Thursday, October 24, 2013

အိုင်အိုဝါရက်စွဲများ အပိုင်း (၇)



အိုင်အိုဝါရက်စွဲများ အပိုင်း (၇)


၁၈။ ကဗျာရွတ်ပွဲ၊ စာဖတ်ပွဲများ

IWP တက်ရောက်နေတဲ့အချိန်မှာ ကျွန်မပထမဆုံး ဆင်နွှဲခဲ့တဲ့ ကဗျာရွတ်ပွဲဟာ ကလေးတွေအတွက် တီထွင်ဖန်တီးစာရေးသားခြင်း သင်တန်းအတွက် သွားခဲ့စဉ်က Spirit Lake မြို့ရဲ့ စာအုပ်ဆိုင်လေးမှာ ဖတ်ခဲ့တဲ့ ပွဲပါ။ အဲဒီနောက် International Burma Studies Conference က ပြန်လာပြီးတဲ့အခါ အိုင်အိုဝါမြို့က Prairie Lights Books စာအုပ်ဆိုင်မှာ ကျွန်မရဲ့ ကဗျာတွေကို ဖတ်ပြဖို့ အလှည့်ကျပါတယ်။ ကျွန်မနဲ့အတူတူ ဖတ်ခဲ့တဲ့ စာရေးဆရာတွေကတော့ ထိုင်ဝမ်က စာရေးဆရာ လင်းချန်ရင်နဲ့ အိုင်အိုဝါတက္ကသိုလ်က ကျောင်းသား ဂျိမ်းစ် မော်လီတို့ ဖြစ်ပါတယ်။

တစ်ယောက်ကို ၁၅ မိနစ်လောက် အချိန်ပေးထားတာမို့ အဲဒီနေ့က ကဗျာ ၄ ပုဒ် ဖတ်ဖြစ်ပါတယ်။ “ဟစ်တလာနဲ့ ချေဂွေဗားရား ဘီယာဘားမှာ စကားစမြည်ပြောကြတယ်”၊ “လူရိုင်းတွေနေတဲ့ရွာ”၊ “ဒီမြို့ထဲမှာ” ကဗျာတွေရဲ့ အင်္ဂလိပ်ဘာသာပြန်ကို ဖတ်ဖြစ်ပါတယ်။ အဲဒီနောက် နောက်ဆုံးအနေနဲ့ နေဘုန်းလတ်ထောင်ကျနေတုန်းမှာ အမှတ်တရ ရေးထားတဲ့ ကဗျာတစ်ပုဒ်ဖြစ်တဲ့ “နှုတ်တိုက်ကဗျာ” ကို ရွတ်ဖြစ်ပါတယ်။ ဘလော့ဂါဘဝနဲ့ ခင်မင်သိကျွမ်းရတဲ့ နေဘုန်းလတ်နဲ့ တိုက်တိုက်ဆိုင်ဆိုင် IWP ကို အတူတက်ရောက်ခွင့်ရတဲ့အချိန်မှာ ဘလော့ဂါတစ်ဦးအနေနဲ့  အဲဒီအချိန်က နေဘုန်းလတ်လွတ်မြောက်ရေးကို ရည်စူးပြီး ရေးထား
ခဲ့တဲ့ အဲဒီကဗျာကို ဖတ်ပြသင့်တယ်လို့ တွေးမိလို့ပါ။ အဲဒီကဗျာကို မရွတ်ခင် ရက်ပိုင်းအလိုမှာ ကိုယ့်ဘာသာပဲ အင်္ဂလိပ်လိုပြန်လိုက်ပြီး ကဗျာရွတ်ပွဲမှာတော့ အင်္ဂလိပ်မြန်မာ ၂ ဘာသာနဲ့ ရွတ်ပြခဲ့ပါတယ်။ ကြိုတင်ပြောမထားတာမို့ နေဘုန်းလတ်ကိုလည်း အံ့သြစေခဲ့ပါတယ်။
Prairie lights Books စာအုပ်ဆိုင်မှာ ပန်ဒိုရာ ကဗျာရွတ်စဉ်

နေဘုန်းလတ်ကိုတော့ IWP စာရေးဆရာတွေကို အိုင်အိုဝါမြို့ ဒေသခံတွေက တည်ခင်းတဲ့ အထူးညစာစားပွဲ ကဗျာရွတ်ဖို့ IWP က စီစဉ်ပေးခဲ့ပါတယ်။ ဟယ်လိုဝင်းပွဲတော်ချိန်ခါ နီးနေတာမို့ အဲဒီညစာစားပွဲမှာ ဟယ်လိုဝင်းသင်္ကေတ တစ္ဆေ သရဲ အရုပ်တွေနဲ့ ဆင်ယင်ထားတာကလည်း အမှတ်တရပါပဲ။ အဲဒီနေ့မှာ နေဘုန်းလတ်က  ခေတ်အဆက်ဆက် လင်းလက်နေမယ့်ကြယ်” ဆိုတဲ့ကဗျာရဲ့ အင်္ဂလိပ်ဘာသာပြန်ကို ရွတ်ဆိုခဲ့ပါတယ်။  ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့မှာ ကျရောက်တဲ့ ကိုမင်းကိုနိုင်ရဲ့ ၄၉ နှစ်မြောက်မွေးနေ့အမှတ်တရ အနေနဲ့ နေဘုန်းလတ်က ဘားအံအကျဉ်းထောင်မှ ရေးသားပေးပို့ခဲ့တဲ့ ကဗျာဖြစ်ပါတယ်။ ၂၀၁၂ အတွက် ကိုမင်းကိုနိုင်ရဲ့ အသက် ၅၀နှစ်ပြည့် မွေးနေ့နီးလာပြီမို့ အမှတ်တရ ရွတ်ဆိုတဲ့အကြောင်းနဲ့ နောက်ခံ သမိုင်းကြောင်းလေးကို ရှင်းပြတဲ့အခါ ပရိသတ်က အထူးစိတ်ဝင်စား အားပေးခဲ့ကြပါတယ်။ 
ညစာစားပွဲမှာ နေဘုန်းလတ် ကဗျာရွတ်စဉ်

 ကဗျာဆရာကြီး မာဗင်ဘဲလ် (Marvin Bell) နဲ့ IWP ဒါရိုက်တာ ခရစ္စတိုဖာမာရေးလ်တို့ အတူတူ ကဗျာရွတ်ဆိုခဲ့ကြတဲ့ ပွဲကိုလည်း အလွန်သဘောကျမိပါတယ်။ သူတို့နှစ်ဦးပေါင်း ထုတ်ဝေတဲ့ “Everything at once” ဆိုတဲ့ စကားပြေကဗျာစာအုပ် မိတ်ဆက်ပွဲမှာ ကဗျာဆရာကြီးနှစ်ဦးဟာ တစ်နာရီလောက်အတွင်းမှာ တစ်ယောက်တစ်လှည့် မရပ်မနား ကဗျာတွေ ရွတ်ကြတာဖြစ်ပါတယ်။ အဲဒီကဗျာစာအုပ် ဖြစ်မြောက်လာဖို့အတွက် ခရစ္စတိုဖာမာရေးလ်က ပြည်ပနိုင်ငံတွေမှာ ရှိနေပြီး မာဗင်ဘဲလ်က အမေရိကန်နိုင်ငံမှာ ရှိနေခဲ့ချိန်မှာ သူတို့နှစ်ယောက်ဟာ တစ်ဦးနဲ့တစ်ဦး ၁၅ လကြာအောင် အပြန်အလှန် ကဗျာတွေ ပို့ ဆွေးနွေးတိုင်ပင်ပြီး ထုတ်ဝေခဲ့ကြတာဖြစ်ပါတယ်။ ကဗျာပုဒ်ရေ အတော်များများကို မနားတမ်း တစ်ယောက်တစ်လှည့် ဖတ်ပြပြီးတဲ့အခါ သူတို့ထုတ်ဝေခဲ့တဲ့ အခြားကဗျာစာအုပ်တွေကိုလည်း လက်မှတ်ထိုး ရောင်းချပေးပါတယ်။ 
မာဗင်ဘဲလ်နဲ့ ခရစ္စတိုဖာမာရေးလ်
အဲဒီအထဲက စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်တစ်အုပ်က  ကဗျာဆရာ ၇ ယောက်၊ လေးရက်တာ၊ စာအုပ်တစ်အုပ်( seven poets, four days, one book)  လို့ ခေါင်းစဉ်ပေးထားတဲ့ စာအုပ်ပါ။ ခရစ္စတိုဖာမာရေးလ်ဟာ ကဗျာဆရာ ၆ ယောက်ကို အိုင်အိုဝါမြို့ကို လာရောက်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ် တဲ့။ အဲဒီမှာ လေးရက်တာ နေထိုင်တဲ့အခိုက် ရေးသားခဲ့တဲ့ ကဗျာတွေပါ။ ပထမဦးဆုံး ခရစ္စတိုဖာမာရေးလ်က ကဗျာတစ်ပုဒ်ကို အရင်ရေးပါတယ်။ သူ့ကဗျာထဲက စာကြောင်းတွေကို ကျန်ကဗျာဆရာတစ်ယောက်စီက ပထမဆုံး စာကြောင်းအဖြစ်ယူပြီး အသီးသီး ကဗျာဆက်ပြီး ရေးကြပါတယ်။ ပြီးတော့ အဲဒီကဗျာဆရာအသီးသီးရဲ့ စာကြောင်းတွေကို တခြားကဗျာဆရာတွေက ပထမဆုံးစာကြောင်းအဖြစ် ခွဲဝေယူပြီး ဆက်ရေးကြပြန်ပါတယ်။ အဲဒီလိုနဲ့ ချိတ်ဆက်ဖြစ်ပေါ်လာတဲ့ ကဗျာတွေကို စုစည်းပြီး ထုတ်ဝေထားတဲ့စာအုပ်ဖြစ်ပါတယ်။ အဲဒီစာအုပ်ဖြစ်လာဖို့ ကဗျာဆွေးနွေးပွဲစီစဉ်ပုံ နဲ့ ကဗျာထုတ်လုပ်ပုံဟာ မှတ်သားစရာပါပဲ။ 

IWP စာရေးဆရာတွေထဲမှာ ကဗျာရွတ်တဲ့နေရာမှာ ထူးခြားဆန်းသစ်တဲ့ဟန်နဲ့ ရွတ်လေ့ရှိသူ ကဗျာဆရာတစ်ယောက်ကတော့ ယူရူဂွေး နိုင်ငံက လူးဝစ်ဘရာဗိုဖြစ်ပါတယ်။ အိုင်အိုဝါကို ရောက်ခါစက Pittsburg မှာ ကျင်းပတဲ့ Jazz Poetry ပွဲမှာလည်း ဘော့စဝါနာက တီဂျေဒီးမားနဲ့အတူ လူးဝစ်ဘရာဗိုဟာ သွားရောက်ကဗျာရွတ်ခဲ့ပါသေးတယ်။ တီဂျေဒီးမားရော လူဝစ်ဘရာဗို နှစ်ဦးစလုံးဟာ ကဗျာကို ရွတ်ဖတ်တဲ့နေရာမှာ အထူးအလေးပေးကြသူတွေပါ။ ပရိသတ်ကို စေ့စေ့ကြည့်ပြီး ပုံပြင်ဇာတ်လမ်းတစ်ခု ပြောပြနေသလို အသက်ဝင်လှတဲ့ တီဂျေရဲ့ စာရွက်မကြည့်ဘဲ ကဗျာကို အလွတ်ရွတ်ပုံက ဆွဲဆောင်မှုရှိသလို ဂီတနောက်ခံ၊ ဒစ်ဂျစ်တယ် လှုပ်ရှားမှုတွေပါတဲ့ ဗီဒီယိုနောက်ခံတွေ သူ့ရဲ့ ကိုယ်ပိုင်အသံအနိမ့်အမြင့်ရဲ့ အားတွေကို ထည့်သွင်းပြီး စိတ်ပါလက်ပါ ကဗျာရွတ်လေ့ရှိတဲ့ လူးဝစ်ဘရာဗိုကိုလည်း လူတိုင်းက အလွန်နှစ်သက်စွာ အားပေးကြပါတယ်။ 

ကံကောင်းထောက်မစွာပဲ ကျွန်မဟာ မြန်မာကဗျာဆရာတွေကြားမှာလည်း ထင်ထင်ရှားရှား ကြားဖူးနေတဲ့ ကွန်ဆက်ချူရယ် ကဗျာဆရာ ကဲနက်ဂိုးလ်စမစ် ရဲ့ ကဗျာရွတ်ပွဲနဲ့လည်း ကြုံကြိုက်ခဲ့ပါတယ်။ ဆရာဇေယျာလင်းနဲ့ ဆရာငြိဏ်းဝေတို့ရဲ့ ဆောင်းပါးတွေကြောင့် ကဲနက်ဂိုးလ်စမစ် အကြောင်းကို ရင်းနှီးနေခဲ့တာကြာပါပြီ။ ဒေါင်လိုက်အစင်းတွေ ထင်းထင်းပါတဲ့ ကုတ်အကျီဘောင်းဘီ ဝတ်စုံပြည့်နဲ့ ရှပ်အင်္ကျီ လိမ္မော်ရောင်လွင်လွင်ကို စတိုင်ကျကျ ဝတ်ဆင်ထားတဲ့ ဂိုးလ်စမစ်ဟာ ကဗျာတစ်ပုဒ်ကို နာရီဝက်ကြာအောင် ရေသောက်လိုက် လမ်းလျှောက်လိုက်နဲ့ မရပ်မနား ရွတ်ခဲ့ပါတယ်။ ကဗျာဆရာတစ်ယောက်တည်းက ကဗျာတစ်ပုဒ်တည်းကို နာရီဝက်ကြာအောင် ဆက်တိုက်ရွတ်ဆိုတဲ့ ကဗျာပွဲကို ကျွန်မ တစ်ခါမှ မကြုံဖူးခဲ့ပါဘူး။ 

အဲဒီနေ့က ဂိုးလ်စမစ်ရွတ်ခဲ့တာကတော့ “အမေရိကန်၏ သေကြေပျက်စီးမှု အဖြစ်ဆိုးကြီး ခုနစ်ခု - Seven American Deaths and Disasters”  ဆိုတဲ့ကဗျာရှည်ပါ။ အဖြစ်ဆိုးတွေကတော့ ဂျွန်အက်ဖ်ကနေဒီ၊ ရောဘတ်ကနေဒီ၊ ဂျွန်လင်နွမ်တို့ကို လုပ်ကြံသတ်ဖြတ်မှုတွေအကြောင်း၊ ချယ်လင်ဂျာ လွန်းပျံယာဉ် ပျက်ကျခဲ့တဲ့အကြောင်း၊ ၁၉၉၉ခုနှစ်က ကိုလန်ဘိုင်း ကျောင်းမှာ လူအများအပြားကို သေနတ်သမားတစ်ယောက်က ပစ်ခတ်သတ်ဖြတ်မှုအကြောင်း၊ စက်တင်ဘာ ဆယ့်တစ်ရက်နေ့ World Trade Centre တိုက်ခိုက်ခံခဲ့ရတဲ့အကြောင်း နဲ့ မိုက်ကယ်ဂျက်ဆင် သေဆုံးခဲ့တဲ့ အကြောင်းတွေပါ။  ဂိုးလ်စမစ်ဟာ အဲဒီကဗျာကို အစီရင်ခံစာတွေ၊ မှတ်တမ်းတွေ၊ အသံလွှင့်ချက်တွေ၊ အင်တာဗျူးတွေ အစရှိတဲ့ မူလတည်ရှိပြီးသား စာသားတွေကို အသုံးပြုပြီး ဖွဲ့စပ်ခဲ့ပါတယ်။  ဂိုးလ်စမစ်ဟာ ၂၀၁၁ခုနှစ် က အိမ်ဖြူတော်မှာ ကျင်းပတဲ့ အမေရိကန်ကဗျာပွဲတော်မှာလည်း အိုဘားမားနဲ့ မီရှဲလ်တို့ရှေ့မှာ ကဗျာရွတ်ပြခဲ့ရပါသေးတယ်။ ဂိုးလ်စမစ်ရဲ့ လေယူလေသိမ်း အလှည့်အပြောင်းတွေနဲ့ ကဗျာရွတ်ဆိုတဲ့ အသံဟာ သူ့ရဲ့ စုစည်းဖွဲ့စပ်ထားတဲ့ စာသားတွေနဲ့ အံဝင်ခွင်ကျပြီး အသက်မရှူမိအောင်ကို စိတ်ဝင်စားစရာပါ။ စာရွက်ထဲမှာ ကဗျာကို မျက်စိနဲ့ ဖတ်ရုံဆိုရင် ဒီလိုအရသာကို မခံစားနိုင်ဘူးလို့ ကျွန်မယုံကြည်မိပါတယ်။  (Conceptual ကဗျာဆရာ ဂိုးလ်စမစ်၊ LP ကဗျာဆရာ ဘန်းစတိန်းနဲ့ flarf ကဗျာဆရာမ နာဒါဂေါ်ဒင်တို့နဲ့ တွေ့ဆုံခဲ့တဲ့ အကြောင်းတွေကို ကဗျာလောက ၂ မှာလည်း ဆောင်းပါးသီးသန့် ရေးထားခဲ့ပါတယ်။) 
Conceptual ကဗျာဆရာ ကဲနက်ဂိုးလ်စမစ်

အိုင်အိုဝါမြို့မှာ ရောက်နေတဲ့အခိုက် ကျွန်မကို ရေဒီယိုကနေ ကဗျာရွတ်ဖို့ ဖိတ်ခေါ်တာကိုလည်း ကြုံခဲ့ရပါတယ်။ အိုင်အိုဝါမြို့မှာတည်ရှိတဲ့ KRUI ရေဒီယို ရဲ့ Lit Show လို့အမည်ရတဲ့ FM အသံလွှင့်မှု အစီအစဉ် ဖြစ်ပါတယ်။  ကျွန်မအပါအဝင် IWP စာရေးဆရာ အချို့ကို အဲဒီရေဒီယိုအစီအစဉ်မှာ တိုက်ရိုက်အသံလွှင့်ပြီး ကဗျာရွတ်ဖို့ ဖိတ်ခေါ်တာဖြစ်ပါတယ်။  ကျွန်မနဲ့အတူ ရေဒီယိုမှာ အသံလွှင့်ခဲ့ကြသူတွေကတော့ ဖိလစ်ပိုင်က ဂျင်းန်ဗီးအာဆန်ဂျို၊ ရုရှက အလီဆာ ဂျနီဗာ၊  နယူးဇီလန်က ဂျက်ဖရီပါပရိုရာဟိုးလ်မန်း၊ ဇင်ဘာဘွေက ခရစ္စတိုဖာမာလာဇီနဲ့ စင်ကာပူက စတက်ဖနီရဲ တို့ဖြစ်ကြပါတယ်။ တချို့က စကားပြေဖတ်ကြပြီး တချို့က ကဗျာဖတ်ကြပါတယ်။ တစ်ယောက်ကို အချိန် ၈ မိနစ်လောက် ပေးထားတာမို့ ကဗျာ ၂ ပုဒ်ကို ရွေးချယ်လိုက်ပါတယ်။ အင်္ဂလိပ်ဘာသာပြန်တွေကိုပဲ ရွတ်ခဲ့ပါတယ်။ “လူရိုင်းတွေနေတဲ့ရွာ” နဲ့ “စိတ်အစွန်းရောက်ရောဂါနဲ့ ၂၈ ရက်အကြာ” တို့ပဲဖြစ်ပါတယ်။ တိုက်ရိုက်အသံလွှင့်ရတဲ့ ပထမဆုံးအတွေ့အကြုံမို့ မမှားအောင် သတိထားရပါတယ်။

၁၉။ ရှီကာဂိုမြို့ ခရီးစဉ်

IWP လေ့လာရေး ခရီးစဉ်တွေထဲမှာ အောက်တိုဘာ ၁၉ ကနေ ၂၁ ရက်နေ့အထိ ကျွန်မတို့ကို ရှီကာဂိုမြို့ကို ပို့ဆောင်ပေးမယ့် အစီအစဉ်တစ်ခု ပါဝင်ပါတယ်။ အိုင်အိုဝါမြို့ကနေ ရှီကာဂိုကို လေယာဉ်နဲ့ သွားလို့လည်းရသလို ကားမောင်းသွားရင်လည်း ၄ နာရီလောက်ပဲ ကြာတဲ့ ခရီးဖြစ်ပါတယ်။
မနက် ၉ နာရီခွဲမှာ အိုင်အိုဝါမြို့ကနေ ဘတ်စ်ကားတွေနဲ့ ထွက်ခွာခဲ့ကြပါတယ်။ ရှီကာဂိုကို ၁ နာရီ ခွဲလောက် ဝင်မယ် ခန့်မှန်းထားပြီး ရောက်တဲ့ မွန်းလွဲပိုင်းမှာလည်ပတ်ဖို့ အတွက် ကျွန်မတို့ကို အစီအစဉ် ၃ ခုထဲက တစ်ခု ရွေးခိုင်းထားပါတယ်။ အဲဒါတွေကတော့ (၁) Frank Lloyd Wright Home and Studio / Architectural Tour (၂) Ernest Hemingway Museum/Birthplace  (၃) Poetry Foundation တို့ဖြစ်ပါတယ်။ ဟဲမင်းဝေးရဲ့ ပြတိုက်ကို စိတ်ဝင်စားပေမယ့် Poetry Foundation ကိုပဲ သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ 


Poetry Foundation ဟာ ကျွန်မတို့တည်းခိုတဲ့ Hyatt Chicago Millennium Mile ဟိုတယ်ကနေ လမ်းလျှောက်သွားရင် နီးနီးလေးပါ။ ဟိုတယ်ကို ရောက်တဲ့အချိန်မှာ မှန်းထားတာထက် နည်းနည်း နောက်ကျနေတာမို့ Poetry Foundation ရုံးမပိတ်ခင် အမြန် သုတ်ခြေတင်ခဲ့ကြရပါတယ်။ ရောက်တဲ့အခါ IWP စာရေးဆရာတွေကို ရုံးက တာဝန်ရှိသူတွေက အချိန်ယူပြီး အဆောက်အဦအတွင်းမှာ အသေအချာ လှည့်လည်ပြသကြပါတယ်။ နှစ် ၁၀၀ ပြည့်မဂ္ဂဇင်းအပါအဝင် အခြားမှတ်သားဖွယ်ရာ စာရွက်စာတန်းတွေကိုလည်း လက်ဆောင်ပေးကြပါတယ်။ (နောက်နေ့မှာတော့ Poetry Foundation နှစ်တစ်ရာပြည့် အထိမ်းအမှတ် ပြသမှုတွေ၊ တင်ဆက်မှုတွေ၊ ပိုစတာတွေကို မြို့ထဲက လမ်းမတွေ အတော်များများမှာ တွေ့ခဲ့ရပါတယ်။) 
Poetry Foundation ရုံးခန်းတွင်း


Poetry Foundation မဂ္ဂဇင်းမျက်နှာဖုံးများရှေ့တွင်အုပ်စုလိုက် အမှတ်တရ

အဲဒီနေ့ ညနေခင်းမှာတော့ IWP ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ကေစီယာ (Kecia) က IWP စာရေးဆရာအချို့ကို တရုတ်တန်းကို လိုက်ပို့ပေးပါတယ်။ အိုင်အိုဝါမြို့မှာ တရုတ်စားသောက်ဆိုင် အနည်းငယ်ရှိပေမယ့် အာရှက လာသူတွေဟာ အိမ်ကနေထွက်ခွာလာတာ နှစ်လနီးပါး ကြာလာတဲ့အခါ အာရှအစားအစာ ကောင်းကောင်းစားဖို့ တောင့်တနေကြတာ အမှန်ပါ။ တရုတ်တန်းက ဆိုင်တွေထဲမှာ စီချွမ်အစားအသောက် ရတဲ့ ဆိုင်တစ်ဆိုင်ကို ရွေးချယ်လိုက်ကြပြီး ဟောင်ကောင်က လင်းနဲ့ ထိုင်ဝမ်က ချမ်း တို့ ဦးဆောင်ပြီး အစားသောက်တွေ မှာကြပါတယ်။ အဲဒီညက အရသာရှိတဲ့ ဟင်းလျာတွေကို စားသောက်ပြီး အားလုံး ကျေနပ်ပျော်ရွှင်ခဲ့ကြပါတယ်။
ရှီကာဂို တရုတ်တန်းတွင် ပျော်ရွှင်စွာ စားသောက်နေသော IWP စာရေးဆရာများ

နောက်တစ်နေ့မနက်မှာတော့ မနက်စာကို ဟိုတယ်ကနေ လှမ်းမြင်နေရတဲ့ နံနက်ခင်းစာဆိုင်လေးမှာ စောစောစီးစီး သွားစားလိုက်ကြပြီး  Art Institute of Chicago လို့အမည်ရတဲ့ ပန်းချီပြတိုက်ကြီးကို လမ်းလျှောက်သွား ခဲ့ကြပါတယ်။ ကျွန်မတို့တည်းတဲ့ ဟိုတယ်ဟာ မြို့ရဲ့ အရေးပါတဲ့ နေရာအတော်များများရဲ့ အချက်အချာမှာ တည်ရှိတာမို့ စိတ်ဝင်စားစရာနေရာ အတော်များများဟာ လမ်းလျှောက်သွားရင် အလွယ်တကူရောက်နိုင်တဲ့ အကွာအဝေးမှာပါ။ ပြတိုက်ကို သွားတဲ့လမ်းမှာ Cloud Gate သို့မဟုတ် Chicago Bean လို့အမည်ရတဲ့ ဖန်လုံးကြီးနဲ့ ပန်းခြံတည်ရှိပါတယ်။ လမ်းတလျှောက်မှာ မြင်ရတဲ့ လှပခန့်ညားတဲ့ အဆောက်အဦကြီးတွေဟာလည်း သဘောကျစရာကောင်းလှပါတယ်။ ချီကာဂိုဟာ City of Architecture လို့ အသိအမှတ်ပြုခံရတဲ့ မြို့ဖြစ်ပါတယ်။ 
ရှီကာဂိုရဲ့ ပဲစေ့ပုံဖန်လုံးကြီး

 Art Institute of Chicago ရဲ့ရှေ့ကိုရောက်တဲ့အခါ ပြတိုက်ဖွင့်ဖို့ စောင့်ဆိုင်းနေတဲ့ လူတန်းရှည်ကို တွေ့လိုက်ရပါတယ်။ ပြတိုက်က မနက် ၁၀ နာရီခွဲမှာ ဖွင့်ပါတယ်။ အဆောက်အဦဟာ စတုရန်းပေပေါင်း တစ်သန်းကျော်ကျယ်ဝန်းပြီး အမေရိကန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံး အနုပညာပြတိုက်လို့ သိရပါတယ်။ လက်ရာပေါင်း ၂၆၀၀၀ ကျော်ကို ပြသထားပါတယ်။ ကျွန်မတို့ဟာ အဲဒီပြတိုက်မှာ နေ့လည်စာ မစားမီအချိန်အထိသာ လည်ပတ်ဖို့ စီစဉ်ထားခဲ့တာကြောင့် ပြတိုက်တစ်ခုလုံးကို နှံ့စပ်အောင်သွားဖို့ စိတ်မကူးတော့ဘဲ ကိုယ်စိတ်အဝင်စားဆုံး အထပ်တွေကိုသာ သွားကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဗန်ဂိုး၊ မိုနေး၊ မာနေး၊ ရေနွှား၊ ပီကာဆို၊ ဒါလီ၊ အန်ဒီဝါးဟိုး အစရှိတဲ့ နာမည်ကျော် အနုပညာရှင်တို့ရဲ့ မူရင်းလက်ရာတွေကို ကြည့်ရှုရတာ စိတ်လှုပ်ရှားဖို့လည်းကောင်းလှပါတယ်။ 
Art Institute of Chicago ထဲက ဗန်ဂိုးရဲ့ နာမည်ကျော် ပန်းချီကား Bedroom in Arles

Art Institute of Chicago ထဲက အန်ဒီဝါးဟိုးရဲ့ မော် နဲ့အတူ

အဲဒီနေ့ကတော့ museum tour လို့ပဲ ပြောရတော့မှာပါ။ နေ့လည်စာစားပြီးတဲ့အခါမှာ ဟိုတယ်နဲ့ အနီးဆုံးမှာရှိတဲ့ Museum of Contemporary Art ကိုလည်း သွားခဲ့ကြပါတယ်။ အဲဒီ ပြတိုက်ကတော့ သိပ်မကြီးလှတာမို့ အချိန်သိပ်ယူစရာ မလိုခဲ့ပါဘူး။ စိတ်ဝင်စားစရာကောင်းတဲ့ အထူးပြုလုပ်ချက်တွေနဲ့ ဗီဒီယိုတွေ၊ installation art တွေနဲ့ လက်ရှိဖန်တီးနေဆဲ အနုပညာရှင်တွေရဲ့ လက်ရာတွေကိုတော့ အဲဒီမှာ လေ့လာခဲ့ရပါတယ်။ တကယ်တော့ အချိန်သာရမယ်ဆိုရင် တစ်ရက်မှာ အဲဒီလို ပန်းချီပန်းပု အနုပညာပြတိုက်မျိုး တစ်ခုသာ ကြည့်ရှုလေ့လာမယ်ဆိုရင် ပိုကောင်းမယ် လို့ ထင်မိပါတယ်။ ဒါမှပဲ ကျေကျေညက်ညက် စိတ်အေးလက်အေး ခံစားနိုင်မှာပါ။

Museum of Contemporary Art ကနေထွက်လာပြီးတဲ့အခါ လှမ်းမြင်နေရတဲ့ မီရှီဂန်ရေကန်ကြီးရှိရာကို လမ်းဆက်လျှောက်ကြပါတယ်။ ရေကန်ကြီးလို့ဆိုပေမယ့် ကျွန်မမျက်စိထဲမှာတော့ ပင်လယ်ကြီးလို ကျယ်ဝန်းလှပါတယ်။ မီရှီဂန်ရေကန်ဟာ မြောက်အမေရိကရဲ့ ရေကန်ကြီး ၅ ကန်ထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ နယ်နိမိတ်ထဲမှာ လုံးလုံးလျားလျား တည်ရှိတဲ့ တစ်ခုတည်းသော ကန်ကြီးဖြစ်ပါတယ်။ ကျန်တဲ့ ရေကန်ကြီး ၄ ခုကတော့ ကနေဒါနိုင်ငံနဲ့ ဆက်စက်တည်ရှိနေကြပါတယ်။ လေကလေးတဖြူးဖြူးနဲ့ ပင်လယ်ကမ်းစပ်လို ဖြစ်နေတဲ့ ရေပြာပြာကမ်းခြေမှာ ခဏတဖြုတ်နားကြပြီးတဲ့အခါ လှမ်းမြင်နေရတဲ့ ချားရဟတ်တွေရှိတဲ့ စည်ကားတဲ့ကမ်းခြေတစ်နေရာကို သွားကြရအောင် လို့ ကိုရီးယားက စာရေးဆရာ အီစူးက တိုက်တွန်းလာပါတယ်။

Navy Pier လို့ ခေါ်တဲ့ ရှီကာဂိုရဲ့ သမိုင်းဝင် ဆိပ်ကမ်းတစ်နေရာမှာတော့ မကြာမီကျရောက်တော့မယ့် ဟယ်လိုဝင်းတစ္ဆေကြီးပွဲအတွက် ဆင်ယင်ထားတဲ့ အရုပ်တွေနဲ့ ကြောက်စရာ ချစ်စရာ လှပစည်ကားနေပါတယ်။ ချားရဟတ်စီးတဲ့လူတွေက စီး၊ တစ်နေ့လုံး လျှောက်ထားရလို့ ခြေထောက်ညောင်းပြီး ထိုင်သူတွေက ထိုင်နေချိန်မှာ ကျွန်မကတော့ ကမ်းနားတလျှောက် ဖြည်းဖြည်း လျှောက်ရင်း ရှီကာဂိုရဲ့ နေဝင်ဆည်းဆာအလှကို ဓာတ်ပုံမှတ်တမ်းတင်နေမိပါတယ်။  အဲဒီပွဲခင်းထဲမှာ ကလေးတွေအတွက် အစားအစာနဲ့ အမြန်စား အစားအစာတွေသာ များနေတာမို့ ညစာစားဖို့အတွက် မြို့ထဲကို ပြန်ထွက်လာကြပြန်ပါတယ်။
ရှီကာဂိုမြို့လယ်မြင်ကွင်း


မီရှီဂန်ကန်စောင်းမှ IWP စာရေးဆရာများ

Navy Pier မှ ရှီကာဂိုမြို့ ဆည်းဆာကို လှမ်းမြင်ရစဉ်

အဲဒီနေ့ညစာကိုတော့ ပြီးခဲ့တဲ့ ညကလို ခမ်းခမ်းနားနား မစားဖြစ်ကြပါဘူး။ တချို့လည်း ခြေထောက်တော်တော်ညောင်းနေကြပြီမို့ စားပြီးတဲ့အခါ ဟိုတယ်ကို တန်းပြန်သွားကြပါတယ်။ ကျွန်မကတော့  ဖိလစ်ပိုင်၊ ကိုရီးယား၊ ထိုင်ဝမ် စာရေးဆရာ ဆရာမတို့ နဲ့အတူ အဆောက်အဦအမြင့်တစ်ခုကို တက်ပြီး ညရှုခင်းကို ကြည့်ဖို့ စိတ်ဝင်စားမိပြန်ပါသေးတယ်။ ဒီလိုနဲ့ John Hancock Building and Observatory ဆိုတဲ့ အဆောက်အဦကြီးပေါ်တက်ပြီး ကော်ဖီသောက်ခဲ့ကြပါတယ်။ မီးရောင်စုံတွေနဲ့ ရှုမငြီးတဲ့ ရှီကာဂိုရဲ့ ညမြင်ကွင်းကို ကြည့်ရင်း စင်ကာပူက sky park တို့ Singapore Flyer တို့ကို သတိရပါတယ်။ ပြီးတော့ ကျွန်မတို့ ရန်ကုန်မြို့မှာတော့ ဒီလို မြို့ရှုခင်းကို အများပြည်သူ တက်ကြည့်လို့ရတဲ့ အဆောက်အဦမြင့် မရှိသေးတာကို သတိထားမိပါတယ်။ အနီးစပ်ဆုံးကတော့ ကုန်သည်ကြီးများ ဟိုတယ်ရှေ့က ဆာကူရာတာဝါ အထပ် ၂၀ မှာရှိတဲ့ ကော်ဖီဆိုင်လောက်ပါပဲ။ ဒါတောင်မှ မှိတ်တုပ် မီးလေးတွေနဲ့ ရန်ကုန်ညအလှဟာ ဖွံ့ဖြိုးတဲ့နိုင်ငံတွေနဲ့ အခုအချိန်မှာတော့ အကွာခြားကြီး ကွာခြားနေပါတယ်။

နောက်တစ်နေ့မှာ အိုင်အိုဝါမြို့ကို ပြန်ကြမယ့် ကားတွေထဲမှာ အစောဆုံးခရီးစဉ်ကို ကျွန်မကရွေးလိုက်ပါတယ်။ အဲဒီနေ့ ညနေမှာ ကျင်းပမဲ့ ကဲနက်ဂိုးလ်စမစ်ရဲ့ ကဗျာရွတ်ပွဲကို အမီသွားနိုင်အောင်ပါ။ မနက်စောစောမှာတော့ အချိန်နည်းနည်းရသေးတာမို့ စာရေးဆရာတချို့နဲ့အတူ မနက်စာစားဖို့ထွက်ရင်း ကန်တစ်ပတ်ကို လမ်းလျှောက်ကြပါသေးတယ်။ အပြန်မှာ မြို့ထဲက မစ္စစ္စပီမြစ် ဖြတ်စီးနေတဲ့ ဆိပ်ကမ်းကို ရောက်တဲ့အရာ ကူဝိတ်က စာရေးဆရာက တားလ်ဘ် (Taleb) က Architectural cruise tour နဲ့ အပျော်စီးသင်္ဘောမြို့တစ်ပတ် စီးချင်တယ်လို့ အဖော်စပ်ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ သင်္ဘောထွက်မယ့် အချိန်ဇယားက ကျွန်မတို့ ပြန်ရမယ့် အချိန်နဲ့ မကိုက်ညီပါဘူး။
ဒီလိုနဲ့ ဟိုတယ်ကို ပြန်လာကြရင်း စကားလက်ဆုံကျမိတော့ ကျွန်မက မှတ်ချက်ချမိပါတယ်။ “ဒီမြို့မှာ ထင်ထင်ရှားရှားအဖြစ်ဆုံးကတော့ မြင့်မားလွန်းတဲ့ အဆောက်အဦ အများကြီးရှိတာပဲ။ ကျွန်မနေခဲ့တဲ့ မြို့တွေမှာ ဒီလိုအတွေ့အကြုံမျိုး မရှိခဲ့ဖူးဘူး။ မြို့ထဲလမ်းမတွေမှာ လျှောက်သွားတဲ့အခါ အခုလို မြင့်လွန်းတဲ့ အဆောက်အဦတွေကြားမှာ ကျွန်မဟာ ပိုပြီး ပုဝင်သေးကွေးသွားတယ်လို့ ခံစားရတယ်။ တခါတလေတော့ ကျွန်မတို့ဟာ ကိုယ့်ကိုယ်ကို သေးသေးလေးဖြစ်ကြောင်း အခုလို သတိပေးတဲ့ ခံစားမှုမျိုးလိုတယ် ထင်ပါတယ်”

တားလက်ဘ်က သူ့ရဲ့ အတွေ့အကြုံတစ်ခုကို ပြန်ပြောပြပါတယ်။ “ကျွန်တော် ပထမဆုံး လေယာဉ်စီးဖူးခဲ့တဲ့ အတွေ့အကြုံကို သတိရတယ်။ ပြတင်းပေါက်ကနေ အခြားလေယာဉ်တစ်စီး ပျံသွားတာကို တွေ့လိုက်ရတယ်။ ကျွန်တော့်မျက်စိထဲမှာ အဲဒီလေယာဉ်လေးဟာ သေးသေးလေးရယ်။ ဒါနဲ့ အနားမှာ အစားအသောက်လာချပေးတဲ့ လေယာဉ်မယ်လေးကို ပြောလိုက်မိတယ်။ ဟိုးမှာ လှမ်းမြင်ရတဲ့ လေယာဉ်လေးက သေးသေးလေးနော် လို့။ လေယာဉ်မယ်လေးက ကျွန်တော့်ကို ပြုံးပြီးပြန်ပြောပါတယ်။ ဟိုဘက်က လေယာဉ်ကနေ ပြန်ကြည့်ရင်လည်း ကျွန်မတို့ လေယာဉ်ကို သေးသေးလေးလို့ မြင်ရမှာ။ တကယ်တော့ အဲဒီလေယာဉ်ဟာလည်း ကျွန်မတို့လို လေယာဉ်ကြီးပါပဲ။ ဝေးနေလို့ပါ တဲ့။ ကျွန်တော် သင်ခန်းစာတစ်ခုရပါတယ်။ လူတွေဟာ ကိုယ့်ကိုယ်ကို ကြီးမားလှတယ်လို့ ထင်နေတတ်ကြတယ်” တဲ့။

အဲဒီနောက် ရှီကာဂိုနဲ့ ပတ်သက်တဲ့ ကဗျာတစ်ပုဒ်ရေးမိပေမယ့် အခုအထိ စိတ်တိုင်းမကျသေးလို့ အဆုံးမသတ်ရသေးပါဘူး။ “ဒေါင်လိုက်ပြန့်ကားနေတဲ့ မြို့ကြီးထဲမှာ ငါတစ်ယောက်တည်း ပိုပြီးတော့ ပုဝင်သေးကွေးသွား” ဆိုတဲ့ စာကြောင်းတစ်ကြောင်းကိုတော့ တေးထားလိုက်ပါသေးတယ်။
ရှီကာဂိုမြို့ကအပြန် မစ္စစ္စပီမြစ်နံဘေးမှာ IWP စာရေးဆရာများ အမှတ်တရ

အဲဒီခရီးစဉ်အပြီးမှာရှီကာဂိုမြို့ကို နောက်ထပ်တစ်ခေါက်ထပ်ရောက်ခဲ့ပါသေးတယ်။ အောက်တိုဘာလကုန်မှာ ကျွန်မရဲ့ အမျိုးသား ရောက်လာတဲ့အတွက် ရှီကာဂိုကို သွားပြီး ခေါ်ခဲ့တာပါ။ အဲဒီတစ်ခေါက်မှာတော့ တစ်နေ့တာ လည်ပတ်တဲ့အခါ စောစောက တားလက်ဘ် သွားချင်ခဲ့တဲ့ Architectural cruise tour ကို သွားဖြစ်ခဲ့ပါတယ်။ မြို့လည်ခေါင်မှာ မြစ်ကြီးက ဖြတ်စီးနေတာလည်း ရှီကာဂိုမြို့ရဲ့ ထူးခြားချက်တစ်ခု ဖြစ်ပါတယ်။ Windy City လို့ နာမည်ကျော်တဲ့ ရှီကာဂိုရဲ့ လေအေးတွေ တသုန်သုန်တိုက်နေတဲ့ သင်္ဘောကြီးပေါ်မှာ ချမ်းချမ်းစီးစီးနဲ့ ထိုင်ရင်း ရေကြောင်းလမ်းတလျှောက် မြင်နေရတဲ့ အဆောက်အဦတွေအကြောင်းကို ဧည့်လမ်းညွှန် အင်ဂျင်နီယာက ရှင်းပြတာကို နားထောင်ရပါတယ်။ အဆောက်အဦတွေရဲ့ သမိုင်းသာမက မော်ဒန်၊ ပို့စ်မော်ဒန် သွင်ပြင်လက္ခဏာတွေနဲ့ တည်ဆောက်ပုံ သဘောတရား (ism) တွေကိုပါ ရှင်းပြသွားတာဟာ အလွန်ကို ဗဟုသုတ တိုးစေပါတယ်။  ကျွန်မ အနှစ်သက်ဆုံး လေ့လာရေးခရီးစဉ်တစ်ခု ဖြစ်ပါတယ်။

အဲဒီတစ်ခေါက်မှာ ညနေချမ်းမှာတော့ ရှီကာဂိုရဲ့ အမြင့်ဆုံးအဆောက်အဦဖြစ်တဲ့ Willis Tower ကို တက်ခဲ့ပါတယ်။ အဲဒီ အဆောက်အဦမှာ အပြင်ကို ထိုးထွက်နေပြီး မှန်နဲ့ခင်းထားတဲ့ ကြမ်းပြင်အကြောင်းကို ကြားဖူးခဲ့ပါတယ်။ ကျွန်မတို့ရောက်သွားတဲ့အခါ အဲဒီမှန်ခန်းကလေးထဲကို ခြေလှမ်းလိုက်သူတိုင်းဟာ ကိုယ့်ခြေထောက်အောက်က မှန်သားကြည်ကြည်အောက်မှာ လှမ်းမြင်နေရတဲ့ အကွာအဝေးကို ဗြုန်းစားကြီး ကျင့်သားမရဘဲ ဒူးတုန်ခြေတုန် ဖြစ်ကုန်ကြတာကို အချင်းချင်းကြည့်ရင်း ရယ်မောကြတာလည်း အမှတ်တရပါပဲ။  
Willis Tower ပေါ်မှ မှန်ကြည်ခန်းရှုခင်း

Willis Tower ပေါ်မှ ရှီကာဂိုမြို့အလှကိုမြင်ရစဉ်


Willis Tower ပေါ်မှ ရှီကာဂိုမြို့အလှ ညမြင်ကွင်း

ရှီကာဂိုကို နောက်ထပ်တော့ ဘယ်အချိန်ပြန်ရောက်ဖြစ်ဦးမလဲ မသိပါ။ ကျွန်မကတော့ အစားအသောက်တွေ၊ အဆောက်အဦတွေ၊ ကြည့်ရှုစရာနေရာတွေ၊ ရှုခင်းမြင်ကွင်းတွေ၊ သပ်ရပ်မှုတွေ အားလုံးအတွက် ရှီကာဂိုမြို့ကို နှစ်သက်သဘောကျမိပါတယ်။

ပန်ဒိုရာ
(ဆက်လက်ဖော်ပြသွားပါမည်။)


၂၀၁၃ စက်တင်ဘာလ စတိုင်သစ်မဂ္ဂဇင်းတွင် ဖော်ပြပြီး။  


 
အပိုင်း (၁) သို့  
အပိုင်း(၂) သို့



Expand..

Friday, October 11, 2013

အိုင်အိုဝါရက်စွဲများ အပိုင်း (၆)



အိုင်အိုဝါရက်စွဲများ အပိုင်း (၆)

၁၆။ စာပေမြို့တော် နဲ့ ရာသီပြောင်းချိန်
အိုင်အိုဝါမြို့ဟာ ၂၀၀၈ ခုနှစ်မှာ စာပေမြို့တော် (city of literature) အဖြစ် ယူနက်စကို ရဲ့ အသိအမှတ်ပြုခြင်းကို ခံရပါတယ်။ ကမ္ဘာပေါ်မှာ စာပေမြို့တော်အဖြစ် ယူနက်စကိုက အသိအမှတ်ပြုထားတဲ့ မြို့ပေါင်း ၆ မြို့ရှိပါတယ်။ ၂၀၀၄ မှာ စကော့တလန်က အက်ဒင်ဘရာ၊ ၂၀၀၈ မှာ သြစတေးလျက မဲလဘုန်း၊ အမေရိကက အိုင်အိုဝါမြို့၊ ၂၀၁၀ မှာ အိုင်ယာလန်က ဒဗ္ဗလင်၊ ၂၀၁၁မှာ အိုက်စလန်က ရေဂျာဗစ်နဲ့ ၂၀၁၂မှာ အင်္ဂလန်က နောဝစ် တို့ဖြစ်ကြပါတယ်။ 

စာပေမြို့တော်အဖြစ် အသိအမှတ်ပြုခံရဖို့အတွက် အောက်ပါအချက်တွေ ပြည့်စုံဖို့လိုအပ်တယ်လို့ သိရပါတယ်။


  • ·         အဲဒီမြို့မှာ ကျယ်ပြန့်၊ စုံလင်၊ ကောင်းမွန်တဲ့ စာပေတွေကို အရေအတွက်များများ ပုံနှိပ်ထုတ်ဝေမှု ရှိရပါမယ်။
  • ·         ပြည်တွင်းစာပေရော နိုင်ငံရပ်ခြားစာပေတွေကိုပါ အထူးပြုတဲ့ ပညာရေးအစီအစဉ်တွေကို အခြေခံပညာနဲ့ အဆင့်မြင့်ပညာ ကျောင်းတွေမှာ သင်ကြားမှုရှိရပါမယ်။
  • ·         စာပေ၊ ပြဇာတ်၊ ကဗျာတို့ဟာ မြို့မှာ အရေးပါတဲ့ ကဏ္ဍအဖြစ် တည်ရှိနေရပါမယ်။
  • ·         ပြည်တွင်းနဲ့ နိုင်ငံခြား စာပေတွေကို မြှင့်တင်ဖို့အတွက် စာပေပွဲတော်တွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရပါမယ်။
  • ·         စာကြည့်တိုက်၊ စာအုပ်ဆိုင်နဲ့ အများပိုင်၊ ပုဂ္ဂလိကပိုင် ယဉ်ကျေးမှု အဖွဲ့အစည်းတွေက ပြည်တွင်းနဲ့ နိုင်ငံခြား စာပေတွေကို ထိန်းသိမ်း၊ ဖြန့်ဝေ၊ တိုးမြှင့်ဖို့ လုပ်ဆောင်နေရပါမယ်။
  • ·         အမျိုးမျိုးအဖုံဖုံသော ဘာသာစကားတွေနဲ့ နိုင်ငံခြားစာပေတွေကနေ ဘာသာပြန်ဆိုထားတဲ့ လက်ရာတွေအတွက်လည်း ထုတ်ဝေမှု ကဏ္ဍတစ်ရပ် ပါဝင်ရပါမယ်။
  • ·         စာပေဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင်ရေးနဲ့ စာပေဖန်တီးမှုတွေကို ဈေးကွက်ခိုင်မာစေရေး မှာ ထုံးတမ်းစဉ်လာမီဒီယာနဲ့ မီဒီယာအသစ်တွေရဲ့ တက်ကြွစွာ ပူးပေါင်းပါဝင်မှု ရှိရပါမယ်။


ကျွန်မတို့ကို IWP အစီအစဉ်ကနေ မြို့ရဲ့ အများပြည်သူသုံး စာကြည့်တိုက်နဲ့ တက္ကသိုလ်စာကြည့်တိုက်တွေကို လိုက်ပို့ပြီး ရှင်းလင်းပြခဲ့ပါတယ်။ ကျွန်မတို့ကို ထုတ်ပေးထားတဲ့ ယာယီစာကြည့်တိုက်ကဒ်နဲ့ အိုင်အိုဝါတက္ကသိုလ် စာကြည့်တိုက်တွေမှာ စာအုပ်တွေ ဗီဒီယိုခွေတွေ ငှားလို့ရပါတယ်။ IWP စာရေးဆရာတွေ စာအုပ်ငှားရတာ အဆင်ပြေအောင်လို့ စာကြည့်တိုက်အရာရှိတွေကို လူမျိုးတူရာအုပ်စုခွဲပြီး တာဝန်ချပေးပါတယ်။ မြန်မာ၊ ကိုရီးယား၊ စင်ကာပူ၊ ဖိလစ်ပိုင် တို့အတွက် အနီးစပ်ဆုံး အုပ်စုဖွဲ့ပြီး ဂျပန်လူမျိုး စာကြည့်တိုက်အရာရှိ အမျိုးသမီး တစ်ယောက်ကို တာဝန်ပေးထားပါတယ်။ သူက ကျွန်တို့ သိချင်သမျှကို ရှင်းလင်းပြပါတယ်။ 

အိုင်အိုဝါတက္ကသိုလ် စာကြည့်တိုက်တွေမှာ စုစုပေါင်း စာအုပ် ၅ သန်းလောက်ရှိတယ်လို့ ပြောပါတယ်။ စာကြည့်တိုက်တွေကို သွားလေ့လာတဲ့အခါ အနောက်တိုင်း ဘာသာစကား မဟုတ်တဲ့အထဲမှာ တရုတ်၊ အိန္ဒိယ စာပေတွေ တမျှော်တခေါ် တွေ့ရပြီး ထိုင်းစာပေတောင် အတော်အတန် တွေ့ရပါတယ်။ ဒါပေမယ့် မြန်မာ စာအုပ်စင် တစ်စင်တောင် မတွေ့ရပါဘူး။ ရှိနေတဲ့ မြန်မာစာအုပ်အရေအတွက် နည်းလွန်းတာရယ်၊ ဖတ်လိုအား နည်းတာရယ်၊ စနစ်တကျ မှတ်တမ်းပြုစုဖို့ အခက်အခဲတချို့ရယ်ကြောင့် စာကြည့်တိုက်မှာ မြန်မာစာအုပ်တွေ မရှိရတဲ့အကြောင်း ဂျပန်မလေးက ရှင်းပြပါတယ်။ တန်ဖိုးရှိတဲ့ မြန်မာစာကောင်းပေကောင်းတွေကို နိုင်ငံတကာက သိရှိကြစေဖို့ ကျွန်မတို့ အခုထက်ပိုပြီး အများကြီး ကြိုးစားကြရပါဦးမယ်။ အိုင်အိုဝါက ပြန်ခါနီးမှာတော့ ကျွန်မယူလာတဲ့ စာအုပ်တချို့ကို စာကြည့်တိုက်ကို လှူခဲ့ပါတယ်။  ကျွန်မလှူခဲ့တဲ့ စာအုပ်တွေထဲမှာ ဆရာသုခမိန်လှိုင်ရဲ့ ပိုမို နဲ့ ပုစွန်တွေဖတ်ဖို့ကဗျာ လည်း ပါပါတယ်။ 
စာအုပ်စာပေ မြတ်နိုးသူတွေနဲ့ ပြည့်နှက်နေတဲ့ ဒီမြို့လေးမှာ ကျွန်မသဘောကျနှစ်သက်တဲ့ အရာတွေ အတော်များပါတယ်။ အေးဆေးငြိမ်သက်တဲ့ စာအုပ်ဆိုင်လေးတွေထဲမှာ စာပေရွတ်ပွဲတွေ ကျင်းပလေ့ရှိကြတာ ကြည်နူးစရာပါ။ အများပြည်သူသုံး စာကြည့်တိုက်နားမှာ ချထားတဲ့ ခုံတန်းလျားလေးတွေမှာ ပန်းချီပုံတွေကို  အမျိုးမျိုး လွတ်လွတ်လပ်လပ် ခြယ်ထားတာကိုလည်း ကျွန်မမျက်စိထဲမှာ သိပ်ကိုလှပပါတယ်။ စန္ဒရားတွေကို လမ်းဘေးမှာ ဒီအတိုင်း ချထားတာကိုလည်း သဘောကျနေမိတယ်။ ညဘက်တွေမှာလည်း အေးအေးဆေးဆေး သွားလာနေကြတဲ့ ကျောင်းသားလေးတွေကို အမြဲမြင်နေရပါတယ်။ ဒီမြို့လေးဟာ ရာဇဝတ်မှု လုံးဝ ကင်းရှင်းတဲ့မြို့လို့လည်း ပြောကြပါတယ်။
အများပြည်သူသုံး စာကြည့်တိုက်နားက ဆေးရောင်ခြယ် ခုံတန်းလျားလေးတွေ


အိုင်အိုဝါမြို့ လမ်းမဘေးမှာ ချထားတဲ့ စန္ဒယားတစ်လုံး


စာရေးသားခြင်း ယဉ်ကျေးမှု အလွန်ထွန်းကားတဲ့ မြို့လေးပီပီ တမြို့လုံးမှာ စာရေးဆရာ ကဗျာဆရာတွေ၊ စာပေလေ့လာနေကြတဲ့ ကျောင်းသားတွေ ပညာရှင်တွေနဲ့ ပြည့်နှက်နေပါတယ်။ ဒီမြို့ကထွက်တဲ့ ကမ္ဘာကျော်စာရေးဆရာတွေထဲမှာ ကျွန်မနှစ်သက်တဲ့ ပို့စ်မော်ဒန် စာရေးဆရာ ကာ့တ်ဗွန်းနဂတ် (Kurt Vonnegut) လည်းပါပါတယ်။ မြို့ရဲ့လမ်းမတွေမှာ အမှတ်တရ ရုပ်တုတွေကို မကြာခဏတွေ့ရပြီး ပလက်ဖောင်းပေါ်မှာလည်း စာအုပ်စာပေ၊ စာရေးဆရာတို့ရဲ့ အမှတ်အသားတွေ စာတန်းတွေကို ထွင်းထု ခင်းကျင်းထားတာကို တွေ့ရတာ အလွန်စိတ်ဝင်စားဖို့ကောင်းပါတယ်။

ပလက်ဖောင်းပေါ်မှာ ခင်းကျင်းထားတဲ့ Kurt Vonnegut ရဲ့ စကား

သစ်ရွက်တွေ အရောင်ပြောင်းတဲ့ ဆောင်းဦးပေါက်ကို တဖြည်းဖြည်း ချဉ်းကပ်လာတဲ့အခါ ရာသီဥတုလေးမျိုးရှိတဲ့ နိုင်ငံမှာ တစ်ခါမှ မနေဖူးတဲ့ ကျွန်မအဖို့ ရာသီပြောင်းချိန်အလှကို မျက်ဝါးထင်ထင် တွေ့ရပါတော့တယ်။ အိုင်အိုဝါ တက္ကသိုလ်တဝိုက်မှာ တွေ့ရတဲ့ သစ်ပင်တွေကတော့ အဝါရောင်ကို ပြောင်းတဲ့ အပင်မျိုးတွေ ပိုများပါတယ်။ နောက်တော့ ဒီကပ်ဘ်(DeKalb) မြို့ကို သွားတဲ့အခါ အဲဒီက အနီရောင် ပိုသန်းတဲ့ ပတ်ဝန်းကျင်မှာလည်း ကြည့်လို့မဆုံး ဖြစ်ရပါတယ်။ ဝါရှင်တန်ဒီစီမှာတော့ အချိန်နည်းနည်းနောက်ကျပြီးမှ အရောင်ပြောင်းတတ်တာမို့ IWP အစီအစဉ်ပြီးခါနီး ရက်တွေမှာ ကျွန်မတို့ ဝါရှင်တန်ဒီစီကို ရောက်တဲ့အခါ  အဲဒီနားက သစ်တောတွေ အရောင်ပြောင်းနေတဲ့ဆီကို လိုက်ပို့မယ်လို့ ဝါရှင်တန်မှာ နေကြတဲ့ မိတ်ဆွေတွေကပြောပါတယ်။ ဒါပေမယ့် ဝါရှင်တန် မသွားခင် ရက်ပိုင်းအလိုမှာ မုန်တိုင်းဝင်သွားတာမို့ သစ်တောကို သွားကြည့်မယ့် အစီအစဉ် ပျက်သွားခဲ့ရပါတယ်။

အိုင်အိုဝါ တက္ကသိုလ်ဝင်းအတွင်းက အရောင်ပြောင်း သစ်ပင်တွေ
ဒီကပ်ဘ်မြို့က သစ်ရွက်နီနီတွေ

လှပတဲ့ သစ်ရွက်ဝါဝါ နီနီ တွေကို ဓာတ်ပုံတွေတော့ အများအပြား ရိုက်လာခဲ့ပါတယ်။ ရွက်ကြွေရာသီအကြောင်းကိုလည်း မှတ်မှတ်ရရ ကဗျာလေးတစ်ပုဒ် ရေးဖြစ်ခဲ့ပါတယ်။

ရွက်ကြွေရာသီ

နံနက်စောစောထတဲ့ ငှက်ကို ငါချီးကျူး
နံနက်စောစောထတဲ့ ပိုးတီကောင်ကို ငါမသနား

သူများမျက်ချေးကို လက်ညိုးထိုးပြီး ငါရယ်မော
ငါ့လက်ချောင်း လေးချောင်းက ငါ့မျက်ချေးကို တိတ်တိတ်ချောင်းကြည့်

ညံ့ဖျင်း တုံးအ  အဆင်ခြင်မဲ့ရန်ကော လို့ ခပ်လွယ်လွယ် စွပ်စွဲပစ်
ဖြစ်နိုင်လောက်တဲ့အဖြေကို မစဉ်းစားဘဲ ပြဿနာကို ငါသယ်ဆောင်သွား

ရာနှုန်းပြည့် သဘောကျ/တူနိုင်စရာ ဘယ်သူမှ မရှိတာကို ငါတွေ့
ရာနှုန်းပြည့် သဘောမကျ/မတူနိုင်စရာ ဘယ်သူမှ မရှိတာကို ငါမေ့

ငါ့ကျမ်းစာ ငါ့အဘိဓမ္မာ မနာယူနိုင်သူတွေကို ကရုဏာဝင် စုပ်သပ်
ကျောခိုင်းလှည့်ထွက်သွားသူတွေရဲ့ မျက်နှာပေါ်က အပြုံးကို ငါလျစ်လျူရှု

သစ်ရွက်တွေ ဝါ နီ  နိမိတ်ပြ သာမောဆန်းကြယ်အံ့လောက်ဖွယ်လို့ ငါမှတ်
ပင်ခြေမှာပုံထပ်ကြွေ အရိုးပြိုင်းပြိုင်းအကိုင်းတွေ ဒါကိုလည်း အလှတရားလို့ ငါထင်

ရာသီကူးပြီးရင် ပြန်ဝေဆာဦးမယ့် သစ်ပင်တွေကို သက်တောင့်သက်သာ ငါစောင့်ကြည့်နေ
ဘယ်တော့မှ အရောင်ပြန်မပြောင်းတော့မယ့် ငါ့ခေါင်းပေါ်က မြွေဟောက်ဖြူတွေကို သတိမထားမိ

ပန်ဒိုရာ
၁၆.၁၀.၂၀၁၂


၁၇။ မြောက်ပိုင်းအီလီနွိုက်တက္ကသိုလ်က မြန်မာနိုင်ငံအကြောင်း လေ့လာရေး နိုင်ငံတကာ ကွန်ဖရန့်

မြန်မာနိုင်ငံအကြောင်း လေ့လာရေး နိုင်ငံတကာ ကွန်ဖရန့် (International Burma Studies Conference) အကြောင်းကို ကြားဖူးနေတာကြာပါပြီ။ ကျွန်မ စင်ကာပူမှာ ရှိနေချိန် အဲဒီ ကွန်ဖရန့်ကို စင်ကာပူအမျိုးသားတက္ကသိုလ် (NUS) မှာ ကျင်းပခဲ့တယ်ဆိုတာ သိခဲ့ပါသေးတယ်။ နှစ်နှစ်ကို တစ်ကြိမ် ကျင်းပလေ့ရှိတဲ့ အဲဒီညီလာခံဟာ ကျွန်မ အမေရိကရောက်နေချိန်မှာ တိုက်ဆိုင်စွာပဲ အိုင်အိုဝါမြို့နဲ့ သိပ်မဝေးတဲ့ ဒီကပ်ဘ်မြို့ရဲ့ မြောက်ပိုင်းအီလီနွိုက်တက္ကသိုလ် (Northern Illinois University (NIU)) မှာ အောက်တိုဘာ ၅ ရက်ကနေ ၇ ရက်နေ့အထိ ကျင်းပဖို့ ကြုံလာပါတယ်။ 

ကျွန်မနဲ့ နေဘုန်းလတ်တို့ဟာ ဒီကွန်ဖရန့်ကို တက်ဖို့ ဆက်သွယ်ကြတဲ့ အချိန်မှာ သွားလာရေးနဲ့ နေထိုင်တည်းခိုဖို့ စပွန်ဆာပေးတဲ့ အစီအစဉ်တွေက ပြီးဆုံးသွားပြီလို့ဆိုပါတယ်။ ကျွန်မတို့က အမေရိကကို လာခါနီးမှာ ဗီဇာကိစ္စနဲ့ မသေမချာဖြစ်နေခဲ့တော့ ကွန်ဖရန့် တက်နိုင်ကြောင်းကို စောစောစီးစီး အကြောင်းမကြားနိုင်ခဲ့ဘူးလေ။ ဒါပေမယ့်လည်း NIU က ဒေါက်တာသရဖီသန်းနဲ့ ဆရာဦးစောထွန်းရဲ့ဇနီး ဒေါ်စန္ဒာတို့က ကျွန်မနဲ့ နေဘုန်းလတ်အတွက် ကြိုးစားပမ်းစား စီစဉ်ပေးကြပါတယ်။

ဒီကပ်ဘ်မြို့ကို အိုင်အိုဝါမြို့ကနေ သွားဖို့အတွက် စီဒါရက်ပစ်မှာ ကျောင်းတက်နေတဲ့ ကျောင်းသားလေးတွေရဲ့ ကားကြုံနဲ့ ချိတ်ဆက်ပေးပါတယ်။ တည်းခိုဖို့အတွက်တော့ ကျွန်မက ဆရာဦးစောထွန်းနဲ့ ဒေါ်စန္ဒာတို့အိမ်မှာ တည်းပြီး၊ နေဘုန်းလတ်ကတော့ ဒေါက်တာသရဖီသန်းတို့အိမ်မှာ အခြားကျောင်းသားအချို့နဲ့အတူ တည်းခိုပါတယ်။ 

ဒီကပ်ဘ်မြို့ကလေးဟာလည်း ကျောင်းကိုအခြေပြုထားတဲ့ ကျောင်းမြို့ဖြစ်ပါတယ်။ သစ်ရွက်နီနီရဲရဲတွေ နဲ့ ဆင်ယင်ကာ အလွန်လှပပြီး ရာသီဥတုကလည်း လေတဟူးဟူးကြားမှာ အိုင်အိုဝါမြို့ထက် ပိုအေးပါတယ်။ ဆရာဦးစောထွန်းအိမ်မှာ တည်းခိုတဲ့အတွက် နာမည်ကြားဖူးပြီး တစ်ခါမှမဆုံဖူးတဲ့ ပညာရှင်တွေ၊ မြန်မာစကား ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တဲ့ ဆရာ့တပည့် နိုင်ငံခြားသားတွေ အလည်လာတဲ့အခါ  ဆုံတွေ့ခွင့်ရခဲ့ပါတယ်။ ဒေါ်စန္ဒာ ချက်ပြုတ်ကျွေးမွေးတဲ့ မြန်မာအစားအသောက်တွေကိုလည်း စားခဲ့ရပါတယ်။ ဒေါက်တာသရဖီသန်းတို့ အိမ်ကို သွားလည်တဲ့အခါမှာလည်း ကျောင်းသားလူငယ်တွေနဲ့  စုစုဝေးဝေး စားသောက်ကြ ပျော်ပျော်ရွှင်ရွှင် စကားပြောခဲ့ရပါတယ်။ 

မိတ်ဆွေသစ် မိတ်ဆွေဟောင်း အတော်များများနဲ့ ဆုံဖြစ်ပါတယ်။ မြန်မာကျောင်းသား လူငယ်လေးတွေကိုလည်း တွေ့ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကဆိုရင် စင်ကာပူမှာ ဘွဲ့လွန်တက်သူတွေ၊ ပိုလီကျောင်းတက်ကြတဲ့ ဆယ်ကျော်သက် လူငယ်တွေ များပါတယ်။ ဒါပေမယ့် အဲဒီကာလက စင်ကာပူမှာတော့ ဆယ်တန်းအောင်ပြီးတဲ့အခါ တက္ကသိုလ် ကောလိပ် ဘွဲ့ကြို တိုက်ရိုက် လာတက်သူတွေ ရှားပါးပါတယ်။ အဲဒီအချိန်က အမေရိကမှာလည်း ဒီလိုပဲ လို့ထင်ပါတယ်။ အခုတွေ့ရတဲ့ ကျောင်းသားလေးတွေကတော့  မြန်မာနိုင်ငံမှာ အထက်တန်းဖြစ်စေ၊ ဂျီစီအီး၊ အက်စ်အေတီ ဖြစ်စေ အောင်ပြီး အမေရိက တက္ကသိုလ် ကောလိပ်တွေမှာ ဘွဲ့ကြိုတက်နေကြသူတွေ အတော်များများ ပါပါတယ်။ လူငယ်တွေရဲ့ တက်ကြွမှုနဲ့ ဖောက်ထွက်တဲ့ အမြင်တွေ၊ ငယ်ငယ်ရွယ်ရွယ်မှာ ပြင်ပအတွေ့အကြုံ (exposure) ရထားသူတို့ရဲ့ အင်္ဂလိပ်စာကျွမ်းကျင်မှု၊ ပြောရဲဆိုရဲရှိမှုကို မြင်ခဲ့ရတာ အားရစရာလည်း ကောင်းပါတယ်။ နောင်အနာဂတ် မြန်မာပြည်မှာ သူတို့တွေဟာလည်း တတပ်တအား ဖြစ်လာကြဖို့ မျှော်လင့်မိပါတယ်။

NIU တက္ကသိုလ်ဝင်းအတွင်း တနေရာ
NIU လိုဂို

ဒီကပ်ဘ်မြို့လည်က မြင်ကွင်းတစ်ခု

ကွန်ဖရန့်တက်ရောက်ကြသူများနဲ့အတူ ဒေါက်တာသရဖီသန်း အိမ်မှာ (အများစုက မြန်မာကျောင်းသားတွေပါ။)


ဒီကွန်ဖရန့်ကို တက်ရောက်ခဲ့တဲ့အတွက် အိုင်အိုဝါတက္ကသိုလ်က အစီအစဉ်တချို့ကို လွတ်သွားပါတယ်။ ဒါပေမယ့်လည်း အားလုံးမျှော်လင့်နေခဲ့ကြတဲ့ mid residency travel ဆိုတဲ့ ခရီးသွားအစီအစဉ်နဲ့ တိုက်ဆိုင်မနေဘဲ နယူးအော်လန်းဇ်ခရီးကို မလွတ်ခဲ့လို့ ကံကို ကျေးဇူးတင်နေရပါသေးတယ်။ ဆရာကျော်ဝင်းတို့နှစ်မှာတော့ ကွန်ဖရန့်တက်နေတဲ့ရက်တဲ့ တိုက်နေတဲ့အတွက် သူသွားချင်တဲ့ နယူးအော်လန်းဇ်ကို မသွားလိုက်ရဘူးလို့ ဆရာ့ခရီးသွားမှတ်တမ်းစာအုပ်မှာ ဖတ်လိုက်ရပါတယ်။

မြန်မာ့အကြောင်းလေ့လာရေး နိုင်ငံတကာကွန်ဖရန့် ဟာ မြန်မာ့ နိုင်ငံရေး စီးပွားရေး အကြောင်းတွေသာမက ယဉ်ကျေးမှုနဲ့ ဘာသာစကားဆိုင်ရာ အကြောင်းအရာတွေနဲ့ စုံလင်လှပါတယ်။ ညစာစားပွဲမှာ ဖျော်ဖြေတဲ့ ရိုးရာယဉ်ကျေးမှု အတီးအမှုတ် အကအခုန်တွေ၊ ခင်းကျင်းထားတဲ့ မြန်မာ့ရိုးရာ အနုပညာလက်ရာတွေဟာလည်း အမေရိကမှာဆိုပေမယ့် စုံလင်လှပါတယ်။

ညစာစားပွဲမှာ ဖျော်ဖြေတဲ့ မွန်ရိုးရာ အက
ဒီနှစ်ရဲ့ထူးခြားချက်ကတော့ မြန်မာအစိုးရဘက်က ပုဂ္ဂိုလ်အချို့ တက်ရောက်မှာပဲဖြစ်ပါတယ်။ သမ္မတအကြံပေး ဦးကိုကိုလှိုင်နဲ့ အခြားအဖွဲ့ဝင်တချို့ကို ပွဲမှာ တွေ့လိုက်ရပါတယ်။ ပြည်တွင်းပြည်ပ ပညာရှင်တွေရော၊ အတိုက်အခံတွေပါ စုံလင်လှတဲ့ ဒီပွဲမှာ သမ္မတ အကြံပေးတွေဖြစ်တဲ့ ဦးကိုကိုလှိုင် နဲ့ ဦးသန်းကျော်တို့ ကဘာတွေပြောမလဲဆိုတာ လူတွေက စိတ်ဝင်စားနေကြပါတယ်။ မေးခွန်းမေးချင်သူတွေကလည်း များပါတယ်။

၂ ရက်ခွဲတာ ကာလအတွင်းမှာ အစီအစဉ်အတော်များများကို လေ့လာနားထောင်ခဲ့ပါတယ်။ အဲဒီအထဲမှာ မှတ်မှတ်ရရ နှစ်ခုကတော့ “မြန်မာပြည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် အထွေထွေရွေးကောက်ပွဲအပြီးကာလ တရုတ်မြန်မာ ဆက်ဆံရေး” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပြောသွားတဲ့ ဆွေးနွေးပွဲတွေရယ်၊ နောက်ဆုံးနေ့က “မြန်မာနိုင်ငံ၏ လတ်တလောကိစ္စရပ်များ” ဆိုတဲ့ ဆွေးနွေးပွဲရယ်ပါ။ 

ဒုတိယနေ့မှာ တရုတ်ပြည်က လာကြတဲ့ ပညာရှင် တွေပြောသွားတဲ့အထဲမှာ တရုတ် နဲ့ မြန်မာနိုင်ငံကြားက စီးပွားရေး ဆက်စပ်မှု၊ မြန်မာနိုင်ငံက ခရိုနီတွေအကြောင်းနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေလိုအပ်ပုံ၊ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်တွေ၊ သဘာဝ ပတ်ဝန်းကျင်ထိခိုက်စေတဲ့ စီမံကိန်းတွေအပေါ်မှာ တရုတ်ပြည်ရဲ့ အနာဂတ်အစီအစဉ် စတာတွေ အတော်များများကို ခြုံငုံသွားကြပါတယ်။ 

ပြောသွားတဲ့အထဲမှာ သိသာထင်ရှားတဲ့ အချက်အလက်တွေ ကတော့ “မြန်မာနိုင်ငံ ပွင့်လင်းလာတဲ့အခါ အနောက်နိုင်ငံတွေနဲ့ စီးပွားရေး နိုင်ငံရေးဆိုင်ရာ ဆက်သွယ်မှုတွေ ရှိလာကြောင်း၊ အဲဒါဟာ တရုတ်-မြန်မာ ဆက်ဆံရေးမှာ တစ်နည်းနည်းနဲ့ သက်ရောက်မှုရှိကြောင်း၊ မြန်မာ့စီးပွားရေးမှာ တရုတ်ရဲ့ အခန်းကဏ္ဍကို အမေရိကန်က ဘယ်လိုမှ အစားထိုးမဝင်နိုင်ကြောင်း၊ မြန်မာပြည်နဲ့ နိုင်ငံတကာ ဆက်ဆံရေးမှာတော့ တရုတ်က အမြဲ အရေးပါနေသေးပေမယ့်လည်း တရုတ်ရဲ့ အခန်းကဏ္ဍ လျော့ကျသွားနိုင်ကြောင်း၊  ဒါပေမယ့်လည်း အဲဒီလို တခြားနိုင်ငံတွေနဲ့ ကူးလူးဆက်ဆံလာမှုကရော မြစ်ဆုံစီမံကိန်း ရပ်သွားတဲ့ကိစ္စမျိုးကရော တရုတ်နဲ့မြန်မာရဲ့ အနာဂတ် ဆက်ဆံရေးကို ထိခိုက်မယ့် အလှည့်အပြောင်းတစ်ခု (Turning point) တော့ မဟုတ်တဲ့အကြောင်း”၊ ဒါတွေကို အဓိက ပြောသွားပါတယ်။ ပြောဆိုတင်ပြပုံကတော့ သုတေသနမှတ်တမ်း၊ ပညာရပ်ဆိုင်ရာ စာတမ်းမဆန်ဘဲ တရုတ်ပြည်ရဲ့ ရည်တည်ချက်နဲ့ သဘောထားကို ကြေညာသွားသလိုဖြစ်တယ်လို့ ကျွန်မကတော့ ခံစားမိပါတယ်။

“တရုတ်ကုမ္မဏီတွေဟာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်တဲ့ စီမံကိန်းတွေအတွက် ထည့်တွက်စဉ်းစားမှု အားနည်းခဲ့ကြောင်း၊ ဒါကြောင့်မို့ မြန်မာနိုင်ငံမှာသာမက အခြားနိုင်ငံခြား စီမံကိန်းတွေမှာပါ ပြဿနာတွေရှိခဲ့ကြောင်း၊ ဒါကြောင့်မို့ သတင်းကောင်းကတော့ တရုတ်ပြည်ရဲ့ သက်ဆိုင်ရာဌာနတွေဟာ ဒီကိစ္စတွေကို ဖြေရှင်းဖို့ ကြိုးစားနေကြပြီဖြစ်ကြောင်း၊  စီမံကိန်းတွေကို သဘာဝပတ်ဝန်းကျင်အရ၊ လူမှုတန်ဖိုးတွေအရ အကဲဖြတ်သုံးသပ်ဖို့ ညွှန်ကြားမှုတွေ ပေးနေပြီဖြစ်ကြောင်း” လည်း ပြောသွားပါတယ်။

တရုတ်ပညာရှင်တွေရဲ့ တင်ပြဆွေးနွေးမှု ပြီးသွားတဲ့အခါ ကျွန်မ သိချင်တဲ့ မေးခွန်းတစ်ခုကို မေးခဲ့ပါတယ်။

“နောင်လာမယ့် စီမံကိန်းတွေမှာ တရုတ်ကုမ္မဏီတွေက သဘာဝပတ်ဝန်းကျင်နဲ့ လူမှုတန်ဖိုးတွေကို ဒီ့ထက်ပိုပြီး ထည့်တွက်လာကြမယ်ဆိုလို့ ဝမ်းသာပါတယ်။ ဒါပေမယ့် လောလောဆယ် မြန်မာနိုင်ငံနဲ့ စာချုပ်ချုပ်ဆိုပြီးသား စီမံကိန်းတွေမှာ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဝန်းကျင်ကို ထိခိုက်စေမယ့် ကိစ္စတွေ ရှိနေတာကို ဘယ်လိုလုပ်မလဲ။ အဲဒီအကျိုးသက်ရောက်မှုတွေကို ကြားနေအဖွဲ့အစည်းတစ်ခုခု (ဥပမာ- ကုလသမဂ္ဂ အဖွဲ့အစည်း) ကို အကဲဖြတ်စေပြီး တကယ်ကို ဆိုးကျိုးတွေ တွေ့ရတယ်ဆိုရင် ချုပ်ခဲ့တဲ့ စာချုပ်တွေကို အခုအချိန်မှာ သင့်တော်မျှတအောင် ပြန်ပြင်လို့ ရနိုင်မလား။ ပြည်သူတွေအပေါ် ထိခိုက်နစ်နာမှုတွေ တကယ် ရှိနေတယ်ဆိုရင်တောင် ဘာမှမပြင်တော့ပဲ စီမံကိန်းတွေ ဆက်အကောင်အထည်ဖော်သွားတော့မလား”

ယူနန်တက္ကသိုလ်က ပါမောက္ခဟာ ကျွန်မမေးခွန်းကို ဒါက ဒီလို ဟိုလိုနဲ့ လှည့်ပတ်ဖြေနေပါတယ်။ နောက်ဆုံးတော့ “စာချုပ်တွေ ပြင်လို့ရမရ ကျွန်တော်လည်း မသိဘူး” လို့ ပြောလိုက်ပါတယ်။ အဲဒီအချိန်မှာပဲ မြန်မာလူမျိုး ပါမောက္ခတစ်ဦးက ပရိသတ်ထဲက ထရပ်လိုက်ပြီး
“ ကျွန်တော့်အမြင် ပြောရမယ်ဆိုရင် စာချုပ်ဆိုတာ စာချုပ်ပဲ (a deal is a deal)။ မြန်မာဘက်က ကိုယ်လုပ်ခဲ့ရမှာကို မလုပ်ခဲ့တာတော့ ဆိုးတာပေါ့ (too bad you didn’t do your homework). ဥပဒေအရ စာချုပ်ဟာ လက်မှတ်ထိုးချုပ်ပြီးသွားရင် တရားဝင်သွားပြီ”
လို့ဝင်ဖြေပါတယ်။ ဆွေးနွေးချိန်လွန်နေပြီမို့ မကြာခင်မှာ ဆွေးနွေးပွဲကို ရုတ်သိမ်းလိုက်ပါတယ်။ ကျွန်မစိတ်ထဲမှာတော့ ဘဝင်မကျနိုင်ခဲ့ပါ။ အဲဒီလို တရားဝင်ဖြစ်အောင် လက်မှတ်ထိုးခဲ့တဲ့ အစိုးရက ပြည်သူ့ဆန္ဒကို ကိုယ်စားပြုခဲ့လို့လားလေ။ (အားလုံးသိကြတဲ့အတိုင်း နောက်ပိုင်းမှာတော့ လက်ပံတောင်းတောင်ကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည် ပါဝင်တဲ့ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ အကြံပြုချက်တွေ၊ ပြင်ဆင်မှုတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ ပြဿနာတွေက လုံးလုံးလျားလျား ပြေလည်မသွားသေးပါဘူး။ မြစ်ဆုံစီမံကိန်းကလည်း ခဏတာ ရပ်ဆိုင်းထားရုံပဲ ရှိသေးတယ်မဟုတ်လား။)

ကွန်ဖရန့်နောက်ဆုံးနေ့ နောက်ဆုံးအစီအစဉ်ကတော့ လတ်တလော မြန်မာ့အရေးကိစ္စများကို ဆွေးနွေးမယ့် ခေါင်းစဉ်ဖြစ်ပါတယ်။ ပါမောက္ခ ဒေးဗစ်စတိန်းဘတ်၊ ဦးကိုကိုလှိုင်၊ ဦးသန်းကျော် နဲ့ ဒေါက်တာတင်မောင်မောင်သန်း တို့က ဆွေးနွေးပြီး ဂျွန်ဘရန်ဒွန် က မော်ဒရိတ်တာ လုပ်ပါတယ်။ အားလုံး စိတ်ဝင်စားနေကြတဲ့ ဦးကိုကိုလှိုင်က ဆင်းရဲနွမ်းပါးမှု အပါအဝင် မြန်မာနိုင်ငံရဲ့ လက်တလော အခက်အခဲတွေကို ပြောသွားခဲ့ပါတယ်။ နိဂုံးချုပ်မှာတော့ ဘုရားက ပစ္စုပ္ပာန် တည့်တည့်ရှု ဖို့ ဟောကြားခဲ့တာကို ကိုးကားပြီး “လက်ရှိအရေးတွေကိုသာ အာရုံထားပြီး အတိတ်ကို ပြန်အပြစ်မတင်ကြဖို့” အဓိကထား ပြောသွားခဲ့ပါတယ်။ 

အဲဒီ နိဂုံးချုပ်ပုံကတော့ ကျွန်မကို အတွေးတွေ ပွားစေပါတယ်။ မူဝါဒအသစ်တွေ၊ ဥပဒေအသစ်တွေ ချမှတ်တဲ့နေရာမှာဖြစ်စေ၊ အနာဂတ်အတွက် ပြုပြင်ပြောင်းလဲစရာတွေ လိုလာတဲ့အခါဖြစ်စေ ယခင်ပြုလုပ်ခဲ့တဲ့ အမှားအယွင်းတွေဟာ ဘယ်လို၊ ဘာကြောင့် ဆိုတာကို ပြန်မသုံးသပ်လို့မရဘူးလို့ ထင်ပါတယ်။ အဲဒီတုန်းက တာဝန်ယူ၊ တာဝန်ရှိခဲ့သူတွေ အကြောင်းကလည်း တစ်နွယ်ငယ် တစ်စင်ပါ ထည့်သွင်းစဉ်းစားလာရမှာပါပဲ။ ဝန်ခံစရာရှိတာကို ဝန်ခံရမှာပါပဲ။ အတိတ်ကို လုံးဝ ဖုံးကွယ်ထားပြီး ပြုပြင်ပြောင်းလဲရေးတွေ ဆက်လုပ်ဖို့ဆိုတာ လက်တွေ့အားဖြင့် ဖြစ်နိုင်ပါ့မလားလို့ စဉ်းစားမိပါတယ်။

မြန်မာကျောင်းသားလေးတစ်ယောက်က ဦးကိုကိုလှိုင်ကို “မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားရှိပါသလား။ အစိုးရအနေနဲ့မဟုတ်တောင် မိမိကိုယ်ပိုင်အမြင်နဲ့ ပြောပြပါ” လို့ မေးတဲ့မေးခွန်းကတော့ သူ့ကို အတော်အကျပ်ရိုက်စေပါတယ်။ (အခုအချိန်မှာတော့ တစ်နှစ်အတွင်းမှာကို အဲဒီကိစ္စတွေ၊ အသုံးအနှုန်းတွေ အတော်အတန် ညှိနှိုင်းပြေလည်လာကြပါပြီ။)

တရုတ်ပညာရှင်တွေရဲ့ တင်ပြချက် ဆလိုက်တစ်ခု - ၁

တရုတ်ပညာရှင်တွေရဲ့ တင်ပြချက် ဆလိုက်တစ်ခု - ၃
တရုတ်ပညာရှင်တွေရဲ့ တင်ပြချက် ဆလိုက်တစ်ခု - ၎
ပါမောက္ခ ဒေးဗစ်စတိန်းဘတ်၊ ဦးကိုကိုလှိုင်၊ ဦးသန်းကျော် နဲ့ ဒေါက်တာတင်မောင်မောင်သန်း တို့က ဆွေးနွေးပြီး ဂျွန်ဘရန်ဒွန် က မော်ဒရိတ်တာလုပ်တဲ့ မြန်မာအရေး ဆွေးနွေးပွဲ


ကျွန်မဟာ အဲဒီ ကွန်ဖရန့်ကို တက်နေတဲ့အချိန်မှာ ခေါင်းမှာ ဦးထုပ် ၂ လုံးဆောင်းထားရသလိုပါပဲ။ ကျွန်မ ဖိတ်ကြားခံရတာ မြန်မာစာရေးဆရာ၊ ကဗျာဆရာ တစ်ယောက်ဆိုတဲ့ အနေအထားနဲ့ပါ။ ဒါပေမယ့်လည်း ကျွန်မရဲ့ ပြည်သူ့ရေးရာ ဘာသာရပ်တွေအပေါ် သင်ယူလေ့လာခဲ့မှုတွေ၊ နိုင်ငံတစ်နိုင်ငံရဲ့ မူဝါဒ ချမှတ်ရေးနဲ့ စီမံကိန်းရေးဆွဲရေး အစိတ်အပိုင်းတစ်ခုမှာ (ခွင့်ရက်ရှည် ယူထားပေမယ့်) တာဝန်ထမ်းဆောင်နေဆဲ ဝန်ထမ်းတစ်ယောက်ရဲ့ အတွေ့အကြုံတွေက မေးချင် ပြောချင်စိတ်တွေကို လှုံ့ဆော်နေပါတယ်။ တစ်ဖက်ကလည်း ကျွန်မဟာ ဒီပွဲမှာ စင်ကာပူက ပြည်သူ့ဝန်ထမ်းတစ်ဦးအဖြစ် တရားဝင်ဖိတ်ကြားခံရပြီး တက်ရောက်နေတာ မဟုတ်တဲ့အတွက် သူများနိုင်ငံအစိုးရက ချမှတ်ထားတဲ့ ဝန်ထမ်းကျင့်ဝတ်တွေကိုလည်း စောင့်စည်းပြီး အပြောအဆို ထိန်းသိမ်းရပါတယ်။ နှောင်ကြိုးမဲ့သွားတဲ့ အနေအထားမှာ နောင်နှစ်တွေမှာ ကျင်းပမယ့် အခုလို ပွဲတွေကို တက်ရောက်ခွင့်ရပြီး လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်မယ်လို့သာ မျှော်လင့်မိပါတော့တယ်။

ပန်ဒိုရာ
(ဆက်လက်ဖော်ပြသွားပါမည်။)


၂၀၁၃ သြဂတ်စ်လ စတိုင်သစ်မဂ္ဂဇင်းတွင် ဖော်ပြပြီး။  


အပိုင်း (၁) သို့  
အပိုင်း(၂) သို့



Expand..