Wednesday, December 1, 2010

မြူတွေလိုပဲ လှတော့လှတယ်



ဘ၀ဆိုတာ
ဒီဇင်ဘာရဲ့ အိမ်ပြန်လမ်းစလို
တချိန်လုံးပျောက်ရှနေတာမျိုးတော့
မဖြစ်စေချင်ခဲ့ဘူးပေါ့ကွာ
ဆောင်းတွင်းရောက်တော့လည်း
အနာတွေကယဉ်းလာတတ်တယ်မဟုတ်လား
တနွေလုံး နွေခိုနေခဲ့တဲ့ကောင်
ညဆိုဝင်းဝင်းတောက်တဲ့မျက်လုံးတွေနဲ့
နှင်းတောထဲသိမ်းမြှုပ်ထားတဲ့ ခြေရာဖွဖွတွေနဲ့
ရွက်ကြွေတွေကြား ဆော့ကစားတတ်တဲ့ကောင်
ဒီနှစ်ကျမယ့် နှင်းတွေလည်း ဖွေးဖွေးစင်နေဦးမှာပဲ
ဆောင်းပင်အိုအကိုင်းတွေက ထွက်ကျလာတဲ့
သစ်ရွက်ဟောင်းတွေလည်း ၀ဲလွင့်နေဦးမှာပဲ
မနက်မနက်ဆို မြင်ကွင်းတွေလည်း မှုန်မှုန်ဝေလို့
ဆောင်းကိုခြယ်သထားတဲ့ အရောင်ဆိုတာ
ငွေ့ရုံလေးငွေ့နေတဲ့ အဖြူရောင်သက်သက်ပါပဲ
နောင်နှစ်နွေဦးရဲ့ ပုရစ်ဖူးကလေးကတော့ မင်းရှေ့မှာ…
ဟိုမှာနေရောင်လာတော့ မြူတွေပါးလျသွားခဲ့ပြီ
ဟိုမှာအချိန်တွေလည်း မိုးတိမ်တွေလိုလွင့်သွားခဲ့ပြီ
ဆောင်းဝတ်ရုံရဲ့ သားမွေးတွေ တချိန်က နူးညံ့ခဲ့တာ
ဆောင်းလက်သည်းစူးစူးတွေလည်း မာကျောလတ်ဆတ်ခဲ့တာ
ထိုးဖောက်စွမ်းတွေနဲ့ ချိုးဖောက်စွမ်းတွေနဲ့
အမှန်တော့ ခြစ်ရှမိရုံ သွေးစို့သွားခဲ့ရုံကလေးပဲပေါ့
ဒဏ်ရာတွေဟာ စိမ့်စိမ့်အေးမြခဲ့ပါရဲ့ ကြောင်ကလေးဝါ၀ါ။

ပန်ဒိုရာ

Expand..

Sunday, November 28, 2010

အနုပညာအကြောင်း အနုပညာ


ဟန်သစ်ငြိမ်၊ ခိုင်စိုးလင်း နဲ့ အပေါင်းပါများ စီစဉ်ကြတဲ့ “အနုပညာအကြောင်း အနုပညာ” ဆိုတဲ့ လျှပ်စာအုပ်ကလေး ထွက်လာပါတယ်။ :)

အနုပညာဆိုတဲ့အရာနဲ့ ပတ်သက်လို့ ထင်မြင်၊ တွေးတော၊ ဖွဲ့နွဲ့ ထားတဲ့ အရေးအသားတွေကို တွေ့ရပါမယ်။ အများစုကတော့ အင်တာနက်စာမျက်နှာတွေမှာ ရေးသားကြသူတွေရဲ့ စာတွေထဲက စုစည်းထားတာ ဖြစ်ပါတယ်။ ပန်ဒိုရာ ဆွဲပေးထားတဲ့ ပုံတစ်ပုံကို စာအုပ်အဖုံးအဖြစ် ဒီဇိုင်းပြင်ဆင်ထားပါတယ်။ ၂၀၀၈ ခုနှစ်က ရေးခဲ့တဲ့ ပန်ဒိုရာရဲ့ စာတစ်ပုဒ် ကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။ အောက်ပါ လင့်ခ်ကနေ ဒေါင်းလုတ်ဆွဲယူပြီး ရှုစားနိုင်ကြပါကြောင်း ဘလော့ဂ်မိတ်ဆွေ သူတော်စင်အပေါင်းသိစေဖို့ ကြော်ငြာဝင်လိုက်ရပါတယ်။ :)

http://www.mediafire.com/file/5nf7tqlk85mezzg/The%20Art%20On%20The%20Art%20%28Jpeg%29.pdf

Expand..

Monday, November 15, 2010

ဇာတ်ဝင်ခန်းရဲ့အလယ်ဗဟို




တတိတိလျှံကျလာသော သွေးပျက်ဖွယ် တိတ်ဆိတ်မှု
ရှော့ခ်၊ မော်ဒန်၊ ဆာရီယယ်လ်၊ လေနုအေး၊ နှင်းဆီပန်းများ၊ ဟန်ဘာဂါ
ဖွဖွခြေလှမ်းလာရင်း အမြီးဖျားပုတ် တဘုတ်ဘုတ်ဖြင့် အံကြိတ်ရယ်မောသံ
ကင်မရာလက်ကိုင်ဖုန်း၊ အင်တာနက်၊ ကမ္ဘာကျော်ခြင်း၊ ပန်းသီးတံဆိပ်၊ ဟင်းလင်းပြင်နိယာမ
လက်သည်းတွေ သိမ်းဝှက်ထားတဲ့ ပင်လယ်ရဲ့ ညနက်နက်နောက်ခံ
ဂလိုဘယ်အိုင်တီခေတ်၊ အကျိုးစီးပွား၊ ဖြန့်ကားတွေးတောခြင်း၊ လူမှုဘောဂစစ်မျက်နှာ
လရောင်ခြည်က တိမ်ရီရီတွေပေါ် အမြင့်ဆုံး ဖိတ်ဖိတ်တောက်လာချိန်။

ပန်ဒိုရာ
14 Nov 2010

Expand..

Saturday, October 16, 2010

သည်းသည်းထန်ထန် ရွာသွန်းခဲ့တာ အတွေးစတွေမဟုတ်လား



အတွေးတွေက စွေနေလိုက်တာ မနက်ခင်းတစ်ခုလုံး တောက်တောက်ကျနေပြီ။ ရာသီဥတုက ခေါင်းဘက်ကိုပါနေတာ ကြာပြီပဲ။ အင်္ကျီအိပ်ကပ်ထဲက မိုးရေစက်တွေကို အတွေးတွေစင်သွားရင် အအေးမိကုန်မှာစိုးလို့ လက်ဖ၀ါးနဲ့အုပ်မိုးပြီး အပူငွေ့ပေးထားရတယ်။ အက်ကွဲကြောင်းတွေအတိုင်း စီးဆင်းစပြုလာတဲ့ အတွေးတွေအောက်မှာ ပြန့်ကျဲနေတဲ့ မိုးရေတွေကတော့ ခိုက်ခိုက်တုန် ခိုလှုံရာ လိုက်ရှာနေကြရတယ်။ မနေ့တနေ့ကမှ နာလန်ထစ မိုးပေါက်တွေ အတွေးအပူချိန် နိမ့်နိမ့်အောက်မှာ ခံနိုင်ရည်ရှိပါ့မလား။ တခြိမ်းခြိမ်း တွေးသံတွေမှာ ဖျားနာခြင်းစိတ္တဇကလည်း အက်ခိုးရိုက်နေတယ်။ တစ်ချက်တစ်ချက်မှာ လျှပ်ကနဲ ၀င်းကနဲ အတွေးတွေ လက်လက်ခါ နေတယ်။ နဖူးအလယ်က ရေတွက်ရင် ညာဘက်အထက်ယွန်းယွန်း သုံးလက်မခန့် အကွာအဝေး ခေါင်းတွင်းတစ်နေရာကို ဗဟိုပြုပြီး ဦးနှောက်မုန်တိုင်း ဆင်စပြုနေပြီ ဆိုပဲ။။ အတွေးတွေဟာ လေသံတွေနဲ့ မကြာမီ ပူးပေါင်းမိပြီး နှစ်ဆယ့်လေးစက္ကန့်အတွင်း ကက်တဂိုရီ အဆင့်ငါး အကြီးစား ဆိုင်ကလုံးတစ်ခုအဖြစ် ကူးပြောင်းတော့မယ်။ ဒါဟာ တစ်သက်မှာ တစ်ခါ ဆိုသလို မိုးပြိုရတဲ့ အဖြစ်မျိုးပဲ။ မိုးရေစက်များ ကောင်းကင်မြင့်ရာဘက်သို့ အမြန်ဆုံး ရွှေ့ပြောင်းကြပါ။ အတွေးဒဏ်ခံ အဆောက်အဦဟာ သင်နေထိုင်ရာ တိမ်တိုက်နှင့် လေပြင်းတစ်ဝှေ့ အကွာအဝေးမှာ ရှိပါတယ်။ တစ်မီလီမီတာအောက် မိုးရေပေါက်ကလေးများနှင့် သက်တမ်းရင့်ရော်သော တုန်ချိချိ မိုးရေစက်များကို ဦးစားပေးကြပါ။ မကြာခင်မှာပဲ အတွေးတွေက အရှိန်ပြင်းပြင်း တဝေါဝေါ တိုက်ခက်လာတယ်။ မြန်နှုန်းမြင့် အတွေးအုပ်ကြီးကို သဲအိတ်တွေနဲ့ ကာလို့ မရတော့ဘူး။ သင့်အတွေးကြောင့် မိုးရေချိုများ မခါးပါစေနှင့် ဆိုတဲ့ သတိပေး ဆိုင်းဘုတ်ကြီးဟာ အရင်ဆုံး တရှိန်ထိုး ပြိုကျသွားပြီး အတွေးလှိုင်းလုံးတွေ အောက်မှာ ၀ါးမျိုခံလိုက်ရတယ်။ မိုးရေစက်တွေဟာ အတွေးရှိန်အောက်မှာ တလွင့်လွင့်နဲ့ နီးစပ်ရာ ဓါတ်တိုင်/အုန်းပင်ကို ဖက်တက်ကြတယ်။ မြားတွေလို ချွန်မြနေတဲ့ အတွေးကြောင်းတွေက မိုးစက်အတော်များများကို တစစီဖွာထွက်သွားအောင် ခွဲဖြာပစ်ခတ်လိုက်ကြတယ်။ ဒီလိုနဲ့ တွေးတယ် တွေးတယ်။ ဘေးတိုက်တွေးတယ်။ ကန့်လန့်တွေးတယ်။ ဖြန့်ထွက်တွေးတယ်။ ဖောက်ထွက်တွေးတယ်။ တွေးရင် တွေးတယ်လို့မှတ်။ မှတ်ရင် မှတ်တယ်လို့တွေး။ ငါတွေးတယ် ဒါကြောင့် ငါရှိတယ်။ ငါရှိတယ် ဒါကြောင့် ငါတွေးတယ်။ တွေးတယ် တွေးတယ်။ တွေး တွေး တွေး တွေး။ အတွေးတစ်ရာညက်ခန့် ကြာသောအခါ အတွေးများ တဖြည်းဖြည်း စဲစပြုလာပါပြီ။ မကြာမီမှာ ခေါင်းတွင်းပိုင်း ဘယ်ဘက်အရပ်သို့ ရွေ့လျားကာ အရှိန်လျော့ ပျက်ပြယ်သွားမည်ဟု ယူဆရပါကြောင်း။ မသေမပျောက် ရှင်ကျန်ခဲ့သည့် မိုးရေစက်များ သက်ဆိုင်ရာကို အမြန် သတင်းပို့ပါရန်။ သန်းပေါင်း သန်းပေါင်း သန်းပေါင်း သန်းပေါင်း များစွာသော ဒုက္ခသည်မိုးရေစက်များ အတွက် စာနာဝမ်းနည်းမိကြောင်း သတင်းထုတ်ပြန်ချက်များ ဖန်သားပြင်ပေါ်မှာ တစ်ခုပြီးတစ်ခု အလုအယက် ပေါ်လာပြီ။ အတွေးတွေ မှောင်မိုက် အုပ်ဖုံးသွားခဲ့သည့် ပတ်ဝန်းကျင်တစ်ခုလုံး ညစ်ပတ်စုတ်ပြတ်လို့။ အပျက်အစီး အကျိုးအပဲ့ အကြေအမွများ။ ပက်လက် မှောက်ခုံ ပေါလောပေါ်လာသော မိုးရေသေကောင်များ။ မောလိုက်တာ။ ဆာလိုက်တာ။ ငတ်လိုက်တာ။ ရေ.. ရေ .. ရေ။ အနီးအနားက လက်ကျန်မိုးရေတချို့ကို ကောက်မော့မယ် လုပ်ပြီးမှ တွန့်ဆုတ်မိတယ်။ မိုးရေတွေ အရင်လို ချိုမြသေးရဲ့လား။

ပန်ဒိုရာ

မသက်ဝေက မိုးရွာချိန်အတွေး ရေးဖို့ တက်ဂ်လာလို့ ဆက်ရွာလိုက်တာပါ။

Expand..

Thursday, October 7, 2010

၁၀၀% ပြည့်စုံတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရခြင်း

ထုံးစံအတိုင်း ဘာညာသာရကာနဲ့ အလုပ်များနေလို့ ဟာရူကီ မူရာကာမိ ဆက်မမိခင်မှာ ကိုညီသစ် ဘာသာပြန်ထားတဲ့ ၀တ္ထုတိုတစ်ပုဒ်ကို ခွင့်တောင်းပြီး တင်လိုက်ပါတယ်။ မူရာကာမိကို ပရိုမိုးရှင်း လုပ်သလိုတော့ ဖြစ်နေပြီ။ ကော်မရှင်လည်း မရရပါဘူး။ လောလောဆယ်တော့ ၂၀၁၀ စာပေနိုဘဲလ်ဆု မူရာကာမိ မရလို့ စိတ်မကောင်းပါဘူးလေး)
------------------


၁၀၀% ပြည့်စုံတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရခြင်း

လှပတဲ့ ဧပြီလ မနက်ခင်းတစ်ခု၊ တိုကျိုမြို့ရဲ့ ခေတ်မီလှတဲ့ ဟာဂူဂျုကု နားက လမ်းကျဉ်းလေးတစ်ခုမှာ ၁၀၀% ပြီးပြည့်စုံတဲ့ ကောင်မလေးတစ်ယောက်ကို ကျွန်တော် ဖြတ်လျှောက်သွားခဲ့တယ်။

အမှန်ကို ပြောရမယ်ဆိုရင်တော့ဗျာ သူက ဒီလောက်လည်း ချောချောချောလှလှ မဟုတ်ပါဘူး။ ဘာမှ ထူးထူးခြားခြား ဖြစ်နေတာလည်း မရှိဘူး။ သူ့ ၀တ်စားဆင်ယင်မှုကလည်း ဘာမှ ထူးခြားတာ မရှိဘူး။ သူ့ ခေါင်းနောက်က ဆံပင်တွေတောင် အိပ်ထားတာကြောင့်ထင်တယ် နည်းနည်းတောင် ပုံပျက်လို့။ အသက်ကလည်း ဒီလောက်ကြီး မငယ်ဘူး။ ၃၀ ၀န်းကျင်လောက် ရှိပြီဆိုတော့ ယဉ်ယဉ်ကျေးကျေး ပြောရမယ်ဆိုရင် ကောင်မလေးလို့တောင် မခေါ်သင့်တော့ဘူးပေါ့။ ဒါပေမယ့် ကိုက် ၅၀ အကွာကနေတောင် သူဟာ ကျွန်တော့်အတွက် ၁၀၀% ပြီးပြည့်စုံတဲ့ မိန်းကလေးဆိုတာ သိနေတယ်ဗျာ။ သူ့ကို စမြင်လိုက်ကတည်းက ကျွန်တော့်ရင်ထဲမှာ ၀ုန်းခနဲဖြစ်သွားသလို ကျွန်တော့်ပါးစပ်ကလည်း ကန္တာရလို ခြောက်ကပ်သွားတယ်။

မိန်းကလေးတွေနဲ့ ပတ်သက်ရင် လူတိုင်းမှာ ကိုယ့်အကြိုက်ကိုယ် ရှိတတ်ကြတယ်လေ။ ပြောရမယ်ဆိုရင်ဗျာ၊ ခြေကျင်းဝတ် သွယ်သွယ်လေးတွေကို ကြိုက်တာမျိုး၊ မျက်လုံးပြူးပြူးလေးတွေကို ကြိုက်တာမျိုး၊ လက်ချောင်းသွယ်သွယ်လေးတွေကို ကြိုက်တာမျိုးတို့၊ နောက် ဘာစားစား အချိန်ဆွဲပြီး စားသောက်တတ်တဲ့ မိန်းကလေးတစ်ယောက်ကို ဘာကောင်းကွက်မှ မရှိဘဲ ငြိတွယ်နေမိတာမျိုးတို့ပေါ့။ ကျွန်တော့်မှာလည်း ကိုယ်ကြိုက်တဲ့ အချက်တွေ ရှိတာ အသေအချာပေါ့ဗျာ။ တစ်ခါတလေဆို စားသောက်ဆိုင်မှာ ထိုင်နေရင်းနဲ့ ဘေးစားပွဲက မိန်းကလေးတစ်ယောက်ကို သူ့နှာခေါင်းပုံလေးကို သဘောကျမိတာနဲ့ပဲ စိတ်လွတ်လက်လွတ် ငေးမိနေတာမျိုး ဖြစ်ဖူးတယ်။

ဒါပေမယ့် ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ ၁၀၀% ပြီးပြည့်စုံတဲ့ မိန်းကလေးဟာ ကိုယ်စိတ်ကူးထားတဲ့ အချက်တွေ အကုန်လုံးနဲ့တော့ ကိုက်ညီရမယ်လို့တော့ ဇွတ်ပြောလို့မရဘူးဗျ။ ကျွန်တော်က မိန်းကလေးတွေမှာ ကိုယ်ကြိုက်တတ်တဲ့ နှာခေါင်းပုံစံ ရှိတယ်ဆိုပေမယ့် သူ့မှာ အဲလိုနှာခေါင်းမျိုး ရှိမရှိဆိုတာတောင် သေချာ မှတ်မိတော့တာ မဟုတ်ဘူး။ ကျွန်တော် အသေအချာ မှတ်မိနေတာ တစ်ခုကတော့ သူက ထူးထူးခြားခြားကြီး လှပမနေတာပဲ။ ဘယ်လောက် မမိုက်လိုက်လဲဗျာ။

“မနေ့က လမ်းမှာ ၁၀၀ % ပြီးပြည့်စုံတဲ့ မိန်းကလေးကို ငါ ဖြတ်လျှောက်ခဲ့မိတယ်” လို့ ကျွန်တော့် သူငယ်ချင်းကို ပြောမိတယ်။
“ဟုတ်လား။ ချောလားကွ” သူက ပြန်မေးတယ်။
“ဒီလောက်လည်း မဟုတ်ပါဘူး”
“ဒါဆို မင်း အကြိုက်ဖြစ်မှာပေါ့”
“မသိဘူးကွ။ သူနဲ့ ပတ်သက်ပြီး သူ့မျက်လုံးတွေက ဘယ်လို၊ သူ့ရင်သားတွေက ဘယ်လိုဆိုတာ
ငါ ရေရေရာရာ မှတ်မိတာလည်း မရှိပါဘူးကွာ”
“အဆန်းပဲကွ”
“အေး။ ဆန်းတယ်”
“ဒါဆို ဘယ်လိုပဲ ဖြစ်ဖြစ်ကွာ၊ မင်း သူ့ကို စကားပြောမိလိုက်လား၊ သူ့နောက် လိုက်သွားသေးလား” သူငယ်ချင်းက စိတ်ပျက်စပြုနေပြီဖြစ်တဲ့ လေသံနဲ့ပြောတယ်။
“ဟင့်အင်း။ လမ်းမှာ ဖြတ်လျှောက်မိတာလေးပဲ ရှိတယ်”
သူက အရှေ့ကနေ အနောက်ဘက် လျှောက်လာတာ၊ ကျွန်တော်က အနောက်ဘက်ကနေ အရှေ့ဘက်ကို လျှောက်လာတာ။ ဧပြီ မနက်ခင်းကလည်း တကယ့်ကို သာသာယာယာပဲ။

ကျွန်တော် သူ့ကို စကားတော့ ပြောလိုက်ချင်သေးတာ။ နာရီဝက်လောက်ဆိုရင်ပဲ တော်တော် လုံလောက်နေပြီ။ သူ့အကြောင်းလေးမေး၊ ကိုယ့်အကြောင်းလေး ပြောပေါ့။ ကျွန်တော် သူ့ကို တကယ်ပြောပြချင်တာလည်း ရှိပါတယ်။ ၁၉၈၁ ခုနှစ်ရဲ့ သာယာလှပတဲ့ ဧပြီလ မနက်ခင်းတစ်ခုမှာ ဟာရာဂျုကု က လမ်းသွယ်တစ်ခုမှာ သူနဲ့ကျွန်တော် ဖြတ်လျှောက်မိစေတဲ့ အဖြစ်အပျက်မှာ ကံတရားရဲ့ ဆန်းကြယ်ပုံကို ရှင်းပြလိုက်ချင်တာ။ အဲလိုပြောလိုက်ရင် တစ်ခုခု သေချာတာကတော့ နွေးထွေးတဲ့ လျှို့ဝှက်ချက်ကလေးတွေ ပြည့်နှက်နေမယ် ဆိုတာပါပဲ။ ကမ္ဘာကြီးတစ်ခုလုံး ငြိမ်းချမ်းနေခဲ့တုန်းက လုပ်ခဲ့တဲ့ ရှေးဟောင်းနာရီတစ်လုံးလိုပေါ့။

သူနဲ့ စကားပြောပြီးပြီဆိုရင် ကျွန်တော်တို့ တစ်နေရာရာမှာ နေ့လည်စာ သွားစားတာဖြစ်ဖြစ်၊ ၀ူဒီအယ်လင်ရဲ့ ရုပ်ရှင်ကား သွားကြည့်ဖြစ်ရင်လည်း ကြည့်ဖြစ်မှာပေါ့။ ဟိုတယ်ဘား တစ်ခုကို ၀င်ပြီး ကော့တေး သောက်ရင်လည်း သောက်ဖြစ်မယ်လေ။ နည်းနည်းလေး ကံကောင်းမယ်ဆိုရင်တော့ ကျွန်တော်တို့နှစ်ယောက် အိပ်ရာထဲမှာ အဆုံးသတ်ရင် အဆုံးသတ်သွားမှာပေါ့။

မမြင်ရတဲ့ ခွန်အားတွေက ကျွန်တော့်နှလုံးသားတံခါးကို လာခေါက်နေတယ်။

ခုဆို သူနဲ့ ကျွန်တော်နဲ့ကြားက အကွာအဝေးက ၁၅ ကိုက်လောက်ပဲ ရှိတော့တယ်။

ကျွန်တော်သူ့ကို ဘယ်လို ချဉ်းကပ်ရမလဲ၊ ဘာပြောရမလဲ။

“မင်္ဂလာမနက်ခင်းပါ။ စကားနည်းနည်းပြောဖို့ နာရီဝက်လောက်များ အချိန်ရနိုင်ပါ့မလား မသိဘူး”

ဒါလည်း မဟုတ်သေးဘူး။ ကျွန်တော့်လေသံက အာမခံအရောင်းသမား လေသံ ဖြစ်နေမယ်။

“တဆိတ်လောက်ဗျာ။ ဒီအနီးနားတစ်ဝိုက်မှာ တစ်ညလုံးဖွင့်တဲ့ အ၀တ်လျှော်ဆိုင်တွေ ရှိမရှိဆိုတာ သိမလားလို့ပါ”

မဟုတ်သေးပြန်ဘူး။ ဒီလိုပြောလည်း အဆီအငေါ် မတည့်လှဘူး။ ကျွန်တော့်လက်ထဲမှာ အ၀တ်လျှော်ဖို့ တစ်ခုတလေတောင် သယ်လာတာ မဟုတ်ဘူး။ ကျွန်တော့်နေရာမှာဆို ဘယ်သူက အဲလိုပြောမှာလဲ။

အမှန်အတိုင်းပြောပြလိုက်ရင်တော့ အလုပ်ဖြစ်လောက်တယ်။
“မင်္ဂလာ မနက်ခင်းပါဗျာ။ မင်းဟာ ကိုယ့်အတွက် ၁၀၀% ပြည့်စုံတဲ့ မိန်းကလေး တစ်ယောက်ပါ”

မဖြစ်ပြန်ဘူး။ အဲလိုပြောရင်လည်း သူ ယုံမှာ မဟုတ်ဘူး။ ယုံကြည်မယ်ဆိုရင်တောင် သူ ကျွန်တော့်ကို စကားပြောချင်မှာ မဟုတ်ဘူး။ ဆောရီးပဲ ရှင်၊ ကျွန်မက ရှင့်အတွက် ၁၀၀% ပြည့်စုံတဲ့ မိန်းကလေး ဖြစ်ပေမယ့် ရှင်ကတော့ ကျွန်မအတွက် ၁၀၀% ပြည့်စုံတဲ့ ယောက်ျားတစ်ယောက် မဟုတ်ဘူးလို့ ပြောရင် ပြောမှာဗျ။ ဒါ ဖြစ်နိုင်တယ်လေ။ ကျွန်တော်သာ အဲလိုအပြောခံလိုက်ရမယ်ဆိုရင်တော့ တစ်စစီတောင် ဖြစ်သွားနိုင်တယ်။ အဲဒီအဖြစ်ဆိုးကနေ နလန်တောင် ပြန်ထူနိုင်မှာ မဟုတ်ဘူး။ အခု ကျွန်တော့်အသက်က ၃၂ နှစ်။ ရင့်ကျက်လာတာဆိုလို့ အသက်တွေပဲ ရှိတယ်။

ပန်းဆိုင်တစ်ဆိုင်ရှေ့မှာ ကျွန်တော်တို့ ဖြတ်လျှောက်မိတယ်။ သေးငယ်ပြီး နွေးထွေးတဲ့ လေထုလေးက ကျွန်တော့် အရေပြားကို လာထိတယ်။ နိုင်လွန်ကတ္တရာလမ်းက စိုစွတ်လို့။ နှင်းဆီပန်းနံ့လည်း ရတယ်။ သူ့ကို စကားပြောမိဖို့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ဟန်လို့မရဘူးဖြစ်နေတယ်။ သူက အဖြူရောင် ဆွယ်တာလေး ၀တ်ထားတယ်။ သူ့ ညာဘက်လက်ထဲမှာတော့ တံဆိပ်ခေါင်းမပါတဲ့ စာအိတ် ကြွပ်ကြွပ်ရွရွလေး ကိုင်ထားတယ်။ ဒါဆို သူ တစ်ယောက်ယောက်ဆီ စာရေးထားတာဖြစ်မယ်။ အဲဒီစာအတွက်လည်း တစ်ညလုံး အချိန်ပေးထားပုံပဲ။ ဒီလိုပြောရတာကလည်း သူ့မျက်လုံးတွေထဲမှာ အိပ်ချင်နေတဲ့ အရိပ်အယောင်တွေ မြင်နေရလို့ပါ။ စာအိတ်ထဲမှာ သူ့ရှိသမျှ လျှို့ဝှက်ချက်တွေ အကုန်ရှိနေနိုင်တယ်။

ကျွန်တော် လေးတိလေးကန်နဲ့ ခြေလှမ်းအနည်းငယ်လှမ်းပြီး လှည့်ကြည့်လိုက်တော့ သူဟာ လူအုပ်ထဲမှာ ပျောက်သွားပြီ။

ခုမှပဲ ကျွန်တော်သူ့ကို ဘာပြောသင့်လဲဆိုတာကို သေသေချာချာ သိလိုက်ရတော့တယ်။ ဒါပေမယ့် အချိန်ကြာကြာ ပြောမှတော့ဖြစ်မယ်။ စီကာပတ်ကုံးပြောပြဖို့ ကျွန်တော့်အတွက် အချိန်များများ ယူရမယ်။ ကျွန်တော့်ဆီ ပေါ်ပေါ်လာတဲ့ စိတ်ကူးမှန်သမျှက လက်တွေ့ကို မဆန်ဘူးဗျာ။

ကဲ ကောင်းပြီဗျာ။ “ဟိုး တစ်ခါတုန်းက” လို့ အစချီပြီး “ကြွေကွဲစရာ ဇာတ်လမ်းလေးလို့ မထင်ဘူးလားဟင်” လို့ အဆုံးသတ်ရမယ်ထင်တယ်ဗျ။

တစ်ခါတုန်းက ကောင်လေးနဲ့ ကောင်မလေးတစ်ယောက် ရှိသတဲ့။ ကောင်လေးက ၁၈ နှစ်။ ကောင်မလေးက ၁၆ နှစ်။ ကောင်ကလေးကလည်း ထူးထူးခြားခြား မချောမောသလို ကောင်မလေးကလည်း ထူးကဲပြီး လှမနေပါဘူး။ သူတို့နှစ်ယောက်ဟာ တခြားသူတွေလိုပဲ သာမန် အထီးကျန်ကောင်လေးနဲ့ သာမန် အထီးကျန် ကောင်မလေးပါ။ ဒါပေမယ့် ကောင်လေးရော ကောင်မလေးပါ နှလုံးသားထဲမှာ အပြည့်အ၀ ယုံကြည်ထားတာက ကမ္ဘာလောက တစ်နေရာမှာ သူတို့အတွက် ၁၀၀% ပြည့်စုံတဲ့ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် ရှိနေတယ် ဆိုတာပါပဲ။ ဟုတ်တယ်။ အဲလို ထူးခြားဆန်းကြယ်တာမျိုးကို သူတို့ တကယ့်ကို ယုံကြည်ကြတာ။

တစ်နေ့မှာတော့ လမ်းထောင့်တစ်နေရာမှာ သူတို့နှစ်ယောက် ဆုံမိကြတယ်။

“အံ့သြဖို့ ကောင်းလိုက်တာ။ ကိုယ်မင်းကို တစ်ဘ၀လုံး လိုက်ရှာနေခဲ့တာ။ မင်းတော့ ယုံချင်မှ ယုံမယ် မင်းဟာ ကိုယ့်အတွက် ၁၀၀% ပြည့်စုံတဲ့ မိန်းကလေးပါ” လို့ ကောင်လေးက ပြောတယ်။
“ရှင်ကလည်း ကျွန်မအတွက် ၁၀၀% ပြည့်စုံတဲ့ ယောကျာ်းတစ်ယောက်ပါ။ ကျွန်မ စိတ်ကူးထဲမှာ ပုံဖော်ထားတဲ့ အသေးစိတ်တွေနဲ့လည်း ကွက်တိပဲ။ အိပ်မက် တစ်ခုလိုပဲနော်” လို့ ကောင်မလေးက ပြောတယ်။

သူတို့နှစ်ယောက်ဟာ ပန်းခြံထဲက ထိုင်ခုံလေးမှာ ထိုင်၊ တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင်ထားပြီး သူ့အကြောင်းကိုယ့်အကြောင်း နာရီပေါင်းများစွာကြာအောင် ပြောဖြစ်ကြတယ်။ သူတို့နှစ်ယောက်ဟာ အထီးမကျန်တော့ဘူးလေ။ သူတို့နှစ်ယောက်က ကိုယ်စီတောင့်တနေတဲ့ ၁၀၀% ပြည့်စုံတဲ့သူ တွေ့နေကြတာကိုး။ တစ်ယောက်နဲ့တစ်ယောက် ၁၀၀% ပြည့်စုံတဲ့သူမျိုး တွေ့ရတာ ဘယ်လောက်များ အံ့သြဖို့ကောင်းလိုက်လဲ။ အံ့ဖွယ်မှ အကြီးမားဆုံး အံ့ဖွယ်ပါပဲ။

ဒါပေမယ့် သူတို့ စကားထိုင်ပြောနေရင်းနဲ့ အလွန်သေးငယ်တဲ့ သံသယငွေမျှင်လေးက သူတို့နှလုံးသားကိုယ်စီမှာ အမြစ်တွယ်လာတယ်။ လူတစ်ယောက်ရဲ့ အိပ်မက်က လွယ်လွယ်ကူကူပဲ လက်တွေ့ဖြစ်လာတယ်ဆိုတာ အမှန်တကယ် ဟုတ်မှ ဟုတ်ပါရဲ့လားဆိုတဲ့ သံသယလေးပါ။

ဒီလိုနဲ့ သူတို့ စကားပြောနေတာ ခဏလောက် ရပ်သွားတယ်။ ဒီတော့ ကောင်လေးက ကောင်မလေးကို ပြောတယ်။
“ကိုယ်တို့ကိုယ် ကိုယ်တို့ စမ်းသပ်ကြည့်ရအောင်။ တစ်ကြိမ်တည်းပါ။ ကိုယ်တို့နှစ်ယောက်ဟာ ၁၀၀% ပြည့်စုံတဲ့ တကယ့် ချစ်သူတွေဆိုရင် တစ်နေရာရာမှာ တစ်ကြိမ်တစ်ခါ မပျက်မကွက် ပြန်တွေ့ကြမယ်။ တွေ့တယ်ဆိုရင်တော့ ကိုယ်တို့နှစ်ယောက်ဟာ တစ်ယောက်အတွက် တစ်ယောက် ၁၀၀% ပြည့်စုံတဲ့ ချစ်သူတွေဆိုတာ သေချာပြီ။ ပြီးရင် ကိုယ်တို့ လက်ထပ်ကြမယ်။ မင်းရော ဘယ်လို သဘောရလဲ”
“အင်း။ ဒါ ကျွန်မတို့ တကယ်လုပ်သင့်တာပဲလေ”

ဒီလိုနဲ့ သူတို့နှစ်ယောက် လမ်းခွဲသွားကြတယ်။ ကောင်မလေးက အရှေ့ဘက်ကို၊ ကောင်လေးက အနောက်ဘက်ကို။

တကယ်တော့ သူတို့နှစ်သဘောတူမိတဲ့ စမ်းသပ်မှုဆိုတာက မရှိမဖြစ် လိုအပ်လှတာတော့ မဟုတ်ပါဘူး။ အဲလိုစမ်းသပ်မှု သူတို့ မလုပ်သင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ တကယ့်ကို တစ်ယောက်နဲ့တစ်ယောက် ၁၀၀% ပြည့်စုံတဲ့ ချစ်သူတွေ ဖြစ်နေကြလို့ပါပဲ။ သူတို့ ဆုံတွေ့မိတာကိုက အံ့ဖွယ်ပဲလေ။ ဒါပေမယ့် သူတို့အသက်တွေက အဲဒီအချိန်မှာ ငယ်နေသေးတော့ ဒီလောက်လည်း မစဉ်းစားမိခဲ့ကြဘူး။ အေးစက်တဲ့၊ အလေးမထားတဲ့ ကံတရားလှိုင်းတွေက သူတို့နှစ်ယောက်ကို အကြင်နာကင်းမဲ့စွာ ရိုက်ခတ်သွားခဲ့တယ်။

ဆောင်းရာသီ တစ်နေ့မှာတော့ ရာသီအလိုက် ဖြစ်တတ်တဲ့ ကြောက်စရာ ကူးစက်ဖျားနာမှုဒဏ်ကို ခံစားလိုက်ရရှာတယ်။ အဖျားက ပြင်းလွန်းတာကြောင့် သူတို့နှစ်ယောက်စလုံး သေမလိုလို ရှင်မလိုလိုနဲ့ သီတင်းပတ်ပေါင်းများစွာ မျောနေခဲ့ကြပြီး စောစောပိုင်းနှစ်တွေက သူတို့မှတ်ညာဏ်တွေ ထဲမှာ ရှိခဲ့တာတွေလည်း ပျောက်သွားပါလေရော။ သူတို့ နေပြန်ကောင်းလာတဲ့အခါကျတော့ သူတို့ရဲ့ ခေါင်းတွေဟာ ဒီအိတ်ခ်ျလောရင့်စ်ရဲ့ စုဗူးလေးလို ဗလာဟင်းလင်း ဖြစ်နေပြီ။

သူတို့နှစ်ယောက်စလုံးဟာ ထူးချွန်သူတွေ၊ စိတ်ပိုင်းဖြတ်ချက်မှန်တဲ့ လူငယ်တွေ ဖြစ်ပြီး မနားမနေ ကြိုးစားမှုတွေကြောင့် အသိပညာတွေ ပြန်လည်စုဆောင်းမိပြီး လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းမှာ ပြန်ပြီး လူဝင်ဆံ့တဲ့ အနေအထားအထိတော့ ပြန်ရောက်သွားကြတယ်။ သူတို့နှစ်ယောက်စလုံးဟာ တကယ့်ကို ထူးချွန်တဲ့သူတွေ ပြန်ဖြစ်လာကြပြီး မြေအောက်ရထား တစ်ဘူတာကနေ တစ်ဘူတာ ပြောင်းစီးနိုင်တဲ့အထိ ပြန်အသိတရားတွေ ရရှိလာကြတယ်။ စာတိုက်မှာသွားပြီး တကယ့်ကို အရေးကြီးတဲ့စာတွေ သွားပို့နိုင်တဲ့အထိ စွမ်းဆောင်လာနိုင်ကြတယ်။ နောက်ဆုံး အချစ်ကိုပါ သူတို့ ခံစား သိရှိနိုင်တဲ့အထိ ဖြစ်လာတယ်။ တစ်ခါတလေတော့လည်း အချစ်ကို ၇၅%၊ ၈၅% အထိ ခံစားတတ်လာတယ်။

တုန်လှုပ်ဖွယ်ရာ အချိန်ရဲ့ မြန်ဆန်မှုနဲ့အတူ မကြာခင်မှာပဲ ကောင်လေးက ၃၂ နှစ် ဖြစ်လာပြီး ကောင်မလေးက ၃၀ အရွယ် ဖြစ်လာကြတယ်။

လှပတဲ့ ဧပြီ မနက်ခင်းမှာ နေ့တစ်နေ့အစအဖြစ် ကော်ဖီသောက်ဖို့ နေရာရှာရင်း ကောင်လေးက အနောက်အရပ်ကနေ အရှေ့ဘက်ကို လမ်းလျှောက်ထွက်လာတယ်။ ကောင်မလေးကလည်း အရေးကြီးတဲ့ စာတစ်စောင်ပို့ဖို့ အရှေ့ဘက်ကနေ အနောက်ဘက်ကို လမ်းလျှောက်ထွက်လာတယ်။ သူတို့နှစ်ယောက် လမ်းလျှောက်ထွက်လာတဲ့နေရာကလည်း တိုကျိုမြို့ရဲ့ ဟာရာဂျုကု ရပ်ကွက်က လမ်းကျဉ်းလေး တစ်ခုတည်းမှာ။ လမ်းလယ်ကောင်မှာ သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ဖြတ်လျှောက်သွားခဲ့ကြတယ်။ သူတို့နှစ်ယောက်ရဲ့ ပျောက်ဆုံးနေတဲ့ အမှတ်ရမှုတွေထဲမှာ မဆိုစလောက်လေး အသီးသီးရင်ခုန်သွားမိတာကတော့ အခိုက်အတန့်လေးပါပဲ။ သူတို့နှစ်ယောက်စလုံးရဲ့ ရင်ဘတ်တွေထဲမှာ ၀ုန်းခနဲ ခဏဖြစ်သွားတယ်။ သူတို့ စိတ်ကိုယ်စီထဲမှာလည်း သိနေကြတယ်။

သူက ငါ့အတွက် ၁၀၀% ပြည့်စုံတဲ့ မိန်းကလေးပါလား။
သူက ငါ့အတွက် ၁၀၀% ပြည့်စုံတဲ့ ကောင်လေးပါလား။

ဒါပေမယ့်လည်း သူတို့နှစ်ယောက်ရဲ့ သတိရမှုတွေက ဒီလောက်ကြီးလည်း မဖွံ့ဖြိုးကြသေးဘူး။ လွန်ခဲ့တဲ့ ၁၄ နှစ်က အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ပြည့်ပြည့်၀၀ ပုံဖော်နိုင်စွမ်း မရှိသေးဘူး။ သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် စကားတစ်ခွန်းမှ မဆိုဘဲ လမ်းထဲမှာ ဖြတ်သွားခဲ့ကြတယ်။ နောက် လူအုပ်ထဲမှာ ပျောက်သွားကြတယ်။ ထာဝရ။

ဝမ်းနည်းစရာကောင်းတဲ့ ဇာတ်လမ်းတစ်ခုလို့ ခင်ဗျား မထင်ဘူးလား။
ဟုတ်ပါတယ်ဗျာ။ တကယ် ၀မ်းနည်းစရာဇာတ်လမ်း တစ်ခုပါ။ ကျွန်တော် သူ့ကို အဲလိုပဲ ပြောလိုက်ရမှာ။



ညီသစ် ဘာသာပြန်သည်။
On Seeing the 100% Perfect Girl by HARUKI MURAKAMI


(ဘာသာပြန်သူ၏ မှတ်ချက်။ ။ ဒီဝတ္ထုကို လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က “သောင်းပြောင်းထွေလာ ရယ်စရာ” မဂ္ဂဇင်းမှာ ကျွန်တော် ဘာသာပြန်ခဲ့ဖူးတယ်။ အခုအချိန်အထိ စိတ်ထဲမှာ အသစ် ဖြစ်နေတာမို့ ဘာသာပြန်လက်ခံမရှိပေမယ့် ထပ်ပြီး အသစ်ဘာသာပြန်လိုက်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဂျပန်စာရေးဆရာ Haruki Murakami ဟာ Gabriel Garcia Marquez ပြီးရင် ကျွန်တော်အရမ်းကြိုက်တဲ့ စာရေးဆရာ ဖြစ်နေတာမို့ပါ။)

Expand..

Sunday, October 3, 2010

မှော်အိမ်မက်တွေထဲမှာ မသိစိတ်ကို လိုက်မျှားသူ

Kafka on the Shore အကြောင်းကိုတော့ ဒီနေရာမှာ ပြောပြခဲ့ပြီး ဖြစ်ပါတယ်။ ဟာရူကီ မူရာကာမိရဲ့ အရေးအသားတွေ အတွေးအခေါ်တွေက တကယ့်ကို ထူးခြားဆန်းသစ်ပြီး ဆွဲဆောင်အားကောင်းလှတယ်။ နှစ်သက်မိတဲ့ သူ့ရဲ့ တခြားဝတ္ထုတွေအကြောင်း ဆက်ပြောချင်ပါတယ်။ မပြောခင် မူရာကာမိဟာ စာရေးသားခြင်းကို ဘယ်လိုစီမံခန့်ခွဲသလဲ ဆိုတဲ့အကြောင်းကို အရင် ဝေမျှချင်ပါသေးတယ်။

ပုံ ဒီက


မူရာကာမိ က ၀တ္ထုရှည်(novel) နဲ့ ၀တ္ထုတို (short story)တွေကို တစ်လှည့်စီ ရေးလေ့ရှိတယ်လို့ ဆိုပါတယ်။ Blind Willow, Sleeping Woman ၀တ္ထုတိုပေါင်းချုပ်စာအုပ်ရဲ့ အမှာစာမှာ သူက ပြောထားခဲ့တယ်။ အရှင်းဆုံးပြောပြရရင် ၀တ္ထုရှည် တွေကိုရေးရတာ စိန်ခေါ်မှုတစ်ခုဖြစ်ပြီး ၀တ္ထုတို ရေးရတာကတော့ ပျော်ရွှင်မှုပါတဲ့။ ၀တ္ထုရှည်ရေးရတာက တောအုပ်ကို စိုက်ပျိုးရသလိုဆိုရင် ၀တ္ထုတိုကျတော့ ဥယျာဉ်ကို စိုက်ပျိုးရသလိုပါပဲလို့ သူက ဥပမာပေးထားပါတယ်။ အဲဒီဖြစ်စဉ်နှစ်ခုကလည်း တစ်ခုကိုတစ်ခု အပြန်အလှန် ဖြည့်စွက်ပေးနေပြီး နှစ်မျိုးလုံးကို သူ တန်ဖိုးထားပါတယ်တဲ့။ တောအုပ်စိမ်းထဲမှာ လူတွေကို အရိပ်ပေးတဲ့ အပင်တွေနဲ့ ပင်ခြေမှာ ရော်ရွက်ဝါခြောက်တွေနဲ့ သစ်ရွက်တွေကြား ဖြတ်တိုက်လာတဲ့ လေနုအေးနဲ့ တန်ဆာဆင်ထားသလို ပန်းဥယျာဉ်ထဲမှာကျတော့လည်း ပန်းပွင့်တွေ ပျားပိတုန်းတွေနဲ့ ရာသီအပြောင်းကို ဖော်ကျုးပြီး တစ်မျိုး တင့်တယ်နေပြန်တယ်။

မူရာကာမိရဲ့စတိုင်က ၀တ္ထုရှည် ခရီးရှည်ကြီးတစ်ခု ပြီးသွားတိုင်းမှာ ခဏနားတဲ့အနေနဲ့ ၀တ္ထုအတိုတချို့ ရေးပါတယ် တဲ့။ ၀တ္ထုရှည်ရေးနေချိန်မှာ ၀တ္ထုတိုတွေကို ဘယ်တော့မှ ကြားဖောက်မရေးဘူး။ အဲဒီလိုပဲ ၀တ္ထုတိုတွေ ရေးနေချိန်မှာလည်း အတိုတွေကိုပဲ ဆက်တိုက်ရေးသွားတယ် အရှည်ဘက်ကို ဦးမလှည့်ပါဘူး တဲ့။ ၀တ္ထုရှည်နဲ့ ၀တ္ထုတို ရေးတဲ့အခါ လှုပ်ရှားရတဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေဟာ မတူပါဘူး တဲ့။ တခါတလေကျတော့ တစ်ဖက်ကနေ တစ်ဖက်ကို ချန်နယ် အကူးအပြောင်းအတွက် အချိန်နည်းနည်း ယူရပါတယ် တဲ့။

တခါတလေကျတော့ သူ့ရဲ့ ၀တ္ထုတိုတွေဟာ ၀တ္ထုရှည်တွေ ရေးဖို့အတွက် ပုံစံငယ် (prototype) လေးတွေ ဖြစ်နေပြန်သတဲ့။ တကယ်ပါပဲ။ သူ့ရဲ့ ၀တ္ထုတိုတချို့မှာ ၀တ္ထုရှည်ထဲက နိဒါန်းလေးဖြစ်ဖြစ် အိုင်ဒီယာလေးဖြစ်ဖြစ် ထင်ဟပ်နေတာတွေ သတိထားမိတယ်။ ဥပမာတစ်ခု ပြောရရင် Blind Willow, Sleeping Woman ထဲမှာပါတဲ့ Firefly ဆိုတဲ့ ၀တ္ထုတိုလေးဟာ သူ့ရဲ့ နာမည်ကျော် Norwegian Wood အငယ်စားလေးလို ဖြစ်နေတာကို ဖတ်မိပါတယ်။

ဝတ္ထုတိုလေးတွေကို ရေးတဲ့အခါမှာ ပျော်စရာကောင်းတဲ့ အချက်တစ်ချက်ကတော့ မြန်မြန်ပြီးတာရယ် အသေးစိတ်လေးတွေကို အနုစိတ် ခြယ်မှုန်းနိုင်တာရယ်ပါ လို့ သူက ဆိုပါသေးတယ်။ သူက တစ်ပတ်လောက် အချိန်ယူရေးရင် တော်ရုံအရည်အသွေးနဲ့ ၀တ္ထုတိုတစ်ပုဒ် အကြမ်းရပြီတဲ့။ နောက်မှတော့ ထပ်ခါထပ်ခါ ပြင်တာပေါ့လေ။ ၀တ္ထုရှည်ကတော့ စိတ်ရောကိုယ်ပါ ပုံအပ် နှစ်မြုပ်ပြီး တစ်နှစ်-နှစ်နှစ်လောက် ချီတက်ရေးသားရတဲ့ မာရသွန်ခရီးရှည်ပါပဲ တဲ့။ ဒါကြောင့် သူက ၀တ္ထုတိုတွေရေးခြင်းဟာ ၀တ္ထုရှည်တွေကြားမှာ ခဏခြားပေးထားတဲ့ လိုအပ်တဲ့ အပြောင်းအလဲလို့လည်း မြင်ပါတယ်တဲ့။

မူရာကာမိရဲ့ အရေးအသားတွေကို မြန်မာပြန် ပုံနှိပ်ထုတ်ဝေထားတာ ရှိမရှိ မသိပါဘူး။ Blind Willow, Sleeping Woman ထဲမှာပဲ ဖတ်ခဲ့ရတဲ့ Ice Man ဆိုတဲ့ ၀တ္ထုတိုလေးကိုတော့ The New Yorker မှာ ဖော်ပြခဲ့တဲ့ လင့်ခ်ကို အင်တာနက်ထဲမှာ ရှာတွေ့တာနဲ့ တေဇာ (လရောင်လမ်း) ကို ပေးပြီး ဘာသာပြန်ဖို့ တိုက်တွန်းခဲ့ပါသေးတယ်။ မြည်းစမ်းချင်ရင် ဒီနေရာမှာ ဖတ်ကြည့်လို့ရပါတယ်။


(စိတ်ဝင်စားကြရင် သူ့ဝတ္ထုတွေအကြောင်း မှတ်စုတွေကို မြန်မြန်ဆက်ရေးပါမယ်။ ဒါမှမဟုတ်ရင်တော့ ဖြည်းဖြည်းဆက်ပါမယ်။း))

ပန်ဒိုရာ

Expand..

Wednesday, September 29, 2010

အိုင်ထဲက ကဗျာတွေ

မရှိမဲ့ရှိမဲ့ ခြစ်ခြစ်ခြုတ်ခြုတ် ၀ယ်ထားတဲ့ iPhone လေးမှာ အလကားရတဲ့ application တွေကို ဒေါင်းလုဒ် လုပ်ဖြစ်ပါတယ် (ကြွားတယ်ထင်မှာစိုးလို့ နှိမ့်ချစွာ ပြောဆိုခြင်း)။ သူငယ်ချင်းတစ်ယောက်က The Poetry Foundation က application ရှိတယ်ပြောတော့ ၀မ်းသာအားရ ရှာဖွေပြီး ထည့်ထားလိုက်ပါတယ်။ ရထားပေါ်မှာ ဘတ်စ်ကားပေါ်မှာ အလွယ်တကူ ဖတ်လို့ရတာပေါ့။


ကဗျာတစ်ထောင်ကျော် ပါပါတယ်။ ဘယ်လောက်ကြာရင် တစ်ခါ အသစ်တွေ ထည့်ပေးသလဲတော့ မသိပါဘူး။ စိတ်ဝင်စားမိတာက အဲဒီ ပရိုဂရမ်က ကဗျာတွေကို mood အလိုက်၊ subject အလိုက် အမျိုးအစား ခွဲထားတာကိုပါ။ ကဗျာတွေမှာ tag ထားတာဖြစ်မှာပေါ့။ mood နဲ့ subject ကို တွဲပြီးရှာလို့ရတယ် (ဥပမာ joy (mood) + youth (subject) ဆိုရင် အဲဒီနှစ်ခုနဲ့ ပတ်သက်တဲ့ ကဗျာတွေ ထွက်လာတယ်)။ သတ်သတ်စီလည်း ရှာလို့ရပါတယ်။ mood တွေကတော့ အချင်းချင်း mutually exclusive ဖြစ်ပုံမပေါ်ဘူး။ ဆိုလိုတာက ကဗျာတစ်ပုဒ်တည်းမှာ သူတို့ သတ်မှတ်ထားတဲ့ mood တစ်မျိုးမက tag ထားနိုင်တယ်။

ကဗျာတွေမှာ ဘယ်လို mood မျိုးတွေ အများဆုံး ရေးလေ့ရှိသလဲ။ သူတို့သတ်မှတ်ထားတဲ့ အမျိုးအစားတွေအတိုင်း စာရင်းဇယားလေး လုပ်ကြည့်ပါတယ်။ မလုပ်ခင် biased ဖြစ်နေမှာစိုးလို့ ကဗျာတွေကို သူတို့ ဘယ်လိုရွေးချယ်သလဲဆိုတာကို အကဲခတ်ရအောင် ကဗျာဆရာစာရင်းကို ကြည့်လိုက်တော့ တော်တော်စုံပါတယ်။ John Keats, Robert Browning တို့က စပြီး လတ်တလော Poetry Magazine ထဲမှာပါတဲ့ လက်ရှိခေတ် ကဗျာဆရာတွေ ရေးကြတဲ့ ကဗျာတွေအထိ စုံအောင် ထည့်ထားတာကို တွေ့ရတယ်။ ဒီတော့ sample မှာ random ဖြစ်တယ်လို့ ယူဆရတယ်။ mood အလိုက် subject အလိုက် မျှအောင် အစကတည်းက ရွေးထည့်တာမဟုတ်ဘဲ ကဗျာထည့်ပြီးတော့မှ tag လိုက်တယ်လို့ မှန်းရတယ်။ ကဲ.. ကြည့်ကြည့်ရအောင်။



အပေါ်မှာတွေ့ရတာကတော့ mood အလိုက်ကဗျာတွေပါ။ passion mood နဲ့ ရေးတဲ့ကဗျာတွေက အများဆုံးပဲ။ အပုဒ်ပေါင်း ၄၁၀ ရှိတယ်။ pie chart နဲ့ပြရတာ သိပ်တော့ မတိကျဘူး။ စောစောက ပြောခဲ့သလိုပဲ။ ကဗျာတစ်ပုဒ်မှာ mood တစ်မျိုးမက tag ထားနိုင်တာမို့ ထပ်နေတာတွေ ပါနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် positive mood တွေများသလား negative တွေများသလား ကြည့်ရတာပေါ့။ :)




လက်စနဲ့ subject ကိုလည်း စာရင်းလုပ်ကြည့်ပါတယ်။ အကြောင်းအရာမှာတော့ love က အများဆုံးပဲ။ ဒီမှာ ခွဲထားတဲ့အမျိုးအစားတွေက အကြမ်းဖျဉ်းလောက်ပဲ။ ဘာတွေကို အခြေခံပြီး ခွဲထားလဲဆိုတာကို မသိရပါဘူး။Poetry Foundation website ထဲမှာလောက်တော့ အမျိုးအစားမစုံပါဘူး။ ဘာပဲဖြစ်ဖြစ် စိတ်ဝင်စားစရာပါ။

Expand..

Monday, September 27, 2010

ဘန်ဒ၀က်ဂွန် စတားဘတ်ခ်စ်



ဘန်ဒ၀က်ဂွန် စတားဘတ်ခ်စ် (Bandwagon Starbucks)

ငါတို့က ကော်ဖီကိုသောက်တာမဟုတ်ဘူး အက်တမောစဖီးယားကို အမူးသောက်တာ
ကျွန်းကလေး တနံတလျားမှာ စတားဘတ်ခ်စ်ဆိုတာ အာလေးမြို့က အိမ်ဝါ၀ါပဲ
တစ်ခွက်ကို လေးငါးခြောက်ကျပ် ဖဲထရိတ်ဒင်းမဟုတ်လည်း ဘယ်သူက ဂရုစိုက်တာလိုက်လို့
တကျွန်းပို့ခံတွေ မဟုတ်ဘူး ကိုလိုနီလက်သစ်တွေပေါ့ ဟန်လုပ်ပြီး တန်းစီဝယ်ယူစနစ်ထဲ ပစ်ဝင်လိုက်ကြ
ဆေးလိပ်သောက်ချင်တဲ့ကောင်ကြောင့် ၀ရန်တာမှာ အားလုံးထွက်ထွက်ထိုင်ကြရတယ်
မိန်းကလေးတန်မဲ့ အက်စ်ပရက်ဆို နှစ်ခွက်ဆင့်ဆင့် သောက်သူလည်းပါ
အာလူးတွေစားရင်း၊ နေကြာပန်းတွေစိုက်ရင်း၊ ရေးပြီးသမျှတွေ ခုတင်အောက် ထိုးထိုးထည့်ရင်း
အာဘောင်အာရင်းသန်သန် ကော်ဖီရှိန်တွေ တက်တက်လာရင် ၀ါးကနဲရယ်လိုက်ကြ အုံးအုံးကြွက်ကြွက်
ရေထဲကို ထည့်သွားသော အုန်းသီးများ၊ ဘယ်နေရာမှာ အဆုံးသတ်မလဲ ကြက်ဥနဲ့ ကြက်မများ
စစ်မှန်တဲ့ဖရိုဖရဲတိုင်းမှာ စနစ်တခုရှိမရှိ၊ အစင်းအကြောင်းတွေ အပြောက်အမွှမ်းတွေပါမပါ
ယုတ်စွအဆုံး မင်းဖတ်လက်စ စာအုပ်ထဲမှာ ငါမြင်လိုက်တဲ့ စာသားတွေကို မင်းမြင်မမြင်
ကိုင်း အသက်သုံးဆယ်ကျော်မှ မဖြစ်ကြသေးရင် ဘယ်တော့မှ ဖြစ်လာမှာတုန်း စသည်ဖြင့် စသည်ဖြင့်
အဲဒီထဲမှာ တီရှပ်အနက်ရယ်၊ ဂျင်းဘောင်းဘီရယ်၊ လွတ်လပ်လိုအားကြီးစိတ်ရယ်က အတင်းချုပ်နှောင်ထားလို့
ခက်တော့နေပြီ ပေါ့ပေါ့ပါးပါးဖြစ်ဖို့ သတိဆွဲပြီး တကူးတက လွှတ်လွှတ်ချနေတဲ့ကောင်နဲ့
ဒီလောက်ဆိုရပြီလားတဲ့ သူကမေးပြန်တယ် မင်းတို့ကောင်တွေရော နားရွက်ဘယ်တော့ဖြတ်ကြမှာလဲ။

ပန်ဒိုရာ

Expand..

Monday, September 20, 2010

အမှန်တရားက ဇာပုဝါပါးအောက်မှာ ဖုံးနေတယ်




ချားလ်စ် ဘန်စတိုင်းန် (Charles Bernstein) ရဲ့ Girly Man စာအုပ် ကို ပြန်ဖတ်ဖြစ်တယ်။ The Ballad of the Girly Man ဆိုတဲ့ ကဗျာကို ဘာသာပြန်လိုက်ပါတယ်။ အီရတ်စစ်ပွဲကို ရည်ရွယ်ထားတဲ့ကဗျာပါ။

Girly Men ဒါမှမဟုတ် Girlie Men ဆိုတဲ့ စကားကို ရုပ်ရှင်မင်းသားဟောင်း အာနိုး ဆွာဇန်နက်ဂါ က ၂၀၀၄ ခုနှစ်လောက်က မဲဆွယ်တော့ သူ့ပြိုင်ဘက်တွေကို အဲဒီလိုတင်စားပြီး မိန့်ခွန်းတစ်ခုမှာ ထည့်ပြောခဲ့ဖူးတယ်။

ဆရာတစ်ယောက်ရေးတဲ့ လက်ရာတွေကို တစ်စုတစ်စည်းတည်း ဆက်ဖတ်တဲ့အခါ သူ့သဘောကို ပိုသိစေတယ်။ 9/11 ရယ်၊ အီရတ်စစ်ပွဲရယ်နဲ့ ပတ်သက်ရင် ဘန်စတိုင်းန်ရဲ့ နိုင်ငံရေးအမြင်တွေကို စာထဲမှာ မြင်နေရတယ်။ ဥပမာသေးသေးလေး နှစ်ခုလောက် ယူပြရရင် -

“What are you fighting for?
What are you fighting for?”
(Broken English, Girly Man, page 48)

"War is an excuse for lots of bad antiwar poetry."
(War Stories, Girly Man, page 151)

War Stories ဆိုတဲ့ကဗျာကိုလည်း အချိန်ရရင် ဘာသာပြန်ကြည့်ချင်ပါသေးတယ်။ (ဒီကဗျာတွေကို ဆရာတွေ ဘာသာပြန်ခဲ့ပြီး ဖြစ်ကောင်းဖြစ်မယ်။)
The Ballad of the Girly Man ကို ခံစားဖို့ ခက်ဆစ်အနေနဲ့ (မသိခဲ့ရင်) သိဖို့လိုတာ နည်းနည်းပါတယ်။ ဒါဝင် (Darwin) ကိုတော့ အားလုံးသိပါတယ်။ ဟယ်လီဘာတန် (Halliburton) ဆိုတာကိုတော့ ပြောပြဖို့လိုနိုင်တယ်။ ဟယ်လီဘာတန် က ရေနံ၊ဓာတ်ဆီ၊ဓာတ်ငွေ့ ကုမ္ပဏီကြီးတစ်ခုပါ။

ဘာသာပြန်လိုက်တော့ စကားလုံး အရေးအဖွဲ့ကိုတော့ ခံစားလို့ သိပ်မရတော့ဘူးပေါ့။ ဘန်စတိန်းက သူရှေ့က ရေးခဲ့တဲ့စာတွေနဲ့ ပုံစံအားဖြင့် အတော်ကွဲတဲ့ ဒီကဗျာကို စာအုပ်နောက်ဆုံးမှာ ထည့်ထားတယ်။ ညံ့တဲ့ကဗျာတွေမှာ ကာရန်ယူလေ့ ရှိကြတဲ့ စကားလုံးတွေနဲ့ ရေးထားတာမျိုးကိုလည်း တွေ့ရတယ်။ တမင်လုပ်ထားတယ်လို့ ယူဆရတယ်။

---------------

မိန်းကလေးဆန်သူရဲ့ ဘဲလက် ကဗျာ
(ဖီးလစ် အတွက်)

အမှန်တရားက မျက်ရည်ဇာပုဝါပါးအောက်မှာ ဖုံးနေတယ်
ပူဆွေးသူတွေရဲ့ အနာဖေးတွေက ကြောက်ရွံ့မှုနဲ့ ထူသထက်ထူလာတယ်

တချိန်ကအဆိုပြုခဲ့တဲ့ ဒီမိုကရေစီတစ်ခုဟာ
တဖန် ပါးလျ ပိတ်ဖုံးခဲ့ပြန်တယ်
အမုန်းနဲ့ အခွံအုပ်ထားဖို့ကို ပိုဆန္ဒရှိတဲ့
ရက်စက်တဲ့ဒီဇိုင်းနဲ့ လူတွေကြောင့်

အရှုပ်အထွေး ဆိုတာ စာ လေး လုံးပါတဲ့ စကားလုံးပဲ
မရှိတာတွေ နဲ့ ရှိတာတွေကိုပဲ ထည့်တွက်ချင်သူတွေအတွက်
ဒါဝင်ရဲ့ အချက်အလက်တွေကို ဆဲရေးသူတွေအတွက်
ဟယ်လီဘာတန်အရပဲ အမှန်တရားကို ကိုးကွယ်ဖို့လေ

အမှန်တရားက မျက်ရည်ဇာပုဝါပါးအောက်မှာ ဖုံးနေတယ်
ပူဆွေးသူတွေရဲ့ အနာဖေးတွေက ကြောက်ရွံ့မှုနဲ့ ထူသထက်ထူလာတယ်

ငရဲပြည်က လူရမ်းကားတွေက အမှန်တရားစတိုးဆိုင်ကို သိမ်းယူသွားကြပြီ
သူဌေးတွေက ပိုချမ်းသာလာ၊ ဆင်းရဲသားတွေက ပိုမြန်မြန်သေကြ
ဒါကိုတားမြစ်တဲ့ တစ်ဦးတည်းသောဘုရားဆိုရင် ဘုရား လုံးလုံးမဟုတ်တော့ပဲ
ပြောစရာမလိုတဲ့ ချေးထုပ်ဖြစ်သွားတယ်။

ဒီတော့လည်း မိန်းကလေးဆန်တဲ့လူတစ်ယောက် ဖြစ်လိုက်တော့
မိန်းမလိုရပ်တည်
မိန်းမသီချင်းကို ဆို
မိန်းကလေးဆန်တဲ့ ထဘီဝတ်ပြီး က တော့

ကဗျာဟာ အကြမ်းဖက်စစ်ပွဲမှာ ဘယ်တော့မှ နိုင်မှာမဟုတ်ဘူး
ဒါပေမယ့် အမှားကိုလည်း အမှားက ဘယ်တော့မှ ပြန်ထောက်ခံမှာ မဟုတ်ဘူး

ငါတို့ မိန်းကလေးဆန်သူတွေဟာ မကြောက်ကြဘူး
မသေချာမှုကိုဖြစ်ဖြစ် အကြောင်းပြချက်ကိုဖြစ်ဖြစ် အပြန်အလှန်မှီခိုနေမှုကိုဖြစ်ဖြစ်
ငါတို့က မတိုက်ခင် စဉ်းစားကြတယ်၊ ပြီးတော့ ထပ်စဉ်းစားကြပြန်တယ်
ငါတို့ကြမ္မာကို နားထောင်ခြင်းတို့၊ အနုပညာတို့၊ အလျှော့ပေးညှိနှိုင်းခြင်းတို့မှာ ကြေညာထားကြတယ်

ဒီတော့လည်း မိန်းကလေးဆန်တဲ့လူတစ်ယောက် ဖြစ်လိုက်တော့
မိန်းမလိုရပ်တည်
မိန်းမလိုမိန်းမရဆန်ပြီး စိတ်ကြီးဝင်လိုက်စမ်းပါ
ငါတို့ဟာ စစ်ပွဲဆီသို့ ငါတို့လမ်း ကို ဘယ်တော့မှ မလိမ်ညာဘူးဆိုတာ

မိန်းကလေးဆန်သူတွေက ခရစ်တော်ကို သတ်ခဲ့ကြတယ်
ဒီတော့ ပလက်တီနမ် ဒီဗွီဒီ က ပြောတယ်
ဂျူးတွေ လူမည်းတွေ ဂေးတွေဟာ
လမ်းကြာင်းမှာ ရပ်နေကြတုန်းပဲတဲ့

စိတ်မကောင်းပါဘူး မင်းတို့ဘုရားသခင်ကို ငါတို့သတ်လိုက်တယ်
ဟိုး.. ရှေးရှေးကတည်းက
ဒါပေမယ့် အီရတ်က စစ်သားအသေ တစ်ယောက်တိုင်းဟာ
အတွင်းမှာရှိတဲ့ ဘုရားသခင်ကို သတ်ကြတာ၊ အဲဒါ မသေသေးတဲ့ ဘုရားသခင်

အမှန်တရားက မျက်ရည်ဇာပုဝါပါးအောက်မှာ ဖုံးနေတယ်
ပူဆွေးသူတွေရဲ့ အနာဖေးတွေက ကြောက်ရွံ့မှုနဲ့ ထူသထက်ထူလာတယ်

ဒီတော့လည်း မိန်းကလေးဆန်တဲ့လူတစ်ယောက် ဖြစ်လိုက်တော့
မိန်းမလိုရပ်တည်
မိန်းမသီချင်းကို ဆို
မိန်းကလေးဆန်တဲ့ ထဘီဝတ်ပြီး က တော့

ငရဲပြည်က လူရမ်းကားတွေက အမှန်တရားစတိုးဆိုင်ကို သိမ်းယူသွားကြပြီ
သူဌေးတွေက ပိုချမ်းသာလာ၊ ဆင်းရဲသားတွေက ပိုမြန်မြန်သေကြ
ဒါကိုတားမြစ်တဲ့ တစ်ဦးတည်းသောဘုရားဆိုရင် ဘုရား လုံးလုံးမဟုတ်တော့ပဲ
ပြောစရာမလိုတဲ့ ချေးထုပ်ဖြစ်သွားတယ်

ဒီတော့လည်း မိန်းကလေးဆန်တဲ့လူတစ်ယောက် ဖြစ်လိုက်တော့
မိန်းမလိုရပ်တည်
မိန်းမလိုမိန်းမရဆန်ပြီး စိတ်ကြီးဝင်လိုက်စမ်းပါ
ငါတို့ဟာ စစ်ပွဲဆီသို့ ငါတို့လမ်း ကို ဘယ်တော့မှ မလိမ်ညာဘူးဆိုတာ

ပူဆွေးသူတွေရဲ့ အနာဖေးတွေက ကြောက်ရွံ့မှုနဲ့ ထူသထက်ထူလာတယ်
အမှန်တရားက မျက်ရည်ဇာပုဝါပါးအောက်မှာ ဖုံးနေတယ်

ချားလ်စ် ဘန်စတိုင်းန်


ပန်ဒိုရာ


Expand..

Friday, September 10, 2010

အမြင်တချို့

ကိုပေါ ဘလော့ဂ်က ပို့စ်မှာလည်း ရေးထားပါတယ်။ စင်္ကာပူမှာ လတ်တလော ပူညံပူညံဖြစ်နေတဲ့ မူဝါဒတချို့နဲ့ ပတ်သက်လို့ ဆရာတစ်ယောက် (အင်္ဂလိပ်စာ နဲ့ ကွန်ပြူတာ ဆရာ) နဲ့ စကားပြောဖြစ်တယ်။ ဆရာပြောပြတဲ့ အိုင်ဒီယာက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သူ့အမြင်တွေက ဗုဒ္ဓဖီလော်ဆော်ဖီ အပါအ၀င် တခြားအတွေးအခေါ် သီအိုရီတွေမှာ ရှိပြီးသား ဖြစ်ကောင်းဖြစ်မှာပါ။ ဒါပေမယ့် ဆရာ့ articulation ကတော့ လတ်ဆတ်တယ်လို့ ထင်မိပါတယ်။

ဆရာအောင်သင်း ရေးတဲ့ စာတစ်ပုဒ်မှာ ဖတ်ဖူးခဲ့တယ် ထင်တယ်လို့ ဆရာက ပြောပါတယ်။ သားသမီးတွေရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ပါ။ ကိုယ့်သမီးက သူ့ယောင်္ကျားကို အတင်းနိုင်စားစေရင် ယောင်္ကျားက နွားဖြစ်သွားမယ်။ ဒါဆိုလည်း ကိုယ့်သမီးကလည်း နွားရဲ့မိန်းမ ဖြစ်မှာပဲ။ ကိုယ့်သားက သူ့မိန်းမကို အတင်းဖိနှိပ်ခိုင်းရင်လည်း သူ့မိန်းမက ခွေးမဖြစ်သွားမယ်။ ဒါဆိုရင် ကိုယ့်သားကလည်း ခွေးမရဲ့ယောင်္ကျားဖြစ်မှာပဲ တဲ့။ အဲဒီလို သဘောတစ်ခုပါ။ (စကားတော့ နည်းနည်း ကြမ်းနေမယ်။)

အဲဒီကနေ ဆက်စပ်ပြီး ဆရာက ဥပမာလေးတစ်ခု ပေးပါတယ်။ ဥပမာ - မိန်းကလေးတစ်ယောက်က အိမ်ထောင်ပြုဖို့ စဉ်းစားတယ် ဆိုပါစို့။ ကိုယ်လိုချင်တဲ့ ယောင်္ကျားလေး ကို ဖိအားပေးမယ် အတင်းဇွတ်ယူမယ်ဆိုရင် ဘယ်လိုဖြစ်သွားမလဲ။ ဖိအားပေးတိုင်း ယူရတဲ့ ယောင်္ကျားလေး ဆိုရင်လည်း အသုံးမကျ ပျော့ညံ့သူ ဖြစ်မယ်။ ပျော့ညံ့သူကို တသက်လုံး အိမ်ထောင်ဖက်ကြီး တော်ရတော့မယ်။ တကယ်လို့ ပျော့ညံ့သူမဟုတ်ပဲ အရည်အချင်းရှိသူ စိတ်ဓာတ်ခိုင်မာသူက မလွှဲသာလို့ ဖိအားပေးလို့သာ ယူရတယ်ဆိုရင်လည်း သူ့မှာ မကျေနပ်စိတ် ၀င်သွားပြီ။ အဲဒီလို မကျေမချမ်း ဖြစ်နေသူကို ယူလိုက်ရင်ရော တစ်သက်လုံး ပျော်နိုင်မှာတဲ့လား။ ဒါဟာ တစ်နေ့နေ့မှာ ပေါက်ကွဲဖို့ ဖြစ်လာနိုင်တယ်။

နိုင်ငံနဲ့ချီတဲ့ မူဝါဒတွေမှာလည်း ဒီသဘောတရားကို အသုံးချလို့ ရနေဦးမယ်။ မူဝါဒတစ်ခုရဲ့ ရည်ရွယ်ချက်တွေထဲမှာ အကောင်းဆုံး အတော်ဆုံးလူတွေကို လိုချင်တယ် ဆိုတဲ့အချက် ပါတယ် ဆိုပါတော့။ အဲဒီ Strong တွေကို ပိုင်ဆိုင်လာဖို့အတွက် ဖိအားပေးတဲ့ နည်းနဲ့ Force သုံးမယ်ဆိုရင် ဘာဖြစ်မလဲ။ (နားလည်မှု တိုက်ရိုက် ပိုကျအောင် အင်္ဂလိပ်လိုနဲ့ပဲ ညှပ်ပြောပါမယ်။ သည်းခံကြပါ။)

  • Force လုပ်ရင် Strong တွေက ပြန်တိုက်ပါမယ်။ ငြင်းဆန်မယ်။ ဒါဆို သူ့ရည်ရွယ်ချက် မအောင်မြင်ဘူး။ လိုချင်တာရဲ့ ဆန့်ကျင်ဘက်တွေတောင် ဖြစ်လာမယ်။
  • Force လုပ်ရင် တကယ်လို့ Strong က မလွှဲမရှောင်သာတော့လို့ သူ့ကို ရခဲ့ရင်တောင် သူ့မှာ Determined Resistance ပါလာပြီ။ ဒါဟာ ရေရှည်တည်တံ့ sustainable ဖြစ်ပါ့မလား။ Strong ဟာ တနည်းနည်းနဲ့ resist လုပ်မယ်။ မကျေမနပ်ဖြစ်မယ်။ မပျော်ဘူး။ attached ဖြစ်မှာမဟုတ်ဘူး။ ဖြစ်နိုင်ရင် တချိန်မှာတော့ တနည်းနည်းနဲ့ ပြန်ထွက်သွားမယ်။
  • Force လုပ်ရင် Weak တွေ ကိုပဲနိုင်မယ်။ ဒါဟာလည်း နားလည်နိုင်တဲ့ အမှန်တရားတစ်ခုပါ။ ဒါလည်း သူ့ရည်ရွယ်ချက် မအောင်မြင်ဘူး။ Weak တွေကို သူ လိုချင်လို့လား။

နောက်တစ်ခု စဉ်းစားကြည့်မယ်။ Force မဟုတ်ဘူး။ ဒါပေမယ့် Trick လုပ်မယ် ဆိုပါတော့။

  • Trick လုပ်တာကို ခံရတဲ့လူဆိုတာ Dumb တွေပဲ ဖြစ်ပါတယ်။ Dumb ကိုပဲရမယ်။ Smart တွေကို မရပါဘူး။

  • Trick ရဲ့ သဘောသဘာဝအရ အချိန်တစ်ခုမှာ Dumb က realize ဖြစ်သွားမှာပဲ။ အော်.. လှည့်စားတာပါလား လို့ သိလိုက်တဲ့အချိန်မှာ ပြန် ကန် ပါမယ်။

  • တကယ်လို့ တစ်သက်လုံး realize မဖြစ်တဲ့ Dumb ဆိုရင်လည်း ဒါဟာ တကယ့်ကို Dumb အကြီးစား။ အဲလိုလူမျိုးကိုပဲ ရနိုင်မယ်။

မူဝါဒချမှတ်သူတွေလည်း ဒီလို အကျိုးဆက်တွေကို စဉ်းစားပြီးကောင်း ဖြစ်နိုင်ပါတယ်။ ဖြစ်လည်း ဖြစ်သင့်ပါတယ်။

နိဂုံးချုပ်ရရင်တော့ အဲဒီလိုမူဝါဒတစ်ခုမှာ ဖိအားသုံးခြင်း ဒါမှမဟုတ် လှည့်စားခြင်းဟာ ရည်ရွယ်ချက်ကို အောင်မြင်စေမှာ မဟုတ်ဘူး။ မလွှဲသာမရှောင်သာလို့ မဟုတ်ဘဲ တဖက်က တကယ် စိတ်တူကိုယ်တူ ပူးပေါင်းပါဝင်လာတာ၊ အသေအချာ စဉ်းစားသုံးသပ်ပြီးလို့ ကျေကျေနပ်နပ် ပါဝင်လာတာ၊ မိမိရဲ့ လွတ်လပ်တဲ့ စိတ်ဆန္ဒအလျောက် ပါဝင်လာတာ၊ အဲဒီအခြေအနေတွေကို အားပေးနိုင်တဲ့ မူဝါဒမျိုးကပဲ ထိရောက်အကျိုးရှိပါမယ်။

ဆရာ့ကို ကျေးဇူးတင်ပါတယ်။ :)


ပန်ဒိုရာ

(မှတ်ချက်ပေးတဲ့အခါ ဖြစ်နိုင်ရင်တော့ အင်္ဂလိပ်လိုဆိုရင် အကြောင်းအရာကို တည့်တည့် သိပ်မပြောစေချင်ပါ။ မျှဝေချင်လို့ ဒီပို့စ်ကို ရေးတယ်ဆိုပေမယ့် မလိုအပ်ဘဲ attention တွေ မရချင်လို့ပါ။)

(အထက်က ဆရာအောင်သင်းပြောတယ် လို့ ထင်တဲ့ ဥပမာ ကို ရီတာက ဆရာသော်တာဆွေမှာ ဖတ်ခဲ့ဖူးတယ်လို့ ဖြည့်စွက်သွားပါတယ်။)

Expand..