Welcome Back !!!!
-
ကျနော့်ဘလော့ကို ပြန်ဖွင့်ချိန်ဟာ တိုက်တိုက်ဆိုင်ဆိုင် April
တစ်ရက်နေ့ဖြစ်နေတယ်... ။ တကယ်တမ်းကျတော့ တိုက်ဆိုင်မှုဆိုတာ လောကမှာမရှိပါဘူး
လူတစ်ယောက်ဟာ ဘာပြ...
8 hours ago
ကမ္ဘာကြီး နှာစေး နေသည်။
သေသောသူ ကြာရင်မေ့သတဲ့
ပျောက်သောသူလည်း ကြာရင်မေ့တာပါပဲ
ဝင်ရိုးစွန်းနှစ်ဘက်က
ညှပ်ပူးညှပ်ပိတ် တိုက်တဲ့လေ
အိမ်နားပါးနီးက
ကြမ်းကြား ထရံကြား တိုးတဲ့လေ
အကျိုးစီးပွားအတွက်
အားမှယားမှ ပွားတဲ့လေ
ဟတ်ချိုးချေရင်း အအေးမိတာ မဆန်းဘူး
ဖုန်နံ့ ယမ်းနံ့ ကပ်ဘေးနံ့ သွေးညှီနံ့ အနှစ်နှစ်ဆယ်နံ့
ဘာအနံ့မှ မရတော့တာလည်း မဆန်းဘူး
မည်သို့ပင်ဖြစ်စေကာမူ
ကျွန်ုပ်လည်း ၀မ်းနည်းပက်လက်
အလွန်အမင်း စိုးရိမ်မကင်းဖြစ်မိပါကြောင်း
စာကလေးတပုဒ် ကပျာကယာရေးထုတ်ကာ
ဗိုက်တာမင်စီ တွင်တွင်သောက် အချဉ်ပေါက်သွားခဲ့လေသည်။
ပန်ဒိုရာ
ငါဝယ်ထားပြီး မစားဖြစ်တဲ့ ပေါင်မုန့်တစ်ချပ်ရဲ့ မာန
ပလတ်စတစ်အိပ်ကပ်ထဲက
ညပ်ကျန်နေတဲ့ ပေါင်မုန့်တစ်ချပ်ကို
သက်တမ်းကုန်မကုန်
အနုလုံပဋိလုံ
စူးစမ်းလိုက်ရုံလေးပါ။
အမယ်.. ဒင်းက
စဉ်းစားမနေနဲ့ ၀ါးထည့်လိုက်ပါလား တဲ့
အထိအတွေ့ အိစက်စက်နဲ့
ဖြူဝင်းနေတဲ့ အသားညက်ညက်ကို
ရက်ရက်ရောရာ ဗန်းပြလာတယ်။
ကဗျာဆရာကြီး အိုမာခိုင်ယမ်
ကြံဖန် အိမ်မက်ခဲ့တာ
ဝိုင်တစ်ခွက်နဲ့အတူ
ပေါင်မုန့်တစ်ယှက်ရယ်ပါ..တဲ့။
တချိန်က ပြင်သစ်ပြည်မှာ
ပေါင်မုန့် စားရဖို့အရေး
စုပေါင်းဟစ်ကြွေးတော့
ဒုံးဝေးတဲ့မိဖုရားကတောင်
ကိတ်မုန့်စားကြပါလား လို့
သမိုင်းဝင်စကား ပြောသွားခဲ့တယ် တဲ့။
အခုအချိန် ကိုယ့်ရပ်ရွာမှာလည်း
နာဂစ်ကြောင် အ၀ှာဖြစ်ကြသူတွေကြား
ပေါင်မုန့်ကလေး တစ်ချပ်များဆို
အားထားစရာ မဖြစ်ပေဘူးလား တဲ့။
(တကယ်တော့
ဘိုဆန်ဆန် အစားအသောက်ကို
ငတို့ ရွာသားတွေက
ငါး ဖားလောက်မှ အရေးမစိုက် ဆိုတာ
မိုက်လှတဲ့ ဒီသတ္ထ၀ါ ဘယ်သိရှာမလဲ။)
လျှာရှည်လှတဲ့ပေါင်မုန့်
သူဖြစ်အောင် ထုတ်လုပ်ဖို့
ဟို့တချိန်က ဂျုံခင်းနဲ့
ရိတ်သိမ်းချိန်မြင်ကွင်းတွေကိုလည်း
တတမ်းတတ လွမ်းလျလျနဲ့
လာပြောပြနေပြန်ပါလေရော..။
တယ်...
ငါဝယ်မှ အိမ်ရောက်လာရတဲ့
လိန်ခြောက်ခြောက်ပေါင်မုန့်
ကိုယ့် အိတ်စပိုင်ယာဒိတ်ကိုမှ အားမနာ
ဘုရားဒကာရန်တိုက် မလောက်မင ကြားက
လူကိုများ အကြွားစစနဲ့
တရားချရတယ်လို့..။
ဒါနဲ့ပဲ
ဒင်းကို တစစီခြေ
ကြက်ဥနဲ့ နို့ပါရောမွှေ
ဒေါသတွေ အရှူအသွင်းထုတ်လို့
ပူတင်းဖုတ်လိုက်ပါတော့တယ်။
ပန်ဒိုရာ
သီတာ
ပန်းသီးတွေက
ဒီနေ့မှ ပိုချို
ပြေးလမ်းကလေးက
ဒီနေ့မှ ပိုဖြူးနေတော့တယ်
ဟေး..နေကောင်းလား
တခါမှမသိခဲ့ပဲ ပြုံးရယ် နှုတ်ဆက်လိုက်လို့
အံ့သြလှည့်ကြည့်ရင်း
ဗိုင်းခနဲ လဲကျသွားတဲ့ စကိတ်စီးသမားလေးကို
အားပါးတရ အော်ရယ်လိုက်တယ်
ကန်ရေပြင်ထဲကို ခဲလုံးကြီးကြီးနဲ့
ဘယ်သူမှမသိအောင်ပစ်ပေါက်
ပါးစပ်ကိုအုပ်ပြီး ထွက်ပြေးတယ်
တွန်းလှည်းထဲက ကလေးလေးကို
အဖေအမေတွေအလစ်မှာ
ပါးကိုလိမ်ဆွဲလိုက်သေးတယ်
ကောင်းကင်ကြီးညိုလာတာကိုတောင်မှ
ပေါင်ချိန် မျက်နှာမည်းလို့
ရယ်ပွဲဖွဲ့မိသေးတယ်
လေကလေးတချွန်ချွန်နဲ့
နံနက်ခင်းလေးကို
ဖုန်ခါတိုက်ချွတ်ရင်း
ဆရာချစ်ရဲ့ လင်္ကာဒီပက
ရာဝဏ ကိုသတိရမိသေးတယ်
သီတာ သီတာ...
မင်းရဲ့ နူးညံ့ချိုသာမှုကို
ကိုယ်တသက် မမေ့တော့ပါ.. တဲ့
အဲသလိုဆန်ဆန်ပေါ့
နူးညံ့မှုတခုဟာ
လောကကြီးကို အရောင်ပြောင်းသွားစေကြောင်း
ဘယ်တော့မှ မဟောင်းတဲ့ နိယာမတွေရှိတယ်။
ပန်ဒိုရာ
ပိတ်ရက်ဖြစ်တဲ့အတွက်ကြောင့် အ၀တ်လျှော်မယ် ကြမ်းတိုက်မယ် အိမ်သန့်ရှင်းရေးလေး ဘာလေး လုပ်မယ်လို့ စဉ်းစားလိုက်ပါတယ်။ ကြမ်းတိုက်နေတုန်း အ၀တ်လျှော်စက်ကို လှည့်ထားမှပဲလေ ဆိုပြီး အ၀တ်တွေထည့်ပြီး ဆပ်ပြာရည် လောင်းချလိုက်မလို့ လုပ်တော့ ဘုရားဘုရား ကံကောင်းလို့ ကြမ်းတိုက်ရင် သုံးတဲ့ အရည်ကို ထည့်မိတော့မလို့။ ဗူးအရွယ်ချင်းက ခပ်ဆင်ဆင်ကိုး။
ပန်းကန်တွေ အိုးတွေ အရင်ဆေးဦးမှပဲလေ ဆိုပြီး ပန်းကန်ဆေးတဲ့ ဆပ်ပြာရည်နဲ့ ဆေးပါတယ်။ ဆေးပြီးတဲ့အခါ basin ကိုတော့ စတီးလ် တို့ အလူမီနီယမ်တို့ ဆေးဖို့ လုပ်ထားတဲ့ အရည်နဲ့ ဆေးလိုက်တော့ ပြောင်လက်သွားပါတယ်။ အားလုံးပြီးစီးတော့ လက်ကို hand soup လို့ရေးထားတဲ့ လက်ဆေးရည်လေးနဲ့ ဆေးလိုက်ပါတယ်။
ကြမ်းပြင်ကို တိုက်ဖို့ floor လို့ရေးထားတဲ့ အရည်ကို ရေပုံးထဲ ထည့်ပြီး အ၀တ်တပ်ထားတဲ့ တုတ်တံနဲ့ mop လုပ်တယ် လို့ ခေါ်တဲ့ အလုပ်ကို လုပ်ရပါတယ်။ မှန်တွေကို တိုက်တဲ့အခါကျတော့ glass လို့ရေးထားတဲ့ spray ဗူးထဲက အရည်နဲ့ ဖျန်း။ ပြီးတော့မှ အပေါ်ကနေ အ၀တ်နဲ့ တိုက်ပါတယ်။ အိမ်သာကြွေခွက်ကျတော့ နောက်တစ်မျိုးလာပါပြီ။ သူကတော့ ပါဝင်ပစ္စည်းတွေက ပိုပြင်းထန်သတဲ့။ ကြွေကိုတောင် အရောင်ချွတ်တယ်ဆိုတော့ လက်ကို မထိအောင် သတိထား သုံးစွဲလိုက်ရပါတယ်။
ဒါနဲ့ ပြန်စဉ်းစား မိပြန်တယ်။ မနက်မိုးလင်း အိပ်ရာကထလို့ သွားတိုက်တဲ့အခါ သွားတိုက်ဆေးလို့ခေါ်တဲ့ ပျော့စိစိအရာနဲ့ အမြုပ်ထွက်အောင် တိုက်ပြီး ဆေးကြောရတယ်။ ကြော်ငြာတခုက - ပါးစပ်ကိုသန့်စင်ရင် သွားတိုက်ရုံနဲ့ မလုံလောက်ဘူး ကြိုကြိုကြားကြားတွေကို ထိရောက်ဖို့အတွက် ဒါသုံးမှဖြစ်မယ် - လို့ ပြောထားတော့ ပလုပ်ကျင်းတဲ့ အရည်နဲ့ ကျင်းထုတ်လိုက်ရ ပါသေးတယ်။
မျက်နှာသစ်တော့လည်း မျက်နှာသစ်ဖို့ လုပ်ထားတဲ့ ဆပ်ပြာနဲ့ သစ်ပြန်တယ်။ မိန်းကလေးဆိုတော့ ၀ီစိကိစ္စက များတော့ မျက်နှာသစ်တာတောင် တစ်မျိုးထဲနဲ့ မပြီးပြန်ဘူး။ စိတ်ရှည်ရင် ရှည်သလို ၀ါသနာ ပါရင် ပါသလို ပထမအဆင့် ဒုတိယအဆင့်တွေနဲ့ ရိုးရိုးဆပ်ပြာရည် ပြီးရင် သဲဆပ်ပြာလို ပွတ်တိုက်တဲ့အရာ ပြီးရင် ပြန်ဆေးရမယ့် toner လို့ခေါ်တဲ့အရာ စတာတွေနဲ့ မျက်နှာကို အဆင့်ဆင့် ဆေးကြောလို့ ရပါသေးတယ်။ ပွဲလမ်းရှိလို့ မိတ်ကပ်တွေဘာတွေ ထူထူလိမ်းထားမိရင်တော့ မျက်နှာမသစ်ခင်မှာ မိတ်ကပ်ဖျက်ဆေး လို့ခေါ်တဲ့ အရည်ကြည်ကြည်နဲ့ ဂွမ်းစလေးသုံးပြီး အရင် ဖျက်ရပါသေးတယ်။ ရေချိုးတဲ့ အခါမှာလည်း ရေချိုးတဲ့ ဆပ်ပြာရည် ခေါင်းလျှော်တော့ ခေါင်းလျှော်ရည် ပြီးရင် ဆံပင်ပျော့ဆေး ဒါတွေကို သုံးစွဲရပါတယ်။ နွားစာခွက်နဲ့ ခပ်ဆင်ဆင်တူတဲ့ ရေချိုးဇလုံ bathtub ရှိလို့ အဲဒီထဲ ၀င်ပြီးချိုးမယ် ဆိုရင်တော့ အမြုပ် foam ဖြစ်စေတဲ့ ရေချိုးရည်ကို ထည့်ပြီး ဇိမ်ကျကျ ချိုးနိုင်ပါသေးတယ်။
ကိုယ့်ဆီမှာ ငယ်ငယ်ကတော့ ပြည်တွင်းဖြစ် မွှေးဆပ်ပြာ ဆိုတာပဲ ရေချိုးဖို့အတွက် အထူးပေါ့။ ရွှေဝါဆပ်ပြာ ဆိုရင်လည်း ပန်းကန်ဆေးမလား အ၀တ်လျှော်မလား လက်ဆေးမလား ကြိုက်ရာသုံး။ အနီရောင် ကာဘော်လိတ် ဆပ်ပြာ တစ်တုံးနဲ့ မျက်နှာသစ်တာရော ရေချိုးတာရော ခေါင်းလျှော်တာရော အ၀တ်လျှော်တာရော သုံးကြတာလည်း ကြုံဖူးပါရဲ့။ တချို့ လူကြီးများကတော့ အခုထိ ကာဘော်လိပ်မှ ကာဘော်လိပ် ပါပဲ။
နည်းပညာက တိုးတက်လာပြီး အမျိုးမျိုး ပေါ်လာတော့လည်း ပိုပြီး ထိရောက်မယ့် ဖော်မြူလာတွေနဲ့ အထူးပြုထားတဲ့ ဆေးကြောရည်တွေကို သူများသုံးသလို ကိုယ်လည်း လိုက်သုံးဖြစ်တာပါပဲ။ တခါတလေ မှားသုံးမိရင် ချက်ချင်းပဲ ဥပါဒ် ဖြစ်တော့မတတ် လန့်မိတာလည်း ရှိပါသေးတယ်။ တကယ်တော့လည်း ဆပ်ပြာဟာ ဆပ်ပြာပဲပေါ့ လို့ စဉ်းစားပြန်တော့လည်း non-soap formula ဆိုတာ ရှိပြန်ရောတဲ့။ ဆပ်ပြာ မပါသော ဆပ်ပြာပေါ့နော်။ ဒါမျိုးတွေက တခြား ကုန်ပစ္စည်းတွေမှာလည်း တွေ့ပါတယ်။ သကြားလုံးကိုတောင် sugar free ဆိုတော့ အဘိုးအဘွားတွေကိုဆို ဘယ်လို ရှင်းပြရမှန်းတောင် မသိတော့ဘူး။ ဟဲ့ ဒါဆို နင်တို့ဟာက ဆေးသကြားပေါ့ ဆိုတော့လည်း ကျန်းမာရေးနဲ့ ညီညွတ်အောင် sugar free လုပ်ထားပါတယ် ဆိုမှ ဆေးသကြား ဆိုတာကြီးတော့လည်း မဟုတ်လောက်သေးပါဘူးပေါ့။ အဲ.. လမ်းချော်လာပြီ။ ဆပ်ပြာ အကြောင်း ပြန်ဆက်ပါမယ်။
ဒီနေ့ အဖို့တော့ သန့်စင်ဆေးကြောတဲ့ အရာ အတော်များများ သုံးခဲ့လိုက်ရပါလား။ ဒါတောင်မှ ကွန်ပြူတာတို့ တီဗွီတို့ မှန်သားပြင် ဆေးတဲ့ အရည်တို့ ခြေသည်းလက်သည်း ဆိုးဆေး ဖျက်တဲ့အရည် တို့ မပါသေးဘူး။ ဟိုတယ် တချို့မှာတော့ ခေါင်းလျှော်ဖို့အတွက်နဲ့ ရေချိုးဖို့အတွက်ပါ နှစ်မျိုးလုံး အသုံးပြုနိုင်တဲ့ ဆပ်ပြာရည်လို့ ထားပေးတာ တွေ့ဖူးပါတယ်။ နည်းပညာတွေသုံးပြီး အထူးပြုတွေ အသီးသီးနဲ့ ရှုပ်အောင် လုပ်ပြီးတဲ့အခါ ရှင်းအောင် ပြန်လုပ်ကြဦးမလား တော့ မသိပါဘူး။ multi-purpose သန့်စင်ပစ္စည်း ပေါ်မလာဘူးလို့ ဘယ်သူ ပြောနိုင်မလဲ။ ဤဆေးကြောသန့်စင်ရည်ကို သွားတိုက် မျက်နှာသစ် ရေချိုး ခေါင်းလျှော် ပန်းကန်ဆေး အ၀တ်လျှော် ကြမ်းတိုက် အိမ်သာဆေး မှန်ဆေး ကားဆေး စသည့် ကိစ္စအ၀၀၌ ထိရောက်စွာ အသုံးပြုနိုင်ပါသည် ဆိုတာမျိုးပေါ့။
ကဲ.. ဤခန္ဓာကိုယ်ကြီးနဲ့ ပတ်ဝန်းကျင်ရှိ ရုပ်ဝတ္တုများ အသီးသီးအတွက် အထူးစီမံ ပြုလုပ်ထားတဲ့ ဆေးကြော သန့်စင်ရည်များနဲ့ ဆေးကြောပြီးတဲ့ သကာလမှာ သန့်စင်ရန် တစ်ခုသာ ကျန်ပါတော့တယ်။ စိတ်…။
ပန်ဒိုရာ
Type the rest of your post here.
မြန်မာရုပ်ရှင်တွေ ကြည့်ရင်တော့ နောက်ကြောင်းပြန် ဆိုပြီး ပြောပြတဲ့အခါ ဟိုး.. လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကပေါ့ ဆိုပြီး ဇာတ်လိုက်ရဲ့ မျက်နှာက အုံ့မှိုင်းသွား။ ဒန်တန်တန် ဆိုပြီး တီးလုံးလေးဝင်လာ..။ ဆေးသားမပြယ့်တပြယ် အဖြူအမည်း ပြကွက်များက တရိပ်ရိပ် ပေါ်လာပေါ့လေ။
ကိုယ်နဲ့ဆိုင်တဲ့ အနှစ်နှစ်ဆယ်ကို ပြန်မွှေရင်တော့ အတ္တတွေပဲ အနည်ထလို့ ပုဂ္ဂလိက အတိုအစတွေပဲ ထွက်ကျလာမယ်။ ကိုယ်ပိုင်ဘ၀ စက်ဝိုင်းကျဉ်းကျဉ်းလေး ထဲက ဖောက်မြင်နိုင်ခဲ့သမျှ အဲဒီအချိန်ကာလက ပြန်ပြောပြစရာတွေကို ရှိသလောက် ရေးခဲ့ပြီးပြီ။ အနှစ်နှစ်ဆယ် အကြာမှာ သူတို့ထဲက တချို့ရဲ့ ဘ၀တွေ အကြောင်းကိုလည်း ဒီနေရာမှာ ခံစားကြည့်ခဲ့ပြီ။
လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် ဒီအချိန်က လို့ ပြန်တွေးရင် အနီရောင်တွေ ထင်ဟပ် ပူနွေးလာတယ်။ အနီရောင်တွေ ကွာကျဖို့ အနီရောင်နဲ့ ချွတ်ဆေးခဲ့ကြရတယ်။ အခုအချိန်မှာတော့ ရေနစ်သူ အသက်ရှူဖို့ လိုသလို အငန်းမရ လိုချင်တောင့်တ မိတာကတော့ အပြာ…. အပြာရောင်… ပြာစင် အေးမြနေမယ့် ငြိမ်းချမ်းမှု၊ အဲဒါကို အမိမြေက လူတွေအများကြီးနဲ့ ဖြစ်နိုင်ရင် တစ်ယောက်မကျန် အားလုံးနဲ့ အတူတူ ရနိုင်ရင် ကောင်းမယ်..။
ဒီရက်ပိုင်း ရေးထားကြတဲ့ အနှစ်နှစ်ဆယ် အမှတ်တရ စာတွေ အများကြီး တွေ့ရတဲ့အထဲမှာ လူသူ သိပ်မရောက်မယ့် နေရာတနေရာက ဒီကဗျာ တိုတိုလေးကို ဖတ်ကြည့်စေချင်ပါတယ်။
သူတို့ရဲ့ ၄၃ နှစ်မြောက် အမျိုးသားနေ့ကတော့ နီးလာပါပြီ။ အလုပ်ထဲမှာလည်း National Day Observance ဆိုပြီး ပျော်ရွှင်ပွဲလေးလုပ် စားကြသောက်ကြ လုပ်ကြပါတယ်။ သာရေးနာရေး ကော်မီတီထဲမှာ ပါနေတဲ့အတွက်ကြောင့် အဲဒီအခန်းအနားလေး လုပ်ကိုင်ပြင်ဆင် ကြတဲ့အထဲမှာ နိုင်ငံသား မဟုတ်သော်လည်း ဖြူနီဝတ်စုံ တကားကားနဲ့ ပါဝင်ဖြစ်ခဲ့ပါတယ်။
ပန်ဒိုရာ ဒီနိုင်ငံလေးကို စရောက်ရောက်ချင်း အချိန်က တစ်ခုသော ဂျူလိုင်လမှာပါ။ ရောက်ပြီး တစ်လအကြာ သြဂုတ်လမှာ National Day အစမ်းလေ့ကျင့်ပွဲအတွက် လက်မှတ်ရခဲ့ပါတယ်။ အဲဒီတုန်းကတော့ ရောက်ခါစဆိုတော့ အဲလိုလက်မှတ်မျိုးကို ဒီကလူတွေ ညအိပ် တန်းစီတိုး ပြီးတော့ကို လိုချင်ကြမှန်း မသိခဲ့ဘူး။ ရတော့လည်း သွားကြည့်လိုက်တာပေါ့လေ။ အဲဒီမှာပဲ သူတို့တွေရဲ့ ပျော်ရွှင်တက်ကြွစွာ ပါဝင်မှုကို အံ့သြခဲ့ရပါတယ်။
ဒီနိုင်ငံမှာက တကယ့်နေ့ဖြစ်စေ အစမ်းပွဲဖြစ်စေ လူတွေက အရမ်းသွားချင်ကြပါတယ်။ တစ်နှစ်မှ တစ်ခါ ကျင်းပတဲ့ အစည်ကားဆုံး အခန်းအနား ဖြစ်သလို အဲဒီပွဲမှာ အခမဲ့ဝေတဲ့ အိတ်တလုံးနဲ့ စားစရာတွေ လက်ဆောင်တွေလည်း ရတာကိုး။ နှစ်စဉ်နှစ်တိုင်းမှာ သီချင်းအသစ် တစ်ပုဒ် အထူးစပ်တယ်။ နာမည်ကြီး အဆိုတော် တယောက်ယောက်က ဆိုပါတယ်။
ဟိုတနေ့က ကျင်းပတဲ့ အလုပ်ထဲက အခန်းအနားလေးမှာလည်း နိုင်ငံတော်သီချင်း အပါအ၀င် သီချင်းတွေ ဆိုကြပါတယ်။ လက်ကလေးတွေ လေထဲဝှေ့ယမ်းပြီး သူတို့ ပျော်ရွှင် တက်ကြွစွာ သီဆိုနေတာကို ဓာတ်ပုံတွေ ရိုက်ပေးရင်း သီချင်းတွေထဲက သံစဉ်ရော စာသားပါ နှစ်သက်မိတဲ့ သီချင်းတစ်ပုဒ်ကို ဝေမျှချင်စိတ် ပေါ်လာပါတယ်။
We are Singapore
There was a time when people said
That Singapore won't make it, but we did
There was a time when troubles seemed too much
For us to take, but we did
We built a nation, strong and free, reaching out together
For peace and harmony
Chorus 1:
This is my country, this is my flag
This is my future, this is my life
This is my family, these are my friends
We are Singapore, Singaporeans
Singapore our homeland, it's here that we belong
All of us united, one people marching on
We've come so far together, our common destiny
Singapore forever, a nation strong and free
( Repeat Chorus 1 )
( Sung ) (ဒါက သူတို့ရဲ့ National Pledge ပါ)
We the citizens of Singapore
Pledge ourselves as one united people
Regardless of race, language or religion
To build a democratic society
Based on justice and equality
So as to achieve happiness
Prosperity and progress for our nation
Chorus 2:
We are Singapore, we are Singapore
We will stand together, hear the lion roar
We are Singapore, we are Singapore
We're a nation strong and free forevermore
( Repeat Chorus 1 & 2 )
We are Singapore, Singaporeans ( X 2 )
Chorus ပိုဒ်မှာ သူတို့တွေ ပျော်ပျော်ရွှင်ရွင် သီဆိုကြသလို “ဒါငါ့နိုင်ငံပဲ၊ ဒါငါ့အလံပေါ့၊ ဒါငါ့ရဲ့အနာဂတ်၊ ဒါငါ့ဘ၀၊ ဒါငါ့မိသားစု၊ ဒါငါ့မိတ်ဆွေတွေ၊ ငါတို့မြန်မာနိုင်ငံ၊ ငါတို့မြန်မာနိုင်ငံသားတွေ” လို့ ခေါင်းမော့ရင်ကော့ ပြုံးပြုံးကြီး ပြောချင်လိုက်တာ။ ပြည်သူတွေရဲ့ အနာဂတ်နဲ့ ဘ၀ ဆိုတာ နိုင်ငံတော်ဆိုတဲ့ အရာနဲ့ ထပ်တူ ကျ လာစေချင်လိုက်တာ။ သူ့မြေမှာ ဖြူပြာပွင့်လို့ တင့်တယ် နေကြတာကို ကြိုးစား မုဒိတာပွားရင်း ဆရာမကြီး ငွေတာရီရဲ့ ကဗျာလေးတစ်ပုဒ် ကိုလည်း သတိရမိတယ်။
သာသည့်မြေသို့
အလှထူးပါဘိ
မြဖူးပြာအငုံနှင့်
လွှာရုံမှာညှာစုံကျင်းရော့ထင်
ဖြူဝင်းငွေမှုန်လွှာတို့
လေယူရာ ရနံ့ညင်း
သင်းပျံ့ခဲ့သူ့ခြံမှာ။
ငါ့ခြံကြည့်ပြန်တော့
မချိပူပွေဖြာခဲ့
မြေပြာမှာနေစာမတင့်နိုင်ဘု
ကြည်စရာနီဝါတွေလည်းမပွင့်လေတော့
စိမ်းရင့်ရောင်နွယ်ခြုံဖုတ်တွေက
ရှုပ်ထွေးကာ လိမ်ခွေယှက်
အားပျက်စရာ။
သူ့စခန်း
သာဆန်းရဂုံသွင်မို့
ငါလှမ်းကာခိုဝင်လို့
ပြာငွေစင်ကြိုင်ပျံ့ရှားပါတဲ့
ပွင့်ငုံဆင် ပင်တွေကြားမှာလ
လျှောက်သွားကာ ပျော်လိုလှပါဘိ
မြရောင်စို သည်မြေခင်းရယ်နဲ့
ညင်းလေခို သစ်ညိုရိပ်မှာဖြင့်
လျောင်းအိပ်လို့ တစ်ကိုယ်သာ
ရွှင်ပါချင့်စိတ်ထဲ။
သို့လည်းလေ
မသင့်လျော်လေဘု
ငါ့ခြံမြေဥယျာဉ်နန်းဟာလည်း
လှလေသည်သာစခန်းပေပေါ့
စိတ်ပန်းကို သည်လိုဖြေလို့
ကျက်သရေ တက်နေ၀င့်အောင်လ
ငါ့ခြံမြေ အခြေမြှင့်ချင်ငဲ့
သူ့မြေမှာ ဖြူပြာပွင့်ရင်ဖြင့်
ငါ့မြေမှာ နီဝါတင့်ရမပေါ့
အခွင့်အခါမျှော်လို့
ဥယျာဉ်တော် သာယာရေးကိုလ
ရှုမြင်မျှော် ခါခါတွေးပါလို့
မနှေးပင် အားအင်ထုတ်လို့ရယ်
ပေါင်းနှုတ်ဖို့ခဲ။
ငွေတာရီ
ဖွဲ့တည်ရာမဂ္ဂဇင်း အတွဲ (၁) အမှတ် (၄) ထွက်ပါပြီ။ ဒီနေရာမှာ သွားယူနိုင်ပါတယ်။ ပန်ဒိုရာ စာမူပို့လိုက်တဲ့ အီးမေးလ်ကို အယ်ဒီတာ သင့်ကာက အမူးလွန်တဲ့ညက ဖတ်ပြီး နောက်နေ့ကျ မေ့သွားလို့ ပါမလာဘူးတဲ့ဗျာ။ :) :) ဒါပေမယ့် တခြား စိတ်ဝင်စားစရာကောင်းတဲ့ စာရေးသူများ ဘလော့ဂါများ ပါဝင်ရေးသားထားကြတဲ့ သုတ ရသ စုံစုံလင်လင် အဆင့်အတန်းရှိတဲ့ မဂ္ဂဇင်းတစ်စောင်ဖြစ်တာမို့ ဖတ်ဖြစ်အောင် ဖတ်ကြဖို့ တိုက်တွန်းချင်ပါတယ်။
ဒီမနက် အင်တာနက်ဝင်တော့ ပန်ဒိုရာ့ ဘလော့ဂ် အပါအ၀င် ဘလောဂ့် အချို့ကို အိုင်အီး Internet Explorer ကနေ ၀င်လို့မရပါဘူး။ Operation Aborted ဆိုပြီး ဒီလိုလေး ပေါ်နေပါတယ်။
(မတန်ခူးရဲ့ဘလော့ဂ်ကို နမူနာပြထားပါတယ်။)
ပန်ဒိုရာ့ အိုင်အီးက ဗားရှင်း ၇ ပါ။ မော်ဇီလာ Mozilla Firefox က ကြည့်လိုက်တော့ ၀င်လို့ရပါတယ်။
အဲဒီအချိန်မှာ အဲဒီလို အိုင်အီးကနေ ၀င်လို့ မရတဲ့ဘလောဂ့် တချို့ကဒီမှာပါ။
http://kopaw07.blogspot.com/
http://laynuaye.blogspot.com/
http://naynaynaing.blogspot.com/
http://gyittu.blogspot.com/
ပထမတော့ အဘန်းခံရသလား တိုက်ခိုက်ခံရသလား လို့ ပျာသွားပါတယ်။ ဘ၀ တွေများ ဆိုးပုံက ဘလော့ဂ်လေးရေးတာတောင် စောင့်ကြည့်ခံရလား ဘာလား ဟိုတွေးဒီတွေး တွေးနေရတဲ့လူမျိုးတွေ ဆိုတော့ ဒီလိုအရင် ပူလိုက်မိတာပေါ့လေ။ စသတိထားလိုက်တော့ စင်္ကာပူအခြေခံတဲ့ ဘလော့ဂ်တွေ ၀င်လို့မရတာကို တွေ့တယ်။ ဒါနဲ့ တချို့အွန်လိုင်းမှာတွေ့တဲ့ တခြားနိုင်ငံက သူငယ်ချင်းတွေ မေးကြည့်တော့ သူတို့ကျတော့ အဲဒီ ဘလော့ဂ်တွေကို အိုင်အီးကပဲ ၀င်ကြည့်လို့ရတယ်တဲ့။ ဒီတော့ စင်္ကာပူတစ်ခု ထဲမှာ ဖြစ်နေလား စဉ်းစားမိပြန်ရော။
နောက်တော့မှ မဟုတ်ပဲ ဘယ်နေရာကဖြစ်ဖြစ် အိုင်အီး ဗားရှင်းတချို့က တချို့ဘလော့ဂ်တွေအတွက် ဖြစ်နေတာကို တွေ့ရပါတယ်။
နည်းပညာနားလည်တဲ့ သူငယ်ချင်းများကို မေးတော့ အကူအညီပေးကြ စမ်းသပ် ပေးကြပါတယ်။ နောက်တော့ template ထဲက script တခုခုနဲ့ အိုင်အီးနဲ့ ငြိတာ ဖြစ်မယ်လို့ ဆိုပါတယ်။
ဒါနဲ့ ပြဿနာတက်တဲ့ ဘလော့တွေကို ပန်ဒိုရာလည်း လိုက်ကြည့်ပြီး စူးစမ်းလိုက်ပါတယ်။ အားလုံးမှာ ဘုံ တူညီနေတဲ့ function တခုက site meter ပါ။ ဒါနဲ့ အဲဒီ sitemeter ရဲ့ website www.sitemeter.com ကို ၀င်လိုက်တော့ အိုင်အီးမှာ သူကိုယ်တိုင် aborted ဖြစ်နေပါတယ်။
လောလောဆယ်တော့ ပန်ဒိုရာ ဘလော့မှာ site meter ကို ဖြုတ်ထားလိုက်ပါတယ်။ ဒီဘလော့ကို အိုင်အီးနဲ့ ၀င်ကြည့်သူတွေ အတွက် ယာယီ အိုကေသွားပါပြီ.။ အဲဒီ site meter ကို ပြဿနာမတက်အောင် ဘယ်လို ပြန်တပ်ရမလဲဆိုတာတော့ ကြည့်ရပါဦးမယ်။ သိရင်လည်းပြောကြပါ။ သူငယ်ချင်းတယောက် ဒီလင့်ခ်ကိုပေးလာပါတယ်။
http://support.microsoft.com/default.aspx/kb/927917
ပန်ဒိုရာအတွက်ကတော့ ရှု့ပ်နေသေးတာပဲ။ နောက်မှ သေသေချာချာ ဖတ်ကြည့်ပြီး လုပ်ပါဦးမယ်။ လောလောဆယ် ကိုယ့်လို ပြဿနာ တက်သူများ အတွက် ယာယီဖြေရှင်းနိုင်အောင် ဒီပို့စ်ကို ရေးလိုက်ပါတယ်။
အကူအညီပေးတဲ့ သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်ပါတယ်။
စပိန်ပန်းချီဆရာ ဖရန်စစ္စကို ဒီ ဂိုယ (Francisco de Goya 1746-1828) ရဲ့ ပန်းချီကား တချို့အကြောင်း ဒီမှာ ပြောခဲ့ပါတယ်။
သူ့ရဲ့ဘ၀ နောက်ပိုင်း အချိန်တွေမှာ သူ့အိမ်နံရံ ပလာစတာပေါ်မှာ ဆီဆေးနဲ့ဆွဲခဲ့တဲ့ ပန်းချီ ၁၄ ပုံဟာ အနက်ရောင်လွှမ်းသော Black Paintings တွေ အနေနဲ့ ကြော်ကြားပါတယ်။ နံရံမှာ ဆွဲခဲ့တဲ့အတွက် အဲဒီပန်းချီတွေကို ပန်းချီဆရာက ဘယ်သူ့ကိုမှ ပြဖို့ မရည်ရွယ်ခဲ့ဘူး လို့ ယူဆကြပါတယ်။ နောက်ပိုင်းမှာတော့ နံရံတွေယိုယွင်းလာတဲ့အခါ အဲဒီ ပန်းချီကားတွေကို ကင်းဗတ်စ် ပေါ်ကို ကူးပြောင်း ယူခဲ့ကြပါတယ်။
၁၈၂၀-၂၃ လောက်မှာ ဆွဲခဲ့တဲ့ တင်းပုတ်များဖြင့်တိုက်ခိုက်ခြင်း (Fight with Clubs (or) Duel with Cudgels ) လို့အမည်ရတဲ့ ပန်းချီကား ဟာလည်း အဲဒီ Black Paintings တွေထဲမှာ အပါအ၀င်ပါပဲ။
(မူလပုံမှာ) အပြာရောင် အနီရောင်အရိပ်တွေ လွှမ်းမိုး ခြယ်မှုန်းထားတဲ့ ပုံမှာ တင်းပုတ်တွေကို သုံးပြီး တိုက်ခိုက်နေကြတဲ့ လူ နှစ်ယောက်ကို မြင်နိုင်ပါတယ်။ သူတို့ရဲ့ ခြေထောက်တွေဟာ အောက်ခံ မြေပြင်မှာ နစ်မြုပ်နေတဲ့အတွက် အဆုံးအထိ မမြင်ရပါဘူး။
ပုံထဲက တိုက်ခိုက်နေသူတွေရဲ့ လက်လွှဲပုံနဲ့ ကိုယ်ဟန် အနေအထား တွေကို ကြည့်ရင် သူတို့ကိုင်ထားတဲ့ တင်းပုတ်တွေဟာ လေးလံနေကြောင်းနဲ့ တစ်ဦးနဲ့တစ်ဦး အသေအချာ ချိန်ရွယ်ထိန်းပြီး တိုက်ခိုက်နေကြောင်း သိသာပါတယ်။ ပုံရဲ့ဟန်ချက်တွေက တိုက်ပွဲ အချိန် ကြာရှည်တာနဲ့ ပင်ပန်းနေတာ ကို ဖော်ပြသလို သဲပြင်ထဲ နစ်မြုပ်နေတာကလည်း ရုန်းထွက်ဖို့ နည်းလမ်းမရှိတော့ပဲ တစ်ယောက် မဟုတ် တစ်ယောက် သေမှသာ တိုက်ပွဲ အဆုံးသတ်တော့မယ် ဆိုတာမျိုး ခန့်မှန်းကြပါတယ်။ အဲဒီလို နစ်မြုပ်နေတဲ့ အခြေအနေဟာ တယောက်ရဲ့ ရိုက်ချက်တွေကို တယောက်က ရှောင်တိမ်းနိုင်ဖို့ ခက်ခဲတာကို ပြတယ်လို့လည်း ဆိုကြပါတယ်။
နောက်ခံ အလင်းရောင်ကတော့ ပျောက်ကွယ်လာပြီး မှောင်လုလုသန်းလာတာကိုလည်း တွေ့ရတယ်။ ဒါဟာ မျှော်လင့်ချက်ရောင်ခြည် ပျောက်ဆုံးလာတာမျိုးဖြစ်သလို ပိုဆိုးတဲ့ အခြေအနေကို ဆက်တိုးလာပြီလို့ ပန်းချီဆရာက ဆိုလိုမယ်လို့ ထင်မြင်ချက်ပေး ကြပါတယ်။
ဝေဖန်ချက်တွေက တညီတညွတ်ထဲလိုလို ဆိုကြတာကတော့ တိုက်နေသူနှစ်ဦးဟာ အလုံးအထည် ပုံသဏ္ဍာန် ဆင်တူတဲ့အတွက် ညီအစ်ကို ဒါမှမဟုတ် ကိုယ်ပွားပုံရိပ်ကို ဖော်ကျူးတယ်လို့ ပြောကြပါတယ်။ တူသူချင်း ဒါမှမဟုတ် အချင်းချင်း အသေအကြေ တိုက်ခိုက် ကြတာကို ပြချင်တာ ဖြစ်ပါတယ်။ ဒါဟာ အဲဒီကာလက ဖြစ်ပျက်ခဲ့တဲ့ စပိန် ပြည်တွင်းစစ်ကို ရည်ညွှန်းပုံရတယ်လို့ အဓိပ္ပာယ် ဖွင့်ကြတာကို မှတ်သားရပါတယ်။
source: Wiki အပါအ၀င် အင်တာနက်မှ ရယူ၏။
ပန်းချီဆွဲတဲ့လက် - ၁
ပန်းချီဆွဲတဲ့လက် - ၂