Friday, September 21, 2007

လူအများအပြားကို အီးမေးလ် ပို့ခြင်းနှင့် ပတ်သက်၍

လူအများအပြားကို အီးမေးလ် ပို့ခြင်းနှင့် ပတ်သက်၍

တနေ့တနေ့ အီးမေးလ်ဖွင့်လိုက်တိုင်း သတိထားမိတာလေး တစ်ခုကို ပြောပြချင်ပါတယ်။ အဲဒါကတော့ mass emailing လို့ခေါ်တဲ့ လူအများအပြားကို အုပ်စုလိုက် ပို့တဲ့ အီးမေးလ်တွေ အကြောင်းပါပဲ။

လူဆိုတာ ကိုယ်သိတာလေး သဘောကျတာလေးတွေကို ရခဲ့ရင် သူငယ်ချင်း အပေါင်းအသင်းကို ဝေမျှချင်ကြပါတယ်။ သဘောကျတဲ့ ကာတွန်း ဓာတ်ပုံ စာ စသည်ဖြင့် ရတဲ့အခါ နီးစပ်ရာကို ပို့ချင်တတ်ကြပါတယ်။ တချို့ ဝေမျှတဲ့ အီးမေးလ်တွေကတော့ ရွှေပေလွှာလို့ခေါ်တဲ့ ဆက်ပို့ရင် ဘာဖြစ်ညာဖြစ် မပို့ရင် ဘာဖြစ်ညာဖြစ် အမျိုးအစားတွေ ဖြစ်ပါတယ်။ များသောအားဖြင့်တော့ ဖတ်လို့ကောင်းတဲ့ အတွေးအမြင်စာတန်းလေးတွေ ရုပ်ပုံလှလှလေးတွေနဲ့ အတူ ပါလာတတ်ပါတယ်။ (ပန်ဒိုရာကတော့ fwd ဆိုတဲ့ subject နဲ့ အစချီတဲ့ အီးမေးလ်တွေထဲမှာ အဲဒီလို ရွှေပေလွှာ တွေပါလာရင် ဆက်မဖတ်ပဲ ချက်ချင်း ဖျက်ပစ်တတ်တဲ့ အကျင့်ဆိုးကလေး ရှိပါတယ်။) တချို့ ဝေမျှတဲ့အီးမေးလ်တွေကတော့ တကယ်ကို သိသင့်သိထိုက် အရေးကြီးတဲ့ သတင်းအချက်အလက်များ ဖြစ်ကြပါတယ်။

အားလုံးသိတဲ့အတိုင်း အီးမေးလ်တိုင်းမှာ to လို့ ကိုပို့ချင်သူကို ဦးတည်ထားပြီး ပို့တာရယ် cc ဆိုပြီးကိုယ့်ကို ဘေးက ကော်ပီပို့တာရယ် bcc ဆိုတဲ့ ကိုယ့်အီးမေးလ် လိပ်စာကို မမြင်ရတဲ့ ကော်ပီ ပို့တာရယ်လို့ သုံးမျိုး ပို့လို့ရပါတယ်။ အီးမေးလ် တစ်ခုကို မပို့ခင်မှာ ဒီအီးမေးလ်ဟာ ဘာအမျိုးအစားလဲ ဘယ်သူ့ကိုပို့မှာလဲ ဘယ်လိုပို့မှာလဲ ဆိုတာ သေသေချာချာ မစဉ်းစားမိခဲ့ကြဘူး ဆိုရင်ဖြင့် မှတ်သားဖူးသော စည်းကလေးများကို အောက်ပါအတိုင်းဝေမျှလိုက်ပါတယ်။

အပို့ခံရသူရဲ့ အီးမေးလ်လိပ်စာ အချင်းချင်းမြင်ရတဲ့ နည်းလမ်းများ (to, cc) နဲ့ ပို့တဲ့အခါ အဲဒီလူများဟာ အချင်းချင်းသိတဲ့လူများဟုတ်မဟုတ် စဉ်းစားသင့်ပါတယ်။ မသိကြပါက -

- ကိုယ်မသိသူတွေ အချင်းချင်းလိပ်စာတွေမြင်နေရတာ တချို့လူများအတွက် စိတ်မသက်မသာ ဖြစ်စေပါတယ်။ တချို့က ကိုယ့်အီးမေးလ် လိပ်စာကို ကိုယ်ပေးချင်တဲ့လူကိုမှ ပေးချင်တာပါ။

- တဆင့်တဆင့်ပို့ကြရင်းနဲ့ တခါတခါ ပို့တဲ့လူက ကိုယ်မသိတဲ့လူ ဖြစ်နေရင် ကိုယ့်အီးမေးလ် ဘယ်ကရပါလိမ့်လို့ ထိတ်လန့်နိုင်ပါတယ်။

- အရေးကြီးသလို sensitive ဖြစ်သော အီးမေးလ်များ ပို့တဲ့အခါ ပေါက်ကြားနိုင်ပါတယ်။ တပြုံလုံးအီးမေးလ်တွေ အတွဲလိုက် လုံခြုံရေးအတွက် အန္တရာယ်ရှိပါတယ်။

လုပ်ငန်းခွင်တွေမှာတော့ l လူအများကို အီးမေးလ် (
mass email) ပို့တဲ့အခါ privacy, security နဲ့ ethic အတွက် ဒီလိုလုပ်လေ့ရှိပါတယ်။

၁) ကိုယ့်အီးမေးလ် လိပ်စာကို ပဲ to မှာ ပို့ပါတယ်။
၂) ကိုယ်ပို့ချင်သူများကို bcc မှာထည့်ပါတယ်
၃) ဒီလိပ်စာကို ဘယ်လိုရကြောင်းပြောပါတယ်။ (များသောအားဖြင့် အီးမေးလ်ရဲ့ အောက်ခြေမှာ စာကြောင်းတစ်ကြောင်းထည့်ပါတယ်။)
၎) ဒီလိုအီးမေးလ်မျိုး နောက်နောက် လက်ခံမရချင်ရင် ကျေးဇူးပြုပြီး ပြန်ပြောပါလို့ သူ့အတွက် ထွက်နိုင်ခွင့် opt out option ပေးပါတယ်။ (များသောအားဖြင့် အီးမေးလ်ရဲ့ အောက်ခြေမှာ စာကြောင်းတစ်ကြောင်းထည့်ပါတယ်။)

(လူတပြုံကြီး နာမည်ပါပြီးသား အီးမေးလ်ကို forward လုပ်ရရင်လည်း လိုအပ်ပါက ရှေ့ကလိပ်စာတွေကို ဖျက်ပစ်နိုင်ပါတယ်။ )

နမူနာလေး ပြရမယ်ဆို ဒီလိုပါ။ ရွှေပေလွှာပဲ ဆိုကြပါစို့။

-----------------
Fwd: fw: fwd: Fwd: Forwarding : ဖတ်ဖြစ်အောင်ဖတ်စေချင်။ အရေးကြီး။ အရင်လို။ တကယ်ပါ။ ဘုရားစူး။ မိုးကြိုးပွတ်။
From: pandorablurblurblur@yahoo.com
To: pandorablurblurblur@yahoo.com
Cc:
Bcc: (မှတ်ချက်။ ဒီထဲက အီးမေးလ် လိပ်စာတွေ မမြင်ရပါ။)

---------- Forwarded message ----------

---------- Forwarded message ----------

---------- Forwarded message ----------

---------- Forwarded message ----------

အထူးဂါထာတော်။ “ဘာညာသာရကာနေကြာကွာစိ။ ဂနာဟိ။”

ဤဂါထာကြီး ကို ၇ ရက်သားသမီး ၇ယောက်ကို ၇ မိနစ်အတွင်း ဆက်မပို့က ကွန်ပြူတာကို ဗိုင်းရပ်စ်ဝင်ြခင်း၊ ရုံးမှာ ချက်တင်(chatting) လုပ်နေတုန်း စူပါဗိုက်ဆာနှင့် ပက်ပင်းတိုးခြင်း၊ ရေအိမ်ထဲတွင် တစ်ရှုးပေပါ ကုန်နေခြင်း စသော ဘေးဆိုးများ ကြုံလတ္တံ့ ။ ဆက်လက်ဝေမျှပါက ဂေါ်မစွံလူပျိုကြီးများ ချက်(chat) ထဲတွင် အီစီကလီ တွေ့လတ္တံ့၊ အင်တာနက်ဝင်နေစဉ် သင်ကံထူးရှင်ဖြစ်ကြောင်း ပေါ့ပ်အပ်များ ပေါ်လာလတ္တံ့။

(သင့်အီးမေးလ် လိပ်စာကို သင်၏ secret admirer မှတဆင့် ရခဲ့ပါသည်။ နောက်နောင်ဒီလို အီးမေးလ်မျိုး လက်ခံမရရှိချင်ပါက “တော်တော့နော်၊ ပို့နဲ့တော့” ဟု subject တွင်ရေးပြီး ယခုပို့သူထံ ပြန်ပို့ပေးပါ။)

Note: forwarded message attached.
Yahoo! Answers - Check it out.
------------------


မိမိဝေမျှချင်တဲ့ သတင်းအချက်အလက် အမျိုးအစားရဲ့ sensitive ဖြစ်တာမဖြစ်တာ security လိုအပ်တာမလိုအပ်တာမှာ မူတည်ပြီး စဉ်းစားနိုင်ကြစေရန် ဖြစ်ပါတယ်။

14 comments:

Anonymous said...

ကျွန်တော်လဲ ဖျက်ပစ်လိုက်တာများတယ်..subject ကစိတ်ဝင်စားစရာကောင်းနေတာကလွဲလို့ ..mass email မှာ to လိပ်စာတွေကို hide လုပ် ဖွက်ပြီး ပို့ လို့ လဲရပါတယ်။လက်ခံသူ က တခြားသူရော ကိုယ့်လိပ်စာရော တောင်ပြန် မမြင်ရတော့ဘူးပေါ့..
သာမာန် entertain လုပ်တဲ့ အများဆီပို့ တဲ့ အီးမေးလ် ထက် ကိုယ့်ရှေ့မှာဖြစ်ပျက်သွားတဲ့ အတွေ့ အကြုံ မြင်ဖူးတဲ့ဥပမာတွေအရ အလုပ်နဲ့ ဆိုင်တဲ့ ပတ်သတ်တဲ့ အကြောင်းတွေ ကိုယ့်ရဲ့ ဖြေရှင်းချက် တွေ၊ complain လို မျိုးအီးမေးလ် တွေကို ရုံးတွင်းကဖြစ်စေ ၊ တခြားအလုပ်နဲ့ ပတ်သတ်ရာ ပုဂ္ဂိုလ်တွေဆီ အများကြီး C.C., B.C.C., လုပ်ပစ်တဲ့အပြုအမူမျိုးကျ အင်မတန် အရေးပါလာပြီ။ မလိုအပ်ပဲပို့ မိရင်ကိုယ့်အလုပ်ပါထိခိုက်သွားတတ်ပါတယ်။ ဒါလေးက အင်မတန်သတိထားသင့်တယ်။ ရုံးကိစ အီးမေးလ်တွေ က မပို့ ခင် , before you click send, မှာ အကြိမ်ကြိမ်ပြန်ဖတ်၊တည်းဖြတ်သင့် တယ်။
(နည်းနည်းဝင်လျှာရှည်သွားပါသည်)

Anonymous said...

Good advice on proper email-etiquette, Ma Pan.

မပန် နမူနာပြထားတဲ့ အီးမေးလ်ကိုဖတ်ပြီး တခွိခွိ ရီသွားတယ် အဟီးးးး

Anonymous said...

အလန့်ထညက်တဲ့။ ကိုယ် ဒီအသုံးအနူန်း ဘယ်မှာ ကြားဖူးလဲလို့ စဉ်းစားနေတာ။ မနေ့ကနဲ့ ဒီနေ့မှာတော့ မပန်းဒိုရာရဲ့ ဘလော့ကို တော်တော်ကြည့်ဖြစ်လိုက်တယ်။
ဒွတ်ခပဲ ဆိုတဲ့ အသုံးအနူန်းတစ်ခုလည်းတွေ့တယ်။
professional ဆန်တဲ့ advice ကတော့ ကောင်းပါတယ်။ မြန်မာလူမျိုးတွေ အခြားတိုင်းပြည်မှာ အလုပ်လာလုပ်တဲ့ အခါ professionally behave, professionally manage လုပ်တတ်ဖို့လိုပါတယ်။ ( မြန်မာလို့ စာလုံး အကြိုက်မတွေ့တာနဲ့ ဗြိတိသျှလိုပဲ ရေးလိုက်တယ်)။ ကိုယ်က လက်အောက်ခံ လာလုပ် ငွေလာရှာတာထက် အခြားလူမျိုးခြားတွေကို အုပ်ချုပ်ပြီး ခိုင်းနိုင်ရမယ်ဆိုတဲ့ ရိုးရိုးကျင့် မြင့်မြင့်ကြံ အတွေးကို လက်ကိုင်ထားပြီ လိုအပ်တဲ့ လက်နက်တွေကို တတ်ဆင်ပြီး မောင်းတင်ရမှာပေါ့။ စိတ်ဓါတ်ရေးရာ မြင့်တင်ရမယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင် ထူထောင်ရမယ်။ ဘာသာစကားတွေ မျိုးစုံ ပြောတတ်အောင်ကျင့်ရမယ်။ အခြား ယဉ်ကျေးမှုတွေကို နားလည်အောင်လုပ်ရမယ်ပေါ့။ ကို်ယ်တို့က မြန်မာဆိုတော့ အခြားလူမျိုးတွေထက်တောင် ပိုကြိုးစားရမယ့် သဘောရှိပါတယ်။ ဘလော့ရေးတဲ့လူတွေက အခရာပေါ့နော့။ ကိုယ်တို့ မြန်မာတွေကို Project Management တွေ Leadership Skill တွေ ကို online သင်ပေးနိုင်ရင် ကောင်းတာပေါ့။

kay said...

လုပ်ချလိုက်ပြန်ပီ..ပေါက်တက်ကရ..
( မသိတဲ့လူတွေက..သိကိုမသိဘူး..သူများတွေဘယ်လိုပို့လဲ..ဆိုတာလည်း..မမြင်တတ်ဘူး.. ရှာလည်းမရှာတတ်ဘူး..အင်း..ခု ဒီပို့စ်က ရေးတာတောင်..ဖတ်မိဖို့မလွယ်ဘူး..) ဒွတ်ခ

Myo Kyaw Htun said...

I always get so many new addresses whenever I receive forward email. I'm thinking like I'm going to sent alert mail to those addresses whenever I publish new posts. That will generate a lot of traffic for my blog :P . Right ?

Sending an Email to Multiple Recipients - Cc: and Bcc: from about.com

Chit Lay Pyay said...

ဟုတ်တယ် မပန် လေပြေလဲ အဲဒီ forward mail တွေကို စိတ်ညစ်တယ်။ တခါတလေ ဖွင့်တောင် ဖွင့်မကြည့်ချင်ဘူး၊ ကိုယ်တိုင်လဲ တခါတလေမှ ရီရတဲ့ မေးလ်လေးတွေမှသာ သူငယ်ချင်းတွေကို ပို့ဖြစ်တဲ့ အဲဒီိလို ပို့ ဖြစ်ရင် မပန် ပြောတဲ့ အချက်တွေနဲ့ ကိုက်ညီအောင် စဉ်းစားပြီးမှ ပို့ရမယ်၊ ကျေးဇူးပါမပန်၊ နမူနာ အီးမေးလ်က တော့ အမိုက်ဆုံးပဲ၊ ဟိဟိ

နှစ်ကူး said...

ဟုတ်ပေသဗျို့....

မေ said...

အစ်မပြောချင်တာတွေက ကျွန်မ စိတ်ထဲမှာ ရှိနေတာတွေနဲ့ တူနေတယ်။ Fw: mail , Chain mail တွေအရမ်းများရင် တခါတလေ ကိုယ့်မေးလ်တွေ ကြားညှပ်ပြီး ပျောက်ကုန်တတ်တယ်။ To မှာ လိပ်စာတွေ တန်းစီပို့တဲ့သူတွေကြောင့် ကျွန်မတို့ email တွေကို မဆိုင်တဲ့မေးလ်တွေ ရောက်ရောက်လာတတ်တယ်။ အားလုံးနားလည်သင့် သတိထားသင့်တဲ့အရာပါပဲ အစ်မရေ။

sisain said...

nice post ma pan :) cheers!

pandora said...

အားလုံးကျေးဇူးပါ။ အကျိုးရှိကြမယ် ထင်ပါတယ်။

ဒါနဲ့ တမင်ရေးတဲ့ စာလုံးပေါင်းများရဲ့ ဘာသာဗေဒအဖွင့် ထင်မြင်တာလေးတွေ နောက်ကြုံမှ ရေးပါဦးမယ်နော်။

pandora said...

ကိုလွမ်းလူမှတ်ချက်အရ အမှန်အကန် အတည်ပေါက်ဖြစ်ရန် စာလုံးအနည်းငယ် ပြင်ဆင်လိုက်သည်။

Anonymous said...

ကျေးဇူးပါအမရေ.. မနေ့ကအမပို့စ်လေးကိုဖတ်ပြီးတော့ forward မေးလ်တွေအရမ်းပို့တဲ့သူငယ်ချင်းဆီကို အမပို့စ်လေးကို copy ကူးပြီးပို့လိုက်တာ.. ညကျတော့သူ့ဆီက forward မေးလ် တစ်စောင်ရောက်လာတယ်.. ဒါပေမယ့် Bcc ကိုသုံးထားတယ်..ကောင်းလိုက်တာ..ဟီး.. အမကိုလဲကျေးဇူးတင်ပါတယ်..နော် ...။။ (နိုဝင်ဘာ)

Anonymous said...

အင်တာနက်သုံးတာဘယ်လောက်ကြာပြီလဲ..မသိ....

Dr Phyo Wai Kyaw said...

ထပ်ဖတ်သွားတယ်ခင်ဗျ
ကောင်းတယ်။