Tuesday, May 8, 2012

ဒီဂရီ လေးဆယ့်ငါး

ဒီဂရီ လေးဆယ့်ငါး

လာတယ် ပျက်တယ် ပြန်လာတယ် ပြတ်တယ် ဖြတ်တယ်
ပုရွက်ဆိတ်တွေ တရွရွအုံဖွဲ့ အိမ်ပေါ်တွားတက်လာတယ်
………………………………………………………. မတ်
………………………………………………………..ဧပရယ်
………………………………………………………..မေ
………………………………………………………..အို.. ချစ်သောနွေ
အနီနဲ့အဝါ ဇောက်ထိုးပြောင်းပြန် လိမ်းကျံထားတဲ့ စိန်ပန်းတွေ ငုတွေ
သဘာဝကို မျက်မှန်မည်းမည်းကြီး တပ်ကြည့်မှ ခုသာခံသာတယ်
မိုးဦးစောမှာလား မိုးနှောင်းကောင်းမှာလား အမှုန်အမွှားလေထုနဲ့
ဒီမိုးတွေ (ဒီ-မိုးတွေ)လည်း ရွာမယောင် ဟိုတောင်ကမည်းတယ်
ဝေဖန်ရှုတ်ချသံများနဲ့ ရိုးရာကာလချာ ဒူးနေရာဒူး ပေါင်နေရာပေါင် ခါးနေရာခါး
အတိုအပြတ်ခပ်ပါးပါးဝတ်ပြီး အေးရာအေးကြောင်း တဖျတ်ဖျတ် ယပ်ခပ်တယ်
တံလျှပ်တွေ ဖလန်းဖလန်း လမ်းမပေါ် တလွှားလွှားမင်းမူတယ်
ရေခဲရေအေးအေး သောက်ချင်ရင် ဒီကိုလာ (ဘယ်ကိုလာရမလဲ)
လေအေးစက်ကင်းမဲ့ဇုန်ပါ ဖန်လုံဓာတ်ငွေ့ကို လက်ဖဝါးနဲ့ပိတ်တားမယ်
ဥသြ ဥသြ - ဥသြမှ ကျီးကန်း ကျီးကန်းမှ ဥသြ အသံဘယ်လောက်ကြားသလဲ
ရိုးတံကျဲကျဲ ပင်အိုတို့အလှချင်းပြိုင် ဘယ်သူနိုင်သွားသလဲ
သတိထား အပူရှိန်ကြောင့် လူစိမ်းတစ်ယောက် ဘာဖြစ်သွားခဲ့လဲ (ဆိုတာ သူ့ကိုယ်သူမသိလိုက်ဘူးတဲ့)
လေဖိအားနည်းရပ်ဝန်းက လက်ဝဲလက်ယာရစ်ရင်း လမ်းခုလတ်မှာ သောင်တင်နေတယ်
ညောင်ညိုရိပ်အေးအေး ကြောင်ပိန်ကလေးတစ်ကောင် ကွန်ပျူတာရိုက်နေတယ်
လှမ်းထားတဲ့ဗန်းထဲ ချွေးတွေတရွှဲရွှဲ သက်ကြီးရွယ်အို ပျိုမေတသင်း ထွေခင်းကြတယ်
အရိုးစွဲနေတဲ့ ကြောက်စိတ် နှံကောင်တစ်ကောင်ဟာ မိုးရာသီအတွက် သိုသိပ်ထားလိုက်တယ်
မီးစက်နှိုးရင်း ဓာတ်ငွေ့သိုက်ကို တူးဖော်ရင်း ကြက်မနဲ့ကြက်ဥကိုလဲလှယ်ရင်း
စိုစွတ်တဲ့နှုတ်ခမ်းဖျားနဲ့ ခြောက်သွေ့တဲ့အာခေါင် ကန္တာရဝမ်းဗိုက်များ
~~အိပ်၍မပျော်သော ညတစ်ည သံသရာလည်~~
ကယောင်ကတမ်းနွေဟာ အားလုံးကို သင်ပုန်းချေလိုက်တယ်
ပျိုးပင်ပေါက်များကို ဘယ်လက်ဖြင့် တစ်ဆုပ်ကြဲရင်း (ငါသည်လည်း)
သက်တမ်းရင့်သစ်တော ဧကတစ်ရာကို ညာလက်ဖြင့် ခုတ်ထွင်လေသတတ်။

ပန်ဒိုရာ
၂၇-.၄-၈.၅.၂ဝ၁၂

Expand..

Wednesday, May 2, 2012

happy bd to me

နာဂစ်နှစ်ပတ်လည်နေ့ ပန်ဒိုရာမွေးနေ့ ( ဒေးဗစ်ဘက်ခန်းမွေးနေ့လည်း ဟုတ်တယ်) အခုတော့လည်း NLD ပထမဆုံး လွှတ်တော်တက်တဲ့နေ့ပေါ့။ ထူးထူးခြားခြား ဘာမှ အမှတ်တရ မလုပ်ဖြစ်ပါ။ မေဒေးပိတ်ရက်တုန်းက acrylic နဲ့ paper ပေါ်မှာ ပထမဆုံး စမ်းဆွဲကြည့်မိတဲ့ ပုံလေးနဲ့ ဧည့်ခံလိုက်ပါတယ်။ beach rocks. ပုံကတော့ မပြီးသေးသလိုလိုပဲ။ လက်မှတ်တောင် မထိုးရသေးဘူး။ ဒစ်ဂျစ်တယ်လက်မှတ်ပဲ လောလောဆယ် ထည့်လိုက်တယ်။ :)

Expand..

Sunday, April 15, 2012

အပြာရောင်.. တောင်တန်းများ..




ခိုင်စိုးလင်းစီစဉ်တဲ့ အပြာရောင်ဝန်ဆောင်မှု (Bluish Business) e-book ထွက်ပါပြီ။ မျက်နှာဖုံးပုံတွေကို သူရိန်ရဲမြင့်ရေးဆွဲပြီး အတွင်းသရုပ်ဖော်ပုံတွေကို ပန်ဒိုရာရေးဆွဲပါတယ်။ ခိုင်စိုးလင်းက စာပြင်နေရာချပါတယ်။

ကောင်းကင်ကို၊ ကိုကိုသက်၊ ကိုမျိုး၊ ကျော်ညိုသွေး၊ ကြည်သက်ဟန်၊ ခိုင်စိုးလင်း၊ ချစ်ကြည်အေး၊ ချိုပိန်းနောင်၊ ညီဇံလှ၊ ညိုမင်းခ၊ နေမြဲ၊ ပန်ဒိုရာ၊ ဖိုးခွား၊ မအိ၊ မောင်ယုပိုင်၊ မိုးလှိုင်ည၊ မှိုင်း(ဆေး-၂)၊ မှူးဒါရီ၊ ရင်ခွင်ရှိန်း၊ လင်းဒီပ၊ သက်ထွေး၊ သက်ဝေ၊ ဟယ်ရီလွင်၊ အောင်ဖြိုး၊ အိန္ဒြာ၊ သြမြိုင် တို့ပါဝင်ရေးသားထားကြပါတယ်။

ဒီလင့်ခ်မှာ ဒေါင်းလုတ် ယူနိုင်ပါတယ်။
http://www.mediafire.com/?2zmblq2hqocy4qt


ပန်ဒိုရာရေးသားတဲ့ နတ်သမီးပုံပြင် နတ်သမီးအိပ်မက် ဆိုတဲ့ ဝတ္ထုတိုတစ်ပုဒ်နဲ့ အသစ်ရေးထားတဲ့ နေမဝင်တောင်တန်းများ ဒေါင်လိုက်ရွေ့လျားတတ်သည် ဆိုတဲ့ ဝတ္ထုတိုတစ်ပုဒ်ကို ဖော်ပြထားပါတယ်။
နတ်သမီးပုံပြင် နတ်သမီးအိပ်မက် ကတော့ ၂ဝဝ၉ အောက်တိုဘာလထုတ် သံလွင်အိပ်မက်အင်တာနက်မဂ္ဂဇင်း
နဲ့ ၂ဝ၁၁ ဒီဇင်ဘာလထုတ် ဖူးငုံမဂ္ဂဇင်းတို့ မှာ ဖော်ပြခဲ့ဖူးပါတယ်။
“နေမဝင်တောင်တန်းများ ဒေါင်လိုက်ရွေ့လျားတတ်သည်” ဆိုတဲ့ ဝတ္ထုတိုကို အောက်မှာလည်း ဖတ်ရှုနိုင်ပါတယ်။
--


နေမဝင်တောင်တန်းများ ဒေါင်လိုက်ရွေ့လျားတတ်သည်

(၁)
“ဒါဆို သမီးက တလျှောက်လုံး ဒီအလုပ်ကို လုပ်ခဲ့တာပေါ့”
“ဟုတ်ပါတယ် ကျွန်မရဲ့ လျှောက်လွှာထဲမှာ ရေးထားတဲ့အတိုင်းပါပဲ”
လေအေးစက်တပ်ထားသော အခန်းထဲတွင် လိုအပ်သည်ထက် ပိုပြီး အေးစက်တောင့်တင်းသွားခဲ့သော အလုပ်အင်တာဗျူးတစ်ခု ရှိခဲ့သည်။ အလုပ်လျှောက်လွှာများကို စိစစ်သော ဝန်ထမ်းတို့၏ မစေ့စပ်မှုပေလား သတိမထားမိလို့ပေလား၊ လူအများ အမြင်အကြည်လင်စရာ နောက်ခံသမိုင်းရှိခဲ့သော ထိုမိန်းကလေးက အင်တာဗျူးခန်းထဲ ဝင်ခွင့်ရခဲ့သည်။ မ ကတော့ မိန်းကလေး၏ ကံကောင်းမှုဟုသာ နောက်ပိုင်းကာလများတွင် မှတ်ချက်ချခဲ့ပါသည်။
မိန်းကလေးက ကိုယ်ရေးရာဇဝင်ကို ပြောပြစဉ် အားလုံး ဆွံ့အတိတ်ဆိတ်သွားခဲ့ရသည်။
အမျိုးသားတစ်ဦးကတော့ ထပ်မံ မေးမြန်းခဲ့သည်။
“ဒါဆို.. နည်းနည်းတော့ ရှင်းအောင် မေးပါရစေ။ ခင်ဗျားပြောတဲ့ customer service ဆိုတာ အဲဒီလို KTV တွေမှာက စားသုံးသူတွေကို ဖျော်ဖြေမှုပေးရတာလည်း ပါတယ် မဟုတ်လား”
“ဖျော်ဖြေမှု ဆိုတာ”
“စားသုံးသူတွေ ဘေးနား ဝင်ထိုင်ပြီး သီချင်းအတူတူ ဝင်ဆိုပေးတာမျိုး၊ စားစရာသောက်စရာ ကမ်းပေးတာမျိုး”
မျက်နှာတစ်ချက်မပျက်ဘဲ ဟုတ်ပါတယ် အဲဒါတွေအကုန် လုပ်ရတာပေါ့ ဟု ခပ်တည်တည် ဖြေလိုက်သော မိန်းကလေးကို မ သည် စိတ်ထဲက သဘောကျသွားခဲ့သည်။ အန်ကယ်တို့လည်း ရောက်ဖူးမှာပါ အဲဒီအလုပ်မျိုးက အဲဒီလိုပါပဲရှင့် ဟု နောက်ဆက်တွဲ ထပ်ပြောလိုက်တာကတော့ သိပ်ပြီး မမှုသလို ဖြစ်နေမလား။ သူလုပ်ခဲ့တဲ့ အလုပ်ဟာ ရှက်စရာ ဒါမှမဟုတ် မအပ်မရာလို့ ခံယူထားတာမျိုးရော ရှိပါရဲ့လားဟု မ က စိတ်ထဲတွင် ကြိတ်ကာ မေးခွန်းထုတ်နေခဲ့သည်။
“ကဲပါ အန်ကယ်တို့ နည်းနည်း ပိုပွင့်ပွင့်လင်းလင်း ပြောရအောင်၊ သမီးလုပ်ခဲ့တဲ့ လုပ်ငန်းအတွေ့အကြုံက အဲဒီလို အတူထိုင် သီချင်းဆိုပေးတာမျိုးတွေထက် ပိုတဲ့ အလုပ်တွေရော ရှိခဲ့သလား”
“ဒီမေးခွန်းကိုတော့ အမျိုးသမီးတစ်ယောက်အနေနဲ့ ကျွန်မ ကန့်ကွက်ပါတယ်။ ဒါက ရဲစခန်းမှာ စစ်ချက်ယူနေတာလည်း မဟုတ်ဘူးလေ။ အဲဒီလောက်အထိတော့ ကျွန်မတို့နဲ့ မဆိုင်တော့ဘူးထင်တယ်”
နောက်ထပ် အမျိုးသားတစ်ဦးမေးသော မေးခွန်းကိုတော့ မိန်းကလေးက ဘာမှပြန်မဖြေခင် မ, က ကြားဝင်ကာ စကားဖြတ်ခဲ့သည်။ မိန်းကလေးကတော့ ဒီစကား တစ်ခွန်းသာ ဆိုခဲ့သည်။
“ကျွန်မ ဘယ်လိုမျိုးအထိ အသက်မွေးဝမ်းကျောင်း လုပ်ခဲ့တယ် မလုပ်ခဲ့ဘူး ဆိုတာ အန်ကယ်တို့ ထင်ချင်သလို ထင်နိုင်ပါတယ်။ အခုတော့ ကျွန်မ အဲဒီပတ်ဝန်းကျင်မှာ မလုပ်ချင်တော့လို့ အားတဲ့အချိန်မှာ သင်တန်းတွေ အောင်အောင်တက်ပြီး ဒီအလုပ်မျိုးကို လာလျှောက်ခဲ့တာပါ။ ကျွန်မ လိုရမယ်ရ ဆေးစစ်ထားတဲ့ မှတ်တမ်းတွေကိုလည်း အလုပ်ရှင်တွေ စိတ်ထဲရှင်းအောင် ယူလာခဲ့ပါတယ်။ အန်တီတို့ အန်ကယ်တို့ ကျေနပ်လို့ အလုပ်ခန့်ရင် ကျွန်မ တာဝန်ကျေပွန်အောင် လုပ်မှာပါ။ အဆင်မပြေဘူး ထင်ရင်လည်း ကျွန်မက တခြားအလုပ်တွေ လိုက်လျှောက်ဦးမှာပါ”

(၂)
ဆယ်တန်းမှာ ၃ ဘာသာဂုဏ်ထူး ထွက်ခဲ့သူ၊ အဝေးသင်တက္ကသိုလ်မှ အီကိုနှင့် ဘွဲ့ရခဲ့သူ၊ LCCI level 2 လောလောလတ်လတ် အောင်ထားသူ၊ သို့သော် ဆယ်တန်း အောင်ကတည်းက တလျှောက်လုံး ကာရာအိုကေဆိုင် မှာ အလုပ်လုပ်ခဲ့သူ၊ စိတ်ဝင်စားစရာကောင်းသော ပေါင်းစပ်မှုတစ်ခု၏ အပြောင်းအလဲတစ်ကွေ့တွင် မ က အခွင့်အလမ်းတစ်ခု ဖန်တီးပေးချင်ခဲ့သည်။
“ဘယ်လိုပဲဖြစ်ဖြစ်ပါ ဒီလုပ်ငန်းမှာ ဒေါ်မမက ရှယ်ယာ အများဆုံးဝင်ထားသလို စီမံခန့်ခွဲတဲ့ အမှုဆောင် ဒါရိုက်တာဆိုတော့ ခင်ဗျား သင့်တော်တယ်ထင်လို့ ဆုံးဖြတ်ရင်တော့ ကျွန်တော်တို့က မကန့်ကွက်ပါဘူး၊ တကယ်ကတော့ အခုရာထူးက လက်ထောက်စာရင်းကိုင် ဝန်ထမ်းသက်သက် ဆိုရင်လည်း ကျွန်တော်တို့ ဝင်ပြီး အင်တာဗျူးဖြစ်စရာ အကြောင်းမရှိပါဘူး။ ဒေါ်မမရဲ့ ကိုယ်ရေးအရာရှိအဖြစ်လည်း သုံးချင်သုံးမယ်ဆိုလို့သာ သူ့ရဲ့ အကျင့်စာရိတ္တကို ကျွန်တော်တို့က ကူညီ အကဲဖြတ်ပေးတာပါ”
လက်ထောက်စာရင်းကိုင် တစ်ဦး အဖြစ်သော်လည်းကောင်း မ ကို အနီးကပ် ကူညီပေးရမည့် ဝန်ထမ်း တစ်ဦးအဖြစ်လည်းကောင်း “မေသီရိမွန်” ဟု အမည်ရသော ထိုမိန်းကလေး ကို အလုပ်ခန့်ခဲ့သည်။ မ, သည် စူးစမ်းလိုစိတ်ကို နှုတ်ခမ်းဝမှာ နာနာကိုက်ရင်း မှန်သည်ဟုထင်မိသော ခြေတစ်လှမ်းကို ရှေ့ကိုတိုးခဲ့သည်။ လာလျှောက်သူတွေထဲမှာ ထိုမိန်းကလေးက ထူးထူးခြားခြား အရည်အချင်း သာလွန်နေသူမို့ ရွေးချယ်ရတာ မဟုတ်မှန်းလည်း သေချာလှသည်။ သို့သော် မိန်းကလေးတစ်ဦး၏ အရေးပါသည့် ဘဝအပြောင်းအလဲမှာ ကိုယ့်ဘက်က အထူးနစ်နာစိုက်ထုတ်ရမှုလည်း မရှိဘူးဆိုလျှင် မိန်းမချင်းအနေဖြင့် မကူညီသင့်ဘူးလား။ စွန့်စားမှုဆိုတာတွေတော့ ရှိကောင်းရှိမည်။ ဒီမိန်းကလေး ဘယ်လောက်အထိ ကြံ့ကြံ့ခံနိုင်မလဲ။ မ, ကိုယ်တိုင်ရော ဘယ်လောက် တောင့်ခံကာ ထောက်ကူနိုင်မည်လဲ။

(၃)
“သူနဲ့တွဲလုပ်ရမယ်ဆိုရင် ရှက်စရာကြီး.. အန်တီရယ်။ အတူတူသွားရလာရတဲ့အခါ တခြားလူတွေက သမီးတို့ကို သူ့လိုပဲလို့ထင်ရင် ဘယ်လိုလုပ်မလဲ”
သတင်းသည် ပါးစပ်ပေါက်များမှ တဆင့် ဗိုင်းရပ်စ်ကဲ့သို့ ပြန့်နှံ့သည်။ အသစ်ခန့်လိုက်တဲ့ ဝန်ထမ်းမိန်းကလေးရဲ့ နောက်ခံဇာတ်ကြောင်းဟာ ဒီလိုဒီလို ဆိုပဲ ..တဲ့။ မ, သည် ဒီစကားတွေကို ကြားလာသောအခါ ထူးပြီး မအံ့သြတော့ပါ။ ဒါတွေဟာ မ,ရဲ့ဆုံးဖြတ်ချက်အတွက် တာဝန်ယူဖြေရှင်းရမည့် ကြိုတင်မျှော်လင့်ပြီးသား အရာများစွာထဲက ပထမဆုံး တစ်ခုမဟုတ်လား။
သူက အခု အန်တီတို့ရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်သွားပြီလေ။ ဒီကုမ္ပဏီမှာ ဝန်ထမ်းတစ်ယောက်အနေနဲ့ တာဝန်မကျေတာရှိရင် အန်တီအရေးယူမှာပေါ့ ဟူသော ဖြေရှင်းချက်တစ်ခုဖြင့် မ, ရှေ့ဆက်ခဲ့သည်။ မ, သည် လူသစ်တစ်ယောက်ကြောင့် နှစ်ရှည်လများ လုပ်နေခဲ့သော ဝန်ထမ်းများကို အနှောင့်အယှက်လည်း မဖြစ်စေလို။ လူတို့ သတ်မှတ်ထားသော အကျင့်စာရိတ္တဟူသည့် စည်းဘောင်မှ ကျော်လွန်စွန်းထင်းခဲ့သည် ဟူသော ဝန်ထမ်းအသစ်ကို ပိုအရေးပေးသလိုလည်း မဖြစ်ချင်၊ အခွင့်အရေးတန်းတူပေးသည် ဆိုသည်မှာ အခွင့်အရေးပိုပေးသည် မဟုတ်။
သို့သော် အရေးအကြီးဆုံးကတော့ ဒေါ်မမ တစ်ယောက် လူရွေးမှားသွားပြီ ဆုံးဖြတ်ချက်မှားသွားပြီ လို့လည်း လုံးဝ အဖြစ်မခံနိုင်။

(၄)
“လူတစ်ယောက်ဟာ ဘဝနဲ့ချီတဲ့ အပြောင်းအလဲတစ်ခုအတွက် ဆုံးဖြတ်ရတဲ့အခါ ဘယ်လောက်အထိ စိတ်ဓာတ်ခိုင်မာနိုင်မလဲ။ အထူးသဖြင့် မိန်းကလေးတစ်ယောက်ဟာ ဘဝအမှောင်တစ်ခုကနေ အလင်းဘက်ပြောင်းတော့မယ် ဆိုရင် ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုကို ဘယ်လောက်အထိ သည်းခံနိုင်မလဲ”
မောင်နှင့် မ,တို့ သည် မည်သည့်ကိစ္စမဆို အချင်းချင်း တိုးတိုးဖော်တိုင်ပင်ဘက်။ မ,၏ အောင်မြင်မှုအားလုံးသည် မောင်နှင့်သက်ဆိုင်သလို မောင့်အောင်မြင်မှုများသည်လည်း မ,၏ အစိတ်အပိုင်းများပင်။
“ပတ်ဝန်းကျင်ဆိုတာ ဂရုစိုက်ဖို့လည်းလိုတယ် လျစ်လျူရှုဖို့လည်း လိုတယ်”
မောင်က အဲသည်လို စဉ်းစားတွေးတောစရာ မှတ်ချက်တွေကို ချတတ်သည်။
“ဂရုစိုက်ဖို့ လိုတယ်ဆိုတာက ကိုယ့်ခြေလှမ်းတွေ ဘယ်နေရာကို လှမ်းနေတယ်ဆိုတာ ကိုယ်ပြန်သုံးသပ်နိုင်ဖို့၊ လျစ်လျူရှုဖို့ လိုတယ်ဆိုတာက ကိုယ်မှန်တယ်ထင်တဲ့ ယုံကြည်မှုနဲ့ ဆက်လျှောက်မယ့် ခြေလှမ်းတွေကို အရှိန်လျော့မသွားစေဖို့”
မ, သည် သက်ပြင်းတစ်ချက်ကို ငွေ့ငွေ့ချလိုက်ပါသည်။
“ပတ်ဝန်းကျင်ကိုယ်တိုင်က စိတ်နှစ်ခွ ဖြစ်နေတတ်တာကိုး မောင်ရယ်၊ မကောင်းတာကို ကောင်းစေချင်တဲ့ စိတ်စေတနာရှိသလို၊ လူတစ်ယောက် ကောင်းလာမှာကို အပြစ်ပဲရှာပြီး ဝန်တိုတတ်တဲ့ သဘာဝတွေကလည်း ရှိနေတယ်လေ။ ဘာပဲဖြစ်ဖြစ် မ ကတော့ ပတ်ဝန်းကျင်ကောင်းတစ်ခုထဲကို ရောက်သွားအောင် ကူညီဖို့ အဲဒီ မိန်းကလေးကို အလုပ်ခန့်ဖို့ ဆုံးဖြတ်လိုက်ခဲ့တယ်”
“တစ်ခုတော့ ရှိတာပေါ့ မ,ရယ် လူအများပြောနေတယ်ဆိုတာက အကြောင်းရင်းတစ်ခုပေါ် အခြေခံတာကိုး။ အမည်းစက်တစ်ခု ကတကယ် ရှိခဲ့ပြီလေ။ မ, က သူ့အမည်းစက်ကို ကူညီပြီး ဖျက်ပေးချင်တဲ့ လူတစ်ယောက် ဆိုရင်လည်း သူ့အနေအထိုင်ကို အမှန်အတိုင်း အကဲခတ်နိုင်ဖို့ပဲ မောင် ပြောချင်ပါတယ်၊ ပြီးတော့ မ, ကိုယ်တိုင်ကလည်း ပတ်ဝန်းကျင်ဆိုတဲ့အထဲမှာ အပါအဝင်ဆိုတာကို မမေ့နဲ့လေ”
မောင်သည် တဖက်ကိုလှည့်ပြီး မကြာမီ ပြန်အိပ်ပျော်သွားသည်။ မ ကတော့ ချက်ချင်း အိပ်မပျော်နိုင်။ မ ၏ ဆုံးဖြတ်ချက် .. အင်း… သည်ဆုံးဖြတ်ချက်သည် တစ်ယောက်ယောက်၏ ဘဝ ကောင်းလာစေရေးအတွက် ဆိုလျှင်တော့ ပတ်ဝန်းကျင်ဆိုတာနဲ့ အတော်အတန်ဆန့်ကျင်သင့်လျှင် ဆန့်ကျင်ဖို့ပဲရှိတာပေါ့။
ခြံထဲမှ စံပယ်ပန်းရုံပေါ်ကို ဖြတ်တိုးလာသော ညလေပြည်သည် ပြတင်းပေါက်ကိုကျော်ကာ တခန်းလုံးတွင် သင်းပျံ့သော စံပယ်ပန်းရနံ့များ စွန်းထင်းသွားအောင် ခြယ်သလိုက်သည်။ ရနံ့ဆိုသည်က မွှေးသည်ဖြစ်စေ နံသည်ဖြစ်စေ အလွယ်တကူ တားဆီး၍ရသည်မှ မဟုတ်ပဲလေ။

(၅)
ရင်းနှီးကျွမ်းဝင်မှု ရှိလာသော အချိန်တစ်ခုတွင် မေသီရိမွန်က သူ့ဘဝ၏ အပိုင်းအစတချို့ကို ဝေမျှလာခဲ့သည်။
“အဲဒီ အလုပ်မှာ လုပ်ဖြစ်သွားတဲ့ အကြောင်းတစ်ခုကတော့ ကျွန်မရဲ့ အစ်မကြောင့်ပါ၊ ဆယ်တန်းအောင်ပြီးတော့ မိသားစုမှာ ငွေရှာဖို့ လိုအပ်နေတဲ့အချိန် မမက သူနဲ့အတူ လိုက်လုပ်ဖို့ ပြောလာတယ်”
သူ့ မမက အခုတော့ မရှိတော့ဘူး ဆုံးသွားပြီ ဟုဆိုသည်။ မိန်းကလေး၏ အစ်မသည် ဘာကြောင့်ဆုံးပါးသွားခဲ့သလဲ၊ စိတ်မကောင်းစရာ အခြေအနေတစ်ခုကို မ က ဆက်လက် မတူးဖော်ချင်တော့ပါ။ ကာရာအိုကေ ဆိုင်သိမ်းချိန်တွေမှာ ဆိုင်ပြင်ပ အလုပ်ခွင်က တောင်းဆိုလာတတ်တဲ့ ဝန်ဆောင်မှုမျိုးတွေနှင့် ပတ်သက်လို့တော့ မ သည် မမေးမြန်းခဲ့။ မိန်းကလေးကလည်း ပြောမပြခဲ့။
“အခုတော့ ကျွန်မ သတ်မှတ်ထားတဲ့ ငွေကြေးအတိုင်းအတာတစ်ခု ရှာပေးခဲ့ပြီးပြီ။ ကျွန်မ ဘာလိုချင်တယ် ဆိုတာကိုလည်း သိပြီ၊ ကိုယ်လိုချင်တာကိုပဲ ရအောင် ဆက်လုပ်တော့မယ်”
“ဒါဆို သမီးလိုချင်တာက ဘာလဲ”
“အရင်အလုပ်မှာလည်း ကျွန်မ တာဝန်ကျေအောင် လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ကွာခြားမှုတွေကို သိလာတယ်၊ ကျွန်မလိုချင်တာက အစကတော့ လူရိုသေရှင်ရိုသေ နေရာလေးတစ်ခု ဖန်တီးဖို့ လို့ ထင်မိတယ် အန်တီ”
“နို့.. မဟုတ်ဘူးလား”
“အဲဒီထက် ပိုလာပါတယ်.. ပတ်ဝန်းကျင်ကို ထည့်တွက်တာထက် ကျွန်မကိုယ်တိုင် ကိုယ့်ကိုယ်ကို ရိုသေချင်လာတယ်”

(၆)
ဒီကနေ့ညနေမှာ မောင်က မ,ကို ရုံးမှာ လာကြိုသည်။
“အင်း ပုံစံကတော့ စိတ်ဓာတ်ခိုင်မာမဲ့ပုံပါ ရုပ်ရည်ကလည်း ဒီလိုယူနီဖောင်းနဲ့ ဝတ်ဆင်ထားတော့ တည်တည်တံ့တံ့ ဖြစ်ပါတယ်၊ မ, ဆုံးဖြတ်ချက် မှားသွားမယ်လို့ မောင်ကတော့ မထင်ပါဘူး”
အိမ်အပြန်လမ်းတွင် မောင်က မှတ်ချက်ချသည်။ မောင် ဒီမိန်းကလေးကို ရုံးဆင်း တံခါးဝမှာ ဆုံတွေ့လိုက်ပုံ ပေါ်သည်။ ဝန်ထမ်းအမျိုးသမီးငယ်တွေ ဒီလောက် အများကြီးရှိပါလျှက် သူ့ကို တန်းမြင်လိုက်ရုံနှင့် မ, ပြောပြောနေသည့် တစ်ယောက်ဆိုတာ မောင်က ဘယ်လိုများ ခန့်မှန်းနိုင်ပါလိမ့် ဆိုတာ မ, က အမှုမဲ့အမှတ်မဲ့ သဘောမထားနိုင်ခဲ့။

(၇)
တခါတရံတွင် ကံကြမ္မာသည် ပျော်စရာမဟုတ်သော တိုက်ဆိုင်မှုတို့ကို သယ်ဆောင်လာတတ်သည်။ ထိုအထဲတွင် အပြောင်းအလဲတစ်ခုကို ကျွမ်းဝင်စပြုစေပြီဖြစ်သော မိန်းကလေးကို ချန်မထားခဲ့ပါ။
“မေသီရီမွန် ဆိုလို့ ဘယ်သူများလဲလို့ အသည်းလေးပါလား တဲ့”
“ဒါ ဘယ်သူပြောတာလဲ”
“အန်တီ့ဆီမှာ ဈေးကွက်သုတေသနလုပ်ဖို့ presentation လာလုပ်သွားကြတဲ့ ကုမ္ပဏီ တွေထဲကလေ။ အဲဒီမှာ သမီးရဲ့ အစ်ကိုဝမ်းကွဲတစ်ယောက်လည်း ပါတယ်။ သူက မေသီရိမွန်ကို တွေ့ဖူးတယ် တဲ့..”
ထိုနေ့က မ သည် ခေါင်းထဲနောက်ကျိကာ မူးတူးတူး ဖြစ်နေခဲ့သည်။ မ,တို့ အလုပ်အတွက် အရေးကြီးသော ဈေးကွက်စစ်တမ်းများ ကောက်ရန် ဝန်ဆောင်ပေးမည့် ကုမ္ပဏီများ၏ တင်ပြချက်ကို အကဲဖြတ်ရသည့် တစ်နေ့တာသည် ရှည်လျားလွန်းနေသည်။ မေသီရိမွန် သည် မ, မှာကြားထားသည့်အတိုင်း အနားမှာထိုင်ကာ မှတ်စုများကို သေသေချာချာ လိုက်မှတ်ပေးခဲ့သည်။
“ဝယ်ယူသူဟာ အမြဲမှန်တယ်ဆို.. ပုပ်ခဲ့တော့ ပေါ်သွားတာပေါ့ အန်တီရယ်”
ဘေးပတ်ဝန်းကျင်၏ ခနဲ့သော ရိသော ထေ့သော စကားလုံးများကို မေသီရိမွန်တစ်ယောက် ဘယ်လောက်အထိ ခံနိုင်ရည်ရှိမှာလဲ။ တွေ့ဖူးတယ် ဆိုသော စကားသည် ဒီမိန်းကလေး၏ အလုပ်ဟောင်းအတွက်တော့ အတော်လေး တာသွားခဲ့သည်။ ဒီလိုမျိုး ဝန်းကျင်ဟောင်းမှာ ဆုံခဲ့ရတဲ့ ဖောက်သည်ဟောင်းတွေဟာ ဘယ်လောက်တောင် တိုက်တိုက်ဆိုင်ဆိုင် လာဆုံကြဦးမှာလဲ။

(၈)
ကုမ္ပဏီ၏ နှစ်ပတ်လည် ပါတီ တွင် မေသီရိမွန်တစ်ယောက် ဝန်ထမ်းအတော်များများနှင့် နေသားတကျ လိုက်လျောညီထွေ ဖြစ်နေပုံပေါ်သည်။ အနာဂတ်ကောင်းတစ်ခုကို ဦးတည်ကာ ပစ္စုပ္ပာန်တွင် အကောင်းဆုံး နေထိုင်မည့်သူတစ်ဦးအတွက် အတိတ်ခါးခါးဆိုတာ မှုစရာမဟုတ်တော့ဘူးဟု မ က ကောက်ချက်ချချင်ပါသည်။
မ တို့ ထိုင်နေသော စားပွဲဝိုင်းတွင် မေသီရိမွန်လည်း ရောက်နေသည်။ မောင့်လက်ထဲမှ ခက်ရင်းသည် မိန်းကလေး၏ ခြေထောက်နားသို့ တိုက်တိုက်ဆိုင်ဆိုင် မတော်တဆ လွတ်ကျသွားသောအခါ မိန်းကလေးက သွက်သွက်လက်လက် ကောက်ယူလိုက်သည်။ ရယ်မောသံများ၊ စကားပြောဆိုသံများ၊ လှပသပ်ရပ်စွာ ဝတ်စားဆင်ယင်ထားကြသော အမျိုးသမီး အမျိုးသား ကုမ္ပဏီဝန်ထမ်းများ၊ အားလုံးထဲမှာ မောင်သည် သူ့ကို အခြားမိန်းကလေးတွေထက် ပိုပြီး ယဉ်ကျေးစွာ နှုတ်ဆက်ခေါ်ပြော လုပ်နေလား ဟူသည့်အတွေးက မ, ခေါင်းထဲ ဖျတ်ခနဲ ဝင်လာသည်။
အခွင့်အလမ်းတစ်ခု ဖန်တီးပေးလိုက်တယ်ဆိုတာ အထူးအခွင့်အရေးတစ်ခု ဖန်တီးပေးလိုက်တာမဟုတ်ဘူး။ မောင် သည် သူ့ကို ဘာအထူးနှစ်သိမ့်မှုမျိုးမှ ပေးစရာမလိုဘူး။
“ရော့ …. ဒီဟင်းက ဟိုဘက်နဲ့ဝေးနေတယ်”
စားပွဲဝိုင်းထဲမှ ဟင်းပန်းကန်များသည် အပြည်အလှန် လှည့်လည်နေကြသည်။ မ သည် ရယ်ရယ်မောမော မိမိနှုတ်မှ ပြောချလိုက်မိသော စကားလုံးများကို ကိုယ့်ဘာသာ အံ့အားသင့်သွားသည့် အချိန်မှာ အနည်းငယ် နောက်ကျသွားပြီ။
“ရပါတယ် မောင်ရဲ့.. မေသီရိမွန်ကို ထည့်ပေးစရာမလိုပါဘူး။ သူက သူများတွေကို ခူးခပ် ထည့်ပေးတဲ့ ဝန်ဆောင်မှု ကိုတောင် ကျွမ်းကျင်ပြီးသား မဟုတ်လား”
အံ့သြသွားသော မောင့်မျက်နှာ။ ကွက်ခနဲ ပျက်သွားခဲ့သော မေသီရိမွန်၏ မျက်နှာ။ စူးစမ်းအကဲခတ်သည့် အခြား လုပ်ဖော်ကိုင်ဖက်တို့၏ မျက်နှာ။ အိမ်အပြန်တွင် မောင်သည် ကောင်းသည်ဆိုးသည် မှတ်ချက် တစ်လုံးမှ မဆိုခဲ့။

(၉)
မျှော်လင့်ထားနိုင်ခဲ့သော သို့သော် ဖြစ်လာမည်ဟု တကယ်တမ်းလည်း မထင်မှတ်ခဲ့သော အဖြစ်အပျက်က ရက်သတ္တပတ် တစ်ပတ်အတွင်း ဖြစ်လာခဲ့သည်။ စာအိတ်ဖြူဖြူကလေး တစ်အိတ်သည် မ,၏ စားပွဲပေါ်တွင် နေရာယူနှင့်နေပြီ။ အလုပ်မှ နုတ်ထွက်လိုကြောင်း ခွင့်တောင်းစာ.. တဲ့။
“အန်တီ ကျွန်မကို ကူညီပေးခဲ့တာတွေ အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်။ ဒါပမယ့် အန်တီလည်း ကျွန်မကို ပံ့ပိုးရတာ ပင်ပန်းလွန်းလှပါပြီ။ ဒီအလုပ်မှာ လုပ်ခဲ့တဲ့ တစ်နှစ် ဆိုတဲ့အချိန်ကလည်း ကျွန်မ ရှေ့လျှောက်သွားရမယ့် ခရီးတစ်ခုအတွက် လုံလောက်ပါပြီ”
မ သည် မေသီရိမွန်ကို တလျှောက်လုံး ကာကွယ်ခဲ့သမျှ သဲထဲရေသွန်ဖြစ်ခဲ့တော့မှာလား ဟု ချက်ချင်းတွေးမိသည်။ ခံစားချက်များနှင့် စပ်လျဉ်းလာလျှင် အခြေအနေတစ်ခုကို ထိန်းချုပ်ရသည်မှာ ခက်လှသည်လေ။ မ က ဒီလိုပဲ ကိုယ့်ဘာသာ ဆင်ခြေတက်နေလိုက်သည်။
အန်တီ ဟိုနေ့က စကားမှားသွားတယ် ထင်တယ်ကွယ်ဟု တောင်းပန်လိုက်ရမလား။ အို ဘာမဟုတ်တဲ့ မိန်းကလေးတစ်ဦးကို ဂုဏ်သိက္ခာရှိ ကုမ္ပဏီပိုင်ရှင်တစ်ဦး က ဘာမဟုတ်တဲ့ အကြောင်းအရာ တစ်ခုကြောင့် တောင်းပန်ရမတဲ့လား။ မိန်းကလေးသည် နည်းနည်း အကဲပိုလွန်းသည်ဟုသာ မ, က ကောက်ချက် ဆွဲလိုက်ချင်သည်။
“တကယ်တော့ အန်တီက ကျွန်မကို ထင်တာထက်တောင် ပိုပြီး ချီးမြှောက်လိုက်ပါသေးတယ်။ အန်တီဟာ ကျွန်မဘဝမှာ ကျွန်မကို လူကောင်းသူကောင်းတစ်ယောက်အဖြစ် အဆုံးစွန်ဆုံး လူရာသွင်းခဲ့တာပါ”
မ, သည် မျက်နှာပူနွေးလာကာ ဘာပြန်ပြောရမည်ကို မစဉ်းစားတတ်။
“ဒါပေမဲ့ ကျွန်မ ကိုယ့်ကိုယ်ကို ဒီ့ထက်ပိုပြီး ရိုသေနိုင်ဖို့အတွက် နောက်ထပ် တစ်နေရာကို ဆက်သွားခွင့်ပြုပါ အန်တီ”
သူ ဘယ်ကိုသွားမှာလဲ။ သူ စိတ်ထိခိုက်သွားခဲ့သလား။ ဒါမှမဟုတ် တစ်ချိန်ချိန်မှာ ထွက်ခွာဖို့ အစကတည်းက ကြိုတင်ကြံစည်မှု တစ်ခုလား။ မိန်းကလေးသည် ကြမ်းပြင်ပေါ် ကျုံ့ကျုံ့ယုံ့ယုံ့ ထိုင်ပြီး မ, ကို ဦးသုံးကြိမ်ချကာ ကန်တော့သည်။ မ, သည် ဘာတစ်လုံးမှ ပြန်မပြောဖြစ်ခင် သူသည် ထိုင်ရာမှထကာ တံခါးကို ဖွင့်ပြီး ထွက်သွားလေသည်။

ပန်ဒိုရာ
၁၃.၄.၂ဝ၁၂

Expand..

Friday, April 13, 2012

တူးပို့တူးပို့သရီးပို့


တူးပို့တူးပို့သရီးပို့

ပိတောက်ကိုမလွမ်း မွေးရပ်မြေကို မလွမ်း
ချယ်ရီနှစ်မွှာကြား အိပ်စက်ရင်းနားနေ
တိုက်နေတဲ့လေ စီးနေတဲ့ရေ လှုပ်နေတဲ့မြေ
ငှက်တို့ဟာ ပျံရင်းသေ အိမ်ပြေးတို့ဟာ ပြန်ရင်းသေ
ကျွမ်းကျင်သူ သုခမိန်တို့ဟာ ကြံရင်းသေ
ပျံလေတဲ့ ငှက်ခါးခါးတွေလည်း နားလေမှသေ
နေဝင်ရိုးရီမှာ အိပ်တန်းတက်ကြရင်းသေ
လေးညို့သံနာခံရင်းသေ ညောင်သီးစားရင်းသေ
ခဲမှန်ဖူးရင်း သေ
ငှက်လုပ်လို့အဆင်မပြေတဲ့အခါ ငှက်မုဆိုးလုပ်ရင်း
စားတဲ့ဘက်ဖြစ်ဖြစ် မှားတဲ့ဘက်ဖြစ်ဖြစ် လိုက်ရင်း
ပို့စ်ပို့စ်ပို့စ် ရဲ့အလွန်ကိုရောက်တော့ လိုက်မမီရင်း
သေ
ဒါ (လူကြီးတွေရဲ့) စနစ်တကျ လူလည်ကျမှု
ကျုပ်တို့ကို မြှောက်လိုက်ခြောက်လိုက် ရှေ့တန်းတွန်းပို့တာ
တက်ကြွတဲ့ လူငယ်တွေကို နေရာပေးကြ
(လူငယ်တွေရဲ့) ထက်မြက်မှု တာဝန်ယူရဲမှု ပြတ်သားမှုတွေနဲ့
ရန်သူကို မှုန့်မှုန့်ညက်ညက်ဖြစ်အောင် ချေမှုန်းကြ..တဲ့
မလောက်လေးမလောက်စားတွေကို လောက်စာလုံးစာမိအောင်
ကတုတ်ကျင်းမှာ မိုင်းရှင်းသွားအောင်
လူသားဒိုင်းကာ အဖြစ် ရောက်အောင်
ကိုင်း အခုတော့ အပြစ်ဟောင်းတွေကို တိုင်ပတ်ထားခဲ့ - နှစ်ဦးမှာ
ခေါင်းကလေးမော့လို့ အပြစ်အဖူးလေးတွေ ပန်ဆင်ထား..သူ…ရေ
ဗြဟ္မာကြီးဦးခေါင်းဟာ လက်လှမ်းမမီတဲ့ အဝေးတစ်နေရာမှာ
ကီးချိန်းသွားခဲ့ပါပြီ
ရေစိုဘီယာတစ်ဗူးနဲ့ တလိမ့်လိမ့် ငြိမ့်ရင်း
ပဏ္ဍုကမ္ဗလကျောက်ဖျာကို မူလီလျှော့ထားနိုင်ခဲ့ပါပြီ
ရဲဘော်မာဃဟာ ကျမ်းသစ္စာထုတ်တစ်ဖက် အလံနီနီတစ်ဖက်နဲ့
အင်တာနက်ကိုလည်မှာဆွဲ တက်ဘလက်အသစ်ကိုခဲ
လောလောလတ်လတ်တင်သွင်း(နိုင်)ခဲ့တဲ့ ဇိမ်ခံကားကြီးစီးပြီး
(အပြောင်းအလဲကို ဖော်ဆောင်ဖို့) လူ့ပြည်ကို ဆင်းလာခဲ့ပါပြီ
နောင်တနဲ့ သင်ခန်းစာတွေကို ခပ်ဝေးဝေးမှာ ဘေးမဲ့ပေးလိုက်ကြပါစို့
ပေါပေါထောထော လျှံကျနေတဲ့ မဂ္ဂါဝပ်တွေနဲ့
လက် လေးဘက်လေးတန်လုံးကို ဆေးကြောသန့်စင်ပြီးမှ
ဆေးလိပ်ပြာခွက်ထဲက လွှစာမှုန့်တွေကို လျှာနဲ့လျက်ကြပါစို့။

ပန်ဒိုရာ
၁ဝ-၁၃.၄.၂ဝ၁၂

Expand..

Tuesday, April 3, 2012

ကိုင်းများ လေယူရာဆီ


ကိုင်းများ လေယူရာဆီ

ကိုင်းများ ထန်းသီးကြွေခိုက် ထိုးထောင်
ကိုင်းများ ကျီးနင်းခိုက် ရောယောင်
ကိုင်းများ ရှဥ့်လည်းလျှောက်သာအောင်
ကိုင်းများ ပျားလည်းစွဲသာအောင်
တောင်ဘက်ပိုင်းက ထနောင်းကိုင်းခြောက်
မြောက်ဘက်ပိုင်းက ထနောင်းကိုင်းခြောက်
နှစ်ကိုင်းပေါင်းတော့ နှစ်ထနောင်းကိုင်းခြောက်*

(အထက်ပါစာသုံးကြောင်းကို ခုနှစ်ကြိမ်တိတိ မရပ်မနား အသံထွက်ရွတ်ဆိုကြည့်)
ကိုင်းဖျား ကိုင်းနား ကိုင်းကြို ကိုင်းကြား ကိုင်းစို ကိုင်းခြောက်
ကိုင်းကူး ကိုင်းဆက် ကိုင်းခက် ကိုင်းလက် ကိုင်းမ ကိုင်းခွဲ
ကိုင်းကြီး ကိုင်းသေး ကိုင်းသွေး ကိုင်းသား ကိုင်းအုပ် ကိုင်းချုပ်
ကိုင်းများ အသီးအနှံအဆံအနှစ်ပြည့်ဝဖွံ့ဖြိုး၍
ကိုင်းများ လေးလံညွှတ်ကိုင်းပျောင်းအိလာမည့်အချိန် …။

ပန်ဒိုရာ
၂၂.၉.၂၀၁၀-၂၈.၁၀.၂၀၁၁

*ကြားဖူးနားဝ မြန်မာ့ရိုးရာ လျှာလိမ်စကား
မှတ်ချက်။ ။ ဤကဗျာကို အသံထွက်ဖတ်မိပါက ဖတ်သူတို့၏ တာဝန်သာဖြစ်ပါကြောင်း။း)

Expand..

Monday, April 2, 2012

ဧပရယ်လ်မှာ ဖူးပွင့်ခဲ့

ဧပရယ်လ်မှာ ဖူးပွင့်ခဲ့


(၂ဝ၁၂ ဧပရယ်လ် ၁ရက် ည NLD ရုံးချုပ်ရှေ့မြင်ကွင်း)



၂ဝ၁၂ ဧပရယ်လ်၂။ Lucky Seven လက်ဖက်ရည်ဆိုင်ထဲကို ဝင်လာတော့ မနက် ၉ နာရီတောင် ထိုးလုပြီ။ ညက ညဥ့်နက်သွားတာကိုး။ ကိုယ်တင်မကပါဘူး မြန်မာပြည်က လူအတော်များများဟာ မနေ့ညက အိပ်ရေးပျက်ခဲ့ကြမှာ။ အိမ်ရှေ့ကနေ ဒီလှိုင်းဂျာနယ် လက်ပွေ့လိုက်ရောင်းနေတဲ့ အမျိုးသား အမျိုးသမီးငယ်လေးတွေက NLDပါတီရဲ့ အနိုင်ရသတင်းတွေ အကြောင်း ပြောနေကြသံကိုကြားတော့ နိုးသွားခဲ့တာ။ လက်ဖက်ရည်ဆိုင်ထဲမှာ ဂျာနယ်လိုက်ရောင်းနေတဲ့ အမျိုးသမီးကို လက်ယပ်ခေါ်လိုက်တော့ သူ့လက်ထဲမှာ အဆင်သင့်ကိုင်ထားတဲ့ Weekly Eleven တစ်စောင်ကို လာပေးသွားတယ်။ ပိုက်ဆံလည်း တောင်းမသွားဘူး။ သူ့မလည်း ဟိုလူကလှမ်းခေါ် ဒီလူက လှမ်းခေါ်နဲ့ demand တွေက များလှတယ်။ အသံတွေမျိုးစုံကြားနေရတယ်။ ဝင်ပြိုင်တဲ့ ၄၄ နေရာလုံး နိုင်တယ်တဲ့။ တချို့ကတည်း ၄၃ နေရာ တချို့ကလည်း ၄၂ နေရာမှာတော့ အနိုင်ရကြောင်း အတည်ပြုနိုင်ပြီတဲ့။ မဲရေတွက်နေတဲ့ ဒေသတွေ ရှိသေးတယ်တဲ့။ သတင်းတွေက နည်းနည်းတော့ ကွဲပြားနေသေးပေမယ့် အခုအချိန်မှာ မြင်တွေ့သလောက် ပျော်နေကြတာပဲ။ ပျော်မှာပါ။ အားလုံး ပျော်နေကြမှာ။ ပြောပြောနေကြသလို ဗိုလ်ချုပ်မှုးကြီးဟောင်းကြီးလည်း ပျော်နေလောက်တယ်။ အဆင်အသွေး မတူမယ့် အတွေးကိုယ်စီနဲ့ ပေါ့လေ။ ဘယ်သူက ဘယ်သူ့လမ်းကြောင်းထဲ လျှောက်နေတယ် ဆိုတာကတော့ ငွေရောင် ဖန်သားပြင်တွေဟာ ပိုစိတ်ဝင်စားစရာ ကောင်းလာဦးမယ်။ မျှော်လင့်သူတွေလည်း မျှော်လင့်ကြပါစေပေါ့။ ဘောက်ပြောချင်သူတွေလည်း ပြောလိုရာ ပြောကြပါစေပေါ့။ လုပ်စရာရှိတာတွေကို ဆက်လုပ်သူတွေလည်း လုပ်ကြပါစေပေါ့။ သမ္မတကြီးရော အစိုးရအဖွဲ့ရော အစိုးရဟောင်းအဖွဲ့ရော ဒေါ်အောင်ဆန်းစုကြည်ရော NLDရော ပြည်သူလူထုကိုရော အချဉ်တွေလို့တော့ ထင်ဖို့ရာ ခက်ခဲလှတယ်။ အခုအချိန်ဟာ ခေါင်းရွက်ဗျပ်ထိုးသည်အစ ဧကရာဇ်အဆုံး ဘယ်သူ့ကိုမှ မထီမဲ့မြင်မလုပ်နိုင်ဘဲ လေးစားမှု ရှိရမယ့်အချိန်ပါ။ လေးစားမှုဆိုတာကတော့ အင်္ဂလိပ်စကားလုံး respect ကိုဆိုလိုတယ်။ ဂျာနယ်ဖိုး လာယူပါဦးလို့ လှမ်းခေါ်တော့မှ ဂျာနယ်ရောင်းတဲ့ အမျိုးသမီးက အနားကို ပြန်ရောက်လာတယ်။ လူတွေ လက်ထဲမှာ အချပ်ပို ကိုယ်စီနဲ့။ စားပွဲတိုင်း ပြည့်နှက်နေတဲ့ ဆိုင်ကျယ်ကျယ်ထဲမှာ ပိုက်ဆံမတောင်းခင် ယုံယုံကြည်ကြည်နဲ့ လက်ထဲ လိုက်ထည့်ပေးထားတဲ့ ဂျာနယ်တွေအတွက် ပိုက်ဆံမပေးဘဲ လစ်ပြေးသူလည်း မရှိလောက်ဘူး လို့ယူဆရတယ်။ ဂျာနယ်ရောင်းသူ အမျိုးသမီး ကတော့ ပူပင်ဟန် မပေါ်ပါဘူး။ ဂျာနယ်ဖတ်ပြီးလို့ မဝယ်ဘဲ ပြန်ပေးကြသူတွေလည်း ရှိတာပဲ။ အဲဒီလိုဆိုလည်း သူကတော့ ပြုံးပြုံးရွှင်ရွှင် ပြန်ယူသွားတာပဲ။ သူ့ ပါးပြင်ပေါ်က သနပ်ခါးပါးကွက်ကျားဟာ ဒီနေ့မှ ပိုလှနေတော့တယ်။ လက်ဖက်ရည်ဆိုင်က ပြန်လာတော့ ယုံကြည်မှု ဆိုတဲ့ အကြောင်းအရာကို ဆက်တွေးနေမိတယ်။


ပန်ဒိုရာ


p.s. တွေးရင်း ဒီစာကို နိဂုံးချုပ်နေချိန်မှာပဲ အလှည့်ကျစနစ်နဲ့ မီးပေးတော့မယ်လို့ ကြိုတင်ပြောထားတဲ့အတိုင်း မီးပျက်သွားတဲ့အတွက် မီးရှိရာနေရာကို သွားပြီးမှ ပို့စ်ကို တင်လိုက်ရပါကြောင်း။

Expand..

Tuesday, March 27, 2012

ဘလော့ဂ် ၅ နှစ်ပြည့်

ဒီနေ့ ၂ဝ၁၂ မတ် ၂၇ (တပ်မတော်နေ့/တော်လှန်ရေးနေ့) ပန်ဒိုရာဘလော့ဂ်ရေးတာ ၅ နှစ်မြောက်တဲ့နေ့ဆိုတာ မနေ့ညက အိပ်ရာဝင်ခါနီးမှ သတိရတယ်။ ဒီနေ့တစ်နေ့လုံး အလုပ်များနေတာနဲ့ အခုမှ ရေးလိုက်တယ်။ ၂ဝ၁၁ တစ်နှစ်လုံးတော့ ကဗျာတွေ အရေးများတယ်။ ၅ နှစ်ပြည့်မှာ အထူးတလည် အမှတ်တရ တစ်ခုခု မရေးတော့ရော ဘာဖြစ်သလဲလို့ စဉ်းစားမိတယ်။ ဘာမှတော့မဖြစ်ပါဘူး။ ရှည်ပါစေလေ ဒီဘလော့ဂ်လေး အဓွန့်..... :)

Expand..

Thursday, March 22, 2012

၂၀၁၂ ကမ္ဘာ့ကဗျာနေ့တွင် ပန်ဒိုရာ ဖတ်ကြားခဲ့သော စာတမ်းငယ်

စာတမ်းခေါင်းစဉ် ။ ။ မြန်မာအမျိုးသမီးကဗျာဆရာများ၏ အခန်းကဏ္ဍ
စာတမ်းပြုစု ဖတ်ကြား တင်သွင်းသူ ။ ။ ပန်ဒိုရာ
စာတမ်းတင်သွင်းသည့်အခမ်းအနား ။ ။ ၂ဝ၁၂ ကမ္ဘာ့ကဗျာနေ့အခမ်းအနား
ရက်စွဲနှင့် အချိန် ။ ။ ၂၁.၃.၂ဝ၁၂ နံနက် ၉ နာရီမှ ညနေ ၅ နာရီ
နေရာ ။ ။ ယုဒဿန်ခန်းမ၊ ပြည်လမ်း၊ ရန်ကုန်မြို့
…………………………………………………………………………………………………………………………………………
မြန်မာအမျိုးသမီးကဗျာဆရာများ၏ အခန်းကဏ္ဍ

လေးစားအပ်တဲ့ အမျိုးသမီးအမျိုးသားကဗျာဆရာများ၊ ကဗျာမြတ်နိုးသူများ၊ ကြွရောက်လာကြသူများ အားလုံး မင်္ဂလာပါ။ ဒီကနေ့ကျင်းပတဲ့ ကမ္ဘာ့ကဗျာနေ့အခမ်းအနားမှာ မြန်မာအမျိုးသမီးကဗျာဆရာများ၏ အခန်းကဏ္ဍ ဆိုတဲ့ စာတမ်းကို ကျွန်မ ပန်ဒိုရာက ဖတ်ကြားသွားမှာ ဖြစ်ပါတယ်။ စာတမ်းရဲ့ ရည်ရွက်ချက်ကတော့ “မြန်မာကဗျာလောက ဖွံ့ဖြိုးတိုးတက်ရေးတွင် အမျိုးသမီးကဗျာဆရာများ၏ အခန်းကဏ္ဍကို ဆန်းစစ်ရန်” ဖြစ်ပါတယ်။ ဒီစာတမ်းမှာ အပိုင်း ၅ ပိုင်းခွဲခြားထားပါတယ်။

၁။ ကဗျာဆရာများ၏ အရေအတွက်နှင့် အရည်အသွေး

ဒီစာတမ်းဖြစ်ပေါ်လာရခြင်းရဲ့ အကြောင်းရင်းတွေထဲက တစ်ချက်ကတော့ မြန်မာကဗျာသမိုင်းတလျှောက် ရှေးခေတ်ကရော ယနေ့ခေတ်မှာပါ အမျိုးသမီးကဗျာရေးသူတွေ နည်းပါးနေတယ်လို့ တွေ့မြင်မိတဲ့အတွက်ဖြစ်ပါတယ်။ ဒါကတော့ အရေအတွက်ပိုင်းဆိုင်ရာကို ဆိုလိုပါတယ်။ စာရင်းဇယားများနဲ့ တွက်စစ်ကြည့်ရင်လည်း သိသာ ထင်ရှားပါတယ်။ ဥပမာအားဖြင့် ညိုသစ်ငယ် စီစဉ်တဲ့ မြန်မာကဗျာ၂ဝ၁ဝ ဆိုတဲ့ စာအုပ်ထဲက မြန်မာကဗျာဆရာ ၁၆၃ ယောက်မှာ အမျိုးသမီးကဗျာဆရာ ၁ဝ ဦးခန့်ကိုသာ တွေ့မြင်ရပါတယ်။ မဂ္ဂဇင်း စာမျက်နှာပေါ်မှာ တွေ့မြင်နေရတဲ့ ကဗျာတွေနဲ့ ပုံနှိပ်ထုတ်ဝေထားတဲ့ ကဗျာစာအုပ်တွေကို စစ်တမ်းကောက်ကြည့်မယ် ဆိုရင်လည်း အရေအတွက်အားဖြင့် မြန်မာနိုင်ငံမှာ အမျိုးသားကဗျာဆရာ အများအပြားရှိပေမယ့် အမျိုးသမီးကတော့ အတော်နည်းပါးနေတယ်ဆိုတာ ငြင်းချက်ထုတ်စရာမရှိပါဘူး။

အရည်အသွေးပိုင်းဆိုင်ရာကတော့ ဆန်းစစ်ဝေဖန်ဖို့အတွက် ပိုပြီးခက်ခဲပါတယ်။ “ယနေ့ခေတ်မှာ နိုင်ငံတကာနဲ့ယှဉ် ရင်ဘောင်တန်းနိုင်လောက်အောင် အားကောင်းတဲ့ မြန်မာအမျိုးသမီးကဗျာဆရာတွေ ရှိပါသလား” ဆိုတာ မေးခွန်းထုတ်သင့်တဲ့ အခြေအနေတစ်ရပ် ဖြစ်ပါတယ်။ ဒီမေးခွန်းကို တရားမျှတစေဖို့ ဆက်စပ်နေတဲ့ နောက်မေးခွန်းတစ်ခုကတော့ “ယနေ့ခေတ်မှာ နိုင်ငံတကာနဲ့ယှဉ် ရင်ဘောင်တန်းနိုင်လောက်အောင် အားကောင်းတဲ့ မြန်မာအမျိုးသားကဗျာဆရာတွေရော ရှိပါသလား” လို့ပဲဖြစ်ပါတယ်။ ဒီမေးခွန်းတွေကို ဖြေဆိုဖို့အတွက်တော့ မြန်မာကဗျာတွေ ကမ္ဘာပေါ်မှာ ကျော်ဇောထင်ရှားလူသိများမှုနဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုခံရမှု အပေါ်မှာ မူတည်သတ်မှတ်မှာလား၊ ဒါမှမဟုတ် ကဗျာတွေကိုယ်တိုင်ရဲ့ ကဗျာမြောက်မှုစွမ်းရည်ကို နိုင်ငံတကာကဗျာတွေနဲ့ နှိုင်းယှဉ်တိုင်းတာပြီး သတ်မှတ်မှာလားဆိုတာ ပညာရှင်တွေသုံးသပ်ဖို့ ချန်လှပ်ထားခဲ့ပါမယ်။ မြန်မာ့ကဗျာလောကရဲ့ လက်ရှိအနေအထားမှာတော့ ပိုပြီးများပြားတဲ့ ကဗျာပုဒ်ရေတွေ၊ ပြည်တွင်းအသိအမှတ်ပြု ကဗျာဆုတွေကို ချီးမြှင့်ခံရသူတွေ၊ ကဗျာရေးသားခြင်းသာမက ကဗျာနဲ့ပတ်သက်တဲ့ သီအိုရီ၊ အသိပညာ၊ ခွဲခြမ်းစိတ်ဖြာမှု၊ ဝေဖန်ရေး၊ နိုင်ငံတကာကဗျာ အစရှိတဲ့ ကဗျာကိစ္စ ကဗျာရေးရာတွေ၊ ဒါတွေအားလုံးမှာ ဦးဆောင်နေသူတွေဟာ အမျိုးသားတွေ အများစုဖြစ်နေပါတယ်။

အဲဒီတော့ အခြေအနေတစ်ရပ်ဟာ မြန်မာပြည်မှာပဲ ထူးခြားဖြစ်ပေါ်နေတာလား။ နိုင်ငံတကာ ကဗျာနယ်ပယ်မှာရော အခြေအနေဘယ်လိုရှိသလဲဆိုတာကို တစေ့တစောင်း အကဲခတ်ကြည့်ဖို့ လိုအပ်လာပါတယ်။ ပြီးပြည့်စုံတဲ့ သုတေသနမဟုတ်ပေမယ့် အနီးစပ်ဆုံး နမူနာ စစ်တမ်းတစ်ခုအဖြစ် Poetry Foundation website (http://www.poetryfoundation.org) ထဲမှာ ကိန်းဂဏန်းတွေ ထုတ်နုတ်ပြီး ရှာဖွေကြည့်ခဲ့ပါတယ်။

အင်္ဂလိပ်ကဗျာတွေသာမက အင်္ဂလိပ်ဘာသာကို ပြန်ဆိုထားတဲ့ နိုင်ငံတကာကဗျာတွေကိုပါ ဖော်ပြထားတဲ့ Poetry Foundation ဝက်ဘ်ဆိုက်မှာ ၂ဝ၁၂ မတ်လ ၁၅ ရက်က ကောက်ယူလိုက်တဲ့ စာရင်းအရ အမျိုးသားကဗျာဆရာ စုစုပေါင်း ၄ဝ၁၄ ဦးနဲ့ အမျိုးသမီးကဗျာဆရာ စုစုပေါင်း ၂၃၂၃ ဦးတွေ့ရှိရပါတယ်။
တစ်ဖန် အဲဒီဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ ခေတ်အလိုက်၊ ကဗျာဂိုဏ်းအလိုက်၊ အသက်အရွယ်အလိုက် အမျိုးသမီးအမျိုးသား ကဗျာဆရာများရဲ့ အချိုးကို တွက်ထုတ်လိုက်တဲ့အခါမှာလည်း အမျိုးသမီးဦးရေဟာ အမျိုးသားဦးရေလောက် မတိမ်းမယိမ်းလိုက်နေတဲ့ Romantic နဲ့ Imagist ကဗျာတွေကလွဲလို့ ကျန်တဲ့ အမျိုးအစားတိုင်းမှာ အမျိုးသမီးများရဲ့ ဦးရေဟာ သိသိသာသာ နည်းနေတာကို တွေ့ရပါတယ်။ (အသေးစိတ်ကို နောက်ဆက်တွဲ (က) တွင်ရှု။)

အမျိုးသမီးတွေရဲ့ ကဗျာအရည်အသွေးပိုင်းကို ခန့်မှန်းနိုင်ဖို့အတွက် နိုင်ငံတကာမှာ ထင်ရှားတဲ့ ကဗျာဆုအချို့ကို လေ့လာကြည့်ပါတယ်။ စာပေနိုဘဲလ်ဆုမှာ ကဗျာနဲ့ပတ်သက်လို့ ဆုရရှိတဲ့ ကဗျာဆရာ ၁၇ ယောက်မှာ အမျိုးသမီးကဗျာဆရာ ၂ ယောက်နဲ့ အမျိုးသားကဗျာဆရာ ၁၅ ယောက်ပါဝင်ပါတယ်။
ကဗျာပူလစ်ဇာဆုရရှိသူ အမေရိကန်ကဗျာဆရာ ၇၈ ယောက်ထဲမှာ အမျိုးသမီးကဗျာဆရာ ၂၆ ယောက်နဲ့ အမျိုးသားကဗျာဆရာ ၅၂ ယောက် ပါဝင်ပါတယ်။ လတ်တလောနှစ်များဖြစ်တဲ့ ၂ဝ၁ဝ နဲ့ ၂ဝ၁၁ အတွက် ကဗျာပူလစ်ဇာဆုကို အမျိုးသမီးကဗျာဆရာတွေဖြစ်ကြတဲ့ Rae Armantrout နဲ့ Kay Ryan တို့ ဆက်တိုက် ရရှိထားတာကို တွေ့ရပါတယ်။

အာဖရိက၊ အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသတွေအတွက် အမျိုးသမီးကဗျာ အနေအထားကို အမျိုးသမီးကဗျာများ စုစည်းမှု anthology တွေက တဆင့် အကြမ်းဖျဉ်း အကဲခတ်ကြည့်ခဲ့ပါတယ်။ လေ့လာကြည့်တဲ့အခါ အာဖရိကတိုက်ရဲ့ နိုင်ငံပေါင်း ၁၈ နိုင်ငံက အမျိုးသမီးကဗျာဆရာ ၄၂ ယောက်ကို စုစည်းထားတဲ့ African Women’s poetry၊ ဂျပန်အမျိုးသမီးကဗျာဆရာ ၁ဝဝကျော်ပါဝင်တဲ့ Japanese women poets: An Anthology၊ တရုတ် ပြည်မကြီးက အမျိုးသမီးကဗျာဆရာ ၁၆ ယောက်နဲ့ ထိုင်ဝမ်က အမျိုးသမီး ကဗျာဆရာ ၂၄ ယောက်ကို စုစည်းထားတဲ့ Twentieth-Century Chinese Women's Poetry: An Anthology၊ အိုမင်နိုင်ငံနဲ့ဆူဒန်နိုင်ငံတွေက လွဲလို့ ကျန်တဲ့ အာရပ်ကမ္ဘာကရော၊ ပြည်ပရောက် အာရပ်လူမျိုးတွေ ထဲကပါ အာရပ်အမျိုးသမီးကဗျာဆရာ ၈ဝ ကျော်ကို စုစည်းထားတဲ့ The Poetry of Arab Women: A Contemporary Anthology ဆိုတဲ့ ကဗျာစာအုပ်တွေ စသည်ဖြင့် ထုတ်ဝေထားခဲ့တယ်ဆိုတာ လေ့လာတွေ့ရှိရပါတယ်။

ဒီတော့ ခြုံငုံသုံးသပ်ရရင် ယနေ့အချိန်အထိ နိုင်ငံတကာကဗျာမြင်ကွင်းမှာတော့ အမျိုးသမီးကဗျာဆရာတွေကို တွေ့မြင်နေရတာ အမျိုးသားကဗျာဆရာတွေနဲ့ နှိုင်းယှဉ်ရင် အရေအတွက်အားဖြင့် နည်းပါးသော်လည်း အရည်အသွေးအားဖြင့် စံချိန်မီသူ ထင်ရှားသူတွေ ထွက်ပေါ်လျက်ရှိကြောင်း တွေ့ရှိရပါတယ်။


၂။ ဆန်းသစ်တီထွင်မှုနှင့် ရဲတင်းမှု

အမျိုးသမီးတွေ စာပေသင်ကြားမှုကို ဖိနှိပ်ချိုးနှိမ်ထားတဲ့ ဘုရင်ခေတ်ကတည်းက အမျိုးသမီးနန်းတွင်းစာဆိုများ ပေါ်ပေါက်ခဲ့ပါတယ်။ နန်းတွင်းစာဆို မိဖြူ၊ မိညို၊ မယ်ခွေ၊ မင်းကြီးကတော် ခင်ဆုံ၊ အနောက်နန်းမိဖုရား မမြကလေး၊ လှိုင်ထိပ်ခေါင်တင် စသည်တို့ ပေါ်ထွန်းခဲ့ပါတယ်။ သို့သော်လည်း မြန်မာအမျိုးသမီးတွေ ရှေးခေတ်က ရေးခဲ့တဲ့ကဗျာတွေထဲမှာ အဲဒီအချိန်အခါက လွှမ်းမိုးခဲ့တဲ့ သဘာဝတောတောင်ရေမြေ အဖွဲ့အနွဲ့တွေနဲ့ ယောင်္ကျားကို အားကိုးတဲ့စိတ် မျှော်လင့်တဲ့စိတ်နဲ့ အားနွဲ့သူမိန်းမသားအဖြစ် အချစ်အလွမ်း ဖော်ကျူးတဲ့ကဗျာတွေကို အများအပြား တွေ့ခဲ့ရပါတယ်။ သာမန်အရပ်သူဘဝကနေ နန်းတွင်းစာဆို ဖြစ်လာခဲ့တဲ့ ရှင်ငြိမ်းမယ်ကတော့ ထီးသံကြငှာန်းသံ မပါ တမူခွဲထွက်ပြီး ရိုးစင်းလှပ ခေတ်အဆက်ဆက်မှာ သစ်လွင်တောက်ပနေစေတဲ့ ကဗျာမျိုးတွေကို ရေးခဲ့ပါတယ်။ ဒါပေမယ့်လည်း အချုပ်တန်းဆရာဖေတို့ရေးသလို နိုင်ငံရေး အမျိုးသားရေးနဲ့ပတ်သက်ပြီး နာနာနှက်ထားတဲ့ကဗျာ၊ ဦးပုညတို့ရေးသလို သရော်သံလေးစွက်လို့ လူ့သဘာဝကို လက်သံပြောင်ပြောင် လှစ်ဟနေတဲ့ ကဗျာမျိုးတွေကိုတော့ အဲဒီခေတ်ကာလက အမျိုးသမီးတွေရေးခဲ့တာ မတွေ့ရသလောက်ပါပဲ။

ဒီလိုနဲ့ ခေတ်တွေပြောင်းပြီး ကဗျာအကြောင်းအရာတွေ အမျိုးအစားတွေ ပုံစံတွေ ရွေ့လာကြတဲ့အခါ မြန်မာကဗျာတွေဟာလည်း ရေစီးကြောင်းအသစ်တွေထဲမှာ အရှိန်ကောင်းလာခဲ့ပါတယ်။ ငွေတာရီ၊ နုယဉ်၊ ကြည်အေး အစရှိသူတို့ဟာ လှပတဲ့ ဖွဲ့နွဲ့မှုတွေနဲ့ ခေတ်စမ်းရေစီးမှာ ထင်ရှားခဲ့တဲ့ အမျိုးသမီးကဗျာဆရာတွေပါ။ အဲဒီလိုနဲ့ နွယ်(စစ်တွေ)၊ ခင်နှင်းယု၊ ခင်လေးမြင့်(မြစ်ကြီးနား)၊ ဖြူမြင့်ဝေ(ဒိုင်အို)၊ ခင်(တိုင်းရင်းမေ)၊ စမ်းစမ်းနွဲ့(သာယာဝတီ)၊ သိမ့်(ဟင်္သာတ)၊ ခင်မြဇင်၊ ဧဧသန်း၊ ဖြူမွန်၊ ဂျူး၊ ဝိုင်၊ ခင်ဝင်းသစ်၊ မြသွေးရည်၊ မရီဝေ၊ မအိ၊ ချစ်ချစ်ချိုင်း၊ သင်းသင်းသာ၊ မြတ်၊ ငြိမ်း(ဒဿန)၊ သန့်စင်အေး၊ မိကောက်၊ စမ်းသီတာ၊ ကေမြနွယ်၊ မနော်ဟရီ၊ အိန္ဒြာ၊ သွေး(စစ်ကိုင်း)၊ စုမီအောင်၊ လုံမငြိမ်းချမ်း၊ ညိုပြာဝိုင်၊ ရှင်ဒေဝီ၊ မိုးဒေဝါ၊ ငယ်ငယ်(ကျောက်ဆည်)၊ မယ်ယွေး စသည်ဖြင့် အဆုံးမရှိတဲ့ ကဗျာရေစီးကြောင်းကို တွေ့နေရပါတယ်။ အရေးအသားအတွေးအခေါ်တွေလည်း ဒီဘက်ခေတ်တွေမှာ ပိုမိုလွတ်လပ် ပွင့်လင်းလာခဲ့ပါတယ်။ ဒီနေရာမှာတော့ ကဗျာအရွေ့တွေကို ဦးဆောင်ဦးရွက် လုပ်တဲ့အထဲမှာ မြန်မာအမျိုးသမီး ကဗျာဆရာတွေရဲ့ အရှိန်အဟုန်က ဘယ်လောက်နှုန်းရှိပါသလဲဆိုတာကလည်း ဆန်းစစ်သင့်တဲ့ အချက်တစ်ခုပါ။

တီထွင်ဆန်းသစ်တဲ့ ကဗျာပုံစံရေးဖွဲ့မှုတွေ၊ ကဗျာဗေဒအသစ်တွေ၊ ထင်ရှားတဲ့ ကဗျာလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ နိုင်ငံရပ်ခြား အမျိုးသမီးကဗျာဆရာတွေရဲ့ ပါဝင်မှုကို လေ့လာကြည့်တဲ့အခါ ၁၉၅ဝခုနှစ်တွေက Beat generation မှာတော့ အမျိုးသမီးများဟာ ဦးဆောင်လှုပ်ရှားသူများအဖြစ် အသိအမှတ်ပြုခံရတာ မတွေ့ရပါဘူး။ ဒါပေမဲ့ New York School မှာ အမျိုးသမီးကဗျာဆရာ Babara Guest ဟာဦးဆောင်သူတွေထဲမှ ပါဝင်ခဲ့ပါတယ်။ Language Poetry မှာ အမျိုးသမီးကဗျာဆရာတွေ အများအပြား ပါဝင်ပါတယ်။ ၂၁ရာစု အင်တာနက်ရဲ့ ကဗျာအသီးအပွင့်တစ်ခုဖြစ်တဲ့ flurf poetry မှာလည်း Nada Gordon တို့လို အမျိုးသမီးကဗျာဆရာတွေကို တွေ့နေရပါတယ်။ ဒီဥပမာတွေကတော့ အဓိကအားဖြင့် အနောက်တိုင်းမှာ တွေ့ရတာပါ။

အရှေ့တိုင်းယဉ်ကျေးမှုရဲ့ အကန့်အသတ်တွေဟာ အမျိုးသမီးတွေရဲ့ ကဗျာဆိုင်ရာ ဆန်းသစ်မှုနဲ့ ရဲတင်းပွင့်လင်းမှုကို တားမြစ်နေနိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေဟာ အားနွဲ့သူ ဆိုတဲ့အယူအဆတွေ၊ လိင်နဲ့ပတ်သက်တဲ့ အရေးအသားကို လူရှေ့သူရှေ့ချပြတာ အမျိုးသမီးတစ်ယောက်အနေနဲ့ မသင့်တော်ဘူး ဆိုတဲ့ သဘောထားမျိုးတွေ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုပတ်ဝန်းကျင် စတဲ့ ပြင်ပဗဟုသုတတွေကို အမျိုးသမီးမို့လို့ စိတ်ဝင်စားမှု နည်းပါးတယ် ဆိုတာတွေ ရှိနေသေးတယ်ဆိုရင် ကဗျာရေးတဲ့နေရာမှာ ထက်မြက်ပြတ်သားတဲ့ အမြင်တွေကို ပိတ်ပင်နေနိုင်ပါတယ်။

အဲဒီလိုယဉ်ကျေးမှုရဲ့ အကြောင်းတရားတွေဟာ မြန်မာနိုင်ငံမှာမှ ထူးခြားထင်ရှားနေသလား ဆိုတာကို အဖြေရှာဖို့ဆိုရင်တော့ အာရှတိုက်ထဲက အခြားနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ ကိုရီးယား နဲ့ အရှေ့တောင်အာရှနိုင်ငံတွေက ကဗျာလှုပ်ရှားမှုတွေကို ဒီ့ထက်ပိုပြီး ဆက်လက်လေ့လာရဦးမှာဖြစ်ပါတယ်။ ၂၁ရာစု တရုတ်အမျိုးသမီးကဗျာများ စုစည်းမှုစာအုပ်ရဲ့ စာမြည်းတစ်ခုမှာ ဖတ်ရှုရတာကတော့ ပြည်မကြီးနဲ့ ထိုင်ဝမ်က ၁၉၈ဝခုနှစ်များရဲ့ မျိုးဆက်သစ်တွေဖြစ်တဲ့ အမျိုးသမီးကဗျာဆရာအချို့ဟာ မိန်းမသားဝါဒီ ပင်မရေစီးကနေ ထင်ထင်ရှားရှား ခွဲထွက်လာတဲ့ အရည်အသွေးရှိသူတွေလို့ ဆိုထားပါတယ်။ သူတို့ရဲ့ကဗျာတွေမှာ မိန်းမတွေရဲ့ လိင်မှုကိစ္စတွေကို အတိအလင်း ထည့်သွင်းရေးသားထားတာကိုလည်း ဥပမာပေး ဖော်ပြထားပါတယ်။

မြန်မာပြည်မှာ ယနေ့ခေတ်အထိ အမျိုးသမီးကဗျာဆရာတွေဟာ သိလျက်နဲ့ဖြစ်စေ အမှတ်တမဲ့ဖြစ်စေ ရှေးရိုးစွဲ အချစ်အလွမ်း အားငယ်မှုတွေကို ကဗျာတွေထဲ ထင်ဟပ်နေမိဆဲဆိုတာ တွေ့ရှိမိပါတယ်။ ဒီနေရာမှာတော့ ပန်ဒိုရာကိုယ်တိုင် ရေးထားခဲ့တဲ့ ခရီးတောလမ်း ဆိုတဲ့ ကဗျာထဲက စာကြောင်းအချို့ကိုပဲ နမူနာထုတ်နုတ်ပြချင်ပါတယ်။ ဒီကဗျာကတော့ ဆရာနှင်းခါးမိုးရဲ့ တောလမ်းခရီး ဆိုတဲ့ ကဗျာကိုမူတည်ပြီး မြိုင်ထနှစ်ပါးသွားတစ်ပုဒ်မှာ မင်းသမီးဘက်က ပြန်ရေးလေဟန် ဖွဲ့ဆိုခဲ့တာဖြစ်ပါတယ်။

ညဥ့်ယံနက်နက်
မျက်လုံးဝင်းလက်လက်
တောကောင်ရဲ့ခေါ်သံ
ဖန်ဖန်ပဲ့တင်
ဟင်...ပြန်မထူးနဲ့
ထောင်ချောက်ကိုသတိထား
လင့်စင်ကိုခိုင်ခိုင်ကိုင်ထား
တောကမာယာများတယ်
မိန်းမသားဆိုတော့လည်း
အားငယ်...... တဲ့။

မတွေ့ ခြေရာ
လှိုက်ဟာ မောပန်း
အနိုင်နိုင်လှမ်းစဉ်
ဘယ်စခန်းပေါက်
ဘယ်လမ်းရောက်ခဲ့ပြီလဲ
ဟိုတောင်တန်း ဟိုသောင်ကမ်းကို
မှန်းလို့မျှော်ရ ရင်ဝမှာဆို့တယ်။

ဒီကဗျာရဲ့ ဆန့်ကျင်ဘက်အနေနဲ့ မိမိရဲ့ကိုယ်ခန္ဓာကို ကဗျာအကြောင်းအရာထဲမှာ တည်ထားပြီး အားမာန်ပါပါ ရေးသားခဲ့တဲ့ အမေရိကန် လူမဲအမျိုးသမီးကဗျာဆရာ မာယာအန်ဂျလူရဲ့ phonemenal woman ဆိုတဲ့ ကဗျာထဲက တစ်ပိုဒ်ကို ဘာသာပြန်ပြီး နမူနာအဖြစ် ကောက်နုတ်ချင်ပါတယ်။

ယောင်္ကျားတွေ ကိုယ်တိုင် သိချင်ကြ
ကျွန်မဆီမှာ ဘာမြင်ရမလဲလို့
အလူးအလဲကြိုးစားကြ
ဒါပေမယ့်လည်း ကျွန်မရဲ့လျှို့ဝှက်ဆန်းကြယ်အဇ္ဈတ္တကို
ဒင်းတို့လှမ်းမထိနိုင်
ကျွန်မက ပြဖို့ ကြိုးစားတော့လည်း
ဒင်းတို့ခမျာ မြင်ကို မမြင်နိုင်ကြသေး
ကျွန်မပြောပြမယ်
အဲဒါ ကျွန်မတင်ပါးရဲ့ ကောက်ကြောင်း
ကျွန်မအပြုံးရဲ့ နေခြည်
ကျွန်မရင်သားတွေရဲ့ နိမ့်တုံမြင့်တုံဖြစ်မှု
ကျွန်မစတိုင်ရဲ့ တင့်တယ်မှု
ကျွန်မက မိန်းမတစ်ယောက်လေ
တစ်မိပေါက်တစ်ယောက်ထွန်း
အာဂမိန်းမ
အဲဒါ ကျွန်မပေါ့

၃။ ကဗျာဗဟုသုတရှာမှီးမှု

မြန်မာနိုင်ငံမှာ ကဗျာစာပေကို လေ့လာလိုက်စားဖို့အတွက် ကဗျာသီအိုရီတွေ၊ ကဗျာစပ်ဆိုနည်းတွေ၊ ကဗျာခံစားမှုတွေကို ဘယ်နေရာကနေ အခြေခံပြီး အသိပညာ ရလာနိုင်သလဲဆိုတာ ရှာဖွေကြည့်ခဲ့ပါတယ်။ တချိန်ကတော့ အမျိုးသမီးတွေဟာ စာပေရဲ့အဖူးအညွန့်ဖြစ်တဲ့ ကဗျာရေးစပ်နိုင်ဖို့ဝေလာဝေး မိန်းကလေးဆိုရင် သေစာရှင်စာတတ်ပြီးရောပေါ့ဆိုတဲ့ ကာလတွေကိုလည်း ဖြတ်သန်းခဲ့ရပါတယ်။ ယနေ့ခေတ်ကာလမှာလည်း အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ ငယ်ငယ်က တက်ခဲ့ရတဲ့ စာသင်ကျောင်းတွေက သင်ပေးလိုက်တဲ့ မြန်မာကဗျာသင်ရိုးဟာ ယနေ့ခေတ်နဲ့ကိုက်ညီတဲ့ ကဗျာဆရာတစ်ယောက် ဖြစ်လာဖို့ အခြေခံလုံလောက်မှု မရှိပါဘူး။

အခြေခံပညာ အထက်တန်းမှာပြဌာန်းထားတဲ့ မြန်မာကဗျာတွေထဲမှာ ခေတ်ပေါ်ကဗျာ၊ ခေတ်ပြိုင်ကဗျာတွေ မပါဝင်ပါဘူး။ အခြေခံပညာအထက်တန်း၊ မြန်မာကဗျာ လက်ရွေးစင်စာအုပ် အမှာစာမှာ ကဗျာရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို “ကဗျာဆိုသည်မှာ ခံစားမှု ရသပေါ်လွင်အောင် ကာရန်စည်းကမ်းနှင့် ဖွင့်ဆို သီကုံးရသော စာဖြစ်သည်” လို့ဆိုပါတယ်။ အဲဒီဖွင့်ဆိုချက်ဟာ အခုခေတ်ရေးသားနေတဲ့ ကဗျာတွေအတွက် အကျုံးဝင်မှု မရှိတော့ဘူးဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။

ဒီလို အခြေခံပညာ စာသင်ကျောင်းတွေကနေပြီး ခေတ်ပေါ် ခေတ်ပြိုင်ကဗျာများရဲ့ အခြေခံကို သိရှိလာဖို့ အခွင့်အရေး မရှိတဲ့အခါ မြန်မာကဗျာလောကမှာ ကိုယ်ထူကိုယ်ထ ကဗျာပညာရေး စနစ် ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒါကတော့ နိုင်ငံတကာကဗျာတွေကို ဘာသာပြန်ကြ၊ ကဗျာဗေဒ ဆောင်းပါးတွေရေးကြ၊ စာအုပ်တွေထုတ်ဝေကြ၊ ကဗျာလေ့လာသူအချင်းချင်း ဗဟုသုတ အသိပညာတွေ ဝေမျှကြတာဖြစ်ပါတယ်။ ဒီတော့ အမျိုးသမီးများအနေနဲ့ အဲဒီလို ကျောင်းသင်ရိုးပြင်ပ ပညာရေးထဲမှာ ကိုယ်တိုင် လုံ့လထုတ်ပြီး ရှာဖွေလေ့လာသင်ယူကြမှသာလျှင် ကိုယ်ခံအားကောင်းတဲ့ ကဗျာဆရာတစ်ဦးဖြစ်လာဖို့ အခွင့်အလမ်းရှိပါတယ်။

ဒီနေရာမှာလည်း လူနည်းစုဖြစ်တဲ့ အမျိုးသမီးတွေက လူများစုကဗျာဆရာ အမျိုးသားတွေနဲ့ ရောနှောသွားလာ ဆွေးနွေးတိုင်ပင်တာမျိုး (ဥပမာ- လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်တွေမှာ အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားအများအပြား ထိုင်ပြီး စကားပြောနေကြတာမျိုး) ဟာ မြန်မာအသိုင်းအဝိုင်းမှာ အမြင်မကြည်လင်စရာ ဖြစ်နေမလားဆိုတာမျိုးတွေအထိ စဉ်းစားလာနိုင်ပါတယ်။ အဲဒီလို လူမှုဝန်းကျင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို နောက်ခေါင်းစဉ်အောက်မှာ ဆက်ပြီးဆွေးနွေးချင်ပါတယ်။

၎။ ပတ်ဝန်းကျင်လူ့အဖွဲ့အစည်း၏ အမျိုးသမီးများအပေါ်ရှုမြင်မှု


လူ့အဖွဲ့အစည်းတစ်ခုဟာ မိမိတို့ရဲ့ သဘောထားကို ထင်ဟပ်နေတဲ့ ရလာဒ်တွေကိုပဲ ပြန်ရလေ့ရှိပါတယ်။ နိုင်ငံအဆင့် လူ့အဖွဲ့အစည်းတစ်ခုလုံးနဲ့ ကြည့်ရရင် မြန်မာနိုင်ငံမှာ အမျိုးသမီးတွေနဲ့ ပတ်သက်လို့ ခွဲခြားမှုတွေ၊ မိန်းမဆိုရင် ဒီလိုဖြစ်မှာပဲ ဒါမှမဟုတ် ဒီလိုဖြစ်သင့်တယ် လို့ ကြိုတင်ကောက်ချက်ချထားမှုတွေ၊ လိင်နဲ့ပတ်သက်လို့ အနိုင်ကျင့်နှိမ့်ချမှုတွေ၊ စော်ကားထိပါးမှုတွေဟာ လူမှုရေးနယ်ပယ်တွေထဲမှာ ကျန်ရှိနေသေးတယ်လို့ပဲ သုံးသပ်ရပါမယ်။ ရန်ကုန်မြို့လယ်ခေါင်မှာ မိန်းမကောင်းတစ်ယောက်အနေနဲ့ ညအချိန်မတော် လွတ်လပ်စွာသွားလာလို့ မသင့်သေးပုံ၊ အမျိုးသမီးသီးသန့်ယာဉ်အဖြစ် လိုအပ်လာပုံ စတဲ့ ထင်ရှားတဲ့ သာဓကတွေအများကြီးရှိပါတယ်။ အဲဒီလို အခြေအနေတွေဟာ လူ့အသိုင်းအဝိုင်းရဲ့ သတ်မှတ်ချက်တွေကို ကျိုးနွံကျင့်သားရနေပြီး ထိုးဖောက်မှုမရှိတဲ့ ကဗျာတွေအဖြစ် ရောက်ရှိသွားနိုင်ပါတယ်။ အလားတူပဲ ကဗျာအသိုင်းအဝိုင်းကိုယ်တိုင်ရဲ့ အမျိုးသမီးကဗျာလက်ရာတွေ အမျိုးသမီးကဗျာဆရာတွေအပေါ် ရှုမြင်ပုံဟာ ဘယ်လိုအခြေအနေမှာ ရှိသလဲဆိုတာကို သုံးသပ်ဖို့လိုအပ်ပါတယ်။

နိုင်ငံတကာမဂ္ဂဇင်းစာစောင်တွေမှာ အမျိုးသမီးတွေရဲ့ ကဗျာကို ရွေးချယ်ဖော်ပြတာနဲ့ ပတ်သက်လို့ ၂ဝဝ၇ ဆောင်းဦးမှာ ထုတ်ခဲ့တဲ့ Chicago Review မှာဖော်ပြပါရှိခဲ့တဲ့ Poetry Magazines & Women Poets ဆိုတဲ့ ခေါင်းစဉ်နဲ့ဆောင်းပါးမှာ - အမျိုးသမီးတွေရဲ့ကဗျာတွေကို ကဗျာမဂ္ဂဇင်းတွေမှာ ဖော်ပြမှုဟာ ၁၉၇ဝ ခုနှစ်က ၁၃% ပဲရှိခဲ့ရာကနေ ၂ဝဝ၅ ခုနှစ်မှာ ၃၈% အထိတဖြည်းဖြည်း တိုးတက်လာခဲ့တယ်- လို့ဆိုပါတယ်။ Are Women Underrepresented in the Small Press? ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ထဲက ကဗျာဆရာတွေ ကဗျာအယ်ဒီတာတွေရဲ့ မှတ်ချက်စကားတွေထဲမှာတော့ - အမျိုးသမီးကဗျာနည်းပါးရခြင်းအကြောင်းတစ်ခုက ကဗျာပေးပို့မှုမှာ အမျိုးသားတွေဟာ ပိုပြီး အားတက်သရော ကြိုးပမ်းလေ့ရှိကြပေမယ့် အမျိုးသမီးတွေကတော့ ကဗျာတွေကို ရေးရုံပဲရေးပြီး မဂ္ဂဇင်းတွေကို ပေးပို့တာနည်းလို့ဖြစ်နိုင်တယ်- ဆိုတဲ့ မှတ်ချက်တစ်ခုကို ဖတ်ရှုရပါတယ်။

အမျိုးသမီးကဗျာဆရာတွေရဲ့ ကဗျာပုဒ်ရေ ပိုများများ မြင်တွေ့နိုင်ရေးနဲ့၊ လက်ရှိထက်ပိုအားကောင်းတဲ့ မြန်မာအမျိုးသမီးကဗျာတွေ ပေါ်ထွက်လာရေးမှာ မြန်မာ့ကဗျာအသိုင်းအဝိုင်း ကိုယ်တိုင်ရဲ့ သဘောထားဟာ တွန်းအားပေးစေတဲ့ရှုမြင်ပုံမျိုးလား ဒါမှမဟုတ် အားလျော့စေတဲ့ရှုမြင်ပုံမျိုးလားဆိုတဲ့ အပေါ်မှာလည်း အတိုင်းအတာတစ်ခုအထိ မူတည်နေပါတယ်။

အခြားတစ်ဖက်က ကြည့်ရင်လည်း မြန်မာ့ကဗျာစာပေမှာ အမျိုးသမီးကဗျာဆရာတွေ နည်းပါးနေပေမယ့် စာပေရဲ့အခြားနယ်ပယ်ဖြစ်တဲ့ စကားပြေနယ်ပယ်မှာတော့ ဦးဆောင်ထင်ရှားတဲ့ စာရေးဆရာမတွေအများအပြား ရှိနေကြပါတယ်။ စာပေရဲ့ပြင်ပက လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနယ်ပယ်တွေမှာလည်း ထူးချွန်ထက်မြက်တဲ့ အသိပညာ အတတ်ပညာရှင် မြန်မာအမျိုးသမီးတွေ ရှိနေကြတယ်ဆိုတာ တွေ့မြင်နေရပါတယ်။ ဒီတော့ ထူးချွန်သူတွေ ရှိနေပေမယ့်လည်း အမျိုးသမီးတွေရဲ့ လက်တွေ့ကျမှုနဲ့ မိသားစုရေးကို တာဝန်သိ ဦးစားပေးတတ်တဲ့ သဘာဝတွေက ကဗျာကို စိတ်ရောကိုယ်ပါ တစိုက်မတ်မတ် လေ့လာရေးသားဖို့ဘက်ကို ပို့ဆောင်မပေးပဲ လမ်းကြောင်း ပြောင်းသွားစေတာလား ဆိုတာလည်း စဉ်းစားစရာဖြစ်ပါတယ်။

၅။ မြန်မာအမျိုးသမီးကဗျာဆရာများ၏ အနာဂတ်


အထက်က တင်ပြသွားခဲ့တာတွေအပြင် အရေးပါတဲ့ အခြားအကြောင်းရင်းတွေကို ဆက်ပြီးလေ့လာဖို့ လိုအပ်ပါမယ်။ လေ့လာချက်တွေကို မဆီလျော် ဖြစ်သွားနိုင်စေတဲ့ မေးခွန်းတွေလည်း ရှိပါသေးတယ်။ “နိုင်ငံတကာနဲ့ယှဉ် ရင်ဘောင်တန်းနိုင်လောက်တဲ့ မြန်မာအမျိုးသမီးကဗျာဆရာတွေ ရှိလာဖို့ ဘာကြောင့် လိုအပ်ရမှာလဲ။ မြန်မာအမျိုးသမီးတွေ ကဗျာမရေးတော့ ဘာဖြစ်သလဲ၊ ကဗျာကောင်းကောင်းတွေ မရေးတော့ရော ဘာဖြစ်သလဲ။” ဆိုတာတွေပါ။ လိုအပ်ခြင်း မလိုအပ်ခြင်း မည်သို့ပင်ဖြစ်စေကာမူ အခြေအနေတစ်ခုကို အရှိအတိုင်း လက်ခံမြင်နိုင်ကြဖို့တော့ အရေးကြီးပါတယ်။ ဒါမှလည်း ဒီအခြေအနေကနေ ပိုမိုတိုးတက် ကျော်လွှားနိုင်မှာဖြစ်ပါတယ်။

ဒီအခြေအနေကိုလည်း ပြဿနာ ဒါမှမဟုတ် အားနည်းချက်လို့ အပြစ်ဆိုတာမျိုးတွေထက် အခွင့်အရေး တစ်ခုလို့ မှတ်ယူကြမယ်ဆိုရင် ဘယ်သူမှ လက်မခံနိုင်စရာ မရှိဘူးလို့ ယူဆပါတယ်။ ဆိုလိုတာကတော့ အမျိုးသမီးကဗျာဆရာတွေ ပိုများလာဖို့၊ ကဗျာနဲ့ပတ်သက်တာတွေကို ပိုပြီးနှီးနှောဖလှယ်ကြဖို့၊ အခုထက်ပိုပြီး အားကောင်းမောင်းသန်တဲ့ ကဗျာတွေ ရေးဖြစ်ဖို့ အခွင့်အရေးတွေ အများကြီး ကျန်ပါသေးတယ်။ အဲဒီ အခွင့်အရေးတွေကို အကောင်အထည်ဖော်ဖို့ကတော့ ကဗျာရေးဖို့ကြိုးစားနေတဲ့ ကျွန်မပန်ဒိုရာ အပါအဝင် အမျိုးသမီးကဗျာဆရာတွေ ကိုယ်တိုင်ရဲ့ အားထုတ်မှု လိုအပ်သလို၊ အမျိုးသား ကဗျာဆရာတွေရော ပတ်သက်နှီးနွယ်နေတဲ့ လူ့အဖွဲ့အစည်းကပါ မိမိတို့သက်ဆိုင်တဲ့ ကဏ္ဍကိုယ်စီကနေ အပြုသဘောနဲ့ အားပေး ဆောင်ရွက်ကြပြီး မလိုလားအပ်တဲ့ အကန့်အသတ် အဟန့်အတားတွေကို ပယ်ဖျက်နိုင်ကြဖို့လိုပါတယ်။

ယနေ့ခေတ်မှာ ကမ္ဘာဆန်လာမှုနဲ့အတူ ဗဟုသုတတွေ၊ နိုင်ငံတကာကွန်ယက်တွေ၊ လွတ်လပ်မှု၊ လင်းပွင့်မှုတွေကို အရှိန်အဟုန်ကောင်းကောင်းနဲ့ ယူဆောင်လာတဲ့ “အင်တာနက်”ရဲ့ အခန်းကဏ္ဍကိုလည်း ချန်လှပ်မထားသင့်ပါဘူး။ အွန်လိုင်းကဗျာတွေထဲက ဥပမာ pemskool တို့လို ဆယ်ကျော်သက် အသက်နှစ်ဆယ်ကျော် လူငယ်ကလေးတွေဟာ ကိုယ့်လမ်းကိုယ်ထွင်ပြီး ပင်မရေစီးထဲကနေ မီဒီယာအားဖြင့်ရော အရေးအသားအားဖြင့်ပါ ခွဲထွက်လာတဲ့ ကဗျာတွေကို ရေးသားနေကြပါတယ်။ ကောင်းဖို့အတွက်ဖြစ်စေ ဆိုးဖို့အတွက်ဖြစ်စေ မျိုးဆက်သစ်တွေရဲ့ ယဉ်ကျေးမှုတွေ တန်ဖိုးတွေ ပြောင်းလာတာကိုလည်း ကဗျာတွေထဲမှာ မြင်နေရပါတယ်။ အဲဒီအထဲမှာ အမျိုးသမီးငယ်တွေရဲ့ ထူးခြားတဲ့ အရေးအသားတွေကိုလည်း တွေ့မြင်နေရတာဟာ မြန်မာအမျိုးသမီးကဗျာ အနာဂတ်အတွက် အပြောင်းအလဲ သို့မဟုတ် အသစ်တစ်ခုကို ထိုးဖောက်လာဖို့ မျှော်လင့်ချက်တစ်ခု ဖြစ်ပါတယ်။

ဒီစာတမ်းကို နိဂုံးမချုပ်ခင် ဖေ့စ်ဘွတ်ခ်မှာ ရှာတွေ့ခဲ့တဲ့ကဗျာတွေထဲက လူငယ်အမျိုးသမီးကဗျာဆရာတစ်ဦးရဲ့ ချွန်မြနေတဲ့ ကဗျာစာကြောင်းတချို့ကို မိတ်ဆက်ပေးချင်ပါတယ်။

“ကြုံဖူးကြမယ် ထင်ပါတယ်
ကျေနပ်တဲ့အခါ …..
အကြောပေါင်း တစ်သိန်းခြောက်သောင်း စိမ့်ဝင်
အပြုံးလက်လက်တွေ လျှာပေါ်တက်လာတယ်

တဒိတ်ဒိတ်သွေးတွေက
တဒုတ်ဒုတ် ရင်ကို ရှိက်ဆွဲ
ဘူတာရုံအောက်မှာ အီလက်ထရို နဲ့
လမ်း လျှောက်သင်ပြီ

ပေါင်မုန့်ကို မလိုင်ဖြစ်ဖြစ်အုပ်ပြီး
အာခံတွင်းထဲငုံ
နာကျင်သောချစ်ခြင်းများ၏ ကျောက်တိုင်
ကိုယ်ထဲကပိုးမွှားတွေ တသားထဲ ပူးကပ်
သစ်ပင်တပင် အမြစ်တွယ်ခြင်း

sex ကို ညစ်တယ်လို့  ထင်တဲ့သူတွေ
လက်သည်းဝှက်သောကျားတွေ
မြင်နေရတယ်
ကိုယ့်ခန္ဓာကို ပြန်ကြည့်
မင်းတို့ငါတို့ဟာ ချက်တော်ကို လက်တော်နဲ့သပ်ရုံ မှာ
ရင့်မှည့်လာခဲ့သောသစ်သီးတွေလား”

“လူဖြစ်ခဲ့သော လူပျိုများအတွက် ဂုဏ်ပြုမှတ်တမ်း” ဆိုတဲ့ကဗျာထဲက စာကြောင်းအချို့ ဖြစ်ပါတယ်။ ရေးဖွဲ့သူ အမျိုးသမီးကဗျာဆရာ မွန်းသူအိမ် ဟာ ဆယ်ကျော်သက်အရွယ်သာ ရှိသေးပါတယ်။
နိဂုံးချုပ်အနေနဲ့ အနာဂတ် မြန်မာကဗျာလောက ဖွံ့ဖြိုးတိုးတက်ရေးမှာ အမျိုးသမီးကဗျာဆရာတွေရဲ့ အခန်းကဏ္ဍဟာ ယခုထက်ပိုပြီး တစ်တပ်တစ်အား ဖြစ်လာစေဖို့ ဆန္ဒပြုလိုက်ပါတယ်။ မြန်မာကဗျာဆရာများအားလုံး စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာစွာနဲ့ ကဗျာကိစ္စအဝဝကို ဆက်လက် အားထုတ်နိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်။

ရည်ညွှန်း/ကိုးကားစာရင်း

- http://www.poetryfoundation.org
- http://en.wikipedia.org/wiki/Category:Pulitzer_Prize_for_Poetry_winners
- http://en.wikipedia.org/wiki/Pulitzer_Prize_for_Poetry
- http://www.pakistan.web.pk/threads/list-of-poets-winners-of-the-nobel-prize-in-literature.452/
- http://www.amazon.com/Heinemann-Book-African-Womens-Poetry/dp/product-description/0435906801
- http://books.google.com/books/about/Japanese_women_poets.html?id=BO8sJ4TYpaUC
- http://mclc.osu.edu/rc/pubs/reviews/zhu.htm
- http://www.poets.org/viewmedia.php/prmMID/5690
- Are Women Unrepresented in the Small Press http://greatamericanpoetryshow.com/articles-and-essays/are-women-unrepresented-in-the-small-press/
- Poetry Magazines and Women Poets www.humanities.uchicago.edu/orgs/review/CR_532_Kotin_Baird.pdf
- Women Get Published and Reviewed Less Than Men in Big Magazines, Say Red-and-Blue Pie Charts http://thehairpin.com/2011/02/women-get-published-and-reviewed-less-than-men-in-big-magazines-say-red-and-blue-pie-charts
- ငြိမ်းဝေ၊ ၂၀၀၉၊ အထက်တန်း မြန်မာကဗျာလက်ရွေးစင် ပြဌာန်းချက်ကို ဖြည့်စွက်အကြံပြုခြင်း စာတမ်း





(မှတ်ချက်။ ။ အချိန်နဲ့ resource မလုံလောက်မှုကြောင့် ဒီစာတမ်းငယ်ကို academic paper မဟုတ်တဲ့ အက်ဆေးတစ်ခုအဖြစ်ပဲ တင်သွင်းခဲ့တာပါ။)

Expand..

Friday, March 9, 2012

ဖြစ့်လေ့ဖြစ်ထဖြစ်စဉ်


ဖြစ်လေ့ဖြစ်ထဖြစ်စဉ်

လူ့အဖွဲ့အစည်း တံခါးအိုကြီးတွေက တကျွီကျွီအီ..လို့
ဆတ်သွားဖူးရုံကလေးကတော့ ဆူးတွေပြွမ်းနေတယ်
ဒိုးဒိုးဒိတ်ဒိတ် ခုတ်မောင်းနေတဲ့ ကောက်ရိုးလှည်းအင်ဂျင်ကို
သင် ဘယ်အရာနဲ့ ငြှိမ်းသတ်မှာတုန်း

ခုနှစ်လွှာအထပ်ထပ်တွေကို ပစ်မှတ်ချိန်ရင်း ပယ်ချ
လက်ဝဲလက်ယာ အစွန်းနှစ်ပါးရဲ့ တိုက်ရိုက်ရောင်းချခြင်းကို ပယ်ချ
Pareto ရဲ့ အဖြစ်နိုင်ဆုံးပွိုင့်အထိ မရောက်မချင်း ပယ်ချ
ရောက်ရှိခြင်းကို ပယ်ချနိုင်ရင် ပြုဖွယ်ကိစ္စပြီးပါပြီ

သို့ပေမယ့်လည်း
ဆံခြည်မျှင်သွေးကြောတွေ တစ်ချောင်းချင်းက
သိမထားတဲ့ အသိစိတ်ဟာ ဟစ်ကြွေးတောင်းဆိုနေလိုက်တာ
စိုစွတ်နေတဲ့ စိတ်ဆန္ဒများလည်း ဦးထိပ်ဖျားကနေ ခြေဖဝါးအထိ

ပန်ဒိုရာ
၉-၁၇.၇.၂၀၁၁

Expand..

Wednesday, February 29, 2012

ပန်ဒိုရာကလုံး



ပန်ဒိုရာကလုံး

ပန်ဒိုရာကလုံး ပေါ်လာသတဲ့
ဘာတုန်း ကလုံး ဆိုတာ
ပန်ဒိုရာ အော်ဒီကလုံး ရေမွှေးအသစ်လား
ဆင်တူယိုးမှား ကြားသူက ကြား
ပန်ဒိုရာက အလုံးကြီးလား ပုံသဏ္ဌာန်ပြောင်းသွား
ပန်ဒိုရာ လုံးလုံးသာ ဖြစ်နေသတဲ့ သူ့ချည်းပဲလား
ပန်ဒိုရာကို ဝန်လုံးတွေ ပိနေသလိုလို
ပန်ဒိုရာ အလုံ ပိတ်ထားခံရသလိုလို
ပန်ဒိုရာ အလုံဘက်မှာ နေသလိုလို
ကောလဟလတွေ ထွက်လိုထွက်
ပန်ဒိုရာ ငတုံးလား ပန်ဒိုရာ ကတုံး တုံးလိုက်တာလား
လေသံဖမ်းပြီး ဘလိုင်းကြီး ဝင်ထည့်သူထည့်
မဟုတ်သေးဘူး မဟုတ်ပါဘူး
ကျွန်မ ပန်ဒိုရာ ကလုံးပါ
ကျွန်မဟာ တရားဝင်ထုတ်လုပ်ထားတဲ့ ပန်ဒိုရာကလုံးပါ
မိတ္တူမဟုတ် ပုံတူမျိုးပွားလည်းမဟုတ်တဲ့ ကလုံးစစ်စစ်ပါ
ကျွန်မကို မူရင်းနဲ့ အချိန်မရွေး တိုက်ဆိုင်စစ်ဆေးနိုင်ပါတယ်
ကျွန်မမှာ လက်တွေ့ကျတဲ့ လတ်တလော မှတ်ဥာဏ်ပဲရှိတယ်
ကလေးဘဝရဲ့ ခြောက်ပြစ်ကင်း အတိတ်တွေ ပါမလာဘူး
ကျွန်မဟာ တန်ဖိုးမြင့် အစားထိုးတန်ဆာပလာတို့ရဲ့ အစုအဝေးမျှသာ
လူလုပ်နာမ်နဲ့ ရှင်သန်နေတဲ့ ရုပ်သက်သက် - ဘဝ မပါဘူး
ကျွန်မဟာ ကံ၊စိတ်၊ဥတု၊အာဟာရနဲ့ တိုက်ရိုက်အချိုးကျချင်မှ ကျမယ်
ဇာတိစက်ဝိုင်းမှာ အငိုက်ဖမ်းဝင်လာတဲ့ လောက်လန်းလေးတစ်ကောင်ဟာ ကျွန်မပေါ့
ကျွန်မရဲ့ ဖြစ်တည်မှုကို ဘုရားတွေက ဘယ်လိုများ ဟောခဲ့ပါလိမ့်
လူသားဆိုတဲ့ ခေါင်းစဉ်ကြီးအောက်မှာ ကျွန်မရဲ့ ခေါင်းစဉ်ခွဲဟာ ဘယ်အဆင့်မှာလဲ
ဗေဒင်ဆရာတွေရဲ့ တွက်ချက်မှုက ကျွန်မအတွက် ကျိုးကြောင်းဆီလျော်ပါဦးမလား
ကျွန်မရဲ့ ရုပ်ရည်ရူပကာ၊ ခန္ဓာကိုယ်အချိုးအစား၊ အကျင့်စရိုက်၊ အရည်အသွေးဟာ မူလရဲ့ဗီဇ
ကျွန်မရဲ့ ခံစားမှု၊ ရပ်တည်ချက်၊ အတွေးအခေါ်၊ အယူဝါဒတွေကတော့ အကျုံးမဝင်ရင်နေပါစေ
ကျွန်မရဲ့ ရှင်သန်မှုဟာ ကျွန်မ မပါတဲ့ သူတို့အသိုင်းအဝိုင်းအတွက်
ကျွန်မဟာ ပုဂ္ဂလိကမဟုတ်ဘူး အများဆိုင်နာမ် - အများအတွက်တစ်ယောက်
ကျွန်မရဲ့ ပေါင်းစပ်ပါဝင်မှုဟာ တစ်ခုမက - သုံးမျိုးစပ်တစ်ခါသုံးကော်ဖီမစ်လိုမျိုး
ကျွန်မဟာ လူသားမျိုးနွယ်ပြုခြင်းဖြစ်စဉ်ရဲ့ နောက်ဆုံးပေါ် အောင်မြင်မှုတစ်ရပ်
အခုလို ဗျူဟာတကျ စနစ်တကျ ကြိုတင်ကြံစည်ခြင်းရဲ့ အရေးပါမှုဟာ
ဗီဇစိတ်လှုံ့ဆော်မှုထက် မြန်နှုန်းမြင့် စွမ်းဆောင်ရည် သာလွန်မှာပါ
မခုန်လှုပ်တတ်တဲ့ နှလုံးနဲ့ မယိမ်းယိုင်တတ်တဲ့ အူခွေတွေနဲ့
အနာဂတ်ကမ္ဘာမှာ တွက်ခြေကိုက်မယ့် အများသူငါအကျိုးစီးပွားအတွက်
ရောဂါဘယတို့ရဲ့ ကုထုံးအတွက် အမြင့်မားဆုံး ကုန်ထုတ်လုပ်မှုအတွက်
လူ့သဘာဝရဲ့ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ
လက်ဝါးကြီးအုပ်မှုတွေ တကိုယ်ကောင်းဆန်မှုတွေ ပပျောက်ကင်းစင်သွားဖို့အတွက်
ကလုံးတို့ရဲ့လောကဟာ အပြီးအပိုင်အစားထိုး ကြီးစိုးသွားသည် အထိ
အတတ်နိုင်ဆုံး ယုံကြည်လိုက်စေချင်ပါသေးတယ်
ကလုံးကလည်း ကလုံးစစ်စစ် အစစ်ကလည်း အစစ်စစ်စစ်
အရာရာဟာ သူ့ရှုထောင့်ကသူကြည့်ရင် အမှန်တွေ အစစ်တွေချည်းပါပဲ
ပန်ဒိုရာကလုံး စည်းရုံးရေးဆင်းသွားတယ်
ပြုံးပြသွားတယ် လက်ကလေးဝှေ့ယမ်းသွားတယ်
သူ့လက်ချောင်းတွေထိပ်ဖျားကို လှမ်းထိခွင့်တောင် ရလိုက်ကြတယ်
မအဝှာရဲ့ သမီးကလေးကို ပါးလေးတောင် ဆွဲနမ်းသွားတယ်
ပန်းစည်းတွေ ပန်းကုံးတွေ ဗီနိုင်းစာတမ်းတွေ စက္ကူအပိုင်းအစတွေ
ကင်မရာမီးတွေ ခရာတွတ်သံတွေ ကားစက်နှိုးသံတွေ ဘီးလှိမ့်ရာတွေ
ပွက်လောရိုက်ကျန်ခဲ့တဲ့ ပြောစရာဆိုစရာတွေ
ဘာတွေဆက်ဖြစ်ဦးမလဲ မဆိုနိုင်ဘူး
မူလလက်ဟောင်းပန်ဒိုရာ ဆိုသူကတော့ အသာငြိမ်နေလေရဲ့
ဒီအဆင်နဲ့ ဒီအဆင် ဆိုတော့လည်း ခြေမြင်နေကြတာများလား


ပန်ဒိုရာ
၂၁.၂.၂၀၁၂


Expand..