Wednesday, October 9, 2013

အိုင်အိုဝါ ရက်စွဲများ အပိုင်း (၅)



အိုင်အိုဝါ ရက်စွဲများ အပိုင်း (၅)

၁၃။ အိုင်အိုဝါရဲ့ ကျေးလက်မြင်ကွင်း


အိုင်အိုဝါမြို့ကို စရောက်ကတည်းက အနီးအနား သွားလိုက်တိုင်းမှာ ကျွန်မ အထူးမျက်စိကျမိတာကတော့ ပြောင်းခင်းတွေပါ။ ကျွန်မရဲ့ ကွန်ပျူတာထဲ ပါလာတဲ့ နောက်ခံဓာတ်ပုံတွေထဲက ကောက်ရိုးထုံးအကြီးကြီးတွေ ပုံကို သဘောကျနေတာ ကြာပြီမို့ အဲဒီလို ကောက်ရိုးထုံးတွေရယ် ပြောင်းခင်းတွေရယ် သူတို့ရဲ့ လူမှုဘဝတွေရယ်ကို ဓာတ်ပုံရိုက်ချင်ခဲ့ပါတယ်။ 

IWP ရဲ့အစီအစဉ်နဲ့ Eram Acreage ဆိုတဲ့နေရာ ကို အလည်သွားခဲ့ပါတယ်။ ကျွန်မ အိုင်အိုဝါမြို့ကို ရောက်ရောက်ချင်း ကြိုဆိုနှုတ်ဆက်တဲ့ညမှာ ပေါလ် လို့ခေါ်တဲ့ မြို့ခံ ဦးလေးကြီးတစ်ယောက်က လာနှုတ်ဆက်ပါတယ်။ ကျွန်မကို မြန်မာနိုင်ငံကမှန်းသိလို့ တကူးတက လာနှုတ်ဆက်တာပါ။ ပြီးတော့ သူက ပြောခဲ့ပါတယ်။ သူက IWP စာရေးဆရာတွေကို နှစ်တိုင်း သူ့အိမ်ကို အလည်ခေါ်ပါတယ် တဲ့ ဒီတော့ ကျွန်မလည်း သူ့အိမ်ကို အလည်ရောက်ချင်ရောက်ဦးမှာပါ တဲ့။ သူပြောခဲ့တဲ့ အတိုင်းပါပဲ Eram Acreage ကို အလည်သွားတဲ့ ခရီးဟာ ပေါလ်ရဲ့ အိမ်က ဖိတ်ကြားတာ ဖြစ်ပါတယ်။ 

အိုင်အိုဝါမြို့ရဲ့ အနီးအနားမှာရှိတဲ့ ကျေးလက်အိမ်ကလေးမှာ ပေါလ်နဲ့ သူ့ဇနီးတို့  နေထိုင်ကြပါတယ်။ ကျွန်မတို့ရောက်လာတဲ့အခါ အိမ်ကလေးနဲ့ အိမ်နားက ကြက်ခြံ ဂိုထောင် စတာတွေကို တည်ဆောက်ထားပုံကို ရှင်းပြပါတယ်။ ပေါလ်ရဲ့ အိမ်ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ကိုက်ညီအောင် သဘာဝစွမ်းအင်ကို အတတ်နိုင်ဆုံး အသုံးချထားတဲ့ ဒီဇိုင်းနဲ့ တည်ဆောက်ထားပါတယ်။  
ပေါလ်နဲ့အတူ သူ့ရဲ့အိမ်ရှေ့မှာ
ပေါလ်ရဲ့ အိမ်မှာ ခွေး နှစ်ကောင် မွေးထားပါတယ်။ ခြံကိုစောင့်တဲ့ ခွေးကြီးက အိမ်ထဲမှာ အလှမွေးထားတဲ့ ခွေးပုလေးကို ကြောက်ရတာကိုလည်း ပြုံးချင်စရာ တွေ့ခဲ့ရပါသေးတယ်။ သူတို့အိမ်ခြံဝင်းဟာ တခြားအိမ်တွေနဲ့ အတော်ကလေးလှမ်းပါတယ်။ ဒါကြောင့် တခါတလေတော့ ညဘက်တွေမှာ တောရိုင်းတိရိစ္ဆာန်အချို့က ကြက်တွေကို လာဆွဲတဲ့အခါ သေနတ်နဲ့ ခြောက်လှန့် ပစ်ခတ်ရပါသတဲ့။ မြွှေရော ရှိလား လို့ ကျွန်မကမေးလိုက်တော့ အိုင်အိုဝါမှာ မြွေမရှိဘူး လို့ ပေါလ်က ပြန်ပြောပါတယ်။ 

သူတို့ဇနီးမောင်နှံ ထိန်းသိမ်းစောင့်ရှောက်နေတဲ့ ပရေရီမြက်ခင်းတွေနဲ့ အနီးအနားက စိုက်ခင်းတွေရှိရာကို ကျွန်မတို့ကို လိုက်ပို့ပါတယ်။ ပရေရီမြက်ခင်းတွေကို ထိန်းသိမ်းဖို့ဟာ ဂေဟစနစ်အတွက် ဘယ်လိုအရေးကြီးကြောင်း ရှင်းပြပါတယ်။ ပရေရီမြက်ခင်းတွေအကြောင်းကို ငယ်ငယ်တုန်းကတော့ ၇တန်း ပထဝီမှာ သင်ခဲ့ရသေးတယ်လို့ ကျွန်မ ခပ်ရေးရေး ပြန်မှတ်မိပါတယ်။ အဲဒီမြက်တွေဟာ လူတစ်ရပ်လောက်အထိ ရှည်ပါတယ်။ အဲဒီမြက်ခင်းတွေကို ထိန်းသိမ်းခြင်းဖြင့် မြေဆီမြေနှစ်နဲ့ ရာသီဥတုကိုလည်း ထိန်းညှိပေးတယ်လို့ ပေါလ်က ရှင်းပြပါတယ်။   
မြက်ခင်းတွေကြားမှာ ဓာတ်ပုံရိုက်နေကြတဲ့ ရုရှက အလီဆာ နဲ့ ဖိလစ်ပိုင်က ဂျင်းန်

ပေါလ်တို့ ဇနီးမောင်နှံ တည်ခင်းတဲ့ နေ့လည်စာ

အဲဒီခရီးအပြီး စက်တင်ဘာလကုန်လောက်မှာ  အလည်ရောက်ခဲ့တဲ့ ကျေးလက်တစ်နေရာကတော့ အိုင်အိုဝါမြို့နဲ့ ဒမွိုင်းမြို့ကြားက ပြောင်းခင်းတွေ ရှိတဲ့ ရွာတစ်ရွာပါ။ ဂူလာလာရဲ့ မိတ်ဆွေတစ်ယောက်က အလည်ခေါ်လို့ ဂူလာလာနဲ့ ကျွန်မ လိုက်သွားဖြစ်ပါတယ်။

အဲဒီအိမ်ကလေးမှာတော့ အိမ်ရှင် ကန် နဲ့ သူ့ဇနီး၊ ကလေး ၃ ယောက်တို့ နေထိုင်ကြပါတယ်။ ကန် တို့မိသားစုကတော့ ပြောင်းမစိုက်ပါဘူး။ ကန်က ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်ပါတယ်။ သူတို့ အိမ်မှာ တနိုင်တပိုင် စိုက်ထားတဲ့ အသီးအနှံခင်းလေးတွေ ရှိပါတယ်။ ကလေးတွေအတွက်တော့ ပြေးလွှားဆော့ကစားစရာ နေရာ ကျယ်ကျယ်ဝန်းဝန်းနဲ့မို့ စိတ်ချမ်းသာစရာပါ။ ထင်းရှုးပင်မျိုးစုံ ဝန်းရံထားတဲ့ အိမ်လှလှလေးရယ် အိမ်နားပတ်ဝင်းကျင်က ပြောင်းခင်းတွေနဲ့ သိုလှောင်ရုံတွေကို ဓာတ်ပုံရိုက်လာခဲ့ပါတယ်။ သူတို့ကိုယ်တိုင်ချက်ပြုတ်ပြီး ဧည့်ခံတဲ့ လတ်ဆတ်တဲ့ ပြောင်းဖူးပြုတ်၊ အာလူးဖုတ်၊ ကြက်ကင်၊ ရွှေဖယုံသီးအစာသွပ်မုန့် တွေကို အားပါးတရ စားလာခဲ့ပါတယ်။ 
ပြောင်းခင်းတွေ

ကန် ရဲ့ အိမ်ကလေး
ကျေးလက်နဲ့ ပတ်သက်လို့ နောက်ထပ် အမှတ်တရတစ်ခုကတော့ Kalona Fall Festival ဖြစ်ပါတယ်။ ကလိုနာ ဒေသမှာ ကျင်းပတဲ့ ဆောင်းဦးရာသီ ပွဲတော်မှာ လယ်ယာသုံးပစ္စည်းတွေ၊ အသုံးအဆောင်ဟောင်းတွေ၊ ဒေသထွက်ကုန်ပစ္စည်းတွေ၊ အိမ်မှာလုပ်တဲ့ အစားအသောက်တွေ ရောင်းချနေတဲ့ ဆိုင်ခန်းတွေနဲ့ စည်ကားလှပါတယ်။ တီးမှုတ်ဖျော်ဖြေသူတွေ ရှိသလို ဗဟုသုတရစရာ ပြတိုက်တွေလည်း ရှိပါတယ်။ ဥဇဘက်ကစ္စတန်က အလီနာကတော့ အဲဒီပွဲတော်မှာ ကလေးတွေနဲ့အတူ က လာခဲ့ပါသေးတယ်။ သူတို့နိုင်ငံက ရိုးရာပွဲတော်တွေနဲ့ ဆင်တူတယ် လို့ပြောပြီး အဲဒီနေ့က အလွန်ပျော်ရွှင်နေခဲ့ပါတယ်။ 
ကလိုနာပွဲတော်မှာ ရောင်းချနေတဲ့ ဒေသထွက်ကုန်တွေ

ကျွန်မ မသွားနိုင်ခဲ့တဲ့ ရိုးရာပွဲတစ်ခုကတော့ အိုင်အိုဝါမြို့မှာ မြို့ခံတွေက ဖိတ်ခေါ်ခဲ့တဲ့ Barn Dance ပွဲပါ။ ကျီ (သိုလှောင်ရုံ) ကို ပတ်ပြီး ကကြတဲ့ အမေရိကန် ကျေးလက် စုပေါင်းအက တစ်မျိုးပါ။ အဲဒီနေ့က ကျွန်မက spirit lake ကို face to face workshop အတွက် ခရီးသွားနေခဲ့ပါတယ်။ အဲဒီနေ့က Barn Dance မှာ IWP စာရေးဆရာ အတော်များများဟာ ကျေးလက်အကကို မြို့ခံ အဘိုးကြီး အဘွားကြီးတွေနဲ့ ရင်းရင်းနှီးနှီး အတူတူကခဲ့ကြတယ်လို့ ပြန်ပြောကြပါတယ်။


၁၄။ Global Express စင်တင်ကဇာတ်

အိုင်အိုဝါကို မသွားခင် ရန်ကုန်မှာကတည်းက အစီအစဉ်တွေကို ကျွန်မတို့ကို ပေးပို့တဲ့အခါ Global Express ဆိုတဲ့ စင်တင်ကဇာတ်ပွဲမှာ စာရေးဆရာတွေရဲ့ ကဗျာ၊ ဝတ္ထု၊ ပြဇာတ် စတဲ့ လက်ရာတွေကို သရုပ်ဖော်ကပြဖို့ ပါဝင်ချင်တယ်ဆိုရင် စာမူတွေ ပေးထားဖို့ တောင်းဆိုခဲ့ပါတယ်။ ကျွန်မက ကျွန်မရဲ့ ကဗျာအချို့ကို ပေးပို့ထားခဲ့ပါတယ်။ 

အိုင်အိုဝါမြို့ကို ရောက်တဲ့အခါ IWP က စင်တင်ကဇာတ်မှာ ပါဝင်ဖို့ ရွေးချယ်ခံရတဲ့ စာမူတွေရဲ့ စာရင်းကို ထုတ်ပြန်ပါတယ်။ ကျွန်မရဲ့ “လူပြိန်းများ မြို့ကိုသိမ်းပိုက်စဉ်” ကဗျာ ရွေးချယ်ခံရတဲ့အတွက် ဒီကဗျာကို အိုင်အိုဝါ တက္ကသိုလ် ပြဇာတ်ပညာဌာနမှာ သင်ယူနေတဲ့ကျောင်းသားတွေနဲ့ ဆရာတွေက ဘယ်လို သရုပ်ဖော်ကြမလဲ ဆိုတာ စိတ်ဝင်စားနေမိပါတယ်။

ဇာတ်တိုက်ဖို့ ချိန်းဆိုထားတဲ့ ရက်တွေမှာတော့ ကျွန်မက spirit lake ကို ရောက်နေခဲ့ပါတယ်။ အစီအစဉ် ဒါရိုက်တာ ပြဇာတ်မင်းသမီး ဆဖရွန် ဟန်ကီ (Saffron Henke) က သူကိုယ်တိုင် ကျွန်မရဲ့ ကဗျာကို ရွတ်ဆိုမှာဖြစ်ကြောင်း၊ ဘယ်လိုရွတ်ဆိုဖို့ အကြံပေးလိုက ပေးနိုင်ကြောင်း အီးမေးလ်ပို့လာပါတယ်။ ကျွန်မကလည်း သူ သင့်တော်သလို သရုပ်ဆောင် ရွတ်ဆိုဖို့ပဲ ပြောလိုက်ပါတယ်။

Spirit lake က ပြန်ရောက်တဲ့ ညနေမှာ စင်တင်ကဇာတ်ပွဲကို သွားခဲ့ကြပါတယ်။ စာရေးဆရာ ၉ ယောက်ရဲ့ အစီအစဉ် ၉ ခုထဲမှာ မှတ်မှတ်ရရဖြစ်မိတဲ့ တင်ဆက်မှု တချို့ရှိပါတယ်။ ယူရူဂွေးက လူးဝစ် ဘရာဗို ရဲ့ The Hunt ဆိုတဲ့ ကဗျာကို ဒစ်ဂျစ်တယ် နည်းပညာတွေ ပေါင်းစပ်လို့ ဗွီဒီယိုရိုက်ကူးထားပြီး ရုပ်ရှင်ပိတ်ကားပေါ်မှာ ဆလိုက်ထိုးပြီး ပြသခဲ့ပါတယ်။ ဇင်ဘာဘွေက ခရစ္စတိုဖာမာလာဇီ ရဲ့ Election Day ဆိုတဲ့ ဝတ္ထုတိုနဲ့ ကိုရီးယားက ချွိုင် ရဲ့ Two Daughters ဆိုတဲ့ ပြဇာတ်ကို ဟန်မူပါပါ သရုပ်ဆောင် ကပြသွားကြပုံကို အထူးသဘောကျမိပါတယ်။ အမျိုးသမီးတွေ စုပေါင်းပြီးတော့ တီဂျေဒီမားရဲ့ Dead and Bread ကဗျာကို တစ်ယောက် တစ်ခွန်းရွတ်ဆိုပုံနဲ့ ရုတ်တရက် ပြိုင်တူ လုပ်လိုက်တဲ့ လှုပ်ရှားမှုတွေ ဟာလည်း သိပ်ကို တီထွင်မှု အားကောင်းပါတယ်။ ကျွန်မရဲ့ ကဗျာ လူပြိန်းများ (အင်္ဂလိပ်ဘာသာပြန်) ကိုတော့ ဆဖရွန်ဟန်ကီ တစ်ဦးတည်းက အနိမ့်အမြင့် အသံအား၊ မျက်နှာထား၊ လက်ဟန်ခြေဟန်တွေကို ထိထိရောက်ရောက် အသုံးပြုပြီး ရွတ်သွားခဲ့ပါတယ်။
Global Express ပိုစတာ

ပွဲပြီးတဲ့အခါ IWP က ဝန်ထမ်းတစ်ဦးက ကျွန်မကို ဘယ်လိုသဘောရလဲလို့ လာမေးတော့ ဆဖရွန် ရွတ်သွားပုံကို ကြည့်ပြီးတဲ့အခါ အဲဒီကဗျာကို သူ့လိုကောင်းအောင် မရွတ်နိုင်လို့ ကျွန်မကိုယ်တိုင် ရွတ်ရဲမှာတောင် မဟုတ်တော့ဘူးလို့ ရယ်ကာမောကာ ပြောလိုက်ပါတော့တယ်။ သူရွတ်သွားပုံကို သင်ယူလေ့လာရအောင် ကင်မရာထဲမှာ ဗွီဒီယိုရိုက်ယူလာခဲ့ပါတယ်။(အဲဒီဗွီဒီယိုကို ကြည့်ချင်ရင် poetpandora@gmail.com ကို မေးလ်ပို့လိုက်ပါ။ ဆဖရွန်ရဲ့ ကော်ပီရိုက်ကိစ္စကြောင့် တစ်ဦးချင်းကိုပဲ ဖြန့်ဝေပေးနိုင်ပါတယ်။)

၁၅။ New Orleans သို့ အလည်ခရီး

၂၀၁၂ ခုနှစ် IWP စာရေးဆရာတွေအတွက် mid-residency trip လို့ခေါ်တဲ့ လေ့လာရေးခရီးမှာ သွားစရာ နေရာ နှစ်ခုထဲက တစ်ခုကို ရွေးခိုင်းလာပါတယ်။ တစ်နေရာကတော့ ဆန်ဖရန်စစ္စကိုပါ။ နောက်တစ်နေရာကတော့  နယူးအော်လန်းဇ်  ဆိုတဲ့ လူဝီစီယားနား ပြည်နယ်ရဲ့ စိတ်ဝင်စားဖွယ်နေရာပါ။ ကျွန်မက ဘယ်နေရာကိုမှ မရောက်ဖူးသေးပေမယ့် ယဉ်ကျေးမှုအရ ပိုထူးခြားတယ်လို့ ထင်မိတဲ့  နယူးအော်လန်းဇ်  ကိုပဲ ရွေးလိုက်ပါတယ်။ 

နယူးအော်လန်းဇ် ကို သွားဖို့ စာရင်းပေးထားတဲ့ စာရေးဆရာတွေဟာ အိုင်အိုဝါမြို့နဲ့ အနီးဆုံးဖြစ်တဲ့ စီဒါရက်ပစ် လေဆိပ်ကနေ အုပ်စု ၂ စု ခွဲပြီး ရှီကာဂိုကို ထွက်ခွာခဲ့ကြပါတယ်။ ရှီကာဂိုကနေ နောက်ထပ် လေယာဉ်ပြောင်းစီးပြီးတော့  နယူးအော်လန်းဇ်  လေဆိပ်ကို သွားဖို့ပါ။ ကျွန်မပါတဲ့ အဖွဲ့ဟာ စောစောထွက်တဲ့အဖွဲ့ဖြစ်ပြီး မနက် ၇ နာရီကျော်မှာ စီဒါရက်ပစ်ကနေ ထွက်လာပြီး ညနေ ၄ နာရီခွဲမှာ နယူးအော်လန်းဇ်ကို ဆိုက်ရောက်ဖို့ အစီအစဉ်ချထားပါတယ်။ စောစောစီးစီး ရောက်သွားတဲ့အခါ ဘယ်လို လျှောက်လည်လိုက်မယ်လို့ အဖွဲ့သားတွေက စိတ်ကူးယဉ်နေကြပါတယ်။ သို့သော်လည်း ကံဆိုးချင်တော့ လေယာဉ်နှောင့်နှေးမှုနဲ့ ကြုံရပါတယ်။ ခေတ်မီတိုးတက်တဲ့ နိုင်ငံကြီးမှာလည်း ဒီလို အထစ်အငေါ့တွေ ရှိနေတတ်တာကို တွေ့ခဲ့ရပါတယ်။ (နောက်ပိုင်းမှာ အဝေးပြေးဘတ်စ် စီးဖြစ်တဲ့အခါ အဲဒီလို အတွေ့အကြုံတစ်ခု ထပ်ရပါသေးတယ်။)

 နယူးအော်လန်းဇ်  ရဲ့ လူးဝစ်အမ်းစထရောင်း လေဆိပ် ကိုရောက်တဲ့အချိန်မှာ နေဝင်ဖျိုးဖျ ဖြစ်နေပါပြီ။ လူးဝစ်အမ်းစထရောင်းက နာမည်ကျော် အမေရိကန် ဂျက်ဇ်ဂီတပညာရှင် အဆိုတော်ပါ။ အနုပညာရှင် တစ်ယောက်ကို ဂုဏ်ပြုပြီး ပေးထားတဲ့ လေဆိပ်နာမည်ဟာ အလွန်ကျက်သရေရှိတယ် လို့ ကျွန်မ ထင်မိပါတယ်။ ဂျက်ဇ်ဂီတ မြို့တော်ဖြစ်တဲ့  နယူးအော်လန်းဇ် နဲ့လည်း လိုက်ဖက်ညီလှပါတယ်။ မြို့ထဲကို ဖြတ်ကျော်ပြီး ကျွန်မတို့ တည်းခိုမယ့် ပြင်သစ်ရပ်ကွက် (French Quarter) ရှိရာကို ဘတ်စ်ကားက လိုက်ပို့ပါတယ်။ တည်းခိုတဲ့ ဟိုတယ်က Four Points By Sheraton ပါ။ လူစည်ကားရာ နာမည်ကျော် ဘာဘွန်းလမ်း (Barbon Street) မှာ တည်ရှိပါတယ်။

စက်တင်ဘာလကုန်ခါနီးမို့ အဲဒီအချိန်မှာ အိုင်အိုဝါမြို့နဲ့ အနီးတဝိုက်မှာ အတော်အေးလာပါပြီ။ အထူးသဖြင့် ညဖက်တွေဆိုရင် အနွေးထည်ထူထူ ဝတ်နေရပါတယ်။  နယူးအော်လန်းဇ် ကိုရောက်တဲ့အခါ နွေးထွေးတဲ့ ရာသီဥတုက ဆီးကြိုနေပါတယ်။ နေ့ဘက်တွေဆိုရင် နေကျဲကျဲပူနေတတ်ပြီး ညဘက်မှာလည်း အနွေးထည် လုံးဝဝတ်စရာမလိုပါ။ မြန်မာပြည်နဲ့ စင်ကာပူက ရာသီဥတုမျိုးမို့ ကျွန်မအတွက်ကတော့ သက်တောင့်သက်သာ ဖြစ်နေရပါတယ်။ ရာသီဥတုနဲ့ ပတ်သက်လို့ နယူးအော်လန်းဇ် ဒေသဟာ မုန်တိုင်းဒဏ်တော့ ရံဖန်ရံခါ ခံရတတ်ပါတယ်။၂၀၀၅ ခုနှစ်ကတော့ ကက်ထရီနာ ဟာရီကိန်း ဒဏ်ကို ဆိုးဆိုးဝါးဝါး ခံခဲ့ရပါတယ်။

ပြင်သစ်ရပ်ကွက်ဟာ မန္တလေးမြို့က လမ်းတွေလို လေးထောင့်ကွက်ကျ တည်ဆောက်ထားတာမို့ မြေပုံကိုကြည့်ပြီး သွားလာရတာ သိပ်လွယ်ကူပါတယ်။ ညမှောင်ရီတရောမှာ ရေမိုးချိုးအပြီး ဟိုတယ်က ထွက်လာတဲ့အခါ မီးရောင်စုံ လမ်းမဟာ သီတင်းကျွတ်ပွဲတော်အလား စည်ကားနေတာကို တွေ့ရပါတယ်။ ဘာဘွန်းလမ်းဘေးတလျှောက်က စားသောက်ဆိုင်တွေနဲ့ အကခန်းတွေရှေ့မှာ မလုံ့တလုံ အဝတ်အစားနဲ့ ဧည့်သည်တွေကို ကြိုဆိုနေတဲ့ မိန်းကလေးတွေဟာ ရုပ်ရှင်တွေထဲမှာသာ မြင်ဖူးတဲ့ မြင်ကွင်းတွေအတိုင်းပါပဲ။ သရဲပုံ၊ စက်ရုပ်ပုံ ဝတ်စားပြီး အခကြေးငွေယူပြီး ဓာတ်ပုံတွဲရိုက်ခံနေသူတွေကိုလည်း တွေ့ရပါတယ်။ တချို့ကလည်း အချင်းချင်း ပုတီးကုံးတွေနဲ့ ပစ်ပေါက် ဆော့ကစား နေကြပါတယ်။ တီးမှုတ် ကခုန်နေသူတွေကိုလည်း တွေ့ရပါတယ်။ ကျွန်မတို့ဟာ လမ်းလျှောက်ငေးမောရင်း Gumbo Shop ဆိုတဲ့ စားသောက်ဆိုင်ကို ရောက်လာကြပါတယ်။ 

နယူးအော်လန်းဇ် ဟာ ဒေသထွက် အစားအစာကောင်းတွေ အတွက်လည်း ထင်ရှားပါတယ်။ ခရီရိုး (Creole) လို့ခေါ်တဲ့ ပြင်သစ်၊ စပိန်၊ အာဖရိကန်၊ အင်ဒီယန် ရောနှောနေတဲ့ လူမျိုးတွေရဲ့ ဟင်းလျာတွေကို အလည်ရောက်နေတဲ့ ရက်အတွင်းမှာ တတ်နိုင်သလောက် မြည်းစမ်းကြည့်ဖို့ စဉ်းစားထားခဲ့ပါတယ်။ အဲဒီညကတော့ ပုစွန်လုံးအသားနဲ့ ချက်ထားတဲ့ crawfish Étouffée ကို စားခဲ့ပါတယ်။ ထမင်းကို အနှစ်ပါတဲ့ဟင်းနဲ့ စားရတာမျိုးမို့ ကျွန်မအတွက်တော့ မြန်မာထမင်းဟင်း စားရသလိုပဲ အရသာရှိပါတယ်။ အခြား စားဖြစ်ခဲ့တဲ့ အစားအစာတွေကတော့ Jambalaya ဆိုတဲ့ ထမင်းနဲ့ အသီးအရွက်၊ ဝက်အူချောင်း၊ အသားတွေ ရောနှောချက်ပြုတ်ထားတဲ့ အစားအစာ၊ ပဲနီ (red bean) နဲ့ ထမင်း၊ po-boy လို့ခေါ်တဲ့ အသားညှပ်ပေါင်မုန့် စတာတွေပါ။ ကမာ (oyster) အထူးပြုရောင်းတဲ့ ဆိုင်တွေမှာလည်း  သွားစားဖြစ်ကြပါတယ်။ နာမည်ကြီးတဲ့ဆိုင်ဆိုရင် တစ်နာရီလောက် တန်းစီရပါတယ်။ အဲဒီမြို့မှာ စားဖြစ်ခဲ့တဲ့ အစားအသောက်တွေမှန်သမျှ ကျွန်မကတော့ နှစ်သက်မိပါတယ်။ မနက်ခင်းစာ ဝယ်စားတဲ့ ကြက်ဥမွှေကြော်ကအစ အရသာရှိနေတာပါ။ 

ပြင်သစ်ရပ်ကွက်က အိမ်လှလှလေးတစ်လုံး
ပြင်သစ်ရပ်ကွက်ထဲမှာ လျှောက်ကြည့်တဲ့အခါ အိမ်ကလေးတွေကို ကျွန်မ အထူးသဘောကျမိပါတယ်။  တချို့အိမ်လေးတွေက ဗိသုကာ လက်ရာတွေဟာ မြန်မာပြည် တချို့ဒေသတွေမှာ တွေ့ရတဲ့ အိမ်လေးတွေနဲ့ တူသလိုလို ထင်မိပါသေးတယ်။ သစ်သားနဲ့ လုပ်ထားတဲ့ မျက်နှာစာတွေနဲ့ ဝရံတာတွေကို ပန်းရောင်၊ ခရမ်းရောင်၊ အစိမ်းရောင် စသည်ဖြင့် တောက်ပတဲ့ ဆေးရောင်စုံတွေ ခြယ်ထားတာ၊ သံပန်းတွေ အလှဆင်ထားတာ အင်မတန် နှစ်သက်စရာကောင်းပါတယ်။ နောက်ထပ် စိတ်ဝင်စားမိတာကတော့ ဆိုင်ခန်းတွေရဲ့ ဒီဇိုင်းလှလှ ဆိုင်းဘုတ်တွေနဲ့ လမ်းမပေါ်မှာ ဖန်တီးထားတဲ့ အနုပညာလက်ရာတွေပါ။ မြင်ရတဲ့အရာ အတော်များများဟာ အနုပညာမြောက်နေတယ်လို့ ခံစားရပါတယ်။
ပြင်သစ်ရပ်ကွက်က အိမ်လှလှလေးတစ်လုံး

ပြင်သစ်ရပ်ကွက်က ဆိုင်းဘုတ်တစ်ခု


ပြင်သစ်ရပ်ကွက်က ဆိုင်းဘုတ်တစ်ခု

လမ်းဘေးမှာ ချရောင်းတဲ့ ပန်းချီဆိုင်တွေရော ပန်းချီပြခန်းတွေကိုပါ ဝင်ကြည့်ဖြစ်ပါတယ်။ သူတို့ဆီက ပန်းချီပြခန်းတွေဟာ လက်ရာစုံ မူဟန်အစုံ ပြထားတာမဟုတ်ဘဲ တစ်ဆိုင်စီမှာ ကိုယ့်ဆိုင်ရဲ့ အထူးပြုလက်ရာ တစ်မျိုး နှစ်မျိုးကိုသာ ရွေးချယ်ရောင်းချကြတာ များပါတယ်။ ဥပမာ - တောက်ပတဲ့ ဆေးသားအထူသုံးပြီး ပန်းတွေကို ရေးထားတဲ့ ပန်းချီကားတွေကိုချည်း ရောင်းတဲ့ဆိုင်ရှိသလို၊ လူတွေရဲ့ လှုပ်ရှားမှု ကောက်ကြောင်း ပန်းချီလေးတွေကိုချည်း ရောင်းတဲ့ဆိုင်လည်းရှိပါတယ်။ ဆိုင်တိုင်းမှာ မူရင်းပန်းချီကားကိုရော၊ အဲဒီကားတွေရဲ့ ပုံနှိပ်မူပွား ပန်းချီတွေကိုရော အရွယ်အစားမျိုးစုံ ဈေးနှုန်းမျိုးစုံနဲ့ အမှတ်တရပစ္စည်း အနေနဲ့ ရောင်းကြပါတယ်။  ကျွန်မကတော့ သူတို့လက်ရာတွေထက် မညံ့တဲ့ ကိုယ့်ဆီက ပန်းချီဆရာတွေရဲ့ ပန်းချီကားတွေကိုလည်း မြန်မာပြည်ရောက်ရင် မဖြစ်မနေ ဝယ်သင့်တဲ့ အမှတ်တရ လက်ဆောင်အဖြစ် အဲဒီလို မူရင်းရော မူပွားကိုပါ တွင်တွင်ကျယ်ကျယ် ရောင်းရရင်ကောင်းမယ်လို့ တွေးမိပါတယ်။ 
body paint တွေအထူးပြသထားတဲ့ ပြင်သစ်ရပ်ကွက်က ပန်းချီပြခန်းတစ်ခန်း
အမှတ်တရပစ္စည်းရောင်းတဲ့ ဆိုင်တွေမှာ ရောင်းကြတာကတော့ အမှတ်တရ လွယ်အိတ်၊ တီရှပ်၊ ပို့စကဒ်တွေ အပြင် တစ္ဆေသရဲ ဝိညာဉ်တို့ ကျက်စားတယ်ဆိုတဲ့  နယူးအော်လန်းဇ် ရဲ့ အမှတ်အသားတွေဖြစ်တဲ့ ဗူးဒူးအရုပ်လေးတွေ၊ သွေးစုတ်ဖုတ်ကောင်တွေ၊ ငှက်မွှေးတွေ ဘော်ကြယ်တွေနဲ့ ရောင်စုံခြယ်သထားတဲ့ ဗင်းနစ် မျက်နှာဖုံးတွေ (Venetian masks)ကို တွေ့ရပါတယ်။ အမေရိကရဲ့ အမှတ်တရပစ္စည်းတွေဆိုပေမယ့် အားလုံးလိုလိုဟာ made in China ဖြစ်နေပြီး ရောင်းချတဲ့ ဈေးဆိုင်ပိုင်ရှင် အတော်များများကျပြန်တော့ အိန္ဒယလူမျိုးတွေ ဖြစ်နေတာကို သတိထားမိတော့ ပြုံးမိပါသေးတယ်။ မစ္စစ္စပီမြစ်နဲ့ အနီးအနားမှာရှိတဲ့ ပြင်သစ်ဈေး (French Market) မှာတော့ လက်မှုပစ္စည်းတွေ၊ အမှတ်တရ ပစ္စည်းတွေအပြင်၊ ဒေသထွက် အစားအစာတွေကိုလည်း တွေ့ရပါတယ်။
ပြင်သစ်ရပ်ကွက် အမှတ်တရပစ္စည်း အရောင်းဆိုင်တစ်ဆိုင်က ဗူးဒူးအရုပ်တွေ

အမေရိကမှာ သရဲအခြောက်ဆုံးမြို့လို့ နာမည်ကြီးတဲ့  နယူးအော်လန်းဇ် က ပြင်သစ်ရပ်ကွက်မှာ ghost tour ဒါမှမဟုတ် haunted tour လို့ခေါ်တဲ့ သရဲခြောက်ခရီးစဉ်ကိုလည်း  လိုက်ပါခဲ့ပါသေးတယ်။ အဲဒီ ခရီးကတော့ ဧည့်လမ်းညွှန်က တစ္ဆေသရဲပုံပြင်တွေနဲ့ မြို့ရဲ့ သမိုင်းကြောင်းကို ပြောပြပြီး တစ်နာရီခွဲလောက် အနီးအနားနေရာတွေကို လှည့်လည် လိုက်ပြတဲ့ အစီအစဉ်ပါ။ ဒေါ်လာ ၂၀ ပေးရပါတယ်။ ဧည့်သည်တွေကို ဟာရီကိန်းဖျော်ရည် တစ်ခွက်ဝယ်ရင် တစ်ခွက်အလကား ပေးပါတယ်။ ဟာရီကိန်းဆိုတာက အဲဒီဒေသရဲ့ နာမည်ကြီး ကော့တေးလ် တမျိုးရဲ့ နာမည်ပါ။ အယ်လ်ကိုဟော အနည်းငယ် ပါတဲ့ ချိုရှရှဖျော်ရည်ဟာ အနီရဲရဲအရောင်မို့ သွေးစုတ်ဖုတ်ကောင်စုတ်ထားတဲ့ သွေးတွေနဲ့ တူတယ်ဆိုပြီး အခုလို သရဲခြောက်ခရီးစဉ်နဲ့ လိုက်ဖက်အောင် ရောင်းချပေးတာဖြစ်ပါတယ်။ ကျွန်မ အစက မျှော်လင့်မိတာကတော့ သရဲခြောက်တယ် ဆိုတဲ့ အဆောက်အဦတွေကို ဝင်ကြည့်ပြီး ညနေမှုန်ပျပျမှာ သရဲရထားစီးသလို ကြောက်စရာ ဖြစ်မလားလို့ပါ။ ဒါပေမယ့်လည်း အဲဒီအဆောက်အဦတွေရဲ့ အနီးအနားမှာ ရပ်နားရင်းနဲ့ပဲ သက်ဆိုင်တဲ့ ပုံပြင်တွေကို ဧည့်လမ်းညွှန်က ပြောပြတဲ့ ခရီးစဉ် ဖြစ်နေပါတယ်။

နယူးအော်လန်းဇ်က စိန့်လူးဝစ် ဘုရားကျောင်း

 နယူးအော်လန်းဇ် ဟာ တချိန်က စပိန်နဲ့ ပြင်သစ်တို့ရဲ့ ကိုလိုနီနယ်မြေ ဖြစ်ခဲ့ပါတယ်။ လူမည်းတွေကို အကြီးအကျယ် ကျွန်ကုန်ကူးရာ ဆိပ်ကမ်းလည်း ဖြစ်ခဲ့ပါတယ်။ ကျွန်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့အဖြစ်တွေ၊ မြို့လုံးကျွတ်နီးပါး မီးလောင်ခဲ့တဲ့ အဖြစ်တွေလည်း ကြုံခဲ့ရပါတယ်။ နေ့ရက်တစ်ခု ရောက်တိုင်းမှာ ဘုရားကျောင်းက အလိုလို ခေါင်းလောင်းသံ မြည်လာတတ်တဲ့ အကြောင်း၊ သွေးစုတ်ဖုတ်ကောင် ဇာတ်လမ်း၊ ရက်ရက်စက်စက် သတ်ဖြတ်မှုတွေ၊ ဒီဒေသမှာ လူတွေ ပျောက်သွားတတ်တဲ့အကြောင်း စတဲ့ ခေတ်အဆက်ဆက်က အသည်းထိတ်စရာ ဇာတ်လမ်းတွေကို ဧည့်လမ်းညွှန်က တစ်ခုပြီးတစ်ခု ပြောပြခဲ့ပါတယ်။ အဲဒီပုံပြင်တွေဟာ သမိုင်းအရ တိတိကျကျ မှန်ချင်မှလည်း မှန်မှာပါ။ ဒါပေမယ့် စိတ်ဝင်စားတတ်တဲ့ ဧည့်သည်တွေကို ဖျော်ဖြေမှုပေးပြီး ဝင်ငွေအများအပြားရတဲ့ tour တွေလို့ ပြောကြပါတယ်။ ကျွန်မကတော့ ပုဂံလို နေရာမျိုးမှာ ပါးစပ်ရာဇဝင် ဇာတ်လမ်းတွေပေါ် အခြေခံပြီး အဲဒီလို haunted tour တွေ တီထွင်ပြီး ရောင်းရင်တော့ သာသနာရေးအရ၊ သမိုင်းအရ လက်ခံနိုင်ဖွယ် ဖြစ်ပါ့မလားလို့ တွေးနေမိပါတယ်။ 
ပြင်သစ်ရပ်ကွက်က စိန့်လူးဝစ် သချိုင်္င်း အမှတ် (၁)
 
စိန့်လူးဝစ် သင်္ချိုင်း အမှတ် ၁ ကိုလည်း ဧည့်လမ်းညွှန်တစ်ဦးရဲ့ ဦးဆောင်မှုနဲ့ သွားခဲ့ကြပါတယ်။ ၁၇၈၉ ခုနှစ် ကတည်းက ဖွင့်လှစ်ခဲ့တာမို့ ရှေးအကျဆုံးနဲ့ အကျော်ကြားဆုံး ဂူသင်္ချီုင်းလို့ ဆိုပါတယ်။ ကြီးကြီးမားမား ခမ်းခမ်းနားနား တည်ဆောက်ထားတဲ့ အုတ်ဂူတွေကို တွေ့ရပါတယ်။ မိသားစုလိုက် နေရာချထားတဲ့ ဂူတွေ၊ ဘာသာရေး အထိမ်းအမှတ် အရုပ်တွေ ထုလုပ်ထားတဲ့ ဂူတွေဟာ စိတ်ဝင်စားစရာပါ။ Faulkner House လို့ခေါ်တဲ့ အမေရိကမှာ charming အဖြစ်ဆုံးလို့ ဆိုတဲ့ စာအုပ်ဆိုင်ကလေးကိုလည်း ရောက်ခဲ့ပါတယ်။ ရှားပါးစာအုပ်တွေကိုပါ စုဆောင်းထားတဲ့ဆိုင်ပါ။ ပန်းချီတွေ ရေးဆွဲထားတဲ့ ကွန်ကရစ်တိုင်လုံးတွေရှိရာ Claiborne Expressway အောက်မှာလည်း ဓာတ်ပုံရိုက်ခဲ့ပါတယ်။

Claiborne Expressway အောက်က ပန်းချီခြယ်ထားတဲ့ တိုင်လုံးတွေ

နယူးအော်လန်းဇ်ရဲ့ ညတွေမှာ မဖြစ်မနေ ခံစားသင့်တဲ့ အရာတစ်ခုကတော့ တော့ ဂျက်ဇ် ဂီတ ဖျော်ဖြေပွဲတွေပါ။ ညနေစောင်းမှာ လမ်းမတွေရဲ့ ဘေးမှာ လွတ်လွတ်လပ်လပ် တီးမှုတ်နေတဲ့ တီးဝိုင်းတွေ ရှိသလို၊ ကော်ဖီဆိုင် ဘားဆိုင်တွေထဲမှာ ဖျော်ဖြေတဲ့ တီးဝိုင်းတွေလည်း ရှိပါတယ်။ တချို့နေရာတွေကတော့ အခကြေးငွေပေးပြီးမှ ဝင်လို့ရပါတယ်။ မနက်စောစောနဲ့ ညနေစောင်းတွေမှာ ခံစားသင့်တာကတော့ မစ္စစ္စပီမြစ်ကမ်းမှာ လေညင်းခံရင်း လမ်းလျှောက်ဖို့ပါ။ မစ္စစ္စပီမြစ်ကို မြင်တိုင်းတော့ စာရေးဆရာတွေရဲ့ စိတ်ထဲမှာ အမေရိကန် စာရေးဆရာကြီး Mark Twainရဲ့ Tom Sawyer တို့ Huckleberry Finn တို့ကို သတိတရ ဖြစ်နေကြမှာပါ။ 
စားသောက်ဆိုင်တစ်ဆိုင်ထဲက ဂျက်ဇ် ဂီတဖျော်ဖြေပွဲ

မစ္စ္စစ္စပီမြစ်ရဲ့ မနက်ခင်းအလှ
မစ္စစ္စပီမြစ်ရဲ့ ညချမ်းအလှ

ချောင်းထဲမှာ စက်လှေစီးပြီး alligator မိချောင်းခေါင်းတိုတွေကို သွားကြည့်ကြတဲ့ Bayou Tour လို့ခေါ်တဲ့ ခရီးတစ်ခုလည်း မှတ်မှတ်ရရပါ။ နယူးအော်လန်းဇ် ဟာ မိချောင်းတွေ ရှိတဲ့ ဒေသအဖြစ်လည်း ထင်ရှားပါတယ်။ ဒါကြောင့် သူတို့ရဲ့ အမှတ်တရ ပစ္စည်းတွေမှာ မိချောင်းခေါင်းတွေကိုလည်း တွေ့ရပါတယ်။ Swamp ဆိုတဲ့ နွံဖုံးနေတဲ့ ရေတိမ်ချောင်းတွေမှာ မိကျောင်းတွေ မွေးထားကြပါတယ်။ ကျွန်မတို့ စီးနင်းလိုက်ပါလာတဲ့ စက်လှေကို မောင်းသူဟာ မိချောင်းတွေအကြောင်း ရှင်းလင်းပြောပြတဲ့ ဧည့်လမ်းညွှန်တစ်ယောက်လည်း ဖြစ်ပါတယ်။ လှေထဲမှာ မိကျောင်းခေါင်းပြတ် အစစ် အခြောက်တစ်လုံးကို ဧည့်သည်တွေက တစ်ယောက်ပြီးတစ်ယောက် ကိုင်ကြည့်ကြပါတယ်။ နောက်တော့ ချောင်းစပ်က မိချောင်းတွေ ထွက်လာတာကို မြင်ရပါတယ်။ တစ်နေရာမှာတော့ စက်လှေကို ခဏစက်သတ်ပြီး မိချောင်းတွေကို ဧည့်လမ်းညွှန်က အနီးကပ် အစာကျွေးပြပါတယ်။ အပြန်ခရီးမှာတော့ လှေထဲမှာ ပါလာတဲ့ လာရီ လို့နာမည်ပေးထားတဲ့ မိချောင်းပေါက်စလေးကို ဧည့်သည်တွေက ကိုင်ကြည့်ကြပြန်ပါတယ်။ 
မိချောင်းလေးကို အစာကျွေးနေစဉ်

နယူးအော်လန်းဇ်မှာ ကျွန်မအပါအဝင် တချို့သော စာရေးဆရာတွေဟာ အလည်အပတ်ခရီးအပြင် IWP အစီအစဉ်တွေမှာ ပါဝင်ဆင်နွှဲရပါတယ်။ မောရိသျှက ဘာလင်၊ ဖိလစ်ပိုင်က ဂျန်နဲ့ ကျွန်မကတော့ နယူးအော်လန်းဇ်က အထက်တန်းကျောင်းတစ်ကျောင်းရဲ့ တီထွင်ဖန်တီးစာရေးသားခြင်း အတန်းတစ်တန်းမှာ ဆွေးနွေးဖို့ အစီအစဉ်ထဲမှာ ပါပါတယ်။ အဲဒီအတန်းဟာ တခြားကျောင်းပေါင်းစုံက ကျောင်းသားတွေ စုပေါင်းလာတက်ကြတဲ့ အတန်းဖြစ်ပါတယ်။ နယူးအော်လန်းဇ် က ကျောင်းသားတွေဟာ အိုင်အိုဝါက ကျောင်းသားတွေနဲ့ ကွဲပြားတဲ့အချက်လေးတွေ ရှိပါတယ်။ ဒီက ကလေးတွေက လူမည်းလေးတွေ များပါတယ်။ စာသင်ခန်းထဲမှာ ပိုပြီး လွတ်လွတ်လပ်လပ် နေကြပြီး မေးခွန်းတွေကိုလည်း ပိုမေးကြပါတယ်။ ကျွန်မတို့ရဲ့ စာ၊ကဗျာ နမူနာတွေကို သူတို့တွေကို ဖတ်ပြပြီး သူတို့တွေက အဲဒီစာတွေနဲ့ ပတ်သက်တဲ့မေးခွန်းတွေ မေးပါတယ်။ ပြီးတော့ ကလေးတွေဖတ်ဖို့ ကျွန်မတို့ ညွှန်းချင်တဲ့ နိုင်ငံတကာ စာရေးဆရာတွေအကြောင်းကို သူတို့ကို မိတ်ဆက်ပြောပြကြပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ကျွန်မတို့ ရွတ်ပြသွားတဲ့ လက်ရာတွေက ကောက်နုတ်ပြီးတော့ သူတို့ဆရာမက သူတို့ကို အောက်က လေ့ကျင့်ခန်းတွေ လုပ်ခိုင်းပါတယ်။


  • -       ကိုယ် တစ်ခါမှ မရောက်ဖူးတဲ့ မြို့တစ်မြို့အကြောင်း ရေးပါ။
  • -       ကမ္ဘာ့သမိုင်းကို အတိုဆုံးအကျဉ်းချုံး ရေးပါ။
  • -       နိုင်ငံရပ်ခြား ရေစိမ်းမြေစိမ်းမှာ ဆက်သွယ်မှု ခက်ခဲတဲ့အကြောင်း ရေးပါ။ 


နယူးအော်လန်းဇ်က creative writing စာသင်ခန်းတစ်ခန်းမှာ ဆွေးနွေးနေစဉ်
အီဂျစ်က ခါလက်၊ ဂျာမနီက လူစီနဲ့ ဘော့စဝါနာက တီဂျေ တို့ကတော့ Melvin’s Cocktail and Music ဆိုတဲ့ ဆိုင်မှာ ကျင်းပတဲ့ စာပေရွတ်ပွဲတစ်ပွဲမှာ ဒေသခံစာရေးဆရာ တစ်ယောက်နဲ့အတူ သူတို့ရဲ့ လက်ရာတွေကို ရွတ်ပြခဲ့ပါတယ်။ ကျွန်မတို့လည်း သွားနားထောင်ခဲ့ကြပါတယ်။ တကယ်တော့ ၄ ည ၅ ရက် ကြာမြင့်ခဲ့တဲ့ နယူးအော်လန်းဇ် ခရီးစဉ်အကြောင်းကို ဒီ့ထက်အသေးစိတ် ပြောစရာတွေ အများကြီးကျန်ပါသေးတယ် ပြောပြရရင်လည်း စာမျက်နှာပေါင်းများစွာ ဖြစ်သွားပါလိမ့်မယ်။  အမြဲတစေ ပွဲတော်အလား စည်ကားနေပြီး တက်ကြွပျော်ရွှင်နေသူတို့ရဲ့ ညတွေကို ကျွန်မအနေနဲ့တော့ အခုလို ခဏတဖြုတ် အလည်သွားပြီး ခံစားလေ့လာတာ လုံလောက်ပါပြီ။ ဒီလိုနေရာမျိုးမှာ နှစ်ရှည်လများ နေရရင် ကျွန်မအတွက်တော့ ပျော်ရွှင်စရာ လွန်ကဲပြီး အာရုံနောက်ကျိစေမှာပါ။

ပန်ဒိုရာ
(ဆက်လက်ဖော်ပြသွားပါမည်။)


၂၀၁၃ ဂျူလိုင်လ စတိုင်သစ်မဂ္ဂဇင်းတွင် ဖော်ပြပြီး။  


အပိုင်း (၁) သို့  
အပိုင်း(၂) သို့




Expand..

Tuesday, September 24, 2013

အိုင်အိုဝါရက်စွဲများ အပိုင်း (၄)



အိုင်အိုဝါရက်စွဲများ အပိုင်း (၄)

၁၁။ လူငယ်များအတွက် တီထွင်ဖန်တီး စာရေးသားခြင်း သင်တန်း 

Face to Face Creative Writing for Youths လို့ အမည်ရတဲ့  “လူငယ်များအတွက် တီထွင်ဖန်တီး စာရေးသားခြင်း” သင်တန်းတိုတွေမှာ လုပ်အားပေးနိုင်သူတွေကို IWP က ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီ အစီအစဉ်ကတော့ IWP နဲ့ the Iowa Youth Writing Project (IYWP) တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပါတယ်။ ဒါဟာ IWP စာရေးဆရာတွေအတွက် မဖြစ်မနေ ပါဝင်ရမယ့် အစီအစဉ်မဟုတ်ပေမယ့် သူတို့ဆီမှာ ကလေးတွေကို သင်ကြားတဲ့ creative writing ကို သိချင်တာရယ်၊ ရောက်တုန်းရောက်ခိုက်မှာ လူမှုရေးဆိုင်ရာ လှုပ်ရှားမှုတွေထဲမှာ တတ်နိုင်သလောက် ကူညီချင်တာရယ်ကြောင့် စာရင်းပေးလိုက်ပါတယ်။

မူလတန်းကနေ အထက်တန်းအရွယ်အထိ ကလေးတွေအတွက် ဒီသင်တန်း အစီအစဉ်ကို ဘယ်လိုဆောင်ရွက်မလဲဆိုတာ IYWP က ဦးဆောင် စီစဉ်သူတွေဖြစ်တဲ့ ဒိုရာ (Dora Malech)၊ ကက်သရင်း (Catherine Blauvelt)၊ ဖာတီမာ (Fatima Espiritu) တို့ဟာ IWP က စိတ်ပါဝင်စားသူ စာရေးဆရာတွေနဲ့ ညှိနှိုင်းတိုင်ပင်ကြပါတယ်။ ပထမဦးဆုံး ခရီးအဖြစ် အိုင်အိုဝါပြည်နယ်ရဲ့ မြို့တော် ဒီမွိုင်း (Des Moines) ကို စက်တင်ဘာ ၁၅ ရက် စနေနေ့မှာ သွားရောက်ခဲ့ကြပါတယ်။ IWP စာရေးဆရာတွေထဲက စေတနာ့ဝန်ထမ်းအဖြစ် နယူးဇီလန်က ဂျက်ဖရီ ၊ ဖိလစ်ပိုင်က ဂျင်းန်ဗီးလ်၊ ဥဇဘက်ကစ္စတန်က အလီနာ၊ မောရိသျှက ဘာလင် နဲ့အတူ ကျွန်မလည်း လိုက်ပါခဲ့ပါတယ်။
ပြည်နယ်မြို့တော် ဒီမွိုင်းဟာ အိုင်အိုဝါမြို့နဲ့ သိပ်မဝေးလှပါဘူး။ 

မြို့တော်ဆိုပေမယ့်လည်း အေးဆေးငြိမ်သက်တဲ့ မြို့လေးတစ်မြို့ပါ။ သင်တန်းကို ပူးပေါင်းစီစဉ်သူဖြစ်တဲ့ Monsoon Bayanihan Asian Resource Centre တည်ရှိရာကို ရောက်လာတဲ့အခါ ကျွန်မတို့အဖွဲ့ကို အဲဒီရုံးရဲ့ တာဝန်ခံ ဖိလစ်ပိုင်လူမျိုး အမျိုးသမီးက ဆီးကြိုနှုတ်ဆက်ပါတယ်။ Monsoon ဟာ လူမှုရေး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အန်ဂျီအို အဖွဲ့အစည်းတစ်ခုဖြစ်ပြီး သူ့ရဲ့လုပ်ငန်းစဉ်တွေထဲမှာ အမျိုးသမီးတွေကို အကြမ်းဖက်မှုက ကာကွယ်တာ၊ ကလေးသူငယ်တွေကို စောင့်ရှောက်တာ စတာတွေ ပါဝင်ပါတယ်။ ရုံးခန်း အနှံ့အပြားကို တာဝန်ခံက လိုက်ပြပါတယ်။ အခန်းတွေမှာ ပြင်ဆင်ထားပုံက ကျွန်မရဲ့ အာရုံကို ဖမ်းစားပါတယ်။ နံရံမှာရော မျက်နှာကြက်တွေမှာပါ ဆေးရောင်စုံ စိုစိုလက်လက်တွေ ခြယ်သထားပြီး အရုပ်တွေလည်း ရေးခြစ်ထားပါတယ်။ အခန်းတွေရဲ့ အပြင်အဆင်က ကလေးငယ်တွေ ကြိုက်နှစ်သက်မယ့် ပုံစံမျိုးပါ။ စာသင်ခန်းမထဲမှာ ကပ်ထားတဲ့ နိုင်ငံစုံက ပိုစတာတွေကို အမှတ်မထင် ကြည့်လိုက်တော့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ပိုစတာတစ်ခုကို သွားတွေ့ပါတယ်။ ၁၉၈၈ အရေးတော်ပုံကို ဂုဏ်ပြုရေးဆွဲထားတဲ့ ပိုစတာပါ။ 
 
(Monsoon စာသင်ခန်းထဲမှာတွေ့ရတဲ့ ၈၈၈၈ ပိုစတာ)


မကြာခင်မှာပဲ ကလေးတွေနဲ့ မိဘတချို့ရောက်လာကြပါတယ်။ သင်တန်းလာတက်ကြတဲ့ ကလေးတွေဟာ အရွယ်စုံလင်သလို လူမျိုးလည်း စုံလင်ပါတယ်။ ကျွန်မ မှတ်မိသလောက် ထိုင်း၊ ဂျပန်၊ လာအို၊ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ အာဖရိကတိုက်က ကလေး အများအပြားကို တွေ့ခဲ့ရပါတယ်။ သူတို့ဟာ အကြောင်းကြောင်းကြောင့် အမေရိကကို ပြောင်းရွှေ့လာကြသူတွေပါ။  တချို့ကတော့ ပြောင်းရွှေ့လာတဲ့ မိဘတွေကနေ အမေရိကမှာ အခြေချရင်း မွေးဖွားလာကြသူတွေပါ။

(ဒီမွိုင်းမြို့ တီထွင်ဖန်တီး စာရေးသားခြင်း သင်တန်း)


(ဒီမွိုင်းမြို့ တီထွင်ဖန်တီး စာရေးသားခြင်း သင်တန်း)


ဒီသင်တန်းက ကလေးတွေကို တီထွင်ဖန်တီးချင်တဲ့ စိတ်ကူးဥာဏ်ပေါ်လာအောင် လှုံ့ဆော်ပေးတဲ့ သင်တန်းသာဖြစ်ပြီး ရေးနည်းရေးဟန်တွေကို ကျောင်းသင်ခန်းစာဆန်ဆန် သင်ကြားပေးခြင်းမျိုး မဟုတ်ပါဘူး။ သူတို့ရဲ့ လက်ရာတွေအပေါ်မှာ ဘယ်လိုဘယ်ပုံ ဖြစ်ရမယ်လို့ ကန့်သတ်ထားခြင်းလည်း မရှိပါဘူး။ ခေါင်းစဉ်ကို သူတို့ စဉ်းစားလို့ရအောင် ကူညီတဲ့အနေနဲ့ ပေးထားပေမယ့် သူတို့နှစ်သက်တဲ့ အကြောင်းအရာကို ရေးသားဖန်တီးခဲ့ရင်လည်း ပြဿနာ မရှိပါဘူး။ တချို့က ပေးထားတဲ့ ခေါင်းစဉ်အတိုင်း အက်ဆေး ရေးကြပါတယ်။ တချို့ကလည်း ကဗျာရေးပါတယ်။ တချို့ကလည်း ခေါင်းစဉ်ကို မလိုက်နာဘဲ သူတို့ ခေါင်းထဲပေါ်လာတဲ့ ဝတ္ထု၊ ပုံပြင်တွေ ချရေးကြပါတယ်။
ကလေးတွေကို တစ်ခုခု ဖန်တီးရေးသားချင်စိတ်ဖြစ်အောင် လှုံ့ဆော်ပေးတဲ့အထဲမှာ အောက်မှာဖော်ပြထားတဲ့ လှုပ်ရှားမှုတွေ ပါဝင်ပါတယ်။

  • ·         ကလေးတွေ အဓိက ရေးသားရမယ့် ခေါင်းစဉ်ကို “Identity” လို့ ပေးထားပါတယ်။ အဲဒီအကြောင်းကို ရေးဖို့အတွက် သူတို့ကို စဉ်းစားစရာလေးတွေပေးပါတယ်။
  • ·         ကိုယ့်နာမည်ဟာ ဘာအဓိပ္ပာယ်ကို ဆောင်သလဲ ဆိုတာကို သူတို့ကို စဉ်းစားခိုင်းပါတယ်။ နာမည် နဲ့ ပတ်သက်လို့ တခြားကလေးတွေနဲ့ စာရေးဆရာတွေ ရေးထားခဲ့တဲ့ အက်ဆေး ကဗျာတွေကို နမူနာအဖြစ် အားကျလာအောင် ဖတ်ပြပါတယ်။
  • ·         ကျွန်တော်/ကျွန်မဟာ အရင်တုန်းကတော့….. ဒါပေမယ့် အခုတော့…. (I used to be…. But now I am…) အဲဒီလို အစချီတဲ့ ဝါကျလေးတွေ တည်ဆောက်ခိုင်းပါတယ်။
  • ·         ကျွန်တော်/ကျွန်မ သတိရမိသေးတယ်… (I remember…. ) လို့ အစချီတဲ့ စာကြောင်းလေးတွေ ရေးခိုင်းပါတယ်။ အဲဒီအတွက် နမူနာကိုတော့ Joe Brainard ရဲ့ I remember စာအုပ်ထဲက စာကြောင်းတချို့ကို ဖတ်ပြပါတယ်။
  • ·         ကလေးတွေကို အက်ဆေး၊ကဗျာ တစ်ခုခု ချရေးခိုင်းပါတယ်။ ရေးတဲ့နေရာမှာ အုပ်စုခွဲလိုက်ပါတယ်။ သင်တန်းမှာ ကူညီသူတွေက လူခွဲပြီး အုပ်စုတွေကို ဦးဆောင်တာဝန်ယူပေးရပါတယ်။ တစ်ဦးချင်းကို အကဲခတ်ပြီး လိုရင်လိုသလို အတူတကွ အပြန်အလှန်ဆွေးနွေး ကူညီပေးပါတယ်။
သင်တန်းမှာ မှတ်မှတ်ရရဖြစ်ခဲ့ရတာ တစ်ခုကတော့ အလီနာရဲ့ ကူညီမှုပါ။ ဥဇဘက်ကစ္စတန်က အလီနာ ဆိုတဲ့ ဂျာနယ်လစ် စာရေးဆရာမလေးဟာ IWP စာရေးဆရာ အားလုံးထဲမှာ အငယ်ဆုံးပါ။ အသက် ၂၃ နှစ်ပဲရှိသေးတဲ့ အလီနာဟာ ရုရှရေမြေမှာ မွေးဖွားသူလေးပီပီ ဒစ္စနေကာတွန်းထဲက မင်းသမီးလေးတွေလို မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ထင်းနေအောင် အလွန်လှပသူလေးလည်း ဖြစ်ပါတယ်။ သူ့ကို တွေ့တဲ့ ကလေးတိုင်းဟာ (အထူးသဖြင့် မိန်းကလေးငယ်လေးတွေဟာ) အရမ်းသဘောကျကြပါတယ်။ သူ့အသားလေးကို ကိုင်ကြည့်ပြီး မင်းကဘာကြောင့် ဒီလောက်လှနိုင်ရတာလဲ လို့မေးသူကလည်း မေးပါတယ်။ 

သင်တန်းမှာ သိသိသာသာ အေးဆေးငြိမ်သက်တဲ့ ကလေးမလေး တစ်ယောက်ရှိပါတယ်။ သူက အိန္ဒိယက ပြောင်းရွှေ့နေထိုင်လာသူလေးပါ။ မျက်မှန်လည်း အထူကြီးနဲ့ မျက်စိအားအတော်နည်းပြီး လက်ရေးကိုလည်း ညီညာအောင် မနည်းထိန်းရေးရပါတယ်။ ခေါင်းကို ငုံ့ထားပြီး စကားလည်း မပြောသလောက်ပါပဲ။ အက်ဆေးရေးကြတဲ့အခါ သူဟာ ဘာရေးရမှန်း အိုင်ဒီယာ မထွက်ဘူးဖြစ်နေပါတယ်။ ရေးသမျှကလည်း သဒ္ဒါအမှားအယွင်းတွေနဲ့ ဘာသာစကားလည်း အတော်အားနည်းရှာပါတယ်။ အလီနာက သူ့အနားမှာ ထိုင်ပေးတဲ့အခါ သူ တော်တော် အားတက်သွားပါတယ်။ အဲဒီ့နောက်မှာ မသိမသာနဲ့ အလီနာက သူ့ကို မေးခွန်းလေးတွေ မေးပေးပါတယ်။ အလီနာမေးတဲ့ မေးခွန်းလေးတွေကို ဖြေလိုက် စဉ်းစားလိုက်နဲ့ သူဟာ နောက်ဆုံးတော့ တကယ်ကို လှပတဲ့ ကိုယ်ပိုင် ပုံပြင်လေးတစ်ပုဒ်ကို ရေးသွားနိုင်ခဲ့ပါတယ်။ သင်တန်းပြီးသွားတော့ အတန်းရှေ့မှာ သူတို့လက်ရာတွေကို ထွက်ပြီး ဖတ်ပြကြတဲ့အထဲမှာလည်း အဲဒီ ကလေးမလေးဟာ ယုံကြည်မှုရှိရှိနဲ့ သူ့ဇာတ်လမ်းလေးကို ခပ်တည်တည် ဖတ်ပြသွားနိုင်ခဲ့ပါတယ်။ 

နောက်ထပ်မှတ်မှတ်ရရ ရေးသားချက်တစ်ခုကတော့ ထိုင်းလူမျိုးနဲ့ လာအိုလူမျိုး အထက်တန်း ကျောင်းသားလေး နှစ်ယောက် စုပေါင်းရေးကြတဲ့ ကဗျာပါ။ “အထက်တန်းကျောင်း” လို့ ခေါင်းစဉ်ပေးထားတဲ့ စာကြောင်းလေးတွေကို အစကတော့ ကဗျာလို့ပဲ ထင်မိတာပါ။ အတန်းရှေ့မှာ ထွက်ပြီး ရွတ်ပြတဲ့အခါ ဟစ်ပ်ဟော့ သီချင်းဖြစ်နေပါတယ်။ တစ်ယောက်က စာသားတွေရွတ် တစ်ယောက်က ပါးစပ်ဆိုင်းနဲ့ သီဆိုပြသွားတာ  အံ့သြစရာစွမ်းရည်တွေပါပဲ။ ဂျပန်မလေး တစ်ယောက်ကတော့ ပုံပဲဆွဲချင်တယ် စာတွေ မရေးချင်ဘူး ဆိုပြီး identity ဆိုတဲ့ ခေါင်းစဉ်ကို သရုပ်ဖော်ထားတဲ့ ကာတွန်းကွက်လေးတွေ ဆွဲပြခဲ့ပါတယ်။ 
(ဟစ်ပ်ဟော့ သီချင်း ဆိုပြနေတဲ့ ထိုင်းကျောင်းသားလေးနဲ့ လာအိုကျောင်းသားလေး)

(သူဆွဲထားတဲ့ ကာတွန်းတွေကို ပြနေတဲ့ ဂျပန်ကျောင်းသူလေး)


ဒီကလေးတွေရဲ့ နောက်ခံကို ကျွန်မတို့ သေသေချာချာမသိပါဘူး။ ဒါပေမယ့် ကျွန်မစိတ်ထဲမှာ သူတို့ထဲက တချို့ရဲ့ နောက်ခံဇာတ်ကြောင်းတွေမှာ သိပ်မလှပတဲ့ အကြောင်းတွေလည်း ပါဝင်နိုင်တယ်လို့ ခန့်မှန်းမိပါတယ်။ ဥပမာ - တချို့ဟာ နယ်စပ်ကနေ ခိုလှုံလာတဲ့ ဒုက္ခသည်လေးတွေလည်း ဖြစ်နိုင်ပါတယ်။ အာရုံဝင်စားပြီး စိတ်ကူးတွေ ညှစ်ထုတ်တဲ့အခါ မလိမ်ညာတတ်တဲ့ ကလေးတွေပီပီ စိတ်ထဲမှာ တကယ်ရှိတာတွေကို ချရေးတတ်ကြပါတယ်။ သူတို့ရဲ့ အတိတ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ရေးတဲ့အခါ   အနုတ်လက္ခဏာဆောင်တဲ့ အရေးအသားတချို့ကို တွေ့ရပါတယ်။ ကလေးမလေး တစ်ယောက်ကတော့ သူ့ကို လူတိုင်းကမုန်းတယ်။ ဘယ်သူမှမချစ်ကြဘူး၊ သူကလည်း ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး စသည်ဖြင့် ရေးနေတာကို တွေ့တဲ့အတွက် သူ့အနားမှာ ထိုင်ပေးပြီး တခြားမေးခွန်းတွေကို အာရုံပြောင်းအောင် မေးပေးရပါတယ်။

အဲဒီ သင်တန်းအပြီး နောက်ထပ်နေရာတွေကို မသွားခင်မှာတော့ အခုလို ငယ်စဉ်ဘဝက ဝမ်းနည်းစရာ၊ မမှတ်မိချင်စရာ အဖြစ်အပျက်တွေ ကြုံတွေ့နိုင်မယ့် ကလေးတွေ၊ လူနည်းစု လူမျိုးနွယ် ဖြစ်နေတဲ့ ကလေးတွေကြုံလာခဲ့ရင် ပိုသတိထားပြီး သူတို့အတွက် စိတ်ခံစားမှု မကောင်းစေမယ့် အကြောင်းအရာတွေကို ရှောင်ရှားကြဖို့ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ 

စက်တင်ဘာ ၂၀ ရက်နေ့မှာ နောက်ထပ် သွားရောက်ခဲ့တဲ့ မြို့ကတော့ အိုင်အိုဝါ ပြည်နယ်ထဲကပဲ စပစ်ရစ် လိပ်ခ် (Spirit Lake) ဆိုတဲ့ မြို့ပါ။ အဲဒီမြို့ဟာ IWP ရဲ့ coordinator ဂျိုး (Joseph Tiefenthaler)  ရဲ့ ဇာတိမြို့လေးလည်း ဖြစ်ပါတယ်။ အဲဒီနေရာကတော့ အိုင်အိုဝါမြို့ကနေ အတော်လေး အလှမ်းဝေးတာမို့ ညအိပ်ညနေ သွားခဲ့ကြရပါတယ်။ ဒီတစ်ခါတော့ သင်တန်းမှာ ကူညီဖို့ လိုက်ပါလာကြတဲ့ IWP စာရေးဆရာတွေက အီရတ်က ဂူလာလာ၊ ချီလီက မာတီးရားစ်၊ ဘော့စဝါနာက တီဂျေ၊ နေဘုန်းလတ်နဲ့ ကျွန်မ တို့ဖြစ်ပါတယ်။ 

သွားတဲ့ လမ်းတလျှောက်မှာ ပြောင်းဖူးခင်းတွေကို တမျှော်တခေါ် မြင်နေရပါတယ်။ မြို့အဝင်နားမှာတော့ စွမ်းအင်ထုတ်လုပ်တဲ့ လေရဟတ် (windmill) တွေကို တွေ့ရပါတယ်။ ဒါကတော့ ကျွန်မတို့နိုင်ငံမှာ မရှိတဲ့အရာတွေပါ။ အဲဒီအချိန်မှာ တီဂျေက “ဝတ္ထုတစ်ပုဒ်ကို သတိရလိုက်တာ” လို့ ကောက်ခါငင်ကာ ပြောပါတယ်။ သူက စာအုပ် နာမည်ကို မေ့နေပါတယ် ။ “ဟို.. ဒွန်.. ဒွန်နဲ့စတယ်လေ” တဲ့။  ဒွန်ရယ် လေရဟတ်ရယ် ဆက်စပ်ပြီး ကျွန်မလည်း ချက်ချင်း သိလိုက်ပါတယ်။ “စပိန် စာရေးဆရာ ဆာဗန်းတေးစ်ရဲ့ ဒွန်ကီရောတေး (Don Quixote) မဟုတ်လား” ဆိုတော့ သူက ဝမ်းသာအားရ ခေါင်းညိတ်ပါတယ်။ 
(စပစ်ရစ်လိပ်ခ် မြို့အဝင်မှ လေရဟတ်များ)
 မြို့အဝင်မှာ ဂျိုးရဲ့အမေအိမ်ကို ခဏဝင်ခဲ့ကြပါတယ်။  ဂျိုးရဲ့ အမေက ကျွန်မတို့အတွက် ညစာ ချက်ပြုတ် ပြင်ဆင်ထားပါတယ်။ အဲဒီနေရာဟာ အိုင်အိုဝါမြို့နဲ့စာရင် သိသိသာသာ အေးလှပါတယ်။ ညစာစားပြီးတဲ့အခါ ကျွန်မတို့အတွက် မီးပုံပွဲလည်း လုပ်ပေးပါတယ်။ အဲဒီနောက် တည်းခိုနေထိုင်ရမယ့် မြို့ထဲ ရေကန်အနားက လှပတဲ့ ဘန်ဂလိုတွေဆီကို ရောက်လာပါတယ်။   ဘန်ဂလိုနားက ရေကန်ဟာ နွေရာသီမှာဆိုရင် အပန်းဖြေသူတွေနဲ့ စည်ကားနေတယ် လို့ ဂျိုးက ပြောပြပါတယ်။ ခရီးပန်းလာလို့ တချို့က နားကြပေမယ့် ကျွန်မနဲ့ စာရေးဆရာတချို့ဟာ ဂျိုးနဲ့အတူ ရေကန်ရှုခင်းကို ညမှောင်မှောင်မှာ သွားကြည့်ရင်း လေညင်းခံကြပါသေးတယ်။
စပစ်ရစ် လိပ်ခ် မှာ သင်တန်းတက်ဖို့ ရောက်လာကြတဲ့ ကလေးတွေကတော့ ဒီမွိုင်းမှာလောက် မများပြားပါဘူး။ အဲဒီကလေးတွေကတော့ အမေရိကန် မြို့ခံလေးတွေဖြစ်ကြပါတယ်။ သူတို့က ကိုယ့်ကိုယ်ကို ပိုပြီး ယုံကြည်မှုရှိပြီးတော့ သွက်လက်ကြတာကို သတိထားမိပါတယ်။ အဲဒီ သင်တန်းကျောင်းမှာကတော့ သင်ထောက်ကူပစ္စည်းတွေ စုံလင်ပါတယ်။ ကျောင်းက ကျယ်ဝန်းပြီး ပန်းချီပြခန်းလည်း ရှိပါတယ်။ 

ဒီသင်တန်းမှာတော့ ကလေးအရေအတွက် နည်းပြီး ကျွန်မတို့က လူများနေတဲ့အတွက် ­­­­­ကလေးတွေ အနေခက်မှာစိုးလို့ စာသင်နေတုန်း ဓာတ်ပုံရိုက် မှတ်တမ်းတင်တာကို သိပ် မလုပ်ဖြစ်ခဲ့ကြပါဘူး။ သင်တန်းပြီးမှသာ သူတို့နဲ့ စုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။ ဒီသင်တန်းမှာတော့ အချိန်လည်းရတဲ့အတွက် ကဗျာရွတ်ဆိုမှုမှာ အထူးကျွမ်းကျင်တဲ့  တီဂျေဒီးမားက သူတို့ရေးထားတဲ့ စာတွေကို ပရိသတ်ရှေ့မှာ အသံထွက် ရွတ်ဆိုတဲ့အခါ ဘယ်လိုဟန်ပန်နဲ့ အသံနေအသံထား ပီပြင်အောင် ရွတ်ဆိုရမယ် ဆိုတဲ့ အခြေခံ အချက်ကလေးတွေကို သင်ပြပေးခဲ့ပါတယ်။ ကလေးတွေကလည်း သူတို့စိတ်တိုင်းကျ လေ့ကျင့်ပြီးမှ သူတို့ရေးထားတာလေးတွေကို သေသေချာချာ ရွတ်ဖတ်ပြခဲ့ပါတယ်။ အဲဒီလို သင်တန်းတွေကို အပတ်စဉ်တိုင်း တခြားမြို့တွေမှာလည်း လှည့်လည်ဖွင့်လှစ် ခဲ့ပါတယ်။ ကျွန်မက အခုဖော်ပြခဲ့တဲ့မြို့ ၂ မြို့ကို လိုက်ပါခဲ့ပါတယ်။ အဲဒီသင်တန်းတွေအားလုံးမှာ ရေးသားခဲ့တဲ့ ကလေးတွေရဲ့ လက်ရာတွေကို စုစည်းပြီးတဲ့အခါ The Iowa Youth Writing Project က စာအုပ်တစ်အုပ် ထုတ်ဝေပေးမှာပါ။ 
(စပစ်ရစ်လိပ်ခ်မြိှု့ တီထွင်ဖန်တီး စာရေးသားခြင်းသင်တန်း)

(စပစ်ရစ်လိပ်ခ်မြို့ တီထွင်ဖန်တီး စာရေးသားခြင်းသင်တန်း)


ဒီလို ရက်တိုသင်တန်းလေးတွေကို ကျွန်မတို့ဆီမှာလည်း စာရေးဆရာတွေက ကျောင်းဆရာတွေနဲ့ ပူးပေါင်းပြီး စေတနာ့ဝန်ထမ်း လိုက်လံဖွင့်လှစ်ပေးနိုင်ရင် ကောင်းမယ် လို့ တွေးမိပါတယ်။ အထူးသဖြင့် ပုဂ္ဂလိက ကျောင်းတွေမှာသာ ရရှိနိုင်တဲ့ သင်ရိုးညွှန်းတန်းပြင်ပ ပညာရေးကို သင်ယူခွင့် မရနိုင်တဲ့ နွမ်းပါးတဲ့ ဒေသက အစိုးရကျောင်းတွေ၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတွေမှာ ချိတ်ဆက်ပြီး သင်ကြားနိုင်ရင် ကောင်းမယ်လို့ တွေးမိပါတယ်။ တစ်ခုရှိတာကတော့ ဒီလိုသင်တဲ့နေရာမှာ ကျွန်မတို့ရဲ့ ပညာရေးစနစ်ဟောင်းမှာ အရိုးစွဲလာခဲ့တဲ့ ဆရာကသာ တဖက်သက် ပို့ချသင်ကြား လိုတဲ့ အလေ့အထကိုတော့ ဖျောက်ပစ်လိုက်ဖို့ လိုပါလိမ့်မယ်။ တီထွင်ဖန်တီးမှုနဲ့ ပတ်သက်လာရင် ကလေးတွေကို ဘယ်လို သင်ကြားပေးလိုက်မယ်လို့ ကိုယ့်ကိုယ်ကို ဆရာသဖွယ် သဘောထားလို့ မရပါဘူး။ ကလေးတွေမှာ ပင်ကိုယ်သဘာဝအားဖြင့် တီထွင်ဖန်တီးနိုင်စွမ်းတွေ အံ့မခန်းရှိပါတယ်။ ကလေးတို့ရဲ့ သန့်စင်တဲ့ စိတ်ကူးဥာဏ်မှာ အကန့်အသတ်မရှိပါဘူ။ အဲဒါတွေကို ဖန်တီးမှုရလာဒ်အဖြစ် ထွက်ပေါ်လာအောင် လူကြီးတွေက လှုံ့ဆော်ပေးမယ့်၊ အားပေးတိုက်တွန်းမယ့် အခန်းကဏ္ဍက ဖြည့်စွက်ပါဝင်ဖို့သာ လိုအပ်ပါတယ်။


၁၂။ Spirit Lake ရဲ့ စာအုပ်ဆိုင်က ဝတ္ထု/ကဗျာရွတ်ပွဲ နဲ့  ရေကန်ထဲမှာ လှေစီးကြခြင်း

စပစ်ရစ်လိပ်ခ် ကို ရောက်တုန်းရောက်ခိုက်မှာ စာပေဖတ်ပွဲတစ်ပွဲ ကျင်းပဖို့လည်း  ဂျိုးက စီစဉ်ပေးခဲ့ပါတယ်။ IWP မှာ အိုင်အိုဝါမြို့က စာပေရွတ်ပွဲ အနည်းဆုံး တစ်ပွဲဟာ IWP စာရေးဆရာတွေ မဖြစ်မနေ ပါဝင်ဆင်နွှဲရမယ့် အစီအစဉ်တွေထဲမှာ ပါပါတယ်။ အဲဒီ ရွတ်ပွဲတွေမှာ ကျွန်မရဲ့ အလှည့် မကျသေးတာမို့ အခု စပစ်ရစ်လိပ်ခ် မှာ ရွတ်ဆိုတဲ့ပွဲဟာ ကျွန်မအတွက်တော့ အမေရိကမှာ ပထမဆုံး ကဗျာရွတ်ရမယ့် ပွဲဖြစ်လာခဲ့ပါတယ်။

ဒီပွဲမှာ သင်တန်းကို လိုက်ပါလာကြတဲ့ စာရေးဆရာတွေအားလုံးဖြစ်တဲ့ ဂူလာလာ၊ မာတီးရားစ်၊ တီဂျေ၊ နေဘုန်းလတ်နဲ့ ကျွန်မတို့ အားလုံး ရွတ်ကြမှာဖြစ်ပါတယ်။ မာတီးရားစ် ကတော့ ဝတ္ထုရေးဆရာ ဖြစ်တဲ့အတွက် သူ့ဝတ္ထုရှည်တစ်ပုဒ်ရဲ့ ကောက်နုတ်ထားတဲ့ စာသားတွေကို ဖတ်ပြပါတယ်။ ကျန်သူတွေအားလုံးက ကဗျာရွတ်ကြပါတယ်။ စာအုပ်ဆိုင်ထဲမှာ လာရောက်ကြည့်ရှု အားပေးကြသူတွေဟာ မြို့ခံ အရပ်သူအရပ်သားတွေပါ။ သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေ ပိုများတာကို သတိထားမိပါတယ်။ 

လမ်းမကြီးရဲ့ ဘေးမှာ တည်ရှိတဲ့ Hill Avenue Book Co. စာအုပ်ဆိုင်ထဲက ထိုင်ခုံလေးတွေ စီချထားတဲ့ နေရာလေးဟာ အသံလုံ အခန်းတစ်ခုမဟုတ်ပါဘူး။ ခန်းခန်းနားနားလည်း သိပ်မရှိလှပါဘူး။ ဒါပေမယ့် တက်ရောက်လာကြတဲ့ ပရိသတ်ဟာ စည်းကမ်းတကျ တိတ်ဆိတ်ငြိမ်သက်လှပါတယ်။ ရွတ်ဖတ်သမျှ စာတွေကို အသေအချာ နားစွင့်ပြီး တလေးတစား နားထောင်ကြပုံဟာ စာရေးဆရာတွေအဖို့ တကယ့်ကို အားတက်စရာပါ။ အဲဒီနေ့က ကျွန်မရဲ့ ကဗျာ၂ ပုဒ်ဖြစ်တဲ့ “ဟစ်တလာနဲ့ ချေဂွေဗားရား ဘီယာဘားမှာ စကားစမြည်ပြောကြတယ်” နဲ့ “မြို့ပြသူလေးနဲ့ တစ်ညနေ” တို့ရဲ့ အင်္ဂလိပ်ဘာသာပြန်တွေ ကို ရွတ်ခဲ့ပါတယ်။ 
(စာပေရွတ်ပွဲအတွက် ကြော်ငြာထားတဲ့ ပိုစတာ)

(စပစ်ရစ်လိပ်ခ်မြို့ စာအုပ်ဆိုင်ထဲက စာပေရွတ်ပွဲကို တက်ရောက်လာကြသူအချို့)
(စပစ်ရစ်လိပ်ခ်မြို့ စာအုပ်ဆိုင်ထဲက စာပေရွတ်ပွဲမှာ ပန်ဒိုရာ ကဗျာရွတ်နေစဉ်)


ဒီနေရာမှာ ကဗျာဆရာမလေး တီဂျေဒီးမားအကြောင်း နည်းနည်း ပြောပြချင်ပါတယ်။ သူဟာ အသက် ၃၀ ဝန်းကျင်သာရှိသေးပေမယ့် ကဗျာနဲ့ပတ်သက်ရင် သူ့နိုင်ငံမှာ ဦးဆောင်ဦးရွက် လုပ်ဆောင်နေသူပါ။ သူက spoken poetry ဆိုတဲ့ စကားပြောကဗျာကို အထူး အလေးပေး လုပ်ဆောင်နေသူပါ။ ကျွန်မနဲ့သူဟာ ကိုယ့်နိုင်ငံတွေ အကြောင်းရော ကဗျာအကြောင်းကိုပါ မကြာခဏ စကားပြောဖြစ်ကြပါတယ်။ သူဟာ ကဗျာကို စာရွက်မကြည့်ပဲ အလွတ်ရွတ်ဆိုလေ့ရှိပါတယ်။ ဘော့စဝါနာရဲ့ ကဗျာဟာ စကားပြော ဘာသာစကားနဲ့ အသံကို အခြေခံတယ်ဆိုတဲ့ အယူအဆကို လက်ကိုင်ပြုထားပြီး အသံကို အားပြုပြီး ရွတ်သူပါ။ သူ့ရဲ့ အလွန်ဆွဲဆောင်မှု ရှိတဲ့ ကဗျာရွတ်ဆိုမှုကို အဲဒီပွဲမှာ ကျွန်မ ပထမဆုံး မြင်ဖူး ကြားဖူးခဲ့ရပါတယ်။

အဲဒီခရီးစဉ်ဟာ ဂျိုးရဲ့ ဇာတိမြို့ဖြစ်တာကြောင့် အစီအစဉ်တွေ ချိတ်ဆက်ထားတာ အဆင်ပြေလှပါတယ်။ ဂျိုးရဲ့ အမျိုးတွေ အကုန်လုံးက ကျွန်မတို့ကို လှိုက်လှိုက်လှဲလှဲ ဖော်ဖော်ရွေရွေ ကူညီကြပါတယ်။ ရှေ့မှာ ပြောပြခဲ့တဲ့အတိုင်း ဂျိုးရဲ့အမေက ညစာကျွေးခဲ့တယ်။ ဂျိုးရဲ့ အဖေကတော့ တည်းခိုဖို့ ဘန်ဂလို ရအောင် စီစဉ်ပေးခဲ့ပါတယ်။ ဂျိုးရဲ့ အဒေါ် က မော်တော်ဘုတ် တစ်စီးနဲ့ ရောက်လာပြီး ကျွန်မတို့ကို ကန်ထဲမှာ လိုက်ပြပါတယ်။ အဲဒီနေ့က ကောင်းကင်ဟာ ပြာနှမ်းနေပြီး တိမ်တွေအဆုပ်ဆုပ်နဲ့ သိပ်ကို သာယာလှပပါတယ်။ လေတဖြူးဖြူးနဲ့ လှေစီးနေရင်း အမိမြေက အင်းလေးကန်ကိုလည်း သတိရမိပါတယ်။ 
(ဂျိုးရဲ့ အဒေါ်က အဲဒီ မော်တော်ဘုတ်နဲ့ လာခေါ်ခဲ့ပါတယ်။)

(Spirit Lake ရေကန်မြင်ကွင်း)
( လှေပေါ်မှာ ထိုင်နေကြတဲ့ ဘော့စဝါနာက တီဂျေ၊ အီရတ်က ဂူလာလာနဲ့ IWP ရုံးဝန်ထမ်း အမ်မလီ)
ဒီဒေသဟာ အိုင်အိုဝါရဲ့ ထင်ရှားတဲ့ အပန်းဖြေနေရာတစ်ခု ဖြစ်ပါတယ်။ အိုင်အိုဝါပြည်နယ်ရဲ့ ဒစ်ကင်ဆင် နယ်မြေ (Dickinson County) မှာ ရှိတဲ့ Spirit Lake, West Okoboji and East Okoboji ရေကန်အစုအဝေးကို Iowa Great Lakes လို့ခေါ်ပါတယ်။ ဒေသတစ်ခုလည်း ခြုံပြီး Okoboji လို့လည်း ခေါ်ပါတယ်။ Spirit Lake က အကြီးဆုံးဖြစ်ပြီး ၂၃ စတုရန်းမီတာ ကျယ်တယ်လို့ဆိုပါတယ်။
အဲဒီလို ရေကန်ထဲမှာ လျှောက်လည်ရတာ အမေရိကကိုရောက်မှ ဒါဟာ ဒုတိယအကြိမ်ပါ။ 

အိုင်အိုဝါမြို့ကို ရောက်ပြီး တစ်ပတ်လောက်အကြာတုန်းက တနင်္ဂနွေတစ်နေ့မှာလည်း မြို့အနီးအနားက Lake Macbride ရေကန်ကို IWP ရုံးအဖွဲ့က လိုက်ပို့ကြပါသေးတယ်။ အဲဒီရေကန်ထဲမှာတော့ လူ ၄ ယောက် စီးလို့ရတဲ့ ခြေနင်းလှော်ရတဲ့ လှေကလေးမှာ အီရတ်က ဂူလာလာ၊ အီရန်က ယာကုဘ်၊ နေဘုန်းလတ်နဲ့ ကျွန်မတို့ လျှောက်စီးဖြစ်ခဲ့ကြပါတယ်။ ကန်အနီးတဝိုက်က တောအုပ်ကလေးမှာလည်း လမ်းလျှောက်ပြီး ဓာတ်ပုံရိုက်ဖြစ်ကြပါတယ်။ အပြန်မှာ Wilson’s Apple Orchard ပန်းသီးခြံကို လိုက်ပို့ပေးပါတယ်။ ပန်းသီးခြံထဲမှာ Bessie လို့ နာမည်ပေးထားတဲ့ လယ်ထွန်စက်ကားကြီးကို စီးပြီး ပန်းသီးပင်တွေ ရွှေဖယုံခင်းတွေကို လျှောက်ကြည့်ဖြစ်ကြပါတယ်။ 
(Lake Macbride ရေကန်ဘေးမှာ ထိုင်ရင်း စကားပြောနေကြတဲ့ IWP စာရေးဆရာတွေ)

(ပန်းသီးခြံကို လှည့်လည်ကြည့်ကြစဉ်)


ကမ္ဘာပေါ်မှာ အဖွံ့ဖြိုးအတိုးတက်ဆုံး နိုင်ငံကြီးတစ်ခုကို ရောက်နေတဲ့အခိုက်မှာ အခုလို သူတို့ရဲ့ ကျေးလက် နယ်ဒေသတွေကို သွားရောက် လေ့လာခွင့်ရတာ အလွန်ကြီးမားတဲ့ အခွင့်အရေးတစ်ရပ်လို့ ကျွန်မကတော့ မှတ်ယူပါတယ်။ အိုင်အိုဝါမြို့ အနီးအနားက ပရေရီမြက်ခင်းပြင် ရှိရာဒေသက ကျေးလက်အိမ်တစ်အိမ်ကိုလည်း IWP အစီအစဉ်နဲ့ သွားလည်ခွင့်ရခဲ့ပါတယ်။ အဲဒီ့အပြင် ယာခင်းမှာ နေထိုင်တဲ့ ဂူလာလာရဲ့ မိတ်ဆွေတစ်ယောက်က ဖိတ်ခေါ်ကျွေးမွေးလို့လည်း ပိတ်ရက်တစ်ရက်မှာ ဂူလာလာနဲ့ အတူကပ်လိုက်ပြီး ရောက်ဖူးခဲ့ပါသေးတယ်။  

(ဆက်လက်ဖော်ပြသွားပါမည်။)


၂၀၁၃ ဂျွန်လ စတိုင်သစ်မဂ္ဂဇင်းတွင် ဖော်ပြပြီး။  


အပိုင်း (၁) သို့  
အပိုင်း(၂) သို့





Expand..