ပြာစင်နေသော မိုးသားနောက်ခံမှာ တိမ်ဖြူဖြူ နုနုလေးတွေက အုပ်ဖွဲ့ကာ တငြိမ့်ငြိမ့် တလှုပ်လှုပ်။ သူတို့ကို မှန်သားပြင်မှဖြတ်ကာ ငုံ့မိုးကြည့်ရင်း ကျေကျေနပ်နပ် ပြုံးမိသည်။ ချစ်စရာ ကောင်းလိုက်တာ။ ဂွမ်းစလေးတွေနဲ့ မတူဘူးလားဟင်။ ဒီနေ့မှ ရာသီဥတုကလည်း အထူးကို သာယာနေတော့တာ။ အင်းလေ..။ မိုးမှောင်တွေ ကင်းစင်လို့ ကြည်လင်တဲ့ အချိန်ကို ရောက်ခဲ့ပြီ ဆိုတော့လည်း….။
ကြည့်စမ်း။ လေထုထဲမှာ ပိုင်ပိုင်နိုင်နိုင် မြင်နေရတာ.. အဖြူ.. အပြာ….။ အဖြူဆိုတာ သန့်ရှင်းဖြူစင်မှု..။ အပြာဆိုတာ ငြိမ်းချမ်းခြင်း…။ အဲသည်လို လူတိုင်း နားလည်ပြီးသား သမားရိုးကျ အဓိပ္ပာယ်တွေကိုပဲ ပြန်လည်တွေ့ရှိဖို့ဆိုတာ တချို့တွေ အတွက်တော့ ဆယ်စုနှစ်ပေါင်း များစွာ ဖြတ်သန်းခဲ့ရသည်ပဲ။
ကိုယ်က ပြုံးလိုက်ပြန်သည်။ ကိုယ်က ပြုံးပြီးရင်း ပြုံးနေတော့သည်။ မြေပြင်က တဖြည်းဖြည်း နီးလာပြီ။ ရင်ထဲမှာ တလှပ်လှပ် တဒုတ်ဒုတ် ခုန်လာတဲ့ ခံစားမှုဟာ လေယာဉ်ကြီး နိမ့်ဆင်းလာတာကြောင့် သက်သက် ဟုတ်ပါရဲ့လား။ ဒီတခါ ပျံသန်းလာရသည့် ခရီးက ခါတိုင်းနှင့် မတူလေ။ ဒါက အိမ်အပြန်ခရီး။ အိမ်.. အိမ် ဆိုသည့်အရာကို အပြီးအပိုင် ပြန်လာခဲ့သည့် ခရီး။
ထွက်ခွာလာခဲ့ကြသည့် နေရာ၊ ရောက်လာကြသည့် အချိန် တွေက ကွဲပြားကြမည်။ ကိုယ့်ထက် စောသူတွေ ရှိမည်။ ကိုယ့်ထက် နောက်ကျသူတွေလည်း ရှိမည်။ ဘယ်လိုဖြစ်ဖြစ် ဒီနေ့အဖို့တော့ ကိုယ်တို့ အားလုံး ရောက်ကြတဲ့အခါ အိမ်တွေကို တန်းမသွားပဲ ဒီနေရာကနေ အားလုံးကို စုဆုံကြဖို့ပါပဲ။
“အားလုံးကို အမိမြေက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုပါ၏။”
ရွှေရောင်လက်နေသော ဆိုင်းဘုတ် တစ်ခုက နေခြည်အောက်မှာ ၀င်းနေသည်။ ဆိုင်းဘုတ်တွေ စာတန်းတွေ လမ်းဘေး ၀ဲယာမှာ ဟိုယခင်က တွေ့ခဲ့ ဖတ်ခဲ့ဖူးသည်။ အခု ဒီစာတန်းကတော့ အမှန်တကယ်ကို အဓိပ္ပါယ် အများကြီး ပြည့်ဝနေပြီလေ။
လေပြည်က ကိုယ့်ပါးပြင်ပေါ် ဖြတ်တိုက်လာသည်။ ဖုန်မှုန့်တွေ နည်းနည်းပါးပါး ပါကောင်းပါဦးမည်။ ဘယ်လိုဖြစ်ဖြစ်လေ။ အဲဒီ အမိမြေအစစ်က ဖြတ်တိုက်လာတဲ့ လေပြည်အေးဟာ အားလုံးဆီ တူညီစွာ ရောက်လာနိုင်ဖို့ ကိုယ်တို့ကြားမှာ ခြားထားခဲ့တဲ့ တံတိုင်းကြီးတွေ ပြိုပျက်ခဲ့ပြီတဲ့။
ကိုယ်တို့ တွေ့ကြရတော့မည်။ ၀မ်းသာကြမှာပါနော်။ .. နေသာမှ ပြန်လာမယ် မပြောပါနဲ့။ ခင်ဗျားတို့လာမှ နေသာရမှာပါ .. တဲ့။ အသံတစ်ခုကို ဖြတ်ခနဲ ကြားယောင်မိသည်။ နေသာမှ ပြန်လာတာ မဟုတ်ပါဘူးကွယ်။ တိမ်မိုက်တွေ ဖုံးနေတဲ့ နေလုံးကြီးကို တူးဖော်ဖို့အတွက် အချိန်တွေ ယူခဲ့ရပါတယ်။
“အရီးရေ အခုမှပဲ တစ်ယောက်နဲ့ တစ်ယောက် မြင်ဖူးတော့တယ်။”
ထုံးစံအတိုင်း ပွင့်ပွင့်လင်းလင်း အားပါးတရ လေသံဖြင့် အစ်မကြီးတစ်ယောက်က ပြောရင်း ပြေးဖက်လာမှာလား။
“ကျွန်တော် ယုံကြည်တယ်။ ကျွန်တော်တို့ အားလုံးမှာ တူညီတဲ့ နှလုံးသားတွေ ရှိတယ်။ အဲဒါကို မိုးပေါ်က လှိုင်းတွေကြားမှာ အနုပညာနဲ့ ၀တ်မှုန်ကူးခဲ့ကြတယ်”
ယူနီဖောင်းဝတ်ထားသည့် လူငယ်လေး တစ်ယောက်က ဒီလိုပြောလာလိမ့်မည်လား။
“ဖြစ်နိုင်ရင်ပေါ့လေ။ မသေခင်မှာ တွေ့ဖူးခဲ့ချင်သူတွေ များများစားစားတော့ မရှိပါဘူး။ အခုမှပဲ..”
တွေ့ချင်သူ တဦးဦးက ဒီ့ထက်ပိုပြီး စကားမဆက်နိုင်တော့ပဲ ဆို့နင့်နေမှာလား။
“လမ်းပေါ်မှာ လူအုပ်ကြီး ဖြတ်သွားတော့ ခဏ ဆိုပြီး အိမ်ပေါ်က ဆင်းလာလိုက်တာပါ။ အမေက ညနေ ထမင်းစား စောင့်နေမယ် မြန်မြန်ပြန်လာ လို့တောင် လှမ်းအော် လိုက်သေးတယ်။ ခဏဆိုပြီး ထွက်လာခဲ့တဲ့ ကျွန်တော် နောက်ဆုံးတော့ ပြန်ရောက်ခဲ့ပြီလေ..။ အမေကတော့…”
တယောက်ယောက်က ဒီလို ကြေကြေကွဲကွဲ ဇာတ်ကြောင်းပြန်နေမှာလား။
“ဟေ့.. ဘာတွေ စိတ်မကောင်း ဖြစ်နေကြသလဲ။ အခုတွေ့ကြပြီပဲ။ နေ့လည်ကျ မြို့ထဲမှာ ဒိန်ချဉ်သွားသောက်ကြရအောင်။ အဲဒီဆိုင် မထိုင်ရတာ အနှစ် ၂၀ကျော် ကြာပြီ။ ဟားဟား..”
တယောက်ယောက်က ဒီလို ပေါ့ပေါ့ပါးပါး ပြောလာလေမည်လား။
“အမယ်.. အပြင်မှာတော့ စကားပြောတာ ခင်ဗျား ကျနော် နဲ့ မပြောတော့ဘူးလား”
ဒီလို မေးလာလျှင်တော့ ကိုယ်က ရုပ်တည်နှင့် ပြုံးလို့သာ နေလိုက်ဦးမည်။
“ယူက တကယ်တွေ့တော့ ထင်တာထက် ပိုငယ်သားပဲ။ စာထဲမှာ အသက် ၅၀ ကျော် လေသံနဲ့ ရေးနေတာ။ ဟိဟိ..”
လူမှုရေးပါးနပ်ပြီး ပျော်တတ်သည့် သူငယ်ချင်း တစ်ဦးက ဒီလို စနောက်လာလျှင်တော့ ရှက်ချင်ယောင် ဆောင်လိုက်ဦးမည်။
“ကျွန်တော်တို့ မဂ္ဂဇင်း ထုတ်ကြမယ်နော်။ ဒီမှာ အားလုံး အဆင်သင့်ဖြစ်နေပြီ။ အစ်မတို့ အစ်ကိုတို့ ရောက်ဖို့ မျှော်နေတာ သိလား”
အလုပ်ကို ချက်ချင်းလုပ်ဖို့ စိုင်းပြင်းနေသော လူငယ်လေး တစ်စုလည်း ရှိကောင်းရှိမည်။ ဒီလို တက်တက်ကြွကြွ ပြောလာသူကိုတော့ အားလုံးက တွန်းထိုးဝိုင်းတိုက်ကာ ဟေ့ကောင် ဖြည်းဖြည်း လုပ်ပါကွ။ ခုမှ ခရီးရောက်မဆိုက်ကြီး ဟု အော်ချင် အော်ကြဦးမည်။
“အစ်မက တကယ်ပဲ နေနိုင်တယ်။ တစ်ကျွန်းထဲ နေတာများ တစ်ခါမှ အတွေ့မခံဘူး။ အခုမှပဲ သူများတွေနဲ့ အတူတူ ဆုံရတော့တယ်။”
ဒီလို စကားနာ ထိုးလာသူ တစ်ယောက်ယောက် ရှိလာလျှင်တော့ ကိုယ်က ချော့မော့ ရပါဦးမည်။
“ဟေး.. နေ့တိုင်း အစောကြီး အိပ်ရာထပြီး ရုံးကို တန်းပြေးစရာ မလိုတော့ဘူး။ မနက်ဖြန် မနက်စာကို မုန့်ဟင်းခါးစားရင်ကောင်းမလား။ ပဲပလာတာ စားရင်ကောင်းမလား။ ဒါမှမဟုတ် နန်းကြီးသုပ်..။ အုန်းနို့ခေါက်ဆွဲ…”
အစားပုပ်သူ တစ်ယောက်က ဒီလို ပြောလာလျှင်တော့ အားလုံးက ၀ိုင်းရယ်ကြမည် ထင်သည်။
ကြည့်စမ်းပါကွယ်။ နေမင်းကြီးကလည်း ပြုံးလို့။ ကောင်းကင်ကြီးက ကြည်လင်လို့။ ငှက်တွေ ကျီကျီကျာကျာ တေးဆိုလို့။ လေပြည်က သာသာတိုက်ခတ်လို့။ ကိုယ်တို့အားလုံး ရယ်မောလို့။ မျက်ရည်တွေ ကျခဲ့လျှင်တောင် ၀မ်းသာလို့ပဲ ဖြစ်တော့မည်လေ။ ဟိုးရှေ့မှာ ကြမ်းတမ်းနေဦးမည့် လမ်းပျပျကိုတော့ တွဲဆက်ထားတဲ့ လက်တွေနဲ့ ပြန်လည်တည်ဆောက် အတူလျှောက်ကြရဦးမည်ပေါ့။
အကြောက်တရားရဲ့ အားပြိုင်မှုတွေ ပြိုကွဲသွားတဲ့အခါ…..
အနိုင်ကျင့်မှုတွေ၊ မတရားမှုတွေ၊ မရိုးသားမှုတွေ၊ မသင်္ကာမှုတွေ၊ အမုန်းတွေ၊ အာဃာတတွေ အားလုံး ပါးလျသွားကြတဲ့ အခါ…..
ကွေကွင်းနေတဲ့ ချစ်သူတွေကြားက သောကတွေ၊ မိခင်တို့ရဲ့ မျက်ရည်ပေါက် ကြီးငယ်တွေ လွင့်စင်ခမ်းခြောက် သွားတဲ့အခါ…..
ရွေးချယ်စရာမရှိလို့ ဆွံ့အနေခဲ့ကြတဲ့ နှလုံးသားတွေ စကားပြောခွင့် ပွင့်လင်းသွားတဲ့အခါ…….။
ပန်ဒိုရာ
craton ,
mirror ,
မွန်
တို့က တက်ဂ်ထားလို့ ရေးထားတဲ့ စိတ်ကူးယဉ်အိပ်မက် ပါ။ ဖတ်မိတဲ့ ဘယ်သူမဆို စိတ်ကူး ဆက်ယဉ်နိုင်ကြပါတယ်။
Tuesday, December 30, 2008
တိမ်တွေကြားမှာ မှုန်းထားတဲ့ပန်းချီ
Monday, December 29, 2008
နာမည်
ဘာရယ်မဟုတ်ပါဘူး။ ပေါ့ပေါ့ပါးပါးပါ။ ဘောလုံးလေးတွေ ပုံကို ဘယ်သူရိုက်သလဲ ပန်ဒိုရီလား လို့ မေးကြလို့ပါ။ အချုပ်တန်းဆရာဖေရဲ့ ကဗျာလေးတစကို သတိရသွားတယ်။ (ရိုင်းသွားရင်တော့ ခွင့်လွှတ်ပါ။ ဆရာဖေ စတိုင်ကတော့ သိတဲ့အတိုင်းပေါ့)။ “စာကောင်းရင် မအေပေးတွေက စလေရေး ထင်ကြတယ်” တဲ့။ စာကောင်းရင် စလေဦးပုည ရေးတယ်လို့ပဲ လူတွေက ထင်ကြလို့ သူက မခံချိမခံသာ ဖြစ်သွားခဲ့တာ ရယ်စရာတော့ ကောင်းသား။ သူ့စာတပုဒ်ကို ဦးပုညရေးတယ်လို့ လူတွေထင်ခဲ့ကြလို့ ထင်ပါရဲ့။
ပန်ဒိုရီက တကယ်တော့ အနုပညာတွေဘာတွေ တခါမှ ပြောတာမဟုတ်ဘူး။ ၀ါသနာလည်း တခုမှ မပါပါဘူး။ ဒါပေမယ့် တခါတခါတော့ ကိုယ်လုပ်တာတွေကို ဘေးကနေ သူဝေဖန်ပြတာတို့ ဓာတ်ပုံလေးဘာလေး ရိုက်လိုက်တာတို့က မဆိုးဘူး။ (ကိုယ့်လူကိုယ် ချီးမွမ်းနေတယ် :P) ဟိုတခါ ဘန်နာ တွေအကြောင်း တင်တဲ့ပို့စ်မှာ ဦးပိန်တံတားမှာ ပန်ဒိုရီ ရိုက်တဲ့ပုံလေးကို လူတွေ သဘောကျကြပါတယ်။ အမြင်ထောင့်လေး ကောင်းတယ် ဘာညာပေါ့။ ဒါနဲ့ပဲ ဓာတ်ပုံကောင်းရင် သူရိုက်တယ်လို့ ထင်တာလားဟင်။ ဟဲဟဲ။ အခု ဒီပုံတွေကတော့ ပန်ဒိုရာ ရိုက်တာပါ။ နောက်တခါမှ နေရာအတူတူကို ကင်မရာ၂ လုံးနဲ့ တချိန်တည်း ရိုက်ပြီး ပန်ဒိုရီ ပန်ဒိုရာ ဓာတ်ပုံ ပြိုင်ပွဲကြီး လုပ်ဦးမယ်။
ဒါနဲ့ ဆက်စပ်ပြီး ဖေဖေ မကြာခဏ ပြောပြလေ့ရှိတဲ့ ဟာသ ပုံပြင်လေး တပုဒ် ကို သတိရသွားပါတယ်။ တိုက်ရိုက်တော့ မဆိုင်ပါဘူး။ ကြားဖူးပြီးသားလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် တနင်္လာနေ့ အပျင်းပြေ ပြောပြလိုက်ပါတယ်။
တခါက ရွာတရွာမှာ ဦးမောင်စိန် ဒေါ်မယ်လှ ဆိုပြီး ဇနီးမောင်နှံ ရှိကြသတဲ့။ ဦးမောင်စိန်က ခပ်အေးအေး ဒေါ်မယ်လှက ခပ်သွက်သွက် အပေါင်းအသင်းလည်း များ ဆိုပါတော့။ သူတို့ လင်မယားနှစ်ယောက် မှာ ဒေါ်မယ်လှကိုပဲ လူသိများကြတယ်။
အစကတော့ ဦးမောင်စိန်က ဘယ်လိုမှ သဘောမထားပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ အိမ်ကို လာမေးတာကအစ ဒါ ဒေါ်မယ်လှ အိမ်လား ဆိုတာမျိုး ဖိတ်စာတွေ ဘာတွေ ကမ်းလာတဲ့အခါ ဒေါ်မယ်လှ နှင့် ခင်ပွန်း ဆိုတာမျိုး ဖြစ်လာတော့ နည်းနည်း စိတ်တိုလာတယ်။
ဒါနဲ့ပဲ ဦးမောင်စိန်ကိုယ်တိုင် ဥိးစီးပြီး အိမ်မှာ ဈေးဆိုင်လေး တဆိုင် ထဖွင့်ပါတော့တယ်။ ဒါပေမယ့်လည်း လူတွေက ဒေါ်မယ်လှဆိုင် ဒေါ်မယ်လှဆိုင် လို့ခေါ်ပြီးတော့ပဲ လာဝယ်ကြသတဲ့။ ဒီလိုနဲ့ မဖြစ်သေးဘူးဆိုပြီး ရွာက ချောင်းကူးတံတားလေးကို ပြန်ပြင်ပြီး လင်မယားနှစ်ယောက် ကဗျည်းထိုးလိုက်တယ်။ လူတွေက ဒေါ်မယ်လှတံတား လို့ပဲ ခေါ်ကြသတဲ့။
ဦးမောင်စိန်လည်း ဘုန်းကြီးကျောင်းမှာ ဇရပ်တစ်ဆောင် ဆောက်ပြီး လှူပြန်သတဲ့။ လူတွေက ဒေါ်မယ်လှ ဇရပ် လို့ပဲ ခေါ်ကြပြန်ရော။ ရွာဦးမှာ ထုံးဖြူဖြူစေတီလေး တစ်ဆူ တည်ပြန်တယ်။ ဘုရားတကာ မောင်စိန်တော့ ဖြစ်မလာဘူး။ ဒေါ်မယ်လှဘုရား လို့ပဲ လူသိများပြန်ပါလေရော။
နောက်ဆုံးတော့ ကြံရာမရဖြစ်ပြီး ဘိန်းစားတော့သတဲ့။ ဒီတော့မှပဲ ဘိန်းစားမောင်စိန် မောင်စိန်ဘိန်းစားလို့ ကိုယ်ပိုင်နာမည်တစ်လုံး တွင်သွားပါရောတဲ့ကွယ်။
ရယ်မောနိုင်ကြပါစေ။
Saturday, December 27, 2008
ရေပြင်ပေါ်က အလုံးလေးတွေ
ဘလော့ဂ် ခဏ ပိတ်ထားတာ ပြန်ဖွင့်လိုက်ပါတယ်။ စာဖတ်သူများ အခက်အခဲ ဒါမှမဟုတ် စိတ်အနှောက်အယှက် ဖြစ်သွားခဲ့ရင် အနူးအညွတ် တောင်းပန်ပါတယ်။
မြစ်ကမ်းကို ရောက်ခဲ့တယ်။ အရွယ်မျိုးစုံ ရာဘာဘောလုံးဖြူဖြူတွေပေါ်မှာ ကိုယ်ရေးချင်တာ တခုခုရေးပြီးရင် ရေထဲမှာ ချပေးနေတယ်။ တချို့လည်း ၂၀၀၉ အတွက် ဆုတောင်းစာတွေ ရေးကြမှာပေါ့။ တချို့လည်း အမှတ်တရ ရေးချင်တာတွေ ရေးမှာပေါ့။ ပိုက်ဆံမပေးရပါဘူး။ FOC ပါ။ ပြီးရင် သူတို့က လှေတွေနဲ့ လိုက်ချပေးတယ်။ ဘောလုံးတွေ ငြိမ်နေအောင် ခဲဆွဲထားတယ်။ နောက်တော့လည်း ပြန်သိမ်း အသစ်ချ လုပ်မှာပေါ့။ ဘယ်နေ့အထိလည်းတော့ မသိဘူး။
သူများတွေ ရေးနေတာကို ကြည့်ပြီး ကိုယ်လည်း တစ်လုံးလောက် ရေးပြီး မြစ်ထဲချခိုင်းမလား စဉ်းစားသေးတယ်။ နောက်တော့ မရေးဖြစ်ခဲ့ဘူး။
တကယ်လို့ အခုလို မြစ်ပေါ်မှာ အသေချထားတာ မဟုတ်ပဲ မျှောလိုက်လို့ရတာ ဆိုရင် ပိုကောင်းမယ်နော်။ ဒါဆိုရင်တော့ အရှေ့တောင်အာရှ ကျွန်းကလေးကနေ တခုခု ရေးခြစ်လွှတ်လိုက်တဲ့ ပူဖောင်းလေး တစ်လုံးဟာ ဥရောပအနောက်ဖက် ကမ်းခြေ တနေရာလိုမျိုးတောင် ရောက်ချင်ရောက်သွားမယ်လို့ စိတ်ကူးယဉ်လို့ ရမှာပေါ့။ ဒါပေမယ့်လည်း ပူဖောင်းလေးပဲလေ။ ဒီလောက် အဝေးကြီးဆိုရင် လမ်းခုလတ်မှာ ပေါက်သွားမှာပေါ့။ စိတ်ကူးယဉ် ဆိုတာတွေလည်း ဒီလိုပဲ မဟုတ်ဘူးလား။
Thursday, December 25, 2008
Tuesday, December 23, 2008
စက်ဘီးကလေး (ဘာသာပြန်)
ပန်ဒိုရာ ရေးခဲ့တဲ့ စက်ဘီးကလေး ဆိုတဲ့ အက်ဆေးကို စုနိုင် က အင်္ဂလိပ်လို ဒီမှာ ဘာသာပြန်ထားပါတယ်။ ပထမတော့ မူလအရေးအသား ပျက်မှာစိုးလို့ ဆိုပြီး သူက တစ်ကြောင်းချင်း တိုက်ရိုက် ဘာသာပြန်ထားတယ်။ ဘာသာဗေဒ တံတိုင်းကြီးက ဟန့်တားနေတော့ သိပ်မလှသလို ဖြစ်နေတယ်။ ဒါနဲ့ အင်္ဂလိပ် ပိုဆန်လိုက်ပါ လို့ သူလိုအပ်မယ် ထင်သလို ဖြုတ် ပြင် ဖြည့် အထွန့်တက်ခွင့် (modify ကိုဆိုလိုသည်။ :P) ပေးလိုက်တယ်။ ခံစားကြည့်ပါဦး။
Sunday, December 21, 2008
လွယ်အိတ်ကလေး လွယ်ကာ လွတ်လွတ်လပ်လပ် လမ်းလျှောက်ထွက်ခြင်း
လွယ်အိတ် ဟု ဆိုလိုက်လျှင် ငယ်ငယ် ကျောင်းသားဘ၀က လွယ်ခဲ့သော ပြည်တွင်းဖြစ် လွယ်အိတ်ကလေးများကိုသာ မြင်ယောင်သွားပါမည်။
လွယ်အိတ်ကလေးသည် မြန်မာရနံ့ဖြင့် သင်းထုံနေသည်။ လွယ်အိတ်ကလေးသည် ထည့်စရာ ရိုးရိုးကလေး ဖြစ်သည်။ လှသည်။ ချစ်စရာဖြစ်သည်။ သို့သော် ခေတ်မဆန်ပါ။ မခန်းနားပါ။
လွယ်အိတ်ကလေးက ကျောကုန်းပေါ်မှာ ခွစီးပြီး မလိုက်ပါ ပါ။ လက်ဖျားကလေးမှာ လက်ဖျံပေါ်မှာ ပခုံးဖျားမှာ မခို့မရို့ တွယ်ချိတ်ကာ မလိုက်ပါ ပါ။ ပခုံးက ဖြစ်စေ စလွယ်သိုင်း အနေအထားဖြင့် ဖြစ်စေ ကိုယ့်ကိုယ်ခန္ဓာ နံဘေးမှ ထပ်တူကပ်ကာ ပိုင်ပိုင်နိုင်နိုင် လိုက်ပါလေ့ရှိသည်။
ကျောပိုးအိတ်တလုံးလို ဇစ်များ ခါးပတ်ကွင်းများ ဘေးအိတ် အတွင်းအိတ် အိတ်အပိုများ ဖြင့် လုပ်ငန်းစဉ် အစုံအလင် မပါဝင်ပါ။ ဇစ်လည်းမပါသလို သော့ခတ်မရသဖြင့် မလုံခြုံဟု ဆိုလိုက ဆိုနိုင်မည်။ အမျိုးသမီးသုံး စလင်းဘက်ကလေး တစ်လုံးလိုလည်း လှလှပပ နုနုရွရွ မဖြစ်ပါ။ ပွဲနေပွဲထိုင်အတွက် မသင့်လျော်ဟု ယူဆလေ့ရှိပါသည်။
လုံခြုံမှုသည် လွတ်လပ်မှု၏ အလျော်အစား ဖြစ်ခဲ့ပါသလား။ ခန်းနားမှုသည် လွတ်လပ်မှု၏ အပေးအယူ ဖြစ်ခဲ့ပါသလား။ ပန်းဆိုးတန်း အဟောင်းဆိုင်မှာ မွှေနှောက်ဝယ်ယူလိုက်သော စာအုပ်တစ်အုပ်ကို လွယ်အိတ်ကလေးထဲ အလွယ်တကူ ပေါ့ပေါ့ပါးပါး ပစ်ထည့်လိုက်စဉ် ပျော်ရွှင်ခဲ့ဖူးပါသည်။ လွယ်အိတ်ကလေးထဲ အသာထိုးထည့်ထားမိသော ထီးအသစ်တစ်ချောင်းကို ၄၅ ဘတ်စ်ကားပေါ်မှာ ခါးပိုက်နှိုက် ခံခဲ့ရဖူးစဉ် စိတ်ညစ်ခဲ့ဖူးပါသည်။ လွယ်အိတ်ကလေးတစ်လုံးကို လွယ်ကာ မင်္ဂလာအခန်းအနား ညစာစားပွဲတစ်ခုကို တက်ရောက်ခဲ့လျှင် ဘယ်လိုနေမလဲ။
ခေတ်ကာလ ပြောင်းသွားတော့ မြန်မာ ကျောင်းသားကလေးများသည် လွယ်အိတ်လွယ်လေ့ ရှိသေးရဲ့လား မသိပါ။ ထူထဲများပြားလာသော ကျောင်းစာအုပ်များကို ပိုအဆင်ပြေပြေ သယ်ပိုးနိုင်ရန် ကျောပိုးအိတ်သာ အသုံး ပိုတွင်ကျယ်လာနိုင်ပါသည်။ ကျေးလက်မှာတော့ ဈေးနှုန်းချိုသာသော ပြည်တွင်းဖြစ် လွယ်အိတ်ကလေးများကိုသာ အားထားရဦးမည် ထင်ပါသည်။ သည်လိုဆိုလျှင်တော့ လွယ်အိတ်ကလေးက ကျေးလက်စာသင်ခန်းတို့၏ သင်္ကေတ အဖြစ် ကျန်နေခဲ့ဦးမည်။
လွယ်အိတ်ကလေးက မြန်မာကဗျာဆရာ စာရေးဆရာတို့၏ သင်္ကေတလည်း ဖြစ်ခဲ့လေသည်။ သူတို့အတွက်တော့ အသက်အရွယ် မလို။ အချိန်ကာလ မလို။ နေရာဒေသ မလို။ လွယ်အိတ်ဖောင်းဖောင်းကြီး လွယ်ထားသော မုတ်ဆိတ်ကျိုးကျဲ ညှင်းသိုးသိုးနှင့် ဆရာများကို ဒါမှ ကဗျာဆရာ စာရေးဆရာ စတိုင်အစစ်ကွ ဟု သဘောတကျ ငေးမောခဲ့ဖူးသည်။
မသုံးဖြစ်တာ ကြာပြီဖြစ်သော လွယ်အိတ်ကလေးတစ်လုံးကို လှည့်ကြည့်မိစဉ် ကိုယ့်ကို သည်လို အမှတ်မထင် နှုတ်ခွန်းဆက်လိုက်ပါသည်။
“ပြောလေ.. သူငယ်ချင်း….”
ဒီအသုံးအနှုန်းကလေးက ကိုယ့်ကို တုန့်ခနဲ ဖြစ်သွားစေခဲ့သည်။ စာအုပ်ကလေးတွေ ထည့်ဖို့လောက်သာ ရည်ရွယ်ခဲ့သော သူငယ်ချင်း။ အဆီးအတားမရှိ ပိတ်နှောင်မှုမရှိ အလွယ်တကူ ထုတ်ယူနိုင် ပြန်ထည့်သွင်းနိုင်သော သူငယ်ချင်း။ ဘေးမှသာ အသာ လိုက်ပါခဲ့သော သူငယ်ချင်း။ သူ့ကို အသုံး မလိုအပ်ချိန်တွင် တိုင်မှာ ချိတ်ထားခဲ့သည်ကို ကိစ္စမရှိသော သူငယ်ချင်း။ သူငယ်ချင်းတစ်ဦးကို ခန်းနားကြီးကျယ်သော ရည်ရွယ်ချက်များဖြင့် ဘယ်တုန်းကမှ ဖွဲ့စည်းမထားခဲ့ပါ။
မိုးတွင်းမှာ ထီးမပါပဲ အပြင်ထွက်မိသည့် ကာလတွေ လူတိုင်း ကြုံဖူးပါမည်။ မိုးဖွဲဖွဲလေးတွေ ရွာလာတော့ အမိုးအကာရှိရာ အပြေးအလွှား လိုက်ရှာစဉ် လွယ်အိတ်ကလေးကို အမှတ်မထင် ခေါင်းပေါ်အုပ်မိုးကာ အကာအကွယ်ယူမိမည်။ မိုးတွေတအား သည်းလာပြန်တော့ လွယ်အိတ်ကလေးကို မစိုစေချင်လို့လား၊ အထဲမှာ ထည့်ထားသော စာအုပ်တွေကို ကာကွယ်လိုသည်လား သေသေချာချာ မစဉ်းစား မဝေခွဲမိစဉ်မှာပဲ ရင်ခွင်ထဲမှာ တင်းကျပ် ပိုက်ပွေ့ ထားမိဖူးမည်။
လွယ်အိတ်ကလေးတစ်လုံးကို တိုင်မှာ ချိတ်ထားခဲ့တာ ကြာပြီ။ သတိတရ ဖြုတ်ယူ ကြည့်လိုက်စဉ်တွင် လွတ်လပ်ခြင်း… ပေါ့ပါးခြင်း… ရိုးသားခြင်း… အဆောင်အယောင်ကင်းခြင်း… ကျောင်းသားဘ၀… ကဗျာ… စာအုပ်များ… အငွေ့အသက်လေးများ မျက်ဝန်းမှာ ပြန်လည်ခိုတွဲ ဝေ့၀ဲလာခဲ့သည်။
သာယာသော နေ့တစ်နေ့တွင် သူငယ်ချင်းကလေးကို ဘေးမှာလွယ်ကာ လွတ်လွတ်လပ်လပ် လမ်းလျှောက် ထွက်လိုက်ချင်ပါသေးသည်။
ပန်ဒိုရာ
Saturday, December 20, 2008
ဒဏ္ဍာရီဆောင်း
ဝေ့ရုံလေးဝေ့
ငွေ့ရုံလေးငွေ့
ဒီ.. တဆောင်းက
အဟောင်းတွေကို မြောက်ပြန်လေနဲ့ ရှိုက်သွင်းလာတယ်။
အချိန်များ သက္ကရာဇ်များ
ငါ့မြို့ငယ်လေးရှိရာ ပြန်လည်မောင်းနှင်သွားကြ
အဝေးပြေးလမ်းမပေါ်က ခရီးရှည်မှာ
အိပ်မက်တွေငိုက်စိုက်ချ
ကျောပိုးအိတ်တစ်လုံးအပြည့်စာ
သက်ပြင်းရှည်တွေကိုပဲသယ်ပိုးခဲ့ရတဲ့
အိမ်ပြန်ညတွေရဲ့ကောင်းကင်မှာ
တိမ်ခိုးပိတ်ဆို့ ထားတဲ့ ကြယ်တွေကို
တယောက်ယောက်က ကျိန်စာတိုက်ခဲ့လိမ့်မယ်။
ဆီးနှင်းတွေဖုံးနေတဲ့
ဟိုး…အဝေး က တောင်ကုန်းလေးပေါ်
နယ်မြေသစ်မှာ စိုက်မယ့်အလံကို
ငါ… ထမ်းပိုးရင်း
မြူတွေကိုမြေပြင်ပေါ်မှာချနင်းလိုက်တယ်
သစ်ရွက်ချွန်ချွန်တွေအဖျားက
တွဲလွဲခိုနေတဲ့နှင်းစက်တွေကို
လေရူးကလည်း လှုပ်ခါချပေးလိုက်တယ်
အဲဒီလမ်းခုလတ်မှာ
နှင်းပွင့်နန်းတော်ရဲ့ အဆောင်အယောင်ဝက
တပ်ခေါက် ပြန်ခဲ့ရတဲ့ဆောင်းဆိုရင်
နောက်တခါ ဘယ်တော့မှ ခြေဦးမလှည့်ဖြစ်တော့ဘူး။
ဆောင်းတွေ တစ်ခုပြီးတစ်ခုပြောင်းသွားတယ်…
ဟောင်းသွားတယ်..
ဟောင်းမသွားဘူး…
ဆောင်းကဟောင်းမသွားဘူး…
ဆောင်းတွေထပ်ထပ်ရောက်လာတယ်
ဆောင်းညရယ် လရောင်ရယ်
သူရဲကောင်းရယ် ပန်းတစ်ပွင့်ရယ်
ပေါင်းစပ်လိုက်တဲ့အခါ
ဒဏ္ဍာရီတွေ ဖြစ်ထွန်းတတ်တယ်။
ဆောင်းရယ် နှင်းရယ် ...
အတူတူ.. မဟုတ်ခဲ့တဲ့အခါ
သက်သက်ကလေး ခါးသတဲ့
မြူတွေ မသဲကွဲတဲ့ နှစ်ဟောင်းက ဆောင်းကိုမှ
မီးလင်းဖိုနံဘေးမှာထိုင်ရင်း
တညလုံးပြန်ဖွင့်ဖတ်မိသူပါ
ငါ့အတွေးတွေကတော့
အနွေးဓာတ်မလုံလောက်လို့
ပြာပြာအက်အက် ခိုက်ခိုက်တုန်တယ်
ဒီလိုနဲ့…
ပတ်သက်ခဲ့ဖူးတဲ့ဆောင်းတွေ
ဒဏ္ဍာရီထဲက ငါ့ဆောင်းတွေကို
နေခြည်ကူမလာခင်ပဲ စာမျက်နှာ ပိတ်ချလိုက်ခဲ့တယ်။
ပန်ဒိုရာ
Thursday, December 18, 2008
ခရစ်စမတ်လက်ဆောင်
ဒီရက်ပိုင်း တကယ်ကို အလုပ်များပါတယ်။ အင်တာနက်လည်း သိပ်မ၀င်ဖြစ်ပါဘူး။ ပို့စ်ကျဲပြီး ပျောက်နေတဲ့ ကြားထဲက စာလာဖတ်သူ မှတ်ချက်ရေးသူတွေ အားလုံးကို အားလည်းနာ ကျေးဇူးလည်း အများကြီးတင်ပါတယ်။ paint ထဲမှာ mouse နဲ့ ဆွဲဖြစ်တဲ့ clipart ပုံလေးတချို့ကို အားလုံးအတွက် လက်ဆောင်ပေးလိုက်ပါတယ်။ ပရော်ဖက်ရှင်နယ်တော့ မဟုတ်ဘူးပေါ့နော်။ ကြိုက်တဲ့နေရာမှာ ကြိုက်သလို ဖြတ်ညှတ်ကတ် သုံးစွဲနိုင်ပါတယ်။
ပန်ဒိုရာ
(အချို့ပုံများ ဒီက မှီငြမ်းဆွဲသည်။ http://holidays.kaboose.com/xmas-clip1.html)
Sunday, December 14, 2008
အရိုး
ဆရာနှင်းခါးမိုး ရေးထားတဲ့ အရိုးစုဆိုတဲ့ ကဗျာလေးကို ဖတ်ရတဲ့အခါ မနှစ်က ရေးပြီး မေ့နေတဲ့ ကဗျာလေးတစ်ပုဒ်ကို သတိရမိပါတယ်။ နည်းနည်းပြန်ပြင်ဦးမယ် ဆိုပြီး ဘလော့ဂ်မှာ မတင်ဖြစ်လိုက်ဘူး။ ဒါနဲ့ ဆရာ့ကို ပြကြည့်လိုက်တော့ ဘလော့ဂ်မှာ တင်လိုက်ပါလား လို့ တိုက်တွန်းတာနဲ့ တင်လိုက်ပါတယ်။ တူတော့မတူဘူး။ ဒါပေမယ့် အရိုးကို အခြေခံ တွေးမိပုံလေးတွေ တိုက်ဆိုင်တာကို တွေ့ရလို့ ၀မ်းသာမိပါသေးတယ်။
အရိုး
အရိုးဆိုတာ ခန္ဓာကိုယ်ကို ထူထူထောင်ထောင်ဖြစ်အောင်
ကြပ်မတ်ထားတဲ့ ဘောင် ဖြစ်တယ်
အရိုးပျော့ရောဂါ မဖြစ်အောင်
ဆေးဝါးတွေနဲ့ ငယ်ငယ်ကတည်းက ကာကွယ်ရတယ်။
ဧ၀ အတွက်တော့
အာဒံဟာ နံရိုးတစ်ချောင်းစာ ရင်းနှီးခဲ့ရတယ်။
အရိုးဆိုတာ ကျိုးအက်မိရင် အသည်းခိုက်စေတယ်
အချုပ်တန်းဆရာဖေကတော့
တွေးမိတိုင်းအရိုးနာသည် လို့ပြောခဲ့တယ်။
အသားလိုလို့ အရိုးတောင်းသူတွေကိုတော့
လူရိုးဆိုတာ သင်္ချိုင်းကုန်းမှာပဲရှိတယ်လို့ ပြောကြတယ်။
အရိုးဆိုတာ ခွေးစာလို့လည်းသတ်မှတ်ကြတယ်
ဆင်းရဲသားတွေ အတွက်တော့
ဈေးပေါင်ကျိုးချိန်မှာ မရဲတရဲဝယ်ရတဲ့
အချိုဓာတ်ကို ရယူဖို့တစ်ခုတည်းသော ပရိုတိန်း ဖြစ်မယ်
သူတို့အတွက်တော့ အမဲရိုးက ဟင်းအိုးကို အားနာမနေနိုင်ဘူး။
တချို့လူတွေအတွက်တော့
အရိုးနဲ့နီးတဲ့အသားကမှ ပိုချိုတယ် ဆိုပြီး
အရိုးထိရောက်အောင် အသားတွေတစတစ နွှာစားကြတယ်
ပြီးတော့ ရိုးတွင်းခြင်ဆီတောင်မကျန်
ခံတွင်းတွေ့လို့
အရိုးကိုက်ကြတယ်။
ပန်ဒိုရာ
၎ ဇူလိုင် ၂၀၀၇
Saturday, December 13, 2008
ဘလော့ဂါများအတွက် ကော်ပီရိုက် နှင့် နောက်ဆက်တွဲများ
အခုတလော မိသားစုကိစ္စလေးတွေနဲ့ အလုပ်များနေလို့ အင်တာနက် သိပ်မ၀င်ဖြစ်ခဲ့ပါဘူး။ တခါတလေတော့ ရင်းနှီးရာဘလော့ဂ်တွေကို လိုက်ဖတ်ဖြစ်ပါတယ်။ ရှေ့တစ်ပတ်လောက်မှ စာပြန်ရေးမယ်လို့ စဉ်းစားထားပြီး IP နဲ့ပတ်သက်တဲ့ ဗဟုသုတ ပို့စ်တွေကိုလည်း ဒီလောက်ဆို တော်သင့်ပြီ လို့ စိတ်ကူးပေမယ့် ရေးစရာက ပေါ်လာပါတယ်။
ပထမဆုံးကတော့ အမည်မသိသူတစ်ဦး မှတ်ချက်ရေးပြီး လာပေးသွားတဲ့ သတင်းပါ။ အဲဒါကတော့ ၂၀၀၇ ဧပြီ ၃၀ က ပန်ဒိုရာ ရေးခဲ့တဲ့ ချက်ခြင်းအနုပညာ ဆိုတဲ့ ပို့စ်ကို “မိုးတွေညိုတဲ့ မိုးချုပ်ညတို့ရဲ့ ဘ၀များ” ဆိုတဲ့ ဘလော့ဂ် ဒီနေရာမှာ credit မပေးပဲ တင်ထားတဲ့ ကိစ္စပါ။ သူဟာ ပန်ဒိုရာရဲ့ ဘလော့ဂ်ကနေ လာယူပြီး တင်လိုက်တာ ဖြစ်ချင်မှ ဖြစ်ပါမယ်။ forward email တခုခုကနေ ရပြီး ဘယ်သူမှန်းမသိလို့ ဒီလိုပဲ တင်လိုက်တာ ဖြစ်ကောင်းဖြစ်မယ်။ ဘယ်လိုဖြစ်ဖြစ်ပါ။ ဘာမှမပြောပဲ အဲဒီပို့စ်ကို တင်ထားတဲ့အတွက် သူရေးတယ်လို့ ထင်စရာ ဖြစ်နေပါတယ်။ ရှင်းလင်းပေးစေလိုပါတယ်။ သတင်းပေးသူကို ကျေးဇူးတင်ပါတယ်။
ဒီကိစ္စတွေဟာ မြန်မာ ဘလော့ဂ်ဝန်းကျင်မှာ ဖြစ်နေခဲ့တာ ကြာပါပြီ။ ဒါတွေကို ရှေ့မှာလည်း ပြောခဲ့ပြီးပါပြီ။ ဘယ်သူမဆို ကိုယ့်ဖန်တီးမှု မဟုတ်တာကို ပိုင်ရှင်ဆီက ခွင့်ပြုချက်မရဘဲ (သို့မဟုတ် creative common license အောက်ကနေ ခွင့်ပြုထားတာ မဟုတ်ဘဲ) ဆိုရင် ကိုယ့်ဘလော့ဂ်မှာ လုံးဝမတင်တာ အရှင်းဆုံးပါပဲ။ ဒီလိုမှ မဟုတ်ရင်လည်း ဘယ်သူဖန်တီးတယ် ဆိုတာ ဖော်ပြပြီး မူရင်းလင့်ခ်ကိုပါ ပေးထားပြီး တင်သင့်ပါတယ်။ ဒီလိုမဟုတ်လို့ ဝေမျှချင်လွန်းပြီး ဘယ်သူရေးမှန်းလည်း မသိခဲ့ရင် ပို့စ်တင်လိုက်တဲ့အခါမှာ အနည်းဆုံးတော့ ကိုယ်ရေးတာ မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ၀န်ခံထားသင့်ပါတယ်။
ဒီနေရာမှာ လင့်ခ် ပေးတာနဲ့ ပတ်သက်လို့ တွေးမိတာတခုရှိပါတယ်။ တကယ်လို့ နိုင်ငံခြား website တခုခုက ပုံကို ယူသုံးမိခဲ့ရင် ကိုယ်က သူ့ပုံကို ကိုယ်ဖန်တီးတာပါလို့ ပြောမထားပေမယ့်လည်း သူကမြင်သွားပြီး မြန်မာလို ကိုယ်ရေးတာတွေကိုလည်း ဖတ်မရတဲ့အခါ အထင်လွဲ နိုင်ပါတယ်။ ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်ပါတယ်။ တကယ်လို့ ကိုယ်က သူ့ပုံအောက်မှာ သူ့ website လိပ်စာ အင်္ဂလိပ်လိုရေးထားတာဖြစ်ဖြစ် click လုပ်လို့ရတဲ့ လင့်ခ် ပေးထားတာဖြစ်ဖြစ်ဆိုရင်တော့ ဒါ သူ့ဆီကလို့ ပြောထားတာပဲလို့ အနည်းဆုံး သဘောပေါက်သွားနိုင်ပါတယ်။ ပန်ဒိုရာက ကြံဖန်ပြီး သိပ်တွေးလွန်းနေတာလည်း ဖြစ်နိုင်ပါတယ်။ အသုံးဝင်မယ်ဆိုရင် ဒီအကြံကို လက်ခံနိုင်ပါတယ်။
တလက်စတည်း လူတွေကြားမှာ မှားယွင်းထင်နေတတ်တာလေးတွေကို ဆက်ပြောချင်ပါတယ်။ အဲဒါကတော့ ဘာသာပြန်စာတွေ ကိစ္စပါ။ ပင်ကိုယ်ရေးမဟုတ်ပဲ ဘာသာပြန်ထားတာဆိုရင် “ဒါကဘာသာပြန်ကြီးပဲ ဘာသာပြန်သူကို credit ပေးစရာမလိုဘူး” လို့ ပေါ့ပေါ့တန်တန် သဘောထားတတ်ကြပါတယ်။ တကယ်တော့ ဘာသာပြန်သူအနေနဲ့ အတိုင်းအတာ တစ်ခုအထိ အားထုတ်ခဲ့ရပါတယ်။ ဘာသာပြန်ထားတဲ့ စာဟာ သူ့ရဲ့ အားထုတ်ဖန်တီးမှု ဖြစ်ပါတယ်။ ဘာသာပြန်သူက ဘယ်က ဘာသာပြန်ထားပါတယ် လို့ ပြောပြီးရင် သူ့စာကို ထပ်ပြီး ဖြန့်ဝေသူ အနေနဲ့ကလည်း ဒီစာဟာ ဘယ်သူု ဘာသာပြန်ထားတာပါ။ ဘယ် website က ရခဲ့တာပါ လို့ credit ပေးရမှာပါ။ ထပ်ပြောရရင် ဘာသာပြန်ထားတဲ့စာ ဘယ်လောက် တိုတို ရှည်ရှည် လွယ်လွယ် ခက်ခက် ပြန်ဖြန့်ဝေခဲ့ရင် ဘာသာပြန်သူကို credit ပေးသင့်ပါတယ်။
ဆက်လက်ပြီး စာဖတ်သူတွေကိုလည်း အကူအညီ တောင်းချင်ပါတယ်။ အဲဒါကတော့ အခုလို ရှုပ်ထွေးမှုတွေကို ကူညီဖြေရှင်းပေးစေဖို့ပါ။ တကယ်လို့ ရေးသူမသိ မူလလင့်ခ်မသိတဲ့ မြန်မာ post တခုကို forward email ကနေ ရလာခဲ့ရင် ကိုယ့်ကို ပို့တဲ့လူကို “ဖတ်စရာ ဝေမျှပေးလို့ ကျေးဇူးတင်ကြောင်း၊ ဒါပေမယ့် စာရေးသူနဲ့ မူရင်းလင့်ခ်ကို သိလိုကြောင်း၊ နောက်တခါဆိုရင် ထည့်ပေးစေလိုကြောင်း။ တကယ်လို့ အခုစာပို့သူဟာ စတင်ပြီး ဖြန့်ဝေသူ မဟုတ်ခဲ့ရင် သူ့ကိုပို့ခဲ့တဲ့လူကို ဒီအကြောင်း ဆက်ပြောစေလိုကြောင်း၊” ။ အဲဒီလို email လေးတွေ အဆင့်ဆင့် ပြန်ပို့ပြီး သတိပေးခဲ့မယ်ဆိုရင် စာရေးသူကို credit ပေးတဲ့ အလေ့အထလေး အင်တာနက် သုံးစွဲသူ မြန်မာတွေကြားမှာ ထွန်းကားလာမယ်လို့ မျှော်လင့်မိပါတယ်။
မြန်မာတွေကြားမှာ နောက်ထပ် မှားယွင်းထင်မြင်တတ်တာ တစ်ခုကို ဆက်ပြောပါရစေဦး။ မနိုင်းနိုင်းစနေ ရဲ့ ဘလော့ဂ်မှာ ရေးထားတဲ့ပို့စ် အောက်က မှတ်ချက်တစ်ခုလို ထင်မြင်ချက်မျိုးပါ။ “မြန်မာနိုင်ငံမှာ ကော်ပီရိုက်မရှိဘူး…” ဆိုတာပါ။ အဲဒီအယူအဆဟာ မှန်ကန်တယ်လို့ မထင်ပါ။ မြန်မာနိုင်ငံမှာ ကော်ပီရိုက် ရှိပါတယ်။ ကော်ပီရိုက်ကို အတိုင်းအတာတစ်ခု အထိ လေးစားဖို့ လိုပါတယ်။ ပန်ဒိုရာရဲ့ ရှေ့က ပို့စ်တွေမှာလည်း ပြောခဲ့ပြီးပါပြီ။
မြန်မာနိုင်ငံမှာ ဥပဒေအားဖြင့်လည်း ကော်ပီရိုက် ရှိပါတယ်။ မြန်မာနိုင်ငံအတွက် ၁၉၁၁ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ကော်ပီရိုက် ဥပဒေဟာ ၁၉၁၄ ခုနှစ်ကတည်းက စပြီး အသက်ဝင်လာခဲ့ပါတယ်။ Intellectual Property နဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှာ ဘာဥပဒေတွေရှိသလဲ ဆိုတာကို အတိုချုပ်သိချင်ရင် WIPO website က ဒီလင့်ခ်မှာ သွားဖတ်ကြည့်လို့ရပါတယ်။ http://www.wipo.int/about-ip/en/ipworldwide/pdf/mm.pdf
နောက်ထပ် အကြောင်းရင်းတခုကတော့ ဥပဒေ ရှိရှိမရှိရှိ ကော်ပီရိုက်ဆိုတာ သဘောသဘာဝအားဖြင့်ကို ရှိပါတယ်။ ဖန်တီးတီထွင်လိုက်တဲ့ Intellectual Property ဉာဏပစ္စည်း ဆိုတာ တခြား အိမ်၊ မြေ၊ ရွှေ၊ ငွေ၊ ယာဉ် စတဲ့ပစ္စည်းတွေလို လူသားတွေရဲ့ ပိုင်ဆိုင်မှု တမျိုးပဲဖြစ်ပါတယ်။ တခြားပစ္စည်းတွေကို ပိုင်ရှင်မသိပဲယူရင်၊ အလွဲသုံးစားလုပ်ရင် အပြစ်ရှိသလိုပဲ ဉာဏပစ္စည်းကို ပိုင်ရှင်မသိပဲယူရင်၊ အလွဲသုံးစားလုပ်ရင် အပြစ်ရှိပါတယ်။ ဒါဟာ အခြေခံစာရိတ္တနဲ့ ဆိုင်ပါတယ်။ ဒီတော့ စာရွက်ပေါ်မှာ ရေးထားထားမထားထား ကိုယ့်အသိတရားနဲ့ လုပ်သင့်မလုပ်သင့်ဆိုတာ စဉ်းစားပြီး လုပ်ကြရင် ပိုမကောင်းပေဘူးလား။ အစိုးရက ပြစ်ဒဏ်တွေ ချမှတ်ပြဋ္ဌာန်းထားမှ ကြောက်ပြီး မချိုးဖောက်ဘူးဆိုတဲ့ အဆင့်မျိုးထက် ကိုယ့်အသိဉာဏ်ကို ကိုယ်တိုင် ပြဋ္ဌာန်းတာက ပိုကောင်းမယ် ထင်ပါတယ်။
ဒီနေရာမှာ enforcement နဲ့ပတ်သက်လို့လည်း ပြောစရာ ရှိပါတယ်။ ကော်ပီရိုက် ရှိမရှိဆိုတာ ရဲတွေက အတုတွေကို လိုက်ဖမ်းနေတာတို့ တရားရုံးမှာ အမှုဖြစ်မဖြစ်တို့နဲ့ အတိအကျ တိုင်းတာလို့ မရပါဘူး။ “ရဲ” ဆိုတာတွေက ဘာတွေကို ဦးစားပေး လုပ်နေတယ် ဆိုတာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဘယ်တူပါ့မလဲ။ နောက်ပြီးတော့ ကော်ပီရိုက်နဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ ဖြစ်လာရင် တရားရုံးအထိ ရောက်ချင်မှ ရောက်ပါတယ်။ နိုင်ငံအများစုမှာ တော်ရုံအဆင့်ဆိုရင် ရုပ်ရှင် ဂီတ သဘင် စာပေ အစည်းအရုံးတွေကပဲ ဖျန်ဖြေတဲ့ နည်းလမ်းနဲ့ ဖြေရှင်းကြလေ့ ရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း အဲဒီလို အစည်းအရုံးတွေ ရှိပါတယ်။
နောက်ဆုံးအချက်ကတော့ မြန်မာနိုင်ငံမှာ ကော်ပီရိုက်နဲ့ ပတ်သက်လို့ ဘယ်လောက် အတိုင်းအတာအထိ လေးစားလိုက်နာသင့်လဲ ဆိုတာပါပဲ။ ပန်ဒိုရာလည်း ဥပဒေပညာရှင် မဟုတ်တဲ့အတွက် အကြံဉာဏ်ပေးဖို့ အရည်အချင်း မရှိပါဘူး။ အခုအချိန်မှာ မြန်မာတွေ ပြည်ပမှာ အများကြီး ရောက်နေကြပါတယ်။ မြန်မာစာ မြန်မာသီချင်း မြန်မာလက်ရာတွေကို ငတ်မွတ်နေကြတယ်။ ၀ယ်ချင်ပေမယ့် အလွယ်တကူ ၀ယ်မရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ တချို့ သတင်း အချက်အလက်နဲ့ ပတ်သက်တာတွေ ကျတော့လည်း လူများများသိလေ ကောင်းလေ ဆိုတာမျိုး ဖြစ်နေတယ်။ တချို့ဖန်တီးမှုတွေ ကျတော့လည်း ကိုယ်က ဆင့်ပွားဖန်တီး ကြည့်ချင်တယ်။ ဒီတော့ ကိုယ်တခုခု မကူးယူခင် မတင်ပြခင် မဖြန့်ဝေခင်မှာ ကိုယ့်ဘာသာပဲ ကျိုးကြောင်းဆင်ခြင်ပြီး တရားမျှတတယ် ထင်တာ လုပ်သင့်တယ် ထင်တာကို လုပ်ကြဖို့ပါပဲ။ အဓိက ကတော့ ကိုယ့်လုပ်ရပ်ကြောင့် တဖက်သားကို ဘယ်လိုနည်းနဲ့မှ နစ်နာမသွားစေဖို့ပဲ မဟုတ်ပါလား။
ပန်ဒိုရာ
( အမှားပါခဲ့ရင် အပြုသဘောနဲ့ ပြင်ဆင်ဖြည့်စွက် အကြံပေးချက်များ အားလုံးကို ကြိုဆိုပါတယ်။
ကော်ပီရိုက်အကြောင်း ထပ်အသေးစိတ် သိချင်ရင် ဒီပို့စ်ကို ပြန်ဖတ်ပါ။ http://pandora-and-pandora.blogspot.com/2008/11/blog-post.html)
Saturday, November 29, 2008
သူများဟာလည်း မခိုးနဲ့ ကိုယ့်ဟာလည်း အခိုးမခံရစေနဲ့
ဒီစာကိုရေးဖို့ တော်တော်စဉ်းစားပါတယ်။ ဓားခုတ်ရာ လက်လျှိုမိသလို ဖြစ်မှာစိုးလို့ပါ။ ဒါပေမယ့် အခုလိုအချိန်မှာမှ မပြောဘူးဆိုရင် ဒီလိုကိစ္စမျိုးအတွက် လူတွေ အလေးထား အာရုံစိုက်ခြင်းကို ရဖို့ နောက်တော်တော်နဲ့ မလွယ်ပါဘူး။ ဒါကြောင့် စေတနာရှေ့ထားပြီး ရေးလိုက်ပါတယ်။ လူတွေဖတ်စေချင်လို့လည်း ဒီလိုခေါင်းစဉ်မျိုး ပြူးတူးပြဲတဲ တမင်တပ်လိုက်ပါတယ်။ အကြောင်းအရာများမှာ အမှားပါရင် ၀ိုင်းဝန်းကူညီ ပြင်ပေးပါ။ မတော်တဆ တိုက်ဆိုင်မှုများကြောင့် အနာပေါ်တုတ်ကျသလို ဖြစ်သွားခဲ့ရင်လည်း ပန်ဒိုရာ အပြောအဆို မညက်ညောသေးလို့သာ ဖြစ်ကြောင်း ကြိုတောင်းပန်ပါတယ်။
အတော်များများ သိကြမယ့်အတိုင်း သူများ ဖန်တီးမှုတွေကို ကိုယ့်ဘလော့ဂ်မှာ ကိုယ်ပိုင်ဆိုင်လေဟန် လုပ်ပြီး တင်ခဲ့တဲ့အတွက် ဘလော့ဂါတစ်ယောက် ပြဿနာတက်သွားပါတယ်။ ဒီစာကိုရေးတဲ့ ရည်ရွယ်ချက်ကတော့ တစုံတယောက်ကို အပြစ်တင်ဝေဖန်ခြင်းထက် ဒီလိုမဖြစ်ရအောင် ရှောင်ရှားနိုင်တဲ့ နည်းလေးတွေကို ထပ်ပြီး သတိပေးချင်လို့ပါ။
ဒီကိစ္စနဲ့ ပတ်သက်တဲ့ ပြောဆိုဝေဖန်မှု မှတ်ချက်ချခြင်းမျိုးကို မြန်မာဘလော့ဂါ အများစုဟာ အကြောင်းကြောင်းကြောင့် ကျယ်ကျယ်လောင်လောင် မပြောဖြစ် (သို့မဟုတ်) မပြောသေး (သို့မဟုတ်) မပြောရဲ (သို့မဟုတ်) မပြောတတ်.. (မည်သို့ပင်ဖြစ်စေတော့) ကြပေမယ့် ဒီလိုအဖြစ်ဟာ မကောင်းဘူးဆိုတာ အကြမ်းဖျဉ်းအားဖြင့် လက်ခံကြမယ် လို့ယူဆပါတယ်။
ပန်ဒိုရာအနေနဲ့ ကတော့ အများအားဖြင့် ကိုယ်တိုင်ဖန်တီးတဲ့ စာတွေကိုသာ ဘလော့ဂ်မှာ တင်လေ့ ရှိပါတယ်။ ကိုယ်တင်တဲ့စာတွေမှာ သရုပ်ဖော်ပုံတွေကိုလည်း ကိုယ့်ဘာသာ ဆွဲလေ့ ရှိပါတယ်။ ၉၀% လောက် အများစုကတော့ ကိုယ့်အိုင်ဒီယာသက်သက် နဲ့ ပုံမှန်းဆွဲတာပါ။ တချို့သော ပစ္စည်းတွေ နမူနာကြည့်ဖို့ လိုအပ်တဲ့အခါမှာတော့ လိုက်ရှာကြည့်ရပါတယ်။ ကိုယ်လိုချင်တဲ့ပုံမျိုးကို အင်တာနက်ထဲမှာ တွေ့မိရင် ဒေါင်းလုဒ် ကူးမယူလိုက်ပါဘူး။ ဖွဲ့စည်းပုံကို ကြည့်ပါတယ်။အိုင်ဒီယာကို ကြည့်ပါတယ်။ အချိန်ယူပြီး ကိုယ့်ဖန်တီးမှု ဖြစ်အောင် ပြန်ဆွဲလိုက်ပါတယ်။ (ဥပမာ. စစ်အတွင်းပြုသည့်သစ္စာ ပို့စ်က ဓားရှည်ပုံ။ ဒီနေရာက ကိုယ့်အိမ်မှာ ဓားရှည်မရှိ။ ဓားရှည်တွေကို သေသေချာချာလည်း မမြင်ဖူးဘူးဆိုတော့ လတ်တလောတွေ့ချင်ရင် အင်တာနက်က လိုက်ရှာရပါတယ်။ မြင်ဖူးသွားတော့မှ ကိုယ်ကြိုက်သလို အနေအထားနဲ့ ပြန်ဆွဲပါတယ်။ စက်ဘီးပုံ ဆိုရင်လည်း လတ်တလော ကိုယ့်နားမှာမရှိရင် ရှာဖွေပြီး နမူနာကြည့်ရပါတယ်။ ဒါပေမယ့် ကိုယ့်ဘာသာ အစအဆုံး ပြန်ဆွဲပါတယ်။) ဒါဟာလည်း ကဗျာ သရုပ်ဖော်ပုံလို သေးသေးလေး အဆင့်မို့ပါ။ မောင်တိန်လုပ်သလို ပန်းချီလေ့ကျင့်ဖို့ သေသေချာချာ အသေးစိတ် ပုံကြီး ထပ်တူကူးဆွဲတာ ဆိုရင် သူပြန်ညွှန်းလေ့ရှိသလို ဘယ်သူ့ပုံကို လေ့လာရန် ကူးဆွဲသည်လို့ ဖော်ပြရဦးမှာပါ။
ဓာတ်ပုံဆိုရင်လည်း ကိုယ်ပိုင်ဆိုင်တဲ့ ပုံကို တတ်နိုင်သမျှ သုံးလေ့ ရှိပါတယ်။ အဲဒါတွေဟာ ကိုယ့်ဘာသာ ဖန်တီးချင်တဲ့ ၀ါသနာက တစ်ကြောင်း ဆိုပေမယ့် သူများ ဖန်တီးမှုကို တတ်နိုင်သမျှ မသုံးဖြစ်အောင်နဲ့ ရှု့ပ်ထွေးမှုတွေ ဖြစ်မှာစိုးလို့က ပိုပါတယ်။
ဒါက ကိုယ်လုပ်တဲ့နည်းလမ်းကို ပြောပြတာပါ။ လိုက်လုပ်ပါလို့ မဆိုလိုဘူး။ လူတိုင်းဟာ ပုံဆွဲဖို့ ၀ါသနာပါမှာ မဟုတ်ပါဘူး။ အချိန်လည်း ပေးနိုင်မှာ မဟုတ်ပါဘူး။
သူများ ဖန်တီးထားတဲ့ လက်ရာကို ကိုယ်က အမှတ်တမဲ့ပဲ ဖြစ်ဖြစ် မသိလို့ပဲဖြစ်ဖြစ် ယူသုံးလိုက်တဲ့အခါ ရှုပ်ထွေးမှုတွေ ဖြစ်လာရင် မကောင်းပါဘူး။ ဒီလိုပဲ ကိုယ့်လက်ရာကို သူများက အလွဲသုံးစား လုပ်သွားရင်လည်း မကောင်းပါဘူး။
အနည်းဆုံး အောက်ကနည်းလမ်းများနဲ့ ကာကွယ်ဖို့အကြံပြုချင်ပါတယ်။
သူများလက်ရာကို ခိုးသလိုမဖြစ်အောင်
၁) ကိုယ်ယူချင်တဲ့ website မှာ IP Rights နဲ့ပတ်သက်တဲ့ terms & conditions တွေ ရေးထားသလား ရှာကြည့်ပါ။ တွေ့ရင်ဖတ်ကြည့်ပါ။ တချို့က မယူရဘူး လို့ကို ပါတတ်ပါတယ်။
၂) သူ့ကို ဆက်သွယ်နိုင်တဲ့ နည်းလမ်း ရှာပါ။ အီးမေးလ်ဖြစ်စေ သူ့ပို့စ်အောက်မှာ မှတ်ချက်နဲ့ဖြစ်စေ ခွင့်တောင်းပါ။ ခွင့်ပြုချက်စောင့်ပါ။
၃) သူက ဘာမှဖော်ပြမထားဘူး ဆိုရင် တတ်နိုင်ရင် မယူုပါနဲ့။ ပြဿနာ မဖြစ်လောက်ဘူး ထင်လို့ ယူချင်ရင်လည်း ကိုယ့်ဟာမဟုတ်ကြောင်း သူ့လက်ရာဖြစ်ကြောင်း ဘယ်ကယူလာကြောင်း သူ့ကို credit ပေးပါ။
၎) ဘယ်ကမှန်းမသိ ပိုင်ရှင်မသိပဲ ရလာခဲ့ရင်လည်း ကိုယ့်လက်ရာမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ၀န်ခံထားပါ။
၅) ဘာသာပြန်ချင် မှီငြမ်းချင်ရင်လည်း အထက်မှာ ပြောခဲ့တဲ့ နည်းလမ်းတွေလိုပဲ လုပ်ပါ။
၆) ဘယ်လိုအခြေအနေဖြစ်ဖြစ် မူလပိုင်ရှင်ကို credit ပေးပါ။
ကိုယ့်လက်ရာကို အခိုးမခံရအောင်
၁) ကိုယ့်လက်ရာမှာ ကိုယ့်နာမည် လက်မှတ် ထိုးထားပါ။ ကိုယ့်ဘလော့ဂ်ဆိုက် လင့်ခ်ကို ဖော်ပြထားလို့လည်း ရပါတယ်။
၂) Creative Commons License ကို တပ်ဆင်ထားလို့ ရပါတယ် (တရားစွဲဖို့အထိတော့ တချို့နိုင်ငံတွေ အတွက်ပဲ applicable ဖြစ်တယ်လို့ ဆိုထားပေမယ့်)။ ဒါမှမဟုတ် သူနဲ့အလားတူ ကိုယ်လိုချင်တဲ့ terms & conditions ကို ကိုယ့်ဘာသာရေးပြီး ဘလော့ဂ် တနေရာမှာ ဖော်ပြထားလို့ ရပါတယ်။
၃) ကိုယ့်ကို ဆက်သွယ်နိုင်တဲ့ လိပ်စာ သို့မဟုတ် နည်းလမ်း (comment option, c box) တခုခု ပေးထားပါ။ အဲဒီလို ဆယ်သွယ်ရေး လမ်းကြောင်း လုံးဝ ပေးမထားချင်တဲ့ ဘလော့ဂ်မျိုးဆိုရင်လည်း ဘယ်လိုအခြေအနေနဲ့ ယူသုံးနိုင်ကြောင်း မသုံးစေချင်ရင်လည်း လုံးဝမသုံးနိုင်ကြောင့် ထင်ထင်ရှားရှား ဖော်ပြပေးထားပါ။ ကိုယ်မရှင်းမရှင်းလုပ်မိလို့ သူများကိုလည်း သူခိုးမဖြစ်ပါစေနဲ့။
ဒီအကြောင်းအရာတွေကို ရှေ့မှာလည်း ရေးဖူးပါတယ်။ ဒီလိုစာမျိုးဟာ ပျင်းစရာ ကောင်းတယ်လို့ ထင်မှတ်တတ်ကြတဲ့အတွက် သတိထားပြီး လာဖတ်ခဲ့ကြသလား မဖတ်ကြသလားတော့ မသေချာပါဘူး။ ကိုယ်တိုင်လည်း ကျွမ်းကျင်သူ မဟုတ်ပါ။ ကြားဖူးသလောက် ပြန်ဝေမျှခြင်းသာ ဖြစ်ပါတယ်။ မေးခွန်းများ မေးလိုပါက ရှေ့ကပို့စ်အားလုံးကို သေသေချာချာဖတ်ပြီးမှ နားမလည်တာကို မေးဖို့ တောင်းပန်ပါတယ်။ အသေးစိတ်များကို ဖြေနိုင်မယ် လို့လည်း အာမ မခံပါ။
ရှေ့ကစာတွေ ပြန်ဖတ်ရန်
မူပိုင်ခွင့်များနှင့် ပတ်သက်၍
(http://pandora-and-pandora.blogspot.com/2008/11/blog-post.html)
မူပိုင်ခွင့်၊ Creative Commons လိုင်စင်နှင့် မြန်မာ ဘလော့ဂ်များ - ရေးသူ။ ပုထုဇဉ်
(http://pandora-and-pandora.blogspot.com/2008/11/creative-commons.html)
ယခုမျှဝေ၊ အနာဂတ်ကို ပုံဖော်လေ - ရေးသူ။ ပုထုဇဉ်
(http://pandora-and-pandora.blogspot.com/2008/11/blog-post_03.html)
Creative Commons လိုင်စင်များ အလုပ်လုပ်ပုံ - ရေးသူ။ ပုထုဇဉ်
(http://pandora-and-pandora.blogspot.com/2008/11/creative-commons_03.html )
ဘယ်လိုဖြစ်ဖြစ်ပါ။ နိုင်ငံဆင်းရဲပေမယ့် အကျင့်စာရိတ္တ အသိပညာ မဆင်းရဲသင့်ဘူး ဆိုတာ နိုင်ငံတကာအင်တာနက်ပေါ်မှာ ရှိနေသူများက နမူနာပြဖို့ မလိုအပ်ပေဘူးလား။
ပန်ဒိုရာ
Tuesday, November 25, 2008
Ten Things I Hate About Myself
လုပ်ကြပြန်ပြီ။ ကိုယ့်ကိုယ်ကို အမုန်းဆုံး ၁၀ ချက်တဲ့။ ကိုယ့်ကိုယ်ကိုများ မုန်းစရာလား။ ငယ်ငယ်ကတော့ I hate myself for loving you! ဆိုတဲ့ သီချင်းမျိုး ဆိုဖူးရဲ့။ အခုတော့လည်း ဒါမျိုးတွေ သိပ် applicable မဖြစ်တော့ဘူး။ (ထင်တာပဲ) :)
ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို အမြင်ကတ်မိသလိုလို ဖြစ်စေတဲ့ အချက်တွေကတော့ …
(၁) ဆရာကြီးလုပ်တတ်ခြင်း
တကယ်တော့ ဆရာကြီးလုပ်တယ် ဆိုတာလည်း မလွယ်ပါဘူး။ လုပ်ရမယ့် အကြောင်းအရာကို ပိုင်နိုင်ရမယ်။ လုပ်ပုံလုပ်နည်း ကျွမ်းကျင် သပ်ရပ် ပါးနပ်ရမယ်။ လုပ်ရမယ့် ကာလံ ဒေသံကို သဘောပေါက်ရမယ်။ ကိုယ်ဆရာကြီးလုပ်တာကို ခံရမယ့်လူအပေါ်မှာ ဘယ်လောက် အတိုင်းအတာအထိ ဆရာကြီး လုပ်လို့ ရသလဲ ဆိုတာကိုလည်း သေသေချာချာ လေ့လာထားရမယ်။ မှတ်ထားကြနော်။ ဟတ်ပလား….။
(၂) ကြွားဝါတတ်ခြင်း
ပညာအရည်အချင်း ခေသူမဟုတ်၊ ရုပ်ရည်ရူပကာ အလွန်ကြည့်ကောင်း၊ အလုပ်အကိုင် ကြီးကြီးမားမား၊ ငွေရေးကြေးရေး ပူစရာမလို၊ ဆွေကြီးမျိုးကြီးက ပေါက်ဖွားပြီး အလွန်စိတ်ကောင်းရှိသူ ဆိုတော့ကာ ကိုယ့်အကြောင်းကိုယ် အရှိအရှိအတိုင်း ပြောမိတဲ့အတွက် ကြွားဝါသလို ဖြစ်သွားတတ်ပါတယ်။
(၃) ဆင်ခြေဆင်လက်များခြင်း
အကြောင်းပြချက်ပေးတယ် ဆိုတာ ပေးချင်တိုင်း ပေးနေတာတော့ ဘယ်ဟုတ်ပါ့မလဲ။ အကြောင်းပြချက်မှ မပေးဘူး ဆိုရင် ဘယ်ဟာကို ဘာကြောင့် ဘယ်လို လုပ်ခဲ့သလဲ၊ တကယ်လို့ မှားသွားရင်လည်း ဘယ်နေရာမှာ ဘာကြောင့်မှားခဲ့သလဲ ဆိုတာတွေကို ဘယ်လိုလုပ်ပြီး သိနိုင်တော့မလဲ။ ဒါဟာ အကြောင်းပြချက်တွေ ပေးနေရခြင်းရဲ့ အကြောင်းရင်းပဲ။
(၄) စိတ်တိုလျှင် ခပ်ပြတ်ပြတ်ဘုပြောတတ်ခြင်း (အထူးသဖြင့် အွန်လိုင်းမှာ)
စိတ်တိုတယ် ဆိုမှတော့ ဘုမပြောလို့ ဘယ်လိုပြောရမလဲ။ ကဲ..။
(၆) မေ့တတ်ခြင်း
အသက်ကလေး ထောက်လာတော့ မေ့တတ်ပါတယ်။ အဲလို မေ့တတ်တဲ့ ဥပမာတွေထဲက တစ်ခုကို ပြောပြရမယ် ဆိုရင်တော့… အဲ.. မေ့သွားပြီ။
(ရ) တွေဝေတတ်ခြင်း
တွေဝေတတ်တဲ့ အကြောင်းကိုတော့ ပြောပြရင် ကောင်းပါ့မလား.. ပေါ့နော်။ ဒါက စိတ်ထဲမှာ ဖြစ်နေတာ ဘယ်သူမှ မြင်တာမှ မဟုတ်တာ။ ရေးချလိုက်လို့ မကောင်းဘူး ထင်တယ်နော်။ အို.. ဘာဖြစ်လည်းလေ။ ပြောတော့ ပြောလိုက်ပါမယ်။ နေပါဦးလေ.. ပြန်စဉ်းစားပါဦးမယ်။
(၈) လျှို့ဝှက်ဖုံးကွယ်တတ်ခြင်း (သို့သော် ပြန်ပေါ်တတ်ခြင်း)
ဟဲ..။ ဒီပို့စ်ကိုရေးဖို့ တက်ဂ်ထားတာကို ရေးတာ မြန်လိုက်တာလို့ ထင်မနေဘူးလား။ ဒါကတော့ လျှို့ဝှက်ချက်ပဲ။ ရှေ့မှာ ဒီလိုခပ်ဆင်ဆင် ပို့စ်ကို ပန်ဒိုရာဘာကောင်လဲ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရေးဖူးတယ်ဆိုတာ ပြောပြလို့တော့ ဘယ်ဖြစ်ပါ့မလဲ။
(၉) နမော်နမဲ့ ပျာယီးပျာယာ ဖြစ်တတ်ခြင်း
ဒါကတော့ နံပတ် (၉) အချက်ပါ။ ဟေဟေ့… ပြီးတော့မယ်။ အယ်.. နေဦး ပြန်ရေကြည့်လိုက်ဦးမယ်။ အာ.. နံပါတ်စဉ် ကျော်သွားတာကိုး။ စာဖတ် ပရိသတ်ကြီးရေ.. ဒီအချက်ကို နံပါတ် (၈) လို့မှတ်လိုက်ပါ။ ဟာ.. ဒါလည်း မရသေးဘူး။ အိုကေ.. ဒီလိုလုပ်။ နံပါတ် (၆)က စပြီး နံပါတ်စဉ်များကို ဂဏန်းတစ်လုံးစီ လျှော့ကြည့်ပါရန်။ ဒီတော့ ၁၀ခု ပြည့်အောင် နံပါတ် (၉)ကို ၂ ခါ တပ်လိုက်မယ်နော်။ ဟူး… မောသွားတာပဲ။
(၉) ပျင်းတတ်ခြင်း
ဟိ… ၁၀ ခုပြည့်အောင် အလွယ်ဆုံး ဒီတစ်ချက်ကို အသာလေး ထိုးထည့်လိုက်တယ်။
(၁၀) အလုပ်ကို အချိန်ဆွဲကာ နောက်ဆုံးစက္ကန့်မှ ထလုပ်တတ်ခြင်း
တကယ်တော့ ဒီအကျင့်ကို ရှေ့မှာကတည်းက ရေးမလို့ပဲ။ နောက်မှ ရေးလည်း ရပါတယ်လို့ နေနေတာ။ ဟော… ပြောရင်း နံပါတ် ၁၀ ရောက်သွားပြီ။ ကံသီပေလို့။ ကျန်ခဲ့တော့မလို့။
(မတူးတူးသာ တက်ဂ်ထားတာပါ။)
မှတ်ချက်။ အလေးအနက် အမှန်အကန် ရေးခြင်းမဟုတ်။ တခါတလေ ပျော်ရွှင်နိုင်ကြစေရန် ရေးထားခြင်းသာ ဖြစ်ပါသည်။
Sunday, November 23, 2008
စက္ကူပုတီး
စက္ကူပုတီး
ကမ္ဘာကြီး မပျက်သုဉ်းခင်
တနေ့နေ့ပေါ့
မင်းလုပ်ပေးမယ့် စက္ကူပုတီးလေး
လည်မှာဆွဲထားမယ့်နေ့
အရောင်စုံ စိုလက်တောက်ပစွာ
အကြီးအသေး မညီမညာ
မင်းသီကုံးလိုက်တဲ့အခါ
တောပန်းရောင်စုံတွေကြားက
လိပ်ပြာတွေတောင် ငေးသွားကြမယ်
မြက်ခင်းစိမ်းပေါ်မှာ
ခြေဗလာထိုင်စင်း ကဗျာရွတ်ရင်း
နေ့အလင်းကို ညချဉ်းကပ်လာရင်
လရောင်ကိုခေါ်တဲ့သီချင်း မင်းကညည်းဆို
ကြယ်ဖြူရိပ်မှာ လေညင်းချို
တိမ်ညိုမည်း မိုးတွေသည်းလာတဲ့အခါ
ခြေဦးတည့်ရာ သံစဉ်ဆက်ရှာကြ
လက်ဖ၀ါးတွေပင့်မြှောက် မိုးပေါက်ကြားမှာ ကခုန်
သတိတရ ငုံ့ကြည့်လိုက်တော့
ဟော…
ငါ့စက္ကူပုတီးလေးလည်း အရည်ပျော်နေပါလေရော
ငါ… ငိုကြွေးမှာပေါ့
ပြီးတော့… ငါတို့ ရယ်မောလိုက်ကြမယ်။
ပန်ဒိုရာ
Thursday, November 20, 2008
ချစ်ခြင်းမေတ္တာနဲ့ လွဲခဲ့သူ
ကျွန်တော်နှင့် လွဲခဲ့သော ချစ်ခြင်းမေတ္တာများ ဆိုတဲ့ အခန်းဆက် ၀တ္တုလေးတွေ ကို ဖတ်ဖြစ်ရာကနေ သူအပါအ၀င် သူတို့တွေရဲ့ ဘ၀ကို စာနာမှု ပိုရှိလာရတယ်။ ဘလော့ဂ် ပရိုဖိုင်းမှာ .. လူပျိုမသိုးတသိုးပေါ့ဗျာ .. လို့ရေးထားတော့ ပြုံးချင်ချင် ဖြစ်မိသေးတယ်။ ချယ်ရီပန်းတွေပုံ ဘန်နာ တင်ထားခဲ့တော့ ချယ်ရီမှချယ်ရီ ဖြစ်မနေနဲ့လေ တခြားပန်းတွေလည်း လှပါတယ်လို့ နောက်ကြသေးတယ်။ အဲဒီလိုနေတုန်း ဗြုန်းဆို ငယ်ရွယ်ရိုးသားတဲ့ ကရင်အမျိုးသမီးလေး တယောက်နဲ့ အိမ်ထောင်ပြုတော့မယ် ဆိုတော့ ၀မ်းသာကြလို့လေ။ အခုတော့ ပျော်ရွှင်စရာ မိသားစုဘ၀ကလေးမှ ပီပီပြင်ပြင် ဖြစ်မလာသေးခင် ချစ်ခြင်းမေတ္တာတွေနဲ့ အလွဲကြီး လွဲခဲ့ရပြန်ပြီပေါ့။
သူဟာ နာမည်ကြီးတဲ့လူတော့ မဟုတ်ပါဘူး။ ဘ၀နဲ့ရင်းပြီး လူမသိ သူမသိ စွန့်လွှတ်စွန့်စားနေကြတဲ့ အညတရတွေထဲက တယောက်ပါပဲ။ ယုံကြည်ချက်တခုကို တပ်ဆင်ပြီး အိမ်ကနေ ရွက်လွှင့်ခဲ့ရသူတွေထဲက တယောက်ပါပဲ။ အခုတော့ အိမ်မပြန်နိုင်တော့တဲ့ လမ်းခုလတ်မှာ ကြွေလွင့်ခဲ့ရှာပြီမို့ အလွန် ၀မ်းနည်းကြေကွဲမိပါတယ်။
ဒီ့ထက်ဝမ်းနည်းစရာ ကောင်းတာကတော့ လူတယောက် ကွယ်လွန်တာကို ၀မ်းနည်းကြောင်း ရေးဖို့ကို အကြိမ်ကြိမ် စဉ်းစားနေမိပြီး ကြောက်လန့်နေရတဲ့ အနေအထားကိုပါပဲ။ ဘယ်ကလူလဲ သိရဲ့လား။ ဘယ်လောက်သိသလဲ။ ဘယ်လိုသိသလဲ။ စောင့်ကြည့်ချင်လည်း ဘာမှ မတတ်နိုင်ဘူး။ နိုင်ငံတူက မွေးဖွားခဲ့တဲ့ လူမျိုးတူ ကိုယ့်သွေးသားရင်းတွေ အချင်းချင်း အဟန့်အတား အနှောင်အဖွဲ့တွေက လွတ်လပ်ရာလို့ ထင်တဲ့ ဘလော့ဂ်တွေထဲမှာ လည်ပတ်ရင်း အင်တာနက်ကမ္ဘာမှာ ဖြတ်သန်းမိကြရုံ ဆိုတာလောက်ပဲလေ။ နောင်ဘ၀ဆိုတာ ရှိခဲ့ရင် ကြားမှာ ခြားထားတဲ့ တံတိုင်းကြီးတွေ ကင်းဝေးရာမှာ လွတ်လပ် အေးချမ်း ပျော်ရွှင်စွာ မိတ်ဆွေဖြစ်ကြရပါစေ လို့ဆုတောင်းလိုက်ပါရဲ့။
ဖြစ်စဉ်
(မှတ်ချက်။ သူငယ်ချင်းတစ်ယောက်၏ အဘိဓမ္မာဖြင့် ပေါင်းစပ်ထားခြင်း ဖြစ်ပါသည်။)
Tuesday, November 18, 2008
X'mas အကြို ပုံရိပ်များ
ပြီးခဲ့တဲ့ စနေက Orchard လမ်းပေါ်ရောက်ခဲ့တယ်။ ခရစ်စမတ်အတွက် မီးတွေ စထွန်းတဲ့ည ဆိုတာ မသိခဲ့ပါဘူး။
Sunday, November 16, 2008
မုန်တိုင်းကြားက “ဘ၀” များသို့ (၂)
မေလထဲမှာ မုန်တိုင်းကြားက ဘ၀များသို့ ဆိုပြီးတော့ ကိုလှထွန်းဆိုတဲ့ လူတစ်ယောက်အကြောင်း ရေးခဲ့ဖူးတယ်။ နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့တာ အခုတော့ ခြောက်လကြာခဲ့ပြီ။ ပြန်လည်ထူထောင်ရေးတွေ လုပ်နေကြဆဲပါ။ ဒီနှစ် မိုးတွင်းကာလ ကိုတော့ ကျော်လွန်ခဲ့ပြီ။ နောင်နှစ်ခါ မိုးဦးကျကို ရင်ဆိုင်ဖို့ ဘယ်လောက် အဆင်သင့် ဖြစ်နေပြီလဲ ဆိုတာတော့ ကွင်းဆင်းနေတဲ့လူတွေက အသိဆုံး ဖြစ်မယ်။ စီးပွားရေး အကြပ်အတည်းတွေ အစားအစာ ရှားပါးလာမှုတွေနဲ့အတူ ကမ္ဘာကြီးရဲ့ အနားမညီတဲ့မျဉ်းတွေကတော့ ပိုပို တိမ်းစောင်းလာနေပြီ။ လိုအပ်နေတဲ့ လိုအပ်ဦးမယ့် အကူအညီတွေ သွေးအေးသွားပြီလား။ မေ့မသွားစေဖို့ ကိုယ့်ကိုယ်ကိုလည်း သတိပေးရင်း မုန်တိုင်းကြားက ကြားဖူးခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို ပြန်ရေးလိုက်ပါတယ်။
………………………………………………
မသီတာဟာ ဘိုကလေးမြို့နဲ့ မနီးမဝေး ရွာလေးတရွာမှာ နေပါတယ်။ သူ့ယောင်္ကျား ကိုမောင်ငြိမ်းက န၀လီစပါးကြိတ်တဲ့ ဆန်စက်တွေက ဆန်တွေကို မြို့နဲ့ရွာနဲ့ ကြားမှာ အသယ်အပို့ လုပ်တယ်။ အိမ်ထောင်ကျတာ နှစ်နှစ်တောင် မပြည့်သေးတဲ့ သူတို့မောင်နှံမှာ ချစ်စရာကောင်းတဲ့ ၅ လအရွယ် သားဦးလေးလည်း ရှိတယ်။ နှစ်ဘက်စလုံးက မိဘတွေ မရှိကြတော့တဲ့ ဥတလုံးမောင်နှံမို့ မိသားစု သေးသေးလေးဟာ သိပ်ကို တွယ်တာ ချစ်ခင်ကြပါတယ်။
မေလဆိုတာက မြစ်ဝကျွန်းပေါ်ဒေသက အိမ်တွေအတွက် မိုးဦးလေဦးကျ အတွက် ပြင်ဆင်ရမယ့် အချိန်ပဲလေ။ အိမ်ကို ဓနိအသစ် ပြန်မိုးရမယ်။ ကုန်ကျစားရိတ်တွေ ရှိတယ်။ ဒါကြောင့် ကိုမောင်ငြိမ်းဟာ မိုးမကျခင်မှာ အလုပ်ကို ပိုပြီး ကြိုးစားလုပ်ပါတယ်။ မေလဆန်းမှာတော့ မုန်တိုင်းလာမလိုလို သတင်းက ကြားနေရတယ်။ အဲဒီအချိန်မှာပဲ ဆန်တွေက ဘိုကလေးကို သွားပို့စရာ ရှိနေတယ်။ မသီတာက ဖြစ်နိုင်ရင် ကိုမောင်ငြိမ်းကို မသွားစေချင်ဘူး။ ဒါပေမယ့်လည်း သတင်းသိရသလောက် မုန်တိုင်းက ၄၅ မိုင်၊ မိုင်၅၀ နှုန်းလောက်ပဲ။ စိတ်မပူနဲ့။ ပို့ပြီးပြီးချင်း ချက်ချင်း ပြန်လာခဲ့မယ် ဆိုပြီး ကိုမောင်ငြိမ်းဟာ မြို့ပေါ်ကို စပါးပို့ဖို့ စက်လှေနဲ့ တက်သွားပါတယ်။
၂၀၀၈ မေလ၂ ရဲ့ ဧည့်ဆိုးနာဂစ် လာပါပြီ။ မွန်းလွဲလာတာနဲ့ ရွာထဲကို လေတွေ စတိုက်လာတယ်။ မသီတာဟာ ကလေးကိုချီရင်း ရွာထိပ်က တံတားလေးမှာ ကိုမောင်ငြိမ်းကို သွားစောင့်နေတယ်။ စက်လှေကတော့ ဆိုက်မလာသေးဘူး။ ချက်ချင်း ပြန်ထွက်လာခဲ့တယ်ဆိုရင် ညနေမစောင်းခင်မှာ ရောက်လာသင့်တာပေါ့လေ။
မှောင်ရီပျိုးစမှာတော့ ချောင်းထဲကနေ ရေတွေ စတက်လာတယ်။ လေက တော်တော်အရှိန်ပြင်းလာပြီ။ ကလေးငယ်ငယ်လေးနဲ့ အိမ်ထဲမှာပြန်နေပါဟယ် လို့ လူတွေက ပြောတာနဲ့ မသီတာလည်း အိမ်ကို ပြန်လာခဲ့ပါတယ်။ အိမ်ရောက်တော့ မိုးကလည်း ယိုလိုက်တာ။ စောစော အိမ်မိုးမထား နိုင်ခဲ့တာ ခက်ရပြီပေါ့။ မသီတာဟာ ကလေးကို မိုးရေလွတ်တဲ့ နေရာမှာ ကျစ်ကျစ်ဖက်ထားရင်း မိုးတွေ စဲပါစေတော့လို့ ဆုတောင်းနေရုံပဲ တတ်နိုင်တယ်။
ညနေခြောက်နာရီ ထိုးလောက်မှာတော့ မိုးတွေလေတွေက အသည်းဆုံးအချိန် ရောက်ပြီပေါ့။ ရေတွေ အိမ်ထဲဝင်စပြုလာပြီ။ မသီတာဟာ ကလေးကို ပုဆိုးတစ်ထည်နဲ့ သေသေချာချာပတ် အ၀တ်လျှော်တဲ့ ကော်ဇလုံထဲ ထည့်ပြီး ဘုရားတရားသာ တနေရတယ်။ သိပ်မကြာဘူး ရေတွေက ရွာလေးကို ဖုံးသွားပြီ။ အိမ်ကလေးလည်း သိမ့်သိမ့်ခါပြီး ပြိုကျသွားတော့တယ်။ မသီတာလည်း ကလေးထည့်ထားတဲ့ ဇလုံကို ကိုင်ထားရင်း လှိုင်းတချက် အပုတ်မှာ ရေစီးနဲ့အတူ ကူးရင်းခတ်ရင်း မျောထွက်လာပါတော့တယ်။
ကိုမောင်ငြိမ်းတယောက်ကတော့ လမ်းခုလတ်မှာလား မြို့ပေါ်မှာပဲ ရှိနေသလား။ စိတ်ပူပူနဲ့ တွေးရင်းတောရင်း အနားမှာတွေ့ရတဲ့ ပျဉ်ချပ်လိုလို အပြားတစ်ခုကို အတင်း ဖက်တွယ်ထားလိုက်တယ်။ ကလေးကိုလည်း မလွတ်စေအောင် ကိုင်ထားရတာပေါ့။ သည်လိုနဲ့ ညမှောင်မှောင်ထဲ ကူးနေခတ်နေလိုက်တာ အချိန်တော်တော်ကြာသွားပြီ။ အတော်လည်း ခြေကုန်လက်ပန်း ကျနေပြီ။ အဲဒီအချိန်မှာ လှိုင်းခပ်ကြီးကြီး တစ်ချက် ပုတ်လိုက်တဲ့အခါ မသီတာလည်း ရေတွေမွှန်သွားပြီး မိုက်ခနဲ သတိလစ်သွားတော့တယ်။
မသီတာ သတိရလာတဲ့အချိန်မှာ ကမ်းစပ်တခုမှာ လဲလျောင်းနေလျက်သား ဖြစ်နေတယ်။ ပတ်ဝန်းကျင်ကတော့ မှောင်မဲလို့။ လေတွေကလည်း တိုက်နေတုန်းပဲ။ သူ မသေမပျောက် ဒီနေရာကို ဘယ်လိုရောက်လာသလဲဆိုတာ ဘယ်လိုမှ မသိတော့ဘူး။ ချက်ချင်းပဲ သတိရလိုက်တာကတော့ ကလေးပါပဲ။ ဟာ.. သွားပြီ။ သူ သတိလစ်နေတဲ့အချိန်မှာ ကလေးကို လက်လွှတ်မိသွားပြီပေါ့။ မှောင်မှောင်မဲမဲထဲ အနီးအနားမှာ ကလေးကို လိုက်စမ်းရှာတယ်။ အော်ခေါ်ကြည့်တယ်။ ကလေးငိုသံလည်း မကြားရဘူး။ တခြား ဘယ်သူ့အသံမှလည်း မကြားရဘူး။ ငိုရင်းရှိုက်ရင်းနဲ့ပဲ မသီတာဟာ လျှပ်စီးတချက်တချက် လက်တဲ့ အချိန်မှာ ကုန်းမြေလို့ လှမ်းမြင်ရတဲ့ ဘက်ကို မှန်းပြီး ဆက်လျှောက်ခဲ့တယ်။
လျှောက်ရင်းနဲ့ ခပ်လှမ်းလှမ်းမှာ မီးရောင် ပျပျလေး တွေ့လိုက်တယ်။ လူနေ ရပ်ကွက်တခုကို တွေ့လိုက်ရပါတယ်။ အနီးဆုံး အိမ်တလုံးကို တံခါးခေါက်ရင်း ကျမမုန်တိုင်းမိလာလို့ပါ ခဏ ၀င်နားပါရစေလို့ အားတင်းပြီး ပြောလိုက်တယ်။ အဲဒါဟာ ဘိုကလေးမြို့ရဲ့ ရပ်ကွက်တခုပါပဲ။
အိမ်ထဲမှာတော့ သဘောကောင်းပုံရတဲ့ အိမ်ရှင် မိသားစုရယ်။ သူ့လို မိုးခိုလာကြတဲ့ ဒုက္ခရောက်သူ တချို့ရယ်ကို တွေ့လိုက်ရပါတယ်။ မသီတာဟာ သူ့ဖြစ်ကြောင်းကုန်စင်ကို ပြောပြပြီး အဲဒီညအဖို့ အဲဒီအိမ်မှာ နားလိုက်ပါတော့တယ်။ နားထောင်ရသူတွေကလည်း ပျောက်သွားတဲ့ ကလေးအတွက် စုတ်တသတ်သတ်နဲ့ ကရုဏာသက်နေကြတော့တာပေါ့။
နောက်တနေ့မိုးလင်းမှာတော့ မုန်တိုင်းက အရှိန်ပြယ်နေပါပြီ။ တည်းခိုခဲ့တဲ့ တခြားလူတွေကတော့ အိမ်ရှင်ကို နှုတ်ဆက်ပြီး မြို့ထဲကို ထွက်လာကြတယ်။ မသီတာကတော့ တညလုံး မောမောပန်းပန်းမို့ အိပ်ပျော်နေဆဲပါပဲ။ အိမ်ရှင်တွေကလည်း သနားလို့ မနှိုးပဲ ထားလိုက်ကြတယ်။
မြို့ထဲရောက်တဲ့အခါ အဲဒီလူတွေဟာ တခြားအိမ်တွေမှာ မိုးခိုလာခဲ့ကြတဲ့ သူတို့ရဲ့ အသိမိတ်ဆွေတွေနဲ့ မသေမပျောက် ပြန်တွေ့ကြတော့ ၀မ်းသာအားရ နှုတ်ဆက်ကြရင်း သူ့အတွေ့အကြုံ ကိုယ့်အတွေ့အကြုံ ဖလှယ်ကြတယ်။ ကလေးပျောက်ပြီး ရောက်လာတဲ့ မသီတာ အကြောင်းကို ပြောလိုက်တော့ ဟိုလူတွေကလည်း အံ့သြစွာနဲ့ သူတို့ တည်းတဲ့အိမ်ကို ရောက်လာတဲ့ ဇနီးမောင်နှံရဲ့ အကြောင်းကို ပြန်ပြောပြပါတယ်။
ဘိုကလေး မြို့နယ်ထဲက တခြားရွာတရွာမှာ နေထိုင်ကြတဲ့ ကိုအောင်နဲ့ မခင်လေး တို့ဟာ မုန်တိုင်းမှောင်မှောင် ရေပြင်ထဲမှာ ကူးရင်းခတ်ရင်းနဲ့ ဘိုကလေးမြို့ရဲ့ ကမ်းတနေရာကို ရောက်လာကြတယ် တဲ့။ ရေစပ်စပ်မှာ အထုတ်ကလေး တစ်ထုတ်ကို ၀င်ခလုတ်တိုက်မိသတဲ့။ အသံလိုလို ကြားလိုက်ရလို့ ကောက်ကိုင်ကြည့်လိုက်တာ လသားအရွယ် ကလေးလေး တစ်ယောက် ဖြစ်နေတယ်။ သူတို့ ကောက်ချီလိုက်တဲ့ အချိန်မှာ ကလေးက ထငိုတာမို့ အံ့လည်းအံ့သြ ၀မ်းလည်းဝမ်းသာ သွားကြတယ်။ အနီးအနားမှာ ရှာကြည့်တော့လည်း လူသူ ဘယ်သူမှ မရှိကြဘူး။
ဒီလောက် မုန်တိုင်းတွေကြားထဲက ရှင်ကျန်ရစ်တဲ့ ကလေးလေးကို ဘုရားမ လို့ရတာပဲလို့သာ မှတ်လိုက်ကြတယ်။ သူတို့ ဇနီးမောင်နှံမှာလည်း သားမမီး မထွန်းကားကြသေးတာမို့ ဒါဟာ ကိုယ်နဲ့ထိုက်လို့ ရတဲ့ကလေးပဲ လို့ တွေးလိုက်ကြပါတယ်။ ဒီလိုနဲ့ ရှေ့ကို ဆက်လျှောက်သွားရင်း ဘိုကလေးမြို့ထဲ ရောက်လာပြီး တွေ့တဲ့ အိမ်တအိမ်မှာ ၀င်မိုးခိုတော့ ကလေးကို ကောက်ရခဲ့တဲ့ အကြောင်းနဲ့ ပိုင်ရှင်ရှာမတွေ့ခဲ့ရင် မွေးစားမယ် လို့ ပြောဖြစ်ကြပါတယ်။ တကယ်တော့ ကိုအောင်နဲ့ မခင်လေးတို့လည်း အိုးပျက်အိပ်ပျက် အ၀တ်တထည် ကိုယ်တခု ဘ၀ကို ရောက်နေပါပြီ။ ဘာပဲဖြစ်ဖြစ် ဒီလောက်တိုက်တိုက် ဆိုင်ဆိုင် လာတွေ့ရတဲ့ ကလေးလေးကို အေးအတူ ပူအမျှ မွေးစားလိုက်ပါမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။
အဲဒီအကြောင်းကို မြို့ထဲလမ်းမှာ ဆုံတွေ့သူ အချင်းချင်း ပြောဖြစ်တဲ့အခါ ဒါ မသီတာ ပျောက်သွားတဲ့ ကလေးများ ဖြစ်နေမလားလို့ ထင်လိုက်ကြတယ်။ ကလေးက ယောင်္ကျားလေးဖြစ်ပုံနဲ့ အသက်အရွယ်ကလည်း တိုက်ဆိုင်နေတယ်လေ။ ဒါနဲ့ပဲ သူတို့ဟာ ကိုယ့်ဒုက္ခတွေကို အသာဘေးချ။ လူခွဲပြီး ကလေးရှိရာ အကြောင်းကြားတဲ့လူက ကြား မသီတာဆီ ပြန်တဲ့လူက ပြန်နဲ့ အလုပ်ရှုပ်သွားကြပါတယ်။
မသီတာ အိပ်ရာက နိုးလာတော့ ဒီသတင်းကို ကြားလိုက်ရပါတယ်။ ကလေးနဲ့ ဆုံတွေ့ရတဲ့အခါမှာတော့.. အို.. ဒါ သူ့ကလေးမှ သူ့ကလေး အစစ်ပဲ။ မျှော်လင့်ချက်တွေ ကုန်ပြီလို့ တညလုံး ငိုထားခဲ့ရတဲ့ မသီတာဟာ ၀မ်းသာလွန်းလို့ ငိုရပြန်ပါတယ်။ ကလေးကောက်ရတဲ့ မောင်နှံရော ဆုံတွေ့ပေးဖို့ လုပ်ပေးကြတဲ့လူတွေရော အားလုံးလည်း ၀မ်းသာဝမ်းနည်းပေါ့။
မသီတာရဲ့ ခင်ပွန်း ကိုမောင်ငြိမ်းရဲ့ သတင်းကို စုံစမ်းလိုက်တဲ့အခါတော့ စိတ်မကောင်းစရာပဲ။ မုန်တိုင်းသတင်းကြောင့် မြို့ပေါ်ကလူတွေက ၀ိုင်းတားနေကြတဲ့ ကြားထဲက အိမ်ကို ကတိပေးထားတဲ့ အတိုင်း ဆက်ဆက် ပြန်လာခဲ့တဲ့ ကိုမောင်ငြိမ်းရဲ့ စက်လှေတစီးလုံးဟာ လမ်းမှာတင် ပျောက်ဆုံးသွားခဲ့တယ်။
အဲဒီလို ကလေးတစ်ယောက်နဲ့ လက်မဲ့ ကျန်ခဲ့တဲ့ မသီတာကို ဘာမှန်းမသိသေးတဲ့ ရှေ့ဘ၀ ခရီးက ဆီးကြိုနေပါတော့တယ်။
……………………………………
ဒါဟာ မုန်တိုင်းကြားမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်တခုကို အခြေခံပြီး နာမည်တွေ ပြောင်းလဲ ရေးထားတာပါ။ ဒီလို ကြေကွဲစရာ အဖြစ်တွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေဟာ မြစ်ဝကျွန်းပေါ် ဒေသမှာ သိန်း သန်း ချီနေလိမ့်မယ်။ တာဝန်ရှိသူတွေ တာဝန်ယူသူတွေက အရှိန်မလျော့တမ်း ဆက်လုပ်ကြဖို့ လိုပါတယ်။ အဝေးရောက်နေသူတွေကလည်း သနားနေရုံနဲ့ မပြီးပါဘူး။ တစ်ကြိမ်တစ်ခါ ရေတို ကူညီလိုက်ရုံနဲ့လည်း ပြေလည်သွားမယ့် ကိစ္စမဟုတ်တဲ့အတွက် ကိုယ်တိုင် ဆက်လက် လုပ်နိုင်တာတွေ ရှိပါသေးတယ်။ ကူညီလိုရင်တော့ အစိုးရမဟုတ်တဲ့ လူမှုအဖွဲ့အစည်းတွေ အများအပြား ထဲက MBEAN ဆိုတဲ့ အဖွဲ့တစ်ဖွဲ့ကို ညွှန်းဆိုချင်ပါတယ်။
MBEAN ကတော့ ဘလော့ဂါ တစ်ဦးလည်း ဖြစ်တဲ့ ဒေါက်တာရဲမွန်မြင့် ပါဝင်တဲ့ စေတနာဝန်ထမ်း အဖွဲ့တစ်ခုပါ။ ကိုယ့်နိုင်ငံကို ပြန်ပြီး ကိုယ်တိုင်ကိုယ်ကျ သွားမကူညီနိုင်ပေမယ့် အဝေးကနေ ဆက်လက် ကူညီလိုတယ်ဆိုရင်တော့ တစ်ကျပ်တစ်ပြားဖြစ်ဖြစ် ထည့်ဝင်နိုင်ပါတယ်။ ကိုယ်တွေ တနေ့စားနေတဲ့ ထမင်းတစ်နပ်မှာ နည်းနည်း ချွေတာလိုက်မယ်၊ ဇိမ်ခံကိစ္စတွေ နည်းနည်း လျှော့လိုက်မယ် ဆိုရင် သူတို့တွေရဲ့ ဘ၀တွေအတွက်တော့ အပြောင်းအလဲပဲ မဟုတ်ပါလား။
MBEAN website လိပ်စာ။ http://mbean.org.uk
MBEAN ရဲ့ လုပ်ဆောင်ချက်တွေ သိချင်ရင် အစီရင်ခံစာတွေကိုလည်း အဲဒီမှာ သွားဖတ်နိုင်ပါတယ်။ ငွေကိုလည်း အဖွဲ့ဝင်တွေကတဆင့် ဖြစ်ဖြစ် credit card ကတဆင့်ဖြစ်ဖြစ် paypal ကဖြစ်ဖြစ် လှူဒါန်းနိုင်ပါတယ်။
မုန်တိုင်းကြားက “ဘ၀” များသို့ (၁)
ပန်ဒိုရာ
Thursday, November 13, 2008
ကျီးမနိုးခင်ရေးတဲ့စာ
မနှစ်က တန်ဆောင်မုန်း လပြည့်ညက လမင်းကြီးသာနေရင် ကောင်းကင်ကြီးကို ကြည့်ပြီး တခုခုရေးပါလားလို့ ပြောတဲ့လူကပြောလို့ လပြည့်ဝန်းကြီးကို ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေ တင်ရင်း ဒီစာလေး ရေးဖြစ်ခဲ့တယ်။ ဒီနေ့လည်း ညကျရင် အပြင်ထွက်ပြီး လရောင်ကို လိုက်ဖမ်းဦးမှပါပဲလေလို့ စဉ်းစားတော့ မိုးက တနေ့လုံးရွာနေတယ်။ လသာဖို့ဝေး ကြယ်ကလေး တလုံးတလေ တောင် မရှိဘူး။
ဒါက မနှစ်က လ ပါ။
လတ်တလော သတင်းတွေကြောင့် စိတ်တွေ အရောင်မထွက်နိုင်ပဲ မွဲခြောက်ခြောက် ဖြစ်နေတဲ့ အချိန်မှာ တချိန် တောက်ပခဲ့တဲ့ ဆေးရောင်စုံတွေနဲ့ ပြန်ခြယ်ကြည့်ရရင်တော့ ကျီးမနိုးပွဲ လုပ်ခဲ့တာကို သတိရပါတယ်။
တန်ဆောင်မုန်းလမှာ စောရနက္ခတ်က ကွန့်မြူးသတဲ့။ ဒါကြောင့် လူငယ်တွေဟာ ခိုးချင်ဝှက်ချင် စိတ်တွေ ပေါ်လာပြီး ခင်မင်သူတွေရဲ့ ပစ္စည်းတွေကို ၀ှက်ထားတာတို့ ဟိုနေရာ ဒီနေရာ ရွှေ့ထားတာတို့ လုပ်ပြီး ကျီစယ် နောက်ပြောင်ကြတယ်တဲ့။ လွန်ခဲ့တဲ့ နှစ်အတော်ကြာကြာ တက္ကသိုလ် ကျောင်းသူဘ၀က မိန်းကလေးတွေချည်း အတူတူနေကြတဲ့ နေရာတခုမှာ တန်ဆောင်မုန်း လပြည့်ညကို ဖြတ်သန်းခဲ့ကြပုံကို သတိရတယ်။
ကိုယ်ရယ် ကိုယ်နဲ့ ခုတင်ချင်းကပ်လျက် သူငယ်ချင်းရယ် ဘယ်သူ့ကို ဘယ်လို နောက်ရင် ကောင်းမလဲ ဆိုတာ ထိုင်စဉ်းစားကြတယ်။ ညဦးပိုင်းမှာ စဉ်းစားနေကြတုန်းပဲ စာမေးဖို့ဆိုပြီး သူငယ်ချင်း တချို့ အခန်းထဲ ရောက်လာတယ်။ သိပ်တော့ မသင်္ကာလှဘူး။ တကယ်ဆို သူတို့နဲ့ ကိုယ်တို့ကလည်း မေဂျာတူတာမဟုတ်။ အတန်းကလည်း ငယ်သေးတယ်။
သူတို့ပြန်သွားတဲ့အခါ ခုတင်ပေါ်က ဆင်းမယ်ကြံတော့ ပါသွားပြီ။ ဘာမှတ်လဲ။ ဖိနပ်။ အိမ်နေရင်းစီးတဲ့ ဖိနပ်တွေ မရှိတော့ဘူး။ သို့သော်လည်း ဒင်းတို့ ပျော်သွားမှာစိုးလို့ မသိချင်ယောင် ဆောင်ပြီး အသာလေးပဲ နေလိုက်တယ်။ နည်းနည်း ညဥ့်နက်လာတော့ အခန်းအပြင်မှာ ဆူဆူညံညံအသံတွေ ရယ်သံတွေကြားလို့ ထွက်ကြည့်လိုက်တော့…။ အခန်းတွေရဲ့ အလယ် အောက်ထပ်ကိုဆင်းတဲ့ လှေခါးပေါက် မှာ ကြိုးရှည်ရှည် တစ်ချောင်းနဲ့ငါးခြောက်တွေသီသလို သီပြီး တန်းစီချထားတာ ဖိနပ်တွေသာမက အကျီတချို့နဲ့ အတွင်းပစ္စည်းတွေ…။ မိန်းကလေးတွေ အားလုံးလည်း တ၀ါးဝါး တဟားဟား ကိုယ်ပစ္စည်း ကိုယ်ပြန်ရှာကြပေါ့။
အဲဒီလိုနဲ့ ညဥ့်နက်လို့ လူတွေ အိပ်တဲ့လူအိပ်နေပြီ။ ကိုယ်တို့အခန်းမှာက ကိုယ်တို့ နှစ်ယောက်အပြင် နောက်တစ်ယောက်ရှိသေးတယ်။ သူက သိပ်ပြီးရိုးသလောက် သဘောလည်းကောင်းပါတယ်။ ကြံစည်ထားတဲ့အတိုင်း ကိုယ့်သူငယ်ချင်းက သူ့ကို အခန်းပြင် ခဏ ခေါ်ထုတ်သွားတဲ့အချိန်မှာ လှုပ်ရှားပါတော့တယ်။
နောက်တော့ သူတို့ ပြန်ဝင်လာတယ်။ ကိုယ်တို့ နှစ်ယောက်က စောစော အိပ်တော့မယ် ဆိုပြီး အိပ်ရာဝင်ပြီး အိပ်ကြပါတော့တယ်။ ရိုးသားတဲ့ သူငယ်ချင်းလေးက စာကျက်နေတော့ တော်တော်နဲ့ မအိပ်သေးဘူး။ အိပ်ချင်ယောင်ဆောင်နေတဲ့ နှစ်ယောက်ဟာ သူအိပ်တော့မယ့် အချိန်ကို စောင့်နားထောင်နေကြတယ်။ သူစာကျက်ပြီးလို့ အိပ်မယ်ဆိုပြီး ခြင်ထောင်ကို ဆွဲချသံကို ကြားလိုက်ရတယ်။ အဲဒီမှာ တွေ့တော့တာပဲ။
ဝရုန်းသုန်းကားနဲ့ ခြင်ထောင်ကို ဟိုဘက်ထောင့်ကဆွဲချကြည့် ဒီဘက်ထောင့်က ဆွဲချကြည့်နဲ့ နဲ့ ဘယ်လိုမှမရလို့ သူ နားမလည်နိုင်အောင် ဖြစ်နေပါတယ်။ ဒီလိုပါ။ အကြောင်းကတော့ သူအဆင်သင့် ပြင်ထားတဲ့ ခြင်ထောင်ကို ကိုယ်က ပြောင်းပြန်လှန်ပြီး ပြန်ထောင်လိုက်တာကိုး။ ဆွဲချရမယ့် အပိုင်းက ခေါင်မိုးပေါ်မှာ ရောက်နေတာပေါ့။ နောက်တော့ သဘောပေါက်သွားတယ်။ ကိုယ်တို့လုပ်တယ်ဆိုတာ သူ သိတော့သိမှာပေါ့။ ကိုယ်တို့ကို တစ်ခွန်းနှစ်ခွန်း လှမ်းခေါ်ကြည့်သေးတယ်။ ဒါပေမယ့် ဒီက တုတ်တုတ်မလှုပ် အိပ်ချင်ယောင်ဆောင်နေတယ် ဆိုတော့ ဘာမှမပြောတော့ပဲ ခြင်ထောင်လေး ပြန်ဖြုတ် ပြန်ထောင်ပြီး အိပ်သွားပါတော့တယ်။
အပြင်မှာတော့ အဲဒီည ဘယ်သူတွေ ဘယ်လိုဆက် သောင်းကျန်းကြလဲ မသိပါဘူး။ အိပ်လိုက်ကြတယ်။ မနက်တော့ ၅ နာရီလောက်မှာ အသာလေး အိပ်ရာထကြတယ်။ ညက ဖိနပ်လာခိုးထားတဲ့ သူငယ်ချင်းတွေထဲက နှစ်ယောက်ရဲ့ ရုပ်ပြောင်ပုံကို ကိုယ်ကဆွဲတယ်။ ပြီးတော့ အလိုရှိသည် ဆုငွေ ဘယ်လောက် ဆိုပြီး သူတို့ အခန်းရှေ့မှာ သွားကပ်တယ်။ နောက်တခန်းကိုကျတော့ အခန်းရှေ့ကနေ တုတ်တချောင်းနဲ့ ကန့်လန့် ခံထားလိုက်တယ်။ ပြီးတော့မှ အသာလေး ကိုယ့်အခန်း ပြန်အိပ်နေတော့တာပေါ့။ မိုးလင်းလာတော့ ဆူဆူညံညံပေါ့လေ။ မသိချင်ယောင် ဆောင်နေလိုက်တယ်။ အမယ်.. ကာတွန်းပုံ အဆွဲခံရတဲ့ နှစ်ယောက်က သူတို့ပုံတွေ တူတယ်ဆိုပြီး သဘောတောင်ကျလို့ ဆိုပဲ။ တုတ်နဲ့ အပိတ်ခံရတဲ့ အခန်းကတော့ ထွက်မရလို့ ဘေးခန်းက ဖွင့်ပေးရတယ်။
အခုလည်း ကျီးမနိုးပွဲကို ဘလောဂ့်တွေထဲမှာ ဘယ်လိုလုပ်လို့ရနိုင်မလဲ ဆိုပြီး တွေးကြည့် နေမိသေးတယ်။ ရပ်ကွက်ထဲမှာ ဆိုင်းဘုတ်တွေ ပြောင်းချိတ်ကြသလို ဘန်နာတွေ ပြောင်းချိတ်လို့ရရင် ရယ်ရမယ်။ တံခါးဝမှာ ကန့်လန့်ခံ ထားသလို ဆီပုံးတွေကို သွားဆို့လိုက်ရမလား။ အချစ်ကဗျာ နုနုရွရွရေးတဲ့ ဘလောဂ့်မှာ တရားစာရေးတဲ့ ဘလော့ဂ်က သံဝေဂပို့စ်ကို ဖြုတ်ခိုးပြီး သွားတင်လိုက်တာတို့ ဘာတို့။ ဒီလို လိုက်မွှေလို့ရရင် ဘယ်လိုနေမလဲပေါ့။ ကျီစားသန်က ရန်များ၏ တော့ မဖြစ်အောင် သတိထားရမယ်။
အားလုံး ခဏဖြစ်ဖြစ် ပြုံးပျော်နိုင်ကြပါစေ။
Tuesday, November 11, 2008
အနှစ်နှစ်ဆယ်
အနှစ်နှစ်ဆယ်
ဒါဟာ ကလီရှေးဖြစ်နေတဲ့ ခေါင်းစဉ်တစ်ခုဖြစ်တယ်
ဟိုနားဒီနား လျှောက်သွားနေတဲ့ ဝေါဟာရ
ဒါပေမယ့် ရွေးချယ်စရာက မရှိတော့ဘူး
ရှေ့မှာ အနှစ်နှစ်ဆယ်စာကြီးက ပက်လက်မျောနေတယ်
နောက်ပြန်လှည့်ကြည့်လိုက်တော့လည်း မျောခဲ့တာ အနှစ်နှစ်ဆယ်ပဲ
ခေါင်းငုံ့နေလိုက်မလား ကြာသွားမယ်အနှစ်နှစ်ဆယ်
ဒါဆိုခေါင်းမော့ကြည့်ရဲသလား တွေ့သွားမယ်အနှစ်နှစ်ဆယ်
အနှစ်နှစ်ဆယ်လုံးလုံး အိပ်မက်ကတစ်မျိုးထဲရယ်
အနှစ်နှစ်ဆယ်ထောင်ချောက်ထဲမှာ အနှစ်နှစ်ဆယ်တေးတွေပဲ တီးကြဆိုကြ
ဒီလိုဆို နောင်အနှစ်နှစ်ဆယ်ကြာဘ၀တွေထဲကလည်း
အသက်နှစ်ဆယ် ထည့်ထည့်နုတ်နေကြရဦးမယ်
အနှစ်နှစ်ဆယ်ကိုရင်းပြီး အနှစ်နှစ်ဆယ်ကို ဖဲ့ထုတ်ဖို့တဲ့
သို့ဖြစ်လေရာ ခင်ဗျားတို့နဲ့ ကျုပ်တို့ စကားတစ်ခွန်းလောက် ပြောလိုက်တိုင်းမှာ
အနှစ်နှစ်ဆယ်စာ တန်နေတာ ဘယ်တော့မှ မမေ့ပါနဲ့ …။
ပန်ဒိုရာ
Sunday, November 9, 2008
စက်ဘီးကလေး
စက်ဘီးကလေးတစ်စီး ရှိသည်ဆိုပါစို့။ မြေနီနီ လမ်းကလေးတစ်လမ်း ရှိသည်ဆိုပါစို့။ လမ်းကလေး၏ ဘေးတဘက်တချက်မှာ တောပန်းလေးတွေ မြက်ပင်တွေ အပြိုင်းအရိုင်း ပေါက်ချင်ပေါက်နေမည်။ လယ်ကွင်းတွေဖြင့် စိမ်းချင်စိမ်းနေမည်။ စက်ဘီးကလေး လိမ့်သွားဖို့ လမ်းကလေးတစ်ခုသာ လိုအပ်ပါသည်။
မြေနီလမ်းလေးလား။ ကတ္တရာလမ်းလေးလား။ မြေခံမာပြီး ချောမွေ့သော လမ်းကလေး မဖြစ်လျှင်တော့ သွားရတာ နည်းနည်းခက်မည်။ လမ်းကလေး ပီပီပြင်ပြင် မဟုတ်လျှင် ဘယ်လိုဖြစ်လာမလဲ။ တကယ်တော့ လမ်းကလေးရယ်လို့ ရှိမနေလည်း စက်ဘီးကလေး တစ်စီးသာ ရှိခဲ့လျှင် ဘယ်လိုပဲဖြစ်ဖြစ် တွန်းတွန်းတိုက်တိုက် ဖြတ်ကျော်မသွားနိုင်ဘူးလား။ ဒါဆိုလျှင်တော့ လမ်းကလေး ဖောက်မထားလည်း ကိစ္စမရှိတော့။ စက်ဘီးကလေးက ဆက်လက်ပြေးလွှားနေပါဦးမည်။
စက်ဘီးကလေးဆိုသည်မှာ စက်အားကိုးဖြင့် အလိုအလျောက် ပြေးလွှားနိုင်သော ယာဉ်တစ်စီးမဟုတ်။ ခြေထောက်ဖြင့် နင်းဖို့လိုသည်။ ဖြေးဖြေးနင်း။ မြန်မြန်နင်း။ တစ်ချက်ချင်းနင်း။ အားကုန်နင်း။ မောလျှင် ခဏနားရင်း အရှိန်ကလေးဖြင့် ဆက်လှိမ့်သွား။ အကွေ့ဆို လက်ကိုင်ကို ထိန်း။ ကုန်းဆင်းကလေးဆိုလျှင်တော့ သတိဖြင့် လျှောချရမည်။ ကုန်းမြင့်မြင့်ကို တက်ဖို့ ခပ်ဝေးဝေးကတည်းက အရှိန်ယူထားရမည်။ တစ်ယောက်တည်းလား။ ပေါ့ပေါ့ပါးပါး စီးမှာလား။ တခုခုကို သယ်ဆောင်ပြီး စီးမှာလား။ လက်နှစ်ဘက်လုံး လွှတ်စီးလျှင်တော့ စွန့်စားမှု များလွန်းသည်ဟု မထင်ဘူးလား။
စက်ဘီးကလေးဖြင့် ကျေးလက်ရနံ့ကို သယ်လာချင်ပါသည်။ တ၀က်တပျက်သာ စက်မှုဆန်လာသည့် ယဉ်ကျေးမှုတစ်ခုကို ကိုယ်စားပြုလို့ပေါ့။ ညနေခင်း၏ ကန်ပတ်လမ်းကလေးမှာ လေပြည်အေးအေးလည်း သာသာ တိုးဝှေ့နေစေချင်သေးသည်။ အဲသည်လိုအချိန်မှာ ကောင်ကလေးက ရှေ့ကနင်းလို့ ကောင်မလေးက ကယ်ရီယာခုံမှာ ထိုင်လို့ ဆိုတာမျိုးပေါ့။ လမ်းက ဆိုးလို့ဖြစ်ဖြစ် အကွေ့ကိုရောက်လို့ဖြစ်ဖြစ် ဒါမှမဟုတ် ကောင်ကလေးကိုက စက်ဘီးလက်ကိုင်ကို တမင် လှုပ်ယမ်းလိုက်လို့ဖြစ်ဖြစ် စက်ဘီးကလေး ယိမ်းခနဲ ဖြစ်သွားတဲ့အခါ…။ ကောင်မလေးက ကြောက်တတ်လို့ ဒါမှမဟုတ် ကြောက်ချင်ယောင် ဆောင်လိုက်တဲ့အခါ ….။
စေတီဖြူဖြူလေးရှိရာ ကုန်းမြင့်ကလေးအတိုင်း တက်လာမည်။ မြစ်ကမ်းတလျောက် ကမ်းနားလမ်းကလေးအတိုင်း ပြန်ဆင်းသွားမည်။ သစ်သားပြားလေးများ မညီမညာခင်းထားသော တံတားလေး ရှိခဲ့လျှင်တော့ ဂျလိမ်းဂျလိမ်းဖြင့် အသံမြည်ဦးမည်။ ဗွက်အိုင်ကို ကျော်မည်။ ဈေးတန်းကလေးကို ဖြတ်မည်။ ခေါင်းရွက်ဗျတ်ထိုး ဈေးသည်များ။ လမ်းဘေးဈေးသည်များ။ လက်ဖက်ရည်ဆိုင် ခုံပုကလေးများ။ လူတွေ ပိတ်ဆို့လွန်းလျှင်တော့ ခဏဆင်းပြီး တွန်းရပါမည်။ မိုးရွာခဲ့သည်ဆိုပါစို့။ ထီးကို လက်တစ်ဖက်က ကိုင်ပြီး ကျန်လက်တစ်ဖက်က စက်ဘီးလက်ကိုင်ကို ထိန်းကာ သင်စက်ဘီးစီးဖူးပါသလား။
စက်ဘီးကလေးသည် ကျွီကျွီဟု တမင်တကာ အသံမြည်အောင် ကတ္တရာလမ်းနှင့် ဘီးကို အရှိန်ဖြင့် ပွတ်တိုက်နိုင်စွမ်းမရှိပါ။ ဝေါဝေါဟု စက်သံပေးကာ မီးခိုးဖုန်လုံးများ တလိမ့်လိမ့်ဖြင့် လေထုကို ညစ်ညမ်းအောင် မထားခဲ့ပါ။ စက်ဘီးကလေးက အသစ်ဖြစ်ရန်လည်း မလိုပါ။ သံချေး နည်းနည်းပါးပါး တက်နေနိုင်သည်။ ဘီးဖုံးမှာ ချိန်းဖုံးမှာ ကယ်ရီယာခုံနောက်မှာ မီးတောက်ပုံ ပန်းပွင့်ပုံ ကြယ်ပုံ စတစ်ကာတွေ ဟိုရောက်ဒီရောက် ကပ်ချင်ကပ်ထားမည်။ စက်ဘီးကလေးက အနီရောင် ဒါမှမဟုတ် အစိမ်းရောင် ဖြစ်နိုင်သည်။ ထိုင်ခုံမြင့်မြင့် လက်ကိုင်နိမ့်နိမ့် ဘားတန်းကလေးနှင့် ဖွဲ့စည်းထားသော ပြိုင်ဘီးလေးတော့ မဟုတ်ပါ။ အားကစားကျင့်သော စက်ဘီးကလေးတစ်စီး မဟုတ်ပါ။ စက်ဘီးကလေးစီးလျှင် ဟဲလမက် ဆောင်းစရာမလို။ အားကစားဝတ်စုံ ၀တ်စရာမလို။ ရှေ့ကခြင်းကလေးထဲမှာတော့ ဖြစ်နိုင်လျှင် ပန်းပွင့်မွှေးမွှေးလေးတွေ အပြည့် ထည့်ထား လိုက်ချင်သေးသည်။
ဘယ်သူ့ကိုမှတော့ နာကျင်အောင် ၀င်မတိုက်မိချင်ပါ။ စက်ဘီးကလေးသည် တိုက်ဖို့ မဟုတ်ပါ။ ပြိုင်ဖို့မဟုတ်ပါ။ တနေရာရာကို အရောက်သွားဖို့တောင် ဟုတ်ချင်မှ ဟုတ်ပါမည်။ စက်ဘီးကလေးသည် ရပ်မနေသောအခါ လေကိုတိုးရင်း တလိမ့်လိမ့် ပြေးသွားဖို့သာ ဖြစ်ပါသည်။ အတိတ်တွေ အနာဂတ်တွေ ရည်ရွယ်ချက်တွေ မျှော်လင့်ချက်တွေ ခဏ ခွာချထားခဲ့ပါ။ သတ်မှတ်ချက်တွေ အနက်အဓိပ္ပာယ်တွေ ဆိုလိုရင်းတွေ လုပ်သင့်တာတွေ လုပ်ရမှာတွေ တာဝန်ယူမှုတွေ ကျင့်ဝတ်တွေ … စကားလုံးတွေ အားလုံး ကင်းစင်နေသည့် စက်ဘီးကလေး သက်သက်သာ ဖြစ်ပါသည်။ စိတ်တွေ ခဏအားလပ်တဲ့အခါ စက်ဘီးကလေး တစ်စီးကို နားလည်ရုံလေး ငေးမောမကြည့်ချင်ဘူးလား။ ဟောဒီမှာ.. ဘဲလ် သံ ကလင်ကလင်ပေးလို့ စက်ဘီးကလေး လိမ့်လာနေပြီ။
ပန်ဒိုရာ
(ဒီလို အက်ဆေးလေးတွေ ရေးဖို့ကြိုးစားနေတုန်းပဲ။ အရင်ကလည်း ကြိုးစားရေးခဲ့ဖူးပါတယ်။ ပြန်ဖတ်ကြည့်ချင်ရင်
နံနက်ခင်းနှင့်စကားပြောခြင်း
Identity
မျှော်လင့်ချက်မပါတဲ့အိပ်မက် )
Saturday, November 8, 2008
Wednesday, November 5, 2008
Monday, November 3, 2008
Creative Commons လိုင်စင်များ အလုပ်လုပ်ပုံ
May 10, 2007 7:41 PM
Creative Commons လိုင်စင်များ အလုပ်လုပ်ပုံ
by Pu-htu-zin
ကျွန်တော်တင်မယ်လို့ ပြောထားခဲ့တဲ့ Creative Commons လိုင်စင်တွေနဲ့ ပတ်သက်တဲ့ ဒုတိယ ကာတွန်းလေးတွေပါ။ ဒီကာတွန်းတွေမှာတော့ ပထမ ကာတွန်းတွေမှာလို လိုင်စင် စည်းကမ်းချက်တွေ အကုန်လုံးကို ယေဘုယျခြုံပြီး ရှင်းပြတာမျိုး မဟုတ်တော့ဘဲ၊ လိုင်စင်သုံးပုံ၊ အလုပ်လုပ်ပုံကို ဥပမာတခုပေးပြီး အစကအဆုံး ရှင်းပြထားတာပါ။ ပထမကာတွန်းလေးတွေ ဖတ်ပြီး မရှင်းသေးသူများ၊ ဥပမာတခုကို အစအဆုံး သိချင်သူများ အတွက်ပေါ့။
၁။ အန်နီတာဟာ နယူးရော့ခ်မြို့မှာ နေတဲ့ ဂီတသမား တယောက်ပေါ့။ “မီးတောင်အချစ်” ဆိုတဲ့ သီချင်းကို တလောကပဲ သူစပ်ခဲ့တယ်လေ။
၂။ အဲဒီ “မီးတောင်အချစ်” သီချင်းကို အန်နီတာက သူ့ရဲ့ ၀က်ဘ်ဆိုဒ်ပေါ်မှာ တင်လိုက်တယ်။ ပြီးတော့ Creative Commons က လိုင်စင်တခု ယူမယ်လို့လည်း ဆုံးဖြတ်လိုက်တယ်၊ ဒါမှ သူ့သီချင်းနဲ့ ပတ်သက်တဲ့ မူပိုင်ခွင့်ကို ချုပ်ကိုင်ထားနိုင်ပြီး တချို့ကိစ္စတွေမှာတော့ အများသူငါကို ဒီသီချင်း အသုံးပြုခွင့် ပေးနိုင်မှာ ဖြစ်ပါတယ်။
၃။ အန်နီတာဟာ လိုင်စင်ရွေးဖို့ Creative Commons ၀က်ဘ်ဆိုဒ်ကို သွားကြည့်လိုက်တယ်။
(အန်နီတာ) “လိုင်စင်ရွေးဖို့က လွယ်ပါတယ်၊ လိုင်စင်ရွေးရန် ‘choose license’ ဆိုတဲ့ ခေါင်းစီးကို နှိပ်လိုက်ရုံပဲ။”
၎။ အန်နီတာဟာ လိုင်စင်လျှောက်လွှာ ပုံစံထဲက မေးခွန်းရှင်းရှင်းလေး သုံးခုကို တခုချင်းစီ ဖြေလိုက်တယ်၊ သူ့သီချင်းနဲ့ ပတ်သက်လို့ ဘယ်လိုကိစ္စတွေကို ခွင့်ပြုပြီး၊ ဘယ်လိုကိစ္စတွေကိုတော့ ခွင့်မပြုဘူးလဲဆိုတာ မေးထားတဲ့ မေးခွန်းတွေပါ။ အန်နီတာ ရွေးထားတဲ့ အဖြေတွေပေါ် မူတည်ပြီး သူနဲ့ကိုက်မယ့် လိုင်စင်ကို ၀က်ဘ်ဆိုဒ်က ညွှန်ပါလိမ့်မယ်။
(အန်နီတာ) “ဖန်တီးသူကို ဖော်ပြစေချင်သလား၊ ဒါပေါ့၊ ဖော်ပြစေချင်တာပေါ့။ ဒီသီချင်းကို ကျွန်မရေးတယ်ဆိုတဲ့ နာမည် လိုချင်တယ်လေ။ စီးပွားရေးအတွက် အသုံးပြုခွင့် ပေးမလား၊ ဟုတ်လား။ ဟင့်အင်း… မပေးချင်ဘူး။ ကျွန်မကို ဘာမှမပြောဘဲနဲ့ ကျွန်မသီချင်းကို သုံးပြီး စီးပွားရှာမှာ မလိုချင်ဘူး။ သီချင်းကို လိုသလို ပြောင်းလဲခွင့် ပေးမလား၊ အင်း… ပေးနိုင်ပါတယ်၊ ကျွန်မသီချင်းကို လိုသလို ပြောင်းလဲပြုပြင်ပြီး ရလာတဲ့ ဖန်တီးမှုကို ကျွန်မဝေမျှခဲ့သလို ပြန်ပြီး ဝေမျှနိုင်ရင်ပေါ့။”
၅။ ဒါနဲ့ အန်နီတာလိုတဲ့ လိုင်စင်ရပါပြီ။ လိုင်စင်ကို နည်းသုံးမျိုးနဲ့ ဖော်ပြထားပါတယ်၊ ဒီသုံးမျိုးကတော့ ၁) သာမန်လူတွေ ဖတ်ပြီး နားလည်နိုင်တဲ့ စာတမ်း (Commons Deed) ၂) ရှေ့နေတွေမှ နားလည်နိုင်တဲ့ တကယ့် တရားဝင်စာချုပ် (Legal Code) နဲ့ ၃) ကွန်ပျူတာတွေကနေ တဆင့်ရှာဖွေရာမှာ စက်က ဖတ်နိုင်မယ့် ဒစ်ဂျစ်တယ်ကုဒ် (Machine-readable Digital Code) တို့ပဲ ဖြစ်ပါတယ်။
၆။ အန်နီတာက အဲဒီ ဒစ်ဂျစ်တယ်ကုဒ်ကို သူ့ဝက်ဘ်ဆိုဒ်ရဲ့ HTML နဲ့ရေးထားတဲ့ အပိုင်းမှာ ထည့်လိုက်တယ်။ ဒီကုဒ်ကြောင့် ‘အချို့ မူပိုင်ခွင့်များအား ချုပ်ကိုင်ထားသည် some rights reserved’ ဆိုတဲ့ ပုံလေး သူ့ဆိုဒ်မှာ ပေါ်နေမှာ ဖြစ်ပါတယ်။ အဲဒီပုံကို နှိပ်လိုက်ရင် အန်နီတာရဲ့ လိုင်စင် စာမျက်နှာဆီကို ရောက်သွားမှာပါ။
(အန်နီတာ) “ကောင်းလိုက်တာ၊ ကျွန်မသီချင်းကို လူတွေဘယ်လို သုံးနိုင်သလဲဆိုတာ အခုမှပဲ ရှင်းရှင်းလင်းလင်း ဖြစ်သွားတော့တယ်။”
၇။ အန်နီတာက သူ့ရဲ့ဖန်တီးမှုကို ဘယ်လိုဝေမျှထားတယ် ဆိုတာကို search engine တွေက တနေ့နေ့ ရှာသိမှာ ဖြစ်ပါတယ်။ အဲဒီလို search engine တွေက ရှာတွေ့အောင် လုပ်တာတဲ့ အစိတ်အပိုင်းကတော့ အထက်မှာ ပြောတဲ့အတိုင်း ၀က်ဘ်ဆိုဒ်မှာ ထည့်ထားတဲ့ လိုင်စင်ထဲက ဒစ်ဂျစ်တယ်ကုဒ်ပဲ ဖြစ်ပါတယ်။
၈။ အစ်ဂ်နေးရှိုးဟာ ဆန်ဖရန်စစ္စကိုက ရုပ်ရှင်သင်တန်းသား တယောက်ပါ။ သူ့အတန်းအတွက် ရုပ်ရှင်ပရောဂျက်တခု လုပ်ရာမှာသုံးဖို့ သီချင်းတပုဒ်လောက် လိုက်ရှာနေပါတယ်။ ဒါနဲ့ “noncommercial song” (စီးပွားဖြစ် ရောင်းတာ မဟုတ်တဲ့ သီချင်း) မျိုး ရှာရန်လို့ search engine တခုမှာ ရိုက်ထည့်လိုက်ပါတယ်။ အဲဒီ search engine က အန်နီတာရဲ့ ၀က်ဘ်ဆိုဒ်က ဒစ်ဂျစ်တယ်ကုဒ်ကို သွားဖတ်မိပြီး အန်နီတာ့ ၀က်ဘ်ဆိုဒ်ကို အစ်ဂ်နေးရှိုးအား ပြန်ပြပါတယ်။
၉။ အစ်ဂ်နေးရှိုးက အန်နီတာ့ဝက်ဘ်ဆိုဒ်ကို သွားပြီး “မီးတောင်အချစ်” သီချင်းကို နားထောင်လိုက်တယ်။ နားထောင်ပြီးတော့ အန်နီတာ့ ၀က်ဘ်ဆိုဒ်က မူပိုင်ခွင့် အချို့ကို ထိန်းချုပ်ထားသည် “some rights reserved” ဆိုတဲ့ ပုံလေးကို နှိပ်ကြည့်လိုက်ပါတယ်။
(အစ်ဂ်နေးရှိုး) “ဒီသီချင်း မိုက်တယ်ဟ။ ငါ့ ရုပ်ရှင်အတွက်တော့ အံကိုက်ပဲ။ ဒီ ‘some rights reserved’ ဆိုတာ ဘာပါလိမ့်။”
၁၀။ အစ်ဂ်နေးရှိုးက some rights reserved ဆိုတဲ့ ပုံကို နှိပ်လိုက်တော့ သူမြင်ရတာက သာမန်လူများ ဖတ်လို့နားလည်နိုင်တဲ့ စာတမ်း (Commons Deed) ဖြစ်ပါတယ်။ ဒီ Commons Deed ဟာ လိုင်စင်နဲ့ ပတ်သတ်ပြီး သာမန်လူတွေ နားလည်နိုင်အောင် ရိုးရိုးရှင်းရှင်း စကားလုံးတွေ ရုပ်ပုံတွေနဲ့ ဖော်ပြထားတာ ဖြစ်ပါတယ်။
(အစ်ဂ်နေးရှိုး) “ဒီလိုင်စင်ကို နားလည်ဖို့က လွယ်လွယ်လေးပဲ။ သူ့သီချင်းကို ငါလိုသလို သုံးလို့ရတာပဲ၊ သူစပ်တာပါလို့ နာမည်ဖော်ပြရင် (attribution ပေးရင်)၊ အမြတ်အစွန်းအတွက် သုံးတာမဟုတ်ရင် (commercial use မဟုတ်ဘူးဆိုရင်)၊ ပြီးတော့ သူ့သီချင်းသုံးပြီး လုပ်မယ့် ငါ့ရုပ်ရှင်ကို သူဝေမျှခဲ့လို ပြန်ပြီးဝေမျှရင် (share alike လုပ်ရင်) ပြီးတာပဲ။”
၁၁။ Commons Deed စာမျက်နှာကနေ Legal Code ဆိုတဲ့ လင့်ခ်ကို နှိပ်ရင်တော့ လိုင်စင်နဲ့ ပတ်သတ်တဲ့ အသေးစိတ်အချက်တွေကို ဥပဒေစကားနဲ့ ရေးထားတဲ့ တကယ့် တရားဝင် လိုင်စင်ကို တွေ့မှာ ဖြစ်ပါတယ်။
၁၂။ အန်နီတာရဲ့ လိုင်စင်စည်းကမ်းချက်တွေကို သိပြီဆိုတော့ အစ်ဂ်နေးရှိုးက အန်နီတာ့သီချင်းကို ရုပ်ရှင်ပြကွက်တခုမှာ ထည့်သုံးပြီး သူ့ပရောဂျက်ကို အဆုံးသတ်လိုက်တယ်။
၁၃။ ပြီးတော့ အစ်ဂ်နေးရှိုးက သူ့ရုပ်ရှင်ကို အတန်းထဲမှာ ပြပါတယ်။ ရုပ်ရှင်မှတ်တမ်း ပြရာမှာ အန်နီတာ့ နာမည်ကို သေချာပါအောင် ထည့်လိုက်ပါတယ်။
(ဒါရိုက်တာ - အစ်ဂ်နေးရှိုး၊ တေးဂီတ - အန်နီတာ)
၁၄။ အစ်ဂ်နေးရှိုးက သူ့ရဲ့ အချောသတ်ပြီး ရုပ်ရှင်ကို သူ့ကိုယ်ပိုင် ၀က်ဘ်ဆိုဒ်ပေါ်မှာ တင်လိုက်ပါတယ်။ အန်နီတာရဲ့ လိုင်စင်ထဲမှာ Share alike စည်းကမ်းချက် (ကိုယ်ဝေမျှသလို၊ သူပြန်ပြီး ဝေမျှရမယ် ဆိုတဲ့ စည်းကမ်းချက်) ပါတဲ့အတွက် အန်နီတာက သူမသီချင်းကို ဝေမျှခဲ့တဲ့ စည်းကမ်းချက် သုံးချက်အတိုင်း အစ်ဂ်နေးရှိုးက သူ့ရုပ်ရှင်ကို ပြန်ပြီး ဝေမျှရပါတယ်။ အန်နီတာ့သီချင်းအတွက် လိုင်စင်က attribution, noncommercial နဲ့ share alike စည်းကမ်းသုံးခု ပါတဲ့အတွက်၊ အစ်ဂ်နေရှိုးကလည်း သူ့ရုပ်ရှင်ကို အဲဒီ စည်ကမ်းသုံးခုအတိုင်း ပြန်ပြီး ဝေမျှရပါတယ်။ သူက Creative Commons ၀က်ဘ်ဆိုဒ်ကို သွားပြီး အန်နီတာယူခဲ့တဲ့ လိုင်စင်မျိုးကိုပဲ ပြန်ယူရပါတယ်။ အဲဒီလိုင်စင်ရဲ့ ဒစ်ဂျစ်တယ်ကုဒ်ကို အစ်ဂ်နေးရှိုးက သူ့ဝက်ဘ်ဆိုဒ်နဲ့ လိုက်အောင် ပြင်ချင်တာပြင်ပြီး တင်လိုက်ပါတော့တယ်။
(အစ်ဂ်နေးရှိုး) “Creative Commons က ကူညီလို့ ငါနဲ့မသိတဲ့ တခါမှမတွေ့ဘူးတဲ့ တစိမ်းတယောက်နဲ့ ပေါင်းပြီး အလုပ်လုပ်နိုင်ခဲ့တယ်။ အခု ငါ့ရုပ်ရှင်ကိုလည်း လိုင်စင်ပါ စည်ကမ်းချက်တွေအတိုင်း တခြားသူတွေက သုံးနိုင်တာပေါ့။”
ကဲ… ထုံးစံအတိုင်း ပထမကာတွန်းတွေ တုန်းကလိုပဲ၊ ပြောပါရစေ။ ကျွန်တော် ဥပဒေသမား မဟုတ်ပါ၊ ဘာသာပြန်ဆရာ မဟုတ်ပါ၊ ဒါ့ကြောင့် ဥပဒေနဲ့ ပတ်သတ်တဲ့၊ အာမခံဖို့လိုတဲ့၊ အရမ်းအရေးကြီးတဲ့ ကိစ္စ၊ ဒါမှမဟုတ် အငြင်းပွားမှုများ ရှိလာရင် ကိုယ့်ဘက်က သေချာအောင် ဥပဒေတတ်ကျွမ်းသူများနဲ့ တိုင်ပင်ပါ၊ မူရင်း အင်္ဂလိပ်လိုရေးထားတာကို ဖတ်ပါ။
ကျွန်တော့်အမြင်ကတော့ ရှင်းပါတယ်၊ Creative Commons က Big C copyright ကို အစားထိုးတာ မဟုတ်ပါ၊ ကိုယ့်ဖန်တီးမှုကို ဝေမျှလိုသူများ၊ ဥပမာ - ကျွန်တော်တို့လို ဘလော့ဂ်ရေးသူအများ - အတွက် ပေးသူရော ယူသူပါ အဆင်ပြေပြေနဲ့ စနစ်တကျ တရားဝင်ဖြစ်အောင် လုပ်ပေးတာပါ။ ဥပဒေစိုးမိုးမှုအပိုင်းမှာ အားကိုးလောက်စရာ မရှိတဲ့ မြန်မာပြည် လက်ရှိ အခြေအနေအရကတော့ ဒီလိုင်စင်တွေက အလကား သွားမရှိပါ (without teeth)။ သို့ပေမယ် ပြည်ပက ဘလော့ဂ်ရေးသူများ၊ အထူးသဖြင့် Creative Commons ရဲ့ ဥပဒေသက်ရောက်နယ်မြေ ထဲမှာပါတဲ့ နိုင်ငံများက ရေးသူများ အတွက်ကတော့ အကျိုးရှိပါတယ်၊ ရုတ်ရုတ် ရုတ်ရုတ် လုပ်ရင် တရားပါ စွဲပစ်လိုက်လို့ရတယ်။ ဟုတ်ကဲ့… မကြောက်ပါနဲ့၊ ကျွန်တော့် ဘလော့ဂ်ရဲ့ လိုင်စင် စည်းကမ်းချက်ကို မလိုက်နာရင် ကျွန်တော့်အနေနဲ့ တရားစွဲဖို့ဆိုတာ အဝေးကြီးပါ၊ စဉ်းတောင် စဉ်းစားမှာ မဟုတ်ဘူးမစွဲပါဘူး၊ (ကျွန်တော့်နေရာက jurisdiction ထဲမှာ ပါမပါတောင် မသေချာဘူး) ကျွန်တော်တင်မကဘူး ဘယ်မြန်မာမှ ကိုယ့်မြန်မာအချင်းချင်း ထစ်ကနဲရှိ တရားစွဲတာမျိုး မလုပ်ပါဘူး။ (နောက်ပြီး ကျွန်တော့် လိုင်စင်ကို မလိုက်နာဘဲ၊ ကျွန်တော့်ကို attribute မလုပ်ဘဲ တခြားတနေရာမှာ ယူသုံးထားတယ် ဆိုရင်တောင် ကျွန်တော် မသိဖို့က များပါတယ်၊ online ပေါ်မှာ အမြဲလိုက်ကြည့် နေနိုင်တာမှ မဟုတ်တာ။ တွေ့မိတဲ့ သူငယ်ချင်း မိတ်ဆွေများက ကြားက မခံချင်လို့ လာမပြောသရွေ့ပေါ့။) အဲဒီတော့… ဒီလို မြန်မာပြည်ထဲမှာ သွားမရှိတဲ့ လိုင်စင်တွေ အကြောင်းကို ဘာလို့ရေးရလဲဆိုရင် အချက်နှစ်ချက် ရှိပါတယ်။ ပထမက ကိုယ့်ဆီက တခုခုကို ပြန်သုံးလို၊ ရည်ညွှန်းလိုတိုင်း ခွင့်လာလာ တောင်းနေရသူတွေကို စာနာတဲ့အနေနဲ့ (တကယ်တမ်း ဥပဒေအရ ဘာမှလုပ်လို့ မရရင်တောင်မှ - ဥပမာ မြန်မာပြည်) သုံးလိုက သုံးနိုင်ဖို့ပါ။ ဒုတိယကတော့… copyright ကို လေးစားတဲ့ အကျင့်ပါအောင်လို့ပါ၊ ဒါမှ ကျွန်တော်တို့နိုင်ငံ ပေမီ၊ ကိုက်မီ ဖြစ်လာချိန်ကျရင်၊ ဒါမှမဟုတ် ကျွန်တော်တို့က ပေမီ ကိုက်မီတဲ့ နေရာတွေ ရောက်နေတဲ့ အချိန်ကျရင် နိုင်ငံကြီးသား ပီသနိုင်အောင်ပေါ့။
ဒီမူပိုင်ခွင့်နဲ့ ပတ်သက်ရင် ကျွန်တော်တို့ မြန်မာပြည်အတွက် ခြွင်းချက်တွေ အများကြီးရှိတယ် ဆိုတာ လက်ခံပါတယ်၊ ပထမကာတွန်းတွေ ရေးတုန်းက ပြောခဲ့သလိုပဲ၊ ဥပမာ Windows OS လို software မျိုးကို ဘယ်သူက ပိုက်ဆံပေးပြီး legal copy ၀ယ်သုံးနိုင်မလဲ။ ကျွန်တော်လည်း ခိုးခဲ့တာပဲ၊ Digital Divide ကို ဆွဲစေ့တာကွ၊ သူခိုးကြီး ငတက်ပြားလို သူဌေးဆီကခိုးပြီး ဆင်းရဲသားတွေကို ဝေပေးတာကွ ဆိုပြီး ဂုဏ်ယူပြီးတော့ကို ခိုးခဲ့တာပေါ့၊ (အခုလည်း ခိုးဆဲပဲ၊ OpenSource တွေများလာတော့ အရင်ကထက် စာရင်တော့ လျော့သွားတယ်။) နောက်ပြီး မြန်မာပြည်မှာ တချို့ကိစ္စတွေက တခြားနိုင်ငံတွေနဲ့ မတူဘူး၊ ဥပမာ ဆိုပါတော့… ငြိမ်းချမ်းရေးတိုက်ပွဲ သီချင်းကို ကျွန်တော်တင်တယ်၊ အမှန်က ကိုမွန်းအောင်ဆိုထားတာ၊ ကျွန်တော် သူ့ဆီက ခွင့်မတောင်းဘူး၊ ဘာလို့လဲဆိုတော့ ဒီသီချင်းဟာ အများထဲမှာ ပြန့်လေ ကောင်းလေဆိုတဲ့ အမျိုးအစားမျိုး ဖြစ်လို့ပဲ၊ အဲဒီတော့ သူ့သီချင်းကို ကျွန်တော်က Creative Commons BY-NC license ခံထားတဲ့ သီချင်းတပုဒ်အနေနဲ့ သဘောထားတယ်၊ ကိုမွန်းအောင်ဆိုတယ်ဆိုတာ ဖော်ပြသရွေ့၊ အမြတ်အစွန်းအတွက် သုံးတာမဟုတ်သရွေ့ ကျွန်တော် ယူသုံးခွင့်ရှိတယ်လို့ ယူဆတယ်။ နောက်ပြဿနာတွေက မြန်မာစာအုပ်တွေ၊ ဆောင်းပါးတွေ။ ပြည်ပမီဒီယာတွေက ပုံမှန်အားဖြင့် မြန်မာပြည်တွင်းထုတ် စာနယ်ဇင်းတွေက စာတွေကို ခွင့်မတောင်းဘဲ ပြန်သုံးတယ်၊ သာမန်အားဖြင့် အဲဒီလို ခွင့်မတောင်းတာကို ပိုင်ရှင်တွေက ပိုတောင် ကြိုက်တယ်၊ ဘာလို့လဲဆိုတော့ ခွင့်တောင်းခံရရင် အစိုးရက ငြိုငြင်ဦးမှာကိုး၊ တရာမ၀င် အဖွဲ့အစည်းနဲ့ ဆက်သွယ်တယ် ဘာညာဆိုပြီး ရစ်ဦးမယ်လေ။
အဲဒီတော့ ချွင်းချက်များနဲ့ မြန်မာပြည် ဆိုပါတော့။ ဒါပေမယ့် တတ်နိုင်တဲ့နေရာ တတ်နိုင်တဲ့ကိစ္စမှာတော့ လိုက်နာနိုင်ရင် ကောင်းတာပေါ့ဗျာ။ ဒါပါပဲ…။
Credits:
Cartoon concept and design by Neeru Paharia.
Original illustrations by Ryan Junell, Photos by Matt Haughey.
This comic strip is licensed under a Creative Commons Attribution license.
ပုထုဇဉ်