Friday, July 9, 2010

သူ့အသွင် ကိုယ့်အသွင် (သို့) သင်္ကေတများကိုဖြတ်ကျော်စဉ်(၃)

“ခင်ဗျားလည်း ၀ လာပြီနော်.. ၀ လာပြီ”
“ဟွန်း.. လူကို အပြစ်ရှာနေပြန်ပြီ”
“အပြစ်ရှာတာ မဟုတ်ဘူး.. အမှန်ပြောနေတာ။ ဒီမှာကြည့်စမ်း၊ အရင်တုန်းကဆို ဒီနေရာမှာ ဒါမျိုးတွေ မရှိဘူး”
“အင်.. ဘယ်လိုလုပ်မလဲ”
“လေ့ကျင့်ခန်းလုပ် အစားလျှော့လေ”
“ရုံးဆင်းရင် လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မှမရှိတာ.. အစားလျှော့ရင်လည်း ဗိုက်ဆာမှာပေါ့၊ အစာအိမ်က သိပ်ကောင်းတာမဟုတ်ဘူး”
“ပြောလိုက်ရင် ဆင်ခြေချည်းပဲ.. ပျင်းတာကိုး”
“သူနဲ့လိုက်ဖက်အောင်လို့ သူများခမျာ အနစ်နာခံပြီး ရုပ်ဆိုးပေးရတာကိုများ”
“သြော်.. သြော်…”


(ပုံ internet )
------------------------------------------------------------

ယောင်္ကျားလေးတွေဟာ မားစ်လို့ဆိုတဲ့ အဂါင်္ဂြိုဟ်က လာပြီး မိန်းကလေးတွေက ဗီးနပ်စ်လို့ ခေါ်တဲ့ သောကြာဂြိုဟ်က လာသတဲ့။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူက မားစ် စိုးမိုးတဲ့ စကော်ပီယို (ဗြိစ္ဆာ) ရာသီဖွားဖြစ်ပြီး ကိုယ်ကတော့ ဗီးနပ်စ် လွှမ်းမိုးတဲ့ တောရပ်စ် (ပြိဿ) ရာသီဖွားဖြစ်နေပြန်တယ်။ ဆယ့်နှစ်ရာသီခွင် စက်ဝိုင်းထဲမှာ တိတိကျကျ ဆန့်ကျင်ဘက် မျက်နှာချင်းဆိုင်နေတဲ့ ရာသီခွင်နှစ်ခုလည်း ဖြစ်တယ်။ မားစ်ရဲ့ ဓာတ်တွေ စိမ့်ဝင်နေသူနဲ့ ဗီးနပ်စ်ရဲ့ ရောင်ခြည်တွေ ခြုံလွှမ်းထားသူတို့ရဲ့ အသွင်တွေဟာ ဘယ်လိုဆောင်နေမလဲ။

----------------------------------------------------------------

“ဟိတ်.. ဒီစပို့ရှပ် ဆိုရင် ဘယ်လိုနေမလဲ”
“ပြောထားတယ်လေ ကန့်လန့်စင်းက လူကို ပိုပြီး ၀စေတယ် ပုစေတယ် .. ဒီလို ဒေါင်လိုက်စင်းလေးတွေနဲ့ ရှပ်အင်္ကျီကို ၀တ်ပါလား”
“အိုကေလေ.. ခင်ဗျားကြိုက်တာပဲ ယူလိုက်ပါမယ်”
“ကြိုက်တာမဟုတ်ပါဘူး.. ပိန်ရှည်ရှည်လူလေး သာဆိုရင်တော့ အဲဒီကန့်လန့်စင်းလေးက ပိုလှသားပဲ.။ အခုတော့ သူ့ပုံစံနဲ့ လိုက်တာကိုပဲ အကြံပေးရတာပေါ့.. ခွိခွိ”
“ဟင်း..”
“ဒါနဲ့.. ဟိုမှာ ချိတ်ထားတဲ့ ဂါဝန်လေး မလှဘူးလားဟင်”
“ခင်ဗျားက အဲဒီ့လောက် ပျော့ပျော့ရှည်ရှည် အင်္ကျီကြီးတွေနဲ့ ကြည့်ကောင်းမှာ မဟုတ်ဘူး.. အရောင်ကလည်း တောက်လွန်းတယ်… သူများတကာကိုသာ ပြောနေတယ် သူကျတော့ ကိုယ်နဲ့ မလိုက်တာတွေချည်း သိပ်လုပ်ချင်တာပဲ..”
“ဟာ… တို့နဲ့ဆိုရင် မလိုက်ဘူးဆိုတာ မရှိဘူး၊ ကြိုက်တာ မကြိုက်တာပဲ ရှိတယ် သိရဲ့လား.. ၀တ်မယ်.. အဲဒီဂါဝန်အရှည်ကြီး ၀တ်မယ်”
“မလိုက်ဘူး”
“နေကာမျက်မှန်အကြီးကြီးတပ်မယ်”
“မလိုက်ဘူး
“ဖိနပ်ထိပ်ချွန်ချွန်လေး စီးမယ်”
“မလိုက်ဘူး”
“ဒါဆို ဒီလူကြီးနဲ့ တွဲသွားရတာရော ”
“မလိုက်ဘူး.. ဒီလူက သိပ်ခန့်ညားနေတယ်”
“၀ါးဟားဟား”

---------------------------------------------------------

“ပွဲက တော်တော် အသည်းယားဖို့ကောင်းတယ် မန်ယူကလည်းကွာ အပြတ်အသတ်လည်း ဖိမနေဘူး.. အာစင်နယ်တို့ ချယ်လ်စီးတို့ ပွဲတွေနဲ့များ ကွာပါ့”
“ဒါက အဘိုးကြီးရဲ့ ပရိယာယ်တွေပါ တချို့ပွဲတွေမှာ ချန်ထားရတယ်”
“ဟင်း.. ယူတို့ကတော့ ရှုံးတောင်မှ အဘိုးကြီးက ဒီပွဲမှာ တမင် အရှုံးပေးခိုင်းလိုက်တာလို့ ပြောဦးမယ်။ မန်ယူကို အားပေးတာလား ဖာဂူဆန်ကို အားပေးတာလား”
“၈၆ ခုနှစ်ကတည်းက သူအုပ်ချုပ်လာတာ.. သူရောက်လာပြီး နောက်ပိုင်းကနေ အခုအထိ ဆက်တိုက် အောင်မြင်နေတာပဲ မဟုတ်လား”
“အင်း”
“မန်ယူက တသင်းလုံး လေယာဉ်ပျက်ကျလို့ သေသွားဖူးတယ်.. ကြာတော့ကြာပြီ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်ကပေါ့”
“သြော်.. ဟုတ်လား”
“ပရီမီယာလိဂ်မှာ ဖာဂူဆန် လက်ထက်မှာ ရတဲ့ ၁၁ကြိမ် အပါအ၀င် စုစုပေါင်း ၁၈ ကြိမ်တောင် ဗိုလ်စွဲတာ မန်ယူပဲလေ”
“လစ်ဗာပူးလ်လည်း ပရီမီယာလိဂ် ဖလား ၁၈ ခါလား ရဖူးတယ်ဆို”
“ဒါကတော့ အတိတ်က ရွှေထီးဆောင်းခဲ့တာကိုး။ လတ်တလောကို ကြည့်ရမယ်လေ.. သိပ်အချိန်ကြာသွားရင် တချို့အရာတွေက အကျုံးမ၀င်တော့ပါဘူး.. ဟဲဟဲ”
“သိပါဘူး.. သူများကတော့ သူအားပေးတဲ့အသင်းကို အားပေးတာပါ… ဟိ”
“ဟာ.. ဟိုမှာ ဂိုးတော့မယ်.. ဆွဲပြေးထား ဆွဲပြေးထား… ဟာကွာ…”
“ဟာကွာ…”

----------------------------------------------------------------

“ဟောဒီမှာ ဘာပါလာသလဲ ကြည့်”
“၀ိုး.. ကဗျာစာအုပ်တွေပါလား။ သုခမိန်လှိုင်ရဲ့ အငြိမ့်၊ လူဆန်း၊ မိုးဝေး … တယ်ဟုတ်ပါလား”
“ကိုယ်ယူလာတာတွေကို သိပ်ကြိုက်သွားပြီ မဟုတ်လား။ တော်တယ် နော်”
“မဆိုးပါဘူး… ဟင်းဟင်း”
“၀န်မခံချင်ဘူးပေါ့လေ”
“အင်း.. ဒီလိုလုပ်ပါလား သူလည်း တခါလောက် ကဗျာလေး တစ်ပုဒ်လောက် ရေးကြည့်ပါလား သူများအကြောင်းပဲ ဖြစ်ဖြစ်ပေါ့ ဟီဟိ”
“ရေးပါ ခင်ဗျားတို့ပဲ ရေးကြပါ”
“ဟင်… ဘာဖြစ်လို့လဲ.. မခက်ပါဘူး.. ဘာစည်းမျဉ်းမှ မလိုဘူး.. စိတ်ထဲရှိတာလေး ရေးကြည့်လိုက်လေ၊ တိုတိုလေးဖြစ်ဖြစ်”
“၀ါသနာမပါပါဘူး။ ဝေဒနာတွေ ခံစားချက်တွေကို လက်သပ်မွေးထားကြတဲ့သူတွေပဲ ကဗျာရေးကြတာ။ ပျော်ရွှင်နေရင် ကဗျာမရေးကြတော့ဘူး။ ဒါကြောင့် ခင်ဗျားကိုလည်း သိပ်မပျော်အောင် ထားပေးရမယ် ဟင်းဟင်း”
“အောင်မယ်… ဒီသီအိုရီက တမျိုးပါလား…။ ဘယ်သူပြောလဲ ကဗျာဆရာတွေက မပျော်တဲ့အခါပဲ ကဗျာ ရေးတယ်လို့”
“သေသေချာချာ ရှာကြည့်လိုက်လေ.. ကဗျာတွေထဲမှာ ပျော်စရာ ဘယ်နှစ်ပုဒ်ပါလို့လဲ… ခက်ခဲတာတွေ ခံစားတာတွေ သနားစရာတွေ အချဉ်ပေါက်တာတွေချည်း များနေတာ”
“ဒီလောက်လည်း မဟုတ်ပါဘူး”
“မယုံရင် ဥပမာ ဒီစာအုပ်ကိုကြည့်လိုက်.. ကဗျာဆရာပေါင်းစုံရေးထားတဲ့ မဂ္ဂဇင်းပါ ကဗျာများ တဲ့ လိုက်ရှာကြည့်.. ဟော.. မောင်ပြည့်မင်းရဲ့ အပိုအလျှံရှိတဲ့နေ့ တဲ့။ ဒီကဗျာလေးတစ်ပုဒ်ပဲ ပျော်စရာပါတယ် တွေ့လား”
“တို့ရေးတာတွေကတော့ အစုံပါပါတယ်.. ဒီမှာ သူများရေးထားတာတွေ အကုန်လုံး ဖတ်ကြည့်ပါလား”
“ ၀ှား…”
“အိပ်မငိုက်နဲ့၊ ဖတ်.. အခုဖတ်”

----------------------------------------------------------------

“ဘာစားမလဲ ကိုယ်သွားဝယ်မယ်လေ ဒီစားပွဲကစောင့်နေ”
“ဟို ခေါက်ဆွဲလေ.. ဖက်ကလေးထဲမှာ ထည့်ထားတာ။ ပရောင်းမီး ဆိုလား ဘာလား။ ပုစွန်နဲ့ ခေါက်ဆွဲလုံးဖြူဖြူ အရည်စပ်စပ်လေးနဲ့ ပဲပင်ပေါက်နဲ့”
“ဟုတ်လို့လား ခေါက်ဆွဲ တကယ်စားချင်လို့လား”
“အင်း.. အဲဒါကို ကြိုက်တယ်”
……
…...
“ရော့.. ဒါကိုလည်းယူစား ထမင်းနဲ့ ကုလားစာ”
“ရော့ ခေါက်ဆွဲစား တ၀က်လောက်ပဲ ကုန်တယ်”
“ခင်ဗျားက တကယ်တော့ ထမင်းစားချင်တာ”
“ဟုတ်ပါဘူး”
“မညာပါနဲ့ မနေ့ကလည်း အပြင်မှာပဲ ဂျပန်စာစားဖြစ်တော့ ဖြစ်နိုင်ရင် အိမ်ပြန်ပြီး ထမင်းဟင်း ချက်စားချင်နေတာ မဟုတ်လား”
“ဟင်းဟင်း.. ရပါတယ်။ တခါတလေလည်း အပြင်မှာစားတာပေါ့၊ ချက်ရသက်သာတာပေါ့”
……
……
“စားလေ.. ဘာတွေ ပြုံးစိစိလုပ်နေတာလဲ”
“၀တ္ထုလေးတစ်ပုဒ် သတိရလို့ပါ။ နာမည်ကြီးပဲ။ အိုဟင်နရီရေးတဲ့ ၀တ္ထုတိုလေး”
“အင်း”
“အဲဒီအထဲမှာ သိပ်ချစ်ကြတဲ့ စုံတွဲဟာ ခရစ်စမတ်မှာ လက်ဆောင်ပေးချင်တော့ အမျိုးသားက သူနှစ်သက်တဲ့ နာရီကို ရောင်းပြီး အမျိုးသမီးရဲ့ ဆံပင်ရှည်တွေနဲ့လိုက်မယ့် ဆံညှပ်အစုံ ၀ယ်လိုက်တယ်။ အမျိုးသမီးကျတော့
သူမြတ်နိုးတဲ့ ဆံပင်ရှည်တွေကို ဖြတ်ရောင်းပြီး အမျိုးသားအတွက် နာရီလက်ပတ်ကြိုးလေး ၀ယ်လိုက်တယ်တဲ့”
“အင်း”
“တစ်ယောက်နဲ့ တစ်ယောက် ပေးကြတဲ့ လက်ဆောင်တွေကို တွေ့ကြတဲ့အခါ ၀မ်းသာဝမ်းနည်းစရာ ဖြစ်သွားတာပေါ့”
“အင်း”
“အခုလည်း အဲလိုမျိုးလေ။ ယူက အိုင်ကြိုက်တဲ့ ထမင်းကိုမှာပြီး အိုင်က ယူကြိုက်တဲ့ ခေါက်ဆွဲကို မှာတာ”
“သြော်.. စိတ်ကူးတွေ ယဉ်နေပြန်ပြီ”
“ဟင်း…. နေပေါ့”


ပန်ဒိုရာ

(အချစ်များစွာဖြင့် တက်ဂ်သော မသက်ဝေအတွက်)
သင်္ကေတများကိုဖြတ်ကျော်စဉ် (၁)
သင်္ကေတများကိုဖြတ်ကျော်စဉ် (၂)
ဘ၀လက်တွဲဖော်

22 comments:

ရွှေရတုမှတ်တမ်း said...

ကိုယ်တိုင်ရေး ကိုယ့်ပုံတူတွေလား မယ်ပန်ရယ်..
စိတ်ဝင်စားစွာ ၄ ကိုစောင့်နေပါ၏။

မောင်မျိုး said...

Tag ပို့စ်မှန်းမသိအောင်ကို ပညာပြသွားတယ်း) ဖတ်လို့ကောင်းပြီး ကြည်နူးစရာကောင်းတယ် ပြီးတော့ မန်ယူ အကြိုက်ပြောသွားတာလေး ကျေးဇူး ကျနော်လည်း သရဲနီမို့ ။

မေဓာဝီ said...

ပန်ပန်
မိုက်သလားမမေးနဲ့
ဖတ်ရတာ အစအဆုံး တပြုံးပြုံးနဲ့။
ဖတ်လို့ပြီးသွားတာ အားတောင်မရဘူး။
အမှတ် ၄ ကို ဆက်ရေးပါအုံး။

Unknown said...

အမပန်ရေ.....
(၃) ကို ကြိုက်လို့ ၁၊၂၊ ဘဝလက်တွဲဖော်ပါ မြေလှန်ရှာပြီး ဖတ်သွားတယ်။ အရေးအသားက ရေလည် လန်းတယ်..... တကယ်....

နေ၀သန် said...

မသက်ဝေတဂ်တဲ့ပို့စ်လေးထင်တယ်... ရေးထားတာ ကောင်းတယ်ဗျာ.. ဖတ်ရတာ ပျော်စရာကြီး...း))))


ခင်မင်တဲ့
နေ၀သန်

Anonymous said...

ရေးပေးတာ ကျေးဇူးတင် ချစ်ခင်သည်

မြင်ယောင်ပြီး တယောက်တည်းရီမိလို့ လူကြည့်ခံရပြီ :p

သက်ဝေ said...

အိုး... မိုက်တယ်ကွာ...
အဲဒီ ပိုစ့်ကို တက်ဂ်တုန်းက ပန်ပန် အရင်က ရေးခဲ့တဲ့ သင်္ကေတများကို ဖြတ်ကျော်စဉ် ခေါင်းစဉ်အောက်က ပိုစ့်တွေကို တကယ် သတိရနေတာ...
ဒီလို ချစ်စရာရေးဟန်လေးနဲ့ ချစ်စရာ စကားလုံးလေးတွေကို တွေ့ရတာ ချစ်လိုက်တာ... ကျေးဇူး ပန်ပန်...

တခုတာ့ရှိတယ်... ဒီလောက် ချစ်စရာကောင်းတဲ့ ကိုယ့်မောင်လေး လိမ်လိမ်မာမာလေးကို အခုလို Shrek ပုံနဲ့ တူသယောင်ယောင် ထင်ယောင်ထင်မှား လုပ်ပြထားတာတော့ မကျေနပ်ချင်ဘူး...
ဟွန့်... သိပ်ဆိုးတဲ့ ပန်ပန်...

P.Ti said...

ရေးထားတာကတော့ တကယ်ကောင်းတယ်။ ဖတ်ရင်းနဲ့ မျက်စိထဲမြင်လာပြီးပြုံးမိနေတယ်။

ဟုတ်ပါ့... ဒေါ်ကြီးပန် သူများတွေထင်ယောင်ထင်မှားဖြစ်အောင် သိပ်လုပ်တယ်။ ပန်ဒိုရီကျတော့ Shrek နဲ့ သူကျတော့... :P

ဇွန်မိုးစက် said...

ဖတ်လို့သိပ်ကောင်းတာပဲ မပန်။ ဆက်ပါဦးနော်။း)

Hmoo said...

စာလဲဖတ်လို့ကောင်း၊ပန်ပန်တို့ပုံမျက်နှာဖုံးကလဲလှမှလှ
.... :)

ချစ်ကြည်အေး said...

ပန်ပန်ရဲ့ ဆစ်ဂနေချာ ရေးဟန်လေး...ကြိုက်တယ်...

တန်ခူး said...

ပန်ရေ မနက်အစောကြီးကတည်းက အိမ်ကလူရဲ့စက်ငှားပြီး ဖတ်ပြီးသား... မန့် မလို့ လုပ်တော့မှ မြန်မာလိုရိုက်မရတာနဲ့  စိတ်ထဲက မန့် ပြီးပြန်သွားတာ...

သင်္ကေတများစီးရီးရဲ့ ပရိသတ်မို့ တက်ဂ်ပေးတဲ့ သက်ဝေကို ကျေးဇူးတင်မိတယ်... ဒါပေမယ့် ပုံလေးကတော့ ပန်ဒိုရီကို ရက်စက်လွန်းနေသလားလို့ နော်... ကဗျာစာအုပ်လေးတွေ ၀ယ်ပေးသတဲ့လား... အားကျမိတယ်... တကယ်... တို့ ပန်ပန်ကိုတော့ မျက်မှန်အကြီးကြီးနဲ့ ခွာမြင့်ဖိနပ်လေးနဲ့  ပိုးသားဂါဝန်လေးနဲ့ မြင်ကြည့်ပြီး လိုက်မှာပါလို့  တယောက်ထဲကြိတ်တွေးနေမိတယ်... ပန်ဒိုရီလဲ ဒေါင်လိုက်အစင်း စပို့ ရှပ်လေးနဲ့  မဆိုးပါဘူးပန်ရဲ့... သူ့ အကြိုက်ကိုယ်မှာ... ကိုယ့်အကြိုက်သူ့ မှာ ဒါလေးက ရင်ကိုထိတယ်... ချစ်စရာစုံတွဲလေး ဒီထက်မက ပိုပြည့်စုံဝေေ၀ဆာဆာ ဖြစ်ပါစေလို့ ....

blackroze said...

အမရေ..
ခံစားဖတ်ရှု့သွားပါတယ်..
ညီမကတော့သရဲနီမဟုတ်ဘူး
ချယ်လ်ဆီး....

အင်ကြင်းသန့် said...

အစ်မသက်ဝေရဲ့ တက်ဂ်ပိုစ့်လေးကို လာဖတ်ပါတယ် မပန်....ရေးထားတာ အများနဲ့မတူ တမူထူးခြားသလို ပြုံးလည်းပြုံးမိတယ်....ဖတ်လို့ကောင်းလိုက်တား)

pandora said...

၎ ကတော့ စိတ်ရတဲ့အခါ နောက်တော့ ရေးကောင်းရေးမှာပါ့။
Shrek ပုံနဲ့ပတ်သက်လို့ တုံ့ပြန်မှုတွေ ကြားနေရတယ်.. ဒီပုံလေး မနည်းရှာထားရတာကို.. သြော်.. သနားစရာ့ပန်ဒိုရီ :P

ပုံရိပ် / Pon Yate said...

အဟက်... မပန်ရဲ့ ပန်ဒိုရီက layer တွေများလို့လား။ (Shrek က layer များတယ်လို့ သူ့ကိုသူ ဆိုလို့ပါ။)
ဘာပဲဝတ်ဝတ် လိုက်တဲ့ မပန်ကို နေကာမျက်မှန်အကြီးကြီး၊ ဂါဝန်အရှည်ကြီးနဲ့ မြင်ဖူးချင်လိုက်တာ။

Anonymous said...

ရေးတဲ့ စတိုင်က ရေလည် မိုက်တယ်။ ပန်ဒိုရာက ၁၂၃ ရေးသလိုပဲ မအယ်လည်း ရေးမယ်ဆို ပုတ်လုံးလေး၂လုံး ၁၂၃တွေ ဖြစ်လာနိုင်တယ်။

မအယ်

YoungGun said...

ဒါမျိုးဆို ကြိုက်တယ်။ .. စဖွင့်တဲ့ အပိုဒ်ကိုက ကြိုက်တာ.။ နောင်လဲ ကြိုက်တာလေးတွေ ရေးနိုင်ပါစေဗျာ။

Cameron said...

မပန်..ရေးပုံလေးက စိတ်ဝင်စားဖို့ကောင်းတယ်..။
ပြီးတော့ ကြည်နူးစရာလေး...။ လေးစားအားကျမိပါတယ်...။

ခင်မင်စွာဖြင့်
မိုးငွေ့

Sonata Cantata said...

ဒီပို့စ်ကိုရော ဆက်စပ်ပို့စ်တွေရော အကုန်ဖတ်ပြီး
ပန်ပန် ကော်မန့် ပြန်ထားတာကိုပါ ဖတ်ပြီး..သြော်..
ချစ်စရာ့ ပန်ဒိုရာ ပန်ဒိုရီး)

သုခုမလေဒီ said...

ပန်ပန်ရေးထားတာလေးတွေ ဖတ်သွားတယ်။ စီဗုံးမမြင်လို့ မန့်ခဲ့တယ်နော်။ အဆင်ပြေပျော်ရွှင်ပါစေ။

တီချမ်း said...

သိပ်ကြိုက်တာပဲ စကားပြောလေးတွေနဲ့ပဲ ရေးသွားတာ ကို ကြိုက်တယ် ဘောလုံးအကြောင်းတော့ သိပ်မသိ
ကဗျာအကြောင်းပြောတာ အိုဟင်နရီ အကြောင်းပြောတာ အစားအစာ အကြောင်းပြောတာ ကြိုက်တယ်