Wednesday, August 19, 2009

ငါ့သူငယ်ချင်းက စိတ်ဆိုးနေတယ်






ငါ့သူငယ်ချင်းက စိတ်ဆိုးနေတယ်


ပင်လယ်ကြီးတခုလုံးမှောက်ကျသွားတော့
တစစီ လိုက်ကောက်နေရတယ်
ထိုင်ရာကထတယ်
ပြန်ထိုင်တယ်
ပြူတင်းပေါက်နားခဏရပ်တယ်
လက်ပတ်နာရီကိုတကြည့်ကြည့်လုပ်တယ်
စာအုပ်တွေကိုဟိုလှန်ဒီလှန်
ညစာစားပြီးပြီလား မစားရသေးဘူးလား
ချွေးတွေတဒီးဒီးနဲ့ကိုယ်လက်ယားယံတယ်
ရာသီဥတုကိုက ဆိုးရွားလွန်းလှတယ်
ရေခဲသေတ္တာထဲကရေကလည်း အေးစက်လွန်းနေတယ်
သောက်မိတဲ့ကော်ဖီက ပေါ့ကြောင်ပူခါးနေတယ်
ကုလားထိုင်တစ်လုံး ကိုးလိုးကန့်လန့်ဘယ်သူချထားသလဲ
ဒီနားက စာအုပ်တွေ ဘယ်သူယူသိမ်းလိုက်သလဲ
နာရီနှိုးစက်ကို ဘယ်သူမှ မပိတ်ကြဘူးလား
ဒီမှာပြောနေတာ မကြားဘူးလားးးးးးးးးးးး
ကြောင်တကောင်စူးစူးဝါးဝါးအော်သွားတဲ့ည
လင်းနို့တွေတဖြန်းဖြန်းထပျံသွားတဲ့ည
အ၀ါနဲ့အပြာပေါင်းတာ အနီရောင်ဖြစ်သွားတဲ့ည
အတွေးတွေကို ဖြတ်ရိုက် တွန့်ကွေးပစ်လိုက်တဲ့ည
ဖန်ခွက်တလုံးကို ချိုးဖဲ့ အရည်ဖျော်မိတဲ့ည
နံရံကို လက်သီးနဲ့ ထိုးမိတဲ့ည။

ပန်ဒိုရာ




Note:
မောင်တိန်ကပြောပါတယ်. ပင်လယ်ကြီးမှောက်ကျတယ် ဆိုတဲ့အသုံးက ဆရာသစ္စာနီ က ကဗျာတစ်ပုဒ်မှာ ရေးထားတယ်တဲ့။ ပန်ဒိုရာလည်း လွတ်သွားတဲ့ ကာလတွေမှာ ကဗျာတွေ စုံအောင် မဖတ်ဖူးလို့ မသိပါ။ တချို့ကဗျာတွေက မနော်ကျေးဇူးနဲ့ ခုမှ လိုက်ဖတ်နေဆဲ။ ဆရာ့ကို ခရက်ဒစ် ပေးလိုက်ပါတယ်။
နောက်လည်းတွေ့ရင် ပြောပါ။

Expand..

Monday, August 17, 2009

ဘက်လိုက်တတ်တဲ့ ကြားနေမှုတွေ အကြောင်း


ပုံ ဒီက

No Man’s Land ဆိုတဲ့ စပိန်စကားပြော အင်္ဂလိပ် စာတန်းထိုး ဒီဗွီဒီ လေး ကြည့်ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်က ထုတ်ခဲ့တဲ့ ကားပါ။ ဘော့စနီးယား စစ်မြေပြင်ကို အခြေခံထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ Branko Djuric နဲ့ Rene Bitorajac တို့က အဓိက သရုပ်ဆောင်ထားပါတယ်။

No Man’s Land ဆိုတာ စစ်ပွဲတစ်ပွဲမှာ ရန်သူဘက် ကိုယ့်ဘက် နယ်နိမိတ်နှစ်ခုထဲမှာ မဟုတ်ဘဲ ကြားမှာ လွတ်နေတဲ့ နေရာကို ခေါ်တယ်လို့ ဆိုကြပါတယ်။ ဘယ်ဘက်ကပိုင်သလဲ ဆိုတာ အငြင်းပွားတဲ့ နေရာ ဖြစ်နိုင်သလို ကိုယ့်လျှောက်မြောင်း (trench) ထဲက ထွက်ပြီး အဲဒီမှာ သွားနေရာယူလိုက်ရင် တဘက်က တိုက်ခိုက်မှုကို ခံရနိုင်တာမို့ ဘယ်သူမှ မယူတဲ့နေရာ လို့လည်း ပြောတယ်။

ဇာတ်လမ်းရဲ့အစမှာ အရုဏ်ဦး ဝေလီဝေလင်းမှာ ချီတက်လာတဲ့ ဘော့စနီးယား စစ်သားတစုဟာ No Man’s Land မှာ အတိုက်ခိုက်ခံရပုံကို ပြထားပါတယ်။ အဲဒီမှာရှိနေတဲ့ လျှောက်မြောင်း ထဲကို ချီကီ (Ciki) လို့အမည်ရတဲ့ စစ်သားတစ်ယောက်ပဲ အသက်မသေဘဲ ကျသွားခဲ့တယ်။ နောက်ကျတော့ တဘက်ရန်သူဖြစ်တဲ့ ဆာ့ဘ် တပ်က စစ်သားနှစ်ယောက်က အဲဒီအထဲမှာ ကျန်နေသူတွေကို ရှင်းလင်းဖို့လာကြတယ်။ မအူမလည် နီနို (Nino) ဆိုတဲ့ စစ်သားလေးရယ် သူ့ထက်ပိုဝါရင့်ပုံရတဲ့ နောက်တစ်ယောက်ရယ်။

သူတို့လာတာကို သိတော့ ချီကီက အတွင်းမှာ ၀င်ပုန်းနေခဲ့တယ်။ အဲဒီအချိန်မှာ အပြင်ဘက်မှာ ချီကီရဲ့ ရဲဘော်ဖြစ်တဲ့ စစ်သားတစ်ယောက်ရဲ့ အလောင်းက ရှိနေတယ်။ ဆာ့ဘ် စစ်သားအကြီးက နီနိုကို သင်ပြဖို့အတွက် အဲဒီအလောင်းအောက်မှာ လှုပ်ရှားလိုက်ရင် ပေါက်ကွဲနိုင်တဲ့ မိုင်းတစ်ခုကို ထည့်ပြလိုက်တယ်။ အလောင်း လာကောက်သူတွေကို ခြေမှုန်းဖို့ပေါ့။ နောက်တော့ ချီကီက သေနတ်နဲ့ ပစ်လိုက်တာကြောင့် အဲဒီ ဆာ့ဘ်စစ်သားအကြီး သေသွားတယ်။ နီနိုကိုတော့ ချီကီက မသတ်ဘဲ ထားလိုက်တယ်။ သူဒီနေရာကနေ လွတ်မြောက်ဖို့အတွက် တခုခုအသုံးဝင်လို ၀င်ငြားပေါ့။

ပြဿနာစ လာတာကတော့ အလောင်းလို့ ထင်ရတဲ့ ချီကီရဲ့ သူငယ်ချင်းစစ်သားက တကယ့်တကယ်မှာ သေမနေတဲ့အခါမှာပါ။ ဒဏ်ရာတွေနဲ့ မေ့မျောနေရာက ပြန်သတိရလာတဲ့အခါ လှုပ်လိုက်ရင် ပေါက်မယ့် မိုင်းကို ကျောအောက် ခုထားခံရတာကို သိတဲ့အခါ သူ့ခမျာ ဒုက္ခရောက်ရတော့တယ်။

သူတို့ဟာ ပိတ်မိနေတာကို အကယ်ခံရဖို့ တနည်းနည်းကြံရတော့တယ်။ သေနတ်ကိုင်ထားတဲ့ ချီကီက နီနိုကို ယူနီဖောင်းချွတ်ပြီး အလံဖြူဝှေ့ယမ်းပြီး လျှောက်မြောင်းအ၀မှာ အော်ဟစ်ခိုင်းတယ်။ အဲဒီအနီးအနားမှာ ကုလသမဂ္ဂ တပ်တွေလည်း ရှိနေတယ်။ သူတို့က လှမ်းမြင်လိုက်တယ်။

တိုတိုပြောရရင် အဲဒီနောက်ပိုင်းမှာ ပြင်သစ်လူမျိုး တပ်ကြပ်တစ်ယောက်ဖြစ်တဲ့ မာချန် (Marchand) က ပိတ်မိနေတဲ့ ချီကီတို့ စစ်သားသုံး ယောက်ကို တွေ့သွားပြီ ကယ်ဖို့ ကြိုးစားပါတယ်။ သူ့အထက်အရာရှိကြီးကတော့ အဲဒီလိုကူညီဖို့အတွက် အမိန့်မပေးဘူး။ ဘော့စနီးယားမှာ တာဝန်ကျတဲ့ ကုလသမဂ္ဂတပ်တွေရဲ့ အခန်းကဏ္ဍက လူသားချင်းစာနာတဲ့ အကူအညီတွေ ရောက်လာတာကို စောင့်ရှောက်ပေးဖို့နဲ့ စစ်ပွဲမှာ ဘက်မလိုက်ဘဲ ကြားနေတဲ့ ဘေးကလူ သက်သက်သာလျှင်ဖြစ်လို့ ဆိုပဲ။

အဲဒီအချိန်မှာပဲ အင်္ဂလိပ် သတင်းထောက် အမျိုးသမီးတစ်ယောက် က ချီနိုတို့ကို ကယ်ထုတ်ဖို့ စိတ်ပြင်းပြနေတဲ့ မာချန်ကို ကူညီလိုက်ပါတယ်။ မီဒီယာလက်နက်နဲ့ ခြိမ်းခြောက်လိုက်တာပေါ့။ အဲဒီလို စီစဉ်နေတဲ့ အချိန်တွေ ကြာနေတုန်းမှာပဲ ချီကီနဲ့ နီနိုတို့ကြားမှာ ဆက်ဆံရေးက တဖြည်းဖြည်း တင်းမာလာတယ်။ နီနိုက ချီကီကို အလစ်မှာ သတ်ဖို့ကြံတယ်။

ကုလတပ်တွေက ကယ်ထုတ်ခွင့်ရဖို့ အဆင်ပြေသွားတော့ နောက်တခေါက် ပြန်ရောက်လာတယ်။ နီနိုက သူတစ်ယောက်တည်း အရင် ပြန်လိုက်မယ် လို့လုပ်တော့ ချီကီက သူ့ခြေထောက်ကို သေနတ်နဲ့ ပစ်ချိုးပြီး တားလိုက်တယ်။ မိုင်းရှင်းတဲ့သူလည်း ရောက်လာပါတယ်။ မိုင်းက အောက်မှာ ပိနေတာ ရှာရတာ တော်တော် ခက်တယ်။ နောက်တော့ မပေါက်ကွဲအောင် ဖယ်ရှားဖို့ မဖြစ်နိုင်တဲ့ မိုင်းအမျိုးအစား ဆိုတာကို သိသွားခဲ့တယ်။

အဲသည့်နောက် ကုလ တပ်သား တွေနဲ့အတူ ချီကီရော နီနိုပါ လျှောက်မြောင်းထဲကနေ တက်လာကြပါတယ်။ သူတို့ကို ကယ်ထုတ်ဖို့ အစပိုင်းက အမိန့်မပေးခဲ့တဲ့ အရာရှိကြီးလည်း တိုက်ရိုက်လွှင့်နေတဲ့ မီဒီယာတွေ ရှေ့မှောက်ကို ရဟတ်ယာဉ် တစ်စီးနဲ့ ရောက်လာပါတယ်။

အဲဒီအချိန်မှာ ချီကီနဲ့ နီနိုတို့က တစ်ယောက်ကို တစ်ယောက် ငြိုးနေကြတုန်းပဲ။ ချီကီက သူ့ကို စောင့်ကြည့်သူတွေ အလစ်မှာ သေနတ်တစ်လက်ကို ယူပြီး နီနိုကိုပစ်ထည့်လိုက်တယ်။ ချီကီကို ကုလတပ်သားတစ်ယောက်က ပြန်ပစ်လိုက်ရတော့တယ်။ အဲဒီမှာ ချီကီရော နီနိုပါ (အကယ်ခံရပြီးခါမှ) ပွဲချင်းပြီး သေသွားတာပါပဲ။ ကုလတပ်သားတွေ သတင်းထောက်တွေ တိုက်ရိုက်လွှင့်နေတဲ့ မီဒီယာကို ကြည့်နေကြသူတွေ အားလုံး တိတ်ဆိတ်သွားတယ်။

ဇာတ်သိမ်းမှာတော့ စစ်သားနှစ်ယောက်ရဲ့ အလောင်းရယ်.. တိတ်ဆိတ်စွာ ပြန်ဆုတ်ခွာသွားရတဲ့ သတင်းထောက်တွေ ကုလတပ်သားတွေရယ်.. အချိန်တခုကို စောင့်ရင်း မိုင်းပေါ်မှာလဲလျောင်းပြီး ချစ်သူရဲ့ဓာတ်ပုံလေးကို ထုတ်ကြည့်နေတဲ့ လျှောက်မြောင်းထဲမှာ တစ်ယောက်တည်း ကျန်ခဲ့တဲ့ စစ်သားတစ်ယောက်ရယ်….။

ဇာတ်လမ်းအကြမ်းဖျဉ်းက ဒီလောက်ပါပဲ။ ဒီဇာတ်လမ်းမှာ မှတ်မှတ်သားသား ဖြစ်ရတဲ့အထဲမှာ ခါးသီးနေကြတဲ့ ဘယ်နှစ်ဘက်က စစ်သားနှစ်ယောက်ရဲ့ ငိုအားထက် ရယ်အားသန် စကားပြောလေးတချို့ပါတယ်။

ချီကီနဲ့ နီနိုတို့ လျှောက်မြောင်းထဲမှာ ရှိနေတုန်း တဘက်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးတွေကျလာလို့ မထိအောင် မနည်း ခိုနေရတဲ့ အချိန်တစ်ခု ရှိခဲ့ပါတယ်။ ကျလာတဲ့ ကျည်ဆံတွေ အမြောက်ဆံတွေကို ကျိန်ဆဲရင်း နှစ်ယောက်သား စကားအခန့်မသင့် ဖြစ်လာတဲ့အခါ လက်ထဲမှာ သေနတ်ကိုင်ထားတဲ့ ချီကီက နီနိုကို ချိန်ပြီး မေးပါတယ်။ “ပြောစမ်း.. ဒီစစ်ကို ဘယ်သူက စ တာလဲ။ (မင်းတို့ဘက်က စတာလား ငါတို့ဘက်က စတာလားပေါ့)” ။ နီနိုက အောင့်သက်သက်နဲ့ “ငါတို့ဘက်က စတာပါ” လို့ ဖြေရတယ်။

နောက်တော့ နီနိုက သေနတ်ရသွားတဲ့ အချိန်တစ်ခုမှာ ချီကီကို ချိန်ပြီး စောစောက သူမေးခဲ့တဲ့ မေးခွန်းကို ပြန်မေးပြီး ကလဲ့စားခြေပါတယ်။ ရယ်လည်းရယ်ရသလို စိတ်မကောင်းလည်း ဖြစ်ရတယ်။ တကယ့်တကယ် အသက်နဲ့ရင်းပြီး စစ်ဆိုတာကြီး တိုက်ကြရတဲ့အခါ စစ်ထဲမှာ ပါဝင်နေရတဲ့ စစ်သားတိုင်းဟာ ပျော်လို့ ကိုယ့်စိတ်နဲ့ကိုယ် တိုက်နေတာမှ မဟုတ်ပဲလေ။

နောက်အခန်းလေးတစ်ခုကတော့ သူတို့ ဆက်ဆံရေး တင်းမာ မလာခင်မှာပါ။ သူတို့နှစ်ယောက်လုံး သိကြတဲ့ ကောင်မလေးတစ်ယောက် ရှိတာကို စကားစပ်မိကြတယ်။ အဲဒီအကြောင်း ကြည်ကြည်သာသာ စကားစမြည်ပြောနေကြတာကို ကြည့်ရသူအဖို့ ဒီစစ်ဆိုတာကြီးသာ မရှိခဲ့ရင် သူတို့နှစ်ယောက်ဟာ လက်ဖက်ရည်ဆိုင်မှာ အတူထိုင်သောက်နေမယ့် မိတ်ဆွေသူငယ်ချင်းတွေ ဖြစ်သွားနိုင်တယ်လို့တောင် တွေးမိစရာပါ။ အဲလိုအချိန်ကများ ကုလတပ်တွေက စောစောစီးစီး လာကယ်ဖြစ်ရင် ဒီလိုဇာတ်သိမ်းဖြစ်မှာမဟုတ်ဘူးလို့လည်း တွေးမိသေးတယ်။

ရင်ထဲထိတဲ့ စကားပြောတစ်ခုကတော့ သတင်းထောက် အမျိုးသမီးက ပြောလိုက်တာပါ။ ကုလတပ် အရာရှိကြီးက ကြားနေမို့လို့ ဆိုပြီး မကူညီချင်တဲ့ အချိန်တုန်းကပေါ့။

“Neutrality does not exist in the face of murder. Doing nothing to stop it is, in fact, choosing. It is not being neutral.”

“ကြားနေမှု ဆိုတာ သတ်ဖြတ်နေတာရဲ့ မျက်မှောက်မှာ မရှိဘူး။ သတ်ဖြတ်တာကို ရပ်တန်းကရပ်အောင် မတားဘူးဆိုတာကိုက ရွေးချယ်လိုက်တာ ဖြစ်နေပြီ။ အဲဒါ ဘက်မလိုက်တာမှ မဟုတ်ဘဲ။”


အဲဒီစကားက ဘုန်းတော်ကြီး ဒက်စမွန်တူးတူးပြောခဲ့တဲ့ စကားနဲ့လည်း ဆင်တူပါတယ်။

ဒီဇာတ်ကားက စစ်ရဲ့ သားကောင်ဖြစ်ရတာတွေကို စာနာထားပြီး ကုလသမဂ္ဂရဲ့ ထိရောက်မှု မရှိပုံတွေကိုလည်း လှောင်ပြောင်ထားပုံ ပေါ်ပါတယ်။ သွေးထွက်သံယို မမြင်ရတာဖြစ်ဖြစ် မြင်ရတာပဲဖြစ်ဖြစ် မပြီးဆုံးသေးတဲ့ လက်ရှိစစ်ပွဲတွေမှာရော သက်ဆိုင်ရာ အဖွဲ့အစည်းတွေ နိုင်ငံတကာ အသိုင်းအ၀ိုင်းတွေရဲ့ “ကြားနေမှု၊ ဘက်မလိုက်မှု” ဆိုတာတွေက ဘယ်လို တည်ရှိနေဆဲပါလိမ့်။ ဆက်တွေးစရာပါ။ ဒါမှမဟုတ်လည်း မတွေးဝံ့စရာပါ။


ပန်ဒိုရာ


Expand..

Saturday, August 15, 2009

ပတ်သက်ခဲ့ဖူးတဲ့အချိန်တွေ



ပတ်သက်ခဲ့ဖူးတဲ့အချိန်တွေ


နာရီတစ်လုံး ပြက္ခဒိန်တစ်ခုက
ငါတို့ခြေရာတွေကို တိုက်စားသွားခဲ့ပြီ။

ကံကြမ္မာ ကြိုးစင်ပေါ်မှာ
ထုံးနှောင်မိတဲ့ ကွင်းလျောတစ်ခုဟာ
အတိတ်ကို ဘေးကန်ထုတ်လို့
ရဲရဲခြေစုံ ခုန်ချခဲ့ပြီးပြီပဲ။

မတူ့တတူ ခဲခြစ်ရာပုံတစ်ပုံ
လက်ရေးနှစ်မျိုးနဲ့ ကဗျာတစ်ပုဒ်
ခြောက်ခမ်းသွားတဲ့ ဒိုင်ယာရီတစ်အုပ်
ဒီနေရာကနေ နှုတ်ဆက်လိုက်ပါရဲ့။

ပဲ့တင်သံတွေဆိုတာ
အရောင်ပြောင်းတတ်တယ်
နားလည်…
ငါကတော့ မေ့တတ်တယ်။

တခါတခါ
ငါ့အချစ်ဆိုတာလည်း
ငါ့ချစ်ခြင်းအပေါ် ချစ်တဲ့အချစ်သာ
ဖြစ်ပေလိမ့်။



ပန်ဒိုရာ


(တချိန်က ရေးခဲ့တာပေါ့။ ဘယ်အချိန်လဲ လို့ မမေးပါနဲ့။ ;) )

Expand..

Friday, August 14, 2009

အရင်အတိုင်း 2009

Expand..

Monday, August 10, 2009

သွေးစုပ်ဖုတ်ကောင်

အခုတလော ကိုယ်ရေးခဲ့တဲ့ ကဗျာတစ်ပုဒ်ကို ကိုယ့်ဘာသာ ပြန်ဖတ်နေမိပါတယ်။ သံလွင်အိပ်မက် အတွဲ (၃) အမှတ် (၁) မှာ ဖော်ပြခဲ့တဲ့ ကဗျာလေးပါ။ ဘလော့ဂ်မှာလည်း အမြည်း ရေးခဲ့ပါသေးတယ်။ အဲဒီမှာ မှတ်ချက်တချို့လည်း ရေးသွားကြတယ်။ အခုတော့ ပြန်တင်ချင်စိတ်ပေါ်လာလို့ တင်လိုက်ပါတယ်။




“သွေးစုပ်ဖုတ်ကောင်”


တူတစ်လက်
သစ်သားစို့ကြီးတစ်ချောင်းနဲ့
သူတို့ကိုအရှာထွက်တယ်။

အမှောင်ထဲမှာ
သေနတ်နဲ့ပစ်ပစ် မီးနဲ့ရှို့ရှို့
မသေနိုင်တဲ့ကောင်တွေဟာ
နေရောင်ခြည်ရဲ့အလင်းကိုတော့ ရင်မဆိုင်ရဲကြဘူး
အုတ်ဂူတွေကြား ခေါင်းတလားတွေမှာ ခိုအောင်းလို့
သူတို့ အသက်ဆက်မယ့် အာဟာရ ဆိုတာ
လူရှင်တွေရဲ့ သွေး တဲ့လား
ဒါဟာ လူမဆန်တဲ့တရား။
(အင်း.. သူတို့ကလည်း လူမှ မဟုတ်တော့ဘဲလေ။)

ကောင်းကင်တခုလုံး ပြာစင်လက်
ပန်းပွင့်တွေနဲ့ ပြည့်နှက်နေစေမတတ်
ရည်မှန်းချက်ကြီးခဲ့တဲ့ ဒီကောင်ဟာ
ဗမ်ပိုင်ယာ စလေယာ* ဂိုဏ်းဖွဲ့
သစ်သားစို့ကြီးနဲ့
သူတို့ နှလုံးသားတည့်တည့်ကိုမှ
ရိုက်သွင်းထည့်ဖို့ ကြုံးဝါးလိုက်တယ်။

သုတေသနတွေလုပ်ရတယ်
အုပ်စု ဆွေးနွေးပွဲတွေမှာ စောင့်ကြည့်တယ်
အနီးကပ်ပေါင်းပြီး အင်တာဗျုးရတယ်
ဗမ်ပိုင်ယာ ဒေးဝေါ့ကာ^
တူမလိုလို ကွဲတဲ့ အမျိုးအစားတို့ အကြောင်း
သူတို့ရဲ့ အားသာချက် အားနည်းချက်
အတိတ်သမိုင်းနဲ့ အနာဂတ်အကြံအစည်တို့ အကြောင်း
အရှင်ကောင်ရဲ့ သွေးနဲ့မှ ရပ်တည်ရမယ့်
ပြဌာန်းထားတဲ့ သတ်မှတ်ချက်တွေ အကြောင်း
သေသူရဲ့ သွေးကို မှားယွင်းသောက်မိသူတို့ရဲ့
ရုပ်ပျက်ဆင်းပျက် ဘေးထွက်ဆိုးကျိုးတွေ အကြောင်း။

သူ့တို့ရဲ့ ဖြတ်သန်းပုံနဲ့ ဇာတ်လမ်းစုံ
မဖြစ်ချင်ဘဲ ဖြစ်လာရတဲ့ တချို့ဘ၀အဖုံဖုံ
သေကွဲ ရှင်ကွဲ လွမ်းစရာ့ပုံပြင် တွေကတော့
ငါ့ရင်ကို ဟက်တက် ထိ စေတယ်
ဘယ်လိုဖြစ်ဖြစ်လေ
သွေးစုပ်တယ်ဆိုတာ
မသတီစရာပါပဲ
ငါက စိတ်ကိုတင်းတယ်
အမှားနဲ့ အမှန်ဆိုတာ
ကမ္ဘာ တခြမ်းစီမှာပဲ နေထိုင်ရမယ်။

တနေ့ အိပ်ရာအထ
နေရောင်ကို မြင်လိုက်ရ
ပိုးကြွယားယံဖျိုးဖျဉ်း
အမှောင်တွင်း ၀င်ပြေးရတယ်
ဘယ်လိုဖြစ်သွားခဲ့သလဲ
ဆာ တယ် ဆာ တယ်
ဘာနဲ့မှ အာသာမပြေတဲ့ ငါ
သွေးညှီနံ့ မှာ ကောက်ကောက်ပါ။

သွေးစုပ်ဖုတ်ကောင်တို့ရဲ့ ဂျန်နရေးရှင်းဟာ
သွေးစုပ်ခံရသူတွေ ကိုယ်တိုင်ပါပဲ.. တဲ့
ဟာ….
သတိအလစ်
လိုက်လျောဖြစ်တဲ့ အနမ်းတစ်ချက်က
ငါ့ကိုဇာတ်သွင်းသွားခဲ့ပုံ...။



ပန်ဒိုရာ



*vampire slayer
^ daywalker



Expand..

Sunday, August 9, 2009

ဆေးစပ်လွဲတဲ့ ပန်းချီကားတစ်ချပ်

ပန်ဒိုရာငယ်ငယ်က ၀တ္ထုတိုလေးတွေ ရေးကြည့်ချင်တာကို အားပေးတဲ့ ဖေဖေက ၀တ္ထုတို ရေးချင်ရင် အိုဟင်နရီ တို့ မိုပါဆွမ်းတို့ ရေးတဲ့ ၀တ္ထုတိုတွေကို စလေ့လာသင့်တယ် လို့ပြောပါတယ်။ အင်္ဂလိပ်လို မူရင်းရော ဘာသာပြန်ထားတဲ့ စာတချို့ပါ နည်းနည်းပါးပါး ဖတ်ဖြစ်ခဲ့ပါတယ်။ ဖေဖေတို့ခေတ်က မဂ္ဂဇင်းတွေမှာ ပါခဲ့တဲ့ ဆရာသော်တာဆွေ ဘာသာပြန်လက်ရာ အိုဟင်နရီဝတ္ထုတွေကိုတော့ ဟိုးငယ်ငယ်လေး ကတည်းက ကြိုက်ခဲ့တာပါ။ O Henry’s Twist လို့နာမည်ကြီးတဲ့ ဇာတ်လမ်းအဆုံးသတ် လှည့်ပုံတွေကို သဘော တော်တော်ကျခဲ့တယ်။

ဒါနဲ့ပဲ ကိုယ့်ဘာသာ ရေးဖြစ်ခဲ့တဲ့ ၀တ္ထုကလေးတစ်ပုဒ်မှာ (ကိုယ့်ကိုယ်ကိုတော့ ဟုတ်လှပြီ ထင်ခဲ့တာပေါ့လေ) အခုလို ဇာတ်လမ်းဆင်ခဲ့ပါတယ်။ ငယ်ငယ်က လက်ရာလေးကို စာလုံးအထားအသို နည်းနည်းလောက် ပြင်ဆင်တာကလွဲလို့ မူဟန်မပျက် ပြန်တင်ပြလိုက်ပါတယ်။ ကျောင်းဆရာ သားသမီးပီပီ အိမ်မှာရှိတဲ့ အဖြေလွှာ စာရွက်ဟောင်းတွေပေါ်မှာ ရေးထားခဲ့တာ။ ဆယ်တန်းအောင်ခါစ အချိန်လောက်က ရေးခဲ့တယ် လို့ထင်ပါတယ်။ ရက်စွဲ ရေးမထားမိပါ။ သိမ်းထားခဲ့တာကို အိမ်ပြန်တုန်းက ပြန်တွေ့လို့ ယူလာခဲ့တာပါ။ အဲဒီတုန်းက လက်ရေးလေးကိုလည်း တွေ့နိုင်ပါတယ်။ လက်ရှိ (ပျက်စီးသွားသော) လက်ရေးကို မြင်ချင်ရင်တော့ ဒီမှာ သွားကြည့်ပါ။

…………..

ဆေးစပ်လွဲတဲ့ ပန်းချီကားတစ်ချပ်



ကျောင်းဆင်းခေါင်းလောင်း ထိုးသည်မှာ အတော်ကြာသွားလေပြီ။ ကျောင်းဝင်းအတွင်းတွင် ကျောင်းသားကလေးများ ကုန်လုနီးပါးပင်ဖြစ်သည်။ ကျောင်းအ၀င် တံခါးအနီးတွင် အသားဖြူဖြူ မျက်ဝန်းနက်နက်ကလေးများကို ပိုင်ဆိုင်သော ကလေးမလေး တစ်ယောက်သည် အိမ်မှ ကားအကြိုကို စိတ်မရှည်စွာ စောင့်ဆိုင်းနေလေသည်။

သူမ၏ မျက်လုံးများသည် ကျောင်းဝင်း အပြင်ဘက်ထောင့်ရှိ ကုက္ကိုပင်ကြီးအောက်သို့ တချက်တချက် အကြည့်ရောက်သွားသည်။ သစ်ပင်ကြီးအောက်တွင် လူကြီးတစ်ယောက်သည် ဆေးလိပ်တိုတစ်ခုကို ကိုက်ခဲလျက် ပန်းချီကားတစ်ချပ်ကို စိတ်ပါလက်ပါ ရေးဆွဲလျက်ရှိသည်။ ထိုလူကြီးကို လွန်ခဲ့သည့် ရက်သတ္တတစ်ပတ်ခန့်မှစ၍ သူမသတိထားမိခဲ့သည်။ ထိုလူကြီးကို သူမစိတ်ဝင်စားသည်။ သူရေးဆွဲနေသော ပန်းချီကားကိုလည်း စိတ်ဝင်စားသည်။ ထိုလူကြီးထံ သွားရောက် စကားစမြည်ပြောရန်ကိုလည်း သူမအလိုရှိသည်။ သို့သော်မ၀ံ့ရဲ။

လူကြီး၏ ပုံသဏ္ဍာန်မှာ ထောင်ထောင်မောင်းမောင်းနှင့်။ မုတ်ဆိတ်မွေးပါးသိုင်းမွေးများက သူ၏မျက်နှာကို ၀န်းရံထားသည်။ အေးစက်၍ အရောင်ဖျော့နေသော မျက်လုံးအစုံတို့က ပတ်ဝန်းကျင်ကို တစ်ချက်ကလေးမျှ ဂရုမထားပဲ ဆွဲလက်စ ပန်းချီကားကိုသာ စူးစိုက်နေပုံရသည်။ မိန်းကလေးသည် စောင့်ဆိုင်းရခြင်းအပေါ် စိတ်မရှည်တော့ဘဲ လက်မှနာရီကို တစ်ချက်ကြည့်ကာ မျက်မှောင်တစ်ချက်တွန့်လိုက်သည်။ လူကြီးရှိရာဘက်သို့ လှည့်ကြည့်လိုက်ရင်း သူနှင့်စကားပြောလိုစိတ်က ပြင်းပြလာသည်။ သူမသည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီး လူကြီးရှိရာသို့ တန်းတန်းမတ်မတ် လျှောက်လာခဲ့သည်။

ကင်းဗတ်စပေါ်သို့ ထိုးကျလာသော အရိပ်မည်းကလေးတစ်ခုကြောင့် လူကြီးသည် နောက်သို့အမှတ်မထင် လှည့်ကြည့်လိုက်သည်။ သူနှင့်မလှမ်းမကမ်းတွင် ရပ်လျှက် ၀ိုင်းစက်သော မျက်လုံးအစုံဖြင့် သူ့ကိုစိုက်ကြည့်နေသော ကလေးမလေးကို တွေ့လိုက်သည်။

“ဘာကိစ္စလဲကွယ့်.. ကလေး”

သူ၏ နူးညံ့သောလေသံကြောင့် သူမအားတက်သွားကာ ပါးချိုင့်ကလေးများ ပေါ်အောင် ပြုံးလိုက်ပါသည်။

“ဟို.. သမီးက ဦးရဲ့ ပန်းချီကားကို စိတ်ဝင်စားလို့ပါ။ သမီးကို ကြည့်ခွင့်ပြုပါနော်”

မိန်းကလေး၏ သွက်လက်ချက်ချာသော စကားသံကလေးကို လူကြီးက သဘောကျသွားဟန်ဖြင့် လက်ထဲက စုတ်သံကို ခွက်ထဲသလို့ ထည့်လိုက်ကာ မိန်းကလေးဘက်သို့ မျက်နှာချင်းဆိုင် လှည့်ထိုင်လိုက်သည်။

“သြော်.. ကလေးက ပန်းချီကို စိတ်ဝင်စားသလား.. ဒါနဲ့ ကလေးနာမည်က ဘယ်လိုခေါ်သတုန်း”

“ကေသီပါ”

“ဘယ်နှစ်တန်းရောက်ပြီလဲ ကွယ့်”

“ခုနစ်တန်းရောက်ပါပြီ”

“သြော်.. သြော်….”

လူကြီးသည် မိန်းကလေးကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပြီး သူ၏ မျက်လုံးများမှာ အရောင်တောက်ပလာပြီး တဒင်္ဂအတွင်းမှာပင် ပြန်လည်မှေးမှိန်သွားသည်။

သူမက လူကြီး၏ မျက်နှာအပြောင်းအလဲကို ဂရုမထားမိမီ ကားအဖြူလေးတစ်စီးက ကျောင်းတံခါးဝမှာ ဆိုက်ရောက်လာသည်။ မိန်းကလေးက သူ့ကို နှုတ်ဆက်ပြီး ကားလေးရှိရာသို့ ပြေးသွားလေသည်။

…………………

ဒုတိယမြောက်နေ့မှာလည်း မိန်းကလေးက လူကြီးရှိရာသို့ ရောက်လာခဲ့သည်။ လူကြီးသည် ပထမနေ့ထက်ပင် နူးညံ့ချိုသာစွာဖြင့် မိန်းကလေးကို ဆက်ဆံခဲ့သည်။ သူရေးဆွဲနေသော ပန်းချီကားကို စိတ်ဝင်စားစွာ ကြည့်ရှု၍ မေးခွန်းထုတ်သမျှကို သူကလည်း စိတ်ရှည်လက်ရှည် ဖြေကြားပေးခဲ့သည်။

ထိုနေ့က သူမ အိမ်ပြန်အရောက်မှာတော့ သူမ၏ မာမီက သူမကို မမျှော်လင့်သော တုံ့ပြန်မှုဖြင့် ဆီးကြိုလိုက်သည်။

“ကေသီ….”

မာမီ၏ တင်းမာသောလေသံကြောင့် သူမ လန့်ဖျတ်သွားပြီး လွယ်အိတ်ကြိုးကိုတင်းကျပ်စွာ ဆုပ်ကိုင်မိပါသည်။

သူမ၏ ကြောက်လန့်မှုကြောင့် အမျိုးသမီးက အသံကို အနည်းငယ်ပျော့ပြောင်းလိုက်ပြီး

“သမီး.. ထိုင်ပါဦး”

သူမ ဆက်တီမှာ ခပ်ကုတ်ကုတ် ထိုင်လိုက်ချိန်မှာ အမျိုးသမီးက မေးခွန်းထုတ်တော့သည်။

“သမီး ကေသီ .. မနေ့က ကျောင်းထောင့်က သစ်ပင်ကြီးအောက်မှာ စုတ်စုတ်ပြတ်ပြတ် လူတစ်ယောက်နဲ့ စကားပြောနေတယ်ဆို”

သူမက ဒရိုင်ဘာ ရှိရာကို လှမ်းကြည့်လိုက်တော့ သူကမျက်နှာလွှဲပြီး အိမ်ဘေးဘက်ကို လျှောက်သွားလေသည်။ မာမီ့မျက်နှာကို မော့ကြည့်လိုက်တော့ အလိုမကျဟန်က ပေါ်လွင်နေသည်။

“ဟုတ်ပါတယ် မာမီ.. ဟို.. သူက လူကြီးတစ်ယောက်ပါ။ ပန်းချီဆရာကြီးပါ။ လူကောင်းတစ်ယောက်ပါ။ ပြီးတော့….”

“တော်စမ်းသမီး.. အခုမှ တွေ့ရတဲ့ လူတစ်ယောက်အကြောင်းကို သမီး မဝေဖန်နိုင်သေးပါဘူး။ အဲဒီ သူ့နာမည်က ဘယ်သူလဲ။ ဘယ်ကလဲ”

အဲ.. မာမီပြောမှပဲ လူကြီးနာမည်ကို လုံးဝ မမေးမိသေးတာ သတိရတော့သည်။ နောက်နေ့တွေ့မှ မေးဦးမည် ဟု စိတ်ထဲမှာ မှတ်ထားလိုက်သည်။ သူမထံမှ စကားသံ ထွက်မလာတော့ မာမီက..

“ကဲ.. သမီး..။ လူတစ်ယောက်အကြောင်းကို ဘာမှ မသိပဲ လက်ခံစကားပြောမနေသင့်ဘူးကွဲ့။ နောက်ကို အဲဒီလို စုတ်စုတ်ပြတ်ပြတ် လူတွေနဲ့ စကားမပြောရဘူးနော်…”

သူမ ခေါင်းကို ငုံ့လျက် ငြိမ်နေတော့ မာမီက ထလာပြီး သူမဆံပင်ကလေးများကို လက်ဖြင့် ပွတ်သတ်ကာ ပျော့ပြောင်းစွာ ပြောလေသည်။

“မာမီ့ကို ဆူလို့ဆိုပြီး စိတ်မဆိုးရဘူးနော်.. သမီး။ မာမီက သမီးလေးကို စိုးရိမ်လို့ပါကွယ်။ သမီးတို့အရွယ် ကလေးတွေက သိပ်ကို စိုးရိမ်ရတယ်ကွယ့်.။ သမီးလေး ငယ်ပါသေးတယ်။ လောကကြီးအကြောင်းကို ဘာမှ မသိသေးဘူး။ လူကောင်းတွေရှိသလို လူဆိုးတွေလည်း ရှိတယ်။ တကယ်လို့ ဟိုလူဟာ လူဆိုးတစ်ယောက် ဖြစ်ပြီး သမီးလေးရဲ့ ဆွဲကြိုးတို့ လက်စွပ်တို့ကို လုယူသွားရင် ဘယ့်နှယ်လုပ်မလဲကွယ်။ နောက်ပြီး သမီးနားမလည်တဲ့ အန္တရာယ်တွေ..။ အို… သမီးကို ချစ်လွန်းလို့ စိတ်ပူလွန်းလို့ မေမေဆူတာ စိတ်မဆိုးနဲ့နော်”

သူမစိတ်ထဲကတော့ လူကြီးဟာ ဒီလိုလူစားမျိုး ဟုတ်လိမ့်မယ် မထင်ပါဘူး မာမီရယ် ဟု ပြောနေမိသည်။ ဒါပေမယ့် ခေါင်းကို ညိတ်လိုက်ပြီး

“စိတ်ချပါ မာမီ။ မာမီ့စိတ်တိုင်းကျ ဖြစ်စေရပါမယ်” ဟု ကတိပြုလိုက်တော့ မာမီက ကျေနပ်သွားပြီး သူမခေါင်းကလေးကို တစ်ချက်ပုတ်ကာ အိမ်ထဲသို့ဝင်သွားပါသည်။ မာမီ့ကို သူမ သိပ်ချစ်ပါသည်။ မာမီ စိတ်မချမ်းသာမှာကို သူမ မလိုလားပါ။ အို.. တကယ်တော့ မာမီရော ဒယ်ဒီပါ သူမကို သိပ်ချစ်ကြတာကိုလည်း သူမ ကောင်းကောင်းသိပါသည်။

………….......


သို့ရာတွင် တတိယမြောက်နေ့၏ ကျောင်းဆင်းချိန်တွင်လည်း လူကြီးရှိရာသို့ သူမ သွားခဲ့ပါသည်။

ဦး.. နေကောင်းတယ်နော် ဟုပြုံးရယ်ကာ နှုတ်ဆက်ပြီး လူကြီးကို လှမ်းအကြည့်မှာ လူကြီးက သူမကို စူးစူးစိုက်စိုက်ကြီး ကြည့်နေတာကို သူမ တွေ့လိုက်ရသည်။ လူကြီး၏ မျက်ဝန်းထဲ၌ တစုံတရာကို တွေ့မြင်ရသလိုလည်း ခံစားလိုက်ရသည်။ သူမ ကျောထဲ စိမ့်ကနဲ ဖြစ်သွားကာ မာမီ့ပြောစကားများကို ကြားယောင်လာမိသည်။ သူမ ခြေတစ်လှမ်း နောက်သို့ အမှတ်မထင် အဆုတ်မှာ လူကြီးက မျက်နှာလွှဲသွားပြီး အဝေးတနေရာသို့ မှိန်ဖျော့သော မျက်လုံးများဖြင့် ငေးကြည့်နေပြန်သည်။

“ဦးမှာလည်း ကလေးလိုပဲ သမီးလေးတစ်ယောက် ရှိတယ်”

မမျှော်လင့်သော စကားကြောင့် သူမ ကြောက်ရွံ့မှုများ ပြေပျောက်သွားပြီး အံ့သြမှုကို ခံစားလိုက်ရသည်။

“အို.. ဟုတ်လား။ ဘယ်အရွယ်ရှိပြီလဲ ဟင်”

“အင်း.. ရှိရင်တော့ ကလေးတို့ အရွယ်လောက်ပဲပေါ့ကွယ်..”

“ရှိရင်တော့..” သူမသံယောင်လိုက်လိုက်သည်။

“ဟုတ်တယ် သမီးလေးဟာ နှစ်နှစ်သမီးအရွယ်ကပဲ ပျောက်ဆုံးသွားခဲ့တယ်။ သေသလား ရှင်သလားတောင် မသိပါဘူးကွယ်”

သူမ သူ့ကို သနားစာနာလာမိသည်။ သူက အဝေးကိုမျှော်ငေးရင်း စကားကို ဆက်ပြန်သည်။

“လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတော့ ဦးမှာ ပျော်ရွှင်စရာ မိသားစုလေး ရှိခဲ့တာပေါ့ကွယ်။ ဦးရယ် ဦးရဲ့ဇနီးရယ် သမီးလေးရယ် အတူနေခဲ့ရတဲ့အချိန်ဟာ အပျော်ရွှင်ဆုံးနေ့ရက်တွေပေါ့။ ဒါပေမယ့် သမီးလေး နှစ်နှစ်အရွယ်ရောက်တော့ ဦးတို့ဘ၀အတွက် ဆိုးရွားတဲ့ ကံကြမ္မာတစ်ခု ဖန်လာခဲ့တယ်။ ဦးဇနီးရဲ့ မိဘများရှိတဲ့ မြစ်ဝကျွန်းပေါ် ရွာကလေးတစ်ရွာကို အသွားမှာ မမျှော်လင့်ဘဲ မော်တော် တိမ်းမှောက်ခဲ့တယ်”

“အိုး.. ဖြစ်ရလေ..” သူမက ရေရွတ်လိုက်ပါသည်။

“ဦးကတော့ ကံကောင်းထောက်မစွာ အသက်ရှင်ခဲ့တယ်။ ဦးဇနီးရဲ့ အလောင်းကိုလည်း ဆယ်ရခဲ့တယ်။ သမီး.. သမီးကလေးကတော့ အလောင်းကိုလည်း ရှာမတွေ့၊ သေသလား ရှင်သလားတောင် မသိတော့ပါဘူးကွယ်။ လူတွေကတော့ ပြောကြတယ်။ သေသွားတာပဲ ဖြစ်နိုင်တယ် တဲ့။ ဒါပေမယ့် တနေရာရာကို မျောသွားပြီး အသက်ရှင်နိုင်သေးတယ်လို့ ဦးထင်တယ်ကွယ်။ သမီးလေးကို ဦး တစ်နေ့မှ မေ့လို့မရပါဘူးကွယ်။ အထူးသဖြင့် ကလေးတို့အရွယ် မိန်းကလေးတွေကို တွေ့ရင် ပိုသတိရတယ်”

မိန်းကလေးသည် ကြေကွဲစွာဖြင့် တိတ်ဆိတ်သွားသည်။ ပြီးတော့မှ..

“ဒါပေမယ့်လည်း အခုနေ ဦးသမီးလေးကို ပြန်တွေ့ရင်တောင် မှတ်မိဖို့ ဘယ်လွယ်တော့မလဲနော်.. နှစ်တွေက ကြာခဲ့ပြီပဲ”

လူကြီးက မိန်းကလေးဘက်သို့ လှည့်ကာ မချိတရိ ပြုံုးပြလိုက်သည်။

“မှတ်မိတာပေါ့ ကလေးရယ်.. သမီးရဲ့ လက်ယာဘက် ခါးဘေးမှာ ကျပ်ပြားဝိုင်းလောက် အမှတ်မဲမဲကြီးတစ်ခု ရှိတယ် ကွဲ့”

မိန်းကလေး၏ မျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွားပြီး ပါးစပ်မှ အာမေဋိတ်တစ်ခု လွင့်စင်ကျလာသည်။

တီ.. တီ..

ထိုစဉ် ကားဟွန်းသံတစ်ခုကို ကြားလိုက်ရလျှင် မိန်းကလေး၏ ကိုယ်မှာ ဆတ်ကနဲ တုန်လှုပ်သွားသည်။ သူမသည် တစုံတရာ ပြောလိုဟန်ဖြင့် လူကြီးကို တစ်ချက်လှည့်ကြည့်လိုက်ပြီးမှ ချာကနဲလှည့်ကာ ကားဖြူလေးရှိရာသို့ ခပ်သွက်သွက်လှမ်းသွားလေသည်။ ကားကလေး မောင်းထွက်သွားပြီး မြင်ကွင်းမှ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်အထိ လူကြီးသည် မျက်တောင်မခတ်ကြည့်ရင်း ကျန်ခဲ့လေသည်။

“သွားတော့ ကလေးရယ်။ ကလေးကို နှုတ်မဆက်ဖြစ်လိုက်တဲ့ အတွက်တော့ ဦးကိုခွင့်လွှတ်ပါ။ မနက်ဖြန်ဆိုရင်တော့ ဦးတို့ တွေ့ကြရတော့မှာမှ မဟုတ်ပဲ”

သူ၏ အိမ်လခ အပြေအလည် မပေးဆပ်နိုင်မှုကြောင့် အိမ်ရှင်က သတိပေးခဲ့သည့်ရက်မှာ မနေ့ကပင် ပြည့်ခဲ့ပြီဖြစ်သည်။ မနက်ဖြန် နံနက်တွင် သူသည် အခြားမြို့ကလေး တစ်မြို့သို့ အပြီးအပိုင် ပြောင်းရွှေ့တော့မည် ဖြစ်သည်။

…….........


ဒီနေ့လည်း လူကြီးနှင့် စကားပြောနေမိသည့်အကြောင်းကို မာမီ့ကို ပြန်မတိုင်ရန် ဒရိုင်ဘာကို လာဘ်ထိုးပြီးသည့်နောက်ပိုင်း သူမလည်း အနည်းငယ်ပေါ့ပါးသွားသည်။ အိမ်ရှေ့ဧည့်ခန်းထဲတွင် ထိုင်နေကြသော ဒယ်ဒီနှင့် မာမီကို ဟန်မပျက် နှုတ်ဆက်ပြီး အခန်းထဲသို့ မပြေးရုံတမယ် ၀င်လာခဲ့သည်။

သူမ၏ အခန်းတံခါးကို ပိတ်လိုက်ပြီးသည်နှင့် တပြိုင်နက် သူမ ကုတင်ပေါ်သို့ အရုပ်ကြိုးပြတ် လှဲချလိုက်လေသည်။ ခေါင်းအုံးပေါ်သို့ မျက်နှာအပ်ရင်း အတိတ်မှ ဖြစ်ရပ်များက သူမအာရုံထဲသို့ ရုပ်ရှင်ပြသလို တစ်ကွက်ချင်း ၀င်ရောက်လာသည်။

နုနယ်သော ကလေးဘ၀ကို မည်သည့်နေရာတွင် မည်ကဲ့သို့ ကုန်လွန်ခဲ့ကြောင်း အသေအချာ မမှတ်မိခဲ့သော သူမသည် ဆင်းရဲနွမ်းပါးသော မိန်းမကြီးတစ်ယောက်၏ ခေါ်ဆောင်မှုဖြင့် ဒယ်ဒီနှင့် မာမီတို့အိမ်ကို ရောက်လာခဲ့သည်ကိုတော့ ကောင်းကောင်းမှတ်မိနေခဲ့သည်။ သူမကို သမီးအဖြစ် အပြီးအပိုင်မွေးစားခဲ့ပုံ၊ ပုသိမ်မြို့တွင် နေထိုင်ခဲ့ပြီး ၀န်ထမ်းဖြစ်သူ ဒယ်ဒီ၏ အပြောင်းအရွှေ့များကြားတွင် လိုက်ပါရင်း သူမဘ၀ ကြီးပြင်းလာခဲ့ပုံ၊ သားသမီးရင်း မရှိသော ဒယ်ဒီရောမာမီပါ သူမကို သိပ်ချစ် သိပ်အလိုလိုက်ခဲ့ပုံ များကို တရေးရေးမြင်ယောင်လာသည်။ နောက်ပိုင်းတွင်တော့ မိမိကိုယ်မိမိ မွေးစားသမီးအဖြစ်ကိုပင် မေ့လျော့ကာ ဒယ်ဒီမာမီတို့၏ သမီးကလေးအဖြစ် ကျေနပ်ပျော်ရွှင်စွာဖြင့် နေခဲ့ရသည်ပဲ။

ကလေးမလေးသည် ခေါင်းကို ပြန်ထောင်လိုက်သည်။ သူမ၏မျက်ဝန်းတွင် မျက်ရည်စတို့ ဝေ့သီလာသည်။ ကုတင်ပေါ်မှ ထလိုက်ပြီး အခန်းထောင့်ရှိ မှန်တင်ခုံသို့ လေးလံသော ခြေလှမ်းများဖြင့် တလှမ်းချင်း လျှောက်လာခဲ့သည်။ မှန်ရှေ့တွင် ဒူးထောက်လိုက်ပြီး သူမ၏ အကျီင်္ကို တဖြည်းဖြည်း မ,တင်လိုက်သည်။ လယ်ယာဘက် ခါးတွင်တော့ ထင်ရှားသော အမှတ်ဝိုင်းကြီးတစ်ခု။

ဖေဖေ.. ဖေဖေရယ်..

သူမ၏ ပါးပြင်ပေါ်မှ မျက်ရည်များ တလိမ့်လိမ့် စီးဆင်းလာကာ ကြမ်းပြင်ပေါ်သို့ ပေါက်ကနဲ ကျသွားလေသည်။ အို… ထူးဆန်းသော ကံကြမ္မာသည် သူမတို့ သားအဖကို ပြန်လည်ဆုံတွေ့ရန် ဖန်တီးခဲ့ပေပြီ။ မနက်ဖြန် ကျောင်းဆင်းလို့ ဖေဖေနှင့်တွေ့လျှင်တော့ အကြောင်းစုံကို သူမ ရှင်းလင်းပြောပြရမည်။ ပြီးတော့ သူမ မေးမြန်းရန် မေ့လျော့နေခဲ့သည့် ဖေဖေ့နာမည်ကိုလည်း မေးရဦးမည်လေ….။




ပန်ဒိုရာ



Expand..

Wednesday, August 5, 2009

တာရာမင်းဝေ

အနုပညာချစ်သူတွေရဲ့ ရင်ထဲမှာ ထာဝရ လင်းလက်နေမယ့် ကြယ်တစ်လုံးအတွက် အမှတ်တရ စာအုပ်တစ်အုပ်ကို ဒီနေရာမှာ
download ယူလို့ရပါတယ်။ ၂၀၀၇ ခုနှစ်က ရေးခဲ့တဲ့ ပန်ဒိုရာရဲ့ ကဗျာလေးကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။

..............

တာရာကြွေတဲ့ည


အဲဒီညက
ကြယ်တွေအားလုံး
ရေဆင်းသောက်ကြတယ်...
ပင်လယ်ရဲ့ ငန်ပျပျဂုဏ်သတ္တိမှာ
အားလုံးစိုစိုစွတ်စွတ်နဲ့...
လမင်းကမကြည့်ရဲလို့
မျက်နှာလွှဲသွားတယ်...
....
....
ဓားသွားတွေပြိုးပြိုးပြက်ပြက်
လက်လက်ထတဲ့ည
မကောင်းဆိုးဝါးတွေမြူးထ
ရင်ခုန်သံတပြုံတမနဲ့ ဗုံ တီး က
ကဗျာတွေ ဖိတ်စင်ထွက်ကျ
ပန်း ပွင့် တွေ ခြွေ ချ
ပဉ္စလက် မိုးတွေ ရွာ ကျ
မော ဟိုက် နွမ်း လျ
....
....
ဟိုး ထောင့်တနေရာမှာတော့
ဝတ်စုံဖြူတလွင့်လွင့်နဲ့
ဂျူနိုရယ်
နောက်ထပ်ကြယ်တစ်ပွင့်ရယ်
အမှောင်ထဲကိုစိုက်လို့
ငေးကြည့်နေလိုက်တာ
အကြာ.....ကြီး..။

ပန်ဒိုရာ

၈ သြဂုတ် ၂၀၀၇



................
မနှစ်က ဗွီအိုအေ အစီအစဉ်တခုမှာ ကဗျာဆရာနှင်းခါးမိုး ပြောပြတဲ့ တာရာမင်းဝေအကြောင်းကို ကိုဇာနည်ဝင်းရဲ့ ဘလော့ဂ် ဒီနေရာမှာ နားထောင်နိုင်ပါတယ်။

တာရာမင်းဝေကဗျာတစ်ပုဒ်ကို ရွတ်ဆိုထားတဲ့ မကြာမီက ထုတ်လွှင့်သွားတဲ့ အသံကိုတော့ ဆရာမမေငြိမ်းရဲ့ဘလော့ဂ် ဒီနေရာမှာ နားထောင်နိုင်ပါတယ်။





Expand..

Monday, August 3, 2009

ခုတလော တက်စာ

တက်ဂ်ထားကြတာတွေက တော်တော်များပါတယ်။ နှင်းဆီနက်က ၀ါသနာ၊ မသက်ဝေက နောင်လာမယ့်အနှစ်နှစ်ဆယ်၊ ကိုအောင်သာငယ်ရဲ့ ဘ၀အကြောင်းဆိုတာလည်းရှိသေးတယ်။ မနော်က နောက်မှ တက်ဂ်ပေမယ့် အပေါ့ပါးဆုံးမို့ အရင်ရေးလိုက်ပါတယ်။ ကျန်တာတွေလည်း ရေးပါ့မယ်။


ခုတလော

တွေးနေမိတာက
ဘယ်တော့များမှ အိမ်ပြန်ရမှာပါလိမ့်။

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
ငါတော်တော် ဟုတ်လာပြီပဲ။

ကျန်းမာရေး
ဟိုတလောက ချောင်းဆိုးတယ်။ ပျောက်တော့ ၂ ပတ်လောက် နေမကောင်းဖြစ်။ ပျောက်တော့ မျက်စေ့စွံတယ်။ ပျောက်တော့ နှာစေးတယ်။ ပျောက်တော့ ချောင်းဆိုးတယ်။
ဆေးဝါးကတော့ မူးရင်ရှူ မောရင်သောက် သောက်ရင်မူး (ဒါကတော့ ကပီတိရဲ့ စကား)

ဖတ်ဖြစ်တဲ့စာအုပ်က
မျက်နှာစာအုပ် (Face book ဟုလည်းခေါ်ပါသည်။)

ရောက်ဖြစ်နေတာက
တခါလာလည်း ဒီအင်တာနက်

ရေးဖြစ်နေတာက
စာလုံးတွေ မျဉ်းကြောင်းတွေ

နားထောင်ဖြစ်နေတာက
ဖုန်းမြည်သံ

ရွတ်နေမိတဲ့ကဗျာက
ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်..

ဖြစ်ချင်နေတာက
သူဌေးကတော် (သူ့ကိုသူဌေးဖြစ်စေချင်တာ ကိုယ့်စေတနာပါ။)

စားဖြစ်နေတတ်တာက
မြန်မာစာ (ဘာသာစကားကို ဆိုလိုသည်မဟုတ်။ အစားအစာကိုဆိုလိုသည်။)

သနားနေမိတာက
ကိုယ့်ကိုယ်ကို

လွမ်းနေမိတာက
အသက် ၅ နှစ်မှ ၁၀ နှစ်အရွယ် ငယ်စဉ်ကာလ

မေ့လျော့ပစ်နေမိတာက
လက်ရှိအသက်

ခါးသက်နေမိတာက
ပိယေဟိ ၀ိပ္ပယောဂေါ..

တမ်းတနေမိတာက
ရုံးဆင်းချိန်

ကြိတ်ပြီးချီးကျူးနေမိတာက
မှန်ထဲမှာ မြင်နေရတဲ့တစ်ယောက်

ကြိတ်ပြီးအထင်သေးနေမိတာက
ဒီလိုတော့ရန်တိုက်မပေးနဲ့လေ.. ပြောဝူး

ဆန္ဒမရှိတဲ့နေရာ
မယ်သီလရှင်ကျောင်း

ဆန္ဒရှိနေတဲ့ကိစ္စ
ပိုက်ဆံရှာတဲ့ အလုပ်ကို မလုပ်ဘဲ ဇိမ်နဲ့ထိုင်စားပြီး ပိုက်ဆံမရတာတွေကို လုပ်ခြင်း

မုန်းတီးနေမိတာက
အလုပ်(work)

ချစ်နေတာက
အလုပ်(job) (လောလောဆယ်မှာ သူမရှိလို့မဖြစ်ဘူး)

စိတ်ပျက်နေမိတာက
နိစ္စဓူဝ ပုံမှန်ကိစ္စများ

စွဲလန်းနေမိတာက
အိပ်စက်ခြင်း

လိုအပ်နေတာက
သူ.. အနားမှာရှိဖို့ ပေါ့။ (ဒီလိုပဲပြောသင့်တယ်။)

တောင်းနေမိတဲ့ဆု
ဟိုငနဲကြီးမြန်မြန်ကြွပါတော့။

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
ဟယ်.. ဒီမိုးဒီလေ ဒီလူတွေနဲ့တော့…

ဝန်ခံချင်တာက
အထက်ကပြောခဲ့တာတွေဟာ အမှန်အားလုံးမဟုတ်ဘူး။



Expand..

ကောင်လေးပုံ



ကောင်မလေးပုံတုန်းကလိုပါပဲ။ ပထမပုံက paint ထဲမှာ pencil tool ကိုသုံးပြီးဆွဲတာ။ touchpad မှာ လက်ညိုးလေး ထောက်ပြီးတော့ ဆွဲပါတယ်။

ဒုတိယပုံကတော့ အဲဒီပုံကို photoshop ထဲထည့်ပြီး filter > artistic အောက်က poster edges ဆိုတဲ့ effect ထည့်လိုက်တာပါ။

Expand..

Saturday, August 1, 2009

ငါ့မှာအတိတ်မရှိဘူး

I don't have a past
I just get a chance to come
Enjoy the stars, the sky
Happy times where the dark lies
When it starts breaking the night
All are then waiting for the light
Looking at the sunrise, just realize
I don't have a past
I just got a chance.

Natt Soe

....................


ငါ့မှာ အတိတ်မရှိပါ
ရောက်လာဖို့အခွင့်အရေးတစ်ခုသာ ရခဲ့တာပါ
ကောင်းကင်ရယ် ကြယ်တွေရယ်ကို ခံစားကြည်နူးတယ်
အမှောင်ရိပ်သန်းခိုက် ပျော်ရွှင်ချိန်တွေလေ
ညကိုချဉ်းဖောက် ရောက်လာတဲ့အခါ
အားလုံးက အလင်းရောင်ကိုစောင့်မျှော်နေကြတယ်
နေထွက်တာကိုကြည့်ရင်း ငါသိမြင်လာခဲ့တာ
ငါ့မှာ အတိတ်မရှိပါ
အခွင့်အရေးတစ်ခုသာ ရခဲ့တာပါ။




နတ်ဆိုး ရေးချင်သလို ရေးပြီး
ပန်ဒိုရာ ဘာသာပြန်ချင်သလို ပြန်သည်။
ခွင့်မတောင်းဘဲ ဘလော့ဂ်မှာ ယူတင်လိုက်သည်။

Expand..