Thursday, May 31, 2007

ကျွန်တော်မပိုင်တဲ့ အဲဒီအင်္ကျီ

(ကိုယ်ရေးချင်တဲ့ ပုံစံလေးတွေလည်း နည်းနည်း ရေးပါရစေနော်.. မေတ္တာတော့ မပို့ကြပါနဲ့..လို့.. ဟဲဟဲ.. )



ကျွန်တော်မပိုင်တဲ့ အဲဒီအင်္ကျီ

အင်္ကျီ တစ်ထည်တည်းပါပဲ
ကျွန်တော် သာယာနာပျော်စွာ ၀တ်ဆင်တယ်
ချုပ်ရိုးတွေပြတ်မတတ် လွမ်းလွမ်းဆွေးဆွေး ၀တ်ဆင်တယ်
ဂိုဂိုး ၀တ်ခဲ့တဲ့ ကုတ်အင်္ကျီဆန်ဆန်ပေါ့
အဲဒီ အင်္ကျီနဲ့ပဲ ဆောင်းတွင်းအခါ ၀ံပုလွေတွန်သံစူးရှရှ
နှင်းခါးခါးတွေ ရန်က ကာကွယ်တယ်..
ပေါင်မုန့်တွေ သိုးတော့လည်း
လူယဉ်ကျေးတွေရဲ့ အငမ်းမရ ညစာစားပွဲမှာ အဲဒါ ကန့်လန့်ကာပေါ့
လက်ယာဘက်မှာလား လက်ဝဲဘက်မှာလား မမှတ်မိတော့
ကျွန်တော့်အကျီင်္မှာ အိပ်ကပ်တစ်ခုတည်း
အဲဒီ အိပ်ကပ်ထဲ ကမ္ဘာကြီးတစ်ခုလုံးကို အချုပ်ချထားချင်သူလေ
လျှော်ဖွပ်လိုက် မီးပူတိုက်လိုက်နဲ့
ခေါက်ရိုးချိုးတဲ့အခါ ချိုးရတယ်
အရောင်တွေ အဆင်တွေ ခဏခဏပြောင်းတော့
ကိုယ်ပိုင်ဆိုတာ ကိုယ့်ကိုပိုင်တဲ့အရာဖြစ်သွားရော
အမယ်. ကျွန်တော်က ကော်လံတွေဘာတွေထောင်
ဟော့ရှော့ဆိုတာ တွေဘာတွေ ထထ လုပ်လိုက်သေး
ပြောရရင် အဲဒီအကျီင်္က စကားလုံးတွေနဲ့ပဲဖွဲ့စည်းတာဖြစ်နိုင်တယ်
စကားလုံးတွေက ခက်တော့
စကားခက်တွေ လုံးသွားတယ်
ကဲ.. မခက်ပေဘူးလား
တစ်ခုပဲရှိတယ်
ကျွန်တော့်အင်္ကျီက ကျွန်တော့်ကိုယဉ်ပါးလာ
သူကများ ပြန်ကောက်ချက်ချ
ကျွန်တော်က သိမ်သိမ်မွေ့မွေ့နဲ့ မရိုးသားသူဆိုပဲ။

ပန်ဒိုရာ

9 comments:

Tesla said...

စကားလုံးတွေက ခက်တော့ စကားခက်တွေက လုံးသွားတယ်.. ခက်ပါတယ် အဲ့ဒီကိစ္စက သေသေချာချာကို ခက်ပါတယ်... :D

ကလိုစေးထူး said...

တခါတလေမှာ သူများကြည့်ရတာ အဆင်ပြေဖို့ ကိုယ်မ၀တ်ချင်တဲ့ အကျီင်္ကို ၀တ်နေရတာလဲ ရှိသေး။

Anonymous said...

အရောင်တွေ အဆင်တွေ ခဏခဏပြောင်းတော့
ကိုယ်ပိုင်ဆိုတာ ကိုယ့်ကိုပိုင်တဲ့အရာဖြစ်သွားရော

--> ဒါလေးကို ကျမ စာပေအိုးထဲ ထည့်ခွင့်ပေးပါ . ကြိုက်တယ်ဗျို့ ။

အပေါ်က ကိုစေးထူးကြီး ပြောတာလည်း ကြိုက်တယ် ။ အားလုံး တော်ကြပ ။ အားလုံးယူသွားပြီ ။ အဟဲ.. စာလုံးတွေပြောတာ ။

မေငြိမ်း said...

လောလောဆယ်ဖတ်မိသမျှထဲ
အကြိုက်ဆုံးကဗျာပါပဲ..
အတွေးထောင့်လေးကောင်းလိုက်တာ..
မေငြိမ်း

pandora said...

အားလုံးကျေးဇူးပါ။ ရှေ့လျှောက်ပြီးတော့ ဒီပုံစံမျိုးတွေ ပိုထွက်လာစရာ အကြောင်းရှိပါတယ်။

(တေးမွန်) said...

ဟေ..ဟေး.. အဆုံးတော.. သူသိသွားတာပေါံနော..

မေဓာဝီ said...

အားပါးပါး … ပန်ဒိုရာတို့ လက်စွမ်း .. အံ့မခမ်းပါတကား။
ခုတလော ဘလော့ပေါ်က ကဗျာတွေဖတ်ရတာ … ကြက်သီးတောင် ထမိတယ်။
ကဒေါင်းကလည်း အစွမ်းတွေထက် ..
ပန်ပန်ကလည်း အထက်တွေစွမ်း …
ဆက်လက်၍ လက်စွမ်းပြနိုင်ကြစေသောဝ်။

Anonymous said...

pandora said...
အားလုံးကျေးဇူးပါ။ ရှေ့လျှောက်ပြီးတော့ ဒီပုံစံမျိုးတွေ ပိုထွက်လာစရာ အကြောင်းရှိပါတယ်။

June 1, 2007 9:28 PM


၂၀၀၇ က ရေးခဲ့တဲ့စာအတိုင်းပဲ
၂၀၀၉ မှာ တကယ်ကို လက်ရာတွေ တိုးတက်ပါတယ်။

ဒေါ်ပန် တကယ့်ကိုပဲ အနော်ကနမတ် မဟုတ်ပါဘူး။

pandora said...

အနော်နမတ် ဖြစ်ဖြစ် နမော်နမဲ့ဖြစ်ဖြစ် မိတ်ဟောင်းဆွေဟောင်းထဲက ဖြစ်မှာပေါ့။ ပဟေဠိ တွေ မလုပ်နဲ့လေ။ သတိတရ လာလာဖတ်တဲ့အတွက် တကယ်ကျေးဇူးတင်ပါတယ်။