Sunday, February 21, 2010

ကစားလုံးများ

ဒီတပတ်ပိတ်ရက်တော့ ဘာမှပြီးဆုံးအောင် မရေးဖြစ်ဘူး။ သံလွင်အိပ်မက် အတွဲ ၃၊ အမှတ် ၃ မှာ ဖော်ပြဖူးခဲ့တဲ့ ကဗျာဟောင်းလေး တစ်ပုဒ်ပဲ ပြန်တင်လိုက်ပါတယ်။



ကစားလုံးများ

အဆုံးအစ ရှာမရတာ ဘ၀ပေါ့
လိမ့်နေတယ်
လည်နေတယ်
အပျော့အမာ အကျစ်အပွကွဲပြားလည်း
မြင့်ရာက နိမ့်ရာကို ဆင်းတယ်
အရှိန်နဲ့ပြုတ်ကျလာတော့/ပစ်ချလိုက်တော့
တစ်ချက်နှစ်ချက် ပြန်ကန်ပြီး ခုန်ထတယ်
တချို့နေရာတွေမှာ
လူတကာ ၀ိုင်းလုခံရတယ်
တချို့နေရာတွေမှာ
တစ်ယောက်ဆီတစ်ယောက် ပုတ်ထုတ်ကြတယ်
တချို့နေရာတွေမှာ
ကိုယ်ကတော့ မထိထိအောင် ရိုက်ပြီး
တဖက်လူက ပြန်ရိုက်မရအောင် ပြန်ပို့တယ်
တချို့နေရာတွေမှာ
ရည်မှန်းချက်တခုဆီ ရောက်အောင်သွင်းတယ်
တချို့နေရာတွေမှာ
တိုင်နှစ်လုံးကြားမှာ ကြိုးတန်းပေါ်မှာ
ပိုက်ထဲမှာ ပိုက်အထက်မှာ
ခြင်းထဲမှာ တွင်းထဲမှာ
မြေကြီးပေါ်မှာ ရေထဲမှာ
စည်းမျဉ်းတွေရဲ့ အတွင်းဘက်မှာ အပြင်ဘက်မှာ
အားရပါးရ လွှဲရိုက်လိုက်တာတွေ
တယုတယ တွန်းတိုက်လိုက်တာတွေ
ပုတ်ကာ ပုတ်ကာ သယ်ယူသွားတာတွေ
လိမ်ကာခေါက်ကာ ဆွဲပြေးသွားတာတွေ
ရိုက်တံကိုသုံးတယ် လက်ကိုသုံးတယ်
ခြေထောက်ကိုသုံးတယ် ခေါင်း ပခုံးကိုသုံးတယ်
ကိုယ်ခန္ဓာတစ်ခုလုံးကို သုံးတယ်
ကျဉ်းထဲကျပ်ထဲကနေ ဘယ်လိုပြန်ဆယ်မလဲ
လိုရာကိုရောက်အောင် ဘယ်လိုချိန်ဆမလဲ
တစ်လုံးထဲလား အလုံးပေါင်းများစွာလား
တစ်လုံးနဲ့ တစ်လုံးထိရမှာလား မထိရဘူးလား
တစ်လုံးပျောက်သွားရင် နောက်တစ်လုံး အစားထိုးဝင်လာမှာလား
ကဲ.. အမှတ်တွေရကြစေတော့
တစ်ချက်တို့ထိလိုက်ရုံနဲ့တင်
ငါ့ကိုယ်ငါအကောင်းဆုံးလှိမ့်ချပေးခဲ့ပါတယ်။

ပန်ဒိုရာ

Wednesday, February 17, 2010

နှုတ်သီးဖြင့်ကိုက်ချီလာသောအရာများ


နှုတ်သီးဖြင့်ကိုက်ချီလာသောအရာများ


ညဘက်မှာ တွေ့တတ်တယ် အတောင်ပံပါတယ် ဆိုတော့ကာ
ညဥ့်ငှက်လို့ပဲ အလွယ်တကူ ခေါ်နေကြတာ
သစ်ခေါင်းထဲမှာနေတယ် သစ်ခေါင်းထဲမှာအိပ်တယ်
ခပ်တိတ်တိတ်ပဲ ခပ်ငြိမ်ငြိမ်ပဲ သွေးပူလေ့ကျင့်ခန်းလုပ်ချိန်ကလွဲလို့
အသံဘယ်တော့မှမထွက်ဘူး ဂစ်ဂစ်လို့မြည်မှာစိုးလို့
အိပ်ရာကနိုးလာရင် ဖတ်ဆို လက်ပ်တော့ပ်လေး ကောက်လှန်
ရေဒီယိုဖွင့် တယ် သတင်းထူးမျှော်တယ်
တ၀ါးဝါးသန်းဝေတယ် စောင်ကိုဗလုံးဗထွေးပုံတယ်
ခေါင်းအုံးအောက်မှာ စိတ်ပုတီးတစ်ကုံးနဲ့ ၂၄ ပစ္စည်းပဋ္ဌာန်းဒေသနာနဲ့
(ညဥ့်ငှက်နဲ့ဘာဆိုင်လို့လဲ)
တခါတလေလည်း ဥပုသ်စောင့်သလိုလို သီတင်းသီလဆောက်တည်သလိုလို
အတွင်းအားကျင့်သလိုလို အတွင်းဒဏ်ရာကို ကျိတ်ကု သလိုလို
ရာသီဥတုသာယာရင် အတောင်ပံတွေဖြုတ်ဆေး သန့်စင်တယ်
လူထူရင်တော့ အိန်ဂျယ်ယောင်ဆောင်နေတတ်တယ်
(အိန်ဂျယ်မှာလည်း အတောင်ပံပါတာကိုး တကယ်တော့ သူက အိမ်ကျယ်)
စွန်ဇုရဲ့ စစ်ကျမ်းကို ဘယ်ပြန်ညာပြန် အထပ်ထပ်ဖတ်တယ်
သက်ပြင်းချတယ် ခေါင်းယမ်းတယ် ချောင်းဟန့်တယ်
ရောမမြို့ကို နေချင်းပြီး တည်ဆောက်ချင်သူ
ရောမကိုရောက်လို့ ရောမဆန်ဆန် ရောမသံ ၀ဲ နေသူ
ရောမမြို့မီးလောင်လည်း တယောထိုးမပျက်ဖို့ သံန္နိဋ္ဌာန်ချထားသူ
ပါရီက ကျဆုံးနေပြီးမှပဲ
~~ ဒီမှာလေ ပဲရစ်မြို့ကို မရချင်တော့ဘူး ~~ သီချင်းညည်းတယ်
အဲကွန်းခန်းထဲမှာ ဆောင်းရာသီဝတ်စုံ ၀တ်ဆင်တယ် အချမ်းပြေ
လူတန်းရှည်မြင်ရင် ၀င်တန်းစီတယ် အပျင်းပြေ
နေကြာစေ့တွေ တဖောက်ဖောက် တမြုံ့မြုံ့ဝါးတယ် အလွမ်းပြေ
နေတဲ့ အိမ်မှာ ထုတ်တန်းမပါဘူး ပြူတင်းပေါက်မပါဘူး
(မိသားစုလည်း မပါဘူး)
လင်းနို့တစ်ကောင်လို ဇောက်ထိုးဆွဲတယ် အိပ်မက်ထဲမှာ
ပင့်ကူတစ်ကောင်လို ကုတ်ကတ်တွယ်ဖက်တယ် စိတ်ကူးထဲမှာ
ဘယ်တော့များ ဘက်တ်မဲင်း စပိုက်ဒါမဲင်း ဖြစ်လာမလဲ ပေါ့
(တကယ်တော့ ပင်ဂွင်းတကောင်လို လိမ့်လိမ့်လိမ့်လိမ့် လမ်းလျှောက်နေတာ)
လေဟာနယ်ခေတ်မှာ အကွာအဝေးတွေဟာ အဝေးအကွာမှာမရှိပါဘူး တဲ့
ဒါတွေဟာ မျက်စိတစ်မှိတ်ပါ လျှပ်တစ်ပြက်ပါ လက်တစ်ကမ်းပါ မောက်စ်တစ်ကလစ်ပါတဲ့
အချိန်မရွေး ကောက်ပြန်သွားရင်ရသားပဲ ထပျံသွားရင်ရသားပဲ တဲ့
ပြောပြီးပြီပဲ သူ့မှာ အတောင်ပံပါပါတယ် ဆိုမှ။



ပန်ဒိုရာ

Tuesday, February 16, 2010

အသံများ လှုပ်လို့ လီလို့ လှည့်လို့ ခေတ်က တခစ်ခစ်နဲ့


သရုပ်ဖော်ပုံ ဒီနေရာကို သွားပြီး ပန်ဒိုရာ လျှောက်ခြစ်ထားသည်။

အသံများ လှုပ်လို့ လီလို့ လှည့်လို့

အသံတွေ သန့်စင်လား အသံတွေသန်မာလား
အသံကြောင့်သေသွားသောဖါးများ
အသံထက်မြန်နှုန်းမြင့် အတုအယောင်များ
အသံနဲ့ ရရှိခဲ့တဲ့ ထိခိုက်ရှနာများ
အသံဘယ်လောက်ကြားလဲ အသံများ

Expand..

Sunday, February 14, 2010

ဘာလင်တံတိုင်းကြီး ခြားနေတဲ့ ဗယ်လင်တိုင်း

အချစ်ဆိုတာကို ဘာနဲ့ ဖွဲ့နွဲ့မလဲ
စိန့်ဗယ်လင်တိုင်းကို သေနတ်နဲ့ချိန်လိုက်ကြပြီ
ခဏနေပါဦး
အဘိုးအိုက သားတို့ကို
ထင်းတစ်စည်းအား ဒူးဖြင့်ရိုက်ချိုးကြည့်စေသောအခါ
ခဏနေပါဦး
ဖတ်စာအုပ်များ ဖျိုးဖျိုးဖျတ်ဖျတ် လှန်လှောသံ
ကွဲပြားမှုကို အားပြုလျှင် အစုအဖွဲ့တွေဟာ ပို ခိုင်မာသလား မခိုင်မာသလား
မျက်ထောင့်နီများဖြင့် ငြင်းခုံရင်း သဘောထားတင်းမာလာခြင်း
ခဏနေပါဦး
ပဲပြုတ်နဲ့ နံပြားဆိုတာ ရိုးသားမှု၏ နိမိတ်ပုံသင်္ကေတ
ဘာမှပြောမနေနဲ့ သူ့ကိုချစ်ရင် သူ့စကားကို နားထောင်ကြ
ခဏနေပါဦး
ရာသီဥတုသာယာခိုက် ဆိုလာရောင်ခြည်ကို သုံးစွဲခြင်းဟာ
ခေတ်ရဲ့လိုအပ်မှုကို စရိတ်အနည်းဆုံးနည်းလမ်းဖြင့်
လက်တွေ့ကျကျ မျက်ခြေမပြတ် ထင်ဟပ်ခြင်းသာဖြစ်တယ်
ဒါ အေးအတူပူအမျှ အတူတကွ မူအရပဲ.. တဲ့
(လမ်းမပေါ်တက်ပြီး ဖြန့်ခင်းလှန်းနေသည့်
ဆေးရိုးသည်ကြီးများအသင်း၏ ရှင်းလင်းထုတ်ပြန်ချက်)
ခဏနေကြပါဦး
ဒီမှာ …. ငါ့ကဗျာ
နှင်းဆီပွင့် ချောကလက် ၀ိုင်ချို များ လည်း တစ်လုံးမှ မပါ။

ပန်ဒိုရာ

Monday, February 8, 2010

ခါတိုင်းနှစ်တွေကျတဲ့နှင်းထက်ပိုပြင်းထန်နေတဲ့သတင်း

နေစမ်းပါဦး ခဏ…
အပြင်မှာ ဆီးနှင်းတွေကျနေတယ်လို့ ရှင်ပြောလိုက်သလား
နှင်းမုန်တိုင်းဆိုတာ အိုင်ဖုန်း မျက်နှာပြင်လို ရှောရှောရှူရှူဖြစ်ရဲ့လား
ကျွန်မမှ နှင်းဖြူဖြူ အဖတ်အဖတ်တွေ မကြုံဖူးတာ
ဒီမှာ ရောက်နေတဲ့ နေရာက အီကွေတာ
ဟုတ်တယ် အီကြာကွေးလို့ မှားမှားပြောကြတဲ့ အီကွေတာ
လွန်ခဲ့တဲ့ အနှစ်နှစ်ထောင်ကတည်းကလည်း အီကွေတာပဲ
အမြဲတမ်းအီကွေတာမှာ အမြဲစိမ်းတဲ့တောတွေ ရှိတယ်ရှင့်
ဒီဘက်ခြံက မြက်က တကယ့်ကိုစိမ်းတာ ဆရာ
မျက်မှန်စိမ်းတွေ ချွတ်ကြည့်လိုက်လည်း စိမ်းဦးမှာပဲ
ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းတုံးကြီးတွေထက်လည်း စိမ်းမှာပဲ
(ပြောရရင် အဲဒီကျောက်စိမ်းတုံးကြီးတွေကို ကျွန်မလည်း မမြင်ဖူးပါဘူး)
မမြင်ဖူးတာတွေ ရမ်းပြောရရင် ကျွန်မကွန်ပြူတာလည်း နှေးနှေးလာတယ်
ရှင်ရော နောက်ဆုံးပေါ်သတင်းတွေ အကုန်လိုက်ဖတ်ဖြစ်သလား
တစ်ယောက်ချင်း နဲ့ လူအများ ဆိုတာ ဘာကွာသလဲ
ပိုင်ဆိုင်မှုနဲ့ ထိန်းချုပ်မှု ဆိုတဲ့ အရာနှစ်ခုကို ခွဲခြားထားဖို့မလိုဘူးလား
ကီ်းန်ဇ် က ဘာညာ စတိဂလစ်ဇ်က ဘာညာ
ပြောရင်းဆိုရင်း မာဂရက်သက်ချာကို ဆွဲမထည့်ပါနဲ့
ကျွန်မက အကိုးအကားတွေကို သိပ်ကြိုက်လှတာမဟုတ်ဘူး
တော်ပါပြီ ဒီအကြောင်းတွေပြောရတာ မျက်ရည်တောင်ဝေ့တယ်
(၀မ်းနည်းလို့ မဟုတ်ဘူး။ အိပ်ငိုက်သန်းဝေတာ)
ဒီမှာက ညသန်းခေါင်ကျော်နေပြီလေ
မထူးပါဘူး ညဥ့်နက်လိုက်တော့လည်း မိုးလင်းဖို့ပိုနီးသွားမှာပေါ့
ရှင့်နှင်းမုန်တိုင်းကရော မစိမ်းသေးဘူးလား.. အဲလေ.. မစဲသေးဘူးလား။

ပန်ဒိုရာ

Sunday, February 7, 2010

ဆူးတို့ဖြင့်ထုံမွှမ်းထား၏။

ရေးထားတာ တစ်နှစ်ကျော် ကြာပြီဖြစ်တဲ့ ၀တ္ထုတို တစ်ပုဒ်ပါ။ စိတ်တိုင်းမကျလို့ နှစ်ခါ ပြန်ပြင်ခဲ့တယ်။ အခုတော့ နည်းနည်း ထပ်လက်စသတ် စိတ်ဖြတ်ပြီး ဘလော့ဂ်မှာ တင်လိုက်ပါတယ်။


ဆူးတို့ဖြင့်ထုံမွှမ်းထား၏။



(၁)
သူမရဲ့ နာမည်က ဆူး။ ဆူးကလေး တစ်ချောင်းလိုပဲ စူးရှနေတယ်။ ပန်းပွင့်လေးလို နူးညံ့နေရမယ့် သူမရဲ့ နှလုံးသားဟာ ဆူးချွန်မြမြတွေနဲ့ ထိုးထိုးထောင်ထောင် ၀န်းခက်ကာရံ ထားသလိုပါပဲ။

ရာသီဥတုသာယာတဲ့ မနက်ခင်းတစ်ခုမှာပေါ့။ အဲဒီနေ့က ဆူးဟာ မာကျောကျော ဖြစ်မနေခဲ့ပါဘူး။ ညှိုးခွေခွေနဲ့ အိပ်ချင်မူးတူး ဆူးကလေး တစ်ချောင်းရယ်ပါ။

“တနင်္ဂနွေ မနက် ၁၁ နာရီ Orchard လမ်းက Coffee Bean ကိုလာခဲ့ပါ။ ခဏလေး ထိုင်ပေးရုံပါ။ မိတ်ဆွေတယောက်နဲ့ ချိန်းထားတာ ကိုယ်တစ်ယောက်တည်း မတွေ့ချင်လို့”

ကိုယ်က အဲဒီ စာကြောင်းလေးကို ဆူးရဲ့ လက်ကိုင်ဖုန်းကို ပို့ထားခဲ့တယ်။ အိုခေ ဆိုတဲ့ အဖြေနဲ့အတူ အဲဒီမနက်က သူမ အချိန်မီ ရောက်အောင် လာခဲ့ပါတယ်။

ဆူးက Latte တစ်ခွက် မှာတယ်။ Salmon Salad တစ်ပွဲ မှာတယ်။ အိပ်ရာထပြီး တန်းလာတာ အရမ်းဆာနေတယ်လို့ ပြောတယ်။ အရှိန်မပြယ်သေးဘူး လို့လည်း ပြောတယ်။ မျက်လုံးလေးတွေက ရီနေတယ်။ ညက ဘယ်ကိုသွားခဲ့သလဲ ဘာတွေလုပ်ခဲ့သလဲ ကိုယ်က မမေးပါဘူး။ ကိုယ်နဲ့တော့ ဘယ်လိုမှ မတူနိုင်တဲ့ ယဉ်ကျေးမှုတွေမှာ ကြီးပြင်းနေထိုင်ခဲ့ရပြီး အရွယ်လည်း ကောင်းကောင်း ရောက်နေပြီ ဖြစ်တဲ့ သူမကို ပြုံးကြည့်နေလိုက်တယ်။

ဟိုမှာ ကိုယ်တို့ စောင့်နေသူ … ကော်ဖီဆိုင်ထဲ ၀င်လာတာကို ကိုယ်က အဝေးကြီး ကတည်းက မြင်သားပဲ။ ဒါပေမယ့်လည်း မိန်းကလေးတို့ ထုံးစံအတိုင်း ဆူးကို မသိမသာ အချက်ပြ ကိုယ်တို့အချင်းချင်း မသိသလို စကားပြောနေပြီး အနားရောက်တော့မှ .. ဟော.. ရောက်လာပြီလား ပေါ့။

Expand..

Saturday, February 6, 2010

တချိန်က ၀တ်ဆင်ခဲ့သော

မသက်ဝေ က ရေးပါဆိုလို့ ရေးလိုက်ပါပြီ။

လုံချည်(ထဘီ)ကို ၀တ်တတ်အောင် ငယ်ငယ်လေးကတည်းက မေမေက သင်ပေးခဲ့ပါတယ်။ ပထမဆုံးဝတ်ခဲ့တာက ကလေးဘ၀က စပ်ထဘီလေး တစ်ထည်လို့ ထင်ပါတယ်။ မြန်မာ့ရိုးရာ လုံချည်အင်္ကျီ ၀တ်စုံတွေကိုလည်း အကြိမ်ပေါင်းများစွာ နှစ်နှစ်သက်သက် ၀တ်ဆင်ခဲ့ပါတယ်။ အခုလည်း သင့်တော်တဲ့ နေရာမှာ ၀တ်ဆင်ဖို့ ၀န်မလေးပါဘူး။ မိန်းကလေးတွေ လုံချည်လေး သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားရင် အားလုံးကို ကြည့်ကောင်းတယ် လို့ပဲ မြင်ပါတယ်။

မြန်မာဝတ်စုံ ၀တ်တဲ့နေရာမှာတော့ မြန်မာလုံချည်ကို မြန်မာအင်္ကျီ လက်ရှည်ခါးတို (ရင်ဖုံး သို့မဟုတ် ရင်စေ့) နဲ့ တွဲဝတ်ရတာကို အထူးပိုနှစ်သက်ခဲ့တယ်။ ပြည်ပကို ရောက်မလာခင် မြန်မာပြည်မှာ နေထိုင်တုန်းက မကြာခဏ ၀တ်လေ့လည်း ရှိခဲ့တယ်။

Expand..