ (ဒါပေမယ့် ယောင်္ကျားလေးတန်မဲ့ ကတ်ကတ်သတ်သတ် အပြိုင်အဆိုင် စာလုပ်နေတာမျိုးလည်း အမြင်ကတ်တယ်)
၅) စိတ်ကောင်းရှိရမယ်။ သဘောထားကြီးရမယ်။
၆) အရေးအကြီးဆုံးကတော့ ကိုယ့်ကို လိုလိုလားလား တကယ်ချစ်ရမယ်ပေါ့လေ။

ပြီးတော့ ဒါတွေကို အခုမစဉ်းစားသေးဘူး။ အနည်းဆုံး ဘွဲ့ရမှ စစဉ်းစားမယ်လို့ ပြန်ပြောလိုက်တယ်။ အဲသည်သူငယ်ချင်းက အစ်ကို့ကို မင်းညီမတော့ ငါတသက် မရတော့ပါဘူးကွာလို့ ပြောသတဲ့။ သူက စာညံ့တယ်။ ဟီးး..။

မေမေကလည်း သူ့အိုင်ဒီယာနဲ့သူ သတ်မှတ်ချက် ၃ ခု ပြောထားတယ်။
၁) ကိုယ့်ထက် အသက်မငယ်စေနဲ့ (သာမန်အားဖြင့် အသက်ပိုကြီးသူက အတွေးအခေါ် ပိုရင့်ကျက်ပြီး ကိုယ့်ကို ဦးဆောင်နိုင်မယ် ဆိုတာမျိုး)
၂) ကိုယ့်ထက် အရပ်မပုစေနဲ့ (ဒါကလည်း ကိုယ့်ထက်ပုရင် စိတ်ပိုင်းဆိုင်ရာအားဖြင့် တခုခု သက်ရောက်မှု ရှိနေမယ်လို့ တွေးမိတယ် ထင်ပါရဲ့)
၃) စစ်သားမဖြစ်စေနဲ့.. တဲ့ (စစ်သားဆိုရင် တိုက်ခိုက်ရတာနဲ့ သေဖို့ ဖြစ်နိုင်ခြေများတာတို့ အဝေးမှာနေရတာ များတာတို့။ ဒီ့အပြင် မေမေက လက်နက်ကိုင်ရတဲ့ အလုပ်အကိုင် စစ်သားတို့ ရဲတို့ဆိုရင် သူ့ကိုယ်ပိုင်သဘောထားအရကို သိပ်သဘောမကျ။)

ငယ်ငယ်ကတော့ ရည်းစားထားဖို့ ဆိုတာကို အပြစ်တစ်ခုလို တကယ်ကို မြင်ခဲ့တယ်။ ဦးနှောက်ဆေးခံ ထားရတာလည်း ပါတယ်။ ကြောက်တတ်တာလည်း ပါတယ်။ စိတ်ဝင်စားမှု လုံးလုံးမရှိလို့တော့ မဟုတ်ပြန်ဘူး။ သာမန် မိန်းကလေးတစ်ယောက်ရဲ့ ပုံမှန်စိတ်ပဲပေါ့။ ကိုယ့်မျက်စိနဲ့ ကြည့်ကောင်းသူ တွေ့ရင် မသိမသာတော့ ကြည့်ဖြစ်တာပဲ။ ယောင်္ကျားလေးတွေကို အလကားနေရင်း အထင်သေး နေတာမျိုး မဟုတ်ပေမယ့် လေးစား သဘောကျမိသူ များများစားစားတော့လည်း မရှိခဲ့တာ သေချာတယ်။ ဒါပေမယ့်လည်း အချစ် ဆိုတာမျိုး ဖြစ်သွားဖို့ကျတော့ ခက်ခဲပြန်ရော။ စွဲစွဲလန်းလန်း နှစ်သက်ဖို့ ဆိုတာမျိုးကလည်း သဘောကျရုံ ကြိုက်ရုံ သက်သက် မဟုတ်ပြန်ပဲကိုး။ ပြီးတော့ ခံစားချက် အပြန်အလှန် စီးဆင်းဖို့ကလည်း လိုသေးတယ်။ အခြေအနေ အချိန်အခါက မျက်နှာသာ ပေးဖို့လည်း လိုသေးတယ်။

ကိုယ့်အတွင်းစိတ် ကိုယ်ပြန်ကြည့်ရင်တော့ ကိုယ်က ဖေဖေ့ကို အရမ်းလေးစားချစ်ခင်တော့ ဖေဖေ့ပုံစံက ကိုယ့်ကိုလွှမ်းမိုးတယ်။ ကိုယ့်ထက် အသက်ကြီးသူ နိုင်ငံရေးအတွေးအခေါ်နဲ့ အနုပညာစိတ် ရောနှောနေသူတွေ ဆိုရင် အလွန်နှစ်သက် သဘောကျ တတ်ပါတယ်။ ထက်မြက်ပြီး လူကြီးဆန် တွေးခေါ်မြော်မြင်မှု ရှိတာကို သဘောကျသလို တဖက်မှာလည်း ရိုးသားတာကို သဘောကျတယ်။ ဘယ်လောက် ဥာဏ်ရည်ထက်မြက် ထူးချွန်နေပါစေ မရိုးဖြောင့်တဲ့ သဘောနဲ့ လည်လည်ဝယ်ဝယ် ဖြစ်လွန်းရင်တော့ မကြိုက်ပြန်ဘူး။

ကိုယ်သာ ရည်းစားထားရင် ဘ၀အတွက် လက်တွဲဖို့ပဲ ဖြစ်ရမယ်လို့ စဉ်းစားခဲ့တယ်။ သည်လိုနဲ့ အတွေးအခေါ်တွေ က တဖြည်းဖြည်း ပြောင်းလဲလာတယ်။ သတ်မှတ်ချက်တွေကို သိပ်အဓိပ္ပာယ်မရှိလို့ ကိုယ့်ဘာသာ မြင်လာတယ်။ လူနှစ်ယောက်ဆိုတာ ကိုယ့်မိဘ တအူတုံဆင်း မောင်နှမတွေတောင် သဘောမတည့်တာတွေရှိတယ်။ ဘယ်သူမှလည်း ပြီးပြည့်စုံမနေနိုင်ဘူးလေ။ လူတစ်ယောက်နဲ့ တစ်ယောက် အကြာကြီး သည်းခံနိုင်တာ ချစ်ခြင်းမေတ္တာ ဆိုတဲ့ အကြောင်းပြချက် တစ်ခုကပဲ ချည်နှောင်တယ်လို့ ခံယူတယ်။ ချစ်ခြင်းမေတ္တာ ဆိုတဲ့အထဲမှာတော့ တစ်ယောက်နဲ့တစ်ယောက် နှစ်သက်တန်ဖိုးထားမှု လေးစားမှု ညှာတာထောက်ထားမှု စေတနာရှိမှု အပြန်အလှန်ပိုင်ဆိုင်လိုမှု စတာတွေ ရောနှောပါဝင်နေမယ် လို့လည်း ထင်မိပါတယ်။

သာမန် ထုံးတမ်းစဉ်လာတစ်ခုလို စီးပွားရေးအရ အားကိုးဖို့ ဆိုတာမျိုး အတွက်တော့ ဘ၀လက်တွဲဖော်ကို မလိုချင်ခဲ့။ ဒါပေမယ့် အခက်အခဲတခုခု ဖြေရှင်းဖို့ တိုင်ပင်စရာ လိုရင်တော့ ကိုယ့်ထက်ပိုပြီး ကောင်းမွန်တဲ့ အကြံဥာဏ်တခုခု ပေးနိုင်တဲ့လူမျိုးတော့ ဖြစ်စေချင်တာပေါ့။ ပြီးတော့ ကိုယ်က အဖော်လိုချင်တာ။ အဖော်လုပ်ပေးချင်တာ။ အနားမှာ နေချင်တယ်။ စကားတွေ အများကြီး ပြောချင်တယ်။ သူပြောချင်တာတွေလည်း အများကြီး နားထောင်ပေးချင်တယ်။ သည်တော့ ၀ါသနာတွေ ထပ်တူမညီနိုင်တောင်မှ ကိုယ့်စကား သူ့စကား အပြန်အလှန် နားလည်နိုင်မယ့် အသိဥာဏ် အဆင့်အတန်း ရှိကြဖို့ လိုမယ်လို့ ထင်တယ်။

တသက်လုံး မိဘညွှန်ကြားချက်ကို နားထောင်ခဲ့လည်း ဘ၀လက်တွဲဖော်အတွက် ဆုံးဖြတ်ချက်ချတဲ့ နေရာမှာတော့ ကိုယ့်သဘော တစ်ခုတည်းနဲ့ လွတ်လွတ်လပ်လပ် လုပ်မယ်လို့ စိတ်ပိုင်းဖြတ်လိုက်တယ်။ အဲသည်အခါမှာ ဘာသတ်မှတ်ချက်မှ ခေါင်းထဲ မထားတော့ဘူး။ တကယ်ချစ်သလား မချစ်သလား ဆိုတာပဲ စဉ်းစားတော့တာပဲ။

ကံကောင်းစွာပဲ ပန်ဒိုရီက လူကောင်းကလေး ဖြစ်ပေလို့ပေါ့။

ပန်ဒိုရာ

16 comments:

ရွှန်းမီ said...

ဟုတ်တယ်နော်.. အပြန်အလှန် နားလည်ဖို့နဲ့ ကိုယ့်အနား ရှိတဲ့သူက လူကောင်းလေး ဖြစ်နေဖို့က အရေးကြီးတယ်.. :-)
မပန်တို့နှစ်ယောက် ပျော်ရွှင်ချမ်းမြေ့ ပါစေ။

YeAungThu said...

၂) အသားတော့ မည်းတာ မကြိုက်သလို သိပ်မဖြူနဲ့ (ကိုယ်ကလည်း အရမ်းမဖြူတော့ ကိုယ့်ထက်ဖြူနေရင် မနာလိုဘူး.)

အပီား .
အမ တွေမဲ. ဘ၀လက်တွဲဖော် က ဖြူနေတယ် သူဖြစ်နေ ရင် ဘယ်လို လုပ် မလဲ ဗျ ။ သူ.ခမှာ အိုးမည်းသုတ် ပြီးမှ အမ နဲ. ကြိုက်ရမလို ဖြစ်နေမှာပေါ. ။

ပီားပီား
စတာနော် အမး)

စကားမဆက် မိလို ပါ ။ ကျနော် အမ အတွက် သီတင်းကျွတ်မှာ မီးပုံး ပျံ လွှတ်ပေးဘူး ပါ တယ် ။ ဘာညာ . ပင်ကူ . ကို ဂေါက် . မယ်လိုဒီမောင် တို. နဲ. အတူ ပေါ . ။း)

ကလေးအတွေး said...

ဒါဆို မမ က အချစ်ကံကောင်းတာပေါ့ .. ချစ်သူနှစ်ယောက် အမြဲပျော်ရွင်နိုင်ပါစေလို့ ဆုတောင်းပေးတယ်နော် ..... :-)

စိုးထက် - Soe Htet ! said...

ကောင်းတယ်ဗျို့ ... ချစ်ခြင်းနဲ့ အပြန်အလှန် နားလည်မှု ... အရေးအကြီးဆုံးဗျ ... ကျွန်တော်ကတော့ ပုံစံခွက် အတိုင်းပဲ ရေးတတ်တယ် ... အမြန်ဆုံး ပျော်ရွှင်ဖွယ် မိသားစု အကြီးကြီး (အကြီးကြီး) ပိုင်ဆိုင်ပါစေ :D

စူး said...

အမရေ.. အမှန်ပဲနော်.

အမတို့ပျော်ရွှင်သော ဘ၀ခရီးကို အမြန်ဆုံးလျှောက်လှမ်းနိုင်ကြပါစေ။

s0wha1 said...

တသက်လုံး မိဘညွှန်ကြားချက်ကို နားထောင်ခဲ့လည်း ဘ၀လက်တွဲဖော်အတွက် ဆုံးဖြတ်ချက်ချတဲ့ နေရာမှာတော့ ကိုယ့်သဘော တစ်ခုတည်းနဲ့ လွတ်လွတ်လပ်လပ် လုပ်မယ်လို့ စိတ်ပိုင်းဖြတ်လိုက်တယ်။ အဲသည်အခါမှာ ဘာသတ်မှတ်ချက်မှ ခေါင်းထဲ မထားတော့ဘူး။ တကယ်ချစ်သလား မချစ်သလား ဆိုတာပဲ စဉ်းစားတော့တာပဲ။


မပန်... အဲဒါလေးကို အကြိုက်ဆုံးပဲ... ကိုယ့်အတွေးနဲ့ကိုယ်... ဟိ

ပုံရိပ် / Pon Yate said...

မပန်...ချစ်တဲ့သူက လူကောင်းလေး ဖြစ်နေတာနဲ့ လူကောင်းလေး ဖြစ်နေလို့ ချစ်သွားတာ နဲ့ ဘယ်လို ခွဲမလဲ။

Anonymous said...

အရမ်းကောင်းတယ်..
မိဘနဲ့သားသ္မီး ကြား၊
ဆရာနဲ့ တပည့်ကြား၊
သူငယ်ချင်း အချင်းချင်းကြား၊
ချစ်သူ၊ လက်တွဲဖော်ကြားမှာ
နားလည်မှု့က အဓိကပါဗျာ..
နားလည်မှု့ဆိုတာက ချစ်နေရင်ရှိလာတတ်တာဘဲ...

Anonymous said...

တွေးထားတဲ့ လက်တွဲဖော်လေးက မျှတပါတယ် ကောင်းတယ်ဗျ ။ ဖတ်ရတာ ရှင်းတယ် ဒေါ်လေးကံကောင်းတာပေါ့ ပန်ဒိုရီလေးက လူကောင်းလေးဖြစ်နေတယ်ဆိုတော့ မှန်းထားတဲ့ရွေးချယ်ချက်တွေနဲ့  အားလုံးကိုက်ညီတယ်ဆိုတော့ တော်၂ထူးတဲ့ ဖူးစာရှင်လေးပဲ။
မှတ်ချက်။ ။ အချစ်မှာ အရပ်ပုတာတွေ အသားမဲတာတွေမရှိ အချစ်မှာ အချစ်ပဲရှိသည်။ ဟီး ဆြာလုပ်တာဟုတ်ဘူး ထင်တာပြောတား)

Layma said...

ဟား..ဟား..ဒီခေါင်းစဉ် အရီးပန်ဘက်ကို လှည့်လာသကိုး...။ လူကောင်းလေးဆိုတာ ကြုံတုန်းကြွားးလိုက်တာပေါ့လေ..။ မြန်မြန်လက်တွဲ ..စားချင်ပြီ..။

Anonymous said...

Your ego is too much:)

Thyda said...

၎) ဥာဏ်ကောင်းရမယ်။ စာတော်ရမယ်။ အထူးသဖြင့် အင်္ဂလိပ်စာ တော်ရမယ်။

တို့နဲ့ အတွေးချင်းတူတယ်:-)

ချစ်ခြင်းများစွာနဲ့ပျော်ရွှင်ချမ်းမြေ့ ပါစေ။

တန်ခူး said...

Conclusion: တကယ်ချစ်၍ ကိုယ့်သဘော တစ်ခုတည်းနဲ့ လွတ်လွတ်လပ်လပ်ရွေးခဲ့သော ဘ၀လက်တွဲဖော်လေးပန်ဒိုရီမှာ ကံကောင်းစွာလူကောင်းကလေးဖြစ်နေခဲ့သည်။ (တခုပဲလိုတော့သည်...Jnrပန်ဒိုရာနှင့်Jnrပန်ဒိုရီမည်သော အိမ်ခေါင်းလောင်းလေးများ)

pandora said...

ပေါက်ကရရေ ဒါတွေ က ငယ်ငယ်က တွေးခဲ့တာပါ။ ဟီးး
မီးပုံးပျံလွှတ်ပေးတဲ့အထဲ ပါတယ်ဆိုလို့ ကျေးဇူးတင်ပါတယ်။

ရွှမ်းမီ၊ ကလေး၊ ကိုစိုးထက်၊ မမြတ်နိုး ပေးတဲ့ဆုတောင်း ပြည့်ပါစေ

ဆိုးဝှက်.. ကိုယ်ဖြစ်ကိုယ်ခံနော်.

ပုံရိပ်.. လောကမှာ လူကောင်းကလေးတွေက အများကြီးရှိတာပဲ မဟုတ်လား။။ ဒါဆို...

အနောနမတ်.. အဲဒါလည်း ဟုတ်နိုင်ပါတယ်။

ကြောင်မျိုး... ဟုတ်ကဲ့ပါ ဆြာ..

လေးမ.. စားချင်လား။။ ဒါဆို ထပ်ကျွေးရတော့မယ်။

anonymous.. yes. I have lots of jealousy. :P

Ma Thyda: ငယ်ငယ်က အဲလိုတွေးခဲ့တယ်။

မတန်ခူး.. မတန်ခူး က တယ်မြင်သကိုး.. ခုမှရှင်းသွားတယ်နော်..ဟဲဟဲ..

ဆုတောင်းပေးသူများ အားလုံး ကျေးဇူးပါ.။

Anonymous said...

:) d htet d ... po kan kaung par say....

Anonymous said...

Ma Pan,
Sate Chan thar dae Family Life lay ah myan sone ya par say shin!