Friday, April 13, 2012

တူးပို့တူးပို့သရီးပို့


တူးပို့တူးပို့သရီးပို့

ပိတောက်ကိုမလွမ်း မွေးရပ်မြေကို မလွမ်း
ချယ်ရီနှစ်မွှာကြား အိပ်စက်ရင်းနားနေ
တိုက်နေတဲ့လေ စီးနေတဲ့ရေ လှုပ်နေတဲ့မြေ
ငှက်တို့ဟာ ပျံရင်းသေ အိမ်ပြေးတို့ဟာ ပြန်ရင်းသေ
ကျွမ်းကျင်သူ သုခမိန်တို့ဟာ ကြံရင်းသေ
ပျံလေတဲ့ ငှက်ခါးခါးတွေလည်း နားလေမှသေ
နေဝင်ရိုးရီမှာ အိပ်တန်းတက်ကြရင်းသေ
လေးညို့သံနာခံရင်းသေ ညောင်သီးစားရင်းသေ
ခဲမှန်ဖူးရင်း သေ
ငှက်လုပ်လို့အဆင်မပြေတဲ့အခါ ငှက်မုဆိုးလုပ်ရင်း
စားတဲ့ဘက်ဖြစ်ဖြစ် မှားတဲ့ဘက်ဖြစ်ဖြစ် လိုက်ရင်း
ပို့စ်ပို့စ်ပို့စ် ရဲ့အလွန်ကိုရောက်တော့ လိုက်မမီရင်း
သေ
ဒါ (လူကြီးတွေရဲ့) စနစ်တကျ လူလည်ကျမှု
ကျုပ်တို့ကို မြှောက်လိုက်ခြောက်လိုက် ရှေ့တန်းတွန်းပို့တာ
တက်ကြွတဲ့ လူငယ်တွေကို နေရာပေးကြ
(လူငယ်တွေရဲ့) ထက်မြက်မှု တာဝန်ယူရဲမှု ပြတ်သားမှုတွေနဲ့
ရန်သူကို မှုန့်မှုန့်ညက်ညက်ဖြစ်အောင် ချေမှုန်းကြ..တဲ့
မလောက်လေးမလောက်စားတွေကို လောက်စာလုံးစာမိအောင်
ကတုတ်ကျင်းမှာ မိုင်းရှင်းသွားအောင်
လူသားဒိုင်းကာ အဖြစ် ရောက်အောင်
ကိုင်း အခုတော့ အပြစ်ဟောင်းတွေကို တိုင်ပတ်ထားခဲ့ - နှစ်ဦးမှာ
ခေါင်းကလေးမော့လို့ အပြစ်အဖူးလေးတွေ ပန်ဆင်ထား..သူ…ရေ
ဗြဟ္မာကြီးဦးခေါင်းဟာ လက်လှမ်းမမီတဲ့ အဝေးတစ်နေရာမှာ
ကီးချိန်းသွားခဲ့ပါပြီ
ရေစိုဘီယာတစ်ဗူးနဲ့ တလိမ့်လိမ့် ငြိမ့်ရင်း
ပဏ္ဍုကမ္ဗလကျောက်ဖျာကို မူလီလျှော့ထားနိုင်ခဲ့ပါပြီ
ရဲဘော်မာဃဟာ ကျမ်းသစ္စာထုတ်တစ်ဖက် အလံနီနီတစ်ဖက်နဲ့
အင်တာနက်ကိုလည်မှာဆွဲ တက်ဘလက်အသစ်ကိုခဲ
လောလောလတ်လတ်တင်သွင်း(နိုင်)ခဲ့တဲ့ ဇိမ်ခံကားကြီးစီးပြီး
(အပြောင်းအလဲကို ဖော်ဆောင်ဖို့) လူ့ပြည်ကို ဆင်းလာခဲ့ပါပြီ
နောင်တနဲ့ သင်ခန်းစာတွေကို ခပ်ဝေးဝေးမှာ ဘေးမဲ့ပေးလိုက်ကြပါစို့
ပေါပေါထောထော လျှံကျနေတဲ့ မဂ္ဂါဝပ်တွေနဲ့
လက် လေးဘက်လေးတန်လုံးကို ဆေးကြောသန့်စင်ပြီးမှ
ဆေးလိပ်ပြာခွက်ထဲက လွှစာမှုန့်တွေကို လျှာနဲ့လျက်ကြပါစို့။

ပန်ဒိုရာ
၁ဝ-၁၃.၄.၂ဝ၁၂

3 comments:

ညီလင်းသစ် said...

ဒီနှစ်သင်္ကြန်မှာ ဖြစ်နိုင်ရင် အဲဒီ ပေါပေါထောထော လျှံကျနေတဲ့ မဂ္ဂါဝပ်တွေနဲ့ကို ပက်လိုက်ချင်သေးတာ..၊ ခမျာတွေကို ကွန်တိန်နာထဲ သော့ပိတ် ထည့်ထားလို့သာ..။

mstint said...

ပန်ဒိုရာရဲ့ တူးပို့တူးပို့သရီးပို့လေးဖတ်ပြီး တစ်နေ့က တီတင့်ရောက်ခဲ့တဲ့နယ်မှာ လေမုန်တိုင်းကျ ဓာတ်တိုင်တွေလဲပြို မိုးသီးတွေကျတာ ပုန်းခိုခွင့် မရလိုက်တဲ့ ငှက်တွေ အုပ်စုလိုက် သေနေကြတာကို ပြန်သတိရမိတယ်။ မီးကတော့လေမုန်တိုင်းကြောင့်ပျက်သွားတယ်။ တူးပို့လည်း မကယ်နိုင် သရီးပို့လည်း မကယ်နိုင်း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ငြိမ်းစိုးဦး said...

တူးပြီး ပို့တဲ့ တူးပို့တွေ ခေတ်စားတတ်တာကို လူငယ်တွေက ပညာအသိနဲ့ ရှောင်နိုင်ဖို့ ... နှစ်သစ်မှသည် သိတတ်လို့ တတ်သိပြီး သတ္တိတွေတိုးကာ ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြငိ့် ဦးဆောင်နိုင်ပါစေ ...