ကဗျာထဲက ယဉ်ကျေးမှုအရ
အငြင်းပွားဖွယ် စကားလုံးများ
အင်တာနက်ထဲမှာ
တွေ့ရတဲ့ ကဗျာတွေထဲမှာ သတိထားမိတဲ့ အချက်တစ်ချက်ကတော့ လူမှုဝန်းကျင်ရဲ့ အသားကျနေတဲ့
ထုံးတမ်းစဉ်လာကနေ ခွဲထွက်လာတဲ့ အသုံးအနှုန်းတွေ၊ အယူအဆတွေပဲ ဖြစ်ပါတယ်။ သတင်းစာတွေထဲမှာ
ပြောလေ့ရှိတဲ့ စကားအတိုင်းဆိုရင်တော့ မြန်မာ့ယဉ်ကျေးမှုနဲ့ ဖီလာဆန့်ကျင်နေတယ်လို့ ဆိုရပါမယ်။
ဂန္ထဝင်ကဗျာယဉ်ကျေးမှု၊ ကဗျာ့ထုံးတမ်းစဉ်လာ၊ ဆန်းကျမ်းတွေနဲ့ တိုင်းတာမယ်ဆိုရင်လည်း ကဗျာရေးတဲ့အခါ ဒီလို ရေးသားမှုတွေကို စကားလုံးကြမ်းတမ်းတဲ့ ဂါမ္မဒေါသသင့်တယ်လို့
ဆိုကြပါလိမ့်မယ်။
မြန်မာစကားမှာ
ယဉ်ကျေးမှု ဆိုတဲ့ ဝေါဟာရကိုက မရှင်းမရှင်း ဖြစ်တတ်ပါတယ်။ polite (ယဉ်ကျေးသိမ်မွေ့တယ်)
ဆိုတဲ့ အဓိပ္ပာယ်နဲ့ civilization (ပြောင်းလဲဖြစ်ပေါ်နေတဲ့ သမိုင်းယဉ်ကျေးမှု အလေ့အထ)
ဆိုတဲ့ အဓိပ္ပာယ်ကို ရောရောထွေးထွေး ပြောတတ်ကြပါတယ်။ ကဗျာဟာ polite ဖြစ်စရာ မဖြစ်မနေ
လိုအပ်ပါသလား။ civilization ဟာ ပြောင်းလဲတတ်တယ်ဆိုရင် ကဗျာ့ civilization ထဲမှာ ဘယ်ဟာက
polite ဖြစ်တယ် ဘယ်ဟာက polite မဖြစ်ဘူး ဆိုတဲ့ လူတွေရဲ့ သတ်မှတ်ချက်နဲ့ အယူအဆတွေကရော
အမြဲတစေ တသမတ်တည်း ဖြစ်နေနိုင်ပါဦးမလား။ ဒါတွေဟာ စဉ်းစားစရာ ဖြစ်လာပါတယ်။ ပြောင်းလဲတတ်တဲ့ ယဉ်ကျေးမှုစံ၊ တန်ဖိုးတွေနဲ့ ပတ်သက်လို့
ပြောဆိုရတာ အင်မတန် ခက်ခဲလှပါတယ်။
မသင့်တော်ဘူးလို့
ယူဆကြတဲ့ စကားလုံးတွေကို ပုံနှိပ်မီဒီယာထက် အင်တာနက်ထဲက ကဗျာတွေထဲမှာ အဓိက မြင်တွေ့လာရခြင်းရဲ့
အကြောင်းရင်းတစ်ခုက လွတ်လပ်မှုနဲ့ဆိုင်ပါတယ်။ ဒီလို ရေးသားလာကြတာ ယနေ့ခေတ်မှ လို့တော့
တပ်အပ်ပြောရတာ ခက်ပါတယ်။ ပုံနှိပ်မီဒီယာမှာရေးကြတဲ့ ကဗျာဆရာတွေထဲမှာလည်း ယခင်ကတည်းက
ဒီလို ရေးသားခဲ့ကြတာမျိုး ရှိနိုင်ပေမဲ့ အများပြည်သူ ဖတ်ရှုနိုင်တဲ့ နေရာတွေမှာ မြင်တွေ့ခွင့်ရဖို့တော့
ခက်ခဲပါတယ်။ (၁) စိစစ်ရေးကြောင့်ပါ။ (၂) အယ်ဒီတာတွေရှိလို့ပါ။ အခုအချိန်ကာလမှာတော့
စိစစ်ရေး မရှိတော့ပေမဲ့ အယ်ဒီတာတွေ ရှိနေပါသေးတယ်။ လူမှုဝန်းကျင်အတွက် အငြင်းပွားဖွယ်
အရေးအသားတွေနဲ့ ကဗျာတစ်ပုဒ်ကို ပုံနှိပ်စာစောင်ပေါ်ကို ဖြတ်သန်းပေးဖို့ အယ်ဒီတာ့အနေနဲ့
ခက်ခဲနေဦးမှာပါ။
ဒီနေရာမှာ
ကဗျာရည်ရွယ်ချက်က အရေးကြီးတယ်လို့ ယူဆပါတယ်။ ဖတ်သူတွေရဲ့ စိတ်ဝင်စားမှုကို ရအောင် တမင်ရေးသားကြတယ်၊
တစ်ယောက်ရေးလို့ အားကျမခံ လိုက်ရေးတယ်လို့ ထင်မြင်စရာတွေလည်း အများကြီး ရှိပါတယ်။ တချို့က
တီထွင်စမ်းသပ်မှု ကဗျာ့နည်းစနစ်ဆိုင်ရာ၊ ကဗျာဝါဒဆိုင်ရာကြောင့် ရေးသားကြတာဖြစ်နိုင်ပါတယ်။
အမေရိကန် flarf ကဗျာဆရာမ နာဒါဂေါဒင်က ကဗျာထဲကို ထည့်ရေးဖို့ မသင့်တော်ဘူး လို့ ယူဆကြတဲ့
စကားလုံးတွေကို သူတို့ရဲ့ flarf ကဗျာတွေမှာ တမင် ထည့်ရေးလေ့ရှိတယ်လို့ ၂၀၁၂ ခုနှစ်က
မြန်မာပြည်ကို သူအလည်လာခဲ့စဉ် ကျင်းပတဲ့ ကဗျာ workshop မှာ ပြောပြသွားခဲ့ပါတယ်။ flarf
ကဗျာကို လိုက်စားကြတဲ့ PEM Skool က ကဗျာဆရာတွေရဲ့ ကဗျာတွေထဲမှာ ဒီလို စကားလုံးတွေ တွေ့နိုင်ပါတယ်။
တချို့က သဘာဝကျအောင် လိုအပ်တယ် ထင်လို့ ရေးသားကြတာ ဖြစ်နိုင်ပါတယ်။ facebook ခေတ်မစားခင်
blog တွေထဲမှာ ကဗျာဆရာ မြေမှုန်လွင်ရဲ့ “သဘောပေါက်တဲ့အခါ ရီဝေမှုတွေနဲ့ မျှော်နေမှာပေါ့”
ဆိုတဲ့ ကဗျာတစ်ပုဒ်ကြောင့် အငြင်းပွားဖွယ်ဖြစ်ခဲ့ပါတယ်။
၂၀၁၂ ဧရာဝတီစာပေပွဲက ဆွေးနွေးပွဲတစ်ခုမှာတော့ ဆရာမြေမှုန်လွင်က သူ့ရဲ့ရေးသားမှုတွေဟာ
တကယ်တော့ realism တွေဖြစ်ကြောင်း၊ လူငယ်တွေရဲ့ အပြင်လက်တွေ့လောကမှာ ပြောဆိုနေကြတဲ့
အသုံးအနှုန်းတွေ၊ ဖြစ်ပျက်နေကြတဲ့ အဖြစ်အပျက်တွေကို သူက အရှိအတိုင်း ပြန်ပြောပြခြင်းသာဖြစ်ကြောင်း
ရှင်းပြခဲ့ပါတယ်။
လိင်ပိုင်းဆိုင်ရာ
ပွင့်လင်းရဲတင်းတဲ့ အသုံးအနှုန်းတွေ၊ အရိုအသေ ကင်းမဲ့တယ်လို့ ယဉ်ကျေးမှုအရ သတ်မှတ်ကြတဲ့
ပြောဆိုမှုတွေ၊ ဆဲရေးတယ်လို့ သတ်မှတ်ထားတဲ့ စကားလုံးမျိုးတွေကို အင်တာနက်ထဲက ကဗျာအချို့မှာ တွေ့မြင်နေရပါတယ်။ လူငယ်အမျိုးသားတွေသာမက
လူငယ်အမျိုးသမီးတွေပါ ဒီလို ရေးသားနေတာကလည်း အထူးအဆန်း မဟုတ်တော့ပါဘူး။ ကဗျာဆရာမ ချိုပိန်းနောင်ရဲ့
ကဗျာတစ်ပုဒ်ကို တင်ပြလိုက်ပါတယ်။
အမေဟာ
စောက်ဆန်းကြီး
အမေဟာ
တစ်နှစ်မှာ တစ်ခါလောက်ကျမတို့ကို စောက်ဆန်းကြီးတွေ လုပ်လုပ်ပြတယ်
လုပ်ပြတိုင်းလည်း
ကျမတို့ ထင်မထားတဲ့ရက် ထင်မထားတဲ့ အချိန်တွေမှာချည့်ပဲ
အခုလည်း
လွန်ခဲ့တဲ့ ၈ ညက ကျမကဗျာစာအုပ်တစ်အုပ်လက်ဆောင်ရလာတယ်
တစ်ခါမှ
ကဗျာမဖတ်တဲ့ အမေက ပြစမ်းဆိုပြီး စာအုပ်လာလှန်တယ်
ကျမပြလိုက်တော့
ငါဝယ်မယ်ဆိုပြီး ပိုက်ဆံပေးသွားတယ်
ကျမမှာ
စောက်ဆန်းကြီးဖြစ်လို့
နောက်ရက်တွေမှာ
သူနဲ့အတူအိပ်နေကျ အဖေနဲ့ မအိပ်တော့ဘူးဆိုပြီး အဖေ့ကို ကုတင်ပေါ်က မောင်းချတယ်
အဖေက စောက်ဆန်းကြီးဖြစ်ပြီး
အပြင်ကို ထွက်အိပ်တယ်
အမေက နှစ်ယောက်အိပ်ကုတင်ပေါ်မှာ
အကျအနမှောက်
ဘေးက မှန်အိမ်ကို
မီးစာအဆုံးထိမြှင့်ပြီး
ကဗျာစာအုပ်ကို
ကောက်ဖတ်တယ်
ဖတ်ရင်း
ဖတ်ရင်း တစ်ခါတစ်လေ အင်း အင်းဆိုပြီး သူ့ဟာသူ စာအုပ်ကို ခေါင်းတွေညိတ်ပြတယ်
သုံးလေးရက်
ဒီတိုင်းလုပ်နေတယ်
ကျမက တံခါးကြားက
ခိုးကြည့်နေတော့ သူဘာလုပ်လဲမြင်ရတယ်
တစ်မနက်ကျ
ဒီစာအုပ်ထဲ နင့်ကဗျာတွေပါတယ် ဒီလိုမှန်းသိ ငါမ၀ယ်ပါဘူးဆိုပြီး အတင်းလာပြန်ပေးတယ်
ကျမပြန်ပေးလိုက်တော့
အင်တင်တင်နဲ့ ပြန်ယူသွားတယ်
နေ့လယ်စာ
စားပြီးတော့ သူကျမကိုလာပြောတယ်
“ဒီကဗျာစာအုပ်ထဲက
ကဗျာဆရာတွေလက်မှတ်ငါလိုချင်တယ်”
ကျမနဲ့
သိပ်မသိတဲ့ ကဗျာဆရာတွေဆီ ကျမသွားတယ်
လက်မှတ်လေးထိုးပေးပါလို့
သွားတောင်းဆိုတယ်
အားလုံး
ကြည်ကြည်သာသာလက်မှတ်ထိုးပေးကြတယ်
ဒီမှာ
လက်မှတ်တွေပါလာပြီ လာကြည့်စမ်းလို့ အိမ်ရောက်ရင် ပြောလိုက်မယ်လို့ ၀မ်းသာပြီး ကျမအားခဲလာတယ်
သူဝမ်းသာသွားမှာပဲ
အိမ်ပြန်ရောက်တော့
ဒီမှာလက်မှတ်တွေပါလာပြီ လာကြည့်စမ်းလို့ ကျမသူ့ကိုပြောလိုက်တယ်
အေး ဒီမှာချထား
ကျမ သူ့ကိုကြည့်ပြီး
သူပြောတဲ့နေရာမှာ စာအုပ်ချထားပေးလိုက်တယ်
အဲဒီညက
သူအလုပ်များတယ်
ကျမကလည်း
ညဘက်အိမ်ပြန်မအိပ်ဘူး
နောက်ရက်တွေလည်း
ကျမအိမ်ပြန်မအိပ်ဖြစ်ဘူး
သူ့သတင်းကိုလည်း
ကျမ မကြားဘူး
နောက်ရက်
ကျမအိမ်ပြန်တယ်
ကဗျာစာအုပ်ကို
ကျမမေ့နေတယ်
ညဘက်ရောက်မှ
အမေမှန်အိမ်ကိုင်နေမှ သတိရပြီး သူ့ကို မေးလိုက်တယ်
အမေ ကဗျာစာအုပ်ရော
သူက ပြန်ပြောတယ်
အေး ငါမေ့နေတာ
ရှိတယ် ဟုတ်တယ် ဟုတ်တယ်
ဆိုပြီး
ကဗျာစာအုပ်ကို မီးဖိုချောင်ထဲက သွားဆွဲထုတ်လာပြီး အနောက်ဖက်ထွက်သွားတယ်
ကျမ သူဘာလုပ်မလဲသိရအောင်
သူ့နောက်လိုက်သွားတယ်
အိမ်နောက်က
မြေကွက်လပ်မှာ သူစာအုပ်ကိုချတယ်
လေတိုက်နေတော့
စာရွက်တွေက တဖျတ်ဖျတ်လန်နေတယ်
ကဗျာဆရာတွေရဲ့
လက်မှတ်မည်းမည်းတွေကို လရောင်အောက်မှာ မည်းမည်းမြင်ရတယ်
စာအုပ်ကိုကြည့်နေတော့
သူ့လက်ထဲက ရာဘာတုံးလေးနဲ့ မီးခြစ်ကို သတိမထားမိဘူး
အမေဟာ
စတင်မီးရှို့တော့တာပဲ
ကျမ သူ့ကိုကြည့်နေတယ်
သူ ကျမကိုပြန်ကြည့်တယ်
ပြီးတော့
စာအုပ်တကယ်ပြာကျ မကျ ပြန်ကြည့်တယ်
ပြာကျသွားတော့
မီးလောင်စာတွေကို ရေနဲ့ပြန်ပက်တယ်
ငါ့စာအုပ်လေး
နှမြောစရာလို့ သူရွတ်တယ်
ဂွတ်နိုက်လို့
သူပြောတယ်
ငါမနက်
အလုပ်သွားရဦးမယ်
အမေဟာ
ဒီအချိန်ဆို တရှူးရှူးအိပ်ပျော်နေမှာပဲ
အမေဟာတကယ်
စောက်ဆန်းကြီးပဲ။ ။
ချိုပိန်းနောင်
(3/28/15)
(Saturday) (11:16 PM)
(Thanks
Mom. I inspired you! )
ရိုးရှင်းတဲ့
ဖွဲ့စည်းပုံနဲ့ ရေးထားတဲ့ ချိုပိန်းနောင်ရဲ့ ကဗျာမှာ အဓိက ဆန်းပြား အငြင်းပွားဖွယ်
အချက်ကတော့ အနန္တဂိုဏ်းဝင်လို့ မြန်မာ့ထုံးတမ်းစဉ်လာအရ၊ အထူးသဖြင့် ဗုဒ္ဓဘာသာအရ သတ်မှတ်ထားတဲ့
မိခင်ကို ဆဲရေးတဲ့စကားလုံးလို့ သတ်မှတ်ကြမဲ့ ဘန်းစကားတစ်ခုနဲ့ ယှဉ်တွဲထားတာပါပဲ။ ရှေ့မှာ
ဖော်ပြခဲ့သလို ကဗျာ့ရည်ရွယ်ချက်က အရေးကြီးပါမယ်။ ကဗျာပါ အကြောင်းအရာဟာ တကယ့်အဖြစ်အပျက်နဲ့
ဆက်စပ်နေပါတယ်။ သိရသလောက် ချိုပိန်းနောင်ရဲ့ အမေဟာ ကဗျာစာအုပ်ကို ဖတ်တာ၊ ကဗျာဆရာတွေကို
လက်မှတ်ထိုးခိုင်းတာ တကယ်ဖြစ်ပါတယ်။ ဒါပေမဲ့ ကဗျာတစ်ပုဒ်လုံးကို အတည်ယူဖို့ကတော့ ခက်ပါတယ်။
ယနေ့ခေတ်မှာ မသုံးတော့တဲ့ မှန်အိမ်နဲ့ စာဖတ်တယ် ဆိုတာ ဖြစ်နိုင်မဖြစ်နိုင် ဆိုတာကို
သတိပြုမိတဲ့အခါ၊ အမေက စာအုပ်ကို မီးရှို့တယ်ဆိုတာကလည်း တကယ် ဖြစ်ခဲ့တာ ဟုတ်မဟုတ်၊ ဒါဆိုရင်
ကဗျာထဲမှာ မိခင်ကို မလေးစားတဲ့ ရည်ရွယ်ချက်နဲ့ အငြင်းပွားဖွယ် ဝေါဟာရကို သုံးလိုက်တာရော
ဟုတ်ပါ့မလား၊ ဆရာမြေမှုန်လွင်ပြောခဲ့သလို ဒီဝေါဟာရဟာ ယနေ့ခေတ် လူငယ်တို့ကြားမှာ သာမန်အသုံးတစ်ခုမို့
ပြောဆိုနေကျ သဘာဝအတိုင်း ထည့်သွင်းထားသလား ဆိုတာကို စဉ်းစားစေပါတယ်။ တကယ်လို့ ဆဲရေးလိုတဲ့
ရည်ရွယ်ချက်နဲ့ ရေးခဲ့တယ်ဆိုရင်ရော၊ ဒါဆိုရင် လူငယ်တွေရဲ့ စံတန်ဖိုးတွေကို နားလည်ဖို့
လိုအပ်လာပါပြီ။
မူဝါဒရေးဆွဲသူတွေ၊
ယဉ်ကျေးမှု ထိန်းသိမ်းသူတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ ဒါမှမဟုတ် ခေတ်သစ်အဖွဲ့အစည်းကို
အားပေးလိုသူတွေ၊ တီထွင်ဆန်းသစ်လိုသူတွေ၊ အမျိုးမျိုးသော ဝါဒရေးရာတွေအတွက်တော့ ဒီတွေ့ရှိချက်အပေါ်မှာ
ကဲ့ရဲ့ခြင်း၊ တားမြစ်ခြင်း၊ တိုက်တွန်းခြင်း၊ ချီးကျုးခြင်း စသည်ဖြင့် ဘက် တစ်ဘက်ဘက်ကနေ
တစ်ခုခု အရေးယူဆောင်ရွက်ကောင်း ဆောင်ရွက်ပါလိမ့်မယ်။ လေ့လာသူအတွက်ကတော့ ဒီလို အရေးအသားတွေနဲ့
ပတ်သက်လို့ တွေ့ရှိချက်ကို အင်တာနက်ထဲက ကဗျာအချို့ရဲ့ စရိုက်လက္ခဏာ အချက်အလက်တစ်ခုအဖြစ်
မှတ်သားရုံသာ ဖြစ်ပါတယ်။
ပန်ဒိုရာ
၁၄.၄.၂၀၁၅
(နှင်းဆီဖြူဂျာနယ်
အမှတ် ၅ တွင် ဖော်ပြပါရှိပြီး)
3 comments:
ကဗျာလို့ ပြောရမှာတောင် ကြောက်မိတယ်။
ကိုယ်ကပဲ ရှေးရိုးစွဲ ဖြစ်နေသလား မသိပါဘူး။ :(
■ လီးလိုလိုမှိုလိုလိုကောင် ■
လီးလိုလိုမှိုလိုလိုကောင်ဟာ ရွံစရာပဲ
တစ်ယောက်ယောက်နဲ့ ဓာတ်မတည့်တဲ့အခါ အဆိပ်သင့်ရတယ်
ဒါကြောင့် လီးလိုလိုမှိုလိုလိုကောင်ဟာ လီးလိုလိုမှိုလိုလိုပဲ ဖြစ်သင့်တယ်
အဲဒီလီးလိုလိုမှိုလိုလိုကောင် လူလည်းလာဖြစ်ရော
လူတော်တော်များများလည်း လီးလိုလိုမှိုလိုလိုတွေ ဖြစ်ကုန်ကြတယ်
လီးလိုလိုမှိုလိုလိုကောင်ဟာ စိတ်ညစ်ရော
သူ စိတ်ညစ်ညစ်နဲ့ ကော်ဖီတွေလှိမ့်သောက်တယ်
စိတ်ညစ်ညစ်နဲ့ စာအုပ်တွေလှိမ့်ဖတ်တယ်
စိတ်ညစ်ညစ်နဲ့ လူ့အဖြစ်ကိုခံယူတယ်
လီးလိုလိုမှိုလိုလိုကောင်ရဲ့ လူသားမိဘတွေက
လီးလိုလိုမှိုလိုလိုကောင်ကို လူတစ်လုံးသူတစ်လုံးဖြစ်စေချင်ကြတယ်
လီးလိုလိုမှိုလိုလိုကောင်က ဉာဏ်ကောင်းတော့
တခါတခါ လူနှစ်လုံးလူသုံးလုံးအထိ ဖြစ်သွားတတ်တဲ့အခါကျ
ပတ်ဝန်းကျင်နဲ့ အဆင်မပြေမှာစိုးလို့ သူတို့က ပြန်ပြန်ရိုက်ချပေးကြတယ်
(ပတ်ဝန်းကျင်မှာက လူတစ်လုံးသူတစ်လုံးဖြစ်နေကြသူတွေချည်း)
ဒါကြောင့် လီးလိုလိုမှိုလိုလိုကောင်ဟာ မပျော်ဘူး
မပျော်ပေမယ့်လည်း ကျောင်းနေရတယ်
စာမတော်ပေမယ့်လည်း တစ်နှစ်တစ်တန်းမှန်မှန်အောင်တယ်
ကြိုးစားပြီး ကျရှုံးသွားရတဲ့အခါကျမှ
မြတ်နိုးတန်ဖိုးထားဖွယ်အဓိပ္ပါယ်ရတဲ့ ပညာဆိုတာကို စတွေ့ရတယ်
လီးလိုလိုမှိုလိုလိုကောင် နောက်ကျပေါ့
ပညာနဲ့ပတ်သတ်ပြီး နောက်ကျတယ်
ချစ်ခြင်းမေတ္တာနဲ့ပတ်သတ်ပြီး နောက်ကျတယ်
မှောက်ကျသွားတဲ့ခွက်ထဲ လူသားဆန်တဲ့အရာတွေ အကုန်ပါသွားခဲ့ပြီလားလို့ လီးလိုလိုမှိုလိုလိုကောင်က စဉ်းစားတယ်
သူ့စဉ်းစားမှုဟာ လူသားကောင်မလေးရဲ့ ထမီအနားစပေါ်က ဇာပန်းပွင့်လေးဖြစ်သွားတယ်
သူ့စဉ်းစားမှုဟာ တနင်္လာနေ့ မွန်းတည့် ၁၂နာရီ ဖြစ်သွားတယ်
သူ ချစ်တယ် အံဩစရာပဲ
လီးလိုလိုမှိုလိုလိုကောင်ဟာ ချစ်တတ်သွားတယ် အံ့ဩစရာပဲ
ရုပ်သံအစီအစဉ်တွေထဲကလို 'ဝါး'လို့ အကျယ်ကြီးမအော်မိပဲ တိတ်ဆိတ်သွားတယ်
အဲဒီ တိတ်ဆိတ်မှုဟာ ရွှေဝါရောင်နှင်းပန်းခင်းကြီးဖြစ်လာပြီး
လူသားမလေးရယ် ချစ်လိုက်တာလို့ အိပ်မက်မက်တိုင်း သူထထယောင်တတ်လာတယ်
ပျော်စရာနေ့တွေပါပဲ
ဒါနဲ့ ပျော်ရွှင်မှုတွေ လွတ်ထွက်မသွားရအောင်ဆိုပြီး လီးလိုလိုမှိုလိုလိုကောင်ဟာ သူ့ကိုယ်သူ စနစ်တကျ လူ့ဘဝနဲ့ ချည်နှောင်ခဲ့တယ်
သူငယ်ချင်းတွေ ဆရာသမားတွေ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ချည်နှောင်တယ်
ကဗျာ ဂီတ အနုပညာနဲ့ ချည်နှောင်တယ်
စစ်ပွဲ ကျည်ဆန် ပလူတိုနီယမ်နဲ့ ချည်နှောင်တယ်
ပျော်လွန်းအားကြီးသွားလို့ လီးလိုလိုမှိုလိုလိုကောင်ဟာ ငါဟာ လီးလိုလိုမှိုလိုလိုကောင်တစ်ယောက်ပါလားဆိုတာ မေ့သွားတယ်
ခက်တာက သူမေ့ပေမယ့် လူတွေကတော့ မမေ့ဘူး
လူတွေက သတိတရရှိတတ်ကြတယ် အငြိုးအတေးထားတတ်ကြတယ်
သဘာဝတရားထဲ အသိဥာဏ်အကောင်းဆုံးဆိုပြီး ဝါကြွားတတ်ကြတယ်
မြို့ပေါ်က အုတ်နံရံတွေပေါ်မှာ peaceလို့ရေးထားကြပြီး တောထဲက peaceဆိုတာ ဘယ်ဘာသာစကားနဲ့ ရေးထားမှန်းတောင်မသိတဲ့လူတွေကို သတ်ဖြတ်တတ်ကြတယ်
Give me a hug ဆိုပြီး ခါးကြားထဲ ဓားမြောင်ဝှက်ထားတတ်ကြတယ်
လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေဆိုတဲ့စာသားကို စိတ်မပါပဲ မိုက်ကရိုဖုန်းနဲ့ လှိမ့်အော်တတ်ကြတယ်
ဒီတော့ လူတွေထဲ လီးလိုလိုမှိုလိုလိုကောင်ဟာ မပျော်တော့ပြန်ဘူး
ဒါပေမယ့် ကျောင်းပြီးသွားတဲ့အတွက် ကျောင်းထပ်နေလို့လည်း မရတော့ဘူး
သူ့ကို ချည်ထားပြီဖြစ်တဲ့ ကြိုးတွေထဲက တချို့ဆီကလည်း အပုပ်နံ့တွေရလာ
လူ့အဖြစ်ဆိုတာ ဘာအရသာကြီးလဲလို့ တွေးလိုက်တာနဲ့တင် သူ့လည်ချောင်းတလျှောက် ပျို့တက်လာပြီး လီးလိုလိုမှိုလိုလိုကောင်ဟာ အန်ချပစ်ချင်လာတယ်
သူ အန်ချပစ်လိုက်ပုံဟာဆန်းကြယ်
မာန်တက်နေတဲ့ မျက်လုံးတိုင်းကို အန်တယ်
လိမ်လည်နေတဲ့ လျှာဖျားတိုင်းကို အန်တယ်
ကိုယ်ချင်းစာမှုကင်းမဲ့တဲ့ ခြေလက်တိုင်းကို အန်တယ်
မနာလိုမှုအပြည့်နဲ့ စီးဆင်းနေတဲ့သွေးစသွေးနတိုင်းကို အန်တယ်
မွဲတေနေတဲ့ နှလုံးသားတိုင်းကို အန်တယ်
နောက်ပြီး လူစော်နံနေတဲ့ သူ့ရဲ့ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေကိုပါ သူ အန်ချပစ်လိုက်တယ်
အခုဆို လီးလိုလိုမှိုလိုလိုကောင်ရဲ့ အန်ဖတ်ထဲ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပြန့်ကြဲလို့
မဟာ့မဟာအန်ခြင်းဖြစ်စဉ်ကြီးကို ရက်သတ္တပတ်တစ်ပတ်နီးပါး အကြီးအကျယ်ပြုခဲ့ပြီးနောက်မှာတော့ သူ့ကို လီးလိုလိုမှိုလိုလိုရုပ်နဲ့ဆိုပြီး ဆဲခဲ့ဖူးတဲ့လူတွေရဲ့ မျက်နှာအရေပြားတွေတိုင်းကို တစိမ့်စိမ့်ကြည့်ပြီး လီးလိုလိုမှိုလိုလိုကောင်ဟာ ခြေပစ်လက်ပစ်ထိုင်ချပစ်လိုက်တော့တယ်
လူ့ဘဝထဲ လီးလိုလိုမှိုလိုလိုကောင်ဟာ သိပ်ပင်ပန်းနေပါတယ်။
- ဆစ်ခ် -
မတ်၊ ၂၀၁၆
စာကြွင်း - 'လီးလိုလိုမှိုလိုလိုကောင်'ဆိုတဲ့ စကားလုံးအစုအဝေးနေရာတိုင်းမှာ ခင်ဗျားနာမည်ထည့်သွင်းဖတ်ရှုလိုက ဖတ်ရှုနိုင်ပါတယ်။
အဲ့ဒီအရေးသားမျိုး
ကျနော်တို့လိုအတုမြင်အတတ်သင်တွေအတွက်
ရှိသင့်တယ်လို့ယူပါသလား ဆရာမခင်မျ။
တကယ်လိုအပ်လို့မဟုတ်ပဲ ဘန်းစကားသက်သက်ဆိုရင် ကဗျာ့အနာဂတ်အတွက်အန္တရယ်တစ်စုံတစ်ရာရှိလာနိုင်မလားခင်မျ
Post a Comment