Sunday, October 12, 2008

စည်းအပြင်ဘက်က စဉ်းစားခြင်း ဥပမာတစ်ခု

စာတွေရေးဖို့ လောလောဆယ် စိတ်အေးလက်အေး မရှိသေးတာမို့ စိတ်ဝင်စားစရာ ဗွီဒီယိုလေးတစ်ခု တင်ပေးလိုက်ပါတယ်။ ကြည့်ဖို့ တိုက်တွန်းပါတယ်။ ဥပဒေ ပညာရှင်တစ်ဦး ဖြစ်တဲ့ Prof. Larry Lessig ရဲ့ speech ဖြစ်ပါတယ်။

တီထွင်ဖန်တီးမှုတွေ ကြောင့်ပဲ လူတွေ အကျိုးရှိမယ့် နည်းပညာတွေ တိုးတက်လာတယ်။ ဖျော်ဖြေမှုတွေ စာပေ အနုပညာတွေ ဆန်းသစ်လာတယ်။ ဒါကြောင့် တီထွင်ဖန်တီးမှုတွေကို အားပေးကြရတယ်။ အားပေးဖို့အတွက် တီထွင်ဖန်တီးမှုတွေရဲ့ အခွင့်အရေးတွေကို အကာအကွယ် ပေးရတယ်။

ဟိုယခင်ကတော့ သာမန် နေ့စဉ်ဘ၀မှာ လူတွေက ဖန်တီးမှုတွေကို ထိုင်ကြည့်ကြတယ်။ အခုခေတ်မှာ ကိုယ်တိုင် ဖန်တီးကြည့်ကြတယ်။ အကျိုးအမြတ်ကြောင့် မဟုတ်ပဲ ဖန်တီးလိုစိတ်ကြောင့်ကို ဖန်တီးလာကြတယ်။ ပရော်ဖက်ရှင်နယ် မဟုတ်တဲ့အခါ ဖန်တီးပြီးသားတွေ အပေါ်မှာပဲ ဖြတ်ညှတ်ကပ်ပြီး အသစ်တစ်ခုအဖြစ် တန်ပြန်ဖန်တီး ကြတာ ရှိလာတယ်။ ပြီးတော့ မျှဝေကြတယ်။

ဒီအခါ ဖန်တီးမှုတွေကို ကာကွယ်ဖို့ ရည်ရွယ်ထားခဲ့တဲ့ တချို့ ဥပဒေ တွေဟာ လူတွေ နေ့စဉ်နေထိုင်နေတဲ့ ဘ၀မှာပဲ အလွယ်တကူ ချိုးဖောက်စေတဲ့ အရာတစ်ခု ဖြစ်လာတယ်။ ဥပဒေဆိုတာ လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်ကြောင့် ပေါ်ပေါက်လာခဲ့ရတယ် ဆိုရင် လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်တွေ စိတ်ဝင်စားမှုတွေ မတားမဆီးနိုင် ပြောင်းလဲလာတဲ့အခါ အစွန်းနှစ်ဘက်ကြားမှာ ဘယ်လို လိုက်လျောညီထွေ ပြုပြင်သင့်သလဲ။ အထူးသဖြင့် မျိုးဆက်သစ်တွေရဲ့ ဖန်တီးလိုစိတ်ကို မပိတ်ပင်စေဖို့ ဘာလုပ်နိုင်မလဲ ဆိုတာကို ရှုထောင့်တမျိုးက သုံးသပ်ထားတာ စိတ်ဝင်စားစရာ ကောင်းတဲ့ တွေးတောခြင်း ဥပမာ တစ်ခုပါ။



ဒါကိုကြည့်ပြီးတဲ့အခါ ကလေးတစ်ယောက် ဖန်တီးထားတဲ့ ဒီဗွီဒီယိုလေးကိုလည်း အားပေးကြည့်ကြပါဦး။

Expand..

Thursday, October 9, 2008

ကိတ်မုန့်တစ်လုံးကို ဘယ်လိုခွဲဝေမလဲ


“ဒီမှာ ကိတ်မုန့် တစ်လုံး ရှိတယ်။ စားမယ့်လူက အယောက်နှစ်ဆယ် ရှိတယ် ဆိုပါစို့။ ဘယ်လိုခွဲဝေနိုင်မလဲ။”

ဆရာက သူ့လက်ထဲက ကိတ်မုန့်ကို စားပွဲပေါ် ချထားလိုက်ပြီး ကျောင်းသားများ မျက်နှာကို တစ်ဦးချင်း လိုက်ကြည့်လေသည်။ ရှေ့ဆုံးတန်းတွင် ထိုင်နေသော ကျောင်းသား တစ်ယောက်က အရင်ဆုံး လက်ထောင်လိုက်သည်။


“အလယ်ကနေ နှစ်ခြမ်းအရင် ခြမ်းမယ်။ ပြီးတော့ တစ်ခြမ်းကို ဆယ်စိတ်အညီအမျှ ရအောင်စိတ်မယ်။”

ဆရာက သင်ပုန်းပေါ် ရေးမှတ်လိုက်သည်။

“ဆိုလိုချင်တာက တူညီတဲ့ အစိတ် နှစ်ဆယ် ရအောင် ပိုင်းမယ်ဆိုပါတော့။ ဟုတ်လား။”

“ဟုတ်ပါတယ် ဆရာ”

“ကျနော်ကတော့ ဒီလို မခွဲဘူး။”

ခပ်၀၀ ကျောင်းသားတစ်ယောက်က ပြောလေသည်။ သူ့မျက်နှာပေးက ခပ်ပြုံးပြုံး။ သူက ပျော်တတ်ပုံရသည်။

“ကိုယ်ခန္ဓာ အချိုးအစားအလိုက် ခွဲမယ်။ ၀တဲ့လူတွေကို အစိတ်ကြီးကြီးပေးမယ်။ ပိန်တဲ့လူတွေကို အစိတ်သေးသေးပေးမယ်။”

တတန်းလုံး ၀ါးခနဲ ရယ်မောလိုက်ကြသည်။ အတန်းက ပိုပြီး အသက်ဝင်လာသည်။

မိန်းကလေးတစ်ယောက်က ခပ်သွက်သွက် ၀င်ပြောလိုက်သည်။

“ဘယ်ဟုတ်မလဲဆရာ။ မိန်းကလေးတွေကို ဦးစားပေးတဲ့အနေနဲ့ အစိတ်ကြီးကြီးတွေ ပေးရမယ်။ ယောင်္ကျားလေး တွေက အစိတ်သေးသေးယူရမယ်။”

“ဟုတ်တယ် ဟုတ်တယ်။” မိန်းကလေးများ ဘက်မှ ထောက်ခံသံများ ထွက်လာသည်။

ဟစ်ပ်ဟော့ပ်စတိုင် ပေါက်နေသော ကျောင်းသား တစ်ယောက်က အားကျမခံ ပြောလိုက်ပြန်သည်။

“ဟာ.. ဒီလိုပြောကြေးဆိုရင် အသက်ပေါ် မူတည်ပြီး ခွဲသင့်တာပေါ့။ အသက်ကြီးတဲ့လူတွေက ကိတ်မုန့်ကို ပိုပြီး စောစောစားဖူးလို့ နည်းနည်းပဲ ယူသင့်တယ်။ ငယ်တဲ့သူတွေက များများယူရမယ်။ သာမန်အားဖြင့် ဆိုရင် ငယ်တဲ့လူတွေက ဘ၀မှာ အချိန်ကြာအောင် ဆက်အသက်ရှင် နေရဦးမယ် မဟုတ်လား။ သူတို့ကို ဦးစားပေးသင့်တယ်။”

ထိပ်ပြောင်ပြောင်နှင့် ကျောင်းသားတစ်ယောက်က ကပျာကယာ ကန့်ကွက်လိုက်ပါသည်။

“ဟေ့ဟေ့.. မောင်ရင်ပြောတာက ပြောင်းပြန်တွေ ဖြစ်နေပါပြီ။ အသက်ကြီးသူတွေကို အရိုအသေ ပေးတဲ့အနေနဲ့ ပိုပြီး များများပေးသင့်တာ မဟုတ်ဘူးလား။”

မျက်မှန်ထူထူ တပ်ထားသော ကျောင်းသားတစ်ယောက်က လက်ခါရမ်းလိုက်သည်။

“တခုမှ မဟုတ်သေးဘူး ထင်တယ် ဆရာ။ ဦးစားပေးတယ် ဆိုရင်လည်း ဘယ်သူ့ကိုပဲပေးပေးလေ တကယ်စားနိုင် မစားနိုင်က သိဖို့ လိုသေးတယ်။ မကြိုက်တဲ့ လူကလည်း ရှိဦးမယ်။ ဘယ်သူ စားချင်သလဲ။ ဘယ်လောက် စားနိုင်သလဲ။ မေးပြီးမှ လိုသလို ခွဲပေးတာ ကောင်းမယ် ထင်ပါတယ်။ နို့မို့ရင် အလဟသတွေ ဖြစ်ကုန်မှာ စိုးရတယ်လေ။”

ဆရာက ပြောသမျှ နည်းလမ်းတွေကို သင်ပုန်းပေါ်မှာ ချရေးလိုက်ပါသည်။

“ဟုတ်လာပြီ ဟုတ်လာပြီ။ ကဲ .. ဆက်စဉ်းစားပါဦး။”

အအေးဓာတ်ကဲသော အခန်းထောင့်တနေရာတွင် ထိုင်နေသည့် အနွေးထည်ထူထူ ၀တ်ထားသော ကျောင်းသား တစ်ယောက်က လက်ထောင်လိုက်သည်။

“ကျနော် စဉ်းစားမိတာ ပြောပါရစေ။”

သူကတော့ စကားပြောတာ တုံ့နှေးနှေး နိုင်လှသည်။ သူ့ထံမှ စကားသံ ထွက်လာရန် စက္ကန့်အနည်းငယ်ကြာ စောင့်လိုက်ရသည်။

“ကိတ်မုန့်မှာ သစ်သီးတချို့လည်း ပါနေတယ်။ လှီးလိုက်တဲ့အခါ အစိတ်တိုင်းမှာတော့ သစ်သီးတစ်ခု ပါမသွားနိုင်ဘူး။ နောက်တခုက ပဲ့တာရွဲ့တာ တွေလည်း ဖြစ်နေနိုင်တယ်။ စားချင်သူ စားနိုင်သူတိုင်းကို လိုသလို ခွဲပေးရရင် မျှတဖို့အတွက် ခက်တယ်ဆရာ။ ကျနော်ကတော့ လုပ်အားစိုက်ထုတ်တဲ့ အပေါ်မှာ မူတည်ပြီး ခွဲချင်ပါတယ်။”

“ဟုတ်ပြီ။ ဒီတော့…”

“ဒီကိတ်မုန့်ကို သယ်လာရတဲ့လူ၊ ခွဲဝေဖို့ ဓားနဲ့လှီးပေးတဲ့လူ၊ ပြီးတော့ စားဖို့ ပန်းကန်တွေ ဆေးကြောပေးရတဲ့လူ၊ စားသောက်ပြီးရင် သန့်ရှင်းရေးလုပ်ပေး အမှိုက်ပစ်ပေးတဲ့လူ .. စတဲ့ လူတွေဟာ ကိတ်မုန့် ခွဲဝေစားသုံးတဲ့ ကိစ္စမှာ ကမကထ လုပ်ပြီး သူတို့ရဲ့လုပ်အားကို စိုက်ထုတ်ပေးတဲ့အတွက် သူတို့ လိုချင်တဲ့အပိုင်းကို အရင် ရွေးခွင့်ပေးသင့်ပါတယ် ဆရာ။”

“ဟာ.. ဒါဆို သူတို့က အကြိုက်ဆုံး အကောင်းဆုံးတွေ ယူသွားပြီး တခြားလူတွေ အတွက် မကျန်ရင် ဘယ်လိုလုပ်မလဲ။”

တချိန်လုံး ငြိမ်နေခဲ့သည့် ဆံပင်ရှည်ရှည် ကျောင်းသားတစ်ယောက်က ထအော်လိုက်သည်။

ဆရာက ခေါင်းတဆတ်ဆတ် ညိတ်ရင်း ချရေးလိုက်ပြန်သည်။

“ကဲ ဟုတ်ပြီ။ ဒီလောက်ဆိုရင်တော့ စဉ်းစားကြတာ လုံလောက်သလောက် ရှိပါပြီ။ အားလုံး ပြောတာတွေ ခြုံကြည့်လိုက်ရင် ဒီလို မှတ်ချက်ချရမယ်။ ပထမဆုံး ပြောရမှာကတော့ ကိတ်မုန့်တစ်လုံး ခွဲဝေရတာ ထင်သလောက် မလွယ်ဘူးပဲ။”

ကျောင်းသားများ ၀ါးခနဲ ရယ်လိုက်ကြပြန်ပါသည်။ ဆရာက ဆက်ပြောသည်။

“အညီအမျှဖြစ်ခြင်း(equality) နဲ့ မျှတခြင်း(equity) ဆိုတာ မတူဘူး။ မတူညီတဲ့ အခြေခံတွေပေါ်ကို အညီအမျှ သွားလုပ်လိုက်လို့ မမျှမတ ဖြစ်သွားတာတွေ ရှိတတ်တယ်။ မျှတဖို့အတွက် ညီညီမျှမျှ မဟုတ်ပဲ ခွဲဝေရတာတွေ ရှိတတ်တယ်။ ဦးစားပေးသင့်တာတွေကို ထည့်တွက်ဖို့ လိုသလို လုပ်အားစိုက်ထုတ်မှု ကိုလည်း ထည့်တွက်ရမယ်။ အလေအလွင့် မရှိအောင်လည်း တွက်ချက်ရမယ်။ အဲဒီလို မျှတအောင် လုပ်ရမယ့် စဉ်းစားပုံတွေက ဒီအတိုင်း ညီညီမျှမျှ အပိုင်းတွေ ပိုင်းချလိုက်တဲ့နည်းထက် ပိုရှုပ်ထွေးတယ်။ ခွဲဝေပုံတွေ စဉ်းစားတဲ့အခါ ကိုယ့်အကျိုးစီးပွား တွေနဲ့လည်း ပြိုင်ဆိုင်နေတတ်တယ်။ အလွဲသုံးစား မလုပ်စေဖို့လည်း လိုတယ်။ ဒါကြောင့် အများသူငါရှေ့မှာ ရှင်းရှင်းလင်းလင်းဖြစ်ဖို့နဲ့ ထောက်ပြခွင့် ရှိဖို့တော့ လိုမယ်။ နောက်ထပ် ဘာတွေ ရှိဦးမလဲ ဆက်စဉ်းစားကြတာပေါ့။ ဒီနေ့တော့ ဒီလောက်ပဲ။ ဆရာဝယ်လာတဲ့ ကိတ်မုန့်ကိုလည်း လက်တွေ့ တကယ်စားလိုက်ကြပါဦး။”

ဆရာက ဓားတစ်ချောင်းကို ကိတ်မုန့်ဘေးသို့ ချပေးလိုက်ရင်း ရယ်သံစွက်ကာ ပြောလိုက်ပါသည်။

“ကဲ တရားအမျှတဆုံး ဖြစ်အောင် ခွဲပြီး စားကြပေတော့။ ဆရာ့ဖို့လည်း တစ်စိတ်ချန်ထားဦးနော့ ”

ကျောင်းသားများ ပျော်ရွှင်စွာ ရယ်မောရင်း ကျောင်းဆင်းလိုက်ကြပါသည်။


ပန်ဒိုရာ

(ကျောင်းသားဘ၀ စာသင်ခန်း အတွေ့အကြုံ တစ်ခုမှ ဆင့်ပွား ခံစားထားပါသည်။)



Expand..

Wednesday, October 1, 2008

အနုပညာ အတတ်ပညာ

ပြီးခဲ့တဲ့ ရက်ပိုင်းက သူငယ်ချင်းတယောက်နဲ့အတူ အနုပညာနဲ့ အတတ်ပညာ အကြောင်းကို ပြောဖြစ်ခဲ့ကြတယ်။ အနုပညာထဲမှာ အတတ်ပညာက ဘယ်လောက် အတိုင်းအတာအထိ ရောနှောနေသင့်သလဲ။ အတတ်ပညာသက်သက်က လူတွေရဲ့ စိတ်နှလုံးကို ဘယ်လောက်ဖမ်းစားနိုင်မလဲ။ အနုပညာ အတတ်ပညာဆိုတဲ့ စကားတွေရဲ့ အဓိပ္ပာယ်ကို ဘယ်လို ဖွင့်ဆိုရမလဲ။ ကိုယ်ဖတ်ခဲ့ဖူးတဲ့ စာတစ်ပုဒ်ကို သတိရသွားခဲ့ပါတယ်။ အဲသည်စာကတော့ အဖြေတခုခုကို လှစ်ပြခဲ့တယ် လို့ ထင်မိပါတယ်။ အခုလို ခံစားပြီး ပြန်ရေးချ လိုက်တယ်။




-----
ဇာခန်းဆီးပါး နောက်ကွယ်က အရိပ်စွန်းစတစ်ခုဟာ ဘုရင့်စာဆိုငယ်အတွက် လှုပ်ခတ်နေခဲ့ဖူးတယ်။။ နှင်းဆီရောင် သန်းနေတဲ့ နူးညံ့တဲ့ ခြေတစ်စုံဟာ ခြေလှမ်းတစ်ချက် ချလိုက်တိုင်း ခြေကျင်းဝတ်မှာ ဆင်မြန်းထားတဲ့ ရွှေခြူလေးတွေ ချလွင်ချလွင်နဲ့ တွန်းတိုက်လို့။ တဖန် ဒါဟာ စာဆိုငယ်ရဲ့ ရင်ခုန်သံ စည်းချက် အဖြစ် ကူးပြောင်းလို့။ အဲဒီအချိန်တွေမှာ နန်းရင်ပြင်ဟာ တောအုပ်စပ်စပ်က ပန်းရိုင်းတို့ရဲ့ ရနံ့နဲ့ သင်းပျံ့သွားခဲ့မှာပေါ့။ တချို့ဇာတ်လမ်းတွေဟာ ဒဏ္ဍာရီဆန်ဆန် ဆွတ်ပျံ့ ငြိမ်းချမ်းခဲ့ဖူးပါတယ်။ နှာခေါင်းချွန်ကောက်ကောက် ပိုင်ရှင် ကိုဧည့်သည်တစ်ယောက် နန်းရင်ပြင်ကို စကားလုံးတွေနဲ့ သိမ်းပိုက်ဖို့ ကြိုးစားခဲ့တဲ့ အဲဒီအချိန် မတိုင်မီ အထိပေါ့။

နန်းရင်ပြင်ဟာ သတ်ကွင်းတခုအဖြစ် ကူးပြောင်းလာလိမ့်မယ်လို့ ဘယ်သူက မျှော်လင့်ခဲ့ကြမှာလဲ။ အဲဒီနေ့မှာတော့ ဘုရင်အပါအ၀င် ပရိသတ်ဟာ အသစ်အဆန်းကို ငံ့လင့်နေကြတယ်။ ကိုဧည့်သည်ဟာလည်း အာသာငန်းငန်း ဆာလောင်နေတဲ့ နှလုံးသားကို ၀တ်ရုံ ခမ်းခမ်းနားနားတစ်ခုနဲ့ ဖုံးအုပ်ရင်း အသင့် စောင့်နေတယ်။ ပြိုင်ပွဲရဲ့ ဒုတိယနေ့ရောက်ခဲ့ပြီ။ တိတိကျကျပြောရရင် တကယ်တော့ ဒါဟာ လောင်းကြေးထပ်ထားတဲ့ စစ်ပွဲတပွဲပါပဲ။

သိမ်မွေ့တဲ့ စာဆိုငယ်ရဲ့ ပါးပြင်ဟာ မိန်းမပျိုတစ်ယောက်လို ရှက်သွေးဖြာ နေတယ်။ သူက ကဗျာတစ်ပုဒ်ကို ဖြည်းဖြည်းညင်သာ စရွတ်လိုက်ပါတယ်။ သူ့အသံဟာ နူးညံ့ တိုးလျလွန်းတဲ့အတွက် ပထမ တစ်ကြောင်း နှစ်ကြောင်းမှာ ကြားတောင်မကြားရပဲ တိမ်ဝင်သွားတယ်။ သူရွတ်လိုက်တဲ့ ကဗျာဟာ ဘာနဲ့တူသလဲ ဆိုတော့ တောအုပ်ထဲက လေကို ထိုးခွဲထွက်လာတဲ့ ပုလွေသံလေးလိုပဲ။ အဲသည် ဂီတသံဟာ ဘယ်ကနေ ထွက်ပေါ်လာသလဲ ဆိုတာကို မဝေခွဲနိုင်ဘူး။ တခါတခါ တောင်ဘက်က တိုက်ခတ်လာတဲ့ လေပြည်ရဲ့ နှလုံးသည်းပွတ်မှာ….။ တခါတခါ တောင်ကုန်းထိပ်က လွင့်မျောနေတဲ့ တိမ်တိုက်တွေထဲမှာ…။ အဲဒီ ဂီတသံက အာရုံဦး နေထွက်ချိန်ရဲ့ တွေ့ဆုံမိတ်ဆက်မှုတွေကို သယ်ဆောင်လာသလို ဆည်းဆာ နေ၀င်ချိန်ရဲ့ လွမ်းမောတမ်းတစရာတွေ ကို ဖော်ကျူးနေသလိုလည်း ဖြစ်နေတယ်။

အသံဟာ နေရာတကာကနေ ပျံ့လွင့်နေတယ်။ အရိပ်ကျနေတဲ့ လမ်းကြားလေးတွေက.. အထီးကျန်နေတဲ့ လမ်းမတွေက… ကောင်းကင်ရဲ့ အရည်ပျော်ဆင်းနေတဲ့ အပြာရောင်ထုထဲက… မြက်ခင်းတွေရဲ့ စိုလက်နေတဲ့ အစိမ်းရောင်တွေထဲက…။ ကြားလိုက်ရတဲ့ လူတွေဟာ ကဗျာရဲ့ အဓိပ္ပာယ်ကို တိတိကျကျ ဘာရယ်လို့ မပြောနိုင်ဘူး။ တနည်းပြောရရင် သူတို့ရဲ့ နှလုံးသားထဲက ထွက်ကျလာတဲ့ လိုအင်ဆန္ဒတွေကို ရေရွတ်ပြဖို့ စကားလုံးတွေကို ရှာမတွေ့နိုင်ဘူး.။ မျက်လုံးမှာ မျက်ရည်တွေ ပြည့်နှက်လာတယ်။ ပြီးတော့ သူတို့ရဲ့ ဘ၀ကို ပြီးပြည့်စုံတဲ့ နေရာကို ခေါ်ဆောင်သွားပါတော့လို့ သေမင်းကိုပဲ တမ်းတမိတော့သလိုမျိုး ခံစားနေကြရတော့တယ်။

စာဆိုငယ် ကိုယ်တိုင်ကရော..။ သူ့ရဲ့ ပရိသတ်ကို မေ့လျော့နေတယ်။ သူ့ရဲ့ ပြိုင်ပွဲကိုလည်း မေ့နေတယ်။ သူတစ်ယောက်တည်း တွေတွေ ရပ်နေရင်းက သူ့အတွေးတွေဟာ လှုပ်ခါနေလိုက်တာ နွေလေပြည်ရဲ့ တိုက်ခတ်မှုကို ခံရတဲ့ သစ်ရွက်တွေလိုပါပဲ။ သူက ထိုင်ခုံမှာ ပြန်ထိုင်လိုက်တယ်။ ပရိသတ်ကလည်း ရင်ထဲမှာ ဖော်မပြနိုင်အောင် ရောနှောထွေပြားနေတဲ့ ၀မ်းနည်းမှု ဆွတ်ပျံ့ကြည်နူးမှု တွေနဲ့အတူ လက်ခုတ်သြဘာ ပေးဖို့တောင် မေ့လျော့ ငြိမ်သက်နေကြတော့တယ်။

ငြိမ်သက်နေတဲ့ ပရိဿတ် ဘာမှ ပြန်မပြောနိုင်ခင်မှာ ကိုဧည့်သည်ဟာ ခမ်းနားလှပတဲ့ ဝေါဟာရတွေ နန်းရင်ပြင်ထဲကို ဖြန့်ကြဲချလိုက်တယ်။ ဒီမှာ… ချစ်သူဆိုတာ ဘာလဲ။ အချစ်ဆိုတာဘာပဲ။ ခမ်းနားကြီးကျယ်တဲ့ ချစ်ရာဇ၀င် ပုံပြင်တွေကို သင်တို့ကြားဖူးပါစ။ ချစ်ခြင်းရဲ့အနက်ကို ခွဲခြမ်းစိတ်ဖြာဖူးပါစ။ စကားလုံးတွေကပဲ အားလုံးရဲ့ စတင်ရာ ဖြစ်တော့တယ် ဆိုတာ သင်တို့ သိပါစ။ အို .. ပြောရရင်တော့ စကားလုံးတွေသာလျှင် ဘုရားသခင် ဖြစ်တယ်။

သူဟာ ကျမ်းဂန်တွေထဲက အကိုးအကားတွေကို ထည်ထည်ဝါ၀ါ သုံးချလိုက်တယ်။ ပြီးတော့ စကားလုံးတွေဟာ ကောင်းကင်ဘုံနဲ့ မြေကြီးတို့မှာ ရှိရှိသမျှ အရာတွေ အားလုံးရဲ့ အထက်မှာ ရှိကြောင်း ကြွေးကြော် ကြုံးဝါးလိုက်တယ်။ ဒီမှာ.. စကားလုံးတို့ထက် ကြီးကျယ် မြင့်မြတ်တဲ့အရာ ဘာများ ရှိသေးလို့လဲ.. ဟင်..။

သူ့ဟာ ရင်ဘတ်တွေကို ဖွင့်ထားတယ်။ ဦးခေါင်းကို မော့ထားတယ်။ သူ့အသံဟာ ခြင်္သေံ့တစ်ကောင်လို ဟိန်းဟောက်နေတယ်။ ဆင်တကောင်ရဲ့ တိုက်ပွဲဝင် ဟစ်ကြွေးသံမျိုး တုန်ခါနေတယ်။

ဝံ့ကြွားစွာနဲ့ ပတ်ပတ်လည်ကို သူကြည့်လိုက်တယ်။ သူ့ရဲ့ စိန်ခေါ်မှုကို ဘယ်သူမှ အံတု မတုန့်ပြန် နိုင်ပါဘူးလေ။ သားကောင်ကို တ၀ကိုက်ဖဲ့ ၀ါးမျိုပြီးသွားတဲ့ ခြင်္သေ့တစ်ကောင်လိုပဲ သူ့ရဲ့ ခုံပေါ်မှာ မြိန့်မြိန့်ကြီး ပြန်ထိုင်ချလိုက်တယ်။ အဲသည် အချိန်အထိကို သူ့အသံဟာ နန်းရင်ပြင်ရဲ့ နံရံတွေမှာ တိုင်လုံးကြီးတွေမှာ တုန်ရီ ပဲ့တင်ထပ်နေတုန်းပဲ။ ခမ်းနားပေစွ။ ကြီးမြတ်ပေစွ။ ပရိသတ်ဟာ တုန်လှုပ်ကျန်ခဲ့တော့တယ်။ ပညာရှင်များကတောင် အံ့ချီးမဆုံး ဖြစ်ကြရတယ။် လက်ခုတ်သြဘာသံတွေ ညံသွားတယ်။ ဘုရင်ကလည်း အံ့သြခြင်းတွေနဲ့ ပါးစပ်အဟောင်းသား။

အို.. သည်လိုဆိုတော့လည်း စာဆိုငယ်ရဲ့ ကဗျာမျိုးဟာ အများသူငါတောင် စပ်မယ်ဆိုရင် ဖွဲ့သီနိုင်သေးတာပဲ။ ထူးခြားတဲ့ စကားလုံးဆိုတာလည်း ဝေး။ ဘာမှ အဆင်တန်ဆာမပါ။ နားလည်လွယ်တယ်။ ရိုးလွန်းလှတယ်လေ။ စာဆိုငယ် ကဗျာရွတ်စဉ်က လူတွေရဲ့ ရင်ထဲမှာ စွဲငြိသွားတဲ့ တစုံတရာကို ခမ်းနားတဲ့ စကားလုံးတွေက ရေလှိုင်းတွေလို အလုံးအရင်းနဲ့ ၀ါးမျို ဖုံးအုပ်သွားလိုက်ကြတယ်။

သည်ခံစားမှုဟာ ဘုရင်ကိုလည်း ချွင်းချက် ဘယ်ချန်ခဲ့ပါ့မလဲ။ ဘုရင်ဟာ သူ့လက်စွဲ စာဆိုငယ်ကို အားမလိုအားမရနဲ့ မျက်နှာရိပ် မျက်နှာကဲ ပြလိုက်တယ်။ တခုခု ထပ်ပြီး စပ်ဆိုပါဦးပေါ့။ စာဆိုဟာ မျက်လွှာချလို့ မတုန်မလှုပ် နေပါတယ်။ ဘုရင်ရဲ့ အားမရမှုဟာ ဒေါသအဖြစ် ကူးပြောင်းသွားတယ်။ သူဟာ စိတ်လိုက်မာန်ပါနဲ့ ပလ္လင်ပေါ်ကဆင်းပြီး လည်မှာ ဆင်မြန်းထားတဲ့ အဖိုးထိုက်ပုလဲကုံးကို ချွတ်ပြီး ဧည့်သည်စာဆိုရှင်ရဲ့ လည်ပင်းမှာချိတ်ဆွဲလိုက်တယ်။ မောင်မင်း အနိုင်ရပါပေတယ်။

နန်းရင်ပြင် တခုလုံး သောင်းသောင်းဖျဖျ ဆူညံသွားတော့တယ်။ ဦးရစ်ခေါင်းပေါင်းတို့ ဝှေ့ယမ်းသံ၊ လက်ခေါက်မှုတ်သံ၊ လက်ခုတ်သြဘာတီးသံ။ သောသောရုတ်ရုတ် တိုးဝှေ့ကြ။ လက်ဆွဲလှုပ်ယမ်းကြ။ ကြီးကျယ်ခမ်းနားမှုဟာ ယစ်မူးစရာ ကောင်းလှ။ အဲသည်အချိန်မှာ ကျောခိုင်းထွက်ခွာသွားတဲ့ စာဆိုငယ်ကို ဘယ်သူကမှ အာရုံထားကြတော့ဟန် မတူပါဘူးလေ။

အဲသည်ညဟာ လမိုက်ည ဖြစ်လို့နေပြန်တယ်။ ကောင်းကင်အလင်းဟာ အမှောင်ထုကို ထိုးခွဲပြီး စာဆို့အခန်းထဲက ပြတင်းပေါက်ကလေးကို ဖြတ်သန်း ရောက်မလာနိုင်တဲ့ ညမျိုးပေါ့။ စာဆိုဟာ ၀တ်ရုံကို ချွတ်လိုက်တယ်။ သူအနှစ်နှစ်အလလက ရေးခဲ့တဲ့ ကဗျာတွေအားလုံးကို ဆွဲထုတ်ပြီး ကြမ်းပေါ်ပုံချလိုက်တယ်။ တချို့တလေဆိုရင် ဟိုးအစောပိုင်းကာလ ကရေးခဲ့တာမို့ သူ့အတွက် မေ့တောင် မေ့နေပြီလေ။ စာမျက်နှာတွေကို ဟိုဟိုဒီဒီ လှန်လှော ကြည့်လိုက်တယ်။ အခုတော့လည်း သည်ကဗျာတွေဟာ အသေးအမွှားဆန်လွန်းပေစွ။ ရိုးစင်းလွန်းလှပေစွ။ ကာရန်တွေကလည်း ကလေးဆန်လွန်းလှတယ် ။

စာအုပ်တွေကို တစ်အုပ်ပြီး တစ်အုပ် တစစီ ဆွဲဆုတ်လိုက်တယ်။ ပြီးတော့ ဘေးက မီးဖိုထဲကို ပစ်ချလိုက်တယ်။ လောင်ကျွမ်းကြ.. လောင်ကျွမ်းကြစေတော့….။ ပြီးတော့ သူဟာ ပျားရည်နဲ့ ရောနှောထားတဲ့ အဆိပ်တစ်ခွက်ကို သောက်ချလိုက်ပြီး အိပ်ရာပေါ်မှာ လဲလျောင်းနေပါတော့တယ်။

မွှေးပျံ့တဲ့ ရနံ့တခု အခန်းထဲမှာ ထုံသင်းလာတယ်။ တစုံတယောက်ရဲ့ ခြေသံဖွဖွကို ကြားလိုက်ရတယ်။ ဘယ်သူများလဲ။ ရံရွေတော် တစ်ဦးပေလား။ မျက်လုံးကို ကြိုးစားဖွင့်ကြည့်လိုက်တယ်။ သူဟာ အဆိပ်နဲ့ ထုံထိုင်းလို့ အာရုံတွေလည်း မှုန်ဝါးနေပြီ။ အမျိုးသမီး သဏ္ဍာန်တစ်ခုကို မှုန်ပျပျ မြင်လိုက်ရတယ်။ သူရဲ့ နှလုံးအိမ်မှာ အမြဲ တန်ဖိုးထား သိမ်းဆည်းထားခဲ့တဲ့ အရာတခုဟာ သူ့ရဲ့ နောက်ဆုံး အချိန်ပိုင်းကလေးမှာ သူ့မျက်နှာကို ငေးစိုက်ကြည့်နေလေတယ်။

… ကျွန်မ.. ဘုရင့်သမီးတော်ပါ… စာဆို …

စာဆိုဟာ အားတင်းပြီး ထထိုင်လိုက်ပါတယ်။ မင်းသမီးက သူ့နားနားကို ကပ်ပြီး တိုးတိုးလေး ပြောလိုက်တယ်။

… ဘုရင်က မတရား ဆုံးဖြတ်ခဲ့တယ်။ အခု ရှင့်ကို အောင်သရဖူ ဆင်မြန်းပေးဖို့ လာခဲ့တာပါ။ သည်ပွဲမှာ ရှင် အနိုင်ရပါတယ် …

မင်းသမီးက သူ့လည်မှာ ဆွဲထားတဲ့ ပန်းကုံးကို ဖြုတ်ပြီး စာဆိုငယ်ရဲ့ ဦးခေါင်းမှာ ဆင်မြန်းပေးလိုက်တယ်။ အဲသည်အချိန်မှာပဲ စာဆိုငယ်ဟာ အိပ်ရာပေါ်ကို အရုပ်ကြိုးပြတ် လဲကျသွားတော့တယ်။




(ရာဘင်ဒြာနတ်တဂိုး Rabindranath Tagore (1861-1941) ရဲ့ THE VICTORY ကို ပြန်လည်ခံစားရသလို အကျဉ်းချုံးပြီး ချရေးလိုက်ပါတယ်။ အပြည့် ဘာသာပြန်ခြင်း မဟုတ်ပါ။ အစီအစဉ် မတိကျ၊ အပိုတွေရော အလိုတွေပါ ပါပါတယ်။အကြီးအကျယ် အမှားအယွင်း သို့မဟုတ် မူရင်းစာကို ပျက်စီးစေခြင်း ဖြစ်ခဲ့ရင် တောင်းပန်ပါတယ်။ အင်္ဂလိပ်ဘာသာဖြင့် အပြည့်အစုံကို ဖတ်ရန် ဒီကို သွားပါ။)




Expand..

Sunday, September 28, 2008

အဆိပ်ကောင်





အရေခွံလဲခါစ
နုရွနေတတ်သလို
ရေပြောင်းမြေပြောင်း
အကြောင်းပေါင်းသင့်အောင်
အရောင်စုံဆင်တတ်တာနဲ့
ပျော့လှပြီထင်နေသလား
အားအားရှိပါးပျဉ်းလေးတယမ်းယမ်း
ရွှီးဖြန်းနှာမှုတ် နေတတ်တဲ့အထဲကမဟုတ်ဘူး။

မျက်စောင်းထိုးရင်
အခိုးချောင်းချောင်းထွက်မယ်
တချက်စိုက်ကြည့်လိုက်ရင်
ညှို့စက်မှာ မိသွားမယ်
ယင်တကောင်တောင် မလွတ်စတမ်း
လှမ်းပေါက်လိုက်လို့ရတယ်
ခေါင်းထောင်မကြည့်တိုင်း အိပ်ပျော်နေတာမဟုတ်။

ဒီတော့..
ကိုယ့်လမ်းကိုယ်ရှင်း
ကိုယ့်တွင်းကိုယ်အောင်း
ကိုယ့်အကြောင်းကိုယ်ကြည့်
မသိရင်ငြိမ်ငြိမ်ခွေနေ
ခြေမြင်သလိုလိုနဲ့
ငုပ်နေတဲ့ ဗီဇကို
လာလာမဆွနဲ့
နောက်တခါဆို
ဒေါသသင့်ကဗျာတပုဒ်နဲ့
အမြီးဖျားလေး လှုပ်ပြရုံ မကတော့ဘူး။



ပန်ဒိုရာ



(ကဗျာကို ဖတ်ပြီး တောင်တောင်အီအီတော့ မတွေးကြနဲ့ဦးနော်။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ဘာရယ်မဟုတ် ချရေးဖြစ်တဲ့ ကဗျာလေးပါ။ ဘယ်သူနဲ့မှ ရန်ဖြစ်လို့ ဟုတ်ဘူး။ လောလောဆယ် တင်စရာတွေက ရေးလို့မပြီးသေးလို့ တင်ပေးလိုက်တာပါ။)


Expand..

Friday, September 26, 2008

ပထမဆုံးရေးတဲ့ ပထမဆုံးတွေ


ပထမဆုံးတွေကို ရေးဖို့ ကိုအောင်သာငယ်က ချိတ်ဆက်ထားခဲ့လို့ ရေးလိုက်ပါတယ်။ ပထမဆုံးတွေ အကြောင်းကို သူငယ်ချင်းတယောက်နဲ့ ခုတလော ပြောဖြစ်ခဲ့သေးတယ်။ ပထမဆုံးတွေဟာ အရေးအကြီးဆုံးတော့ ဖြစ်ချင်မှဖြစ်မယ်။ တချို့နေရာတွေမှာ ပထမဆုံးဖြစ်နေဖို့လည်း မလိုအပ်ဘူး။ ပထမဆုံးဟာ မမေ့နိုင်ဆုံးတောင်မှ ဖြစ်ချင်မှဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် ပထမဆုံးတွေက အဓိပ္ပာယ်တခုခုကိုတော့ ပေးခဲ့ပါတယ်လေ။

ကဏ္ဍနှစ်ခု ခွဲထားပါတယ်။ အပြင်ကမ္ဘာနဲ့ အွန်လိုင်းကမ္ဘာ။


အပြင်ကမ္ဘာမှာတော့

ပထမဦးဆုံး ရတဲ့ လက်ဆောင်
ဆရာကြီးတင်မိုးရဲ့အမေ့ကျောင်း ဆိုတဲ့ ကဗျာစာအုပ်လေး။ ဖေဖေက ကိုယ့်ကို ကဗျာတွေ ချစ်စေချင်လို့ ကြီးလာရင် ဖတ်ဖို့ ဆိုပြီး ကလေးကင်ပွန်းတပ်တဲ့ အချိန်မှာပေးခဲ့တာ လို့ ပြန်ပြောပြပါတယ်။

ပထမဦးဆုံးဖတ်ဖူးသော စာအုပ်စာပေ
စာမဖတ်တတ်ခင်ကတော့ ဆရာကြီးတင်မိုးရဲ့ အဲဒီကဗျာစာအုပ်လေးနဲ့ တခြား တချို့ ကဗျာတွေကို ဖေဖေမေမေတို့က နှုတ်တိုက် သင်ပေးထားလို့ အတော်များများရနေတယ် လို့ ပြောတယ်။ ကိုယ့်ဘာသာ ဖတ်တတ်လာတော့ ရွှေသွေး တေဇ တွေက စတာပေါ့။ ၀တ္ထုစာအုပ်ကိုတော့ ၂ တန်းနှစ်က စပြီး စဖတ်ဖြစ်ပါတယ်။ ပထမဆုံး အစအဆုံး ဖတ်ဖြစ်တဲ့ စာအုပ်က သိုင်းဝတ္ထုဖြစ်နေတယ်။ သိုင်းစာအုပ်တွေကလည်း အတွဲလိုက်တွေများတော့ စစချင်းမှာ လုံးချင်းကို ရှာဖတ်ဖြစ်တယ်။ ဆရာမိုးကျော်သူရေးတဲ့ သွေးစုပ်ပလူ ဆိုတဲ့ ၀တ္ထုပါ။ နာမည်မကြီးတဲ့ စာအုပ်လေးပါ။

ပထမဆုံး ပျော်ပျော်ရွှင်ရွှင် ဖတ်မိသည့် ကျောင်းစာ
ကရင် သူငယ်တန်း ဖတ်စာအုပ်ထဲက က-ကလေးငယ် ချစ်စဖွယ်လို ကဗျာမျိုးကို ကရင်ဗားရှင်းနဲ့။ ကိုယ်ကတော့ ကျောင်းမတက်ရသေးပါ။ ကိုယ့်ထက် ကျောင်း တစ်နှစ်စောတဲ့ အစ်ကိုဖတ်တာကို လိုက်နားထောင်ပြီး ဆိုနေခဲ့တာ။

ပထမဆုံး နားထောင်ခဲ့သော သီချင်း
ချောကလျာ... ဆိုတဲ့သီချင်း ကို ဖေဖေက ဆိုပြီး အမြဲသိပ်လေ့ရှိတယ်။ နားထဲ အမြဲစွဲနေရော။ ကလေးတုန်းက အိပ်ခါနီးဆိုရင် ဖေဖေ ချောတာချိုပြ လို့ မပီကလာ တောင်းဆိုလေ့ရှိတယ်တဲ့။

ပထမဆုံး ဆိုခဲ့သော သီချင်း
သည်းကြီးမည်းကြီး စွဲပြီးချစ်သတဲ့ရှင် … ဆိုတဲ့ သီချင်းကို ၃ နှစ်ကျော်လောက်က အစအဆုံး ဆိုပြတတ်တယ်လို့ မေမေက ပြန်ပြောပြလေ့ရှိတယ်။ ကလေးကို သင်ပေးထားတာ ဖြစ်မှာပေါ့။

ပထမဦးဆုံး သူငယ်ချင်း (မိန်းကလေး)
မိုးမိုး တဲ့။ သူက ၁ နှစ်ကြီးတယ်။

ပထမဦးဆုံး သူငယ်ချင်း (ယောင်္ကျားလေး)
မမှတ်မိဘူး။

ပထမဦးဆုံး စင်မြင့်ပေါ်တက်ခြင်း
အသက် ၅ နှစ်မှာ မြို့လေးတခုကို ပြောင်းတယ်။ အဲဒီမြို့က မူကြိုကျောင်းဖွင့်ပွဲမှာ ကိုယ်က မူကြိုကျောင်း မတတ်ဖူးပေမယ့် ကဗျာတွေရတယ် ဆိုပြီးတော့ ကဗျာရွတ်ပြီး အမူအယာနဲ့ သရုပ်ဖော် ဖျော်ဖြေပေးရတယ်။ဝဲကာပျံကာ ရွှေလိပ်ပြာ ဆိုတာနဲ့ စတဲ့ ကဗျာလေး။ ခေါင်းစဉ် မမှတ်မိတော့ဘူး။

ပထမဦးဆုံးတက်ခဲ့တဲ့ကျောင်း
မြစ်ဝကျွန်းပေါ်ဒေသ မြို့လေးတမြို့ရဲ့ အထက ကျောင်းလေးတကျောင်းမှာပါ။

ပထမဦးဆုံးဆရာမနာမည်
သူငယ်တန်းက ဆရာမပေါ့။ ဒေါ်ကျင်သောင်း တဲ့။ မူကြိုတော့ မတတ်ဖူးဘူး။ အမေ့ကျောင်းမှာပဲ သင်ခဲ့ရတာလေ။

ပထမဦးဆုံးရဖူးသောဆု
ပထမဆု။ သူငယ်တန်းမှာ။

ပထမဆုံးရေးသော ကဗျာ
၎-၃-၂ လေးလုံးစပ်ကလေး တွေကို ၅ တန်းလောက်ကစပြီး အော်တိုစာအုပ်တွေထဲ စရေးတယ်။ ပထမဆုံးကတော့ ဘာလဲ မမှတ်မိတော့။ “နွေမိုးနှင့်ဆောင်း ရာသီပြောင်းလည်း ငယ်ပေါင်းမင်းကိုမမေ့ပါ” ဆိုတာမျိုးတွေပေါ့။ ပို့စကဒ် တွေထဲက ဖတ်ဖူးသမျှရော၊ ကိုယ့်ဘာသာရေးတာရော၊ ပေါင်းပြီး ဖြတ်ညှပ်ကပ်တွေရော ရှုပ်နေတာပဲ။ သူငယ်ချင်းတွေကလည်း သိပ်သဘောကျတာပေါ့။ တခြား ထရာဒေရှင်နယ် ပုံစံတွေကိုတော့ ကဗျာရေးနည်းတွေ ကိုယ့်ဘာသာ လေ့လာတဲ့အခါ လေ့ကျင့်တဲ့အနေနဲ့ ၇တန်း ၈ တန်းလောက်က စရေးဖြစ်ပါတယ်။ ကာရန်တွေ မနည်းစဉ်းစားပြီး ပထမဆုံး အချိုးပုံစံလေး ရလာတဲ့ ကဗျာလေးကို ကောင်းကောင်း မကောင်းကောင်း ၀မ်းသာအားရ သိမ်းထားခဲ့တယ်။ ခေါင်းစဉ်တောင် မရှိဘူး။

ကြိုးစားရင်းကြံ
ရေဆန်မှာလှော်ရမြဲ။
စိတ်ဇွဲခိုင်ခိုင်မာလို့
တို့တတွေတုယူရမယ်
နောင်ရိုးတိုက်ပွဲ။

ပထမဆုံးရေးသော ၀တ္ထု
ဒီပို့စ်မှာ ငယ်ငယ်က ကျောင်းမှာ ၀တ္ထုစာအုပ် သေးသေးလေးတွေရေးပြီး သူငယ်ချင်းတွေကို ငှားတမ်း ကစားတဲ့အကြောင်း ရေးဖူးပါတယ်။ အဲဒီစာလေးတွေကတော့ မရှိတော့ဘူး။ ဒီ့ထက်နည်းနည်းကြီးလာတော့မှ သေသေချာချာ စာရွက်နဲ့ ချရေးဖြစ်တဲ့ ၀တ္ထုတိုလေး တစ်ပုဒ် ပြန်တွေ့တယ်။ နောက်တော့ ဘလော့ဂ်မှာ တင်ပေးဖြစ်မယ်ထင်ပါတယ်။

ပထမဆုံး ကျောင်းမှာ အရိုက်ခံရခြင်း
တခါမှ ဆရာရိုက်တာ မခံရဘူးလို့ ဂုဏ်ယူနေတုန်း ၅ တန်းနှစ်မှာ အတန်းပိုင်ဆရာက ကျောင်းတက်တက်ချင်းနေ့မှာ တတန်းလုံးကို သူ့လက်ရာ မြည်းဖူးအောင် ဆိုပြီး တင်ပါးကို တုတ်အပြားကြီးနဲ့ တစ်ချက်စီ ရိုက်တယ်။ ဘာမှမလုပ်ပဲ သက်သက် အရိုက်ခံရလို့ စိတ်ဆိုးလိုက်တာလေ။

ပထမဦးဆုံး ရင်ခုန်မိသူ
ဝတ္ထုထဲက ဇာတ်လိုက်ပဲ။ ဆရာ နေလင်းအောင်ရဲ့ သိုင်းလောကရဲ့ မကိုဋ်ဥသျှောင် ဇာတ်လမ်းတွဲ ထဲက မာကျင်းဟူ ဆိုတဲ့ ခပ်တုံးတုံးဇာတ်လိုက်ကလေး။ (ငယ်ငယ်က သိုင်းကျမ်းတွေ တော်တော်ကျေတယ်။ အခုတော့ သိုင်းလောကကို ကျောခိုင်းခဲ့တာ ကြာခဲ့ပြီ။)

ပထမဦးဆုံး ကျောင်းပြေးခဲ့သော အချိန်ကာလ
တက္ကသိုလ်ရောက်မှပါ။ ဒါတောင် အတန်းကြီးမှ။ ပြေးမယ့်ပြေးတော့လည်း ဆရာက ဟိုဘက်တချက်လှည့်တုန်း နောက်ပေါက်ကနေ ငုံ့ပြီး လှစ်ခနဲ လက်တလုံးခြား ပြေးတာ။

ပထမဦးဆုံးသောက်ဖူးသော အရက်
၇ တန်းနှစ် စာမေးပွဲဖြေပြီး ကျောင်းပိတ်ချိန် ခြေထောက် ဒဏ်ရာရလို့ လမ်းမလျှောက်နိုင် ဖြစ်သွားတယ်။ ကိုက်ခဲနာကျင်တာပျောက်ပြီး အိပ်ပျော်သွားအောင် ဖေဖေက နည်းနည်းတိုက်ပါတယ်။ ရမ် လို့ထင်တာပဲ။ သံပုရာတွေဘာတွေနဲ့ ရောပြီးတော့ ပြန်ဖျော်ပေးထားတာ အ၀င်မဆိုးပါ။ ရီဝေေ၀ဖြစ်သွားတဲ့ အရသာကိုတော့ အဲဒီကတည်းက ကြိုက်သွားတယ်။

ပထမဦးဆုံးသောက်ဖူးသော ဆေးလိပ်
အဘွားအိမ်မှာ ဦးလေးက ဒူးယား စီးကရက်လေး နည်းနည်း သောက်ပြီး ချထားတာကို မီးပြန်ညှိပြီး ကောက်ဖွာကြည့်လိုက်တာ။ သူပြန်လာတော့ စီးကရက်က တိုနေတာကို တွေ့တော့ စစ်ဆေးပြီး ဆူပါလေရော။ အဲဒီအချိန်မှာ မိုးတွေ အပြင်မှာရွာနေတော့ လိမ်ပြောရင် မိုးကြိုးပစ်မယ် ဆိုပြီး ခြောက်တယ်။ ဘယ်အရွယ်လည်း သေသေချာချာ မမှတ်မိ။ အော်ငိုသေးတဲ့ အရွယ်ပေါ့။

ပထမဦးဆုံးကိုင်ဖူးသော လက်နက်
၃ နှစ်သမီးလောက်က စပြီး လောက်လေးခွလေး ကိုင်ဖူးတယ်။ ကျွဲချိုနဲ့ လုပ်ထားတာ သေးသေးလေး။

ပထမဦးဆုံးထိုင်ဖူးသော လက်ဖက်ရည်ဆိုင်
ဆိုင်နာမည် မမှတ်မိတော့။ နယ်မြို့လေး တခုရဲ့ ကမ်းနားမှာပါ။ မိသားစုနဲ့ အတူထိုင်တာပါ။

ပထမဦးဆုံးဝင်ငွေရှာဖူးသော အလုပ်
အိမ်က စာအုပ်အငှားဆိုင်မှာ ထိုင်တယ်။ ဆိုင်ကတော့ ကိုယ် ၅ နှစ် ၆ နှစ်သမီး အရွယ်ကတည်းက စဖွင့်တယ်။ စာရင်းမှတ်တတ် ရေးတတ်တဲ့ အချိန်က စပြီး ကျောင်းအားချိန်တွေမှာ မောင်နှမတွေအားလုံး မေမေ့ကို ကူလုပ်ပေးတာပါပဲ။ ကိုယ်ပိုင်အလုပ် ဆိုရင်တော့ ဆယ်တန်းအောင်ပြီးခါစက ကလေးတွေကို ကျူရှင်သင်တာ ကိုယ့်ဝင်ငွေစစ်စစ်ပေါ့။

ပထမဆုံး ရည်းစားစာ
ရည်းစားစာဆိုတာ နင့်ကိုချစ်တယ်။ ငါ့ကိုပြန်ချစ်ပါ။ အဖြေပေးပါ။ ဆိုတဲ့ အဓိပ္ပာယ်မျိုး ရေးထားတာကို ပြောတာဆိုရင်တော့ အခုအချိန်အထိ ကိုယ့်အတွက်ရေးတဲ့ ရည်းစားစာ တစ်စောင်မှ မဖတ်ဖူးဘူးလို့ပဲ ၀မ်းပမ်းတနည်း ပြောရတော့မယ်။

ပထမဦးဆုံးရောက်ရှိသော နိုင်ငံခြားတိုင်းပြည်
စင်္ကာပူပါပဲ။

ပထမဦးဆုံးစိတ်ဝင်စားမိသော နိုင်ငံရေးဝါဒ
ကွန်မြူနစ်ဝါဒ။

ပထမဆုံးစီးရသော ဘတ်စ်ကား
ရန်ကုန်မှာပေါ့။ ၄၅ ကား။ မြို့ထဲကနေ လှည်းတန်းကို သွားတာ။

ပထမဆုံးအကြိမ်ထီပေါက်ခြင်း
မပေါက်ဖူးဘူး။ ကံကောင်းပြီး အလွယ်တကူ ဘာမှ မရတတ်ဘူး။

ပထမဆုံးရောက်ဖူးသော ပင်လယ်ကမ်းခြေ
နာမည်မကျော်ကြားတဲ့ မြစ်ဝကျွန်းပေါ် ရွာလေးတရွာက ကမ်းခြေပါ။ ၀ါဆိုလှိုင်းခုန် ထွက်ခဲ့ကြတာ။ တော်တော်ငယ်ပါတယ်။ ၂ တန်းနှစ်လောက် ထင်တာပဲ။ ရွာတန်းထဲနေ အကြာကြီး လမ်းလျှောက်သွားပြီးမှ ပင်လယ်ကို လှမ်းမြင်လိုက်ရတာ ပျော်လိုက်တာလေ။


အွန်လိုင်းကမ္ဘာနှင့် ပတ်သက်သမျှ

ပထမဦးဆုံး ရီဂျစ်စတာလုပ်သော ဖိုရမ်
မောင်း လို့ခေါ်တဲ့ မှုန်ရွှေရည်။ ၂၀၀၄ အစောပိုင်းကပေါ့။ ဒါပေမယ့် ၀င်မရေးဖြစ်ဘူး။ ပုဂံခေတ်ကတော့ မမီလိုက်ဘူး။ သိတဲ့အချိန်မှာ ပျက်သွားပြီ။ နောက် ၂၀၀၄ မှာပဲ ပလန်းနက်ကို ၀င်တယ်။ ဒါလည်း ဖတ်ပဲဖတ်ပါတယ်။ ၀င် မရေးဖြစ်။ ၀င်ရေးဖြစ်တဲ့ ဖိုရမ်ကတော့ ရတနာမှာ အတော်များများ၊ နေးတစ်မှာ နည်းနည်းပါးပါး။ ရတနာက ပျက်သွားပြီ။ အခုတော့ ဖိုရမ်တွေ ၀င်မဖတ်ဖြစ်တာ ကြာပြီ။

အွန်လိုင်းတွင် မြန်မာစာဖြင့် ပထမဦးဆုံး စ ချက် ခြင်း
၂၀၀၅ နှစ်ကုန်ပိုင်းလောက်။ ချက်သူငယ်ချင်းက ကဒေါင်းညင်သာ (အဲဒီတုန်းက ဒင်းနာမည်က တမျိုး)၊ ဂျီတော့ခ် မသုံးသေး။ Yahoo messenger မှာ A type writer ဖောင့်နဲ့ ချက်တယ်။

ပထမဦးဆုံး ဘလော့ဂါသူငယ်ချင်း
ဒါလည်း ငဒေါင်း လို့ပဲပြောရမှာပဲ။ ဘလော့ဂ်တွေ ပေါ်လာတော့ သူက ကိုယ့်ထက် ဘလော့ဂ်ရေးတာ နည်းနည်းစောထားတော့ ကိုယ်ရေးတဲ့အချိန်မှာ သူက ဘလော့ဂါဖြစ်နေပြီကိုး။

ပထမဦးဆုံးသွားရောက်လည်ပတ်ဖူးသော ဘလော့ဂ်
မောင်လှနဲ့ ညီလင်းဆက် တယောက်ယောက်ပဲ။ ဘယ်သူ့အရင်လည်း မမှတ်မိတော့။ ဖိုရမ်တွေကတဆင့် ခြေရာခံခဲ့တယ်။

ဘလော့ဂ်ထဲမှာ ပထမဦးဆုံးတင်တဲ့ ပို့စ်
ကျေးဇူးတင်စကား ပါ။

ဘလော့ဂ်ထဲမှာ ပထမဦးဆုံးတင်တဲ့ ကဗျာ
သင်္ကြန်တေး တဲ့။

ဘလော့ဂ်ထဲမှာ ပထမဦးဆုံး တင်တဲ့ ၀တ္တု
မျှော်လင့်ချက်မပါတဲ့ အိပ်မက် ဆိုတဲ့ ၀တ္ထုလိုလို အက်ဆေးလိုလိုဟာလေးပါ။

ပထမဦးဆုံး ကွန်မန့်
မောင်ဒေါင်းပဲ အရင်ဆုံး လာအားပေးခဲ့တာပါ။


ဒီလောက်ဆို ကျေနပ်မှာပေါ့နော်။ ပုံရိပ် ရေးနိုင်ရင်တော့ ရေးစေချင်ပါတယ်။

ပန်ဒိုရာ



Expand..

Sunday, September 21, 2008

ကမ်းခြေတွင်ရှာဖွေခြင်း



မှောင်ရီသန်းစပြုပြီ။ သဲဖြူဖြူတွေနှင့် သောင်ကမ်းက ခပ်ပြေပြေ။ အုန်းပင်တွေကတော့ သိပ်မများပါ။ သဘာဝထက် တကူးတက စိုက်ထားသည်ဟု ထင်ရသည်။ မည်သို့ပင်ဖြစ်စေကာမူ ရေပြင် သဲသောင်နှင့် လွတ်လပ်နေသော ကောင်းကင်ကျယ်ကို တွေ့ရလျှင် ကိုယ်က၀မ်းသာလှပြီ။

ကမ်းခြေတွေမှာ စိတ်ကိုလွှတ်ကာ ငေးရတာကို ၀ါသနာပါသည်။ ရေပြင်အကျယ်ကြီးကို ကြည့်ရလျှင် ဘယ်နှစ်ခါကြည့်ကြည့် မ၀နိုင်။ သည်လို နှစ်သက်တတ်တာကို ကိုယ့်ကိုယ်ကို သဘောပေါက် လာခဲ့တာလည်း တကယ်တော့ သိပ်မကြာလှသေး။ ကိုယ်ဘာကြိုက်သလဲ ဆိုတာ မိမိဘာသာ သိမြင်လာဖို့ တခါတလေတော့ အချိန် တော်တော်ကြာကြာ ယူတတ်သည်လေ။



သည်လို ရေပြင် မျိုးစုံကို မရေမတွက်နိုင်အောင် မြင်ဖူးခဲ့ပြီ။ ရွှံ့လတာပြင် ရေစပ်စပ်နှင့် ချောင်းကျဉ်းကျဉ်းများ၊ တာဘောင်မို့မို့ ၀န်းရံကာ တည်ငြိမ်နေသည့် ရေကန်များ၊ လှမ်းမြင်နေရသည့် ကမ်းနှစ်ဘက်ကြားမှာ စီးဆင်းနေသော မြစ်ကြောင်းရှည်ရှည်များ၊ အဆုံးကို မမြင်ရသော ကျယ်ပြောသည့် ပင်လယ်များ။ ဒါတွေကြားမှာ ယဉ်ပါးကြီးပြင်းခဲ့ရသည်။ ဒါတွေနှင့် ပတ်သက်သည့် ချရေးမိသောစာများနှင့် ဖမ်းယူခဲ့သော ပုံရိပ်များလည်း များလှပြီ။

ပင်လယ်ကမ်းခြေလှလှသည် တချို့လူများအတွက် ဇိမ်ခံစရာဖြစ်သည်။ တချို့အတွက် မရှိမဖြစ် ၀မ်းစာရှာရာ ဖြစ်သည်။ ကျေနပ်စရာဖြစ်သည်။ ချစ်စရာဖြစ်သည်။ ကြောက်စရာလည်းဖြစ်သည်။ ရေပြင် မြေပြင်နှင့် လေထုတို့၏ ပေါင်းဆုံမှုသည် အံ့သြဖွယ် အလှတရားကို ဖန်တီးနိုင်သလို ပြင်းထန်သော အင်အားကိုလည်း ဖွဲ့စည်းဖြစ်ပေါ်စေတတ်သည်။ ကောင်းကင် တိမ် ရေပြင် သဲသောင်တို့၏ ဆည်းဆာအလှတွင် နစ်မျောနေသူ ကိုယ်တိုင်ပင် မကြာခင်ကာလတခုက ထိုအရာများ စုပေါင်းကာ ကြမ်းတမ်းသွားသော ဆိုးကျိုးများဝယ် နာကျင် ပူလောင်ခဲ့ရသေးသည် မဟုတ်ပါလား။ အခုတော့လည်း သူတို့ အလှတရားကပင် ပူလောင်မှုကို တဒင်္ဂဖြစ်စေ အေးချမ်းသွားစေခဲ့ပြန်ပြီ။



သို့သော် အရင်းစစ်လိုက်လျှင် သဘာဝကို ပြုပြင်မွမ်းမံသူ သို့မဟုတ် ဖျက်ဆီးသူ ကိုယ်တိုင်ကိုက လူတို့ပင် ဖြစ်နေပြန်သည်။ ရေမြေတောတောင် သဘာဝကို မုန်းတီး အပြစ်တင်ရမည့်အစား လူတို့ကိုယ်တိုင်ကိုသာ အပြစ်ပုံရတော့မည်လား။ သို့ပေမယ့် လူဆိုသည်ကလည်း လူ့သဘာဝနှင့်ပင်။ လောဘ၊ ဒေါသ၊ တကိုယ်ကောင်းဆန်မှု၊ ရက်စက်မှု၊ မိုက်မဲမှု စသည်တို့ကို အသိဥာဏ်၊ ချစ်ချင်းမေတ္တာ၊ စာနာမှု၊ စွန့်လွှတ်တတ်မှု တို့နှင့် ပူးတွဲ ပိုင်ဆိုင်ခဲ့ကြသည်။ ပြီးတော့ အချိုးမညီ အသီးသီး ကွဲပြားခဲ့ကြသည်။ သက်မဲ့လောက ရေမြေတောတောင် သဘာဝကို အပြစ်မယူလျှင် လူ့သဘာဝကြောင့် အမှားများကိုရော မည်သည့် အတိုင်းအတာအထိ ခွင့်လွှတ်နိုင်ကြမှာလဲ။ လူလုပ်အမှားများက အမှားလုပ်ခဲ့သူများအပေါ် တိုက်ရိုက် ထိခိုက်လာသောအခါ ခွင့်လွှတ်ခြင်းနှင့် ပတ်သက်သည့် အဘိဓမ္မာတရပ်ကို သဘာဝကပင် ပြန်လည် သင်ပြပေးနိုင်လိမ့်မည်ဟု ထင်ပါသည်။

ရေပြင်ကို စိုက်ကြည့်လိုက်လျှင် ရေလှိုင်းတွေ တလိမ့်လိမ့်ကြားမှာ ကောင်းကင်၏ အရိပ်ကို မြင်ရသည်။ ကောင်းကင်ထဲမှာရော လှိုင်းတွေ ရောင်ပြန်လှုပ်ခတ် နေလေမလား။ ငေးမောနေခိုက်မှာပင် နေလုံးကြီးက တရွေ့ရွေ့ဝင်စပြုပြီ။ အေးမြနေဆဲ ပင်လယ်လေကလေး တသုတ်ကတော့ ကိုယ့်ပါးပြင်ပေါ် တွန်းတိုက် ဖြတ်ကျော်ပြီး ဆက်လက် ထွက်ခွာသွားလေသည်။ လေပြည်ကလေးသည် ကိုယ့်ဆီမှာ တခုခုကို ချန်ထားခဲ့သလား။ ကိုယ့်ထံက တခုခုကို ယူကာ တနေရာရာသို့ သယ်ဆောင်သွားလေသလား။ ကိုယ်သေသေချာချာ ဆက်တွေးမကြည့်ခဲ့တော့ပါ။





ပန်ဒိုရာ

Expand..

Sunday, September 14, 2008

မစ်ကီမောက်စ်



Paint ထဲမှာ ဆွဲသည်။ Touchpad မှာ လက်ညိုးလေး ထောက်ကာ ဆွဲသည်။

Expand..

Friday, September 12, 2008

ဗိုလ်လုပ်ချင်တဲ့ကောင်




ဗိုလ်လုပ်ချင်တဲ့ကောင်

သွေးထွက်သံယို
ကြောက်တတ်တဲ့လူကိုမှ
လက်နက်ဆင် တံဆိပ်ကပ်
သတ်ကွင်းထဲပစ်ချလိုက်တယ်
အချစ်ကပြဌာန်းတယ်
ခေတ်ကပြဌာန်းတယ်
ဘ၀ကပြဌာန်းတယ်
ကိုယ့်ဆုံးဖြတ်ချက်ကပြဌာန်းတယ်
ကြီးကြီးကျယ်ကျယ်တော့လည်း မဟုတ်ပါဘူး
တခါတခါ
လေပြင်းထန် မိုးစိုရွှဲလို့
အဖြူနဲ့ အမည်း
ခွဲကြတဲ့ပွဲတွေမှာ
တုန်ချိချိနှလုံးကို မဲ့ပြုံးနဲ့ဖုံးရင်း
ဲဗြုန်းဆိုရောက်လာတဲ့သေနတ်နဲ့
ဆတ်ခနဲ ပစ်ချုပြလိုက်ရတဲ့အခါ
လွယ်သလား ခက်သလား
လွယ်သလား ခက်သလား
အဲဒီ ဇာတ်ကားထဲက ဗိုလ်အောင်ဒင်ကို
စာနာသနားစိတ်ဝင်သွားခဲ့တယ်။

ပန်ဒိုရာ




Expand..

Sunday, September 7, 2008

ကိုယ်မပြောချင်တဲ့ ကိုယ့်အကြောင်း

မမကြီး မခင်မင်းဇော်က tag ထားတာပါ။ ကျောင်းတုန်းကတော့ ဒါမျိုးတွေ ရေးဖို့ အတတ်နိုင်ဆုံး ရှောင်တယ်။ ကိုယ့်အကြောင်း ရေးမယ့်အစား သူတို့အတွက် အမှတ်တရ စကားဖြစ်ဖြစ် ကဗျာလေးတွေဖြစ်ဖြစ် ရေးပေးတတ်တယ်။ သို့သော် အခုတော့ ချစ်ခြင်းအားဖြင့် ရေးလိုက်ပါတယ်။


နာမည် - ဒီမှာတော့ ပန်ဒိုရာပေါ့။
သူငယ်ချင်းတွေက ဒီလိုခေါ်တယ် - မပန်၊ ပန်၊ ပန်ပန်၊ ပန်ဒို၊ ဒိုရာ၊ ပန်ဒိုရာ၊ ပန်ဒိုယာ၊ မမပန်၊ ချစ်မမပန်၊ မကြီးပန်၊ ဒေါ်ဂျီးပန်၊ ဒေါ်လေး၊ ဒေါ်ပန်လေး၊ မယ်ပန်၊ စသည်ဖြင့်…။
ကိုယ်ဒီမှာ နေတယ် - အိမ် ဆိုတဲ့ အရပ်မှာ မဟုတ်ဘူး။
ကိုယ့်ဆီဖုန်းဆက်ချင်ရင် - ဆက်ရင် မမူးနဲ့၊ မူးရင်လည်း မရစ်နဲ့။

ကိုယ့်ရဲ့ အကြိုက်ဆုံးတွေက

အရောင်ဆိုရင် - အစိမ်းကိုနှစ်သက်။ အဖြူကို ချစ်တယ်။ အနက် ၀တ်ဖြစ်တယ်။ ခုနောက်ပိုင်း အပြာတွေကို သဘောကျတတ်လာတယ်။ သို့သော် ပစ္စည်းမှာ မူတည်ပြီး သင့်တော်တဲ့ အရောင်ကို ရွေးတယ်။
အ၀တ်အစားဆိုရင် - ကာလံ ဒေသံမှာ မူတည်တယ်။ ပေါ့ပါးတဲ့ အချိန်လည်းရှိ စမတ်ကျတဲ့ အချိန်လည်းရှိ ပဲများတဲ့ အချိန်လည်းရှိ။

အစားအစာဆိုရင် - ရောက်ရာအရပ်မှာ ရှိတာကို ၀င်အောင်စားပါတယ်။ အသီးအရွက် နဲ့ ပင်လယ်စာ ပိုကြိုက်တယ်။ မြန်မာလို ချက်ပြုတ်တာကို ပိုကြိုက်ပါတယ်။
ပစ္စည်းဆိုရင် - လောလောဆယ်တော့ အီလက်ထရွန်းနစ် ပစ္စည်းတွေ အသစ်ပေါ်သမျှ လိုချင်နေတယ်။ မိန်းကလေးတိုင်း ကြိုက်တတ်တဲ့ ဖိနပ်တို့ လက်ကိုင်အိပ်တို့ ရေမွှေးတို့လည်း အမြဲ ကြည့်မိတာပါပဲ။ လောဘ လောဘ..။
သီချင်းဆိုရင် - အမျိုးအစား မခွဲပဲ ကြိုက်ပါတယ်။ (တကယ်က အမျိုးအစားတွေလည်း သိပ်မသိလှပါဘူး။) ခံစားချက်နဲ့ တိုက်ဆိုင်လာရင်တော့ ပိုကြိုက်တာပေါ့။ လောလောဆယ်တော့ Madonna ရဲ့ သီချင်းအေးအေး တပုဒ်ကို မကြာခဏ နားထောင်နေမိတယ်။
စာရေးဆရာ - ပြည်တွင်းရော ပြည်ပရော အများကြီးပဲလေ။
စာအုပ် - ဒါလည်း အများကြီးပဲ။ ရသစာထဲမှာ ဆိုရင်တော့ လောလောဆယ် စိတ်ထဲရောက်နေတာက တဂိုးရဲ့စာတွေရယ် စိတ္တရလေခါရယ်။
Life style - အေးဆေးနေချင်တာပေါ့။

ကိုယ့်ရဲ့ ၀ါသနာ - စာရေးခြင်း၊ စာဖတ်ခြင်း၊ ဓာတ်ပုံရိုက်ခြင်း။ တောင်ခြစ်မြောက်ခြစ် ပုံဆွဲခြင်း။ အခုနောက်ဆုံး ၀ါသနာကတော့ ပင်လယ်ကမ်းခြေတွေမှာ ငေးမောခြင်း။
အလိုချင်ဆုံး လက်ဆောင် - ဘာမှမလိုချင်ဘူး။
ကိုယ့်ရဲ့ အချစ်ဆုံးသူက - ကိုယ့်ကိုယ်ကိုပဲ ဖြစ်နေသေးတယ်။
ကိုယ့်ရဲ့ အလေးစားဆုံးသူက - ရှာဖွေနေတုန်းပဲ။
ကိုယ့်ရဲ့ အခင်ဆုံး သူငယ်ချင်းက - တစ်ယောက်ပြီး တစ်ယောက်။ (ဒီကမ္ဘာကြီးထဲမှာ ခင်စရာ ကောင်းသူတွေက ထပ်ထပ် တွေ့လာတာကိုး။)
ကိုယ့်ကို အများဆုံး နားလည်မှုပေးနိုင်သူက - ပန်ဒိုရီကတော့ အတိုင်းအတာ တစ်ခုအထိ နားလည်ကောင်း နားလည်ပါလိမ့်မယ်။
ကိုယ့်ရဲ့ အမုန်းဆုံးသူက - မမုန်းမိအောင် နေနေတယ်။
ရင်အခုန်ဆုံး အချိန် - တာဝေးဝေးပြေးပြီးရင်။ ဟောဟဲ…။
အကြောက်ဆုံး အချိန် - သူတို့ ကိုယ့်ကို စိတ်ဆိုးမှာကို။
အပျော်ဆုံး အချိန် - သူတို့ကို ပျော်အောင် လုပ်ပေးနိုင်ချိန်။
အမှတ်တရနေ့ - တို့ကမေ့တတ်တယ်။
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် တောင်းမဲ့ဆု - ကမ္ဘာမြေ ငြိမ်းချမ်းပါစေ။

အချစ် ဆိုတာ - စေတနာ။ ရင်ထဲမှာပဲ ထားတဲ့အရာ။
အမုန်း ဆိုတာ - မကောင်းဘူး။
အလွမ်း ဆိုတာ - မြူတွေလိုပဲ။ လှတော့လှတယ်။
သံယောဇဉ် ဆိုတာ - ဖြစ်လွယ်ပျက်လွယ်။
ဘ၀ ဆိုတာ - ပေးထားချက်များကြားမှာ မသေခင် ရှင်သလောက် နေထိုင်ခြင်း။
သူငယ်ချင်း ဆိုတာ - တူတာတွေလည်းရှိ မတူတာတွေလည်းရှိ။
ချစ်သူ ဆိုတာ - ကိုယ်ကချစ်တဲ့သူ။
ကိုယ့်ကိုယ်ကို ဒီလို ထင်တယ် - ဘာမှမထူးဆန်းဘူး။
ကိုယ့်ရဲ့ လက်စွဲဆောင်ပုဒ်က - ဘာမှ လက်မစွဲချင်ပါဘူး။ လေးတယ်။
အပြောချင်ဆုံး စကားတခွန်း - စိတ်ကောင်းကောင်းထားပါ။



ပန်ဒိုရာ ဘာကောင်လဲ ဆိုတဲ့ ပို့စ်မှာလည်း ရှာဖွေကြည့်နိုင်ပါတယ်။



Expand..

Friday, September 5, 2008

တိမ်ကိုငုံ့မိုး

ခေါင်းစဉ်ကိုဖတ်လိုက်လို့ ဆရာနှင်းခါးမိုးရဲ့ “တိမ်ကိုငေးမော” ကဗျာကို နောက်ထားတာလို့တော့ မထင်ပါနဲ့နော်။ လေယာဉ်ပေါ်ကနေ ငုံ့မိုးပြီး ရိုက်ထားတဲ့ ပုံတွေမို့ပါ။ အနားသတ်ကမ်းစပ် မရှိတဲ့ ကောင်းကင်မှာ တိမ်ကလေး တအုပ်နှစ်အုပ် တလှုပ်လှုပ် ဖြတ်ပြေးစဉ်ကပေါ့…


နောက်ထပ်ပုံတွေ အောက်မှာ ရှိပါသေးတယ်။

















Expand..