Wednesday, December 30, 2009

တစ်နှစ်တာ မကြိုက်များ၊ ဘလော့ဂ် အညွှန်းများ

နှစ်ကုန်တော့မယ်။ ဘာတွေ ဖြတ်သန်းခဲ့သလဲ ဆိုတာ ပြန်ခြေရာခံ ကြည့်မိပါတယ်။

အပြင်လောကမှာ ရသင့်တာတချို့ ရခဲ့တာတွေ ရှိပါတယ်။ ဒီအချိန် ဒီလိုဖြစ်ရမယ် စသည်ဖြင့် ကြံစည်ခဲ့ပြီးမှ တကယ်ကြီး ဖြစ်လာပြီးတဲ့အခါ ဘာဆက်လုပ်ရမလဲလို့ ဟာတာတာကြီး ခံစားရတယ်။ အသစ် ဆက်ကြံစည်ရရင်လည်း ဆုံးမှာ မဟုတ်။ ဆရာကေဇော် (မောင်သိန်းဇော်)ရဲ့ “ပန်းတိုင်” ဆိုတဲ့ ကဗျာလေးကို မကြာခဏ သတိရပါတယ်။
“မရောက်သေးရင်ရောက်အောင်သွား
ရောက်ရင်တထောက်နား
ပြီးရင်ရှေ့ဆက်သွား
အဲဒီမှာ ဘာမှမရှိဘူး…။” တဲ့။

အင်တာနက် စာမျက်နှာပေါ်မှာ စာရေးသားခြင်းနဲ့ ပတ်သက်လို့တော့ ကိုယ့်ကိုယ်ကို မကြိုက်တာတွေ အတော်ရှိလာတယ်။ ဟန်လုပ်ပြောနေတာ မဟုတ်ပါဘူး။ ဟန်လုပ်လို့လည်း တပြားမှ မရပါဘူး။ အစက ကြိုက်သလိုလို နောက်တော့ မကြိုက်တာမျိုးတွေပါ။ လတ်တလော အထိပါပဲ။ စိတ်မရှည်တာတွေ ဆွဲဆန့်ဖို့လိုနိုင်တယ်။

Expand..

Saturday, December 26, 2009

တိမ်တွေကြားမှာ မှုန်းထားတဲ့ပန်းချီ



ပြာစင်နေသော မိုးသားနောက်ခံမှာ တိမ်ဖြူဖြူ နုနုလေးတွေက အုပ်ဖွဲ့ကာ တငြိမ့်ငြိမ့် တလှုပ်လှုပ်။ သူတို့ကို မှန်သားပြင်မှဖြတ်ကာ ငုံ့မိုးကြည့်ရင်း ကျေကျေနပ်နပ် ပြုံးမိသည်။ ချစ်စရာ ကောင်းလိုက်တာ။ ဂွမ်းစလေးတွေနဲ့ မတူဘူးလားဟင်။ ဒီနေ့မှ ရာသီဥတုကလည်း အထူးကို သာယာနေတော့တာ။ အင်းလေ..။ မိုးမှောင်တွေ ကင်းစင်လို့ ကြည်လင်တဲ့ အချိန်ကို ရောက်ခဲ့ပြီ ဆိုတော့လည်း….။

ကြည့်စမ်း။ လေထုထဲမှာ ပိုင်ပိုင်နိုင်နိုင် မြင်နေရတာ.. အဖြူ.. အပြာ….။ အဖြူဆိုတာ သန့်ရှင်းဖြူစင်မှု..။ အပြာဆိုတာ ငြိမ်းချမ်းခြင်း…။ အဲသည်လို လူတိုင်း နားလည်ပြီးသား သမားရိုးကျ အဓိပ္ပာယ်တွေကိုပဲ ပြန်လည်တွေ့ရှိဖို့ဆိုတာ တချို့တွေ အတွက်တော့ ဆယ်စုနှစ်ပေါင်း များစွာ ဖြတ်သန်းခဲ့ရသည်ပဲ။

Expand..

Friday, December 25, 2009

နှစ်ထောင့်တစ်ဆယ်က လာတော့မယ်


နှစ်ထောင့်တစ်ဆယ်က လာတော့မယ်

ဟိုမှာ နှစ်ထောင့်တစ်ဆယ်ကြီး လာနေပြီ
ဘာမှတ်နေသလဲ ဟဲ့.. တဲ့
ညညဆို ထထငိုတဲ့ ကလေးတွေဆို အသံတိတ် ချောက်ချား ပြားပြားဝပ်နေကြပုံ
အဖြစ်မရှိတော့လည်း ဂျလိဂျလိ တိုးတိုးတိတ်တိတ် အံတုံးတုံးကို ဖိကြိတ်နေကြပုံ
အုံးအွမ်အုံးအွမ် ညာသံပေး ရေမရှိတဲ့ချောင်းမှာ အသံကောင်းဟစ်နေကြပုံ
အညောင်းအညာဆန့်သန်းဝေရင်း မျက်တောင်စင်း တရေးနိုးသော် ပြန်အိပ်ပျော်သွားပုံ
ကာလာရောင်စုံသွင်း ဈေးဗန်းကြီးဖြန့်ခင်းထားတဲ့ နှစ်ထောင့်တစ်ဆယ်
ဝစ်လစ်စလစ်နဲ့ တခစ်ခစ် ဖျစ်ညှစ်ရယ်မောနေတဲ့ နှစ်ထောင့်တစ်ဆယ်
ကျည်အပြည့်ထိုးမောင်းတင်ပြီးလက်ညိုးလေးကွေးလိုက်တော့မယ့်နှစ်ထောင့်တစ်ဆယ်
နှစ်ထောင့်ဆယ့်နှစ်ရဲ့ဂုတ်ပိုးကို အခုကတည်းကအတင်းခွစီးထားတဲ့နှစ်ထောင့်တစ်ဆယ်
အို.. ဘာတဲ့တုန်း နှစ်ထောင့်တစ်ဆယ်
နင်လားဟဲ့ နှစ်ထောင့်တစ်ဆယ်
လာထားကွဲ့ နှစ်ထောင့်တစ်ဆယ်
နှစ်ထောင် နဲ့ရယ်တဲ့မှ တစ်ဆယ်
နှစ်သစ်ပေါင်းများစွာထဲက နှစ်သစ်ခပ်သေးသေးတစ်ခုပါကွယ်
အတ္တတွေမြေချခင်း ထုတ်ချင်းပေါက် ရင်ဘတ်တွေ ဖွင့်ထားလိုက်ကြမယ်။


ပန်ဒိုရာ

Wednesday, December 23, 2009

စင်္ကာပူရဲ့ ဒီဇင်ဘာည ၂၀၀၉

စာမရေးအားလို့ ပုံလေးတွေပဲ တင်လိုက်ပါတယ်။ စာအသစ်တင်မလားလို့ လာရှာသူများ (ရှိခဲ့ရင်) တောင်းပန်ပါတယ်။ ခဏလေး စောင့်ပါဦးနော်။ :)


Expand..

Saturday, December 19, 2009

ပန်ဒိုရာ စိတ်နောက်နေသည်။

ပို့စ်အသစ်မတင်ဖြစ်တာ တစ်လနီးပါး ဖြစ်သွားပြီမို့ တခုခု ရေးတင်လိုက်တာပါ။ စာရေးတယ် ဆိုတာ စိတ်လက်ကြည်လင်မှ ရေးနိုင်တာမဟုတ်လား။ စာမရေးနိုင်ဘူး ဆိုတော့ စိတ်မကြည်လင်သေးလို့ (တနည်းအားဖြင့်) စိတ်နောက်နေလို့ လို့ပြောလိုက်တာပါ။ မလန့်ပါနဲ့။

အွန်လိုင်း သိပ်မ၀င်ဖြစ်တဲ့ ကာလအတွင်း လုပ်ဖြစ်တာလေးတွေကတော့…

Expand..

Saturday, November 21, 2009

ခေါင်းထဲကမြွေ



ခေါင်းထဲကမြွေ

ပုရွက်ဆိတ်က နှံကောင်ကို လွှဲချ
ရွှေယုန်က ရွှေကျားကို လွှဲချ
ဂျယ်ရီက တွမ်ကို လွှဲချတဲ့ ခေတ်ကာလ
လူတကာခြေနင်းဖတ်အောက်မှာ တုံးအအ ကမ္ဘာကြီးဟာ ပြားရှာတယ်
မှန်ရှေ့က အရွယ်တွေရင့်လာတယ်
ဧဒင်ဥယျာဉ်ထဲက ပန်းသီးတွေရင့်လာတယ်
ကဗျာထဲက စကားလုံးတွေရင့်လာတယ်
ငါ့နှလုံးသားကလည်း ဦးနှောက်ကို လွှဲလွှဲချတော့
မကြာခဏ ခေါင်းကိုက်တယ်
သမားတော်တွေက ခေါင်းကို စကန် ဖတ်ခိုင်းတယ်
(တကယ်တမ်းဖတ်ရမှာ ရင်ဘတ်ဆိုတာ သူတို့မသိကြဘူး)
မရှိမဲ့ရှိမဲ့ အနုပညာဆဲလ် ဆိုတာများရှိခဲ့ရင် ထိပါးသွားမှာစိုးလို့
ကိုယ့်တရားနဲ့ကိုယ် အဆိပ်ဖြေ အိပ်ခွေနေလိုက်ဦးမယ်။

ပန်ဒိုရာ

Tuesday, November 17, 2009

တဖက်လူရဲ့ အနေအထား


တဖက်လူရဲ့ အနေအထား

တဖက်လူက
နှုတ်ခမ်းလေးတွန့်ရုံပြုံးတယ်
သူ့လက်ခုပ်ကို ကျဉ်းလိုက်ကျယ်လိုက်
ပြီးတော့မှ မှောက်ချလိုက်တယ်
အင်္ကျီကို ဆွဲဆန့်တယ် ချောင်းဟန့်တယ်
လျှာထုတ်တယ် ဖုတ်ဖက်ခါတယ်
ဟိုလျှောက်သည်လျှောက် လျှောက်ပြီးမှ
စောင့်ကြည့်နေသူတွေကို လှည့်မကြည့်ဘဲ
နောက်တစ်ခေါက်ပြန်လာခဲ့ ပြောတယ်။
………. ဆိုတော့ကာ
တဖက်လူရဲ့ အရွှေ့တွေက
အကွေ့တွေရဲ့တဖက်မှာ ရောက်နေတယ်
မသေချာခြင်းတွေကို ဗျူဟာခင်းနေလေတော့
မသေချာဘူးဆိုတာတောင် မသေချာတော့ဘူး
အမှန်ကိုရဖို့ အမှန်ကို အရင်ပေးရမယ်ဆိုတာပဲ
မသေချာတဲ့ အမှန်တရားဖြစ်နေတယ်
မှန်ရှေ့မှာရပ်လိုက်ပါ…တဲ့
ပုံရိပ်ယောင်ကို မျက်ခြေမပြတ်
မှန်မှန်စရွှေ့ပါ - လိုက်ရွှေ့မယ် (ဆံခြည်တစ်မျှင်စာမှသည် ကမ္ဘာ့ဝင်ရိုးတဆုံးအထိ)
နည်းနည်းပါးပါးတော့ လွဲလွဲမှားမှားရှိမတဲ့ (ဗယ်နဲ့ညာ)
မှန်ကို မှန်အောင် အမှန်နဲ့ ပစ်ပေါက်ခြင်း
အင်ပလီမန်တေးရှင်း*က အရင်းအနှီး ကြီးလှတယ်။

ပန်ဒိုရာ

*i-m-p-l-e-m-e-n-t-a-t-i-o-n

(ကဗျာက ပျိုးထားတာ အနည်းငယ်တော့ ကြာပြီ။ ဒါပေမယ့် ဆီလျော်ပါသေးတယ်။ တင်လိုက်တယ်။)

Monday, November 16, 2009

နတ်သမီးပုံပြင် သံလွင်အိပ်မက်




သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်း အတွဲ (၃) အမှတ် (၄) ထွက်ပါပြီ။ အပြောင်းအလဲ လို့ တကမ္ဘာလုံးက ဟစ်ကြွေးအော်နေကြတဲ့ အချိန်မှာ ဒီတပတ် ထွက်တဲ့ သံလွင်အိပ်မက် မဂ္ဂဇင်းရဲ့ Theme ကလည်း အပြောင်းအလဲ ဖြစ်ပါတယ်။ အပြောင်းအလဲ ဆိုင်ရာ ဆောင်းပါးတွေကို တ၀ကြီး ဖတ်ရမှာပါ။ ဟာသ ဆိုပြီး အသစ် ကဏ္ဍ တစ်ခု ကို တင်ဆက်ထားတာကိုလည်း တွေ့ရမယ်။ ထပ်မံညွှန်းချင်တာကတော့ အင်တာဗျူးပါ။ မြန်မာနိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်ထားသူတွေရဲ့ နိုင်ငံသားပြောင်းခြင်းဆိုင်ရာ အမြင်တွေကို မေးမြန်းထားပါတယ်။

ပန်ဒိုရာရဲ့ နတ်သမီးပုံပြင် နတ်သမီးအိပ်မက် ဆိုတဲ့ ဝတ္ထုတိုလေး တစ်ပုဒ် ကိုလည်း ဖော်ပြထားပါတယ်။
.......................

နတ်သမီးပုံပြင် နတ်သမီးအိပ်မက်

မီးရောင်စုံတွေ ဝေ့၀ဲနေတဲ့အောက် တဒိန်းဒိန်း စည်းချက်မှန်နေတဲ့ တီးလုံးအတိုင်း ယိမ်းထိုး က နေချိန်မှာ အဲဒီထောင့်စားပွဲကို သတိထားမိတာ ကြာလှပေါ့။ သူက တခြားလူတွေနဲ့ မတူ။ စားပွဲတွေကြားမှာ ပျံဝဲနေတဲ့ လိပ်ပြာမလေးတွေကို ရိသဲ့သဲ့လုပ်တာ၊ လှမ်းပြီးတို့ထိတာ မရှိ။ စင်ပေါ်မှာ ကနေတဲ့ ကျွန်မကိုပဲ စူးစူးစိုက်စိုက် တချက်တချက် ကြည့်နေတာ (ထင်တယ်) လေ။ ဒါပေမယ့် ပန်းကုံးလည်း တစ်ကုံးမှ လာမစွပ်ပြန်ဘူး။ ပုံစံကတော့ အထာတွေ သိပ်မနပ်တဲ့ မအူမလည်လေးပါပဲ။ သပ်သပ်ရပ်ရပ် ခေါင်းဖြီးထားတယ်။ မျက်မှန်လေးနဲ့။ အသားဖြူဖြူ ပိန်ပိန်လေး။ ဆံပင်ဆေးရောင်စုံဆိုးပြီး တီရှပ်ဒီဇိုင်းမိုက်မိုက်တွေနဲ့ လူငယ်တွေကြားမှာ၊ ကြောင်ကြောင်ကျားကျား ရှပ်အင်္ကျီတွေကို အပြင်ထုတ်ဝတ်ထားတတ်တဲ့ လူကြီးလူကောင်းတွေ ကြားမှာ ရှပ်အင်္ကျီဖြူလေးကို လက်ခေါက်ဝတ်ထားတဲ့ သူ့ပုံစံက ကျွန်မ မျက်စိထဲတော့ ထင်းနေတာ။

ညက ရင့်လာတယ်။ နည်းနည်းကြာတော့ လူတွေ တဖြည်းဖြည်း ပါးလျသွားကြပြီ။ တချို့လည်း သူ့အချိန်းအချက်နဲ့သူ။ သောကြာစနေ ညတွေလို မဟုတ်လေတော့ ညဥ့်နက်တဲ့အထိ နေကြတဲ့လူတွေ သိပ်မများဘူး။ တီးဝိုင်းသမားတွေလည်း ညောင်းညာစပြုပြီ။ ကျွန်မလည်း အ၀တ်အစားလဲပြီး ပြန်ဖို့လုပ်နေတုန်း စားပွဲထိုးကောင်လေးက တိုးတိုးလာပြောတယ်။ တကယ်တော့ ဒီညအဖို့ နားချင်နေပြီ။ ကျွန်မလို အနေအထားအတွက်က အလုပ်ဆိုတာ အငန်းမရ လက်ခံနေစရာ မလိုတော့ဘူးလေ။ ဘယ်သူလဲ လို့ မေးလိုက်တော့ အင်္ကျီဖြူနဲ့ အဲဒီတစ်ယောက်ကို မေးထိုးပြတယ်။ တစ်ရှိုး.. ပဲတဲ့။

သူ ဒီလောက်အထိ ခြေလှမ်းရောက်လာတာ ကျွန်မ နည်းနည်းတော့ အံ့သြပါတယ်။ သူ့ပုံစံ သူ့အရွယ်က ခပ်ပျော်ပျော် သူဌေးသားလေးတွေနဲ့လည်း မတူသလို ဘယ်လိုရှာဖွေလို့ ဘယ်လောက်ပေါနေမှန်းမသိတဲ့ ငွေတွေကို လာဖြုန်းလေ့ရှိတဲ့ စီးပွားရေးသမားတွေရဲ့ ပုံစံနဲ့လည်း ကွဲပြားနေတယ်။ ကျွန်မလို အနေအထားမျိုးကို ရဖို့က နည်းနည်းတော့ တတ်နိုင်မှ ဖြစ်မယ်။ တကယ်ဆို ကျွန်မရဲ့ သတ်မှတ်ချက်အရဆိုရင် ဒီညအဖို့ ပန်းကုံး လေးငါးကုံးလောက်မှ လာစွပ်ထားတာမဟုတ်ရင် လက်ခံစရာ အကြောင်းကို မရှိဘူး။ ဒီလိုနေရာမှာ ဒီလောက် လွယ်လွယ်နဲ့ ရတယ် ထင်နေသလား။ ဒါပေမယ့် သူ့ကိုစိတ်ဝင်စားလာတာနဲ့ ကျွန်မ ခေါင်းညိတ်ပြလိုက်ပါတယ်။

ဘယ်ကိုသွားမလဲ…။ ကျွန်မက မေးလိုက်တော့ သူက မျက်နှာလွှဲနေတယ်။ သူ့ဘေးက တရုတ်ပုံစံလိုလို သူ့သူငယ်ချင်းနားကိုပဲ တစ်ခုခု တိုးတိုး ကပ်ပြောတယ်။ အဲဒီသူငယ်ချင်းကတော့ သွက်ပုံပေါ်ပါတယ်။ ကျွန်မကို ဟိုတယ်တစ်ခု နာမည် ပြောပြတယ်။ အိုကေ..ပေါ့။ သူ့သူငယ်ချင်းက ကားမောင်းတယ်။ သူက ရှေ့ခန်းမှာ သူငယ်ချင်းဘေးက ထိုင်တယ်။ ကျွန်မက နောက်ခန်းမှာပေါ့။ လမ်းတလျှောက်လုံး ကားပေါ်မှာရော အခန်းထဲ ၀င်လာတဲ့အထိရော သူက ကျွန်မကို စကားတစ်ခွန်းမှ မပြောဘူး။

တံခါးကို ပိတ်လိုက်ပြီး သူ့ရှပ်အင်္ကျီကြယ်သီးတွေကို ဖြုတ်ပေးဖို့ ဆိုးဆိုးဆတ်ဆတ်နဲ့ လက်ပြင်လိုက်တဲ့ အချိန်မှာ သူက ခဏနေဦး လို့ အလန့်တကြား တစ်ချက်အော်တယ်။ ပြီးတော့မှ သူ့ပါးစပ်ကို သူအုပ်ပြီး ရှူးတိုးတိုး လို့ သူကပဲတပြန် ကျွန်မကို လာပြောတယ်။


ဆက်ဖတ်ရန် ဒီကို သွားပါ။

Tuesday, November 10, 2009

ခြေရာချွန်မြ

ဆားချက်တယ်လို့ပဲ သဘောထားချင် ထားလိုက်ပါ။ ၂၀၀၈ အောက်တိုဘာလ က သံလွင်အိပ်မက်မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ၀တ္ထုတို အဟောင်းလေးတစ်ပုဒ်ကို ပြန်တင်လိုက်ပါတယ်။



ခြေရာချွန်မြ




ဒီအချိန်ကိုရောက်လျှင် သူ့ရင်ထဲ နွေးထွေးလာသည်။ အကာအရံများဖြင့် ၀န်းရံနေသော သူ့အလုပ်နေရာတွင် လွတ်နေသော ထိုအောက်ခြေ ထောင့်ကွက်လပ်ကလေး ကို လှမ်းကြည့်လိုက်လျှင် သပ်ရပ်သော လမ်းမတခုကို တပိုင်းတစ မြင်ရမည်။ ထိုတပိုင်းတစ ပြကွက်တွင် ဒီအချိန်ရောက်တိုင်း စည်းဝါးကျနစွာ ဖွဲ့နွဲ့ထားသော သံစဉ်ချို တစ်ပုဒ် ရိုက်ခတ် လာမည်။ အဲသည် သံစဉ်ချိုလေးကို နက်မှောင်မှောင် ပြောင်လက်လက် ရှူးဖိနပ်ချွန်လေး တစ်ရံဖြင့် ဘောင်ခတ်ထားသည့် ခြေထောက်ကလေးက ဖန်ဆင်းထားပါသည်။



Expand..

Saturday, November 7, 2009

ဘာသာမပြန်နိုင်ခဲ့

လူတွေစည်ကားတဲ့ လမ်းမလယ်ခေါင်မှာ၊ ကားဟွန်းသံတွေ စကားပြောသံတွေ ဈေးရောင်းသံတွေ ဆူဆူညံညံကြားမှာ၊ ရုတ်တရက် အထီးကျန် တိတ်ဆိတ်သွားတာမျိုး။ စာမေးပွဲတွေဖြေ၊ အလုပ်တွေရှာ၊ ပိုက်ဆံတွေစု၊ ပုံမှန်လည်ပတ်နေတဲ့ တစ်နေ့တာတွေကြား ဗြုန်းစားကြီး အဖြေရှာမရ အဓိပ္ပါယ်မဲ့သွားတာမျိုး။ ကိုယ်ဘာကို လိုချင်တာလဲဆိုတဲ့ ခံစားချက်တွေကို ဝေခွဲမရ ဖြစ်နေတာမျိုး။ အဲဒီလိုဆန်ဆန်တွေ ခံစားဖူးတယ် ဆိုရင် Lost in Translation ဆိုတဲ့ ရုပ်ရှင်ကို ကြည့်လိုက်ပါ။ မခံစားဖူးသေးဘူး ဆိုရင်လည်း အဲဒီရုပ်ရှင်ကို ကြည့်လိုက်ပါ။


ပုံ ဒီက


Bill Murray နဲ့ Scarlett Johansson တို့အဓိက ပါဝင်သရုပ်ဆောင်တဲ့ Lost in Translation ဇာတ်ကားဟာ ၂၀၀၃ ခုနှစ်လောက် ကတည်းက ထွက်ခဲ့တာပါ။ ဒါရိုက်တာ Sofia Coppola ကရိုက်ကူးခဲ့တာပါ။ ကိုယ်ကတော့ ၂၀၀၆ လောက်မှ ကြည့်ဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းရဲ့ ဆိုလိုရင်းကတော့ Everyone wants to be found တဲ့။

Expand..

Thursday, November 5, 2009

ကိုယ်တော်နှစ်ပါးပုံပြင်



ကိုယ်တော်နှစ်ပါးပုံပြင်

အမုန်း အငြိုး အာဃာတ
ကြိုတင် တဖက်သက် ဆုံးဖြတ်မှုတွေနဲ့
ရုပ်လုံးကြွနေတဲ့ ဖန်တီးမှုရဲ့အရောင်ဆိုတာ
အနယ်အနှစ်ထခြင်းသာ
အမှုန်အမွှားတွေ သင့်ရင်မှာ
တချိန်လုံး တတွတ်တွတ် လွယ်ပိုးထားစဉ်
မာတုဂါမက မြစ်ကမ်းမှာ ကျန်ခဲ့ပြီလေ.. အရှင်။

ပန်ဒိုရာ

Friday, October 30, 2009

Happy Halloween!



ကိုယ့်ဘာသာရေးနဲ့တော့ မဆိုင်ပါ။ Pet Society မှာ ဒီလိုဆန်ဆန်ပုံလေးတွေ့တာနဲ့ စိတ်ကူးပေါက်ပြီး ပျော်လို့ ဆွဲလိုက်တာ။ထုံးစံအတိုင်း Paint ထဲမှာ mouse နဲ့။ ကြိုက်ရင် ယူသွားလို့ရပါတယ်။

Monday, October 26, 2009

ကမ္ဘာကြီးပျက်တဲ့ ကိစ္စ




"ကမ္ဘာပျက်ခါနီး တစ်လလောက်အလို" ဆိုပါတော့...
ဘယ်လိုတွေ ခံစားတွေးတောမိမလဲ...ဘယ်လိုတွေနေထိုင်ကြမလဲ... မအိန္ဒြာက အိနြေ္ဒကြီးနဲ့ တက်ဂ်လာပါတယ်။

Expand..

Sunday, October 25, 2009

ဆိုညည်းခဲ့တဲ့ သီချင်းတချို့အကြောင်း

ကိုဆောင်းယွန်းလ က သတိတရ ရေးခိုင်းလာပါတယ်။

ဆိုညည်းခဲ့တဲ့ သီချင်းတွေက ဒီအရွယ်အထိဆိုရင် အများကြီးပေါ့။ ရေချိုးခန်းထဲမှာ.. မောင်နှမတွေနဲ့ အတူတူ အိမ်ရှေ့ ၀ရံတာလေးမှာ.. သူငယ်ချင်းတွေနဲ့ ခရီးထွက်ရင် ဟိုင်းဝေးသွားတဲ့ ကားပေါ်မှာ… ။


005 Home 002.mp3 - diyamo

အစအဆုံး နားဆင်ရန်


Expand..

Saturday, October 17, 2009

ဟိုရောက်ဒီရောက် နောက်အနှစ်နှစ်ဆယ်

၂၀၀၉ ရဲ့ ဂျွန်လရက်စွဲတွေမှာ အရှေ့ဥရောပက မြို့လေးတမြို့ကို စိတ်ကူးထဲ ပြန်ပုံဖော်ကြည့်လိုက်တယ်။ မြို့လယ်ခေါင်ရင်ပြင်မှာ လူတွေဟာ စိတ်အေးလက်အေး အပန်းဖြေရင်း စကားဝိုင်းဖွဲ့ နေခဲ့ကြမယ်။ ရုပ်တုတွေ အောက်က လှေခါးထစ်တွေပေါ်မှာ။ တန်းစီခင်းကျင်းထားတဲ့ ကော်ဖီဆိုင်လေးတွေ ထဲမှာ။ မလှမ်းမကမ်းက ဘုရားရှိခိုးကျောင်းထဲမှာ။

ရင်ပြင်ထောင့် တနေရာမှာတော့ အရောင်စိုတောက်တဲ့ ပန်းမျိုးစုံ ခင်းကျင်းထားတဲ့ ပန်းဆိုင်တွေ ရှိမယ်။ အဲဒီနားမှာ ခိုတွေက ၀ိုင်းစုပျံသန်းလိုက် နားလိုက်ပေါ့။ သလင်းကျောက်ဝါနဲ့ အမှတ်တရ လက်ဆောင်ပစ္စည်းတွေ ရောင်းချပေးတဲ့ ဈေးဆိုင်တန်းတွေမှာတော့ ကမ္ဘာလှည့်ခရီးသွားတွေက ဟိုဟိုဒီဒီ ကြည့်ရှုနေကြမယ်။ လမ်းဘေးမှာ အုပ်စုလိုက်ဖြစ်ဖြစ် တစ်ဦးချင်းဖြစ်ဖြစ် ဖျော်ဖြေနေတဲ့ အပျော်ထမ်း တီးခတ်တေးဆိုနေသူတွေကို တချို့က ငေးကြည့်နေမယ်။ နွေရာသီရဲ့ ကောင်းကင်က ကြည်လင်နေပါလိမ့်မယ်။ မိုးဖွဲဖွဲနဲ့ အုံ့ရုံလေးအုံ့ နေတာလည်း ဖြစ်ကောင်းဖြစ်မှာပေါ့။

ပိုလန်နိုင်ငံ ရဲ့ ချုပ်နှောင်တင်းကျပ်တဲ့ စနစ်တခု ကျဆုံးခဲ့ရတာ၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ခဲ့တာ အနှစ်နှစ်ဆယ် တိုင်ခဲ့ပါပြီ။

“၁၉၈၉ အဖြစ်အပျက်တွေဟာ အခုတော့ သမိုင်းမှတ်တိုင်မှာ အထင်ကရ ကျန်ခဲ့ပြီလေ” အခုအချိန်မှာ လုပ်ငန်းပိုင်ရှင် တစ်ယောက်ယောက်က ဒီလိုမျိုး ပြောပြနေနိုင်ပါလိမ့်မယ်။ “ဒီကနေ့ ပိုလန်ဟာ ကျွန်တော်တို့ အိပ်မက်ထဲက ပိုလန်ပါ”

CIA Factbook မှတ်တမ်းအရဆိုရင် ၂၀၀၈ ခုနှစ်မှာ ပိုလန်ဟာ ကမ္ဘာ့ ပို့ကုန်တင်သွင်းမှုမှာ အဆင့် ၂၂ ရှိခဲ့တယ်။ သြစတြေးလျ နဲ့ အိန္ဒိယ တို့ကိုတောင် သာလွန်ခဲ့တယ်။ ဥရောပရဲ့ စီးပွားရေးမြေပုံမှာ ထင်ရှားတဲ့ နေရာတစ်နေရာကို ရယူနိုင်ခဲ့ပြီ။ ကွန်မြူနစ်စနစ်အောက်က တင်းကျပ်တဲ့ မီဒီယာချုပ်ကိုင်မှုတွေဟာလည်း အခုတော့ အနှစ်နှစ်ဆယ် အဝေးမှာ ကျန်ရစ်ခဲ့ပြီ။ ဆင်းရဲမွဲတေမှုနဲ့ အကျင့်ပျက်ခြစားမှု ပြဿနာတွေကိုလည်း အတိုင်းအတာတခုအထိ ဖြေရှင်းနိုင်ခဲ့ပြီ။

ကမ္ဘာစစ်တွေရဲ့ ဒဏ်ကို အကြီးအကျယ်ခံခဲ့ရတဲ့ နိုင်ငံလေးမှာ၊ စနစ်ဆိုးတစ်ခုနဲ့ နုံနုံနဲ့နဲ့ ခရီးဆက်ခဲ့ရတဲ့ နိုင်ငံလေးမှာ၊ လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က ဘယ်လို မြော်မြင်မှုမျိုး ရှိခဲ့သလဲ။ သူတို့ရဲ့ လွတ်မြောက်မှုကို သူတို့ကိုယ်တိုင်က စတင်ခဲ့ကြပါတယ်။ ပိုပြီးကောင်းမွန်တဲ့ လူမှုဘ၀တွေကို ထူထောင်နိုင်ဖို့ “လူထုအခြေပြု အဖွဲ့အစည်းတွေကို အင်အားကောင်းလာအောင် ပျိုးထောင်ခြင်း” ဟာ သူတို့ရဲ့ တိုက်ပွဲအောင်မြင်ဖို့ ထိရောက်တဲ့ နည်းလမ်းတစ်ခု လို့ ဆိုပါတယ်။ လူထုကို အောင်ပွဲခံစိတ်ဓာတ် ရလာဖို့က အရေးကြီးတယ်လို့ “Solidarity” ရဲ့ ခေါင်းဆောင်တွေက ပြောခဲ့တယ်။

၂၀၀၉ ရဲ့ ဂျွန်လ ၄ ရက်မှာပဲ ကမ္ဘာ့မြေပုံထဲက အထင်ကရ အခြားနိုင်ငံကြီးတစ်နိုင်ငံရဲ့ မြို့လယ်ရင်ပြင် တခုမှာတော့ လူတချို့ဟာ သွေးညှီနံ့တွေကို ပြန်ခေါ်သတိရနေလိမ့်မယ်။ သူတို့ရဲ့ အသံတွေဟာ တုန်ယင်နေမယ်။ ကျစ်လျစ်ထားတဲ့ လက်သီးဆုပ်တွေ မဖြည်သေးသူတွေ ရှိလိမ့်မယ်။

“တိမ်ယင်မင် ရင်ပြင် အရေးအခင်း” လို့လူသိများခဲ့တဲ့ အဖြစ်အပျက်ဟာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က
ပေကျင်းမြို့ ရဲ့ အဲဒီရင်ပြင်မှာ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီအနှစ်နှစ်ဆယ် နောက်ပိုင်း ယနေ့နဂါးကြီးဟာ အခိုးအငွေ့လျှံနေတဲ့ မီးတောက်တွေ နဲ့ လူးလွန့်အားကောင်းလာခဲ့တာကို တွေ့ကြရမယ်။ ဒီတော့ ဘာတွေ ဖြစ်ခဲ့ပြီလဲ။ သူတို့ ဘာတွေရခဲ့ပြီလဲ။ ဒီ့အတွက် ဘာတွေကို လျစ်လျူရှုခဲ့သလဲ။ ရခဲ့တာတွေက ဘယ်လောက်အထိ အားကောင်းခိုင်ခန့်လာဦးမလဲ။ လူတွေ လိုချင်တောင့်တခဲ့တာ ဒါပဲလား။ ဒါဟာအကောင်းဆုံးနည်းလမ်းလား မေးခွန်းထုတ်သံတွေ ဆူညံနေသေးတယ်။ မဟာတံတိုင်းကြီးပေါ်က လွင့်နေတဲ့ တိမ်တွေကို အရောင် လိုက်ဖမ်းရနေသလိုပဲ ဖြစ်လိမ့်မယ်။

ကမ္ဘာလုံးလုံးကြီးပေါ်မှာ သမိုင်းမြစ်တွေက အတူတူ စီးဆင်းခဲ့ပါတယ်။ အဖြစ်အပျက် ဆင်တူတွေက တချို့နေရာတွေမှာ တပြိုင်နက်ဖြစ်စေ မရှေးမနှောင်းဖြစ်စေ ဖြစ်ပွားခဲ့တယ်။ အောင်မြင်ခဲ့တယ်။ ကျရှုံးခဲ့တယ်။ ရပ်တန့်ခဲ့တယ်။ ဆက်လက်နေခဲ့တယ်။ အားကောင်းလာခဲ့တယ်။ အားပျော့လာခဲ့တယ်။ လမ်းကြောင်းတွေ ဖြောင့်မတ်လာတယ်။ ကွေ့ယိုင်လာတယ်။ တယောက်ချင်းမှာ မူတည်နေတယ်။ အားလုံးမှာ မူတည်နေတယ်။ အဲဒီတုန်းက မျှော်လင့်ချက်တွေကတော့ ဘယ်သူမှ မလျော့ခဲ့ကြပါဘူး။ ကိုယ့်အမိမြေအတွက် အခုအချိန်ကနေ မျှော်ကြည့်လိုက်တဲ့ နောင်လာဦးမယ့် အနှစ်နှစ်ဆယ်အတွက်ရော…။


မသက်ဝေ တက်ဂ်ထားတဲ့ နောင်လာမယ့် အနှစ်နှစ်ဆယ် ဆိုတဲ့ ခေါင်းစဉ်ကို ရေးမယ်ဆိုပြီး ဂျွန်လ လောက်က အကြမ်းရေးထားခဲ့တာပါ။ ဒါပေမယ့်လည်း အတွေးတွေက ပြန့်သွားလို့ ဆက်မပြင်ဖြစ်ခဲ့။

အခုတလော သဘာဝဘေးဒဏ် ခံရတာတွေ ဆက်တိုက် ကြားနေရတယ်။ အာတိတ် ရေခဲပြင်ကြီးဟာ လာမယ့် အနှစ်၂၀ အတွင်းမှာ လုံးဝပျောက်ကွယ်တော့မယ် ဆိုတဲ့ သတင်းလည်း ဖတ်ရလေရဲ့။ ကမ္ဘာကြီးက ပူနွေးလာတယ်။ ဂေဟစနစ်ကို မှီခိုနေကြတဲ့ သတ္တ၀ါတွေ ဒုက္ခရောက်၊ ပြီးရင်တော့ ပြင်းထန်လာတဲ့ ရာသီဥတုအပြောင်းအလဲမှာ အနှစ် ၂၀ အတွင်း ဘာတွေ ဆက်ဖြစ်မှာပါလိမ့်။

၂၀၁၂ လို့အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားသစ်ကြီးကတော့ ရုံတင်ဖို့ တာစူနေပြီ။ မာယာလူမျိုးတွေရဲ့ ပြက္ခဒိန်အရတို့၊ တခြား နက္ခတ်ပညာရှင်တွေရဲ့ တွက်ချက်မှုအရတို့ ကမ္ဘာကြီးဟာ ၂၀၁၂ ဒီဇင်္ဘာ ၂၁ မှာ အပြီးတိုင်အခြေအနေ ရောက်တော့မယ်လို့ ကောလဟလ တွေလည်း ကြားနေရလေရဲ့။ မှန်မယ်ဆိုရင်တော့လည်း ၃နှစ်ပဲ လိုတော့တာ ပဲလေ။ အနှစ် ၂၀ အထိ လှမ်းမျှော်ဖို့ မလိုအပ်တော့ဘူး။ ခေါင်းစား သက်သာတယ်။ ၃ နှစ်အတွင်း ပျော်သလို နေလိုက်ကြရုံပဲ။

အခုတလောမှာတော့ အမေရိကန် သမ္မတ အိုဘားမား ငြိမ်းချမ်းရေး နိုဘဲလ်ဆု ရတာနဲ့ပတ်သက်ပြီး ဆူညံဆူညံတွေလည်း ကြားနေရလေရဲ့။ ကမ္ဘာကြီးဟာ ငြိမ်းချမ်းရေးကို ဆာလောင်မွတ်သိပ်နေတယ်။ ငြိမ်းချမ်းရေးဆုကို ပိုက်ထားရတဲ့ အိုဘားမားဟာ အကျပ်အတည်းတွေကို ဖြေရှင်းရမယ့် နည်းလမ်းတွေကို ဘောင်ခတ်ခံလိုက်ရတာလား။ နောက်အနှစ် ၂၀ အတွင်းမှာ အမေရိကန်က စူပါပါဝါကနေ ကျဆင်းလာမယ့် အကြောင်း တွက်ချက်မှုတွေ ပိုမှန်လာမယ်လို့လည်း ပြောကြတယ်။ မဇီဇ၀ါ ဘလော့ဂါမှာ ရေးထားတဲ့ အမေရိကန်ဒေါ်လာ ကျဆင်းလာတဲ့ ကိစ္စ နဲ့ ခန့်မှန်းချက်တွေကလည်း ပံ့ပိုးပေးနေတယ်။ ဒီလိုနဲ့ နောက်ဆက်တွဲ ဒီမိုကရေစီစနစ် အရင်းရှင်စီးပွားရေးစနစ် ဆိုတာတွေ နောက်လာမယ့် အနှစ်၂၀မှာ ဘယ်အခြေအနေ ဆိုက်ရောက်နေမလဲ။ သမိုင်းဘီးဟာ လည်ပတ်နေတယ် လို့တော့ ကြားဖူးခဲ့တယ်။

အနှစ်၂၀ ဆိုတာ လူတစ်ဦးချင်း တစ်ယောက်ချင်းရဲ့ ဘ၀တွေကိုလည်း အဆိုးအကောင်း ဆုံးဖြတ်ပေးဖို့ လုံလောက်တဲ့ ကာလတစ်ခုဖြစ်တယ်။ အိုဟင်နရီရဲ့ နာမည်ကြီးဝတ္ထုတို တစ်ပုဒ်ဖြစ်တဲ့ After twenty years ကိုလည်း သတိရသွားမိတယ်။ အဲဒီအထဲမှာ သူငယ်ချင်းနှစ်ယောက်ဟာ အနှစ် နှစ်ဆယ် ကြာတဲ့အခါ ပြန်တွေ့ကြမယ် လို့ နေရာတခုမှာ ချိန်းထားခဲ့တယ်။ ပြန်တွေ့တဲ့အခါ တစ်ယောက်က ရဲ၊ တစ်ယောက်က တရားခံပြေး ဖြစ်နေခဲ့တဲ့အကြောင်း လှပတဲ့ အဆုံးသတ်နဲ့ ဇာတ်လမ်းလေးပါ။ နောက်အနှစ် ၂၀ မှာ ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေလည်း ဘယ်လိုဖြစ်နေမလဲ။ ဘ၀တွေ ခြားနားသွားတာလည်းရှိမယ်။

နောင်လာမယ့် အနှစ် ၂၀ မှာ ကိုယ်ပိုင်မိသားစုဘ၀က ဘယ်လိုနေမလဲ။ ဘယ်မှာ နေထိုင်နေကြမလဲ။ စီမံကိန်း ချဖို့ ခက်ခဲနေသေးတယ်။ လူတိုင်းလိုလို ပြောနေကြသလိုပဲ၊ ဖြစ်နိုင်ရင် ပြန်ချင်တာပေါ့။ အဲဒီအချိန်မှာတော့ ကိုယ်က မိန်းမကြီးအရွယ် ဖြစ်သွားပြီ။ သာမန်သက်တမ်းစေ့ နေရမယ် ဆိုရင်တော့ မသေလောက်သေးဘူးပေါ့လေ။ ဒါပေမယ့် အိုစ နာစပြုနေပြီပေါ့။ သားသမီးရှိရင်တော့ အဲဒီအချိန်မှာ ကလေးက အသက်၂၀ မပြည့်သေးဘူး ဆိုတော့ လက်မလွတ်လောက်သေးဘူး။ ပညာရေးအတွက် ပံ့ပိုးပေးရဦးမယ့် အရွယ် ဖြစ်နေနိုင်သေးတယ်။ ဒါဆိုရင်တော့ လုပ်ငန်းခွင်က စောစောစီးစီး နားလို့ မရလောက်သေးဘူးပေါ့။

အနှစ်၂၀ အတွေးကတော့ ဟိုရောက်ဒီရောက်ပါပဲ။ မောစရာတွေက များနေတယ်။ ဒါပေမယ့်လည်း ကိုယ်ပိုင်ဘ၀အတွက်၊ ကိုယ့်အမိမြေအတွက်၊ အားလုံးနေထိုင်ကြတဲ့ ကမ္ဘာကြီးအတွက် မျှော်လင့်ချက် ခပ်ဝါးဝါးနဲ့ ရှင်သန်နေထိုင်ကြရဦးမှာပဲ။ Wall-E ရုပ်ရှင်ထဲက စကားလေး သတိရသွားပြန်တယ်။ I don’t want to survive. I want to live. တဲ့။



ပန်ဒိုရာ

(ဘလော့ဂ်ထဲမှာတော့ ဒီအကြောင်းက တော်တော်များများ ရေးပြီးသွားကြပါပြီ။ မြို့မေတ္တာခံယူတဲ့ ကိုပေါ ကို ထူးထူးခြားခြား တက်ဂ်ချင်စိတ် ပေါက်နေတယ်။ ရေးဗျာ။ ၂ ရက်အတွင်း။)

Sunday, October 11, 2009

ဝါသနာတဲ့လား …

တက်ဂ်ကြွေး ၂ ခု ကျန်နေရတဲ့အထဲ ကိုဆောင်းယွန်းလ က သီချင်းတွေအကြောင်း ထပ်တက်ဂ်ပါတယ်။ ရေးမယ်လို့ ပြင်တယ်။ ဒါပေမယ့် ရှေ့ကလူတွေ ရေးခိုင်းထားတာ မရေးပဲ ကျော်ရေးနေတာ များလှပြီဆိုတော့ ခဏ ဘရိတ်အုပ်လိုက်တယ်။ မသက်ဝေ တက်ဂ်ထားတဲ့ နောင်လာမယ့်အနှစ်နှစ်ဆယ် ဆိုတာကို ခက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဟိုရွှေ့ဒီရွှေ့ လုပ်နေပေမယ့် နှင်းဆီနက် ရေးခိုင်းထားတဲ့ ၀ါသနာ ဆိုတာကတော့ ရေးရခက်တယ် ပြောလို့ မသင့်ဘူးမဟုတ်လား။

Expand..

Friday, October 9, 2009

P for.... ?

မရီတာ တို့ မသက်ဝေ တို့ ဘလော့ဂ်တွေမှာ တွေ့လို့ ဘယ်သူမှ မတက်ဂ် ဘဲ ကိုယ့်ဘာသာရေးသည်။ ဟဲဟဲ။

P for Pandora

1. What is your name : Pandora

2. A four Letter Word : Poem (Of coz…)

3. A boy's Name : Pablo Picasso

4. A girl's Name : Pollyanna

5. An occupation : Prime Minister (or President)

6. A color : Pinkish Purple

7. Something you'll wear : Pants

8. A food : Pineapple Pizza

9. Something found in the bathroom : Pipes

10. A place : Paris (French version), Pyin-ma-nar (Burmese version)

11. A reason for being late : Power failure (Well… Burmese version too.)

12. Something you'd shout : Police.. police!!!!

13. A movie title : P.s., I love you.

14. Something you drink : Purple passion punch

15. A musical group : Pink Floyd

16. An animal : Python

17. A street name : Pasir Panjang Road (Singapore version), Pan-soe-dan Road (Yangon version)

18. A type of car : Prado

19. The title of a song : Power of Love

20. A verb : Protest ( I mean … a verb..)


ပန်ဒိုရာ

Wednesday, October 7, 2009

ပုလင်းများစွာရဲ့ story

ဘာရယ်မဟုတ်ဘူး။ မKOM က “ပုလင်းတစ်လုံးရဲ့ story” ဆိုလို့ “ပုလင်းများစွာရဲ့ story” ကို ဖတ်တဲ့သူတွေ ကိုယ့်ဘာသာ စိတ်ကူးသရုပ်ဖော်ကြည့်လို့ရအောင် တင်လိုက်တာပါ။



ပုံကြည့်တာနဲ့ မူးတဲ့ရသ ခံစားရမလားလို့ ခင်းကျင်းကြည့်ခြင်းသာ ဖြစ်ပါသည်။

Saturday, October 3, 2009

ကပ်





ကပ်

နေ့လား ညလား
နောက်တနေ့မှာ ကိုယ့်အလှည့်လား
တစက္ကန့်ချင်း တလှုပ်လှုပ် ငုတ်တုတ် စောင့်
ချောက်.. ချား.. စရာ
ဂြိုလ်ပြာပေါ်က တောက်လောင် ပေါက်ကွဲသံများ
အညစ်အကြေးတွေကို သူ့ကျောပေါ်က လှုပ်ခါချချိန်
သွေးရူးသွေးတမ်း ဒဏ်ရာတွေ ယားယံရောင်ရမ်းချိန်
ချစ်သူချင်း နမ်းရှိုက်နိုင်ခွင့်
မိသားစုချင်း ရင်ခွင်အပ်ခွင့်
မိတ်ဆွေချင်း လက်ဆွဲနှုတ်ဆက်ခွင့်
အချိန်.. ဘယ်လောက်ကျန်ပါသလဲ
ရောဂါပိုးမွှားတွေက တမြို့ပြီး တမြို့ သိမ်းပိုက်လာခဲ့
ကုထုံးတွေ ဆေးဝါးတွေ ချွေးဒီးဒီးကျ
တဖျစ်ဖျစ် တာစူနေသော ချော်ရည်ပူများ
လေပြင်းတွေ လှိုက်ဖိုငိုရှိုက် မှုတ်ထုတ်
ရေလှိုင်းတွေ အငန်းမရ ချီတက်ဝါးမျို
မြေကြီးတွေ ကွဲအက် တုန်ခါ ပြတ်ရွေ့
ပြောင်းလဲလာပြီ ပူပြင်းလာပြီ ပျော်ကျလာပြီ
တံပိုးခရာတွေ စူးစူးရှရှ တွန်မြည်သံ
ကစဥ့်ကလျား ပြေးကြလွှားကြ တက်နင်းကြ တွန်းတိုက်ကြ
နစ်မြုပ်ကြ လဲပြိုကြ ကြေမွပျက်စီးကြ လှောင်ပိတ်ကျန်ရစ်ကြ
ဘယ်သူ့ကိုမှ မကမ်းလှမ်းနိုင်တော့ဘူး.. တဲ့
ပန်းပွင့်တွေအားလုံး ပြိုင်တူညိုးရော်ချိန်
ကလေးငယ်တွေအားလုံး တိတ်ဆိတ်ဆွံ့အချိန်
ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့လက်တွေက
အကျိုးစီးပွား နျူကလီးယားလက်နက် အာဏာစက်
လောင်စာအပြည့်နဲ့ ကျိန်စာတွေ နှောင်ခတ်ထားပြီ
လူတွေ လုပ်မိလို့ မှားတဲ့အမှားတွေနဲ့
လူတွေ မလုပ်မိလို့ မှားတဲ့အမှားတွေနဲ့
တကယ်တမ်း ဖောက်ပြန်နေတာ သဘာ၀၀န်းကျင် ဟုတ်ရဲ့လား
ဘိုးဘေးတွေက ကမ္ဘာကြီးကို အမဲလိုက်ခဲ့တယ်
သားမြေးတွေက ကမ္ဘာကြီးကို အမဲဖျက်ခဲ့တယ်
အခုတော့လည်း သန်းပေါင်းခြောက်ထောင် သားကောင်တွေဖြစ် လို့။


ပန်ဒိုရာ

Thursday, October 1, 2009

အားလုံးကို ပြတ်သွားအောင် …

ကိုယ်ကပဲ ထင်လို့လားမသိ။ ဘလော့ဂ်သက်ကလေး အတော်ရလာသူတွေ ရေးတာ နှေးကွေးလာတာကို တွေ့ရတယ်။ (ကိုယ်တိုင် ပို့စ်တင်ကျဲတာနဲ့ အမှုတွဲလိုက်တာ။) မကေ ကတော့ပြောဖူးတယ်။ ဘလော့ဂ်မှာ အတက်အကျ အချိန်တခုရှိတယ် ဆိုတာမျိုး။ ကိုယ့်အတွက်ကတော့ တစိတ်တပိုင်း မှန်နိုင်ပါတယ်။ ဒါပေမယ့် တဖက်ကလည်း အပြင်လောကမှာ ပြီးခဲ့တဲ့နှစ်တွေကထက် ပိုလာတဲ့ တာဝန်တွေ လုပ်စရာတွေက အချိန်ကို မလောက်မင ဖြစ်လာစေတယ်။

Expand..

Monday, September 7, 2009

အပြာရောင်ကျွန်း - ၂



အပြာရောင်ကျွန်း - ၂


ပြာမှိုင်းခြင်းတွေ ဖိသိပ်ခံထားရရင်
ကျွန်းလို့ခေါ်တယ်
တွမ်ဟန့်စ်က ၀ီလဆင်ကို ဖက်ထားခဲ့တယ်
တွမ်ဟန့်စ်က ဘောလုံးလေးကို ဖက်ထားခဲ့တယ်
တွမ်ဟန့်စ်က ပါဆယ်ထုပ်ကလေးကို
ရေမစိုအောင် စောင့်ရှောက်ခဲ့တယ်
နံရံပြာပြာတွေပေါ် ငါကုတ်ခြစ်မိတိုင်းတော့
ဂျွန့်မှာ ကွဲအက်ရှတ အော်ဟစ်ရတယ်
စင်ရော်တစ်ကောင် သုတ်ခနဲ နားသွားတိုင်းလည်း
ခိုငှက်အထင်နဲ့
ငါက သင်္ကေတတွေ ပို့ပို့ပေးနေတတ်တယ်
သူတို့ ငါ့ကို လိုက်ရှာနေလောက်ပြီ
သူတို့ တနေ့လာခေါ်ကြတော့မှာပါ
ဟိုမှာ မီးခိုးလူလူနဲ့
ဟိုမှာ ရွက်တိုင်တွေ မြင်နေရပြီ
ဟိုမှာ ငါ့အချက်ပြမီးကို တွေ့သွားသလား
ဟိုမှာ ဥသြမှုတ်သံ ကြားရပြီ
သင်္ဘောက ဝေးရာကနီးလာတယ်
သင်္ဘောက ကျွန်းဆီဦးမတည်ပဲ ကပ်ကွေ့သွားတယ်
သင်္ဘောက သူ့လမ်းကြောင်းအတိုင်း ငဲ့မကြည့်ဘဲသွားတယ်
သင်္ဘောက….
သံလိုက်အိမ်မြှောင်တွေ ရေဒါတွေက
လူတစ်ယောက်ရဲ့ လွတ်မြောက်လိုမှုကို မဖတ်တတ်ဘူး
သင်္ဘောက….
သင်္ဘောက ပင်လယ်ဓားပြတွေချည်း ပါလာလို့
ငါ့ကိုကယ်မှာမဟုတ်တဲ့ သူတွေ ထိုးဆိုက်ကြ
မြေပုံအညွှန်းတွေ ငြင်းခုံကြ
ဓားခုတ်ကြ သေနတ်ပစ်ကြ
အချင်းချင်းအဆိပ်ခပ်ကြ
အပုပ်ကောင်တွေပဲကျန်လို့ ပင်လယ်ထဲ ပစ်ပစ်ချရတယ်
သမုဒ္ဒရာရဲ့ နိယာမကလည်း ကမ်းစပ်ကို ပြန်ပုတ်ထုတ်ပြန်တယ်
နောက်တော့လည်း ငါ့ဂူလေးထဲပြန်ဝင်ရတာပဲ
သူတို့ရူးသွပ်နေကြတဲ့ ရတနာပုံထဲ ထိုးဖွရင်း
စားသောက်လို့မရတဲ့ ကျောက်တုံးလက်လက်တွေကို
ဟိုဒီပစ်ပေါက်ပြီး ရယ်မောလိုက်တယ်
ဒါက ချစ်သူနဲ့ပြန်တွေ့ရင် လည်မှာဆွဲဖို့
စသည်ဖြင့် စိတ်ကူးယဉ်တယ်
ဒီလိုပဲ တနေ့ တနေ့
ငါရယ် ဂျွန်ရယ်
အုန်းပင်ပေါ်က အထစ်အထစ်တွေရယ်…။


ပန်ဒိုရာ


(အပြာရောင်ကျွန်း - ၁ ဖတ်ရန်)

Monday, August 31, 2009

3l0g Day 2009

Blog Day 2009

သြဂုတ်လ ၃၁ ရက်နေ့ (3108) ကို ဘလော့ဂ်ဒေး ဘလော့ဂ်နေ့ လို့သတ်မှတ်ထားကြပါတယ်။ အခုဆိုရင် ဒီလို သတ်မှတ်ခဲ့ကြတာ ၅ နှစ်တိုင်ခဲ့ပါပြီ။ ဘလော့ဂ်ဒေး လို့ ထူထောင်ခဲ့ကြတဲ့ ရည်ရွယ်ချက်ကတော့ နေရာအသီးသီးက စိတ်ဝင်စားမှုချင်းတူတဲ့ ဘလော့ဂါတွေ အချင်းချင်း သိကျွမ်းခင်မင်ကြရအောင် လို့ ဆိုပါတယ်။ အဲဒီနေ့မှာ ဘလော့ဂါတွေက ကိုယ့်စာဖတ်သူတွေကို တခြားဘလော့တွေကို သွားဖတ်ရှုဖို့ ရည်ညွှန်းထောက်ခံပေးပါတယ်။ ဒီလိုနဲ့ပဲ မသိခဲ့ဖူးတဲ့ ဘလော့ဂ်တွေကို ချိတ်ဆက်ဖတ်ရှုသွားနိုင်စေဖို့အတွက် ဖြစ်ပါတယ်။

ဘလော့ဂ်ဒေးနဲ့ ပတ်သက်တဲ့ ပို့စ် ရေးတဲ့အခါမှာ ညွှန်ကြားထားတာလေးတွေကတော့
၁) ကိုယ်စိတ်ဝင်စားတဲ့ ဘလော့ဂ် ၅ ခုကိုရှာပါ။
၂) အဲဒီဘလော့ဂါ တွေကို ကိုယ်က ရည်ညွှန်းမယ့်အကြောင်း အကြောင်းကြားပါ။
၃)အဲဒီ ဘလော့ဂ်တွေအကြောင်း အတိုကောက် ဖော်ပြပြီး လင့်ခ် ပေးထားပါ။
၎) ၃၁ ရက် သြဂုတ်လမှာ ပို့စ်တင်ပါ။
၅) ဘလော့ဂ်ဒေး နဲ့ ပတ်သက်တဲ့ ဒီ လင့်ခ်တွေကိုလည်း တင်ပေးပါ။ http://technorati.com/tag/BlogDay2009 and a link to the BlogDay web site at http://www.blogday.org

ပန်ဒိုရာအနေနဲ့ကတော့ ဒီနှစ်ထဲမှာ အချိန်အခက်အခဲကြောင့် ဘလော့ဂ်တွေကို လိုက်ဖတ်ဖြစ်တာ လျော့သွားခဲ့တယ်။ အထူးသဖြင့် မှတ်ချက်ရေးတာ လျော့သွားတယ်။ ဘလော့ဂ် အသစ်တွေလည်း အများကြီး ပေါ်လာပါတယ်။

အခုညွှန်းတဲ့နေရာမှာ နာမည် အတော်ကြီးပြီးသား ဘလော့ဂ်တွေ (ဥပမာ မနော်ဟရီ တို့လို ဒေါက်တာလွဏ်းဆွေ သတင်းဘလော့ဂ် တို့လို) မျိုးကို ကိုယ်နှစ်သက်ပေမယ့် အထူးတလည် မညွှန်းချင်တော့ပါဘူး။ ဒီလိုပြောလို့ အခုညွှန်းမယ့် ဘလော့ဂ်တွေကိုလည်း နာမည်မကြီးဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ဘလော့ဂါအသစ်တွေ ဒါမှမဟုတ် အခုမှ ဘလော့ဂ်ကို စဖတ်မိကြတဲ့ စာဖတ်သူအသစ်တွေ တကယ်လို့များ မသိခဲ့သေးရင် ဖတ်ကြည့်နိုင်အောင်ပါ။ ဘလော့ဂ်ရဲ့ သဘာဝက သူ့လည်ပတ် ကိုယ့်လည်ပတ် လူမှုရေးတွေ အခြေပြုပြီး သွားလာဖတ်ရှုလေ့ ပိုရှိကြတာမို့ အသွားအလာ အေးဆေးတဲ့ ဘလော့ဂ်တွေကို အဓိကထားပြီး ညွှန်းလိုက်ပါတယ်။

ပထမဆုံး ညွှန်းချင်တာက ဘလော့ဂ်တွေ ပေါ်ခါစ အချိန်ကတည်းက အစဉ်အစိုက် မြန်မာစာပေ အထူးသဖြင့် ရိုးရာကဗျာတွေနဲ့ ပတ်သက်တာတွေကို ရေးခဲ့တဲ့ ဘလော့ဂ် တစ်ခုပါ။ နောက်တော့ အကြောင်းကြောင်းကြောင့် ဘလော့ဂ်ရေးတာကို ခဏ ရပ်ထားပါတယ်။ အခုတော့ ပြန်ရေးနေပါပြီ။ သူပြန်ရေးတာကို အထူးတလည် မကြော်ငြာတဲ့အတွက် သိချင်မှ သိကြမှာမို့ ညွှန်းလိုက်တာပါ။ ပို့စ်အဟောင်းရော အသစ်တွေကိုပါ အချိန်ယူဖတ်သင့်တဲ့ ဘလော့ဂ်တစ်ခုဖြစ်ပါတယ်။

နောက်တခုကလည်း ကဗျာဘလော့ဂ်ပါ။ သူရေးတဲ့ ကဗျာတွေကို နှစ်သက်ပါတယ်။ သူကလည်း အသွားအလာနည်းပါးတယ်။ နာမည်ကလည်း အမည်မဲ့တဲ့။ ပျံ့လွင့်နေသော တေးနှင့် ဧကစာရီ ဆိုတဲ့ ဘလော့ဂ်ပါ။ တခြားဆရာတွေရဲ့ ကဗျာတချို့ကိုလည်း တင်ထားပါတယ်။

နောက်ဘလော့ဂ်တခုကတော့ ဇီဇ၀ါပါ။ သူကတော့ ဗဟုသုတရစရာတွေ အတွေးအခေါ်တွေကို ရေးလေ့ရှိတယ်။ သူများ ဘလော့ဂ်တိုင်းမှာ မှတ်ချက်တွေ လိုက်ရေးခဲတယ်။ ရေးရင်တော့လည်း စာကို အသေအချာဖတ်ပြီး အလေးအနက် ရေးလေ့ရှိတယ်။ သူ့ပို့စ်တိုင်းမှာ တွေးစရာတခုခု ရလိမ့်မယ် လို့ယုံကြည်ပါတယ်။

မရောက်ဖြစ်ခဲ့ဘူး ဆိုရင် Education for Myanmar ဆိုတဲ့ ဘလော့ဂ်ကိုလည်း ညွှန်းချင်ပါတယ်။ ပညာရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေကို ဖတ်ရှုနိုင်ပါတယ်။ မခင်မမမျိုး၊ ဆရာဦးသိန်းနိုင်၊ S.S စတဲ့ စာရေးသူ အတော်များများ ပါဝင်ကူညီထားကြပါတယ။်

နောက်ဆုံး ညွှန်းချင်တာက အမှတ်တမဲ့နှင်း ဆိုတဲ့ ကဗျာဘလော့ဂ်အသစ် လေးပါ။ ရေးသူတွေကတော့ ပြည်တွင်း မဂ္ဂဇင်းတွေမှာ ရေးနေကြတဲ့ ကဗျာဆရာတွေပါ။ လောလောဆယ်တော့ ပို့စ်သိပ်မများသေးပါ။ နောက်တော့ ပို့စ်တွေ ပုံမှန် တင်လာမယ် ထင်ပါတယ်။ မင်းစိုးရာ၊ ဘုန်းနေသွန်း၊ အောင်ပိုင်စိုး တို့ရဲ့ ဘလော့ဂ်ဖြစ်ပါတယ်။

အားလုံး အေးချမ်းပျော်ရွှင်စွာ ဘလော့ဂ်နိုင်ကြပါစေ။

ပန်ဒိုရာ


(ဘလော့ဂ်ပိုင်ရှင်တွေကို ဒီပို့စ်တင်တဲ့အချိန်မှာပဲ အကြောင်းကြားလိုက်ပါတယ်။ ကြိုမပြောဖြစ်တာ ဆောရီးပါ။)

Thursday, August 27, 2009

မီးပုံလေး


မီးပုံလေး

တလျှံလျှံတငြီးငြီး တက်ကြွတောက်လောင်ခဲ့တယ်
ဖြတ်သွားတုန်းက ပြာမှုန်တွေတောင် လွင့်စင်လိုက်သေးတယ်
ချုပ်ငြိမ်းသွားချိန်အထိတော့ စောင့်မကြည့်နိုင်ခဲ့ဘူး။

ပန်ဒိုရာ


ဒါကတော့ အင်္ဂလိပ်မှုပြုကြည့်တာပါ။

Campfire

Blazing with flashy flames
Broken ashes flying as I passed by ....
Just couldn’t observe it until it ceased.

Pandora

Saturday, August 22, 2009

လက်ဆေးပါ



လက်ဆေးပါ

လက်ဆေးပါ
အချစ်ရေ လက်ဆေးပါ
ဝက်တုပ်ကွေးပိုးတွေက ပျံ့နှံ့နေလို့
လက်ဆေးပါ
ဆေးဖိုးဝါးခ မတတ်နိုင်လို့
လက်ဆေးပါ
ဆောင်းတွင်းရဲ့ ဒုတိယလှိုင်း ရောဂါကပ်မှာ
လူ့အသက်တွေ နှင်းလိုမကြွေအောင်
လက်ဆေးပါ
ညစ်ပေမှုတွေအတွက်ရော
ညစ်ပတ်မှုတွေအတွက်ပါ
လက်ဆေးပါ

Expand..