Thursday, August 5, 2010

ထာဝရအိပ်ပျော်သွားတဲ့ ကြယ်


ထာဝရအိပ်ပျော်သွားတဲ့ ကြယ်

ကြယ်တစ်ပွင့်
လွင့်ထွက်ကြွေခိုက်
ပင့်သက်တွေ ရှိုက်ရပြန်တယ်..။

“မပွင့်ဘဲဖူးခဲ့ရတဲ့ ကောင်မို့ မှောင်တယ်” တဲ့
အခုတော့ ခင်ဗျား
အလင်းတွေကြား ထွက်သွားခဲ့ပြီ။

“တယ်လီဖုန်းခေါ်သံတွေ ကြားတာတောင်
ပြန်မထူးဖြစ်တဲ့ကောင်” တဲ့
အခုတော့ ခင်ဗျား
ပြန်ထူးစရာမလိုအောင် ထွက်သွားခဲ့ပြီ။

“ငါ့မှာတစ်ယောက်ထဲ ဖြစ်နေရတဲ့အထဲ
ဝေါကနဲပျောက်ဆုံးလိုက်ရ” တဲ့
အခုတော့ ခင်ဗျား
အငွေ့တွေကြား ပျောက်ကွယ်သွားခဲ့ပြီ။

“လောကမာယာဆိုတာ
အတီးခံရတဲ့ ဗုံတွေရဲ့ဂီတပါပဲ” တဲ့
အခုတော့ ခင်ဗျား
ဗုံသံတွေ မကြားတဲ့အရပ်ဆီ ထွက်သွားခဲ့ပြီ။

“ယုံကြည်ထားစမ်း ရေခိုးရေငွေ့တွေကလည်း
ပင်လယ်ကို ပစ်ပေါက်စိုက်ပျိုးနိုင်ရမယ်ဆိုတာ” တဲ့
အခုတော့ ခင်ဗျား
ပင်လယ်ကို စိုက်ပျိုးပြပြီး ထွက်သွားခဲ့ပြီ။

“မေမေရေ.. မိုးတိမ်တွေထဲ ခြေပစ်လက်ပစ်
သားဝင်အိပ်ပစ်လိုက်ချင်ရဲ့” တဲ့
အခုတော့ ခင်ဗျား
ခြေပစ်လက်ပစ်အိပ်နေပုံများ
ကျွန်တော်တို့ ခေါ်တာတောင် မကြားတော့ဘူး။ ။

ခေလွန်း

(သြဂုတ်လ ၅ရက်၊ ၂၀၀၇ တွင် ကွယ်လွန်သွားသော စာရေးဆရာ တာရာမင်းဝေအတွက် အမှတ်တရ ရေးဖွဲ့ပါသည်။)

ဆရာတာရာမင်းဝေ ကွယ်လွန်တဲ့နှစ်က ခေလွန်း ရေးထားခဲ့တဲ့ကဗျာလေးပါ။

ဆရာ တာရာမင်းဝေ ကွယ်လွန်တာ ၃ နှစ်မြောက်ခဲ့ပြီ။ မနှစ်ကလည်း အမှတ်တရပို့စ်တစ်ခု တင်ဖြစ်တယ်။ အပေါ်မှာ တင်ထားတဲ့ ပုံတူလေးကိုဆွဲပြီး စိတ်တိုင်းမကျတာနဲ့ ထပ်ပြင်ရင်း နောက်ကျသွားလို့ သိမ်းထားလိုက်တယ်။

ဒါကတော့ တာရာမင်းဝေအမှတ်တရ ဘလော့ဂ် လိပ်စာပါ။ http://taryarminwaimemorial.blogspot.com

အမှတ်တရ စာအုပ်တစ်အုပ်ကို ဒီနေရာမှာ download ယူလို့ရပါတယ်။

ရေဒီယို အစီအစဉ်တခုမှာ ကဗျာဆရာနှင်းခါးမိုး ပြောပြတဲ့ တာရာမင်းဝေအကြောင်းကို ကိုဇာနည်ဝင်းရဲ့ ဘလော့ဂ် ဒီနေရာမှာ နားထောင်နိုင်ပါတယ်။

တာရာမင်းဝေကဗျာတစ်ပုဒ်ကို ရွတ်ဆိုထားတဲ့ အသံကိုတော့ ဆရာမမေငြိမ်းရဲ့ဘလော့ဂ် ဒီနေရာမှာ နားထောင်နိုင်ပါတယ်။

မနော်ဟရီရဲ့ ဘလော့ဂ်မှာ ဆရာ့ကဗျာတွေ စုစည်းထားတာကို သွားယူလို့ရပါတယ်။

ပန်ဒိုရာ

6 comments:

ကိုဇော် said...

နှမြောလွန်းတဲ့ လူသားတွေထဲမှာလည်း သူပါတယ်။
လူဆိုတဲ့ အသွေးအသားထဲမှာကို မွေးရာပါ စွမ်းဆောင်ရည် ၊ အရည်အချင်း ပါလာသူ တစ်ဦးပေါ့။ ဆရာ တာရာမင်းဝေ ရဲ့ စာဖတ်အား အပုံ ၅၀၀ ပုံ ၁ ပုံ မမှီသေးဘူး။ ဒါကြောင့် အတွေးဆိုရင် ဝေးရော . . ။

tin min htet said...

ကျေးဇူးပါပဲ မပန်။ လင့်ခ်တွေကို စုံနေတာပဲ။

ညီညီ(သံလွင်) said...

လေးစားရတဲ့ ဆရာတာရာမင်းဝေအတွက် အမှတ်တရပို့စ်မှာ ကျွန်တော် တခါက ရေးခဲ့ဖူးတဲ့ ကဗျာတစ်ပုဒ်ကို ပြန်လည် ဖော်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မပန်

နေ၀သန် said...

ဆရာတာရာမင်းဝေ ဆုံးတာကိုတော့ အရမ်းကို နှမြောမိတယ်ဗျာ...း((


ခင်မင်တဲ့
နေ၀သန်

ညိမ်းနိုင် said...

လင့်တွေ အတွက် ကျေးဇူးတင်လိုက်တာ အစ်မရယ်...။

emayarKhin said...

ကျေးဇူးပါ..မမပန်ရေ..။။။