Friday, October 11, 2013

အိုင်အိုဝါရက်စွဲများ အပိုင်း (၆)



အိုင်အိုဝါရက်စွဲများ အပိုင်း (၆)

၁၆။ စာပေမြို့တော် နဲ့ ရာသီပြောင်းချိန်
အိုင်အိုဝါမြို့ဟာ ၂၀၀၈ ခုနှစ်မှာ စာပေမြို့တော် (city of literature) အဖြစ် ယူနက်စကို ရဲ့ အသိအမှတ်ပြုခြင်းကို ခံရပါတယ်။ ကမ္ဘာပေါ်မှာ စာပေမြို့တော်အဖြစ် ယူနက်စကိုက အသိအမှတ်ပြုထားတဲ့ မြို့ပေါင်း ၆ မြို့ရှိပါတယ်။ ၂၀၀၄ မှာ စကော့တလန်က အက်ဒင်ဘရာ၊ ၂၀၀၈ မှာ သြစတေးလျက မဲလဘုန်း၊ အမေရိကက အိုင်အိုဝါမြို့၊ ၂၀၁၀ မှာ အိုင်ယာလန်က ဒဗ္ဗလင်၊ ၂၀၁၁မှာ အိုက်စလန်က ရေဂျာဗစ်နဲ့ ၂၀၁၂မှာ အင်္ဂလန်က နောဝစ် တို့ဖြစ်ကြပါတယ်။ 

စာပေမြို့တော်အဖြစ် အသိအမှတ်ပြုခံရဖို့အတွက် အောက်ပါအချက်တွေ ပြည့်စုံဖို့လိုအပ်တယ်လို့ သိရပါတယ်။


  • ·         အဲဒီမြို့မှာ ကျယ်ပြန့်၊ စုံလင်၊ ကောင်းမွန်တဲ့ စာပေတွေကို အရေအတွက်များများ ပုံနှိပ်ထုတ်ဝေမှု ရှိရပါမယ်။
  • ·         ပြည်တွင်းစာပေရော နိုင်ငံရပ်ခြားစာပေတွေကိုပါ အထူးပြုတဲ့ ပညာရေးအစီအစဉ်တွေကို အခြေခံပညာနဲ့ အဆင့်မြင့်ပညာ ကျောင်းတွေမှာ သင်ကြားမှုရှိရပါမယ်။
  • ·         စာပေ၊ ပြဇာတ်၊ ကဗျာတို့ဟာ မြို့မှာ အရေးပါတဲ့ ကဏ္ဍအဖြစ် တည်ရှိနေရပါမယ်။
  • ·         ပြည်တွင်းနဲ့ နိုင်ငံခြား စာပေတွေကို မြှင့်တင်ဖို့အတွက် စာပေပွဲတော်တွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရပါမယ်။
  • ·         စာကြည့်တိုက်၊ စာအုပ်ဆိုင်နဲ့ အများပိုင်၊ ပုဂ္ဂလိကပိုင် ယဉ်ကျေးမှု အဖွဲ့အစည်းတွေက ပြည်တွင်းနဲ့ နိုင်ငံခြား စာပေတွေကို ထိန်းသိမ်း၊ ဖြန့်ဝေ၊ တိုးမြှင့်ဖို့ လုပ်ဆောင်နေရပါမယ်။
  • ·         အမျိုးမျိုးအဖုံဖုံသော ဘာသာစကားတွေနဲ့ နိုင်ငံခြားစာပေတွေကနေ ဘာသာပြန်ဆိုထားတဲ့ လက်ရာတွေအတွက်လည်း ထုတ်ဝေမှု ကဏ္ဍတစ်ရပ် ပါဝင်ရပါမယ်။
  • ·         စာပေဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင်ရေးနဲ့ စာပေဖန်တီးမှုတွေကို ဈေးကွက်ခိုင်မာစေရေး မှာ ထုံးတမ်းစဉ်လာမီဒီယာနဲ့ မီဒီယာအသစ်တွေရဲ့ တက်ကြွစွာ ပူးပေါင်းပါဝင်မှု ရှိရပါမယ်။


ကျွန်မတို့ကို IWP အစီအစဉ်ကနေ မြို့ရဲ့ အများပြည်သူသုံး စာကြည့်တိုက်နဲ့ တက္ကသိုလ်စာကြည့်တိုက်တွေကို လိုက်ပို့ပြီး ရှင်းလင်းပြခဲ့ပါတယ်။ ကျွန်မတို့ကို ထုတ်ပေးထားတဲ့ ယာယီစာကြည့်တိုက်ကဒ်နဲ့ အိုင်အိုဝါတက္ကသိုလ် စာကြည့်တိုက်တွေမှာ စာအုပ်တွေ ဗီဒီယိုခွေတွေ ငှားလို့ရပါတယ်။ IWP စာရေးဆရာတွေ စာအုပ်ငှားရတာ အဆင်ပြေအောင်လို့ စာကြည့်တိုက်အရာရှိတွေကို လူမျိုးတူရာအုပ်စုခွဲပြီး တာဝန်ချပေးပါတယ်။ မြန်မာ၊ ကိုရီးယား၊ စင်ကာပူ၊ ဖိလစ်ပိုင် တို့အတွက် အနီးစပ်ဆုံး အုပ်စုဖွဲ့ပြီး ဂျပန်လူမျိုး စာကြည့်တိုက်အရာရှိ အမျိုးသမီး တစ်ယောက်ကို တာဝန်ပေးထားပါတယ်။ သူက ကျွန်တို့ သိချင်သမျှကို ရှင်းလင်းပြပါတယ်။ 

အိုင်အိုဝါတက္ကသိုလ် စာကြည့်တိုက်တွေမှာ စုစုပေါင်း စာအုပ် ၅ သန်းလောက်ရှိတယ်လို့ ပြောပါတယ်။ စာကြည့်တိုက်တွေကို သွားလေ့လာတဲ့အခါ အနောက်တိုင်း ဘာသာစကား မဟုတ်တဲ့အထဲမှာ တရုတ်၊ အိန္ဒိယ စာပေတွေ တမျှော်တခေါ် တွေ့ရပြီး ထိုင်းစာပေတောင် အတော်အတန် တွေ့ရပါတယ်။ ဒါပေမယ့် မြန်မာ စာအုပ်စင် တစ်စင်တောင် မတွေ့ရပါဘူး။ ရှိနေတဲ့ မြန်မာစာအုပ်အရေအတွက် နည်းလွန်းတာရယ်၊ ဖတ်လိုအား နည်းတာရယ်၊ စနစ်တကျ မှတ်တမ်းပြုစုဖို့ အခက်အခဲတချို့ရယ်ကြောင့် စာကြည့်တိုက်မှာ မြန်မာစာအုပ်တွေ မရှိရတဲ့အကြောင်း ဂျပန်မလေးက ရှင်းပြပါတယ်။ တန်ဖိုးရှိတဲ့ မြန်မာစာကောင်းပေကောင်းတွေကို နိုင်ငံတကာက သိရှိကြစေဖို့ ကျွန်မတို့ အခုထက်ပိုပြီး အများကြီး ကြိုးစားကြရပါဦးမယ်။ အိုင်အိုဝါက ပြန်ခါနီးမှာတော့ ကျွန်မယူလာတဲ့ စာအုပ်တချို့ကို စာကြည့်တိုက်ကို လှူခဲ့ပါတယ်။  ကျွန်မလှူခဲ့တဲ့ စာအုပ်တွေထဲမှာ ဆရာသုခမိန်လှိုင်ရဲ့ ပိုမို နဲ့ ပုစွန်တွေဖတ်ဖို့ကဗျာ လည်း ပါပါတယ်။ 
စာအုပ်စာပေ မြတ်နိုးသူတွေနဲ့ ပြည့်နှက်နေတဲ့ ဒီမြို့လေးမှာ ကျွန်မသဘောကျနှစ်သက်တဲ့ အရာတွေ အတော်များပါတယ်။ အေးဆေးငြိမ်သက်တဲ့ စာအုပ်ဆိုင်လေးတွေထဲမှာ စာပေရွတ်ပွဲတွေ ကျင်းပလေ့ရှိကြတာ ကြည်နူးစရာပါ။ အများပြည်သူသုံး စာကြည့်တိုက်နားမှာ ချထားတဲ့ ခုံတန်းလျားလေးတွေမှာ ပန်းချီပုံတွေကို  အမျိုးမျိုး လွတ်လွတ်လပ်လပ် ခြယ်ထားတာကိုလည်း ကျွန်မမျက်စိထဲမှာ သိပ်ကိုလှပပါတယ်။ စန္ဒရားတွေကို လမ်းဘေးမှာ ဒီအတိုင်း ချထားတာကိုလည်း သဘောကျနေမိတယ်။ ညဘက်တွေမှာလည်း အေးအေးဆေးဆေး သွားလာနေကြတဲ့ ကျောင်းသားလေးတွေကို အမြဲမြင်နေရပါတယ်။ ဒီမြို့လေးဟာ ရာဇဝတ်မှု လုံးဝ ကင်းရှင်းတဲ့မြို့လို့လည်း ပြောကြပါတယ်။
အများပြည်သူသုံး စာကြည့်တိုက်နားက ဆေးရောင်ခြယ် ခုံတန်းလျားလေးတွေ


အိုင်အိုဝါမြို့ လမ်းမဘေးမှာ ချထားတဲ့ စန္ဒယားတစ်လုံး


စာရေးသားခြင်း ယဉ်ကျေးမှု အလွန်ထွန်းကားတဲ့ မြို့လေးပီပီ တမြို့လုံးမှာ စာရေးဆရာ ကဗျာဆရာတွေ၊ စာပေလေ့လာနေကြတဲ့ ကျောင်းသားတွေ ပညာရှင်တွေနဲ့ ပြည့်နှက်နေပါတယ်။ ဒီမြို့ကထွက်တဲ့ ကမ္ဘာကျော်စာရေးဆရာတွေထဲမှာ ကျွန်မနှစ်သက်တဲ့ ပို့စ်မော်ဒန် စာရေးဆရာ ကာ့တ်ဗွန်းနဂတ် (Kurt Vonnegut) လည်းပါပါတယ်။ မြို့ရဲ့လမ်းမတွေမှာ အမှတ်တရ ရုပ်တုတွေကို မကြာခဏတွေ့ရပြီး ပလက်ဖောင်းပေါ်မှာလည်း စာအုပ်စာပေ၊ စာရေးဆရာတို့ရဲ့ အမှတ်အသားတွေ စာတန်းတွေကို ထွင်းထု ခင်းကျင်းထားတာကို တွေ့ရတာ အလွန်စိတ်ဝင်စားဖို့ကောင်းပါတယ်။

ပလက်ဖောင်းပေါ်မှာ ခင်းကျင်းထားတဲ့ Kurt Vonnegut ရဲ့ စကား

သစ်ရွက်တွေ အရောင်ပြောင်းတဲ့ ဆောင်းဦးပေါက်ကို တဖြည်းဖြည်း ချဉ်းကပ်လာတဲ့အခါ ရာသီဥတုလေးမျိုးရှိတဲ့ နိုင်ငံမှာ တစ်ခါမှ မနေဖူးတဲ့ ကျွန်မအဖို့ ရာသီပြောင်းချိန်အလှကို မျက်ဝါးထင်ထင် တွေ့ရပါတော့တယ်။ အိုင်အိုဝါ တက္ကသိုလ်တဝိုက်မှာ တွေ့ရတဲ့ သစ်ပင်တွေကတော့ အဝါရောင်ကို ပြောင်းတဲ့ အပင်မျိုးတွေ ပိုများပါတယ်။ နောက်တော့ ဒီကပ်ဘ်(DeKalb) မြို့ကို သွားတဲ့အခါ အဲဒီက အနီရောင် ပိုသန်းတဲ့ ပတ်ဝန်းကျင်မှာလည်း ကြည့်လို့မဆုံး ဖြစ်ရပါတယ်။ ဝါရှင်တန်ဒီစီမှာတော့ အချိန်နည်းနည်းနောက်ကျပြီးမှ အရောင်ပြောင်းတတ်တာမို့ IWP အစီအစဉ်ပြီးခါနီး ရက်တွေမှာ ကျွန်မတို့ ဝါရှင်တန်ဒီစီကို ရောက်တဲ့အခါ  အဲဒီနားက သစ်တောတွေ အရောင်ပြောင်းနေတဲ့ဆီကို လိုက်ပို့မယ်လို့ ဝါရှင်တန်မှာ နေကြတဲ့ မိတ်ဆွေတွေကပြောပါတယ်။ ဒါပေမယ့် ဝါရှင်တန် မသွားခင် ရက်ပိုင်းအလိုမှာ မုန်တိုင်းဝင်သွားတာမို့ သစ်တောကို သွားကြည့်မယ့် အစီအစဉ် ပျက်သွားခဲ့ရပါတယ်။

အိုင်အိုဝါ တက္ကသိုလ်ဝင်းအတွင်းက အရောင်ပြောင်း သစ်ပင်တွေ
ဒီကပ်ဘ်မြို့က သစ်ရွက်နီနီတွေ

လှပတဲ့ သစ်ရွက်ဝါဝါ နီနီ တွေကို ဓာတ်ပုံတွေတော့ အများအပြား ရိုက်လာခဲ့ပါတယ်။ ရွက်ကြွေရာသီအကြောင်းကိုလည်း မှတ်မှတ်ရရ ကဗျာလေးတစ်ပုဒ် ရေးဖြစ်ခဲ့ပါတယ်။

ရွက်ကြွေရာသီ

နံနက်စောစောထတဲ့ ငှက်ကို ငါချီးကျူး
နံနက်စောစောထတဲ့ ပိုးတီကောင်ကို ငါမသနား

သူများမျက်ချေးကို လက်ညိုးထိုးပြီး ငါရယ်မော
ငါ့လက်ချောင်း လေးချောင်းက ငါ့မျက်ချေးကို တိတ်တိတ်ချောင်းကြည့်

ညံ့ဖျင်း တုံးအ  အဆင်ခြင်မဲ့ရန်ကော လို့ ခပ်လွယ်လွယ် စွပ်စွဲပစ်
ဖြစ်နိုင်လောက်တဲ့အဖြေကို မစဉ်းစားဘဲ ပြဿနာကို ငါသယ်ဆောင်သွား

ရာနှုန်းပြည့် သဘောကျ/တူနိုင်စရာ ဘယ်သူမှ မရှိတာကို ငါတွေ့
ရာနှုန်းပြည့် သဘောမကျ/မတူနိုင်စရာ ဘယ်သူမှ မရှိတာကို ငါမေ့

ငါ့ကျမ်းစာ ငါ့အဘိဓမ္မာ မနာယူနိုင်သူတွေကို ကရုဏာဝင် စုပ်သပ်
ကျောခိုင်းလှည့်ထွက်သွားသူတွေရဲ့ မျက်နှာပေါ်က အပြုံးကို ငါလျစ်လျူရှု

သစ်ရွက်တွေ ဝါ နီ  နိမိတ်ပြ သာမောဆန်းကြယ်အံ့လောက်ဖွယ်လို့ ငါမှတ်
ပင်ခြေမှာပုံထပ်ကြွေ အရိုးပြိုင်းပြိုင်းအကိုင်းတွေ ဒါကိုလည်း အလှတရားလို့ ငါထင်

ရာသီကူးပြီးရင် ပြန်ဝေဆာဦးမယ့် သစ်ပင်တွေကို သက်တောင့်သက်သာ ငါစောင့်ကြည့်နေ
ဘယ်တော့မှ အရောင်ပြန်မပြောင်းတော့မယ့် ငါ့ခေါင်းပေါ်က မြွေဟောက်ဖြူတွေကို သတိမထားမိ

ပန်ဒိုရာ
၁၆.၁၀.၂၀၁၂


၁၇။ မြောက်ပိုင်းအီလီနွိုက်တက္ကသိုလ်က မြန်မာနိုင်ငံအကြောင်း လေ့လာရေး နိုင်ငံတကာ ကွန်ဖရန့်

မြန်မာနိုင်ငံအကြောင်း လေ့လာရေး နိုင်ငံတကာ ကွန်ဖရန့် (International Burma Studies Conference) အကြောင်းကို ကြားဖူးနေတာကြာပါပြီ။ ကျွန်မ စင်ကာပူမှာ ရှိနေချိန် အဲဒီ ကွန်ဖရန့်ကို စင်ကာပူအမျိုးသားတက္ကသိုလ် (NUS) မှာ ကျင်းပခဲ့တယ်ဆိုတာ သိခဲ့ပါသေးတယ်။ နှစ်နှစ်ကို တစ်ကြိမ် ကျင်းပလေ့ရှိတဲ့ အဲဒီညီလာခံဟာ ကျွန်မ အမေရိကရောက်နေချိန်မှာ တိုက်ဆိုင်စွာပဲ အိုင်အိုဝါမြို့နဲ့ သိပ်မဝေးတဲ့ ဒီကပ်ဘ်မြို့ရဲ့ မြောက်ပိုင်းအီလီနွိုက်တက္ကသိုလ် (Northern Illinois University (NIU)) မှာ အောက်တိုဘာ ၅ ရက်ကနေ ၇ ရက်နေ့အထိ ကျင်းပဖို့ ကြုံလာပါတယ်။ 

ကျွန်မနဲ့ နေဘုန်းလတ်တို့ဟာ ဒီကွန်ဖရန့်ကို တက်ဖို့ ဆက်သွယ်ကြတဲ့ အချိန်မှာ သွားလာရေးနဲ့ နေထိုင်တည်းခိုဖို့ စပွန်ဆာပေးတဲ့ အစီအစဉ်တွေက ပြီးဆုံးသွားပြီလို့ဆိုပါတယ်။ ကျွန်မတို့က အမေရိကကို လာခါနီးမှာ ဗီဇာကိစ္စနဲ့ မသေမချာဖြစ်နေခဲ့တော့ ကွန်ဖရန့် တက်နိုင်ကြောင်းကို စောစောစီးစီး အကြောင်းမကြားနိုင်ခဲ့ဘူးလေ။ ဒါပေမယ့်လည်း NIU က ဒေါက်တာသရဖီသန်းနဲ့ ဆရာဦးစောထွန်းရဲ့ဇနီး ဒေါ်စန္ဒာတို့က ကျွန်မနဲ့ နေဘုန်းလတ်အတွက် ကြိုးစားပမ်းစား စီစဉ်ပေးကြပါတယ်။

ဒီကပ်ဘ်မြို့ကို အိုင်အိုဝါမြို့ကနေ သွားဖို့အတွက် စီဒါရက်ပစ်မှာ ကျောင်းတက်နေတဲ့ ကျောင်းသားလေးတွေရဲ့ ကားကြုံနဲ့ ချိတ်ဆက်ပေးပါတယ်။ တည်းခိုဖို့အတွက်တော့ ကျွန်မက ဆရာဦးစောထွန်းနဲ့ ဒေါ်စန္ဒာတို့အိမ်မှာ တည်းပြီး၊ နေဘုန်းလတ်ကတော့ ဒေါက်တာသရဖီသန်းတို့အိမ်မှာ အခြားကျောင်းသားအချို့နဲ့အတူ တည်းခိုပါတယ်။ 

ဒီကပ်ဘ်မြို့ကလေးဟာလည်း ကျောင်းကိုအခြေပြုထားတဲ့ ကျောင်းမြို့ဖြစ်ပါတယ်။ သစ်ရွက်နီနီရဲရဲတွေ နဲ့ ဆင်ယင်ကာ အလွန်လှပပြီး ရာသီဥတုကလည်း လေတဟူးဟူးကြားမှာ အိုင်အိုဝါမြို့ထက် ပိုအေးပါတယ်။ ဆရာဦးစောထွန်းအိမ်မှာ တည်းခိုတဲ့အတွက် နာမည်ကြားဖူးပြီး တစ်ခါမှမဆုံဖူးတဲ့ ပညာရှင်တွေ၊ မြန်မာစကား ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တဲ့ ဆရာ့တပည့် နိုင်ငံခြားသားတွေ အလည်လာတဲ့အခါ  ဆုံတွေ့ခွင့်ရခဲ့ပါတယ်။ ဒေါ်စန္ဒာ ချက်ပြုတ်ကျွေးမွေးတဲ့ မြန်မာအစားအသောက်တွေကိုလည်း စားခဲ့ရပါတယ်။ ဒေါက်တာသရဖီသန်းတို့ အိမ်ကို သွားလည်တဲ့အခါမှာလည်း ကျောင်းသားလူငယ်တွေနဲ့  စုစုဝေးဝေး စားသောက်ကြ ပျော်ပျော်ရွှင်ရွှင် စကားပြောခဲ့ရပါတယ်။ 

မိတ်ဆွေသစ် မိတ်ဆွေဟောင်း အတော်များများနဲ့ ဆုံဖြစ်ပါတယ်။ မြန်မာကျောင်းသား လူငယ်လေးတွေကိုလည်း တွေ့ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကဆိုရင် စင်ကာပူမှာ ဘွဲ့လွန်တက်သူတွေ၊ ပိုလီကျောင်းတက်ကြတဲ့ ဆယ်ကျော်သက် လူငယ်တွေ များပါတယ်။ ဒါပေမယ့် အဲဒီကာလက စင်ကာပူမှာတော့ ဆယ်တန်းအောင်ပြီးတဲ့အခါ တက္ကသိုလ် ကောလိပ် ဘွဲ့ကြို တိုက်ရိုက် လာတက်သူတွေ ရှားပါးပါတယ်။ အဲဒီအချိန်က အမေရိကမှာလည်း ဒီလိုပဲ လို့ထင်ပါတယ်။ အခုတွေ့ရတဲ့ ကျောင်းသားလေးတွေကတော့  မြန်မာနိုင်ငံမှာ အထက်တန်းဖြစ်စေ၊ ဂျီစီအီး၊ အက်စ်အေတီ ဖြစ်စေ အောင်ပြီး အမေရိက တက္ကသိုလ် ကောလိပ်တွေမှာ ဘွဲ့ကြိုတက်နေကြသူတွေ အတော်များများ ပါပါတယ်။ လူငယ်တွေရဲ့ တက်ကြွမှုနဲ့ ဖောက်ထွက်တဲ့ အမြင်တွေ၊ ငယ်ငယ်ရွယ်ရွယ်မှာ ပြင်ပအတွေ့အကြုံ (exposure) ရထားသူတို့ရဲ့ အင်္ဂလိပ်စာကျွမ်းကျင်မှု၊ ပြောရဲဆိုရဲရှိမှုကို မြင်ခဲ့ရတာ အားရစရာလည်း ကောင်းပါတယ်။ နောင်အနာဂတ် မြန်မာပြည်မှာ သူတို့တွေဟာလည်း တတပ်တအား ဖြစ်လာကြဖို့ မျှော်လင့်မိပါတယ်။

NIU တက္ကသိုလ်ဝင်းအတွင်း တနေရာ
NIU လိုဂို

ဒီကပ်ဘ်မြို့လည်က မြင်ကွင်းတစ်ခု

ကွန်ဖရန့်တက်ရောက်ကြသူများနဲ့အတူ ဒေါက်တာသရဖီသန်း အိမ်မှာ (အများစုက မြန်မာကျောင်းသားတွေပါ။)


ဒီကွန်ဖရန့်ကို တက်ရောက်ခဲ့တဲ့အတွက် အိုင်အိုဝါတက္ကသိုလ်က အစီအစဉ်တချို့ကို လွတ်သွားပါတယ်။ ဒါပေမယ့်လည်း အားလုံးမျှော်လင့်နေခဲ့ကြတဲ့ mid residency travel ဆိုတဲ့ ခရီးသွားအစီအစဉ်နဲ့ တိုက်ဆိုင်မနေဘဲ နယူးအော်လန်းဇ်ခရီးကို မလွတ်ခဲ့လို့ ကံကို ကျေးဇူးတင်နေရပါသေးတယ်။ ဆရာကျော်ဝင်းတို့နှစ်မှာတော့ ကွန်ဖရန့်တက်နေတဲ့ရက်တဲ့ တိုက်နေတဲ့အတွက် သူသွားချင်တဲ့ နယူးအော်လန်းဇ်ကို မသွားလိုက်ရဘူးလို့ ဆရာ့ခရီးသွားမှတ်တမ်းစာအုပ်မှာ ဖတ်လိုက်ရပါတယ်။

မြန်မာ့အကြောင်းလေ့လာရေး နိုင်ငံတကာကွန်ဖရန့် ဟာ မြန်မာ့ နိုင်ငံရေး စီးပွားရေး အကြောင်းတွေသာမက ယဉ်ကျေးမှုနဲ့ ဘာသာစကားဆိုင်ရာ အကြောင်းအရာတွေနဲ့ စုံလင်လှပါတယ်။ ညစာစားပွဲမှာ ဖျော်ဖြေတဲ့ ရိုးရာယဉ်ကျေးမှု အတီးအမှုတ် အကအခုန်တွေ၊ ခင်းကျင်းထားတဲ့ မြန်မာ့ရိုးရာ အနုပညာလက်ရာတွေဟာလည်း အမေရိကမှာဆိုပေမယ့် စုံလင်လှပါတယ်။

ညစာစားပွဲမှာ ဖျော်ဖြေတဲ့ မွန်ရိုးရာ အက
ဒီနှစ်ရဲ့ထူးခြားချက်ကတော့ မြန်မာအစိုးရဘက်က ပုဂ္ဂိုလ်အချို့ တက်ရောက်မှာပဲဖြစ်ပါတယ်။ သမ္မတအကြံပေး ဦးကိုကိုလှိုင်နဲ့ အခြားအဖွဲ့ဝင်တချို့ကို ပွဲမှာ တွေ့လိုက်ရပါတယ်။ ပြည်တွင်းပြည်ပ ပညာရှင်တွေရော၊ အတိုက်အခံတွေပါ စုံလင်လှတဲ့ ဒီပွဲမှာ သမ္မတ အကြံပေးတွေဖြစ်တဲ့ ဦးကိုကိုလှိုင် နဲ့ ဦးသန်းကျော်တို့ ကဘာတွေပြောမလဲဆိုတာ လူတွေက စိတ်ဝင်စားနေကြပါတယ်။ မေးခွန်းမေးချင်သူတွေကလည်း များပါတယ်။

၂ ရက်ခွဲတာ ကာလအတွင်းမှာ အစီအစဉ်အတော်များများကို လေ့လာနားထောင်ခဲ့ပါတယ်။ အဲဒီအထဲမှာ မှတ်မှတ်ရရ နှစ်ခုကတော့ “မြန်မာပြည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် အထွေထွေရွေးကောက်ပွဲအပြီးကာလ တရုတ်မြန်မာ ဆက်ဆံရေး” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပြောသွားတဲ့ ဆွေးနွေးပွဲတွေရယ်၊ နောက်ဆုံးနေ့က “မြန်မာနိုင်ငံ၏ လတ်တလောကိစ္စရပ်များ” ဆိုတဲ့ ဆွေးနွေးပွဲရယ်ပါ။ 

ဒုတိယနေ့မှာ တရုတ်ပြည်က လာကြတဲ့ ပညာရှင် တွေပြောသွားတဲ့အထဲမှာ တရုတ် နဲ့ မြန်မာနိုင်ငံကြားက စီးပွားရေး ဆက်စပ်မှု၊ မြန်မာနိုင်ငံက ခရိုနီတွေအကြောင်းနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေလိုအပ်ပုံ၊ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်တွေ၊ သဘာဝ ပတ်ဝန်းကျင်ထိခိုက်စေတဲ့ စီမံကိန်းတွေအပေါ်မှာ တရုတ်ပြည်ရဲ့ အနာဂတ်အစီအစဉ် စတာတွေ အတော်များများကို ခြုံငုံသွားကြပါတယ်။ 

ပြောသွားတဲ့အထဲမှာ သိသာထင်ရှားတဲ့ အချက်အလက်တွေ ကတော့ “မြန်မာနိုင်ငံ ပွင့်လင်းလာတဲ့အခါ အနောက်နိုင်ငံတွေနဲ့ စီးပွားရေး နိုင်ငံရေးဆိုင်ရာ ဆက်သွယ်မှုတွေ ရှိလာကြောင်း၊ အဲဒါဟာ တရုတ်-မြန်မာ ဆက်ဆံရေးမှာ တစ်နည်းနည်းနဲ့ သက်ရောက်မှုရှိကြောင်း၊ မြန်မာ့စီးပွားရေးမှာ တရုတ်ရဲ့ အခန်းကဏ္ဍကို အမေရိကန်က ဘယ်လိုမှ အစားထိုးမဝင်နိုင်ကြောင်း၊ မြန်မာပြည်နဲ့ နိုင်ငံတကာ ဆက်ဆံရေးမှာတော့ တရုတ်က အမြဲ အရေးပါနေသေးပေမယ့်လည်း တရုတ်ရဲ့ အခန်းကဏ္ဍ လျော့ကျသွားနိုင်ကြောင်း၊  ဒါပေမယ့်လည်း အဲဒီလို တခြားနိုင်ငံတွေနဲ့ ကူးလူးဆက်ဆံလာမှုကရော မြစ်ဆုံစီမံကိန်း ရပ်သွားတဲ့ကိစ္စမျိုးကရော တရုတ်နဲ့မြန်မာရဲ့ အနာဂတ် ဆက်ဆံရေးကို ထိခိုက်မယ့် အလှည့်အပြောင်းတစ်ခု (Turning point) တော့ မဟုတ်တဲ့အကြောင်း”၊ ဒါတွေကို အဓိက ပြောသွားပါတယ်။ ပြောဆိုတင်ပြပုံကတော့ သုတေသနမှတ်တမ်း၊ ပညာရပ်ဆိုင်ရာ စာတမ်းမဆန်ဘဲ တရုတ်ပြည်ရဲ့ ရည်တည်ချက်နဲ့ သဘောထားကို ကြေညာသွားသလိုဖြစ်တယ်လို့ ကျွန်မကတော့ ခံစားမိပါတယ်။

“တရုတ်ကုမ္မဏီတွေဟာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်တဲ့ စီမံကိန်းတွေအတွက် ထည့်တွက်စဉ်းစားမှု အားနည်းခဲ့ကြောင်း၊ ဒါကြောင့်မို့ မြန်မာနိုင်ငံမှာသာမက အခြားနိုင်ငံခြား စီမံကိန်းတွေမှာပါ ပြဿနာတွေရှိခဲ့ကြောင်း၊ ဒါကြောင့်မို့ သတင်းကောင်းကတော့ တရုတ်ပြည်ရဲ့ သက်ဆိုင်ရာဌာနတွေဟာ ဒီကိစ္စတွေကို ဖြေရှင်းဖို့ ကြိုးစားနေကြပြီဖြစ်ကြောင်း၊  စီမံကိန်းတွေကို သဘာဝပတ်ဝန်းကျင်အရ၊ လူမှုတန်ဖိုးတွေအရ အကဲဖြတ်သုံးသပ်ဖို့ ညွှန်ကြားမှုတွေ ပေးနေပြီဖြစ်ကြောင်း” လည်း ပြောသွားပါတယ်။

တရုတ်ပညာရှင်တွေရဲ့ တင်ပြဆွေးနွေးမှု ပြီးသွားတဲ့အခါ ကျွန်မ သိချင်တဲ့ မေးခွန်းတစ်ခုကို မေးခဲ့ပါတယ်။

“နောင်လာမယ့် စီမံကိန်းတွေမှာ တရုတ်ကုမ္မဏီတွေက သဘာဝပတ်ဝန်းကျင်နဲ့ လူမှုတန်ဖိုးတွေကို ဒီ့ထက်ပိုပြီး ထည့်တွက်လာကြမယ်ဆိုလို့ ဝမ်းသာပါတယ်။ ဒါပေမယ့် လောလောဆယ် မြန်မာနိုင်ငံနဲ့ စာချုပ်ချုပ်ဆိုပြီးသား စီမံကိန်းတွေမှာ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဝန်းကျင်ကို ထိခိုက်စေမယ့် ကိစ္စတွေ ရှိနေတာကို ဘယ်လိုလုပ်မလဲ။ အဲဒီအကျိုးသက်ရောက်မှုတွေကို ကြားနေအဖွဲ့အစည်းတစ်ခုခု (ဥပမာ- ကုလသမဂ္ဂ အဖွဲ့အစည်း) ကို အကဲဖြတ်စေပြီး တကယ်ကို ဆိုးကျိုးတွေ တွေ့ရတယ်ဆိုရင် ချုပ်ခဲ့တဲ့ စာချုပ်တွေကို အခုအချိန်မှာ သင့်တော်မျှတအောင် ပြန်ပြင်လို့ ရနိုင်မလား။ ပြည်သူတွေအပေါ် ထိခိုက်နစ်နာမှုတွေ တကယ် ရှိနေတယ်ဆိုရင်တောင် ဘာမှမပြင်တော့ပဲ စီမံကိန်းတွေ ဆက်အကောင်အထည်ဖော်သွားတော့မလား”

ယူနန်တက္ကသိုလ်က ပါမောက္ခဟာ ကျွန်မမေးခွန်းကို ဒါက ဒီလို ဟိုလိုနဲ့ လှည့်ပတ်ဖြေနေပါတယ်။ နောက်ဆုံးတော့ “စာချုပ်တွေ ပြင်လို့ရမရ ကျွန်တော်လည်း မသိဘူး” လို့ ပြောလိုက်ပါတယ်။ အဲဒီအချိန်မှာပဲ မြန်မာလူမျိုး ပါမောက္ခတစ်ဦးက ပရိသတ်ထဲက ထရပ်လိုက်ပြီး
“ ကျွန်တော့်အမြင် ပြောရမယ်ဆိုရင် စာချုပ်ဆိုတာ စာချုပ်ပဲ (a deal is a deal)။ မြန်မာဘက်က ကိုယ်လုပ်ခဲ့ရမှာကို မလုပ်ခဲ့တာတော့ ဆိုးတာပေါ့ (too bad you didn’t do your homework). ဥပဒေအရ စာချုပ်ဟာ လက်မှတ်ထိုးချုပ်ပြီးသွားရင် တရားဝင်သွားပြီ”
လို့ဝင်ဖြေပါတယ်။ ဆွေးနွေးချိန်လွန်နေပြီမို့ မကြာခင်မှာ ဆွေးနွေးပွဲကို ရုတ်သိမ်းလိုက်ပါတယ်။ ကျွန်မစိတ်ထဲမှာတော့ ဘဝင်မကျနိုင်ခဲ့ပါ။ အဲဒီလို တရားဝင်ဖြစ်အောင် လက်မှတ်ထိုးခဲ့တဲ့ အစိုးရက ပြည်သူ့ဆန္ဒကို ကိုယ်စားပြုခဲ့လို့လားလေ။ (အားလုံးသိကြတဲ့အတိုင်း နောက်ပိုင်းမှာတော့ လက်ပံတောင်းတောင်ကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည် ပါဝင်တဲ့ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ အကြံပြုချက်တွေ၊ ပြင်ဆင်မှုတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ ပြဿနာတွေက လုံးလုံးလျားလျား ပြေလည်မသွားသေးပါဘူး။ မြစ်ဆုံစီမံကိန်းကလည်း ခဏတာ ရပ်ဆိုင်းထားရုံပဲ ရှိသေးတယ်မဟုတ်လား။)

ကွန်ဖရန့်နောက်ဆုံးနေ့ နောက်ဆုံးအစီအစဉ်ကတော့ လတ်တလော မြန်မာ့အရေးကိစ္စများကို ဆွေးနွေးမယ့် ခေါင်းစဉ်ဖြစ်ပါတယ်။ ပါမောက္ခ ဒေးဗစ်စတိန်းဘတ်၊ ဦးကိုကိုလှိုင်၊ ဦးသန်းကျော် နဲ့ ဒေါက်တာတင်မောင်မောင်သန်း တို့က ဆွေးနွေးပြီး ဂျွန်ဘရန်ဒွန် က မော်ဒရိတ်တာ လုပ်ပါတယ်။ အားလုံး စိတ်ဝင်စားနေကြတဲ့ ဦးကိုကိုလှိုင်က ဆင်းရဲနွမ်းပါးမှု အပါအဝင် မြန်မာနိုင်ငံရဲ့ လက်တလော အခက်အခဲတွေကို ပြောသွားခဲ့ပါတယ်။ နိဂုံးချုပ်မှာတော့ ဘုရားက ပစ္စုပ္ပာန် တည့်တည့်ရှု ဖို့ ဟောကြားခဲ့တာကို ကိုးကားပြီး “လက်ရှိအရေးတွေကိုသာ အာရုံထားပြီး အတိတ်ကို ပြန်အပြစ်မတင်ကြဖို့” အဓိကထား ပြောသွားခဲ့ပါတယ်။ 

အဲဒီ နိဂုံးချုပ်ပုံကတော့ ကျွန်မကို အတွေးတွေ ပွားစေပါတယ်။ မူဝါဒအသစ်တွေ၊ ဥပဒေအသစ်တွေ ချမှတ်တဲ့နေရာမှာဖြစ်စေ၊ အနာဂတ်အတွက် ပြုပြင်ပြောင်းလဲစရာတွေ လိုလာတဲ့အခါဖြစ်စေ ယခင်ပြုလုပ်ခဲ့တဲ့ အမှားအယွင်းတွေဟာ ဘယ်လို၊ ဘာကြောင့် ဆိုတာကို ပြန်မသုံးသပ်လို့မရဘူးလို့ ထင်ပါတယ်။ အဲဒီတုန်းက တာဝန်ယူ၊ တာဝန်ရှိခဲ့သူတွေ အကြောင်းကလည်း တစ်နွယ်ငယ် တစ်စင်ပါ ထည့်သွင်းစဉ်းစားလာရမှာပါပဲ။ ဝန်ခံစရာရှိတာကို ဝန်ခံရမှာပါပဲ။ အတိတ်ကို လုံးဝ ဖုံးကွယ်ထားပြီး ပြုပြင်ပြောင်းလဲရေးတွေ ဆက်လုပ်ဖို့ဆိုတာ လက်တွေ့အားဖြင့် ဖြစ်နိုင်ပါ့မလားလို့ စဉ်းစားမိပါတယ်။

မြန်မာကျောင်းသားလေးတစ်ယောက်က ဦးကိုကိုလှိုင်ကို “မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားရှိပါသလား။ အစိုးရအနေနဲ့မဟုတ်တောင် မိမိကိုယ်ပိုင်အမြင်နဲ့ ပြောပြပါ” လို့ မေးတဲ့မေးခွန်းကတော့ သူ့ကို အတော်အကျပ်ရိုက်စေပါတယ်။ (အခုအချိန်မှာတော့ တစ်နှစ်အတွင်းမှာကို အဲဒီကိစ္စတွေ၊ အသုံးအနှုန်းတွေ အတော်အတန် ညှိနှိုင်းပြေလည်လာကြပါပြီ။)

တရုတ်ပညာရှင်တွေရဲ့ တင်ပြချက် ဆလိုက်တစ်ခု - ၁

တရုတ်ပညာရှင်တွေရဲ့ တင်ပြချက် ဆလိုက်တစ်ခု - ၃
တရုတ်ပညာရှင်တွေရဲ့ တင်ပြချက် ဆလိုက်တစ်ခု - ၎
ပါမောက္ခ ဒေးဗစ်စတိန်းဘတ်၊ ဦးကိုကိုလှိုင်၊ ဦးသန်းကျော် နဲ့ ဒေါက်တာတင်မောင်မောင်သန်း တို့က ဆွေးနွေးပြီး ဂျွန်ဘရန်ဒွန် က မော်ဒရိတ်တာလုပ်တဲ့ မြန်မာအရေး ဆွေးနွေးပွဲ


ကျွန်မဟာ အဲဒီ ကွန်ဖရန့်ကို တက်နေတဲ့အချိန်မှာ ခေါင်းမှာ ဦးထုပ် ၂ လုံးဆောင်းထားရသလိုပါပဲ။ ကျွန်မ ဖိတ်ကြားခံရတာ မြန်မာစာရေးဆရာ၊ ကဗျာဆရာ တစ်ယောက်ဆိုတဲ့ အနေအထားနဲ့ပါ။ ဒါပေမယ့်လည်း ကျွန်မရဲ့ ပြည်သူ့ရေးရာ ဘာသာရပ်တွေအပေါ် သင်ယူလေ့လာခဲ့မှုတွေ၊ နိုင်ငံတစ်နိုင်ငံရဲ့ မူဝါဒ ချမှတ်ရေးနဲ့ စီမံကိန်းရေးဆွဲရေး အစိတ်အပိုင်းတစ်ခုမှာ (ခွင့်ရက်ရှည် ယူထားပေမယ့်) တာဝန်ထမ်းဆောင်နေဆဲ ဝန်ထမ်းတစ်ယောက်ရဲ့ အတွေ့အကြုံတွေက မေးချင် ပြောချင်စိတ်တွေကို လှုံ့ဆော်နေပါတယ်။ တစ်ဖက်ကလည်း ကျွန်မဟာ ဒီပွဲမှာ စင်ကာပူက ပြည်သူ့ဝန်ထမ်းတစ်ဦးအဖြစ် တရားဝင်ဖိတ်ကြားခံရပြီး တက်ရောက်နေတာ မဟုတ်တဲ့အတွက် သူများနိုင်ငံအစိုးရက ချမှတ်ထားတဲ့ ဝန်ထမ်းကျင့်ဝတ်တွေကိုလည်း စောင့်စည်းပြီး အပြောအဆို ထိန်းသိမ်းရပါတယ်။ နှောင်ကြိုးမဲ့သွားတဲ့ အနေအထားမှာ နောင်နှစ်တွေမှာ ကျင်းပမယ့် အခုလို ပွဲတွေကို တက်ရောက်ခွင့်ရပြီး လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်မယ်လို့သာ မျှော်လင့်မိပါတော့တယ်။

ပန်ဒိုရာ
(ဆက်လက်ဖော်ပြသွားပါမည်။)


၂၀၁၃ သြဂတ်စ်လ စတိုင်သစ်မဂ္ဂဇင်းတွင် ဖော်ပြပြီး။  


အပိုင်း (၁) သို့  
အပိုင်း(၂) သို့



No comments: