Monday, August 31, 2009

3l0g Day 2009

Blog Day 2009

သြဂုတ်လ ၃၁ ရက်နေ့ (3108) ကို ဘလော့ဂ်ဒေး ဘလော့ဂ်နေ့ လို့သတ်မှတ်ထားကြပါတယ်။ အခုဆိုရင် ဒီလို သတ်မှတ်ခဲ့ကြတာ ၅ နှစ်တိုင်ခဲ့ပါပြီ။ ဘလော့ဂ်ဒေး လို့ ထူထောင်ခဲ့ကြတဲ့ ရည်ရွယ်ချက်ကတော့ နေရာအသီးသီးက စိတ်ဝင်စားမှုချင်းတူတဲ့ ဘလော့ဂါတွေ အချင်းချင်း သိကျွမ်းခင်မင်ကြရအောင် လို့ ဆိုပါတယ်။ အဲဒီနေ့မှာ ဘလော့ဂါတွေက ကိုယ့်စာဖတ်သူတွေကို တခြားဘလော့တွေကို သွားဖတ်ရှုဖို့ ရည်ညွှန်းထောက်ခံပေးပါတယ်။ ဒီလိုနဲ့ပဲ မသိခဲ့ဖူးတဲ့ ဘလော့ဂ်တွေကို ချိတ်ဆက်ဖတ်ရှုသွားနိုင်စေဖို့အတွက် ဖြစ်ပါတယ်။

ဘလော့ဂ်ဒေးနဲ့ ပတ်သက်တဲ့ ပို့စ် ရေးတဲ့အခါမှာ ညွှန်ကြားထားတာလေးတွေကတော့
၁) ကိုယ်စိတ်ဝင်စားတဲ့ ဘလော့ဂ် ၅ ခုကိုရှာပါ။
၂) အဲဒီဘလော့ဂါ တွေကို ကိုယ်က ရည်ညွှန်းမယ့်အကြောင်း အကြောင်းကြားပါ။
၃)အဲဒီ ဘလော့ဂ်တွေအကြောင်း အတိုကောက် ဖော်ပြပြီး လင့်ခ် ပေးထားပါ။
၎) ၃၁ ရက် သြဂုတ်လမှာ ပို့စ်တင်ပါ။
၅) ဘလော့ဂ်ဒေး နဲ့ ပတ်သက်တဲ့ ဒီ လင့်ခ်တွေကိုလည်း တင်ပေးပါ။ http://technorati.com/tag/BlogDay2009 and a link to the BlogDay web site at http://www.blogday.org

ပန်ဒိုရာအနေနဲ့ကတော့ ဒီနှစ်ထဲမှာ အချိန်အခက်အခဲကြောင့် ဘလော့ဂ်တွေကို လိုက်ဖတ်ဖြစ်တာ လျော့သွားခဲ့တယ်။ အထူးသဖြင့် မှတ်ချက်ရေးတာ လျော့သွားတယ်။ ဘလော့ဂ် အသစ်တွေလည်း အများကြီး ပေါ်လာပါတယ်။

အခုညွှန်းတဲ့နေရာမှာ နာမည် အတော်ကြီးပြီးသား ဘလော့ဂ်တွေ (ဥပမာ မနော်ဟရီ တို့လို ဒေါက်တာလွဏ်းဆွေ သတင်းဘလော့ဂ် တို့လို) မျိုးကို ကိုယ်နှစ်သက်ပေမယ့် အထူးတလည် မညွှန်းချင်တော့ပါဘူး။ ဒီလိုပြောလို့ အခုညွှန်းမယ့် ဘလော့ဂ်တွေကိုလည်း နာမည်မကြီးဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ဘလော့ဂါအသစ်တွေ ဒါမှမဟုတ် အခုမှ ဘလော့ဂ်ကို စဖတ်မိကြတဲ့ စာဖတ်သူအသစ်တွေ တကယ်လို့များ မသိခဲ့သေးရင် ဖတ်ကြည့်နိုင်အောင်ပါ။ ဘလော့ဂ်ရဲ့ သဘာဝက သူ့လည်ပတ် ကိုယ့်လည်ပတ် လူမှုရေးတွေ အခြေပြုပြီး သွားလာဖတ်ရှုလေ့ ပိုရှိကြတာမို့ အသွားအလာ အေးဆေးတဲ့ ဘလော့ဂ်တွေကို အဓိကထားပြီး ညွှန်းလိုက်ပါတယ်။

ပထမဆုံး ညွှန်းချင်တာက ဘလော့ဂ်တွေ ပေါ်ခါစ အချိန်ကတည်းက အစဉ်အစိုက် မြန်မာစာပေ အထူးသဖြင့် ရိုးရာကဗျာတွေနဲ့ ပတ်သက်တာတွေကို ရေးခဲ့တဲ့ ဘလော့ဂ် တစ်ခုပါ။ နောက်တော့ အကြောင်းကြောင်းကြောင့် ဘလော့ဂ်ရေးတာကို ခဏ ရပ်ထားပါတယ်။ အခုတော့ ပြန်ရေးနေပါပြီ။ သူပြန်ရေးတာကို အထူးတလည် မကြော်ငြာတဲ့အတွက် သိချင်မှ သိကြမှာမို့ ညွှန်းလိုက်တာပါ။ ပို့စ်အဟောင်းရော အသစ်တွေကိုပါ အချိန်ယူဖတ်သင့်တဲ့ ဘလော့ဂ်တစ်ခုဖြစ်ပါတယ်။

နောက်တခုကလည်း ကဗျာဘလော့ဂ်ပါ။ သူရေးတဲ့ ကဗျာတွေကို နှစ်သက်ပါတယ်။ သူကလည်း အသွားအလာနည်းပါးတယ်။ နာမည်ကလည်း အမည်မဲ့တဲ့။ ပျံ့လွင့်နေသော တေးနှင့် ဧကစာရီ ဆိုတဲ့ ဘလော့ဂ်ပါ။ တခြားဆရာတွေရဲ့ ကဗျာတချို့ကိုလည်း တင်ထားပါတယ်။

နောက်ဘလော့ဂ်တခုကတော့ ဇီဇ၀ါပါ။ သူကတော့ ဗဟုသုတရစရာတွေ အတွေးအခေါ်တွေကို ရေးလေ့ရှိတယ်။ သူများ ဘလော့ဂ်တိုင်းမှာ မှတ်ချက်တွေ လိုက်ရေးခဲတယ်။ ရေးရင်တော့လည်း စာကို အသေအချာဖတ်ပြီး အလေးအနက် ရေးလေ့ရှိတယ်။ သူ့ပို့စ်တိုင်းမှာ တွေးစရာတခုခု ရလိမ့်မယ် လို့ယုံကြည်ပါတယ်။

မရောက်ဖြစ်ခဲ့ဘူး ဆိုရင် Education for Myanmar ဆိုတဲ့ ဘလော့ဂ်ကိုလည်း ညွှန်းချင်ပါတယ်။ ပညာရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေကို ဖတ်ရှုနိုင်ပါတယ်။ မခင်မမမျိုး၊ ဆရာဦးသိန်းနိုင်၊ S.S စတဲ့ စာရေးသူ အတော်များများ ပါဝင်ကူညီထားကြပါတယ။်

နောက်ဆုံး ညွှန်းချင်တာက အမှတ်တမဲ့နှင်း ဆိုတဲ့ ကဗျာဘလော့ဂ်အသစ် လေးပါ။ ရေးသူတွေကတော့ ပြည်တွင်း မဂ္ဂဇင်းတွေမှာ ရေးနေကြတဲ့ ကဗျာဆရာတွေပါ။ လောလောဆယ်တော့ ပို့စ်သိပ်မများသေးပါ။ နောက်တော့ ပို့စ်တွေ ပုံမှန် တင်လာမယ် ထင်ပါတယ်။ မင်းစိုးရာ၊ ဘုန်းနေသွန်း၊ အောင်ပိုင်စိုး တို့ရဲ့ ဘလော့ဂ်ဖြစ်ပါတယ်။

အားလုံး အေးချမ်းပျော်ရွှင်စွာ ဘလော့ဂ်နိုင်ကြပါစေ။

ပန်ဒိုရာ


(ဘလော့ဂ်ပိုင်ရှင်တွေကို ဒီပို့စ်တင်တဲ့အချိန်မှာပဲ အကြောင်းကြားလိုက်ပါတယ်။ ကြိုမပြောဖြစ်တာ ဆောရီးပါ။)

Thursday, August 27, 2009

မီးပုံလေး


မီးပုံလေး

တလျှံလျှံတငြီးငြီး တက်ကြွတောက်လောင်ခဲ့တယ်
ဖြတ်သွားတုန်းက ပြာမှုန်တွေတောင် လွင့်စင်လိုက်သေးတယ်
ချုပ်ငြိမ်းသွားချိန်အထိတော့ စောင့်မကြည့်နိုင်ခဲ့ဘူး။

ပန်ဒိုရာ


ဒါကတော့ အင်္ဂလိပ်မှုပြုကြည့်တာပါ။

Campfire

Blazing with flashy flames
Broken ashes flying as I passed by ....
Just couldn’t observe it until it ceased.

Pandora

Saturday, August 22, 2009

လက်ဆေးပါ



လက်ဆေးပါ

လက်ဆေးပါ
အချစ်ရေ လက်ဆေးပါ
ဝက်တုပ်ကွေးပိုးတွေက ပျံ့နှံ့နေလို့
လက်ဆေးပါ
ဆေးဖိုးဝါးခ မတတ်နိုင်လို့
လက်ဆေးပါ
ဆောင်းတွင်းရဲ့ ဒုတိယလှိုင်း ရောဂါကပ်မှာ
လူ့အသက်တွေ နှင်းလိုမကြွေအောင်
လက်ဆေးပါ
ညစ်ပေမှုတွေအတွက်ရော
ညစ်ပတ်မှုတွေအတွက်ပါ
လက်ဆေးပါ

Expand..

ဘ၀ဆိုတာ ရယ်စရာ..

ကိုအောင်သာငယ် က ဘ၀ ဆိုတာနဲ့ ပတ်သက်လို့ အဆိုအမိန့်တွေ ရေးဖို့ တက်ဂ်ထားတာ ကြာပါပြီ။ တချို့ အဆိုအမိန့်တွေကို လိုက်ရှာ ရွေးချယ်ပြီး အနီးစပ်ဆုံး ဆီလျော်အောင် ဘာသာပြန်ပေးလိုက်ပါတယ်။ ပေါ့ပါးနိုင်ကြပါစေ။ (ကျန်သူတွေရဲ့ တက်ကြွေးတွေလည်း ဆပ်ပါမယ်.. မျှော်..)

Life is simple, its just not easy.
ဘ၀ဆိုတာ ရိုးရိုးရှင်းရှင်းလေးပါ။ မလွယ်တာလေး တစ်ခုပါပဲ။
Unknown author

Live every day as if it were your last, because one of these days you will be right.
နေ့တစ်နေ့တိုင်းကို သင့်ဘ၀ရဲ့ နောက်ဆုံးနေ့လို သဘောထားပြီး နေထိုင်လိုက်ပါ။ ဘာကြောင့်လဲ ဆိုတော့ တစ်နေ့နေ့မှာတော့ အဲဒီအတိုင်း ဖြစ်လာပါလိမ့်မယ်။
Unknown author

Life is a sexually transmitted disease and the mortality rate is one hundred percent.
ဘ၀ဆိုတာ လိင်ကနေတဆင့် ကူးစက်တဲ့ ရောဂါဖြစ်ပြီး သေနှုန်းကတော့ တစ်ရာ ရာခိုင်နှုန်းဖြစ်တယ်။
R. D. Laing

Expand..

Thursday, August 20, 2009

ဦးထုပ်ထဲကငှက်

သံလွင်အိပ်မက် အတွဲ ၃ အမှတ် ၂ မှာ ဖော်ပြခဲ့တဲ့ အက်ဆေးလေးပါ။ လူကြိုက်နည်းတဲ့ စာတစ်ပုဒ် ဆိုပါတော့။ ပြန်ဖော်ပြလိုက်ပါတယ်။


ဦးထုပ်ထဲကငှက်


ဒီလိုပါပဲ။ သွားရင်းလာရင်း တေလေတစ်ကောင်နဲ့ တွေ့ခဲ့တယ်။

တေလေမှာ တေလေ ဆိုတဲ့ နာမည်တစ်ခု ရှိတယ်။ ကိုယ့်မှာတော့ ဘာမှမရှိဘူး။ လက်ချည်းဗလာ။

တေလေ နဲ့ ကိုယ် ခြေသွားလမ်းလေးအတိုင်း တောင်ကုန်းတစ်ခုပေါ် အတူတူ တက်လာခဲ့တယ်။ လမ်းတလျှောက်မှာ တောပန်းတွေ ပွင့်နေတယ်။ အဲဒီပန်းတွေပေါ်မှာ ပျားတွေ ပိတုန်းတွေ ၀ဲနေတယ်။ တောင်ကုန်းပေါ်ကနေ အောက်ကို လှမ်းကြည့်လိုက်ရင် ခေါင်မိုးနီနီနဲ့ အိမ်လေးတွေကို မြင်ရတယ်။ ရေကန်တစ်ခုဘေး သစ်ရိပ်အောက်မှာ ကိုယ်တို့ အေးအေးလူလူ ထိုင်ချလိုက်ပါတယ်။

တေလေက သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်တယ်။
ဘ၀မှာ ငါလိုချင်တာတွေ ဆုံးရှုံးခဲ့တယ်။
ဟင့်အင်း။ ဘ၀မှာ ငါလိုချင်တာတွေ ရကိုမရခဲ့ဘူး။
မဟုတ်သေးဘူး။ ဘ၀မှာ ငါလိုချင်တာတွေက ဘာတွေလဲ။



Expand..

Wednesday, August 19, 2009

ငါ့သူငယ်ချင်းက စိတ်ဆိုးနေတယ်



Expand..

Monday, August 17, 2009

ဘက်လိုက်တတ်တဲ့ ကြားနေမှုတွေ အကြောင်း


ပုံ ဒီက

No Man’s Land ဆိုတဲ့ စပိန်စကားပြော အင်္ဂလိပ် စာတန်းထိုး ဒီဗွီဒီ လေး ကြည့်ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်က ထုတ်ခဲ့တဲ့ ကားပါ။ ဘော့စနီးယား စစ်မြေပြင်ကို အခြေခံထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ Branko Djuric နဲ့ Rene Bitorajac တို့က အဓိက သရုပ်ဆောင်ထားပါတယ်။

No Man’s Land ဆိုတာ စစ်ပွဲတစ်ပွဲမှာ ရန်သူဘက် ကိုယ့်ဘက် နယ်နိမိတ်နှစ်ခုထဲမှာ မဟုတ်ဘဲ ကြားမှာ လွတ်နေတဲ့ နေရာကို ခေါ်တယ်လို့ ဆိုကြပါတယ်။ ဘယ်ဘက်ကပိုင်သလဲ ဆိုတာ အငြင်းပွားတဲ့ နေရာ ဖြစ်နိုင်သလို ကိုယ့်လျှောက်မြောင်း (trench) ထဲက ထွက်ပြီး အဲဒီမှာ သွားနေရာယူလိုက်ရင် တဘက်က တိုက်ခိုက်မှုကို ခံရနိုင်တာမို့ ဘယ်သူမှ မယူတဲ့နေရာ လို့လည်း ပြောတယ်။

ဇာတ်လမ်းရဲ့အစမှာ အရုဏ်ဦး ဝေလီဝေလင်းမှာ ချီတက်လာတဲ့ ဘော့စနီးယား စစ်သားတစုဟာ No Man’s Land မှာ အတိုက်ခိုက်ခံရပုံကို ပြထားပါတယ်။ အဲဒီမှာရှိနေတဲ့ လျှောက်မြောင်း ထဲကို ချီကီ (Ciki) လို့အမည်ရတဲ့ စစ်သားတစ်ယောက်ပဲ အသက်မသေဘဲ ကျသွားခဲ့တယ်။ နောက်ကျတော့ တဘက်ရန်သူဖြစ်တဲ့ ဆာ့ဘ် တပ်က စစ်သားနှစ်ယောက်က အဲဒီအထဲမှာ ကျန်နေသူတွေကို ရှင်းလင်းဖို့လာကြတယ်။ မအူမလည် နီနို (Nino) ဆိုတဲ့ စစ်သားလေးရယ် သူ့ထက်ပိုဝါရင့်ပုံရတဲ့ နောက်တစ်ယောက်ရယ်။

Expand..

Saturday, August 15, 2009

ပတ်သက်ခဲ့ဖူးတဲ့အချိန်တွေ



ပတ်သက်ခဲ့ဖူးတဲ့အချိန်တွေ


နာရီတစ်လုံး ပြက္ခဒိန်တစ်ခုက
ငါတို့ခြေရာတွေကို တိုက်စားသွားခဲ့ပြီ။

ကံကြမ္မာ ကြိုးစင်ပေါ်မှာ
ထုံးနှောင်မိတဲ့ ကွင်းလျောတစ်ခုဟာ
အတိတ်ကို ဘေးကန်ထုတ်လို့
ရဲရဲခြေစုံ ခုန်ချခဲ့ပြီးပြီပဲ။

မတူ့တတူ ခဲခြစ်ရာပုံတစ်ပုံ
လက်ရေးနှစ်မျိုးနဲ့ ကဗျာတစ်ပုဒ်
ခြောက်ခမ်းသွားတဲ့ ဒိုင်ယာရီတစ်အုပ်
ဒီနေရာကနေ နှုတ်ဆက်လိုက်ပါရဲ့။

ပဲ့တင်သံတွေဆိုတာ
အရောင်ပြောင်းတတ်တယ်
နားလည်…
ငါကတော့ မေ့တတ်တယ်။

တခါတခါ
ငါ့အချစ်ဆိုတာလည်း
ငါ့ချစ်ခြင်းအပေါ် ချစ်တဲ့အချစ်သာ
ဖြစ်ပေလိမ့်။



ပန်ဒိုရာ


(တချိန်က ရေးခဲ့တာပေါ့။ ဘယ်အချိန်လဲ လို့ မမေးပါနဲ့။ ;) )

Friday, August 14, 2009

အရင်အတိုင်း 2009

Monday, August 10, 2009

သွေးစုပ်ဖုတ်ကောင်

အခုတလော ကိုယ်ရေးခဲ့တဲ့ ကဗျာတစ်ပုဒ်ကို ကိုယ့်ဘာသာ ပြန်ဖတ်နေမိပါတယ်။ သံလွင်အိပ်မက် အတွဲ (၃) အမှတ် (၁) မှာ ဖော်ပြခဲ့တဲ့ ကဗျာလေးပါ။ ဘလော့ဂ်မှာလည်း အမြည်း ရေးခဲ့ပါသေးတယ်။ အဲဒီမှာ မှတ်ချက်တချို့လည်း ရေးသွားကြတယ်။ အခုတော့ ပြန်တင်ချင်စိတ်ပေါ်လာလို့ တင်လိုက်ပါတယ်။




“သွေးစုပ်ဖုတ်ကောင်”


တူတစ်လက်
သစ်သားစို့ကြီးတစ်ချောင်းနဲ့
သူတို့ကိုအရှာထွက်တယ်။

အမှောင်ထဲမှာ
သေနတ်နဲ့ပစ်ပစ် မီးနဲ့ရှို့ရှို့
မသေနိုင်တဲ့ကောင်တွေဟာ
နေရောင်ခြည်ရဲ့အလင်းကိုတော့ ရင်မဆိုင်ရဲကြဘူး


Expand..

Sunday, August 9, 2009

ဆေးစပ်လွဲတဲ့ ပန်းချီကားတစ်ချပ်

ပန်ဒိုရာငယ်ငယ်က ၀တ္ထုတိုလေးတွေ ရေးကြည့်ချင်တာကို အားပေးတဲ့ ဖေဖေက ၀တ္ထုတို ရေးချင်ရင် အိုဟင်နရီ တို့ မိုပါဆွမ်းတို့ ရေးတဲ့ ၀တ္ထုတိုတွေကို စလေ့လာသင့်တယ် လို့ပြောပါတယ်။ အင်္ဂလိပ်လို မူရင်းရော ဘာသာပြန်ထားတဲ့ စာတချို့ပါ နည်းနည်းပါးပါး ဖတ်ဖြစ်ခဲ့ပါတယ်။ ဖေဖေတို့ခေတ်က မဂ္ဂဇင်းတွေမှာ ပါခဲ့တဲ့ ဆရာသော်တာဆွေ ဘာသာပြန်လက်ရာ အိုဟင်နရီဝတ္ထုတွေကိုတော့ ဟိုးငယ်ငယ်လေး ကတည်းက ကြိုက်ခဲ့တာပါ။ O Henry’s Twist လို့နာမည်ကြီးတဲ့ ဇာတ်လမ်းအဆုံးသတ် လှည့်ပုံတွေကို သဘော တော်တော်ကျခဲ့တယ်။

ဒါနဲ့ပဲ ကိုယ့်ဘာသာ ရေးဖြစ်ခဲ့တဲ့ ၀တ္ထုကလေးတစ်ပုဒ်မှာ (ကိုယ့်ကိုယ်ကိုတော့ ဟုတ်လှပြီ ထင်ခဲ့တာပေါ့လေ) အခုလို ဇာတ်လမ်းဆင်ခဲ့ပါတယ်။ ငယ်ငယ်က လက်ရာလေးကို စာလုံးအထားအသို နည်းနည်းလောက် ပြင်ဆင်တာကလွဲလို့ မူဟန်မပျက် ပြန်တင်ပြလိုက်ပါတယ်။ ကျောင်းဆရာ သားသမီးပီပီ အိမ်မှာရှိတဲ့ အဖြေလွှာ စာရွက်ဟောင်းတွေပေါ်မှာ ရေးထားခဲ့တာ။ ဆယ်တန်းအောင်ခါစ အချိန်လောက်က ရေးခဲ့တယ် လို့ထင်ပါတယ်။ ရက်စွဲ ရေးမထားမိပါ။ သိမ်းထားခဲ့တာကို အိမ်ပြန်တုန်းက ပြန်တွေ့လို့ ယူလာခဲ့တာပါ။ အဲဒီတုန်းက လက်ရေးလေးကိုလည်း တွေ့နိုင်ပါတယ်။ လက်ရှိ (ပျက်စီးသွားသော) လက်ရေးကို မြင်ချင်ရင်တော့ ဒီမှာ သွားကြည့်ပါ။

…………..

ဆေးစပ်လွဲတဲ့ ပန်းချီကားတစ်ချပ်



ကျောင်းဆင်းခေါင်းလောင်း ထိုးသည်မှာ အတော်ကြာသွားလေပြီ။ ကျောင်းဝင်းအတွင်းတွင် ကျောင်းသားကလေးများ ကုန်လုနီးပါးပင်ဖြစ်သည်။ ကျောင်းအ၀င် တံခါးအနီးတွင် အသားဖြူဖြူ မျက်ဝန်းနက်နက်ကလေးများကို ပိုင်ဆိုင်သော ကလေးမလေး တစ်ယောက်သည် အိမ်မှ ကားအကြိုကို စိတ်မရှည်စွာ စောင့်ဆိုင်းနေလေသည်။



Expand..

Wednesday, August 5, 2009

တာရာမင်းဝေ

အနုပညာချစ်သူတွေရဲ့ ရင်ထဲမှာ ထာဝရ လင်းလက်နေမယ့် ကြယ်တစ်လုံးအတွက် အမှတ်တရ စာအုပ်တစ်အုပ်ကို ဒီနေရာမှာ
download ယူလို့ရပါတယ်။ ၂၀၀၇ ခုနှစ်က ရေးခဲ့တဲ့ ပန်ဒိုရာရဲ့ ကဗျာလေးကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။

Expand..

Monday, August 3, 2009

ခုတလော တက်စာ

တက်ဂ်ထားကြတာတွေက တော်တော်များပါတယ်။ နှင်းဆီနက်က ၀ါသနာ၊ မသက်ဝေက နောင်လာမယ့်အနှစ်နှစ်ဆယ်၊ ကိုအောင်သာငယ်ရဲ့ ဘ၀အကြောင်းဆိုတာလည်းရှိသေးတယ်။ မနော်က နောက်မှ တက်ဂ်ပေမယ့် အပေါ့ပါးဆုံးမို့ အရင်ရေးလိုက်ပါတယ်။ ကျန်တာတွေလည်း ရေးပါ့မယ်။

Expand..

ကောင်လေးပုံ



ကောင်မလေးပုံတုန်းကလိုပါပဲ။ ပထမပုံက paint ထဲမှာ pencil tool ကိုသုံးပြီးဆွဲတာ။ touchpad မှာ လက်ညိုးလေး ထောက်ပြီးတော့ ဆွဲပါတယ်။

ဒုတိယပုံကတော့ အဲဒီပုံကို photoshop ထဲထည့်ပြီး filter > artistic အောက်က poster edges ဆိုတဲ့ effect ထည့်လိုက်တာပါ။

Saturday, August 1, 2009

ငါ့မှာအတိတ်မရှိဘူး

I don't have a past
I just get a chance to come
Enjoy the stars, the sky
Happy times where the dark lies
When it starts breaking the night
All are then waiting for the light
Looking at the sunrise, just realize
I don't have a past
I just got a chance.

Natt Soe

....................


ငါ့မှာ အတိတ်မရှိပါ
ရောက်လာဖို့အခွင့်အရေးတစ်ခုသာ ရခဲ့တာပါ
ကောင်းကင်ရယ် ကြယ်တွေရယ်ကို ခံစားကြည်နူးတယ်
အမှောင်ရိပ်သန်းခိုက် ပျော်ရွှင်ချိန်တွေလေ
ညကိုချဉ်းဖောက် ရောက်လာတဲ့အခါ
အားလုံးက အလင်းရောင်ကိုစောင့်မျှော်နေကြတယ်
နေထွက်တာကိုကြည့်ရင်း ငါသိမြင်လာခဲ့တာ
ငါ့မှာ အတိတ်မရှိပါ
အခွင့်အရေးတစ်ခုသာ ရခဲ့တာပါ။




နတ်ဆိုး ရေးချင်သလို ရေးပြီး
ပန်ဒိုရာ ဘာသာပြန်ချင်သလို ပြန်သည်။
ခွင့်မတောင်းဘဲ ဘလော့ဂ်မှာ ယူတင်လိုက်သည်။