ကိုယ်ရေးကိုယ်တာ ၂၀၁၄
၂၀၁၄ ဟာ ကိုယ်ရေးကိုယ်တာ
အဆန်ဆုံးနှစ် လို့ ဆိုရမယ်။ ဘာကိုမှ မလိုချင်၊ ဘာကိုမှ မမက်မော၊ ဘာကိုမှလည်း ကြိုတင်တွေးတော
ပူပန်စိတ်စောမှု မရှိ၊ ပြန်ပြောင်းတမ်းတ အောက်မေ့တသ နှမြောနောင်တတွေလည်း မရှိဘဲ မှန်သည်ဖြစ်စေ
မှားသည်ဖြစ်စေ ကိုယ့်ကမ္ဘာလေးထဲမှာ ကိုယ်နစ်မြုပ်ရင်း ချစ်ခြင်းမေတ္တာ အသစ်တစ်မျိုးကို
တစိမ့်စိမ့်ခံစားနေတဲ့ နှစ်။ လူ့လောကမှာ တစ်ယောက်ယောက်ကို ချစ်ရတာ သိပ်ကောင်းသလို ချစ်ချင်းရဲ့နောက်ကွယ်မှာ
စိုးရိမ်ပူပန် လောင်ကျွမ်းရတာကတော့ မကောင်းဘူး။ မိဘ မောင်နှမတွေကို ချစ်တော့လည်းဒီလိုပဲ။
ချစ်သူကို ချစ်တော့လည်း ဒီလိုပဲ။ သားသမီးကျပြန်တော့ လူ့ဖြစ်စဉ်တလျှောက်လုံးကို မျက်ဝါးထင်ထင်
ကြုံတွေ့ရတာဆိုတော့ ဒီ့ထက်ပို။ ချစ်ရတာ တုန်လို့။ ပူလောင်စရာတွေလည်း ပုံလို့။ ဆက်လက်
သင်ယူရဦးမယ့် ဖြစ်စဉ်။ တစ်နှစ်တာ အလုပ်အကိုင် ဇီးရိုး၊ ဝင်ငွေ စာမူခအနည်းငယ်။ ဖတ်ရှုလေ့လာပညာရေး
မိုင်းနပ်စ်၊ လူမှုရေးမှာ အောင်မှတ်ရရုံလေးနဲ့ အချိန်တွေကို မလှုပ်တလှုပ် ဖြတ်သန်းရင်း
ရှေ့တိုးမယ်ထင်ရတဲ့ ဆင်ဟာ နောက်ကို တစ်လှမ်းနှစ်လှမ်း ဆုတ်ရင်း အရှိန်ယူသလိုလိုနဲ့
ပက်လက်ကုလားထိုင်မှာ အေးအေးဆေးဆေး ထိုင်ချလိုက်တာမျိုး။ တစ်ဖက်ကလည်း ကိုယ်ငြိမ်သက်နေတဲ့
အခိုက်အတန့်ဟာ ရှည်ကြာလာတဲ့အခါ ဆုပ်ကိုင်လို့မရတဲ့ စာမျက်နှာတွေပေါ်မှာ ဟိုးတစ်ချိန်က
အစပျိုးထားတဲ့ ကိုယ့်လက်ရာတွေ စိတ်ကူးအကြံဥာဏ်တွေကို
သိသိသာသာ မသိမသိ မသာမသာ ဆွဲဆွဲစားစား ဒီလိုကိစ္စမျိုး
ရှိပါလားလို့ပဲ စိတ်အေးလက်အေး သံဝေဂ ယူလိုက်တဲ့နှစ်။ ပျောက်ဆုံးနေတာတချို့ ပြန်ရှာတွေ့တဲ့နှစ်။
ဆန်းသစ်တီထွင် အရှိန်အဟုန်မြှင့်ဖို့ နေနေသာသာ အဟောင်းအမြင်းတွေကိုတောင် ပုံနှိပ်ဖြစ်ဖို့
အားတိုက်အင်တိုက် ဘာမှ မလုပ်ဖြစ်/မလုပ်ချင်တဲ့ နှစ်။ စိတ်လှုပ်ရှားစရာ အဖြစ်အပျက်တွေ
အေးခဲတဲ့နှစ်။ အရွေ့အလျား ကျဉ်းမြောင်းတဲ့နှစ်။ ငါနှင့် ငါ့ ကိုသာ ဗဟိုပြု ပြိုင်ဆိုင်လိုခြင်း၊
ရယူလိုခြင်းတွေ ပါးလွှာတဲ့နှစ်။ မသိကျိုးကျွံမှုများ ထူထဲသောနှစ်၊ စက္ကန့်တံ ပေါ်မှာ စီးနင်းလိုက်ပါရင်း
အချိန်ရဲ့အသံကို တထစ်ချင်း နားထောင်ဖြစ်တဲ့နှစ်။ မသေချာတဲ့ လောကကြီးမှာ လောဘ ဒေါသ မောဟမီးဆိုတာ
ငြှိမ်းသတ်နိုင်ခဲတဲ့အရာတွေ ဆိုတော့လည်း ဒီလိုနှစ်မျိုး ဆင်တူ နောက်ထပ် ဆက်ရှိဦးမလား။
စောင့်ကြည့်သေးတာပေါ့ ၂၀၁၅။
ပန်ဒိုရာ
၂၉.၁၂.၂၀၁၄-၁.၁.၂၀၁၅
No comments:
Post a Comment